Thursday, November 26, 2009

နအဖခေတ် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒါမျိုးတွေ လုပ်ကြတယ်

နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့်
သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ

အောင်ထက် / ၂၆ နိုဝင်ဘာ ၂၀၀၉



နိုင်ငံတော်ပစ္စည်း အလွဲသုံးစားပြုမှုဖြင့် သာသနာရေးဦးစီးဌာနမှ ၀န်ထမ်း (၇) ဦးအား နိုဝင်ဘာ (၂၄) ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ အပြစ်ပေးလိုက်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါဝန်ထမ်းတို့အား ၂၀၀၇ ခုနှစ်တွင် ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူနံရံများ၌ ကပ်ထားသည့် ဓမ္မစကြာပုံတော်ကြေးဝိုင်းများ၊ ကြေးမောင်းများ၊ နိုင်ငံတော်အဆင့်ပွဲများတွင် အသုံးပြုသည့် ဆိုဖာကုလားထိုင်များနှင့် ကော်ဇောချပ်များအပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၈၀) ခန့်ရှိသည့် ပစ္စည်းများကို အလွဲသုံးစားလုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းဝန်ထမ်းတို့သည် မဟာပါသဏ လိုဏ်ဂူတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အဆိုပါ သံဃိက ပစ္စည်းများကို အကြိမ်ကြိမ် ခိုးထုတ်နေခဲ့ကြခြင်းဖြစ်သည်။

“လိုဏ်ဂူထဲက ခိုးထုတ်နေတာ ကြာပြီ။ ဘယ်သူမှ မသိကြဘူး။ တရက် ည (၇) နာရီလောက်မှာ ကားတစီးပေါ် ကုလားထိုင်တွေ မတင်နေတာကို ဦးစီးအရာရှိ ဗိုလ်ကြီးအောင်ရွှေရဲ့ ဇနီးက မြင်သွားတယ်။ အဲလိုနဲ့ စောင့်ဖမ်းတော့ ဦးသက်နိုင် (ဒု-ဦးစီးမှူး) ခိုးထုတ်နေတုန်း ဖမ်းမိတာပဲ” ဟု လိုဏ်ဂူတော်မှ ၀န်ထမ်းတဦးက ပြောသည်။

တရားခံ ဦးသက်နိုင်အား နိုင်ငံတော်ပစ္စည်း အလွဲသုံးစားမှု (အပခ) အရ အရေးယူပေးပါရန် မရမ်းကုန်းရဲစခန်းသို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က တရားလိုပြု တိုင်တန်းခဲ့သည်။

ဦးသက်နိုင်အား စစ်ဆေးမေးမြန်းရာမှ ဆက်စပ်တရားခံများဖြစ်သော ဦးမြတ်စိုး (ဦးစီးမှူး၊ နယ်မြေဌာန)၊ လုံခြုံရေးဝန်ထမ်းများဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းမြင့်၊ ဦးဇော်မိုးလွင်၊ ဦးရဲအောင်နှင့် ရေစက်မောင်းဝန်ထမ်း ဦးစောထွန်းတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ယင်းအမှုအား မရမ်းကုန်းတရားရုံးမှ (၂) နှစ်ခန့် ရုံးထိုင်ကြားနာကာ အဆိုပါဝန်ထမ်းတို့အား အလုပ်နှင့်ထောင်ဒဏ် အသီးသီး အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

တရားခံတို့၏ ၀န်ခံထွက်ဆိုချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

သံဃိက ပစ္စည်းများ လက်ခံဝယ်ယူထားသူ (၄) ဦးအား အစိုးရသက်သေအဖြစ် ဆောင်ရွက်စေကာ အမှုမှ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ သိရသည်။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, November 25, 2009

ကျေးဇူးတော်ရှင်ဖြူးဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား





http://arzarni.blogspot.com/2009/11/blog-post_1569.html

သက်တော် ၆၉ နှစ် ဝါတော် ၄၉ ဝါ ရှိပြီ ဖြစ်တဲ့ နိုင်ငံကျော် ဓမ္မကထိက ဓမ္မရက္ခိတ ဖြူးမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဖြူးဆရာတော်လို့ နာမည်ကျော်ကြားတဲ့ ဦးနရပတိဟာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက် ၇နာရီ ရန်ကုန်မြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။


ဆရာတော်ကို ဗန်ကောက်မြို့ ဖာ့ရမ်ကောက် ဆေးရုံမှာ ကျောက်ကပ်ရောဂါကုနေရင်း အခြေအနေ အတော်ဆိုးလာတာကြောင့် ရန်ကုန် အာရှတော်ဝင်ဆေးခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လည်ကြွပြီး ဆေးကုသခံယူနေရင်း ပျံလွန်တော်မူသွားပုံ နဲ့ အန္တိမဈာပန ကျင်းပမဲ့ ကိစ္စတွေကို တပည့်ရင်းဖြစ်တဲ့ သံဃာတပါးက RFA ကို ခုလို မိန့်ပါတယ်။

တပည့်ရင်း သံဃာ။ ။ 'မနေ့ညက သွေးပေါင်တွေ ထိုးကျပြီးတော့ မနက်က အသက်တွေငင်ပြီး ပျံတော်မူသွားတာပေါ့နော်။ ဒိပြင်ဟာတော့ ထူးထူးခြားခြား မဖြစ်ဘူးပေါ့နော်။ ကျောက်ကပ် လဲထားတာက ၃ နှစ်လောက် ရှိပြီဆိုတော့ ကျောက်ကပ် ပိုးဝင်တာပေါနော့်။ တရားပွဲတွေသွားတော့ လူများတဲ့နေရာတွေ ဘာညာပေါ့နော်။ တရားပွဲတွေကလည်း ဆက်တိုက်ဖြစ်၊ ခရီးတွေက ကြမ်းပေါ့နော်။ တရားဟောရင်လည်း တော်တော်အချိန်တွေ ကြာကြာ ဟောတယ်လေ။ အဲ့ဒီတော့ ရောဂါပိုးကို မနိုင်တာပေါ့။ ရာမာနိုင်း(ဆေးရုံ) မှာ ၁၉ ရက်လောက် ကြာတယ်၊ တရားပွဲတွေပါတယ် မနက်ဖြန် ညကစပြီး တရားပွဲတွေ ၅ ညပေါ့နော်။ ၃ဝ ရက်နေ့ ဈာပန။ လောလောဆယ် တော့ စည်းဝေးတိုင်ပင်ပြီးတော့ ရတဲ့ဆရာတော်တွေ လက်လှမ်းမီသမျှ ပင့်မှာပေါ့နော် နာမည်ကြီး ဆရာတော်တွေကို။'

တပည့်ရင်းဆရာတော်တပါး မိန့်ကြားခဲ့တာပါ။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေကို အနီးကပ် ပြုစုခွင့်ရခဲ့တဲ့ သီလရှင်ဆရာလေး တပါးကလည်း ဗဟုသုတတွေကို အများကြီးပေးစွမ်းနိုင်တဲ့ တရားဟောကောင်းတဲ့ ဖြူးဆရာတော်လိုမျိုး ပျံတော်မှူသွားတာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု တရပ်ပါပဲလို့ ပြောပါတယ်။

သီလရှင်ဆရာလေး။ ။ 'သြော် ဒကာကြီးရယ်၊ ဆရာတော်ကြီးကတော့ တရားဟော ကောင်းတာကိုး၊ ဒီလိုမျိုး ဆရာတော်တွေ နောက်ထပ် အများကြီး ပေါ်ဖို့အတွက်လည်း မနည်းကြိုးစားရမှာလေ၊ အခုက ဓမ္မာစရိယက နည်းနေတာကိုး၊ နည်းနေတော့ ဗဟုသုတပေးတာက ဆရာတော်ကြီးတွေပဲ ရှိတာကိုး၊ တပါးပြီးတပါး ဆုံးရှုံးတယ်ဆိုတော့ ဆရာလေးတို့ဆီမှာလည်း နောက်ထပ် ဗဟုသုတ အများကြီး တိုးတက်အောင်လို့ ပြောနိုင်တဲ့ ဆရာတော်တွေက ဆရာလေးတို့တော့ သိပ်ပြီးတော့ မမြင်ဘူးပေါ့နော့်။ ဒီလိုဆရာတော်ကြီးတွေပဲ အများဆုံး ဟောနိုင်တာကိုး၊ အဲ့လိုမျိုးဆိုတဲ့ အခါကျတော့ စိတ်တော့ ဘယ်ကောင်းမလဲပေါ့နော် ဒကာကြီး။'

ဖြူးဆရာတော် ဦးနရပတိကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပင်စိမ်းခင်းကျေးရွာနေ အဖ ဦးဘဇွန် အမိ ဒေါ်ဒေါ်မေ တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်ရှိတဲ့အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ဆရာတော်ကို နိုင်ငံတော်အစိုးရက ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။ ပျံလွန်တော်မမူမီ နေကောင်းတဲ့အချိန်က ပြည်တွင်းပြည်ပ တရားနာ ပရိသတ်တွေကို တရား လှည့်လည်ဟောပြောခဲ့ပြီး တရားခွေပေါင်း ရာချီ ထုတ်ဝေခဲ့ပါတယ်။
http://www.rfa.org/burmese

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, November 24, 2009

ဝဿကာရအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံမှ မြန်မာစာသင်သား ရဟန်းတော်များ

ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းက အိမ်နီးချင်း နိုင်ငံငယ်ကလေးဖြစ်သည့် ဝေသာလီကို သိမ်းပိုက်လိုသည်။ သေးငယ်သော်လည်း ညီညွတ်သည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်ကူ။ အမတ်ကြီး ဝဿကာရ၏ အစီအစဉ်အရ အကွက်ကျကျ သပ်လျှိုထိုးခွဲနည်းကို အသုံးပြုကာ ဖြိုခွဲခဲ့သည်။ ထိုနည်းတူ စစ်အစိုးရသည်လည်း အမတ်ကြီးဝဿကာရ၏ သပ်လျှိုထိုးခွဲနည်းကို အသုံးချပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်လုပ်ကာ ညီညွတ်ရေးကို ဖြိုခွဲသည်။ ထိုဒဏ်ကို မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကိုးကန့်စသည့် တိုင်းရင်းသားတို့မှာ အလူးအလဲ ခံနေကြရသည်။ ယခုလည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် မြန်မာစာသင်သား ရဟန်းတော်များအကြား ညီညွတ်ရေး ပြိုကွဲအောင် အကွက်ကျကျ လုပ်ဆောင်သွားခဲ့သည်။

(၂၂၊ ၁၁၊ ၂၀၀၉) ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် မြန်မာသံရုံးမှ ဆွမ်းကပ်ပွဲ ကျင်းပခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်း မြန်မာသံရုံးက ပထမဆုံး ကပ်သည့် ဆွမ်းဖြစ်သည်။ အမှန်ပြောရလျှင် ထိုဆွမ်းကပ်ပွဲက (၂၀၀၈)ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကဲ့သို့ ခြိမ်းခြောက်မှု၊ မြူဆွယ်မှုတို့ဖြင့် စစ်အစိုးရ လှည့်ကွက်ထဲ ဝင်သွားသည်ဟု ဆိုချင်သည်။ နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ လာသွားသည်။ သူ့ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းတော်တို့ကို လှူဒါန်းရန် သင်္ကန်းနှင့် ဒေါ်လာတွေ ပါလာသည်။ သူမလာခင် တစ်လကျော်လောက်က ပြည်သူတို့ဆီမှ အလှူခံထားခြင်း ဖြစ်သည်။ သို့သော် မြန်မာကျောင်း သုံးကျောင်းလုံးသို့ သူကိုယ်တိုင် မလာရဲခဲ့။ သင်္ကန်းနှင့် ဒေါ်လာတို့ကို သံရုံးမှာ ချန်ထားခဲ့ပြီး သံဃာများအကြား ဝဿကာရအမတ်ကြီးနည်းကို ကျင့်သုံးရန် ညွှန်ကြားသွားခဲ့ဖွယ် ရှိသည်။

ဗိုလ်သန်းရွှေ ပြန်သွားပြီး တစ်ပတ်အတွင်း မကုဋာရာမ မြန်မာကျောင်းမှာ ဆွမ်းကပ်ရန် စီစဉ်တော့သည်။ ဆွမ်းတက်မစားလျှင် စာရင်းမှတ်မည်၊ ပတ်စပို့်၊ ဗီဇာကိစ္စ အခက်အခဲဖြစ်မည်၊ မြန်မာနိုင်ငံအပြန်မှာ ဖမ်းဆီးခံရမည်စသည်ဖြင့် ခြိမ်းခြောက်သည့် သတင်းများ သံဃာတော်များအကြား ပျံ့နှံ့နေခဲ့သည်။ (၂၂) ရက်နေ့ ဆွမ်းကပ်တော့ တစ်ပါးလျှင် ဒေါ်လာနှစ်ရာ (US Dollar: 200)နှင့် ညီမျှသော ရူပီ (၂၁၀၀၀)၊ သင်္ကန်းစသော လှူဖွယ်ဝတ္ထုတွေ လှူဒါန်းသွားသည်။ ပြည်သူလူထုက လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း လှူဒါန်းသမျှ လှူဖွယ်ပစ္စည်းတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လှူဒါန်းကြောင်း စာတမ်း ရေးထိုးထားသည်။ သူကြီးဘုရား၊ ရွာသားကောင်းမှု-ဟူသော မြန်မာစကားပုံကို ယခုမှ ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းလည်း ဖြစ်သည်။

စာရင်းများအရ ဆွမ်းစားကြွရောက်သည့် သံဃာအပါး (၁၅၀) ရှိသည်ဟု သိရသည်။ ဝါဆိုသံဃာစာရင်းအရ ယခုနှစ် (၂၀၀၉) သီရိလင်္ကာ၌ စာပေသင်ကြားနေသည့် သံဃာအပါး (၂၄၇) ပါးရှိပါသည်။ (ဤစာရင်းတွင် သီလရှင်ဆရာလေးများ၊ ကိုရင်များမပါပါ။) ခရီးထွက်နေသည့် သံဃာ ဆယ်ပါးခန့်ကို ဖယ်လိုက်လျှင် ယခုလက်ရှိ သံဃာစာရင်း (၂၃၅)ပါးခန့် ရှိပါလိမ့်မည်။ သံဃာအပါး (၁၅၀) ဟူသော အရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၌ စာပေသင်ကြားနေသည့် မြန်မာသံဃာအများစု ဖြစ်နေသည်မှာ ထင်ရှားသည်။ မည်သို့ပင် ဖြစ်စေ မိမိတို့အနေနှင့် သံဃာအများစု၏ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို လေးစားပါသည်။ သို့သော် ကျန်သည့် သံဃာ (၈၅)ပါးတို့သည်လည်း မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုခွင့် ရှိသည်ဟု ယုံကြည်သည်။ မိမိတို့အနေနှင့် စစ်အစိုးရနာမည်ဖြင့် လှူဒါန်းသည့် ဆွမ်းကို မစား၊ ဒေါ်လာနှစ်ရာကို မယူခဲ့ကြခြင်းသည် မိမိတို့ခံယူချက် မိမိတို့ယုံကြည်ချက်အတိုင်းပင် ဖြစ်သည်။ အလှူခံခဲ့ကြသည့် သံဃာအားလုံးနီးပါး စစ်အစိုးရကပ်သည့်အလှူကို မဆန့်ကျင်ခဲ့ကြသော်လည်း စစ်အစိုးရကို ထောက်ခံသူများ မဟုတ်ကြသည်မှာ ယုံမှားစရာ မရှိပေ။ သို့သော် ၄င်းတို့အလှူခံခြင်းသည် သူ့အကြောင်းနှင့်သူ ဖြစ်မည်-ဟု ယုံကြည်ပါသည်။ အားလုံးမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည်မဟုတ်လော။

မည်သို့ဆိုစေ အလှူခံသူ၊ မခံသူတို့အကြား ဝိဝါဒ ကွဲပြားနေလျှင် စစ်အစိုးရဆင်သည့် ခွင်ထဲသို့ အမှန်ပင် ရောက်သွားပါလိမ့်မည်။ ယခုအချိန်မှာ အရာအားလုံးထက် သံဃာညီညွှတ်ရေးက ပိုပြီး အရေးကြီးပါ သည်။ သံဃာတစ်ပါးချင်းဆီ၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို တန်းဖိုးထား လေးစားရင်း စစ်အစိုးရ ကျင့်သုံးခဲ့သည့် သပ်လျှိုထိုးခွဲနည်း ကျင့်သုံးပုံကို အထူးသတိထား ဆင်ခြင်ကာ မိမိတို့၏ သံဃာညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

http://www.lanka-msma.co.cc/

အပြည့်အစုံဖတ်ချင်ရင်...

Monday, November 23, 2009

ဒေါ်လာ ၂၀၀ တန်နဲ့ သမိုင်းဂုဏ်သိက္ခာ






ဒီစာကို ရေးသင့် မရေးသင့်အတော်စဉ်းစားမိသေးတယ်၊ သမိုင်းဂုဏ်သိက္ခာအရ ဖျက်မရတဲ့အမည်းစက်ကြီးတစ်ခုဖြစ်နေတော့ မရေးပဲမနေနိုင်တော့ပဲ ရေးသားလိုက်ပါတယ်။သန်းရွှေတို့အုပ်စု သီရိလင်္ကာလို့ခေါ်တဲ့ ကျွန်းနိုင်ငံကလေးကို ဘုရားဖူးအဖြစ် နိုဝင်ဘာ ၁၁.၁၁.၂၀၀၉ နေ့မှာ ချီတက်ခဲ့ကြတယ်၊ တစ်ဆယ့်တစ်မီးငြိမ်းအောင် ယတြာသဘောနဲ့ ၁၁ ရက်နေ့မှာ လာခဲ့ဟန်တူပါတယ်။ သန်းရွှေဆိုတာ လူသိ နတ်သိ ကမ္ဘာသိ အဖြစ်ထင်ရှားတာက လူသတ်ကောင်၊ ဘုန်းကြီးသတ်တဲ့ မိစ္ဆာကောင်၊ မကောင်းဆိုးဝါး ကလိင်ကကျစ် ကောက်ကျစ်ယုတ်မာသူ၊ အာဏာအတွက် ဘာမဆို စတေးဝံ့သူ အဖြစ် ထင်ရှားကျော်ကြားသည့် သတ္တ၀ါတစ်ကောင်ပါ၊ သီဟိုဠ်ကျွန်းကိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဘုရားလဲဖူး လိပ်ဥလဲ တူးဆိုသည့်တစ်ခုတည်းသောရည်ရွယ်ချက်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဘာညာသာရကာဆိုတာက လူကြားကောင်းရုံသက်သက်မျှသာ။
သန်းရွှေ ရဲ့ မလိမ့်တစ်ပတ် လူလည်ကျချက်ကတော့ သမင်ကို ကျားက အဖေခေါ်ရလောက်အောင်ပင် အံ့မခန်း စွမ်းဆောင်နိုင်ပါပေသည်။ သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံဆိုတာ မြန်မာရဟန်းတော်များ ပညာရှာဖွေ ဆည်းပူးရာ ဘူမိနက်သန်နေရာမှန်တစ်ခု၊ သူတို့ရဲ့အဓိကအားနည်းချက်က (B.A) (M.A) (Ph.D) ဘွဲ့တစ်ခုခုရရှိဖို့အတွက် မိမိတို့ရဲ့ ခြစ်ခြုတ်စုဆောင်းထားသည့် ၀တ္ထုငွေလေးများနဲ့ ခြို့တဲ့စွာ ပညာသင်ကြားကြရသည်။ အစားအသောက် အနေအထိုင်ဆင်းရဲစွာ သီတင်းသုံးကြရသည်။ အများစုက မပြေလည်ကြသည်ကများသည်။ ဒီအချက်ကို သန်းရွှေက ကောင်းကောင်းသဘောပေါက်ထားသည်။ သို့သော် သီဟိုဠ်ရောက်မြန်မာရဟန်းတော်စာသင်သားအရေအတွက်ကလည်း နဲနဲနောနောမဟုတ် အပါး (၃၀၀) ကျော်ရှိသည်၊ သန်းရွှေမြန်မာကျောင်းရောက်လာလို့ တစ်ပါးတစ်ချက်ထုလိုက်ရင် သန်းရွှေတစ်ကောင် မှုန့်မှုန့်ညက်ကြေသွားနိုင်သည်။ လာရဲတဲ့ သတ္တိလဲ သူမှာမရှိ၊ လာရင်လဲ သန်းရွှေအသက် မြန်မာပြည် ပြန်ပါနိုင်မည်မထင်၊ ဒီတော့ သန်းရွှေက အကွက်ကျကျစီစဉ်ညွန်ကြားထားခဲ့သည်။
(၂၂-၁၁-၂၀၀၉) နေ့မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာ မြန်မာကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းသံဃာတော်တို့အား ဒေါ်လာ(၂၀၀) နှင့် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများကို မြန်မာသံရုံးအား လှူဒါန်းစေခဲ့သည်။သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဆိုသည်မှာ (၂၀၀၇)ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးနှင့်အတူ တစ်သွေးတည်း တစ်သားတည်းမွေးဖွား ထင်ရှားလာသည့် အဖွဲ့အစည်းကြီးဖြစ်သည်၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ မိမိတို့ အမျိုးဘာသာ သာသနာကို စော်ကားချင်တိုင်းစော်ကား ယုတ်မာရက်စက်ရိုင်းစိုင်းတဲ့ မသူတော် စစ်မိစ္ဆာကောင်များကို တရားနည်းလမ်းကျ ဆုံးမသွန်သင်ရန် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ယင်းအချိန်ကတည်းက နအဖစစ်မိစ္ဆာကောင်များကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ခဲ့ကြသည်၊ ယခုအချိန်အထိလည်းမှောက်ထားဆဲ နောင်လဲ မှောက်နေဦးမည်ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် မသူတော် ယုတ်မာပက်စက်သည့် မင်းဆိုးမင်းညစ် ကလိမ်ကကျစ် အယောင်ဆောင် မင်းတု မင်းယုတ်များထံမှ မည်သည့် အရာဝတ္ထုကိုမျှ အလှူမခံ မပတ်သက်ဟု သံဃာ့ဆန္ဒခံယူပြီး သိမ်ဝင်ကာ ကံဆောင်ထားခြင်းဖြစ်သည်။

သန်းရွှေက ဒါကို ချေဖျက်ဖို့ရန်နှင့် ဘုရားဖူး အကြောင်းပြကာ သီရိလင်္ကာသို့ ရောက်လာခြင်းဖြစ်ပေသည်။ အာဏာနှင့် ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ထင်နေတဲ့ သန်းရွှေဟာ သံဃာတော်များရဲ့ အားနဲချက်ကို အခွင့်ကောင်းယူကာ ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခြင်းဖြစ်ပေသည်။ အကွက်ဆင် ဂွင်ပိုင်အောင် ရိုက်တတ်လေ့ရှိသော သန်းရွှေသည် ကြပ်ပြေး သင်းချိုင်းကုန်းတွင် မိန့်မိန့်ကြီးထိုင်ကာ ပီတိတွေဝေဖြာနေမှာတော့ မြေကြီးလက်ခတ်မလွဲပင်။
သန်းရွှေတစ်ယောက်မသိလိုက်သည့်အရာကတော့ အမှန်တရားကို အာဏာငွေနဲ့ လှဲလယ်လို့မရဘူးဆိုတာပါပဲ၊ သန်းရွှေလှူဒါန်းသည့် ဒေါ်လာ(၂၀၀)နှင့် ဒန်ပေါက်ဆွမ်းကို မဘုဉ်းပေးအလှူမခံသည့် သံဃာတော်များက (၇၅)ပါး ကျော်ရှိနေခဲ့သည်။ တစ်နေ့ကို (၁၀)ကြိမ်(၁၀)လီ ရှိခိုးထိုက်ပေစွ၊ အကြောင်းအမျိုးမျိုးကြောင့်အလှူခံခဲ့သည့် သံဃာတော်များကိုလည်း အပြစ်မမြင်လို၊ ဆင်းရဲနွမ်းပါးချို့တဲ့သည့်ဒဏ်ကို ဘုန်းကြီးရော လူပါ အလူးအလဲ ခံစားနေကြရသည့် နအဖခေတ်ဆိုးကြီးမဟုတ်ပါလား၊သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်ဘ၀ရောက်နေသည့် နအဖ ခေတ်ပျက်ကြီးထဲဝယ် သန်းရွှေနှင့်အပေါင်းအပါများကို မြန်မာ့မြေပေါ်မှ အပီးပိုင် မမောင်းထုတ်နိုင်သေးသရွေ့ သန်းရွှေပြုသမျှ နုကြရပေဦးမည်သာ။
သန်းရွှေသွေးထိုးစမ်းခဲ့သော သီရိလင်္ကာမြန်မာကျောင်းသားရဟန်းတော်(၇၅)ပါးကျော်သည် မိမိတို့၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပေသည်။ ဒေါ်လာ (၂၀၀) နှင့်မိမိတို့၏ သမိုင်းအမည်းစက် အစွန်းအထင်းမခံခဲ့၊သန်းရွှေ စစ်မိစ္ဆာကောင်လှူဒါန်းသည့် ၀တ္ထုပစ္စည်းများကို အလှူမခံပဲ မိမိတို့ဆန္ဒကိုဖော်ထုတ်ခဲ့ကြသည်။ မသန့်ရှင်းသည့် ငွေကြေးဝတ္ထုများကို အသုံးပြုခြင်းထက် ဖြူစင်သန့်ရှင်းသည့် မွန်မြတ်သည့်အရာကို တစ်မိနစ်တစ်စက္ကန့်မျှပြုလုပ်နိုင်ခြင်းသည် မြင့်မြတ်သည့် သူတော်ကောင်းတို့သာ လုပ်နိုင်သည့်အရာဖြစ်ပေသည်။ သူတို့သည် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ဟူ၍ ကမ္ဘာတည်သရွေ့ သမိုင်းဂုဏ်ရောင် ၀င်းပြောင်နေကြဦးမည်ဖြစ်ပေသည်။
အလှူခံတော်မူခဲ့ကြသည့်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အားလည်း အမိသာသနာတော်ကို ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးကြသည့် ဒကာဒကာမအပေါင်း သူတော်ကောင်းတို့က အထက်ပါအချက်များကို သဘောပေါက်ကာ သံဃာတော်များသည် မိစ္ဆာညွတ်ကွင်းသို့ မသက်ဆင်းမိအောင် မိမိတတ်စွမ်းနိုင်သည့်ဖက်က ၀ိုင်းဝန်း ကာကွယ်စောက်ရှောက် လှူဒါန်းကြရန် အထူးတာဝန်ရှိပေသည်။ နအဖသည် မာယာပရိယာယ်အသွယ်သွယ်ဖြင့် ပြည်တွင်းရှိသံဃာတော်များကိုပါမက ပြည်ပရှိသံဃာတော်များကိုပါ စည်းရုံးဖျက်ဆီးဖို့ မီးစိမ်းပြလိုက်ခြင်းလည်းဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တားဆိုသည်နှင့်အညီ နအဖ၏ တို့မီးရှို့မီးများသည် အခြားသောနိုင်ငံများသို့ မကူးစက်နိုင်အောင် ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်ဖြစ်ပေသည်။ စစ်မှန်သည့် မွန်မြတ်သည့် မင်းကောင်းမင်းမြတ် ပေါ်ထွန်းခဲ့သည်အမိမြေတွင် စစ်မှန်သည့် ဗုဒ္ဓသာသနာတော်ထွန်းကားပြန်ပွားဖို့ရန် မင်းဆိုးမင်းညစ် မင်းကောက် မင်းယုတ်မာ မင်းသူခိုး မင်းဂျပိုးများကို မွန်မြတ်သည့်အမိမြေမှ အမြန်ဆုံးမောင်းထုတ်ကြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ပြည်သူ့ဘုန်းဘုန်း
၂၃.၁၁.၂၀၀၉



အပြည့်အစုံဖတ်ချင်ရင်...

Thursday, November 19, 2009

ကမ္ဘာပျက် ကမ္မဌာန်း

လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…

သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။

စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။

ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။

အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။

တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။

စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။

ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။

ကောင်းကင်ကို


အပြည့်အစုံဖတ်ချင်ရင်...