Friday, May 30, 2008

ဧရာဝတီတိုင်း အိုးမဲ့အိမ်မဲ့ (၇) သောင်းကျော်

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ ဧရာဝတီတိုင်းတွင် မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဦးရေ (၁) သန်းခွဲ ရှိပြီး ဧရာဝတီတိုင်း လေးမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၇) သောင်း ကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။လပွတ္တာ၊ ဘိုကလေး၊ မြောင်းမြ၊ ဖျာပုံ (၄) မြို့နယ်တွင် လပွတ္တာမှာ အိုးမဲ့အိမ်မဲ့ဦးရေ (၃၄,၀၀၀) ရှိသည့်အတွက် စုစုပေါင်းလေးမြို့နယ် အိုးမဲ့အိမ်မဲ့ဦးရေ၏ (၄၈) ရာနှုန်း ရှိသည်။ ဒုတိယ အိုးမဲ့
အိမ်မဲ့ ဦးရေ အများဆုံးမှာ ဘိုကလေးဖြစ်ပြီး အဆိုပါမြို့တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၁၅,၅၀၀) ရှိသည်။

မော်ကျွန်းဆိုလျင် မုန်တိုင်းမတိုင်မီက လူဦးရေ (၃) သိန်းခွဲ ရှိသော်လည်း မုန်တိုင်းကြောင့် လူ
(၅) ထောင်နီးပါး သေပြီး (၈) သောင်းနီးပါး ပျောက်ဆုံးနေသည်ဟု (UNOCHA) က မှန်းထား သည်။ ငပုတောတွင် မြို့နယ်လူဦးရေ၏ (၄၆) ရာနှုန်း ဒုက္ခရောက်ပြီး အိမ်ခြေ (၄၉) ရာနှုန်း ပျက်စီးသည်ဟုပါ UNOCHA က ထုတ်ပြန်သည်။

ဘိုကလေးမြို့ဆိုလျင် မုန်တိုင်းကြောင့် အိမ်ခြေ (၉၀) ရာနှုန်း ပျက်စီးသည်ဟု ဧရာဝတီတိုင်း ရောက်နေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောသည်။ မုန်တိုင်းကြောင့် ဘိုကလေးတွင် လူ (၁) သောင်း သေသည်ဟု မုန်တိုင်းအပြီး စစ်အစိုးရက ထုတ်ပြန်သည်၊

မုန်တိုင်းကြောင့် ဆန်ဂိုဒေါင်များ၊ စပါးဂိုဒေါင်များ ပျက်စီးကုန်သည့်အတွက် ဘိုကလေး ဈေး ကွက်မှာ ဆန်ရှားနေသည်။ မုန်တိုင်းမကျမီက ဆန်တအိတ် (၁) သောင်းခွဲ ရှိရာမှ မုန်တိုင်းအပြီး မေလ (၁၀) ရက်နေ့တွင် ဆန်တအိတ် (၆) သောင်း ဖြစ်သွားသည်ဟု Action Contre la Faim (ACF) အဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း နလံထူရေးအတွက် လုပ်ငန်းများတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ကလည်း ငွေဖြစ်လွယ်သည့် အလုပ်အကိုင် (Cash for Work Program) ဖြင့် စတင် လုပ်ဆောင်နေသည်
ဟု စုံစမ်းသိရသည်။ ဥပမာ- ဘိုကလေးနှင့် ကျိုက်လတ်ကဲ့သို့ ဒေသများတွင် ရေကန်ပြန်ဆည် သည့် လုပ်ငန်းများ၊ လယ်သမားများ စပါးစိုက်ရန် လုပ်ငန်းခွင် ကူညီသည့်လုပ်ငန်းများအတွက်
န၀လီပေးပြီး အလုပ်ရှာပေးသည့်သဘော ဖြစ်သည်။


yangon News မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

လပွတ္တာ ဘိုကလေး အင်တာနက်ရပြီ

မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံရသည့် လပွတ္တာနှင့် ဘိုကလေးမြို့များတွင် ဒုက္ခသည်များ စားစရာ လုံလုံလောက်လောက် မရှိသော်လည်း IPSTAR ဂြိုဟ်တုမှတဆင့် အင်တာနက်သုံး၍ ရနေပြီ ဖြစ်သည်။ သို့သော် ထိုအင်တာနက်မှာ ဒုက္ခသည်များအတွက် မဟုတ်ဘဲ လပွတ္တာနှင့် ဘိုကလေး မြို့များရှိ ကုလအဖွဲ့များဖြစ်သည့် UNICEF တို့အတွက်သာ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

IPSTAR ဂြိုဟ်တုသည် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ပိုင်သည့် Shin Satellite ကုမ္ပဏီပိုင် ဂြိုဟ်တုဖြစ်ပြီး မြန်မာအပါအ၀င် အရှေ့တောင်အာရှ (၁၇) နိုင်ငံအတွက် အမြန်နှုန်း အင်တာ နက်ရစေရန် ဖြန့်ဖြူးပေးနေသည်။ အဆိုပါ ဂြိုဟ်တုကို Thaicom 4 ဂြိုဟ်တုဟုလည်း ခေါ်သည်။


yangon.tk မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

လွတ်လပ်စွာ အကူအညီပေးရေး စစ်အစိုးရ သတင်းစာများက ဆန့်ကျင်ဝေဖန်

မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များအား လွတ်လပ်စွာအကူအညီပေးရေးနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်များအပေါ် ဝေဖန်ရေးသားထားသည်များကို ယနေ့ထုတ် စစ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံပေါင်း ၅၁ နိုင်ငံနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပါဝင်သည့် လေဘေးဒုက္ခသည်ကူညီရေး အလှူရှင်နိုင်ငံများ ကတိ ကဝတ်ပြု ညီလာခံနှင့် ပတ်သက်၍“မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံ ပေးအပ်မည်ဆိုသော အသံများကို ကြားရကြောင်း၊ ယင်း Free Access ဆိုသည့်စကားမှာ အိမ်ခြံဝင်းတံခါးမှ မီးဖိုချောင်တံခါးအထိ တံခါးအားလုံးကိုဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်သွားနိုင်၍ စဉ်းစားရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖော်ပြထားသည်။

မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တင်ပြ တောင်းဆိုသော်လည်း ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ကတိပြုကြသောကြောင့် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောဆိုသည့် အရေးပေါ် ၃ လစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီကြောင်း လည်း သတင်းစာက ဝေဖန်ပြောဆိုသည်။

သတင်းစာတွင် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆူနာမီလှိုင်းဘေး သင့်ခဲ့စဉ် အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပေးခဲ့သည့် ကမ္ဘာ့ဘဏ်က ယခု မုန်တိုင်းဒဏ်ခံ မြန်မာ ပြည်သူများ အတွက် အကူအညီ မပေး၊ ငွေမချေးကြောင်းကိုလည်း ထောက်ပြဝေဖန်ထားသည်။

၁၉၉၈ ခုနှစ်က မြန်မာစစ်အစိုးရ ချေးယူထားသော ငွေများ ပြန်လည်ပေးဆပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ရှင်းလင်းချက်ကို မူ သတင်းစာက ဖော်ပြမထားပေ။

သို့သော်“မြန်မာပြည်သူများအတွက်မူ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုသည်မှာ မရလျှင်လည်း မိမိတို့ ဘာသာ ရပ်တည်ထူမတ်နိုင်သူများ ဖြစ်ကြသည်။ တကယ်တော့ နိုင်ငံတကာက မြန်မာ ပြည်သူများကို နှစ်စဉ် ကူညီ ထောက်ပံ့သည့် နှုန်းထားမှာ လူတဦးလျှင် ၃ ဒေါ်လာခန့်သာ ရှိပြီး ဖွံ့မှုနည်းသော နိုင်ငံများတွင် အနည်း ဆုံးရရှိ မှုဖြစ်သည်”ဟု သတင်းစာ တွင်ဖော်ပြထားသည့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆောင်းပါးက ပြောဆိုသည်။

မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းသားများအနေဖြင့် အရသာလည်းရှိ အာဟာရလည်းဖြစ်စေသော ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက် များစားသုံး၍ အသက်ရှင်သန်နိုင်သည်ဟုလည်း ယင်း ဆောင်းပါးက ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ဝေသော The New Light Of Myanmar သတင်းစာတွင်လည်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသော ဒုက္ခသည်များကို ဝေဖန်ပြောဆိုထားသည်။

လမ်းမပေါ်တွင် အလှူရှင်များ ပစ်ချပေးလှူသည့် ပစ္စည်းများကို တောင်းယမ်းလက်ခံယူနေသော ယင်းဒုက္ခသည် များသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများဖြစ်သည်ဟု သတင်းစာက ဝေဖန်သည်။

သတင်းစာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကိုလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေ ဘေး ဒုက္ခ သည်များအား အကူအညီပေးရာတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားပြန်သည်။

အန်အယ်လ်ဒီ ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကမူ ၎င်းတို့ အနေနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ် ရေးတွင် နိုင်ငံရေးရည်ရွယ်ချက် မပါဝင်ကြောင်း ပြောဆိုသည်။

“အခုအကူအညီပေးနေတဲ့သူတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်သား အန်အယ်လ်ဒီ အဖွဲ့ဝင်တွေပါ၊ သူတို့ ကိုယ်တိုင်လည်း အကူအညီလိုနေတဲ့ လေဘေး ဒုက္ခသည်တွေဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောပြသည်။

ယမန်နေ့ထုတ် သတင်းစာပါ စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက် အမှတ်(၈) တွင် ကူညီလှူဒါန်းလိုသူများ ၎င်းတို့အဖွဲ့ထံတွင် အကူအညီတောင်းခံနိုင် ကြောင်းနှင့် လေဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်လှူဒါန်းနိုင်ပါက ပိုမို ထိရောက်ကြောင်း ဖော်ပြထားသည်။

သို့သော် ယင်းလေဘေးသင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားရောက်လိုသော နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားရေး ဝန်းကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်စာရယူရမည်ဖြစ် ကြောင်း လွန်ခဲ့သော ၂ ရက်ခန့်ကသွားရောက်ရန်ကြိုးပမ်းခဲ့သည့် INGO အဖွဲ့တဖွဲ့မှ အကူအညီပေးရေးဆောင်ရွက်နေသူ နိုင်ငံခြားသား တဦးက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့် ဒေသများသို့ သွားရောက်မည်ဆိုပါက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ခရီးသွားလာခွင့် ရယူရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ကလည်း မေလ ၂၃ ရက် ရက်စွဲဖြင့် ခရီးသွားလုပ်ငန်းရှင်များသိရှိရန် ထုတ်ပြန် ဖြန့်ဝေထားသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့ကလည်း ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့သည့် ပြည်တွင်း အကူအညီကား အစီး ၂၀ ကျော်ကို လှိုင်သာယာမြို့နယ်အစပ်တွင် အာဏာပိုင်များက ဖမ်းဆီးပြီး ယာဉ်မောင်းနှင့်အတူ အင်းစိန် ဂျီတီအိုင် ကျောင်းဝန်း အတွင်းသို့ခေါ်ဆောင်သွားကြောင်း လေဘေး အကူအညီပေးခဲ့သူများကပြောဆိုသည်။


Yangon.tk မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

မုန်တိုင်းအလွန် ဧရာဝတီ - ကျန်ရစ်သူတွေရဲ့ အသံ



လေဘေးကယ်ဆယ်ရေး စခန်း၊ သားဆုံးခဲ့သည့် မိခင် တဦး -

" ကျမသားလေးက ရန်ကုန်သိပ်ရောက်ဘူးချင်တာရှင်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မဲ့ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ - သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ် ပြောတော့ သူကျေနပ်သွားတယ်။ တကယ်ပါရှင်၊ ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ။ အခုတော့ … သားလေးဝိဥာဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ ရှင် …"


လေဘေးကယ်ဆယ်ရေး စခန်း၊ မိသားစုတစုလုံး ဆုံးခဲ့သည့် လူတဦးရဲ့ အကြောင်း -

" သူတို့လယ်တဲမှာ အကိုရယ်၊ မိန်းမရယ်၊ ကလေးရယ် သူရယ် ရှိနေခဲ့ကြတယ်။ မုန်တိုင်းဝင်၊ ရေလှိုင်းများ တက်လာပြီး သူတို့လယ်တဲလေး လေထဲ ကျွတ်ပါသွားခဲ့တယ်။ နံရံတချပ်မှာ သူနဲ့ကလေးတို့ ပါသွားပြီး၊ အခြားနံရံမှာ မိန်းမနဲ့ သူ့အကိုတို့ ပါသွားတယ်။ မှောင်မှောင်မည်းမည်း ၁၈ပေ နက်တဲ့ လယ်ကွင်းရေပြင်ထဲ မျောနေရင်း လက်ထဲမှာဖက်ထားတဲ့ ကလေးကို ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူကတော့ သေချင်လည်းသေပါစေဆိုပြီး တွေ့သမျှအပင်တွေ ခေါင်းဝင်တိုက်ရင်း မျောနေခဲ့တာ နောက်ဆုံး ရေတိမ်ဆိုတဲ့ ရွာမှာ သွားတင်နေပြီး လမ်းလျောက် ပြန်လာရတယ်။ အဲဒီညက သူ့အကိုနဲ့ သူမိန်းမတို့လည်း ဆုံးပါးသွားပြီလို့ သူ သိပြီးနောက်ပိုင်း စိတ်နောက်သွားတော့တယ်။"


ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ၊ မိသားစုပျောက်သူ ကလေးတဦး အကြောင်း -

" တနေ့က ကလေးတယောက် ကျနော့်အိမ်ထဲ ငိုဝင်လာတယ်။ မေးကြည့်တော့ သူ့အမေပျောက်လို့တဲ့။ ဘယ်တုန်းက ပျောက်တာလဲ မေးကြည့်တော့ တရက် ရှိပြီတဲ့။ မအေလုပ်သူကလည်း တမင်တကာ ထားသွားတာ မဟုတ်လောက်ပါဘူး။ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေတဲ့နေရာမှာ တိုးရင်းကြိတ်ရင်း ကွဲသွားတာ့ ဖြစ်မှာပါ။ ကျနော်လည်း ကိုယ့်ရွာက မဟုတ်တော့ ဘုန်းကြီးကျောင်းသွားပြီး ကျောင်းထိုင်ဆရာတော်ဆီမှာ အပ်ခဲ့တယ်။"

မိုးမခမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ဧရာ၀တီသားေတြေခဵာကလက္စားစရာ မလိုပၝ



စစ်အစိုးရ အာဘော်ဆောင်းပါး ကောက်နုတ်ချက်
"ဧရာဝတီသားတွေ ချော့ကလက်စားစရာ မလိုပါ" ဟု ဆို
မိုးမခ
မေ ၃၀၊ ၂၀၀၈
ဧရာဝတီက ဒုက္ခသည်ကလေးတဦး ပြည်သူတွေကူတဲ့ အလှူထမင်းစားနေတဲ့ ပုံလေးနဲ့ တွဲပြီး တင်ပြလိုက်ပါတယ်။ ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်နေကြသူတွေ လှူနေတာက ဆန်၊ ဆီ၊ ဆား အဓိကထား လှူနေပါကြောင်း၊ စစ်အစိုးရ အာဘော်ဆောင်းပါးက စွပ်စွဲသလို ချော့ကလက်တွေစားပြီး ဧရာဝတီသားတွေ အားရှိနေကြတာမျိုး မတွေ့ရပါကြောင်း စေတနာဝန်ထမ်းတွေက ဆိုနေပါတယ်။

ဓာတ်ပုံတွေက ဖျာပုံ၊ ၁၄ ရပ်ကွက်က ဒုက္ခသည်စခန်းက ဖြစ်ပါတယ်။ သူတို့တွေကတော့ အစိုးရသတင်းစာက ပြောသလို ချော့ကလက်နဲ့ အသက်မဆက်ပါဘူးတဲ့။ ပြည်သူတွေ အချင်းချင်း ရိုင်းပင်းတဲ့ အလှူဒါနနဲ့ အသက်ဆက်နေကြတာပါတဲ့။
စားစရာ၊ ၀တ်စရာ၊ နေစရာ နဲ့ အားကိုးစရာ မရှိလို့ ယိုင်းပင်းသူ ပြည်သူတွေအချင်းချင်း မိသားစုအဖြစ် ခွဲဝေ ကျွေးမွေး ပြုစုနေတာတွေနဲ့သာ သူတို့မှာ အားရှိကြရပါတယ်။ သူတို့မှာ အားကိုးစရာအစိုးရ ရှိတယ်ဆိုတာ မသိဘူး။ စစ်အစိုးရက သူတို့ကို ကယ်တင်လိမ့်မယ်လို့လဲ မျှော်လင့်မထားပါဘူး။ စစ်အစိုးရရဲ့ သတင်းစာတွေလည်း သူတို့ မဖတ်ပါဘူး။ ကယ်ဆယ်ရေးစေတနာရှင် ပြည်သူတွေက သူတို့ကို အဲဒီအကြောင်း ပြောပြတော့ သူတို့က တအံ့တသြနဲ့ ဖြစ်ကြရပါတယ်။


သူတို့က တခွန်းပဲ ပြောပါတယ်။ မြန်မာပြည်သူတွေက ဘယ်ခေတ်မှာ ဖြစ်ဖြစ် ငတ်လို့ သေခဲ့တာ မရှိဘူး ဆိုတာ မှန်နိုင်ပါတယ် … တဲ့။ မြန်မာပြည်သူတွေဟာ စစ်အစိုးရသတ်လို့ သေခဲ့တာကတော့ အမှန်တရား ဖြစ်ပါတယ်တဲ့။


မန်မာတွေ ငတ်လို့ မသေခဲ့ပါဘူး။ စစ်အာဏာရှင်တွေ သတ်လို့ မြန်မာတွေ သေခဲ့ကြရတာ ဧရာဝတီ သက်သေ ဖြစ်ပါကြောင်း …
(သတင်းစာဖြတ်ပိုင်းကို အာဇာနည်ဘလောက်က ယူပါတယ်။ ဓာတ်ပုံတွေက - မိုးမခပါ)





မိုးမခမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ကိုယ်ကျိုးမမျှော်ပဲ ပေးဆပ်ခြင်း



By Shih Chao-hwei 釋昭慧
ရှင့်ချောင်ဟွေ့

Tuesday, May 27, 2008
သြော် သနားစရာ မြန်မာပြည်… အောက်တိုဘာလ သံဃာတော် နှင့် အရပ်သားလူထုကို အကြမ်းဖက်နှိမ်နင်းပြီးနောက် အခြေခံ လူ့အဖွဲ့အစည်းတွေလည်း ပျက်စီးသွားခဲ့ပြီ။ သင်္ကန်းရောင်တော်လှန်ရေး သတင်းလှိုင်းလုံးကြီးလည်း ငြိမ်သက်သွားပြီးတဲ့နောက် မြန်မာဆိုတာလည်း ကမ္ဘာ့ မျက်နှာစာက တဖြည်းဖြည်း ပြန်လည်ကွယ်ပျောက်သွားခဲ့လေတော့ စစ်အာဏာရှင်တွေလည်း သာသနာ့ခေါင်းဆောင်တွေကို အထိန်းအသိမ်းမရှိ ဥပဒေပြင်ပမှ ပြစ်ဒဏ်ချမှတ်နေလေရဲ့။
သံဃာတော်တွေ တန်ဖိုးကြီးမားလှစွာ ပေးဆပ်ခဲ့ပြီးပြီ။ တစ်ချို့တွေလည်း အသတ်ခံရ၊ တစ်ချို့တွေလည်း အကျဉ်းချခံရ၊ တစ်ချို့တွေလည်း နိုင်ငံပြင်ပကိုထွက်ပြေးခဲ့ပြီ။ ကျန်ရစ်သူလူထုလည်း အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရပြီး စစ်အစိုးရရဲ့မျက်စိအောက်က ဆွမ်းလှူဒါန်းဖို့ကိုတောင် ကြောက်နေရတဲ့အဖြစ်ပါ။ သာမာန် ပြည်သူတွေထက် လှုပ်ရှားမှုတစ်ခုမှန်သမျှ အကြွင်းမဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရပြီး နှောင့်ယှက်ခံနေရတဲ့ သံဃာတော်တွေရဲ့ဘ၀က အံသြကုန်နိုင်ဖွယ်ပါ။ သူတို့မှာ နေစရာနေရာမရှိ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်လည်း မရှိလေတော့ ဘုန်းတော်ကြီးကျောင်းတွေက စွန့်ခွာပြီး လောကီဘ၀ကို ပြန်ပြောင်းရုံကလွဲပြီး ရွေးစရာလမ်းမရှိတော့ဘူးပေါ့။

ဒီမိုကရေစီ၊ လွတ်လပ်ရေး နှင့် လူသားဆန်မှု တွေကို မမျှော်လင့်ထားနှင့်၊ မြန်မာတို့ရဲ့အထွက်အမျက် အထားဆုံး တန်ဖိုးအထားဆုံး ဖြစ်တဲ့ ဗုဒ္ဓဘာသာပင်လျှင် ဒုက္ခလှလှ တွေ့နေရနေပြီး အနာဂတ်တောင် မသေချာမရေရာတော့ပါ။

သြော်… သနားစရာမြန်မာပြည်… ကျိန်စာများတိုက်ခံထားရလေလား။ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို နင်းလျှောက်နေတုံး နာဂစ်(စ်)မုန်တိုင်းကတိုက်ပြန်လေပြီ။ အခုချိန်ထိ လူ တစ်သိန်း ကျော်သေဆုံး အရေအတွက်မရှိ လူတွေပျောက်ဆုံးနေပြီး နှစ်သန်းသော ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပေါ့။ တစ်ခါက ကမ္ဘာမှာ ဆန်စပါး အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသလည်း အခုတော့ တစပြင်ဖြစ်ခဲ့ရပြီ။ နစ်မြုပ်ပျောက်ဆုံးသွားတဲ့ရွာတွေ၊ ကွင်းပြင်ကလူသေအလောင်းတွေ ကတော့ ဗုဒ္ဓဟောကြား သွားခဲ့တဲ့ အနစ္စ၊ မတည်မြဲသောတရားကို ထင်ဟတ်နေသလားပဲ။ ကမ္ဘာမြေကြီးကလည်း လှုံခြုံမှုမှမရှိလေပဲကိုး။

မြန်မာစစ်အစိုးရကတော့ ဆက်လက် ချစားပြီး ဘာဆိုဘာမှထိရောက်မှု မရှိမြဲပဲလေ။ သူတို့ရဲ့ ရိုင်းစိုင်းယုတ်မာမှု လူသားမဆန်မှုတွေဟာ သင်္ကန်းရောင်တော်လှန်ရေးတုန်းက ကမ္ဘာသူ ကမ္ဘာသားတွေကို ရွံရှာစေခဲ့ ဒေါသထွက်စေခဲ့ ပြီးပြီ။ ဒီအကြောင်းတွေဟာ စစ်အုပ်စုရဲ့ တရားဝင်ရပ်တည်ရေး ယုံကြည်ချက်တွေကို လျှောကျစေခဲ့လို့ ယခုတစ်ခါ မုန်တိုင်းဒုက္ခ ကိုလည်း နိုင်ငံတကာအကူအညီကိုငြင်းပယ်၊ ယုတ္တိမရှိတဲ့ အတွေးအခေါ်တွေနဲ့ သွေးရူးသွေးတမ်း ဖြေရှင်းနေတယ်လေ။

စစ်အစိုးရရဲ့ တားလိုတားဆီး လုပ်ခံရတဲ့ သဒ္ဓါသရားထက်သန်စွာ လှူဒါန်းကူညီမည့် အဖွဲ့အစည်းတွေလည်း ကူညီနိုင်မဲ့ပြတင်းတံခါးကိုစောင့်ရင်း စက္ကန့်နှင့်အမျှ မိနစ်နှင့်အမျှ တစ်ဖြည်းဖြည်း ရှောင်ထွက်သွားပြီ။ သန်းနှင့်ချီသော အသက်ရှင်ကျန်နေသူတို့ခမျာ အစာငတ်ပြတ်မှု၊ ရောဂါဘယ နှင့် သေဆုံးခြင်း သားကောင်တွေဖြစ်ခဲ့ရပြီလေ။ ကျွန်တော်လည်း ဒေါသထွက်၊ သောကရောက်ရုံကလွဲလို ဘာမှမလုပ်ပေးနိုင်တဲ့ အစွမ်းအစမဲ့သူတစ်ယေက်ဖြစ်နေသလိုပါပဲ။

ဇူးချီ ဗုဒ္ဓဂရုဏာ ကယ်ဆယ်ရေး အဖွဲ့အစည်းကတော့ မြန်မာစစ်အစိုးရရဲ့ တင်းကျပ်လွန်းတဲ့ စစ်ဆေးရေးတွေကို ကျော်လွန်အောင်မြင်ပြီး အကူအညီပေးဖို့ မြန်မာပြည်တွင်းကို ၀င်ရောက်ခွင့်ရရှိသွားပြီ။
ဇူးချီ ၀င်ခွင့်ရရှိသွားခြင်းက အကြောင်းအရင်းများစွာရှိပါတယ်။ ပထမဦးဆုံးကတော့ ဒီအဖွဲ့အစည်းက ၂၀၀၄ ဆူနာမီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ကောင်းစွာလုပ်သွားနိုင်ခဲ့တယ်။ ဒီအကြောင်းက သွေးအေးအေးစစ်အုပ်စုရဲ့နှလုံးသားကိုတောင် လှုပ်ကိုင်စေခဲ့ပြီး ဇူးချီကကူညီနိုင်မယ်လို့ယုံကြည်သွားစေတယ်။ (ဘာသာပြန်သူအနေနဲ့ ဘယ်လိုမှမယုံကြည်နိုင်ပါ၊ ရယ်တောင်ရယ်ချင်သေး။ သူတို့ကိုအန္တရာယ်မပေးနိုင်လို့သာ လက်ခံတာပါ၊ တခြားသောအဖွဲ့အစည်းတွေလည်း ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ် တွေကို ကောင်းစွာလုပ်သွားနိုင်တာပဲလေ)။

ဒုတိယအချက်ကတော့ ဇူးချီရဲ့ နိုင်ငံရေးကင်းကင်းရှင်းရှင်းနေရန် မူဝါဒကြောင့်ပါ။ (ဒါကဖြစ်နိုင်တယ်၊ သူတို့အကြိုက်ပဲပေါ့။) သူတို့ကိုက တိုင်းတပါးသားတွေကို သံသယနဲ့ ဆက်ဆံပြီး သေလောက်အောင် အာဏာလက်လွတ်ရမှာ ကြောက်နေတယ့် ဒီအချက်က ဇူးချီ အဖွဲ့ကိုဝင်ခွင့်ရသွားစေတယ်။
ထိုင်ဝမ်က တစ်ချို့သောလူတွေက ဇူးချီရဲ့ နိုင်ငံရေးကင်းရှင်းရေးမူဝါဒကို ဝေဖန်ပြောဆိုကြတယ်။ ဒါပေမယ့် ဤမူဝါဒက ဇူးချီကို နိုင်ငံအားလုံးရဲ့ယုံကြည်မှုရရှိစေခဲ့တယ်လေ။ ဆိုးသွမ်းတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အာဏာကိုမထိခိုက်စေနိုင်တဲ့အတွက် ဒီအဖွဲ့အစည်းအပေါ် သံသယမရှိသလောက်ပဲပေါ့။ ဒါကြောင့်မလို့ ရင်းနှီးမှုရစေခဲ့တာ။

ဤမျက်နှာစာမှကြည့်မယ်ဆိုရင် တခြားလူမှုရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေက ၄င်းတို့မှာ အကန့်အသတ် ရှိနေပြီဆိုတာ ၀န်ခံရပါလိမ့်မယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုဟာ နိုင်ငံရေးကင်းရှင်းပြီး ဘယ်လောက်များများ ကောင်းမှုတွေဖော်ဆောင်နိုင်လဲဆိုတဲ့ ၀ါဒပေါ်သာအခြေခံပြီး လှုပ်ရှားမှ အကူအညီတွေဟာ အောင်မြင်နိုင်မယ်ဆိုတာ သတိထားမိ သင့်ပါပြီ။ တည်ငြိမ်တဲ့စွမ်းအားနဲ့ လူအများကို ကယ်ဆယ်နိုင်အောင် ကြိုးပမ်းချင်တယ်ဆိုရင် နိုင်ငံရေးနဲ့ ရောထွေးနေတာကိုရပ်ရပါလိမ့်မယ်။

ဆိုင်ကလုံးမုန်းတိုင်း မြန်မာပြည်ဝင်ပြီး ကိုးရက်အကြာ တရုတ်ပြည် စီးချွမ်းပြည်နယ်မှာ ပြင်းထန်တဲ့ငလျင် လှုပ်သွားခဲ့တယ်။ အခုတော့ နှစ်နိုင်ငံလုံး ဒုက္ခကိုယ်စီ တွေ့ကြုံနေပြီ။ ဒါပေမယ့် တရုတ် အစိုးရကတော့ နိုင်ငံတကာရဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို အေးဆေးစွာရင်ဆိုင် လက်ခံခဲ့တယ်။ အထူးသဖြင့် ထိုင်ဝမ်ရဲ့အကူအညီကိုရောပါ လက်ခံခဲ့တယ်။ သူတို့တွေ သဘာဝဘေးအန္တရာယ် သတင်းအချက်အလက်တွေကို မပိတ်ပင်ဘူး။ အကုန်လုံးကို ထင်သာမြင်သာအောင် ပွင့်ပွင့်လင်းလင်း ဖွင့်ပေးထားတယ်။ ဘယ်ရှုထောင့်ကကြည့်ကြည့် တရုတ်အစိုးရဟာ မြန်မာအစိုးရထက် လူသားဆန်မှုကို ပြသနိုင်ခဲ့တယ်။ မျက်နှာလည်းပွင့်လမ်းခဲ့တယ်။ ကမ္ဘာ ကလည်း ရက်ရက်ရောရောပေးလှူတယ်လေ၊ ဒီလိုလှူတဲ့နေရာမှာ ထိုင်ဝမ်လည်း မနောက်ကျကျန်ခဲ့ပါဘူး။
တရုတ်အစိုးရရဲ့ အရေးပေါ် ကိုင်တွယ်မှုတွေကတော့ မြန်မာအစိုးရနဲ့တေှာှ့ဆီနဲ့သေးနဲ့ ကွာပါတယ်။ (မမေသူရဲ့ နှိုင်းယဉ်ချက်ကို အငှားသုံး ဘာသာပြန်ထားတာပါ။) တန်စာဆို လီပိုင် က စီးချွမ်းကိုသွားတဲ့လမ်းက ခက်ခဲပါပေတယ် လို့စပ်ဆိုခဲ့ပေမယ့် အခုတော့ ရန်ကုန်ကို ပျံသွားရမှာ ပိုခက်ခဲပါတယ်လို့ စပ်ဆိုရမလိုပါပဲ။

ထိုမ်ဝမ်လူမျိုးတွေရဲ့ ဒုက္ခသည်တွေကို ကူညီချင်တဲ့ သဒ္ဒါတရားထက်သန်မှုဟာ ထိုင်ဝမ်သတင်းလောကရဲ့ အရေးပေးမှုကိုခံခဲ့ရပါပြီ။ သတင်းမှာပါတဲ့ သေဆုံးမှု၊ ပျက်ဆီးမှုဓာတ်ပုံ၊ ကြေကွဲနေတဲ့ အသက်ရှင်ကျန်နေသူတွေဟာ လူတွေကို မျက်ရည်ယိုစေပြီး သူတို့ရဲ့ဒုက္ခတွေကို ဂရုပြုမိလာကြပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လူမျိုးတွေအတွက် မြန်မာပြည်ကတော့ ထိုင်ဝမ်နှင့် အနည်းငယ်ပိုဝေးတာကြောင့် ဒေသခံသတင်းဌာနတွေရဲ့ ဂရုပြုမှုကို အနည်းအကျဉ်းလောက်သာခံရပါတယ်။ ဒီအတွက်ကြောင့် လူတွေက မြန်မာပြည်ရဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မျက်မြင်တွေ့နိုင်ဖို့ခက်ခဲစေပါတယ်။

ဒါပေမယ့်လည်း အစိုးရနှင့် စီးပွားရေးလောကသားတွေကတော့ မြန်မာအရေးထက် စီးချွမ်းအရေးကို ပိုအရေးပေးနေခြင်းဟာ အရေးကြီးတဲ့မေးခွန်းတွေ ထုတ်ချင်စရာပါ။ အကယ်၍ သူတို့ရဲ့အလှူဟာ စီးချွမ်း ဘေးအန္တရာယ်ကျရောက်ရာဒေသသို့သာ NTD (New Taiwan Dollar) တွေသန်းချီ မရောက်ခဲ့ရင် ကျွန်တော်တို့ထိုင်ဝမ်အစိုးရနှင့် ချမ်းသာသူတွေရဲ့ အရင်းအမြစ်တွေက ဒုက္ခရောက်နေသူ အမြောက်အမြားကို အခုလို ရက်ရက်ရောရော ကယ်တင်ပါ့မလားဆိုတာပါပဲ။

ဘယ်အချိန်မှများ ထိုင်ဝမ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များဟာ သူတို့ရဲ့ ကိုယ်ကျိုးကိုမကြည့်ပဲ ပေးဆပ်နိုင်မလဲ။ မြန်မာပြည်ရဲ့ မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးတွေမှာ ဖြစ်နိုင်ချေရှိပါတယ်။ သူတို့တွေ ပေါ့လျော့မှုတွေကိုသိမြင်နိုင်ပြီး လှူနိုင်တန်းနိုင်မဲ့ အခွင့်အရေးတွေ ပေါ်ပေါက်လာရင် ကိုယ်ကျိုးမကြည့်ပဲ လှူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။

Shih Chao-hwei 釋昭慧

ရှင့်ချောင်ဟွေ့ ဟာ ရွှမ်းချွှမ် တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။
တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ Anna Stiggelbout မှဘာသာပြန်သည်။
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ လင်းစစ်သူ မှဘာသာပြန်သည်။

ကျွန်တော်အိမ်ဘလောဂ်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

မယုံဘူး..၊ အရေးယူရမယ်..

30-05-2008
“ဟော.. တနေ့က သတင်းတွေထဲမှာ ပလူပျံလို့..။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို မဲပေါင်း ၉၂% နဲ့ ထောက်ခံအတည်ပြုတယ်..” တဲ့..။ ကျုပ်စဉ်းစားမိတယ်ဗျာ..။ ၉၂% တဲ့..။ ဟုတ်ရဲ့လား? ဒါ.. သက်သက် လိမ်တာ..။ ဒါ နိုင်ငံတော်ကို တမင် အပုတ်ချတာ..၊ စော်ကားတာ..။ ကျုပ်ကတော့ မယုံ ဘူး..၊ လုံးဝ မယုံဘူး..။
ကျုပ် ယုံတာက အနည်းဆုံး ၁၀၀% ကို ဖြစ်ရမှာ..။ အခုဟာက စော်စော်ကားကား..။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်..။ ပုဂ္ဂလိက အလှူရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ နာဂစ်မုန်တိုင်းဒဏ် ကြောင့် ကံဆိုးလို့ အသက်ရှင်ကျန်ခဲ့သူတွေကို လှူတန်းတာထက် နိုင်ငံတော်ရဲ့ မဟာဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်..။


စဉ်းစားကြည့်ဗျာ..။ ဒီလောက် ကမ္ဘာ့သက်တမ်းအရှည်ဆုံးနဲ့ အချိန်ပေးရေးဆွဲထားရတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကြီး” ဖြစ်သလို (အမှန်မှာ ဂိနီမှတ်တမ်းမှာ ထည့်ရမဲ့ကိစ္စ) တဖက်ကလဲ အမျှော် အမြင်ကြီးကြီးနဲ့ ငွေကြေးတွေအကုန်ခံကာ စည်းရုံးရေးတွေဆင်းထားရက်နဲ့ ၉၂% တဲ့..။ ကဲ.. ဘယ် လောက် အသုံးမကျတဲ့ ဟာတွေလဲ? အဲဒီသတင်းကိုလဲကြားရော ကျုပ်တုန်လှုပ်သွားတယ်..။ “မယုံဘူး.. လုံးဝ မယုံဘူး..” လို့ အရူးတယောက်လို အော်မိတော့မလို့..။ တော်ကြာ တမျိုးထင်ပြီး လာဆွဲမှာ စိုးလို့ သာ..။ စိတ်ထဲကတော့ “မယုံဘူး.. လုံးဝ မယုံဘူး..” လို့ အခါခါအော်ပစ်လိုက်တယ်..။
တချို့မိတ်ဆွေတွေကလဲ မေးတယ်..၊ အဲဒီ သတင်းနဲ့ ပတ်သက်လို့..။ သူတို့လဲ တောက် တခေါက် ခေါက်ဖြစ်နေကြတယ်..၊ အားမလို အားမရနဲ့..။ “ဖြစ်နိုင်လား..” တဲ့..။ ကျုပ်ကလဲ ဖြစ်သင့်တဲ့အတိုင်း ပြော လိုက်တယ်..
“တကယ်တမ်းကဗျာ.. အနဲဆုံး ၁၀၀% ပဲဖြစ်ရမှာ..။ ပိုပြီးဖြစ်သင့်တာက ၁၂၅% တို့..၊ ၁၅၀% တို့ ဖြစ်ရမှာ..။ အခုဟာက မယုံနိုင်စရာဖြစ်နေလို့..။ မယုံဘူး..၊ လုံးဝ မယုံဘူး..” လို့..။
သူတို့လဲ မျက်စိလေး ပြူးတူးပြဲတဲနဲ့ အံ့သြနေတဲ့ပုံစံ..။ ဒါနဲ့ ကျုပ်ကဆက်ပြီး...
“ခင်ဗျားတို့ကော ယုံလား..” လို့ မေးတော့.. သူတို့က ကျုပ်ကို မယုံသလိုနဲ့ကြည့်ပြီး မဖြေရဲဘူး..။ ဒါတောင် ကျုပ်ဘေးနားမှာ ၀ါးစိမ်းတုတ်တို့ နှစ်တလက်မချောင်းတို့ ရှိတာမဟုတ်သေးဘူး..။ ဒါပေမဲ့ ကျုပ်သိတာပေါ့...။ ကျုပ်ကိုယ်တိုင်ကလဲ “ဒဲ့ဒိုးပြောရင် ရပ်မိတဲ့လူစား” ပဲ ဥစ္စာ..။ ချာတိချာတာမှ မဟုတ် ပဲ..။ ကျုပ်သိတာပေါ့.. သူတို့ မျက်စိတွေကပေးတဲ့ အဖြေကို..။ ဒါနဲ့ ကျုပ်က ဆက်ပြီး..
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ၉၂% ထောက်ခံမဲ ရတယ်-လို့ ကြေငြာခိုင်းတဲ့သူရော..။ ယုံတဲ့သူရောကို အရေးယူရမယ်..။ ပြင်းပြင်းထန်ထန်ကို အပြစ်ပေးရမယ်..။ မှတ်လောက်သားလောက်အောင်ကို လုပ်ပစ်ရ မယ်..” လို့ ပြောပြီး တအောင့် နားလိုက်တော့.. တယောက်က ဖောက်ပြီး.. “ဒီတော့ကား..” ဟု ဆိုကာ စလိုက်တော့ ကျုပ်က လက်ကာရင်း…
“မှတ်ထား.. ၉၂% ထောက်ခံမဲရတယ်လို့ ကြေငြာခိုင်းတဲ့သူတွေကို သားစဉ်မြေးဆက် မသေမချင်း လေပြင်းနဲ့ တိုက်သတ်ရမယ်..။ ယုံတဲ့သူတွေကိုတော့ တသက်လုံး သားစဉ်မြေးဆက် ငရဲမှာ အရှင်လတ် လတ် ခံစေရမယ်..။ အခု ဗမာပြည်အတိုင်းပေါ့..” လို့ ဆက်ပြောလိုက်တယ်..။ သူတို့လဲ မျက်ကလူး ဆံပြာနဲ့..။ ကဲ.. ဒီတော့.. စာရှုသူ..
ခင်ဗျားကော ယုံလား..။ ဘယ်လိုလဲ တသက်လုံး သားစဉ်မြေးဆက် ငရဲမှာ အရှင်လတ်လတ် ခံချင်လား..။ မယုံမရှိနဲ့ ကျုပ်တော့ မျက်စိစုံဖွင့်ပြီး.. “မယုံဘူး..၊ လုံးဝ မယုံဘူး..” ကဲ.. မှတ်ကရော..။
နီသွေး
MSMA


အပြည့်အစုံဖတ်ချင်ရင်...

Thursday, May 29, 2008

သာသနာနှင့်နိုင်ငံရေး



ခုဆိုရင် စာရေးသူဟာ ကိုယ်ယုံကြည်ရာမျှော်လင့်ချက်တစ်ခုနဲ့ စာတွေရေးနေခဲ့တာ လေးငါးပုဒ်ရှိပြီ ဖြစ်တယ်။ ဒီဆောင်းပါးကတော့ နားလည်မှုရှိထားသူတွေအတွက် မရည်ရွယ်ပါဘူး။ န.အ.ဖခိုင်းစေသမျှ အ ဟုတ်မှတ်နေသူအချို့၊ န.အ.ဖ ဘာလုပ်လုပ် “ကောင်းတယ်၊ ကောင်းတယ်”လုပ်နေသူအချို့၊ န.အ.ဖ ထိရင် တီကောင်ကို ဆားတို့ခံရသလို ဖျပ်ဖျပ်လူးဖြစ်နေသူအချို့၊ န.အ.ဖ တိုက်ထားသော မှူးမှုန်မှိုင်းဝေနေတဲ့ လမ်းမ ထက်မှာ အမှန်တရားကို မြင်နိုင်စွမ်း ချို့တဲ့နေသူအချို့……အချို့…။ ထိုအချို့များအတွက် ဒီခေါင်းစဉ်တပ်ပြီး ဒီစာကို ရေးပါတယ်။
သာသနာ့ဝန်ထမ်း၊ ရဟန်းတစ်ပါးဖြစ်တဲ့ စာရေးသူမှာလဲ တာဝန်ရှိတယ်လို့ ခံစားရတယ်။ “ဘာကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးထဲ ၀င်ပါရသလဲ”။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်, မသင့်ကိုတော့ မဆွေးနွေးတော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တော့မှ အဖြေတူမထွက်နိုင်တဲ့မေးခွန်း ဖြစ်လို့ပဲ။ ဒါပေမယ့် စာရေးသူ ပြောချင်တာကတော့ ဘုရားရှင်သော်မှ လိုအပ်ရင် နိုင်ငံရေးကိစ္စတွေထဲကို ၀င်လာလေ့ရှိခဲ့တယ် ဆိုတာပါပဲ။ စာရေးသူ ကိုယ်လိုရာဆွဲပြောတာ မဟုတ်ပါဘူး။ လေ့လာကြည့်ကြစေလိုပါတယ်။ ဒီနေရာမှာတော့ အကျယ် မဆွေးနွေးတော့ပါဘူး။ စာရေးသူ တင်ထားတဲ့ ခေါင်းစီးကို ပြန်သွားပါမယ်။ ဒီဆောင်းပါးဆုံးတာနဲ့ ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဘာကြောင့်ဝင်ပါရသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်ပေါင်း ၅-သိန်းခန့်ကို ကျွေးမွေးလှူဒါန်းနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို သံဃာတော်တစ်ပါးကို နို့ဆီဗူးနှစ်ဗူး နှုန်းဆိုရင် သံဃာတော်ငါးသိန်းခန့်အတွက် တစ်နေ့တာ ဆွမ်းစရိတ်ဟာ ဆန်တင်းပေါင်း ၁-သောင်းခွဲကျော်မယ် ထင်ပါတယ်။ (မှားသွားရင်လဲ ခွင့်လွှတ်ပါ။ ခန့်မှန်းခြေဖြစ်ပါတယ်။) စာရေးသူဆိုလိုချင်တာက မြန်မာပြည် သူတွေဟာ ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းမှုများနှင့် ကြုံတွေ့နေရစေကာမူ သာသနာတော်ကို အလုပ် အကျွေးပြုခဲ့ကြတယ်။ အလုပ်အကျွေးပြုနေကြဆဲပဲ။ ဒီလောက်များပြားတဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေ အတွက် ကျွေးမွေးထားနိုင်ဖို့ဆိုတာ ဧရာမတာဝန်ကြီးတစ်ခုပါ။ ဒါကို ပြည်သူတွေဟာ မငြီးမငြူ ထမ်းဆောင် ထားနိုင်တယ်။
ဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ပြည်သူတွေ ဘာလိုချင်နေတာလဲ။ ပြည်သူတွေအတွက် ရဟန်းတော်တွေက ဘာဖြစ်စေချင်နေတာလဲ။ အဲဒီလို မေးလာခဲ့ရင် အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေလိမ့်မယ်။ “တရားမျှတတဲ့ လူ့ဘောင်လောက တစ်ခု”။ ဒါပါပဲ။ မှန်ကန်သင့်တော်တဲ့စနစ်၊ မြန်မာနိုင်ငံအတွက်ရော နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ပါ လွတ်လပ် ပြီး တရားမျှတတဲ့ စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု။ ကမ္ဘာ့တစ်ခွင်လုံးက လူရိုသေရှင်ရိုသေ အစိုးရအဖွဲ့အစည်း တစ်ခု။ ဒါကို စာရေးသူတို့ တစ်နိုင်ငံလုံးက အလိုရှိနေပါတယ်။
(မှတ်ချက်= တစ်နိုင်ငံလုံးဟု ဆိုရာတွင် န.အ.ဖ ခေါင်းဆောင်များနှင့် စိတ်သဘောထားထပ်တူကျ သောသူများ မပါဝင်ပါ။ “စိတ်သဘောထားထပ်တူကျသောသူများ”လို့ သုံးတာဟာ အကြောင်းရှိပါတယ်။ တစ်ချို့က အကြောင်းကြောင်းကြောင့် စစ်သားဖြစ်လာခဲ့ရပေမယ့် န.အ.ဖလုပ်ရပ်တွေကို ရွံမုန်းနေတဲ့စစ်သား တွေ ရှိပါတယ်။ စစ်သားထိရင် မှားမှားမှန်မှန် ရန်တွေ့တတ်သူများ နားလည်ပါလေ)။
ခုတော့ တစ်ချိန်က အရှေ့တောင်အာရှမှာ သာမက ကမ္ဘာမှာပါ တိုးတက်ဖို့ အလားအလာအကောင်း ဆုံးနဲ့ သယံဇာတတွေပေါများလှတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ဆင်းရဲနုံချာတဲ့နိုင်ငံတွေထဲ ပါဝင်နေရပြီ။ နည်းမျိုးစုံနဲ့ ရက်စက်မှုများနဲ့ဘက်ပေါင်းစုံမှာ ရှက်စရာဖြစ်နေခဲ့ရပြီ။ နေရင်းထိုင်ရင်း ဗုဒ္ဓဘာသာပါ သိက္ခာကျနေခဲ့ရပြီ။ တရားမျှတတဲ့ လူ့ဘောင်လောကတစ်ခု တည်ဆောက်ဖို့ စာရေးသူတို့ သာသနာတော်သုံး ဝေါဟာရနဲ့ သုံးရရင် သူတော်ကောင်းတရား ထွန်းကားတဲ့ လူဘောင်လောကတစ်ခု တည်ထောင်ဖို့ ပါဝင်ဆောင် ရွက်ခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါသလား။
ခုချိန်ထိ “န.အ.ဖ”ဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို တွင်တွင်ကြီး သုံးနေဆဲပဲ။ အဲဒီစကားလုံးက မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတာကြာပြီ။ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတာကြာပြီ။ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ဆိုတာ ကဗျာလောကမှာပဲ ကြားရတာ။ မြန်မာနိုင်ငံမှာက ခေတ်စကားနဲ့ပြောရရင် linear ဆိုတဲ့ ဒေါင်လိုက်စနစ်ပဲ ရှိတယ်။ အထက်လူကြီးက “ဒါ”ဆိုရင် “ဒါ”ပဲ။ အမိန့်စနစ်ပဲ။ စစ်တပ်စနစ်ပဲ။ ဒေါင်လိုက် စနစ် မှာ အထက်က လူတွေက အဓိကပဲ။ အထက်ကလူက ဘယ်လောက်ပဲဆိုးဆိုး အောက်ကလူတွေဟာ ငုံ့ခံရုံက လွဲပြီး ဘာမှလုပ်လို့ မရဘူး။ ခက်တာက တစ်တိုင်းပြည်လုံးကို ဒေါင်လိုက်စနစ်ထဲရောက်အောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး သွတ်သွင်းထားတာ။ ဒေါင်လိုက်စနစ်ဟာ ခေတ်မမီတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့လောကအတွက် အန္တရာယ်များပါတယ်။ ဘာကြောင့်အန္တရာယ်များတာလဲ။
ဒေါင်လိုက်စနစ်မှာ အထက်လူကြီးက ကောင်းနေရင် သိပ်ကိစ္စမရှိဘူး။ ဆိုးဝါးနေပြီဆိုရင် အောက်ကလူတွေ စိတ်မချမ်းသာပါဘူး။ ကျန်တဲ့အထက် ဗိုလ်တွေဆို ပြောမနေနဲ့။ ရွာမှာ ရွာသူကြီးကိုတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ ဘာလို့ ကြောက်တာလဲ။ “ရွာသူကြီးဆိုတာ ရဲနဲ့ပိုင်တယ်ကွ”။ “ဟိုစခန်းမှူးကြီးဆို လာဘ်စားပြီး ဟို လူသတ်ကောင်ကို ဘာအပြစ်မှ မပေးဘူး။ ဒါတောင် အထက်က သူ့ကို ဘာကြောင့်များ ဆက်ခန့်ထားသလဲ မသိဘူး“။ “သူက တိုင်းမှူးနဲ့ပိုင်တယ်ကွ”။ ဒါတွေက ဘာတွေလဲ။ ဒါတွေက န.အ.ဖရဲ့ မူရင်းကျင့်ဝတ်တွေလား။ နိုင်ငံအုပ်ချုပ်ပုံစနစ်လား။ ဒါတွေက န.အ.ဖရဲ့ တရားမျှတမှုစံနှုန်းတွေလား။ ဒါ ဥပမာအနေနဲ့ပြောတာပဲ ရှိသေးတယ်။ တရားဥပဒေအပေါ်မှာ မိန့်မိန့်ကြီး တက်ထိုင်နေတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ အများကြီး။ ဒါမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြီးကို စာရေးသူတို့ သာသနာ့ဝန်ထမ်းတွေအနေနဲ့ “ကောင်းတယ် ဒကာကြီး”လို့ ဘယ်တော့မှ မပြောနိုင်ပါဘူး။ သာသနာကို တကယ်ချစ်သူတိုင်း၊ မြန်မာကို တကယ်ချစ်သူတိုင်း မပြောပါဘူး။
“အရှင်ဘုရားတို့က လမ်းတွေဖောက်၊ တံတားတွေထိုး၊ ဘုရားတွေတည်နေတာကျတော့ ထည့်မစဉ်း စားတော့ဘူးလား”။ တစ်ချို့က အဲလို မေးချင်ကြတယ်။ စာရေးသူကတော့ အဲဒိလို မေးလာသူတိုင်းကို “သြော် …တော်တော် နုံသေး အသေးတဲ့ ကလေးပါလား”လို့ပဲ ယူဆထားလိုက်တယ်။ ထင်သာမြင်သာဖြစ်စေမယ့် ဥပမာတစ်ခုထုတ်ပြလိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ သူ့ကျောင်းတိုက်ထဲမှာ ကျောင်းဆောင်တွေ ပြုပြင်တာ၊ ဆောက်လုပ်တာ၊ ရေတွင်းရေကန်တူးတာ၊ ဘုရားတည်တာ၊ ကိုရင်လေးတွေကို ကျွေးမွေးတာ…။ ဒါတွေဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့ မဖြစ်မနေလုပ်ရမယ့်အရာတွေပဲ။
ဒါတွေကို လုပ်နေတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ သတင်းမဟုတ်ပါဘူး။ ဒါတွေကို သတင်းအနေ နဲ့တင်ပြရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် “အဲဒီဘုန်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကို သွားဆွဲသတဲ့”ဆိုရင်တော့ ဒါဟာ သတင်းဖြစ်သွားပါပြီ။ မီဒီယာလောကမှာ စကားတစ်ခွန်းရှိ တယ်မဟုတ်လား “ခွေးက လူကို ကိုက်ရင် သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်မှ သတင်း” ဆိုတာမျိုးဖြစ်ပါတယ်။ ဒီလောက်ဆို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ခုလုံးအတိုင်းအတာဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒီထဲကမှ လုံးဝကျူးလွန်လို့မရတဲ့၊ ချိုးဖောက်လို့မရတဲ့ စည်းကမ်းတွေရှိ ပါတယ်။ ရဟန်းအဖွဲ့အစည်းမှာဆိုရင် ပါရာဇိကလေးပါးစည်းကမ်းဥပဒေဟာ ချိုးဖောက်တာနဲ့ လူဝတ်ကြောင် ဖြစ်သွားပါတယ်။ န.အ.ဖ ဟာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်တဲ့ အမှားတွေကို ဆက်တိုက်လုပ်ပါတယ်။ ကမ္ဘာသိလူသတ်ပွဲများဖြစ်တဲ့ ၈၈-လူသတ်ပွဲ၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်ဘုန်းကြီးသတ်ပွဲ….။ ဒီအမှားတွေဟာ ဘယ်တော့မှ ခွင့်လွှတ်လို့မရတဲ့ အမှားတွေဖြစ်ပါတယ်။
န.အ.ဖ လုပ်သမျှ အကောင်းထင်နေသူအချို့ကို ထင်သာအောင်တစ်ခု ပြောပြမယ်။ “ခု စစ်ဗိုလ် တွေဟာ တရားမျှတစွာ၊ မှန်ကန်ဖြောင့်မတ်စွာ အလုပ်လုပ်ကြပါရဲ့လား”ဆိုတာ ပေါ်လွင်လာလိမ့်မယ်။ “နေ၀င်း သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ ၀မ်းမနည်း”။ “စောမောင်သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ မတုန်လှုပ်”။ “စိုးဝင်းသေတာ တစ်နိုင်ငံလုံး ၀မ်းနည်းသံတစ်ချက်မှ မထွက်”။ တပ်မတော်အတွင်းမှာကော သူတို့သေတုန်းက ဘယ်လောက်ထိ ၀မ်းနည်းပူဆွေးခဲ့ကြပါသလဲ။ စာရေးသူကတော့ တပ်ထဲအသွားအလာရှိတော့ သိပါတယ်။ ရုပ်ရှင်မင်းသား ဒွေးဆုံးတုန်းက ပြည်သူတွေအတော်များများ ပူဆွေးသောက ဖြစ်ကြရတယ်။ ကောင်းတာတွေ လုပ်ပြီး ပြည်သူက ချစ်တဲ့သူတွေပါဆိုရင်…………..။ သိပ်ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။ ခေါင်းလေးနဲ့ စဉ်းစားရင် အဖြေထွက်ပါပြီ။ သူငယ်တန်းမေးခွန်းလောက်တောင် ခေါင်းစားစရာမလိုပါဘူး။
(မှတ်ချက်။ ။စိုးဝင်းသေတုန်းက အဖြစ်အပျက်လေးနဲ့ ခွေးမလေးတစ်ကောင်သေတဲ့ အဖြစ် အပျက်နှစ်ခုကို ယှဉ်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ မဖတ်ရသေးသူများ “လွင်ပြင်ရိုင်းရဲ့ ရိုး သားမှုနှင့်သမိုင်းတွင်ခြင်း”ဆိုတဲ့ဆောင်းပါးကို ဒီမှာ http://lanka-msma.blogspot.com/search/label/articleဖတ်ရှုနိုင်ပါတယ်။)
နောက်….ဟိုတုန်းက ခင်ညွန့်ထိ ဓားကြည့်ဆိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ၀င်းမြင့်ကို ဘုရား လို ကြည်ညိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ….စသည်…..စသည်….။ ခုအချိန်မှာ သူတို့ဆောက်ခဲ့တဲ့ တံတားတွေက ကျောက်စာတောင် အငြိမ်မနေရဘူး။ ပြုပြင်ခံလိုခံရ။ ကျောက်တော်ကြီးဘုရားမှာ ခင်ညွန့်ပုံ ကလဲ နေရင်းထိုင်ရင်း အဖျက်ခံရ။ ဒါတွေက ဘာကို ပြနေသလဲဆိုတော့ တပ်မတော်အတွင်းမှာကိုပဲ အချင်း ချင်း လေးစားမှုမရှိဘူးဆိုတာ ပြနေတာပဲ။ နောက်ပြီး တစ်ခုကောက်ချက်ချလို့ရတာက န.အ.ဖဟာ မလိုရင် မလိုသလို သမိုင်းကို ဖျက်တတ်တယ်ဆိုတာပါပဲ။
ကျောင်းတိုက်တစ်ခုမှာ ခေါင်းရင်းက ဘုရားပုံတော်ကို ဖြုတ်ပြီး မတော်တရော်ပုံတင်ထားပြီး ကိုးကွယ် ရင် အဆိုပါဘုန်းကြီးကို ဗုဒ္ဓဘာသာလို့ မခေါ်နိုင်တော့ဘူး။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကို မြောင်းထဲပစ်ချပြီး သူ့နေရာမှ “တော်၏ မတော်၏”မစဉ်းစားဘဲ ခပ်တည်တည်ဝင်ထိုင်နေသူဟာ နိုင်ငံခေါင်း ဆောင်မဟုတ်ဘူး။
အမိန့်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ထားလို့သာရယ်၊ တစ်ရက်တစ်လေများး လွတ်လပ်ခွင့်ရလို့ ကတော့ ကွာ” စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူမှ ကုသိုလ်မဖြစ်ပါဘူး။ စာရေးသူတို့ ရဟန်းတော်တွေဟာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံး၊ လူမျိုးအားလုံး၊ ဒေသအားလုံး၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး” ကိုယ်စားပြုတဲ့ (ကိုယ်စားပြုနိုင်ခွင့် အတိုင်းအတာရှိတဲ့) အုပ်ချုပ်ရေးစနစ်တစ်ခုကို လိုလားပါတယ်။ အားလုံးဟာ တစ်သားထဲ တစ်ပြားထဲမှာရှိတဲ့ non-linear အလျားလိုက်စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီစနစ်ဟာ အကောင်းဆုံးစနစ်လို့ ရဟန်းတော်များ ယူဆထားတယ်။ ဒီမျှတတဲ့ စနစ်တစ်ခုကို တည်ထောင်ဖို့ စိတ်နှစ်ကြတာပါ။
နောက်ပြီး န.အ.ဖ၊ န.အ.ဖနဲ့စိတ်သဘောထားတူသူများကို စာရေးသူက ဦးဇင်းတစ်ပါးအနေနဲ့ စေတနာထားပြီး ပြောပါရစေ။ စာရေးသူတို့အပါအ၀င် တိုင်းသူပြည်သားတွေဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့အာဇာနည်သူရဲကောင်းတွေကို လေးစား တယ်။ သူတို့ကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေလို့ ကျေးဇူးသိတဲ့ပုဂ္ဂိုလ်တိုင်းက ယူဆထားကြတယ်။ န.အ.ဖ လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့စာအုပ်တွေကို တရားဝင်ထုတ်ဝေခွင့် ဖတ်ရှုခွင့် ရရဲ့လား။ ဒီနိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံတွေကို လွတ်လွတ်လပ်လပ် ကိုင်ဆောင်ခွင့် ပြုသလား။ န.အ.ဖလက် အောက်မှာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တိုင်းသူပြည်သားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ကိုယ့်အိမ်မှာ ချိတ်မထားရဲကြတော့ဘူး။ ဒါတွေကို သေသေချာချာ စဉ်းစားကြစေလိုပါတယ်။
ဆိုတော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရဟန်းတော်တွေဟာ အမိနိုင်ငံကို မတရားသဖြင့် အုပ်ချုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အလိုမရှိကြောင်း ပြသနေရမှာပဲ။ ဒီလို ပြသတာဟာ စာရေးသူတို့ ရဟန်းတော်တွေ အနေနဲ့ အမိတိုင်းပြည်ကို ပြည်လည်ကျေးဇူးဆပ်ခြင်းလို့ သဘောရပါတယ်။ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို အလိုမရှိကြောင်း၊ သဘောမကျကြောင်း ပြသတာဟာ သူတော်ကောင်းတည်စေဖို့ဖြစ်သ လို သာသနာအဓွန့်ရှည်ဖို့ လုပ်ဆောင်ရာလဲ ကျပါတယ်။
စာရေးသူ နိဂုံးမသတ်သေးပါဘူး။ နောက် အလျဉ်းသင့်ရင် ဆက်ရေးပါအုံးမယ်။
စာရေးသူတို့ သာသနာရဲ့ဦးထိပ်မှာ မြတ်စွာဘုရားဟာ ရှိမြဲရှိနေမှာ ဖြစ်သလို ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကိုလဲ ဘယ်မိစ္ဆာကောင်များကမှ တားဆီးလို့ ရမှာမဟုတ်ပါဘူး။

ပြည်ချစ်ဘုန်းဘုန်း
MSMA
30, 5, 2008



အပြည့်အစုံဖတ်ချင်ရင်...

နိုင်ငံအတွက်ရင်နာတယ်(၀င်းတင့်ထွန်း)





အပြည့်အစုံဖတ်ချင်ရင်...

ရာဇအိနြေ္ဒ ပျက်ယွင်းနေသော မင်းတြားကြီး

စောထွန်း | မေ ၂၉၊ ၂၀၀၈

ကျနော်ငယ်စဉ်က စစ်တပ်ဝန်းထဲတွင် နေခဲ့ရပါသည်။ ဖခင်ဖြစ်သူမှာ ထိုခေတ် တပ်မတော်အရာရှိ တဦး။ နိုင်ငံခေါင်းဆောင် က ဗိုလ်နေ၀င်း။ ပါတီတွေ ကောင်စီတွေနှင့် ဆိုရှယ်လစ်အမည်ခံဝါဒ ကြီးစိုးချိန် ဖြစ်ပါသည်။

ထိုစဉ်တုန်းက ကျနော်တို့မြို့လေးမှာ မိုးသက်လေပြင်းများ ကျလိမ့်မည်ဟု နယ်ခံ မိုးလေ၀သဌာနလေးက သတင်းပေးပြီ ဆိုလျင် တပ်ထဲက အိမ်ထောင်သည်လိုင်းတွေ လုံခြုံစိတ်ချရအောင် သတိပေးထားသော်ငြား ရဲဘော်များမှာ အိမ်တွင် မနေကြရ။ ကားများပေါ်မှာ stand by … ။ လေပြင်းတိုက်သည်နှင့် မြို့ထဲမှာ လှည့်ပတ်ကြရသည်။ သစ်ပင်ကျိုးသလား။ အမိုးတွေလွင့်သလား။ အစိုးရ ရုံးတွေရော တဲငယ်များသာရှိသည့် မြို့စွန်ရပ်ကွက်များမှာပါ အရေးပေါ် အကူအညီပေးဖို့ ထွက်ကြရသည်။

တခါ မီးတွေလောင်ပြန်တော့လည်း မီးသတ်ကားတွေပေါ်တက်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အိမ်တွေထဲ ၀င်ဆွဲ ထုတ်ကြ၊ ပတ်လည်မှာလည်း တောကြောင်တွေ မထနိုင်အောင် ၀န်းရံကြသည်ကို မှတ်မိပါသည်။ ဒါက လွန်ခဲ့သော နှစ် ၂၀ ကျော် မဆလ ပျက်သုဉ်းခါနီးကပါ။

မနေ့တနေ့ကတော့ ကျနော်တို့အားလုံး ဘ၀မှာ မကြုံစဖူး မုန်တိုင်းဆိုသည်ကို တွေ့ကြရပါသည်။ ကျနော်သည် တိုက်ခန်း အလယ်ထပ်တစ်ခုမှာနေသူမို့ အန္တရာယ်နှင့်ဝေးသော်လည်း မအိပ်နိုင်ခဲ့။ ကလေးတွေကို အိပ်ခိုင်းပြီး လင်မယားနှစ်ယောက် တညလုံးစောင့်ကြည့်ကြသည်။ မြင်ဖူးချင်တာလည်း ပါသည်။ တခုခုဖြစ်ရင် ဘာလုပ်နိုင်မလဲ စဉ်းစားတာလည်းပါသည်။ မသိသော ထိုတခုခု ကို အိပ်ပြီး မကျော်ဖြတ်ချင်တာလည်းပါပါသည်။

မကြုံဘူးအောင် ပြင်းထန်သော လေကြမ်းအတွင်း သွပ်မိုးတွေ စက္ကူလေးတွေလို လွင့်ပျံနေချိန်ဝယ် တချို့ တက္ကစီတွေ၊ ကားလေးတွေ သတိကြီးစွာဖြင့် မောင်းနေကြသည်ကို မပြတ်တွေ့ရသည်။ တော်တော်မနေနိုင်တဲ့သူတွေပဲ၊ မိုက်မဲတဲ့သူ တွေပဲဟု မြင်မိသည်။ သို့သော် မြို့တဘက်ပိုင်းမှာ ရှိသော မိခင်နှင့် မိသားစုကို သတိရမိသောအခါ သူတို့လည်း စိုးရိမ်စရာ လူတွေ အမျိုးတွေရှိရာ ပြေးကြရှာတာနေမှာပဲဟု စဉ်းစားမိပါသည်။

ဒီအချိန်မှာ ကျနော်ရှာမိသည်။ မတွေ့ပါ။ လုံးဝမတွေ့ပါ။ တခြားတော့မဟုတ်ပါ။ ညနေမိုးချုပ်စအချိန်အထိ တွေ့ခဲ့ရသော တရုတ်ပြည်လုပ် စစ်ကားကြီးများ၊ ဒိုင်းများ၊ တုတ်များနှင့် လက်နက်အစုံပါ စစ်တပ်များ လုံထိန်းများကိုပါ။ သစ်ပင်တွေ ပြိုလဲ၍ မြို့ပျက်ကြီးဖြစ်နေသော ရန်ကုန်ကိုမြင်ကြရသည့် နောက်တနေ့တွင်လည်း သူတို့ကို ပြန်မတွေ့ရပါ။

တွေ့ရသည်က စက်တင်ဘာအကုန်ကတည်းက လမ်းတွေပေါ်မှာပျောက်သွားခဲ့သည့် သံဃာတွေကို အစုလိုက်တွေ့ရသည်။ သစ်ပင်တွေကို စက်လွှများဖြင့် ဖြတ်သူကဖြတ်၊ သစ်ကိုင်းတွေ သယ်ပြီးလမ်းရှင်းသူကရှင်း။ ဒီထဲမှာ ဆံပင်နီကြောင်ကြောင် နှင့် Hip Hop ပုံစံကောင်လေးတွေလည်းဝိုင်းလို့ ၀န်းလို့ ပါသည်။

ငယ်ငယ်တုန်းက ကျနော့်အတွေ့အကြုံကိုသတိရမိသည်။ ဘယ်လိုများဖြစ်တာပါလဲ။ အထက်က အမိန့် မရလို့ ဖြစ်မယ်ဟု ပြောသူကပြောသည်။ နောက်တော့ မိတ်ဆွေတယောက်က အနီးစပ်ဆုံးဖြစ်မည့် ဝေဖန်ချက်တခုကိုပေးသည်။

“ဘုန်းကြီးတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့လို့ ဒီလို မုန်တိုင်းမျိုးတိုက်တာလို့ တို့တွေက ထင်ကြ ပြောကြတာ သာမာန်အနေနဲ့ပဲ။ ကိုယ်တိုင်လုပ်ခဲ့တဲ့ သူတွေကတော့ တကယ်ကို ယုံကြည်ကြတယ်။ မိုးသက်မုန်တိုင်းတွေတိုက် တပ်ဝန်းထဲမှာ သစ်ပင်တွေ ကျိုးကျ၊ သွပ်မိုးတွေပွင့်ထွက်တဲ့ အခါ သူတို့မှာ စိတ်လုံခြုံရာမရဘူး။ ဘုရားပဲ တနေခဲ့ကြရတာ အရာရှိကြီးကနေ တပ်သား တွေထိ အားလုံးပဲ။ ဘယ်မှာ သူများကို စောင့်ရှောက်ဖို့ တို့နောက်တနေ့ ထွက်ပြီး လမ်းရှင်းဖို့တို့ စိတ်ကူးနိုင်လိမ့်မလဲ” တဲ့။ ဖြစ်နိုင်ပါသည်။ နောက်တော့ ငလျင်လှုပ်လိမ့်မည်ဟု ကောလာဟလ တွေထွက်လာသည်။ ရယ်စရာလိုလို လူတွေက လျှောက်ပြော နေသော်လည်း အယုံကြည်ဆုံးမှာ ခေါင်းဆောင်ကြီးမိသားစုမှ သည် တပ်သားများအထိပါ။ ဒီတော့ ထုံးစံ အတိုင်း ငလျင်စကားပြောတဲ့သူ ဖမ်းမည်ဟု အမိန့်ထွက်လာပြန်သည်။

မုန်တိုင်းအပြီး ညနေလောက်မှစ၍ မြစ်ဝကျွန်းပေါ်က သတင်းဆိုးတွေကြားလာရသည်။ မနေ့ညကတည်းက ပျောက်သွား ခဲ့သည့် တပ်တွေ ရဲတွေ ဘယ်မှာမှ မတွေ့ရသေး။ ရေဒီယိုတွေ တီဗွီတွေလည်း မရှိ။ ပြည်သူအများမှာ လေလှိုင်းထဲက လူသတ်သမားဆိုသူ ဘီဘီစီ၊ ဗွီအိုအေတွေကိုပဲ အားထားကြရသည်။ သတင်းဆိုးတွေကြားတော့ ကိုယ့်ထက်ဆိုးပါလားဟု စိတ်မကောင်း ဖြစ်ကြရသည်။ ကူညီကြဖို့ စတင်စဉ်းစားကြရသည်။

ဆီတွေ ဂက်စ်တွေဖြတ်လိုက်သဖြင့် လူထုသယ်ယူပို့ဆောင်ရေး မရှိတော့သည့် လမ်းပေါ်မှာလမ်းလျှောက်သွားကြရင်း ၈၈ ကျောင်းသားတို့၏ လမ်းလျှောက်ပွဲတွေကို သတိရကြသည်။ သံဃာတွေကို ကူညီရင်း ကိုယ့်လမ်းကိုယ်ရှင်းကြ၊ ရေတွေ မီးတွေကို ကိုယ်တိုင်ရှာကြဖွေကြနှင့် ချမ်းသာသူတို့က အစွန်အဖျားကို သွားကြည့်ရင်း ထမင်းထုပ်ဝေဖို့ လုပ်ကြပြီ။

၂ ရက်ခန့်အကြာမှာ ပြန်တွေ့ရပါပြီ။ လမ်းဆုံလမ်းခွမှာ စစ်သားတွေ၊ အပွင့်တွေ အခက်တွေနဲ့ ခပ်ငယ်ငယ် ဗိုလ်လေးတွေ၊ ဗိုလ်ကြီးတွေ ပင်ပန်းနွမ်းနယ်နေသည့် ပုံသဏ္ဍန်နှင့် စည်ပင် စက်ယန္တယားကြီး ဘေးကနေ မ မ၊ ချ ချ အမိန့်ပေးနေသည်။ လုပ်နေကျအလုပ်ကို ဘေးက အမိန့်ပေးခံရသည့် ယာဉ်မောင်းသူမှာ လက်မောင်းခန့် သစ်ကိုင်းကို ကရိန်းဖြင့် မလို မရနှင့် အံ့သြဖွယ်မြင်ကွင်းတွေ၊ သတင်းစာ စဖတ်ရတော့ ထူးဆန်းထွေလာတွေ မြင်ကြရပြန်ပါသည်။

ဘယ်နေရာမှာ ရှားရှားပါးပါး ရိုက်လာမှန်းမသိသည့် ဓာတ်ပုံတွေပါ။ သူတို့တွေ လမ်းရှင်းပေးနေကြပြီ။ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဌကြီးတို့ အစည်းအဝေးထိုင်ပြီတဲ့။ လှည့်ကြည့် နေပြီတဲ့။ အားရဖွယ်သတင်း တွေ။ ဒီအချိန် မြစ်ဝကျွန်းပေါ် ရေစပ်စပ်မှာ မသေဘဲ မျော့မျော့ ကျန်ရစ်သူ လူ တသောင်းလောက် ကယ်သူမရှိ၍ ထပ်မံ သေဆုံးကုန်ကြလောက်ပါပြီ။

မုန်တိုင်းမကျမီ ညဦးက ဒီမိုကရက်တစ်မြန်မာ့အသံက ကန့်ကွက်မဲပေးစို့ သီချင်းတွေကိုဆို၊ သင်္ကြန်သီချင်း အလိုက်မို့ သမီးငယ် ပျော်ရွှင်စွာ ကသည်ကို ကြည့်ရင်း အားတက်နေခဲ့သည့် ကျနော် အပါအ၀င် မြန်မာတွေအားလုံး ဆန္ဒမဲပေးဖို့ ရက်ကို မေ့နေကြပါပြီ။ စိတ်လည်းမ၀င်စားကြတော့ပါ။ ခုလိုအချိန် သဘာဝဘေးအန္တရာယ်ကျခဲ့သည်မှာ စီးပွားရေး နိုင်ငံရေး မလုပ်တတ်သဖြင့် ညံ့ဖျင်းလှသည်ဟု အပြောခံခဲ့ရသည့် တပ်မတော်အတွက် ကြီးစွာသော အခွင့်အရေးပင် ဖြစ်သည်။

နေရာအနှံ့သွားနိုင်သော စစ်သားတို့ အတွေ့အကြုံ အလေ့အကျင့်၊ အလုပ်ကြမ်းကို တသက်လုံးကျင့်သားရနေသည့် သူတို့၏ အားမာန်သည် ကယ်ဆယ်ရေး၊ ရှင်းလင်း တည့်မတ်ရေးတို့တွင် တခြားသူတွေထက် အပုံကြီးသာသည်။ အစိုးရငွေ တပြား တချပ် သုံးရန်မလို၊ ပြည်ပနှင့် စေတနာရှင်တို့၏ အလှူကို လက်ရောက်အောင်ပို့ပေးရင်း ဒုက္ခသည်တွေရှိရာ အစွန်အဖျားကို သွားစောင့်ရှောက်ပေးရုံမျှနှင့် ကြက်ခြေခတ်ရန် တာစူနေသည့်သူများ သူတို့ဘက် ပါသွားမည်သာဖြစ်သည်။

စစ်သားဆိုသည်မှာ ဗိုလ်ချုပ်ကြီးများကဲ့သို့ ၀လင်နေသူများ မဟုတ်သဖြင့် အလှူ့လက်ဖက်ကို ကိုယ်လည်းစား၊ ခိုးထုတ် ပြီးလည်း ရောင်းရုံနှင့်တော့ အထူး နာမည်ပျက်မည်မဟုတ်ပါ။ ရောက်သင့်သည့် နေရာကို ၈၀ ဖိုးရောက်ခဲ့ပါက ၂၀ ဖိုး ခိုးယူခြင်းအတွက် ပြောမည့်သူ မများလှပါ။ ခုတော့ဖြင့် သူတို့၏ ခြေလှမ်းတွေမှာ ထူးခြားလွန်းလှပါသည်။ အရာရှိတိုင်းကို ထိုင်းဆန် ၁၂ ပြည်စီ ထုတ်ပေးခြင်း၊ ဒုက္ခသည်များကို ဆန်ကွဲဝေခြင်းတို့သည် သူတို့ ရေးဆွဲသည့် အခြေခံဥပဒေပါ “စစ်အုပ်ချုပ်ရေးကာလအတွင်း တာဝန်အရဆောင်ရွက်ခြင်း” အဖြစ် နောင်အခါ အရေးယူ တရားစွဲခံရမှုမှ လွတ်ကင်းသည့် သဘောရိုးဖြင့် ဆောင်ရွက်ချက်မျိုး မဟုတ်ပါ။

သန်းပေါင်းများစွာ အကူအညီကို တက်တက်ကြွကြွ လက်ခံကာ မိမိ တပ်ဖွဲ့ များအတွက် မသိမသာ အမြတ်ထုတ်လျင် နိုင်ငံရေး စီးပွားရေး အမြတ်များစွာရနိုင်ပါလျှက် မရှက်မကြောက် ခိုးဝှက်ကြသည်။ ပြည်သူပြည်သားတို့အပေါ် မစ္ဆရိယ ထားခဲ့ကြသည်။ ၂ ရက်ခန့် မစားဘဲနေနိုင်သည့် စွမ်းအားမြင့် ချောကလက်ကို ၂ တောင့် ၃ တောင့် ဆက်တိုက် ခိုးစားရင်း သူတို့သားသမီးတွေ ဆေးရုံပို့ကြရသည်ဆိုသော သတင်းမျိုးတွေ ကြားလာကြရသည်။

ဖြစ်ချင်တော့ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါ။ မြန်မာ့တပ်မတော်နှင့် လုံးဝ ကွဲပြားသော စွန့်စားမှု၊ စွန့်လွှတ်မှု၊ အားကိုးရမှုတို့ကို တရုတ်ပြည်သူ့တပ်မတော်နှင့် ကွန်မြူနစ်ပါတီ အစိုးရက ပြသခဲ့သည်။ မျက်ရည် ကျဖွယ် စွန့်လွှတ်ကူညီမှုများကြောင့် အစိုးရနှင့် ရန်စစ်ဖြစ်နေဆဲ တိဘက်တို့သည်ပင် ငြိမ်းချမ်းရေး အလံပြကြသည်။ တရုတ်အိုလံပစ်အပေါ် ဆန့်ကျင်မှုများ တခန်းရပ်ကြဖို့ ညွှန်ကြားရသည်အထိ သူတို့ အောင်မြင်ခဲ့ကြသည်။

တခြားတနေရာတွင်ဖြင့် ၀ိုင်းပြောနေသည့်ကြားက မဲပေးပွဲကို ဇွတ်ပင်လုပ်ခဲ့ပါသည်။ စိတ်မပါခြင်းကြောင့် လည်းကောင်း၊ ကန့်ကွက်မိလျင် အငြိုးခံရမည်ကို ထိတ်လန့်ခြင်းကြောင့်လည်းကောင်း မန္တလေးလို မြို့တွင်ပင် တစ်ဝက်မျှ မဲလာမပေး ကြပါ။ အလွန်ကောင်းပါသည်။ မလာသူအားလုံးကို မဲစာရင်းအတိုင်း ထောက်ခံမဲ ထည့်ပေးလိုက်ခြင်းဖြင့် မဲကိုဇွတ်လိမ်ရန် သိပ်မလိုတော့ပါ။

ဒီအချိန်မှာ မြန်မာခေါင်းဆောင်ကြီး လမ်းပေါ်ထွက်လာပါသည်။ ၁၀ ရက်ကျော်အကြာ အသေအပျောက် စာရင်း ၃၅၀ မှ ၇၀၀၀၀ သို့ တိုးပြလိုက်ချိန်နှင့် အချိန်ကိုက်ပါသည်။ အမေရိကန်နှင့် မဟာမိတ် သင်္ဘောတွေကို ခံတိုက်ဖို့ မြစ်ဝကျွန်းပေါ်ကို လှည့်ကြည့်သည်။ တပ်တွေကို ဘယ်သူတက်လာလာ ပစ်ဖို့အမိန့်ပေးပြီး ရဟတ်ယာဉ်ပေါ်မှ ပြင်သစ်သင်္ဘောကို မြင်သည့် အခါ တုန်လှုပ်သွားပါတော့သည်။ အာဆီယံကို အပြေးဦးတိုက်သည်။ မနေ့တနေ့က မျက်နှာပျက်ခံ ငြင်းဆိုထားသည့် ထိုင်းကို အချိုသတ်သည်။ ပြည်သူ့ဆက်ဆံရေးမှလာ၍ လွန်စွာ ပိုင်နိုင်ကျွမ်းကျင်သော သူ၏ဗျူဟာအတိုင်း ခေါင်းညိတ်ပြီးမှ တဖြည်းဖြည်း ခေါင်းခါပြသည့် လမ်းစဉ်ကို စတင်ကျင့်သုံးတော့သည်။

နောက်တော့ အရေးပေါ်အခြေအနေ ကြေညာထားသည့် နယ်မြေတွင်ပင် ဆန္ဒမဲပေးစေခဲ့သည်။ ဆင်ဟွာကဲ့သို့ သတင်းဌာန မျိုးကပင် အံ့သြဖွယ်အဖြစ် ဖေါ်ပြခဲ့ကြရသည်။ မည်သည့် အခြေခံဥပဒေတွင်မဆို အဆိုပါဒေသမျိုးတွင် လွတ်လပ်သောမဲ မရနိုင်ကြောင်း ပါရှိကြသည် ဆိုသော်ငြားလည်း (ယခုဖွဲစည်းပုံသစ်တွင် ပါ၊ မပါ ကျနော် သေချာမသိပါ) ချုပ်နှောင်ထားတာ ၅ နှစ်ပြည့်၍ ပြန်လွှတ်ရတော့မည့် ဒေါ်အောင်ဆန်းစုကြည် ထွက်မလာမီ အပြီးသတ် ကြေညာလိုက်တော့သည်။

သို့သော်လည်း သူတို့၏ ဥပဒေနှင့် မဲစာရင်းတို့ကို စိတ်ဝင်စားမှုနည်းနေကြောင်း၊ မခိုင်မာသေးကြောင်း သတိပြုမိသည့်အခါ ဥပဒေကို မကြည့်တော့ဘဲ ချုပ်နှောင်သက်တမ်းကို မျက်စိမှိတ်တိုးလိုက်ပါသည်။
ဤမျှဖြစ်နေစဉ်မှာပင် ဗိုလ်ချုပ်မှူးကြီး၏ စဉ်းစားနည်းမှာ အံ့သြဖွယ်။ လူတိုင်းက ပြန်လည်ထူထောင်ရေးတွင် လယ်တွေ ပြန်ကောင်းဖို့၊ မုန်တိုင်းဒီရေအတွက် ဘင်္ဂလားပြည်မှာကဲ့သို့ တက်ပြေးစရာ အဆောက်အဦမြင့်များ ဆောက်ဖို့၊ infrastructure နှင့် mitigation အတွက် အမျိုးမျိုးစဉ်းစားနေချိန်မှာ နောက်နောင် အမေရိကန်လာလျင် သူပိုင်နိုင်သည့် ကြည်းတပ်ဖြင့် ခုခံနိုင်စေရန်အတွက် လမ်းမ အမြင့်ကြီးများ ဆောက်ဖို့ ဘီလျံဒေါ်လာ အကူအညီများ တောင်းခံရှာသည်။ ကယ်ဆယ်ရေးမှလွဲ၍ မျက်မှောက်ခေတ် အမေရိကန်သည် အလုံးအရင်းဖြင့် ကမ်းမတက်တော့ကြောင်း သူမသိ။ စစ်တိုက် လိုလျင် မိမိလိုသော ပစ်မှတ် ကို ဗုံးမိုးချပြီး အတန်ကြာမှ အီရတ်သို့ ၀င်ခဲ့သည်ကိုလည်း သတိမထားမိ။ ယိုင်နဲ့လာသော စည်းစိမ်အာဏာ လုပ်ချင်ရာအတွက် ဟန်မဆောင်နိုင်တော့ပါ။ ဇာတ်ဆန်ဆန်ပြောရလျင် သူသည် ရာဇအိနြေ္ဒ ပျက်ယွင်း နေပေပြီ။ ။

ုThe Errawaddy မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...