28-04-2008
၂၆.၀၄.၂၀၀၈ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပပြုလုပ်တဲ့ န အ ဖ ၏
တစ်ဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့်ပွဲမှာ
သီရိလင်္ကာမှကြွရောက်လာသည့်ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းရင်းသား
ညီအကိုမောင်နှမအဖွဲ့အစည်းများကိုဦးစွာပဌမ မင်္ဂလာပါဟုနုတ်ခွန်းဆက်သပါတယ်၊
ဦးပဇင်းအနေနဲ့ပြောချင်တာကတော့ ဦးပဇင်းတို့နိုင်ငံဟာ တစ်ချိန်ကဆိုရင် မြန်မာလူမျိုးရယ်လို့
ကမ္ဘာအလယ်မှာတင့်တယ်စွာရပ်တည်နိုင်ခဲ့ပြီး ကိုယ့်အမျိုးကိုယ့်ဘာသာ ကိုယ့်သာသနာကိုထိမ်း
သိမ်းစောင့်ရှောက်တဲ့သူတွေအဖြစ်အားလုံးကလေးစားအသိအမှတ်ပြုခြင်းကို
ခံခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လွန်ခဲ့တဲ့ ၄၅ နှစ်ကစလို့အခုအချိန်အထိ ဦပဇင်းတို့ရဲ့
မြန်မာတိုင်းရင်းသားညီအကိုမောင်နှမတွေဟာ ကမ္ဘာ့အလယ်မှာခေါင်းမဖေါ်ရဲတော့တဲ့သူတွေဖြစ်နေပါပြီ၊
ဒါတွေဟာဘယ်သူတွေကြောင့်လဲ ဒီဆိုးကျိုးတွေရဲ့အဓိကတရားခံအစစ်အမှန်ဟာဘယ်သူတွေလဲ
ဆိုတာကိုသိဖို့လိုပါတယ်၊ ၁၉၆၂-ခုနှစ် ဦးနေ၀င်းရဲ့တစ်ပါတီစနစ်စတင်အုပ်ချုပ်တဲ့အချိန်ကစလို့
မြန်မာပြည်ကြီးရဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ပညာရေးအခြေအနေတွေဟာ
တစ်စတစ်စပျက်စီးယိုယွင်းလို့လာပါတယ်၊ထို့အပြင် အလွန်မတန်မှကိုတန်ဘိုးရှိလှတဲ့လူ
သားအခွင့်အရေးတွေ၊စီးပွားရေးတွေတိုင်းပြည်မှာဆုံးရှုံးနစ်နာခဲ့ရပါတယ်၊ ၁၉၈၈-ခုနှစ်
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားညီ
အကိုတွေရဲ့စုပေါင်းတွန်းလှန်မှုကြောင့်တစ်ပါတီအာဏာရှင်စနစ်ဆိုးကြီးဟာ ပြိုလဲပျက်စီးခဲ့ရပါတယ်။
ထောင်းပေါင်းများစွာသောရဟန်းရှင်လူပြည်သူတွေရဲ့အသက်တွေဒီမိုကရေစီ
အတွက်စတေးခဲခဲ့ကြရပါတယ်၊၁၉၈၈-ခုနှစ်မှာ မ ဆ လ ထက်အဆပေါင်းများစွာဆိုးသွမ်းယုတ်မာတဲ့
န ၀ တ ဆိုတဲ့ စစ်အာဏာရှင်လူတစ်စုဟာ တိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်ခဲ့ပြီး၊
တစ်တိုင်းပြည်လုံးကိုလက်ဝါးကြီးအုပ်ကာထင်တိုင်းကြဲလုပ်ဆောင်ခဲ့ကြပါတယ်၊
ရာထူးအာဏာစည်းစိမ်တွေအပေါ်မှာသာယစ်မူးနေကြတဲ့စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်မှာပျက်စီးယိုယွင်းနေတဲ့
နိုင်ငံရေး စီးပွားရေး ပညာရေး ပြည်သူ့ကျန်းမာရေးစတဲ့အခြေအနေတွေကို မသိချင်ယောင်ဆောင်နေခဲ့ကြပါတယ်။
အဲဒီလိုအဖက်ဖက်ကချွတ်ခြုံကျနေတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေး
စတဲ့ပြဿနာတွေကိုပြေလည်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၀၇စက်တင်ဘာမှာသံဃာတော်အရှင်သူ
မြတ်တွေဟာလမ်းမတွေပေါ်ထွက်ကာမေတ္တာပို့ဆုတောင်းဆန္ဒပြုခဲ့ကြပါတယ်၊ပြည်သူဆန္ဒ
ပြည့်ဝစေဘို့မေတ္တာပို့လမ်းလျှောက်ဆန္ဒပြုတာကိုမတွေလိုမမြင်လိုတဲ့ န အ ဖ
မိစ္ဆာဒိဌိတွေဟာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက်ခြေမှုန်းသုပ်သင်ခဲ့ကြပါတယ်၊
အဲဒီလို ကိုယ့်အမျိုးဘာသာ သာသနာအပေါ်မှာကမ်းကုန်အောင်ရက်စက်တဲ့
န အ ဖ စစ်အုပ်စုကိုကိုကမ္ဘာမှာအဆိုးဝါးဆုံးအကြမ်းတမ်းဆုံးအရက်စက်ဆုံးအဖြစ်ကမ္ဘာကြီးတစ်ခုလုံး
ကမယုံကြည်နိုင်လောက်အောင်ပင် အသိအမှတ်ပြုခဲ့ကြပါတယ်၊ န အ ဖ စစ်အုပ်စုဟာ အဲဒီလိုရက်ရက်စက်
ပစ်သတ်လို့မှအားမရသေးဘဲ သံဃာတော်တွေ ကျောင်းသားခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်
နှင့်နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခြင်းညှင်းဆဲသတ်ဖြတ်ခြင်းနှစ်ရှည်ထောင်ဒဏ်ချခြင်းများကို
နေ့စဉ်ရက်ဆက်ကျူးလွန်လျှက်ရှိပါတယ်၊အဲဒီလိုရက်စက်တဲ့ န အ ဖ စစ်အာဏာရှင်လူတစ်စုရဲ့လုပ်ရပ်တွေကို
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲလို့သတ်မှတ်နေကြအုံးမယ်ဆိုလျှင် ဒီလိုလူမျိုးလောက်ကောင်းတဲ့လူမျိုး
ကမ္ဘာမှာမရှိတော့ဘူးလို့ ဦးဇင်းတို့သာသနာ့ဥသျှောင်အဖွဲ့ဥက္ကဌပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်၊
စစ်အုပ်စုဟာ ၁၉၆၂-ခုအာဏာသိမ်းပြီးနောက်မကြာမီ ၁၉၆၅ခုနှစ်မှစကာ မြန်မာနိုင်ငံရဲ့
ဗုဒ္ဓသာသနာအမာခံသံဃာတော်များကို စစ်အာဏာအောက်၌ထိမ်းချုပ်ရန်စတင်ကြိုးပမ်းခဲ့ပါတယ်၊
၁၉၈၀မှာသံဂါယနာအတုကျင်းပပြီးသာသနာ့တံခွန်ကိုမည်သို့ပင်ဦးနှိမ်ပစ်ခဲ့ပေမဲ့ သံဃာတော်တို့ဟာဘုရား
သားတော်များဖြစ်ကြသည့်အတိုင်း၂၀၀၇ စက်တင်ဘာလမှာ တစ်ကမ္ဘာလုံးကြက်သီးမွေးညင်းထဖွယ်မျက်ဝါးထင်မြင်
တွေ့သွားခဲ့ကြပါတယ်၊ဒီလိုနဲ့မြန်မာနိုင်ငံမှ သံဃာတော်များရဲ့လုပ်ရှားမှုအားလုံး စစ်အာဏာရှင်တို့
လက်အောင်လုံးလုံးလျှားလျှားကျရောက်အောင် ဘုန်းကြီးကျောင်းများကိုအရေအတွက်လျှော့ချ
ချိတ်ပိတ်ဖျက်သိမ်းကာ ရပ်ကွက် မြို့နယ်လူဦးရေအလိုက်သံဃာအရေအတွက်ကန့်သတ် စာသင်တိုက်များကိုပိတ်ပစ်ပြီး
အဝေးသင်ပရိယတ္တိပညာရေးကျင့်သုံးသံဃာများရဲ့သွားလာမှုကို အဆင့်ဆင့်သတင်းပို့ခွင့်ပြုချက်ယူ၊
စေတီပုထိုးနှင့် ကျောင်းကန်များကိုဝင်ထွက်သွားလာမှုအားလုံးကို မှတ်ပုံတင်ပြ
ခွင့်ပြုချက်ကြိုတင်လျှောက်ထားစေပြီး ဗုဒ္ဓသာသနာကို စစ်ဖိနပ်အောက်သွပ်သွင်းခဲ့ကြပါတယ်။
ယခုအခါ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ပြည်ပသာသနာပြုလုပ်ငန်းမှာများစွာအောင်မြင်လျှက်ရှိပါတယ်၊
မြန်မာ၊ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဗောဒီးယား၊ လော၊ ဘုန်းတော်ကြီးများဟာ ကမ္ဘာအရပ်ရပ်မှာ ဗုဒ္ဓသာသနာပြန့်ပွားအောင်
စွမ်းဆောင်နိုင်နေကြပါတယ်၊အာဖရိကတိုက်မှာတောင် ထေရ၀ါဒဗုဒ္ဓသာသနာစတင်အခြေချနေပါပြီ၊ဒါပေမဲ့
အခုလိုပြည်ပမှာမြတ်နေပေမဲ့ပြည်တွင်း သာသနာမှာ အကြီးအကျယ်ဖျက်ဆီးခံနေရတဲ့အတွက် အရင်ရှုံးနေတယ်လို့
ပီနန်ဆရာတော်ကြီးက သုံသပ်ပြထားပါတယ်။
အမှန်တော့ န အ ဖ စစ်အာဏာရှင် လူတစ်စုထင်တိုင်းကြဲလို့ရနေခြင်းဟာ တိုင်းရင်းသားမြန်မာလူမျိုးတွေ
ခေါင်းငုံ့ခံနေကြလို့ပါဘဲ၊အထူးတိုက်တွန်းလိုတာကတော့ မဟုတ်ရင်မခံကြပါနဲ့ အမှန်ကိုအမှန်အတိုင်းရဲရဲဝံ့ဝံ့ဖေါ်
ထုတ်ကြပါ၊ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ ကိုယ့်သာသနာ မပျောက်ပျက်ရေးအတွက်
အသက်နဲ့လဲပြီးကာကွယ်စောက်ရှောက်ကြပါ၊ညီညီညွတ်ညွတ်အတူတကွ
လက်တွဲပူးပေါင်းဆောင်ရွက်ကြပါ။ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့စိတ်ဓာတ်တွေမွေးပြီး ဦးဇင်းတို့လိုချင်တဲ့
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်လုပ်ကိုင်ကြဖို့အထူးတိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ဦးဇင်းပြောလိုတာကတော့ သုခါသံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါသုခေါ၊
သံဃဿ-သံဃာ့အဖွဲ့အစည်း၏ သာမဂ္ဂီ-ညီညွတ်ခြင်းသည်၊သုခါ-ချမ်းသာ၏၊သမဂ္ဂါနံ-ညီညွတ်ကြကုန်
သောသူတို့၏၊ တပေါ-တိုင်တိုင်ပင်ကျင့်ကြံကြိုးကုတ်အားထုတ်ကြခြင်းသည်၊သုခေါ-ချမ်းသာ၏၊ညီညွတ်လျှင်ချမ်း
သာ၏၊ညီညွတ်တဲ့သူတွေလုပ်တဲ့အလုပ်ကပို၍ချမ်းသာ၏၊ ဒါကိုအင်္ဂလိပ်လို Happy is the harmony
amonagst the sangha or association, Happy is the practice of those in harmony.လို့ခေါ်ပါတယ်၊
ဒါကြောင့်မို့လို့အဖွဲ့အစည်းလုပ်တဲ့ပုဂ္ဂိုလ်အားလုံးဟာ ညီညွတ်ဖို့လိုတယ်။ ညီညွတ်အောင်ကြိုးစားပြီး
န အ ဖ စစ်အာဏာရှင်လူတစ်စု မြန်မာနိုင်ငံမှာ အပီးသတ်ချုပ်ငြိမ်းသွားသည်အထိ
ဆန့်ကျင်ကန့်ကွက်ကြပါစို့လို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ဒကာတို့ ကန့်ကွက်မဲကိုရဲရဲပြ စစ်ကျွှန်ဘ၀ ရုန်းထွက်ကြ။
Monday, April 28, 2008
ခေါင်းငုံမခံကြပါနဲ့စစ်ကျွန်ဘ၀ရုန်းထွက်ကြစို့ဒကာတို့
Labels: article
Posted by Ashin dhamma at 7:36 AM 0 comments
Saturday, April 12, 2008
အရင် ဒိုင်, အခု ထိုးသား(၀င်းပေါ်မောင်)
12-04-2008
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အနှစ်သာရအားဖြင့် စစ်အစိုးရ ဖြုတ်ချရေး ပြည်လုံးကျွတ် ဆန္ဒပေးပွဲ အဖြစ်သို့ တရွေ့ရွေ့ အသွင်ပြောင်းလာနေပြီ ဖြစ်သည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကိုကြည့်လျှင် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင်လုပ်ဆောင်သည့် ကိစ္စရပ်တိုင်း၌ ပြင်ပအသွင်သဏ္ဌာန်နှင့် အတွင်းအနှစ်သာရတို့ အမြဲတစေ ကွဲပြားနေလေ့ ရှိသည်ကို တွေ့နိုင်ပါသည်။ အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည့် ၁၉၅၈, ၁၉၆၂, ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများ၊ ၁၉၆၀, ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲများနှင့် ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတို့တွင် အသွင် နှင့် အနှစ် ကွဲပြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။
စစ်တပ်က အာဏာသိမ်းမှုတိုင်းတွင် `ယိုယွင်းနေသော တိုင်းပြည်အခြေအနေအရ မလွှဲမရှောင်သာ အာဏာယူရခြင်း´ ဖြစ်ကြောင်း မွဲပြာပုဆိုး အကြောင်းပြချက်ကို ထပ်တလဲလဲ ပေးခဲ့မြဲ ဖြစ်သည်။ အမှန်မှာ `အာဏာ´ကို လိုချင်၍ `သိမ်း´ခြင်းသာ ဖြစ်ပါသည်။
စစ်တပ်က လုပ်ပေးသော ပါတီစုံ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ကြီးကြပ်ပေးသည်ဟု အသံကောင်းဟစ်သော်လည်း၊ လက်တွေ့တွင် စစ်တပ်က ၄င်းတို့ လိုလားသည့်ဘက်မှ ပင်းခဲ့မြဲ ဖြစ်သည်။
တပါတီစနစ်ကျင့်သုံးမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ဟန်ရေးပြသည့် `လုပ်ပွဲ´တခုသာ ဖြစ်ပါသည်။
သို့ရာတွင် စစ်တပ်က ဘယ်လိုပင် အကြောင်းပြပြ၊ ဘယ်လောက်ပင် အသံကောင်းဟစ်ဟစ် မြန်မာလူထုက အသွင်နှင့် အနှစ်ကို ကောင်းစွာ ခွဲခြား နားလည်ပြီးသား ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်သည်။ စကားလုံး အကြီးအကျယ် အလှအပများနှင့် ဘယ်လိုပင် တန်ဆာဆင် ပြောနေစေကာမူ အတွင်းအနှစ်သာရကို ဇတ်ခနဲ ဆွဲထုတ် ကောက်ယူပြီး ဖြစ်သည်။
မေလတွင် ကျင်းပမည်ဟု ကြေညာထားသည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ အနှစ်သာရကိုလည်း မြန်မာလူထုက အတော်စောစောကပင် ကောက်ယူပြီး ဖြစ်သည်။ စစ်တပ် လုပ်ဆောင်ချက်အပေါ် မြန်မာလူထု၏ ဘာသာပြန်ချက်က နိုင်ငံရေး ဆန်ချင်မှ ဆန်မည်။ သို့သော် ရှင်းလင်းသည်။ စကားလုံး လှချင်မှ လှမည်။ သို့သော် တိကျသည်။
ဆန္ဒခံယူပွဲကို လူထု အဓိပ္ပာယ်ဖွင့်ပုံက “ဒါ သူတို့ ဆင်းမပေးဖို့ လုပ်တာ” ဟူ၍ ဖြစ်ပါသည်။
၁၉၉၀ ဒိုင်
ဗိုလ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလတွင် `တတိယအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ´ ကို ၄၇ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒိုင်ဖြစ်သည့် အိမ်စောင့်အစိုးရ (စစ်တပ်) က တည်မြဲဖဆပလ ဘက်မှ ပင်းခဲ့သည်။ ယင်းသို့ ပင်းခဲ့ကြောင်း သက်သေထူသည့်အချက်မှာ ရွေးကောက်ပွဲအတွင်း မသမာမှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မှူးကြီး ၁၃ ယောက်ကို ဗိုလ်နေ၀င်းက ဖြုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
၁၉၉၀ တွင် ဗိုလ်စောမောင် ဦးဆောင်သည့် န၀တ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေ တခုမျှ မရှိသည့် အခြေအနေတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို ၁၉၄၇ ကကဲ့သို့ `တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ´ ဟုလည်း အတိအလင်း မဆိုထား။ အာဏာလွှဲပြောင်းရေးကိုလည်း တိတိကျကျ မပြဋ္ဌာန်းထား။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။” ဟူ၍ ပြဋ္ဌာန်းထားသော်လည်း လွှတ်တော် ခေါ်ယူရေးအတွက် အချိန်ကာလ တိတိကျကျ မသတ်မှတ်ထား။
ထိုသို့ ပျော့ကွက်များ ရှိနေသော်ငြား န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီစုံ ရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့ပဲ ဖြစ်တယ်။ … အခြေခံ ဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့် ကိစ္စ” ဟူ၍ ရွေးကောက်ပွဲ မတိုင်မီကရော ရွေးကောက်ပွဲ အပြီးတွင်ပါ ကမ္ဘာသိ ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်တွင် စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးရေးကို တာဝန်ခံပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ရေးဆွဲရေးကို တာဝန်ယူရန် ထပ်မံ အတည်ပြုခဲ့သည်။
ထိုအချက်များအရ စစ်အစိုးရက မိမိကိုယ်ကိုယ် အိမ်စောင့်အစိုးရကဲ့သို့ သဘောထားကာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်သူလူထု အများစုကလည်း ဤသို့ပင် ရှုမြင်ခဲ့ကြပါသည်။ စစ်အစိုးရက ဒိုင် ဖြစ်သည်။
စစ်အစိုးရက ဒိုင်နေရာကို ယူခဲ့သော်လည်း ကစားပွဲကို အဆုံးသတ်အောင် မဆောင်ရွက်ပါ။ အကြောင်းမှာ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်က မိမိလိုလားသည့်အတိုင်း မဟုတ်တော့၍ ဖြစ်ပါသည်။ စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲတွင် ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချ တွက်ဆထားခဲ့ပုံ ရပါသည်။ ပါတီများအချင်းချင်း အားပြိုင်နေလျှင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စု ဖြစ်လာမည်ဟု ထင်မြင်ထားပုံ ရပါသည်။ သို့မဟုတ် စစ်တပ် ထောက်ခံသည့် ပါတီက အသာစီးရလာမည်ဟု ယူဆထားပုံ ရပါသည်။ ထိုယူဆချက်မှာ ဗိုလ်နေ၀င်း၏ အိမ်စောင့်အစိုးရခေတ် ယူဆချက်နှင့် ထပ်တူနီးပါး ဖြစ်ပါသည်။
ဗိုလ်နေ၀င်းခေတ် ရွေးကောက်ပွဲတွင် သိသိသာသာ ဘက်လိုက်ခဲ့သည့်တိုင် စစ်တပ်အားပေးသည့် ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဗိုလ်စောမောင်ခေတ် ရွေးကောက်ပွဲတွင်လည်း စစ်တပ် လိုလားသည့်ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့ပြန်သည်။
ဘက်လိုက်၍ မနိုင်သောအခါ ဗိုလ်နေ၀င်းသည် နောင်နှစ်နှစ်အကြာတွင် အာဏာသိမ်းခဲ့သည်။ လိုလားသည့်ဘက်က မနိုင်သောအခါ ဗိုလ်စောမောင်သည် လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်လိုက်တော့သည်။
ထိုရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်သူလူထုက စစ်တပ်လွှမ်းမိုးမှုကို မလိုလားကြောင်းနှင့် ဒီမိုကရေစီကိုသာ လိုလားကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူလူထု ဆန္ဒနှစ်ခုစလုံးကို စစ်တပ်က ဆန့်ကျင် ပစ်ပယ်ထားဆဲ ဖြစ်သည်။
စစ်အစိုးရသည် မြတ်မလားလို့ ဒိုင်ကိုင်ခဲ့သည်။ သူဘက်လိုက်ထားသည့် ထိုးသားနှင့် ဝေစားမျှစား လုပ်ရန် ပြင်ဆင်ထားသည်။ သို့သော် ရလဒ်က သူလိုချင်သည့်အတိုင်း မဟုတ်တော့သောအခါ ယခု သူကိုယ်တိုင် ထိုးသား အဖြစ် ၀င်ရောက်လာတော့သည်။
၂၀၀၈ ထိုးသား
၉၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲများအနက် မဲလိမ် မဲခိုးမှု အကင်းရှင်းဆုံး ဖြစ်ခဲ့သည်။ ပါတီချင်း အုပ်စုချင်း ဥပဒေမဲ့ တိုက်ခိုက်မှုများ ကင်းစင်ခဲ့သည်။ စစ်တပ်နှင့် အာဏာပိုင်များ၏ အလွန်အကျူး ဖိအားပေးမှုများ လျော့နည်းသွားသည်။ သို့သော် လုံးဝ လွတ်လပ်၍ တရားမျှတသည်ဟုတော့ မဆိုနိုင်ပါ။ တင်းကျပ်သော အကန့်အသတ်များကြားမှ စည်းရုံးလှုပ်ရှားခဲ့ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို အားလုံးက `လွတ်လပ်၍ တရားမျှတ´ သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး၊ ရလဒ်ကိုလည်း တရားဝင် အတည်ပြုခဲ့သည်။
ထိုအချိန်က စစ်တပ်ပိုင်ပါတီ မရှိပါ။ စစ်တပ်ပိုင်ပါတီ အဖြစ်မှ ဈာန်လျောလာသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသာ ရှိပါသည်။ အာဏာကို လက်လွှတ်ခဲ့ရသည့် မဆလ တဖြစ်လဲ တစညပါတီသည် ငွေအင်အား လူအင်အား အတောင့်တင်းဆုံး ဖြစ်သည်။ အင်အားကြီးပါတီ ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရမည်၊ သို့မဟုတ် အဓိက အတိုက်အခံ ဖြစ်လာမည်ဟု စစ်တပ်က တွက်ဆထားပုံရပါသည်။ ထိုသို့ ဖြစ်လာလျှင် တစညနှင့် စစ်တပ် လက်ချင်းချိတ်ထားနိုင်မည်။ စစ်တပ်အနေနှင့် ကိုယ်ပိုင်ပါတီ မရှိသော်လည်း မဟာမိတ်ပါတီ ရှိနေမည့် သဘောဖြစ်သည်။
သို့သော် သမိုင်းက ထိုသို့ မဖြစ်ခဲ့ပါ။ ဒိုင်ကိုင်သူ စစ်တပ်သဘောကို နောကျေအောင် သိနေသော လူထုက လွှတ်တော်အတွင်း ပါတီချင်းအားပြိုင်မှု မပေါ်ပေါက်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကို ပုံအော၍ မဲပေးခဲ့သည်။ တစညမှာ သူရသည့်မဲများကို စုပေါင်းလိုက်လျှင် အဖွဲ့ချုပ်နောက်မှ ဒုတိယလိုက်သည် မှန်သော်လည်း အမတ်နေရာ ၁၀ ခုသာရ၍ လွှတ်တော်တွင်း၌ အတိုက်အခံနေရာကိုပင် မရနိုင်တော့ပါ။
ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရသည် တစညနှင့် အိုးစားခွဲကာ၊ ထာဝရ အာဏာဆွဲကိုင်ရေး လမ်းစဉ်ကို သူ့နည်းသူ့ဟန်ဖြင့် စတင်ခဲ့တော့သည်။ ပါတီတခုခုနှင့် မဟာမိတ်လုပ်ကာ အာဏာခွဲစားမည့် လမ်းစဉ်မှ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနယ်တွင် လွှမ်းမိုးချုပ်ကိုင်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုသည့်အချက်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုလာသည်။ ဤအချက်ကို တောင်းဆိုနိုင်ရေးအတွက် `အမျိုးသားညီလာခံ´ကို ဇွတ်တရွတ် ဖန်တီးခဲ့သည်။ တချိန်တည်းမှာပင် တောင်းဆိုချက်ကို ထောက်ခံပေးမည့် `ကြံ့ဖွံ့´ကို စစ်တပ်ပိုင်အဖွဲ့အစည်း အဖြစ် မဟားဒရား တည်ဆောက်ခဲ့သည်။
နအဖသည် လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်၍ အမျိုးသားညီလာခံကို ကျင်းပနိုင်ရန် သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ ညီလာခံကို အတွင်းအပြင် ဖိအားပေးခြင်းနှင့် အချိန်ဆွဲဆန့်ခြင်း ဗျူဟာများဖြင့် ကိုင်တွယ်ခဲ့သည်။ စင်စစ် ၉၆ ခုနှစ်တွင် အဖွဲ့ချုပ် နုတ်ထွက်လိုက်ချိန်မှ စ၍ အမျိုးသားညီလာခံမှာ အသက်မရှိသော အဆာသွပ်ရုပ်လုံးသက်သက် ဖြစ်သွားပြီ ဖြစ်သည်။
ညီလာခံက လျှောမွေးလေး ဖြစ်သွားချိန်တွင် ကြံ့ဖွံ့က ဘီလူး ဖြစ်လာခဲ့သည်။ သို့နှင့် ၁၄ နှစ်အကြာတွင် စစ်အစိုးရ၏ တောင်းဆိုချက်သည် ညီလာခံ၏ အခြေခံမူအဖြစ် မွေးဖွားလာပြန်သည်။
ယခု အဆိုပါတောင်းဆိုချက်ကို လူထုဆန္ဒခံယူခြင်းသည် စစ်အစိုးရကိုယ်တိုင် `ထိုးသား´ ဖြစ်လာခြင်းပင် ဖြစ်သည်။ စစ်အစိုးရ ဒိုင်ကိုင်စဉ်က ပါတီများကို လွှတ်တော်သက်တမ်း `တကြိမ်စာ´ အတွက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။ စစ်အစိုးရကိုယ်တိုင် ထိုးသားဝင်လုပ်သည့် ယခုအခါတွင် လွှတ်တော်သက်တမ်း `တသက်စာ´ အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ပြင်ဆင်နေသည့် ဆန္ဒခံယူပွဲသည် ပြင်ပအသွင်သဏ္ဌာန်အားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး” ဖြစ်ပြီး၊ အတွင်းအနှစ်သာရအားဖြင့် “စစ်တပ်အုပ်ချုပ်မှုဥပဒေ အတည်ပြုရေး” ဖြစ်နေပါသည်။
ထိုးသားဖြစ်လာသည့် နအဖသည် အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အိတ်သွန်ဖာမှောက် ထုတ်သုံးမည် အသေအချာ ဖြစ်သည်။ ဘယ်နည်းနဲ့ နိုင်နိုင်, နိုင်ရင်ပြီးရော ဆိုသည့် စိတ်နှင့် မတရားမှုအပေါင်း သရဖူဆောင်းကြမည် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ကြံ့ဖွံ့အမည်ခံ၍ လုပ်ကိုင်နေကြပြီ ဖြစ်သည်။
ကန့်ကွက်မဲအလွန်
ယခုပွဲတွင် `ဒိုင်´ မရှိတော့ပါ။ အကြောင်းမှာ နအဖသည် `သူပဲ ဒိုင်, သူပဲ ထိုးသား´ အဖြစ် ရယူထားသောကြောင့် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွင်း တစုံတရာ ပြဿနာပေါ်ပေါက်ပါက တိုင်ကြားဖြေရှင်းရန် `တရားရုံး´ လည်း မရှိတော့ပါ။ အကြောင်းမှာ နိုင်ငံတော်တရားသူကြီးချုပ် ကိုယ်တိုင် ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ နေရာယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲသည် တဖက်နှင့်တဖက် `ပွဲပြတ်´ ဖြစ်ကိုဖြစ်မှရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ပွဲမပြတ်လျှင် အခြေအနေက ပိုမိုရှုပ်ထွေးနိုင်ပြီး `ကင်ညာ ပြီးတော့ မြန်မာ´ ဖြစ်သွားနိုင်ပါသည်။
ထိုအချက်ကို နအဖကလည်း လက်ခံထားပုံရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ကိုယ်တိုင် ထောက်ခံမဲထည့်ရေး စည်းရုံးနေသည်ကို ထောက်လျှင် သူတို့ဘက်က ထောက်ခံမဲ အပြတ်ရရေးအတွက် မသေချာသေးဟု တွက်ဆနိုင်ပါသည်။ သို့မဟုတ် စိတ်ချသေချာအောင် ၀ါယမစိုက်ထုတ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့မဟုတ် ဒီတကြိမ် ရှုံးလျှင် ငါတို့ ဇီဝိန်ချုပ်လိမ့်မည်ဟု စစ်အစိုးရ လိပ်ပြာလန့်နေတာလည်း ဖြစ်နိုင်ပါသည်။
ညီလာခံက ချမှတ်လိုက်သော အခြေခံမူ၏ အဓိကကျသော အချက်နှစ်ချက်ကို အခြေခံဥပဒေ မူကြမ်းတွင် ပြင်ထားလိုက်ခြင်းက နအဖသည် အလွန်အမင်း ကြောက်စိတ်ဝင်နေကြောင်း ဖော်ပြနေသည်။ ပုဒ်မ ၄၄၁ တွင် အခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းလိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (ရာနှုန်း ၁၀၀) လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထိုအချက်များမှာ ဒီမိုကရေစီစနစ်နှင့် ညီညွတ်ဖို့ နေနေသာသာ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်သော အခြေခံမူနှင့်ပင် မညီညွတ်တော့ပါ။ ထိုအချက်က နဂိုက ထောက်ခံချင်သူများကိုပင် ကန့်ကွက်အောင် တွန်းပို့ပေးလိုက်နိုင်ပါသည်။
မြန်မာလူထု အများစုက စစ်အစိုးရကို မလိုလားတာ အသေအချာ ဖြစ်သည်။ သို့သော် ထောက်ခံရမှာလား ကန့်ကွက်ရမှာလား မသဲမကွဲ ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက် ပြည့်ပြည့်စုံစုံ မရသေးပါ။ ရသည့်တိုင်အောင် အချိန် မလုံလောက်ပါ။ လုံလောက်သည့်တိုင်အောင် ရှင်းလင်းဆွေးနွေးခွင့် ရနိုင်မည် မဟုတ်ပါ။ ယခု ဧပြီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲထည့်ရန် အတိအလင်း နှိုးဆော်လိုက်ပြီ ဖြစ်၍ သဲသဲကွဲကွဲ ဖြစ်သွားပြီ ဖြစ်သည်။ မှောက်ရေး မည်းရေး ကိစ္စလည်း အဆုံးသတ်ပြီဟု ဆိုနိုင်ပါသည်။ သပိတ်မှောက်စရာ ရှိခဲ့လျှင် ကန့်ကွက်မဲထည့်ပြီးမှ မှောက်ကြရန် ပြင်ဆင်ထားဖို့ ဖြစ်သွားပါသည်။
ကန့်ကွက်မဲလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ လူထုယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပီပြင်ခိုင်မာလာမည် ဖြစ်ပါသည်။ လူထုအနေနှင့် ပွဲပြတ်မှ ဖြစ်မည်ကို သိလာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ ကန့်ကွက်မဲသည် ဒီမိုကရေစီကို အပြီးသတ် ဆွတ်ချူပေးမည် မဟုတ်သည့်တိုင် ပန်းတိုင်ဆီသို့ တိုး၍လျှောက်လှမ်းလိုက်သည့် ခြေတလှမ်း ဖြစ်သည်။ ထိုအချက်ကို လူထုအနေနှင့် ကောင်းစွာ နားလည်လာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ ဆန္ဒမဲလက်မှတ်ကို လုံခြုံလွတ်လပ်စွာ ရေးခြစ်နိုင်ခွင့် ရဖို့ပင် ဖြစ်ပါသည်။
ကန့်ကွက်မဲတွေ အများစု ဖြစ်ပြီဆိုလျှင်…
အချို့က ကန့်ကွက်မဲထည့်လိုက်လျှင် နအဖက ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားလိမ့်မည်ဟု ပြောကြပါသည်။ ထိုစကားမှာ ထောက်ခံမဲထည့်ရန် မလှိမ့်တပတ် စည်းရုံးသော စကားသာ ဖြစ်ပါသည်။ အချို့က ဒီဥပဒေကို ကန့်ကွက်လျှင် နောက် ဥပဒေတခုကို ထပ်ရေးလိမ့်ဦးမည်၊ အချိန်ဆွဲထားလိမ့်ဦးမည်ဟု ပြောကြပါသည်။ ထိုစကားမှာလည်း ထောက်ခံမဲရရန် ဆင်ခြေပေးခြင်း တမျိုးသာ ဖြစ်ပါသည်။ ထိုစကားမျိုး ပြောသူတို့မှာ ရှေ့ဘာဖြစ်မည် အသေအချာ မသိဘဲ ကိုယ်ထင်ရာ ဗရမ်းဗတာ လျှောက်ပြောခြင်းသာ ဖြစ်ပါသည်။
ကန့်ကွက်မဲအလွန်တွင် ဘာတွေဖြစ်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကန့်ကွက်မဲ ဖြစ်ခဲ့လျှင် ဘာလုပ်မည်ဟု ရေးသားထားသော ဥပဒေလည်း မရှိ။ ယုံကြည်ရလောက်သည့် အခြေအနေမျိုးလည်း မရှိ။ နအဖကလည်း ဘာမျှ မပြော။
သို့သော် ပြောနိုင်တာတခုတော့ အသေအချာ ရှိပါသည်။ ယင်းမှာ “မြန်မာပြည်သူလူထုက စစ်အစိုးရတောင်းဆိုချက်ကို အကြွင်းမဲ့ ပယ်ချလိုက်သည်” ဟု ကမ္ဗည်း မော်ကွန်း စိုက်ထူနိုင်မည်။ လက်နက်ကိုင် စစ်အစိုးရကို လက်နက်မဲ့ ပြည်သူများက နှလုံးရည်ဖြင့် အောင်နိုင်မည်။ နအဖသည် လူထုမလိုလား လက်မခံသော တရားမ၀င် အစိုးရဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာနိုင်မည်။
ဒါ နောက်ဆုံးလား
လူထု ထည့်မည့် ကန့်ကွက်မဲသည် `အခြေခံဥပဒေကို ကန့်ကွက်ခြင်း´ ဆိုသည်ထက် ပိုလွန်စွာ “စစ်အစိုးရ ဖြုတ်ချရေး ဆန္ဒမဲ” အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူထုကန့်ကွက်မဲ အများစုရခဲ့လျှင် နအဖ၏ ဖ၀ါးခုနစ်လှမ်း နိုင်ငံရေး အစီအစဉ်ကြီးသည် တုံ့ခနဲ ရပ်တန့်သွားမည် ဖြစ်သည်။ လူထုက `ရပ်´ ဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ တောင်းဆိုထားသည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ကို မြန်မာလူထုက `ခွင့်မပြု´ ဟု အဓိပ္ပာယ်ထွက်ပါသည်။
ဤတွင် အဖွဲ့ချုပ်၏ ပြည်သူသို့ ပန်ကြားချက်ပါ အပိုဒ် ၄ ကို အထူးသတိပြုသင့်သည်ဟု ထင်ပါသည်။
၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိသည်။
ထိုအချက်က ဆန္ဒခံယူပွဲသည် ဥပဒေကိစ္စမျှသာ မဟုတ်၊ စစ်အစိုးရ ဆက်လက် တည်ရှိရေး မရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဖော်ပြနေပါသည်။ ဥပဒေထဲတွင်ပါသည့် အနာဂတ်၌ စစ်တပ် ဦးဆောင်မှုကို လူထုက မထောက်ခံဘူး ဆိုသည်မှာ၊ ယခု အုပ်ချုပ်နေသည်ကိုလည်း လက်မခံဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဥပဒေကို ကန့်ကွက်မဲ ပေးခြင်းသည် `နအဖ အလိုမရှိ´ဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။ မဲစာရွက်များဖြင့် ဖော်ပြလိုက်သော ကြွေးကြော်သံက စစ်အစိုးရ ဆက်လက်တည်မြဲမှုကို အကြီးအကျယ် ကိုင်လှုပ်နိုင်မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။
အကယ်၍ စစ်အစိုးရကို စိမ်ခေါ်နိုင်လောက်သည့် ကန့်ကွက်မဲ မရလျှင် `အဆိုးဆုံး´ အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ အလုံးစုံ ပျက်သုဉ်းရေးလား၊ အလုံးစုံ ပြောင်းလဲရေးလား ဝေခွဲရန် မလွယ်သေးပါ။ ဒီတပွဲမှာ လူထုဘက်က စွန့်စားရမှာတွေ အများအပြား ရှိသလို၊ နအဖဘက်မှာလည်း စွန့်စားစရာတွေ ဒုနှင့်ဒေး ရှိနေပါသည်။
လောလောဆယ်တွင် နအဖက ဖ၀ါးခုနစ်လှမ်း လမ်းစဉ်အတိုင်း အပြင်းအထန် ချီတက်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုပွဲကို အရန်လမ်းစဉ် သို့မဟုတ် ချွေးသိပ်သည့်လမ်းစဉ် အဖြစ် လုပ်ဆောင်နေသည်။ အကယ်၍ ကန့်ကွက်မဲကြောင့် သူ့အစီအစဉ်ကို ဖ၀ါးလေးလှမ်းမြောက်တွင် ရပ်ပေးရလျှင် အရန်လမ်းစဉ်ကို ပိုမိုချဲ့ထွင်၍ အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားမည်ဟု ယူဆရပါသည်။
နိုင်ငံတကာနှင့် မြန်မာ့သမိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိခဲ့သည်မှာ အစိုးရတရပ်သည် အလွန်အမင်း အကြပ်အတည်းနှင့် ရင်ဆိုင်ရလျှင် အပြောင်းအလဲ တခုကိုတော့ လုပ်ကြရစမြဲ ဖြစ်သည်။ မှောက်ထားသော ရေခွက်ကို ဆွဲလှန်လိုက်သလို အားလုံး ပြောင်းသွားမည်ဟု မမျှော်လင့်ပါ။ သို့သော် အလွန်ခေါင်းမာသော စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ အဖေကြီး ဗိုလ်နေ၀င်း၏ လမ်းစဉ်မျိုးလောက်တော့ ပြောင်းနိုင်ကောင်းသည်ဟု မရဲတရဲ ယူဆမိပါသည်။
အမြင့်ဆုံး အပြောင်းအလဲမှာ ဗိုလ်သန်းရွှေနှင့် ထိပ်ပိုင်းလူအချို့ ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အနိမ့်ဆုံး အပြောင်းအလဲမှာ ဆန္ဒခံယူပွဲကို တာဝန်ခံရသူတို့ ဓားစာခံအဖြစ် ထိုးကျွေးခံရဖွယ် ရှိပါသည်။ ပြယုဂ်ဖြစ်သည့် လူအပြောင်းအလဲများနှင့်အတူ နိုင်ငံရေး အစီအစဉ်သစ်တရပ်ရပ် ပေါ်ထွက်လာနိုင်ပါသည်။ သို့သော် ရှေ့သို့လမ်းစဉ်လား၊ နောက်သို့လမ်းစဉ်လား ဆိုသည်ကတော့ တိုင်းပြည်၏ ကံကြမ္မာပေါ်တွင် မူတည်နေပါသည်။
ကံကြမ္မာကို ကန့်ကွက်မဲက မွေးဖွားပေးမည်ဟု ယုံကြည်မိပါသည်။ ။
အပြည့်အစုံသို့.....
အနှစ်ချုပ်..သာ.....
ရေးသားသူ ။ ။ moethaukkye
Labels: article
Posted by Ashin dhamma at 9:02 AM 0 comments
Thursday, April 10, 2008
ဒီမိုကရေစီလိုချင်ရင်
10-04-2008
လူတိုင်းဒီမိုကရေစီလိုချင်ကြသည်၊ဒီမိုကရေစီသည် တန်ဘိုးကြီးသည်၊မြင့်မြတ်သည်၊
တန်ဘိုးကြီးမြင့်မြတ်သည့်အရာမှန်သမျှအလွယ်တကူရရိုးထုံးစံမရှိခဲ့၊
မြတ်စွာဘုရားသည်လူနတ်ဗြဟ္မာသတ္တ၀ါတို့ထက်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ခံယူရရှိရန်
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးအသက်ကိုပေးလှူခြင်း
ခြေလက်ကိုယ်အင်္ဂါစသည်တို့ကိုစွန့်လှူခြင်း သားသမိးတို့ကိုဘ၀ပေါင်းများစွာစွန့်လှူခဲ့ရပေသည်။
ထိုသို့စွန့်လွတ်ခဲ့ခြင်းတို့သည်မိမိတစ်ကိုယ်ရေလွတ်မြောက်ရေးအတွက်ပြုလုပ်ခဲ့ခြင်းမဟုတ်၊
လူနတ်များစွာချမ်းသာရေးအတွက်ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။မိမိတို့မြန်မာနိုင်ငံသားအများစုသည်
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြသောလူမျိုးများဖြစ်ကြသည်။ထို့ကြောင့်မိမိတို့သည် မိမိတို့ကိုယ်တိုင်ကြုံတွေ့ခံစားစံစားနေကြရသောစားဝတ်နေရေးလူမှုဒုက္ခအမျိုးမျိုးတို့မှ
လွတ်မြောက်အောင် မိမိတို့ကိုယ်တိုင်သာရုန်းထွက်လွတ်မြောက်အောင်ပြုလုပ်ကြရပေမည်။
လူမှုဒုက္ခမျိုးစုံများကိုကြုံတွေ့အောင်နည်းအမျိုးမျိုးနှင့်နှောက်ယှက်တားဆီးပိတ်ပင်ထားသော
မကောင်းဆိုးဝါးနအဖမိစ္ဆာကောင်များကို တိုင်းပြည်တွင်းမှဖယ်ရှားသုတ်သင်ပစ်ကြရပါမည်။
တိုင်းပြည်နှင့်လူမျိုးများအားကျွန်ဖြစ်အောင်ငတ်မွတ်ခေါင်းပါးအောင်ပြုလုပ်နေကြသောသူတို့မှာ
အခြားသူများမဟုတ်ပါ န အ ဖ ခေါ်သည့်မိစ္ဆာကောင်တစ်စုသာလျှင်ဖြစ်ပေသည်။
၎င်းမိစ္ဆာကောင်များသည်မိမိတို့၏မိဘဘိုးဘွားတို့ကိုလည်းကောင်း၊မိမိတို့ကိုလည်းကောင်း၊
မိမိတို့၏သားစဉ်မြေးဆက်များကိုလည်းကောင်းစစ်ကျွန်သဘောက်ဘ၀အောက်မှဘယ်သောခါမှမ လွတ်မြောက်စေရန်ကောက်ကျစ်စဉ်းလဲသေအကြံဆိုးအကြံညစ်တို့ဖြင့် အတုအယောင်
သူတောင်းစားထောက်ခံပွဲကိုမေလ(၁၀)ရက်တွင်ပြုလုပ်ကြံစည်အားထုပ်လျှက်ရှိနေကြပေပြီ၊
မိမိတို့သည်န အ ဖ စစ်မိစ္ဆာကောင်များ၏လိင်လည်လှည့်များမှုမှန်သမျှကို
သိရှိနားလည်သဘောပေါက်နေရုံနှင့်မပြီးတော့ပါ၊
၎င်းတို့၏ကမ်းကုန်အောင်ရက်စက်မည့်အကြံဆိုးအကြံညစ်တို့ကိုဖယ်ရှားသုတ်သင်
ဘို့အချိန်ကျရောက်လို့လာပါပြီ၊
ဒါကြောင့်ဒီမိုကရေစီလိုချင်တယ်ဆိုရင်မိမိတို့၏ထင်နေတဲ့ငါဆိုတဲ့
အတ္တတွေကိုလျှော့ချပြီးကိုယ်ကျိုးစွန့်အနစ်နာခံတိုက်ပွဲဝင်ကြရမည်အချိန်ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုးအတွက်ကိုယ့်ကျိုးစွန့်ရုံတင်မက
အသက်ကိုပါစွန့်လွတ်ခဲ့သည့်
အတွက်ကြောင့်မြန်မာပြည်ကြီးလွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပေသည်။
ကိုယ်ကျိုးရှာစီးပွားရေးအတ္တသမားတွေသာထိုအချိန်တွင်ဦးဆောင်ခဲ့ပါကမြန်မာနိုင်ငံ
လွတ်လပ်ရေးရစရာအကြောင်းမရှိခဲ့ပေ၊
သို့သော်လွတ်လပ်ရေးရပြီနောက်ပိုင်းကိုယ်ကျိုးရှာအတ္တသမားများမရောက်သင့်သည့်နေရာသို့
ရောက်ရှိသွားသောအခါတိုင်းပြည်ကြီးမှာဖာသည်
တိုင်းပြည်ကြီးဖြစ်သွားခဲ့သည်မှာယနေ့အချိန်အထိပင်ဖြစ်ပါသည်။
ဒီနေ့မျက်မှောက်ခေတ်ကာလကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်မင်းကိုယ်နိုင်
အပါအ၀င်သန်း၅၀ကျော်သောပြည်သူလူထုကြီးကိုကိုယ်စားပြုကာ
ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်လျက်ရှိပေသည်။
ထောင်းပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားများနှင့်ရဟန်းသံဃာတော်တို့သည်
်စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်မှလွတ်မြောက်ရန်ကိုယ်ကျိုးစွန့်အနစ်နာခံ
ထောင်နန်းစံလျှက်ရှိကြပေသည်။မြန်မာနိုင်ငံသားအဖြစ်ခံယူထားသော
ကျွှန်ုပ်တို့အားလုံးညီညီညွတ်ညွတ်ဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံတိုက်ပွဲဝင်သွားကြမည်ဆိုလျှင်
၂၀၀၈ ခုနှစ်တွင်ဧကန်မုချဒီမိုကရေစီပန်းတိုင်သို့အရောက်လှမ်းနိုင်ကြမည်ဖြစ်ပေသည်။
ထိုသို့မဟုတ်ပါဘဲမည်သူတေတေငတေမာရင်ပြီးရောဆိုသည့် န အ ဖ စစ်မိစ္ဆာကောင်များ၏
စိတ်ဓာတ်မျိုးနှင့်သာဆက်သွားနေကြပါကဘယ်သောခါမှဒီမိုကရေစီရရှိနိုင်မည်မဟုတ်သလို
ဘယ်သောခါမှလည်းအာဏာရှင်စနစ်ဆိုးအောက်မှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပါကြောင်း။
မြတ်မင်းသွေး
Labels: article
Posted by Ashin dhamma at 8:05 AM 0 comments
အနာဂတ်ရှုမျှော်ခင်း၊ ပစ္စုပ္ပန်ကန္တာရနှင့် စိန်ခေါ်ခြင်း
10--04-2008
နှစ်ပရိစ္ဆေဒပေါင်းများစွာ မည်းမှောင် ကောက်ကျစ်နေခဲ့သော ကောင်းကင်ကြီးရဲ့ ရာဇ၀င် ကို လှလှပပ ဖော်ထုတ်ပေးလိုက်ကြမယ်။ ဖော်ထုတ်ဖို့ အချိန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီ။
ကောက်နေတဲ့တိမ်တွေ။ ညစ်နေတဲ့ အပုပ်တွေ။ ငါတို့သမိုင်းမှာ ခါးသတ်စွာ ကျန်ရစ်စေရ မယ်။ အားလုံးအတွက်ဆိုပြီး ငါတို့ အားလုံးကို စွန့်လွှတ်ထားကြတယ်မဟုတ်လား။ ဘာတွေကို လက်ကိုင်ပြုနေချင်သေးလဲ။ ဘာတွေကို ခြယ်သချင်နေသေးလဲ။ ငါတို့ကိုယ်ကို ငါတို့ လှစ်ဟခွင့် မရှိခဲ့တဲ့ နေ့များကို ငါတို့ နောက်ထက်လိုချင်နေသေးလား။ ငါတို့မြေမှာ ရှိနေစေချင်သေးသလား။ ဒါတွေကို အတိတ်မှာ ချန်ရစ်ပစ်ခဲ့ဖို့ ငါတို့ မစွမ်းနိုင်ကြတော့ဘူးတဲ့လား။
ကိုယ့်သွားကို ကိုယ်ကြိတ်။ ကိုယ့်အံကို ကိုယ်ခဲ။ ငါတို့များရဲ့ဘ၀ဟာ ပန်းဥယျာဉ်လို မဟုတ်ခဲ့လေဘူး။ ဘယ်တော့များ အမှောင်ကာလတွေ ဆုံးမလဲ။ ဒီငှက်ဆိုးတွေအကြောင်း ဘယ် သူတွေက သီချင်းဆိုချင်နေကြသေးလဲ။ လှပြီးသား နှလုံးသားတွေ လှနေပါစေ။ ရဲပြီးသားသွေးတွေ ရဲနေပါစေ။ ဖြူပြီးသား စိတ်တွေ ဖြူနေပါစေ။ ငါတို့အတွက် မျှော်လင့်ချက်ဟာ ငါတို့ ကောင်းကင် ဖြစ်စေရမယ်။
ငှက်ဆိုးသံတွေကြားမှာ အိပ်ရေးပျက်ခဲ့ကြတဲ့၊ အိပ်ရေးပျက်နေဆဲဖြစ်တဲ့ ချစ်စွာ သောငါတို့ရဲ့မိခင်(တိုင်းပြည်) ဘယ်တော့များ ငါတို့ သူ့ကို ပြုံးပျော်စေနိုင်ပါ့မလဲ။ မိတ်ဆွေတို့ ငါ တို့ မိခင် မျက်တွင်းတွေဟောက်လို့ အိပ်ပျက်တဲ့ညတွေ များလှပါပြီကွယ်။ ငါတို့ စိတ်ဆန္ဒတွေ အား လုံး ဘယ်ဆီမှာ စုပြုံနေသင့်သလဲ။
မိတ်ဆွေဟာ ဒီမြေမှာ ကြီးရင့်ခဲ့ရင် ဒီမြေရဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် လှမ်းကြည့် လိုက်ပါ။ အမိမြေရဲ့ ကောင်းကင်ယံမှာ S.V.O ဆိုတဲ့ စာတန်းလေးဟာ သင်ကြည့်ရင် သင်မြင် တွေ့ရပါလိမ့်မယ်။ ထင်ထင်ရှားရှား။
“သူများထက် ထူးခြားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူတွေဟာ သမိုင်းတွင်ကျန်ခဲ့တာပဲ”တဲ့။ သူများထက် ထူးစရာမလိုပါဘူးလေ။ သူများလောက်လုပ်ရင်ကို သမိုင်းမှာ မိတ်ဆွေတို့ လူရိုသေ ရှင်ရိုသေ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတို့ ပန်းပွင့်အသေတွေ တွေ့ဖူးသလား။
သမိုင်းဆိုတာ လူတွေရဲ့ အရိပ်ပါ။ ဒါဆိုရင် သင့်ရဲ့အရိပ်ဟာ သင့်ရဲ့သမိုင်းပဲပေါ့။ ကျန်နေ ခဲ့တဲ့ သင့်အရိပ်နဲ့ သင့်သမိုင်းရဲ့ အဖြူအမည်း၊ အကွေ့အဖြောင့်အကြောင်းကို လူတွေ ပြောနေ ကြပါလိမ့်မယ်။ အဲဒိအချိန်မျာ သင်ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် သင်နဲ့ပတ်သတ်ပြီး မသေ သေးသူ တစ်ယောက်ထက်ပိုတဲ့ တန်ဖိုးထားမှုကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူဖြစ်ရခြင်းရဲ့ တစ်နည်းပြောရရင် “ကိုယ့်ဖြစ်တည်မှုရဲ့ လှပတဲ့ရုပ်ကြွင်းတစ်ခု” ဖြစ်နေပါလိမ့်မယ်။
အခြေအနေကပြောပြတဲ့ အလုပ်ဟာ ငါတို့ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာပဲ ဖြစ်နေပါ လိမ့်မယ်။ နှစ်ပေါင်းများစွာ ငုံ့လာခဲ့ရသော ငါတို့ရဲ့ဦးခေါင်းများ၊ ကုတ်ကိုင်းကွေ့ကောက်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ကွေ့ကွေ့ရွေ့ရွေ့ တိမ်မြုပ်နေသော ငါတို့ရဲ့စိတ်များကို ထွက် ပေါက်ပေးလိုက်သင့်ပြီ။ ငါတို့မိခင်ဟာ ငါတို့အလာကို ငေးမောလို့။ အမေ့ဧရာဝတီဟာ ရေစီး မသန်တော့ဘူး။
အသေကောင်တွေသာ တစ်လောင်းပြီးတစ်လောင်းထပ်၊ အမေချုပ်နေတဲ့ ၀တ်စုံလေးက ဘယ်သူမှ မ၀တ်ဆင်ရသေးဘူး။ မဖြစ်စလောက် ဒီအပ်ချုပ်စက်လေးနဲ့ ၀တ်စုံလှလှလေးတွေ ချုပ်စပ်လိုက်ကြရအောင်။ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဟာ ငါတို့နဲ့ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ငါတို့ကို သမိုင်းက စကားတွေ တစ်လှေကြီး ပြောနေတာ လျစ်လျူမရှုသင့် ဘူး။
အနာဂတ်ဟာ ငါတို့လက်ထဲမှာ သေချာနေပြီလို့ မိတ်ဆွေတို့ကိုယ်တို့ ယုံကြည်ရင် ယုံကြည်မှုနဲ့ ပေးဆပ်မှုများနောက်က ငါတို့အနာဂတ်ဟာ ပန်းတွေနဲ့ ဝေနေပါလိမ့်မယ်။ တွေးဆ လွဲမှားမှုများ၊ အားငယ်ကြောက်လန့်စိုးရိမ်မှုများ၊ ငါတို့ဦးခေါင်းတွေ ငုံ့မြဲငုံ့နေကြရင်တော့ ငါတို့မြက် ခင်းတွေဟာ သွေ့ခြောက်မြဲ သွေ့ခြောက်နေပါလိမ့်။ အသေအချာပါပဲ။ ဒီတော့……….
…………………….ကိုယ်ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ဆိုကရေးတီးရဲ့စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။ “ငါကား သေရတော့အံ့၊ သင်တို့ကား အသက်ရှင်လျှက်ကျန်ရစ်ကြမည်၊ သင်တို့နှင့်ငါ မည်သူက ပို၍ ကံကောင်းသနည်းဟု မည်သူပြောနိုင်ပါအံ့နည်း”။ အချုပ်တန်း ဆရာဖေရဲ့ “သေသော်မှတည့် သြော် ကောင်း၏” ဟူသော စကားနှင့် ဆက်စပ်ကြည့်ကြဖို့ ဖြစ်ပါတယ်။
လွင်ပြင်ရိုင်း (MSMA)
Labels: article
Posted by Ashin dhamma at 1:44 AM 0 comments