Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, March 11, 2010

စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ု တိုက်တွန်း



ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။

“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”

အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။

“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။

“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/index.cfm

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, December 1, 2009

ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ


[(ဓာတ်ပုံ - ဧရာဝတီ)]

အနှိုင်းမဲ့ မေတ္တာရှင်


Tuesday, 01 December 2009 17:47 ကိုထွေး

အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲ ကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ကြောင်း ရေးသားထားသည်။

၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့် အနေနဲ့ တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ် တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘော တရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကို သာမက ကျောင်းသား လူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက“ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တလုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လို လူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကို လုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သီးခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။

၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစောင်ဖြစ်သည်။

ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ် ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။


ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ် သည်။

http://www.irrawaddy.org/bur/

အပြည့်အစုံဖတ်ချင်ရင်...

Thursday, November 26, 2009

နအဖခေတ် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒါမျိုးတွေ လုပ်ကြတယ်

နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့်
သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ

အောင်ထက် / ၂၆ နိုဝင်ဘာ ၂၀၀၉



နိုင်ငံတော်ပစ္စည်း အလွဲသုံးစားပြုမှုဖြင့် သာသနာရေးဦးစီးဌာနမှ ၀န်ထမ်း (၇) ဦးအား နိုဝင်ဘာ (၂၄) ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ အပြစ်ပေးလိုက်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါဝန်ထမ်းတို့အား ၂၀၀၇ ခုနှစ်တွင် ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူနံရံများ၌ ကပ်ထားသည့် ဓမ္မစကြာပုံတော်ကြေးဝိုင်းများ၊ ကြေးမောင်းများ၊ နိုင်ငံတော်အဆင့်ပွဲများတွင် အသုံးပြုသည့် ဆိုဖာကုလားထိုင်များနှင့် ကော်ဇောချပ်များအပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၈၀) ခန့်ရှိသည့် ပစ္စည်းများကို အလွဲသုံးစားလုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းဝန်ထမ်းတို့သည် မဟာပါသဏ လိုဏ်ဂူတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အဆိုပါ သံဃိက ပစ္စည်းများကို အကြိမ်ကြိမ် ခိုးထုတ်နေခဲ့ကြခြင်းဖြစ်သည်။

“လိုဏ်ဂူထဲက ခိုးထုတ်နေတာ ကြာပြီ။ ဘယ်သူမှ မသိကြဘူး။ တရက် ည (၇) နာရီလောက်မှာ ကားတစီးပေါ် ကုလားထိုင်တွေ မတင်နေတာကို ဦးစီးအရာရှိ ဗိုလ်ကြီးအောင်ရွှေရဲ့ ဇနီးက မြင်သွားတယ်။ အဲလိုနဲ့ စောင့်ဖမ်းတော့ ဦးသက်နိုင် (ဒု-ဦးစီးမှူး) ခိုးထုတ်နေတုန်း ဖမ်းမိတာပဲ” ဟု လိုဏ်ဂူတော်မှ ၀န်ထမ်းတဦးက ပြောသည်။

တရားခံ ဦးသက်နိုင်အား နိုင်ငံတော်ပစ္စည်း အလွဲသုံးစားမှု (အပခ) အရ အရေးယူပေးပါရန် မရမ်းကုန်းရဲစခန်းသို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က တရားလိုပြု တိုင်တန်းခဲ့သည်။

ဦးသက်နိုင်အား စစ်ဆေးမေးမြန်းရာမှ ဆက်စပ်တရားခံများဖြစ်သော ဦးမြတ်စိုး (ဦးစီးမှူး၊ နယ်မြေဌာန)၊ လုံခြုံရေးဝန်ထမ်းများဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းမြင့်၊ ဦးဇော်မိုးလွင်၊ ဦးရဲအောင်နှင့် ရေစက်မောင်းဝန်ထမ်း ဦးစောထွန်းတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ယင်းအမှုအား မရမ်းကုန်းတရားရုံးမှ (၂) နှစ်ခန့် ရုံးထိုင်ကြားနာကာ အဆိုပါဝန်ထမ်းတို့အား အလုပ်နှင့်ထောင်ဒဏ် အသီးသီး အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

တရားခံတို့၏ ၀န်ခံထွက်ဆိုချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

သံဃိက ပစ္စည်းများ လက်ခံဝယ်ယူထားသူ (၄) ဦးအား အစိုးရသက်သေအဖြစ် ဆောင်ရွက်စေကာ အမှုမှ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ သိရသည်။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, November 25, 2009

ကျေးဇူးတော်ရှင်ဖြူးဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား





http://arzarni.blogspot.com/2009/11/blog-post_1569.html

သက်တော် ၆၉ နှစ် ဝါတော် ၄၉ ဝါ ရှိပြီ ဖြစ်တဲ့ နိုင်ငံကျော် ဓမ္မကထိက ဓမ္မရက္ခိတ ဖြူးမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဖြူးဆရာတော်လို့ နာမည်ကျော်ကြားတဲ့ ဦးနရပတိဟာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက် ၇နာရီ ရန်ကုန်မြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။


ဆရာတော်ကို ဗန်ကောက်မြို့ ဖာ့ရမ်ကောက် ဆေးရုံမှာ ကျောက်ကပ်ရောဂါကုနေရင်း အခြေအနေ အတော်ဆိုးလာတာကြောင့် ရန်ကုန် အာရှတော်ဝင်ဆေးခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လည်ကြွပြီး ဆေးကုသခံယူနေရင်း ပျံလွန်တော်မူသွားပုံ နဲ့ အန္တိမဈာပန ကျင်းပမဲ့ ကိစ္စတွေကို တပည့်ရင်းဖြစ်တဲ့ သံဃာတပါးက RFA ကို ခုလို မိန့်ပါတယ်။

တပည့်ရင်း သံဃာ။ ။ 'မနေ့ညက သွေးပေါင်တွေ ထိုးကျပြီးတော့ မနက်က အသက်တွေငင်ပြီး ပျံတော်မူသွားတာပေါ့နော်။ ဒိပြင်ဟာတော့ ထူးထူးခြားခြား မဖြစ်ဘူးပေါ့နော်။ ကျောက်ကပ် လဲထားတာက ၃ နှစ်လောက် ရှိပြီဆိုတော့ ကျောက်ကပ် ပိုးဝင်တာပေါနော့်။ တရားပွဲတွေသွားတော့ လူများတဲ့နေရာတွေ ဘာညာပေါ့နော်။ တရားပွဲတွေကလည်း ဆက်တိုက်ဖြစ်၊ ခရီးတွေက ကြမ်းပေါ့နော်။ တရားဟောရင်လည်း တော်တော်အချိန်တွေ ကြာကြာ ဟောတယ်လေ။ အဲ့ဒီတော့ ရောဂါပိုးကို မနိုင်တာပေါ့။ ရာမာနိုင်း(ဆေးရုံ) မှာ ၁၉ ရက်လောက် ကြာတယ်၊ တရားပွဲတွေပါတယ် မနက်ဖြန် ညကစပြီး တရားပွဲတွေ ၅ ညပေါ့နော်။ ၃ဝ ရက်နေ့ ဈာပန။ လောလောဆယ် တော့ စည်းဝေးတိုင်ပင်ပြီးတော့ ရတဲ့ဆရာတော်တွေ လက်လှမ်းမီသမျှ ပင့်မှာပေါ့နော် နာမည်ကြီး ဆရာတော်တွေကို။'

တပည့်ရင်းဆရာတော်တပါး မိန့်ကြားခဲ့တာပါ။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေကို အနီးကပ် ပြုစုခွင့်ရခဲ့တဲ့ သီလရှင်ဆရာလေး တပါးကလည်း ဗဟုသုတတွေကို အများကြီးပေးစွမ်းနိုင်တဲ့ တရားဟောကောင်းတဲ့ ဖြူးဆရာတော်လိုမျိုး ပျံတော်မှူသွားတာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု တရပ်ပါပဲလို့ ပြောပါတယ်။

သီလရှင်ဆရာလေး။ ။ 'သြော် ဒကာကြီးရယ်၊ ဆရာတော်ကြီးကတော့ တရားဟော ကောင်းတာကိုး၊ ဒီလိုမျိုး ဆရာတော်တွေ နောက်ထပ် အများကြီး ပေါ်ဖို့အတွက်လည်း မနည်းကြိုးစားရမှာလေ၊ အခုက ဓမ္မာစရိယက နည်းနေတာကိုး၊ နည်းနေတော့ ဗဟုသုတပေးတာက ဆရာတော်ကြီးတွေပဲ ရှိတာကိုး၊ တပါးပြီးတပါး ဆုံးရှုံးတယ်ဆိုတော့ ဆရာလေးတို့ဆီမှာလည်း နောက်ထပ် ဗဟုသုတ အများကြီး တိုးတက်အောင်လို့ ပြောနိုင်တဲ့ ဆရာတော်တွေက ဆရာလေးတို့တော့ သိပ်ပြီးတော့ မမြင်ဘူးပေါ့နော့်။ ဒီလိုဆရာတော်ကြီးတွေပဲ အများဆုံး ဟောနိုင်တာကိုး၊ အဲ့လိုမျိုးဆိုတဲ့ အခါကျတော့ စိတ်တော့ ဘယ်ကောင်းမလဲပေါ့နော် ဒကာကြီး။'

ဖြူးဆရာတော် ဦးနရပတိကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပင်စိမ်းခင်းကျေးရွာနေ အဖ ဦးဘဇွန် အမိ ဒေါ်ဒေါ်မေ တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်ရှိတဲ့အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ဆရာတော်ကို နိုင်ငံတော်အစိုးရက ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။ ပျံလွန်တော်မမူမီ နေကောင်းတဲ့အချိန်က ပြည်တွင်းပြည်ပ တရားနာ ပရိသတ်တွေကို တရား လှည့်လည်ဟောပြောခဲ့ပြီး တရားခွေပေါင်း ရာချီ ထုတ်ဝေခဲ့ပါတယ်။
http://www.rfa.org/burmese

အပြည့်အစုံဖတ်ချင်ရင်...

Monday, September 28, 2009

ဖိနပ်စာ မိခဲ့ကြတဲ့ လူသတ်တရားခံများ



မိုးမခအထောက်တော် အမှတ် ဝဝ၅
စက်တင်ဘာ ၂၈၊ ၂၀၀၉

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းကို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများဖြစ်သည့် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်ခေါင်းဆောင် ဟူဂျင်းတောင်တို့နှင့် တတန်းတည်း ဖြစ်သွားစေရန် မြန်မာ့အရေး လှုပ်ရှားသူတချို့က ဆောင်ရွက်ပေးလိုက်ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်သို့ ရောက်နေသော ဝန်ကြီး ဉာဏ်ဝင်းကို ဆန္ဒပြ မြန်မာပြည်သားတချို့က ဖိနပ်ဖြင့် ပစ်ပေါက်ကြသည်ဟု ယနေ့ည ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ကြေညာသွားသည်။

ကြက်ဥ၊ ကော်ဖီတို့ဖြင့်လည်း ပစ်ပေါက်ကြသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့ပစ်ပေါက်သည့် အရာများက ဝန်ကြီးကို ထိမှန်သည်ဟု သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ဖိနပ်ဖြင့် ပစ်ပေါက်သူကို ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

သို့သော်လည်း တခြားသတင်းတပုဒ်တွင်မူ အဆိုပါ ဖိနပ်သမားမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည် ဟု ဆိုသည်။

“ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာ ရဲက ဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေး လွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု komoethee.blogspot.com တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများက မြန်မာစစ်ခေါင်းဆောင်များ တည်းခိုရာ ဟိုတယ်ဝင်ပေါက်များအနီးတွင် ရှိနေသဖြင့် စစ်ခေါင်းဆောင်များမှာ ဟိုတယ်အတွင်း အချိန်အတော်ကြာကြာ ပိတ်မိနေခဲ့သည်ဟု သိရသည်။

ပိတ်မိနေသူများထဲတွင် ဝန်ကြီးချုပ် သိန်းစိန်လည်း ပါဝင်သည်။

နောက်ဆုံးတွင် သိန်းစိန်သည် ဟိုတယ်နောက်ဖေးပေါက်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်ခွာသွားနိုင်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဉာဏ်ဝင်းကဲ့သို့ပင် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်နိုင်ငံခြားရေး ဟူဂျင်းတောင် တို့လည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

နာဂစ် လူသတ်တရားခံ သိန်းစိန်နဲ့ ညဏ်ဝင်း ဖိနပ်များနဲ့ အပေါက်ခံရပြီ။





သိန်းစိန် နဲ့ ညဏ်ဝင်း ကို ဒီနေ့ နယူးယောက်ရှိ မြန်မာ များ က ဖိနပ်များနဲ့ ပေါက်ပြီးဆန္ဒပြလိုက်ကြပါတယ်။ သူတို့ နစ်ယောက်နဲ့  အဖွဲ့ ဟာ နယူးယောက်မြို့  ၃၉ လမ်း East Gate Hotel မှာ တည်းခို ကြတယ်။ ဆန္ဒပြတဲ့အင်အားစုများက နံနက် စောစော ၇ နာရီ မှာ ဟောတယ်ရှေ့ ကိုရောက်ကြတယ်။တနင်္လာနေ့ ဖြစ်တာတကြောင်း ၊ နံနက်လင်းအားကြီးဖြစ်နေတာတကြောင်းကြောင့်လူ ၂၀ ခန့် သာလာနိင်ပါတယ်။ သူတို့  နောက် လိုက်များ၊ သံတမန်လုံခြုံရေးများ၊ ရဲများကဆန္ဒပြအင်အားထက်ပိုမိုများနေပါတယ်။ နံနက် ၈ နာရီခန့် မှာ ညဏ်ဝင်းနဲ့ အဖွဲ့ က ကားနစ်စီးနဲ့ ထွက်လာတယ်။

ဟော်တယ်အပြင်ဖက်ရောက်လာတဲ့အခါမှာတော့ ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ညဏ်ဝင်းကိုလှမ်းပက်လိုက်ပါတယ်။ အနီးကပ်ပြစ်ခတ်ကြတာဖြစ်တယ်။
ညဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူလူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။
သံဃာနစ်ပါးနှင့် မမေစန္ဒာစိုးညွန့် ၊ မစိုးစိုးဝင်းတို့ က လူသတ်သမားများ၊ သူခိုးများ လို့ အော်ဟစ် ဆန္ဒပြကြပါတယ်။ သူတို့ ကြောက်အားလှန့် အားဖြစ်ပြီး ကားမောင်းပြေးပါတယ်။ သိန်းစိန် ကျန်ရစ်ခဲ့တယ်။ သိန်းစိန်ကားက ကားလမ်းကို ပြောင်းပြန်မောင်းပြီးပြေးပါတယ်။ ဆန္ဒပြသမားက ရဲများကို Ticket ပေး၊ Ticket ပေးလို့ ဝိုင်းအော်ပေးလိုက်ကြတယ်။ သိန်းစိန် ကားခေါင်းခန်းက ပါသွားတာကိုတွေ့ လိုက်ရတယ်။ ပြောင်နေတဲ့နဖူးကို ပတ်ဖို့ ထားတဲ့နောက်စေ့က ဆံပင်ကျို့ တို့ ကျဲတဲမှာ အခွေ လိုက်ပြုတ်ကြသွားတာကိုတွေ့ ရပါတယ်။


ဖိနပ်နဲ့ ပေါက်သူများကို ရဲကလာဖမ်းတယ်။ ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာရဲ ကဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေးလွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံးမရှိပါ။ လူနည်းသော်လည်း
ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ်ကြီးလှပါတယ်။

ဗွီအိုအေမှာ သတင်းထောက်နစ်ဦးက လာရောက်မှတ်တမ်းတင်ဗွီဒီယိုရိုက်ပါတယ်။ Mizzima သတင်းဌာနမှာ တယ်လီဖုန်းဖြင့်သတင်းရယူပါတယ်။ အာအက်ဖ်အေမှသတင်းထောက်များကိုမတွေ့ ပါ ။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ခြင်းမပြုကြပါ။ ဘီဘီစီ ကတော့ နိင်ငံရေးသုတေသီများ၊ပညာရှင်များ ရဲ့ မိန့် ဆိုချက်များမှလွဲ ပြီး ဒီလိုသတင်းမျိုးကို လွင့်ထုတ်လေ့ မရှိကြောင်းတွေ့ ရပါတယ်။

ဒီနေ့ ညနေ ၄ နာရီမှာ လည်းကောင်းတို့ တည်းခိုရာဟောတယ်ရှေ့ မှာဆက်လက် ဆန္ဒပြဦးမှာဖြစ်ပါတယ်။ နယူးယောက်ညီအကိုမောင်နမများ အင်အားပြကြဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ နေရာနဲ့  ဆက်သွယ်ရန်များကို အောက်မှာ ဖေါ်ပြထားပါတယ်။
http://komoethee.blogspot.com/

အပြည့်အစုံဖတ်ချင်ရင်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သန်းရွှေသို့ အိပ်ဖွင့်ပေးစာ

Burma Update - Daw Aung San Su Kyi's Letter to Snr Gen Than Shwe - 28 Sep 2009

အပြည့်အစုံဖတ်ချင်ရင်...

ဒုတိယရွှေဝါရောင် တော်လှန်ရေး 03.10.2009

Burma Monks SCMP

အပြည့်အစုံဖတ်ချင်ရင်...

Friday, September 18, 2009

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

Friday, 18 September 2009 19:00 ဉာဏ်မောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

http://www.yoma3.org/

အပြည့်အစုံဖတ်ချင်ရင်...

နိုင်ငံရေးအကျဉ်းသားတွေထဲကသူတို့တွေ လွတ်လာကြတယ်


U Nai Nai (MP-Pazuntaung Township)





1. Ma Eik Khaing Oo 2. U Tin Mya 3. Ko Nyi Nyi Min 4. Ko Kyaw Kyaw Thant 5. Monywar Aung Shin (a) U Aung Myint 6. U Nine Nine 7. Ma Tin Tin Myint 8. Ma Than Than Htay 9. Ma Than Than Sint 10. Ma Thin Min Soe 11. Ma Kyi Kyi Min 12. Ko Zaw Htut Aung 13. U Tin Myo Htut (a) Kyaw Oo 14. U Win Myint (Very Good) 15. U Kyaw Maung 16. U Nay Win 17. U Kyi Lin 18. U Soe Wai (a) Than Zaw 19. Shin Sandaw Batha. 20. Aung Gyi @ Aung Thwin


အပြည့်အစုံဖတ်ချင်ရင်...

Monday, September 7, 2009

ဓမ္မာစရိယ စာချဆရာတော် ကို နအဖ စစ်အာဏာရှင်မှ ဖမ်းဆီး

နာဂစ် မုန်တိုင်းဒုက္ခသည် ကူညီရေးတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က ဓမ္မာစရိယ စာချဆရာတော် ဦးဂေါသိတကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်အစိုးရက ဖမ်းဆီးလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အရှင်ဦးဂေါသိတဟာ တခြား သံဃာတော် ၇ ပါးနဲ့အတူ မုန်တိုင်းဒုက္ခသည် ကူညီရေးကိစ္စတွေအတွက် ထိုင်ဝမ်နိုင်ငံကို ခေတ္တ ကြွသွားပြီး မြန်မာနိုင်ငံကို အပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သံဃာတော်တပါးကအာအက်ဖ်အေကို အခုလို မိန့်ပါတယ်။

သံဃာ။ ။'ဆရာတော် ဦးဂေါသိတဟာ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ကိုယ်ဖိရင်ဖိ တကယ်ကို ကူညီစောင့်ရှောက်နေတဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။ အဲဒီဆရာတော်ကနေပြီး နာဂစ်ကယ်ဆယ်ရေးအဖွဲ့တွေကို ထိုင်ဝမ်ကို သူတို့ အလည်ခေါ်လို့ ကြွသွားကြတယ်။ ထိုင်ဝမ်ကို အလည်သွားပြီးတော့ အပြန်မှာ ဆရာတော ဦးဂေါသိတကို သူတို့ လေဆိပ်မှာပဲ ဆီးဖမ်းထားလိုက်တယ်။ အကြောင်းပြချက် ဘာမှ ခိုင်ခိုင်လုံလုံလည်း မပြဘဲနဲ့ ဒီလိုမျိုး မတရားဖမ်းဆီးလိုက်တာဟာ သူတို့က သပိတ်မှောက်ကံကို ထပ်ပြီးတော့ ကျူးလွန်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆရာတော်ရဲ့ တပည့်တွေနဲ့တကွ ဒကာ ဒကာမ အဝန်းအဝိုင်းကနေပြီး လုံးဝ မကျေမနပ် ဖြစ်နေကြပါတယ်'

ဒီအတောအတွင်းမှာပဲ မန္တလေးမြို့ ဈေးချို ဝါးတန်းကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာပါရမီ စာကြည့်တိုက်ကို ကူညီပေးနေတဲ့ အင်္ဂလိပ်စာဆရာ ကိုညို၊ မသန္တာနဲ့ မသဇင်တို့ကိုလည်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဝါးတန်းကျောင်းတိုက်မှာ စာကြည့်တိုက် ဖွင့်ထားသလို နိုင်ငံခြား ဘာသာစကားတွေလည်း အရင်က သင်ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို သူတို့ကို ဖမ်းဆီးထားတာဟာ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ဖို့ ထပ်မံကြိုးစားနေကြတဲ့ သံဃာတော်တချို့နဲ့ ပတ်သက်နိုင်တယ်လို့ နီးစပ်သူတဦးက ခန့်မှန်းပြောဆိုပါတယ်။

RFA သတင်းဌာန

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, September 2, 2009

နအဖက လှည့်တိုက်နိုင်တယ် သတိထားကြပါ

အခုတလော မူဆလင် နဲ့ ပတ်သက်တဲ့ maill တွေ တော်တော်ဝင်နေတယ်၊ သတိထားကြပါ သီတင်းသုံးဖော်တို့ ။ မဟာမြတ်မုနိ ဘုရားကို ဖောက်တုန်းကလည်း မူဆလင်ဖက်ကို မြားဦးလှည့်ပေးလိုက်ပြီးပြီ။ အခုလည်း သူတို့ တွေဖက် မြားဦးလှည့်မှာစိုးလို့ မူဆလင်နဲ့ ဘုန်းကြီးကို ရန်တိုက်ပေးဖို့ လုပ်နေကြတယ်၊ သတိထားကြပါ။ အပြစ်မဲ့တဲ့ ဘာသာရေး ညီအကိုတွေ ချစ်ခင်မူမပျက်ပါစေနဲ့ ။

အပြည့်အစုံဖတ်ချင်ရင်...

တတိယအကြိမ်သံဃာ့ထုသပိတ်ကံဆောင်ခြင်း စဉ်းစားရွေးချယ်ရန် ပုံစံ(၄)မျိုး

Photobucket




(၁) သြ၀ါယစရိယဆရာတော်ကြီးမှအာမခံဦးစီး၍ သိမ်အတွင်း၌ ပ၀ါရဏာအပြီး ဆက်လက်ကံဆောင်ခြင်းနှင့်ထိုင်သပိတ်တိုက်ပွဲဖော်ခြင်း။

(၂) သံဃာထုအင်အား (၅၀၀-၁၀၀၀)ခန့်ဖြင့် မြို့ တစ်ခုတွင် သိမ်ကြီးတစ်ခုအား စုပေါင်းဝင်ရောက်၍သပိတ်ကံဆောင်ပြီး ထိုင်သပိတ်ဆင်နွဲခြင်း (သို့) လမ်းလျှောက်မေတ္တာပို့သပိတ်ကံဆောင်ခြင်း။

(၃) ရဲရင့်စွာဖြင့်တစ်ပါးတည်း ဦးဆောင်တိုက်ပွဲဖော်ဆောင်နိုင်သည့်ကိုယ်တော်များမှ သိမ်တစ်ခုတွင် တစ်ပါးစီတာဝန်ယူ၍ ပ၀ါရဏာအပြီး အခြားသိမ်များရှိသံဃာများနည်းတူ ဝေငှပေးလိုက်သည့် ကမ္မ၀ါစာများဖတ်ကြားရန် ကြေငြာပြီး စတင်ဖတ်ကြား၍ သိမ်တွင်းရှိသံဃာထုကိုဖိတ်ခေါ်ကံဆောင်ခြင်း၊

(၄) ဆက်လက်၍သံဃာထုပါဝင်မှုပေါ်မူတည်၍ သံဃာထုဆန္ဒနှင့်အညီ ထိုင်သပိတ်ပြုခြင်း၊ လမ်းလျှောက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဘုရားစေတီပုထိုးများပေါ်တွင်
ဆုတောင်းမေတ္တာပို့သခြင်း။

၂၀၀၉ခုနှစ် အောက်တို့ဘာ (၃)ရက်နေ့တွင် မိမိတို့သံဃာထုရှိ ဦးဆောင်သံဃာများ ပူးပေါင်းပါဝင်မည့်ဆရာတော်သံဃာတော်ကြီးများအား စစ်မိစ္ဆာများမှ
ဖမ်းဆီးထိမ်းသိမ်းထားပါက ပူးပေါင်းပါဝင်ဆင်နွဲမည့်ကိုယ်တော်များမှ မိမိကျောင်းဌာနများတွင် သပိတ်ကံဆောင်၍ နေစဉ့်ဘုရားစေတီပုထိုးများသို့ ချီတက်လမ်းလျှောက်မေတ္တာပို့သခြင်း၊ ဆုတောင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့် နေ့စဉ်ဆင်နွဲခြင်းဖြင့် သပိတ်ကံ
အရှိန်မြှင့်ဆောင်ရွက်ခြင်း။

မှတ်ချက် - အထက်ပါ စဉ်းစားရွေးချယ်မှု ပုံစံ(၄)မျိုးအတွက် ယခုအချိန်တွင် ပါဝင်ဦးဆောင်မည့်သံဃာများမှသေချာတိကျစွာသတ်မှတ်၍ ၂၀၀၉ ခုနှစ် အောက်တို့ဘာ (၃)ရက် မတိုင်မှီ မည့်သည့်မြို့  မည်သည့်သိမ်တွင်မည်သို့သောပုံစံဖြင့်၊ မည်သို့ဆောင်ရွက်မည်ကို အဖွဲခွဲဦးဆောင်တာဝန်ရှိသံဃာများမှ မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဆက်သွယ်ရေး တာဝန်ခံများဆီသို့ အကြောင်းကြားပေးပို့ပါရန် လျှောက်ထားအပ်ပါသည် ဘုရား…

မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သာမဂ္ဂီအဖွဲ့




အပြည့်အစုံဖတ်ချင်ရင်...

Tuesday, September 1, 2009

အာရှငါးနိုင်ငံက မြန်မာသံဃာများ သပိတ်ကော်မတီဖွဲ့စည်း



အေးနိုင်
၃၁ သြဂုတ် ၂၀၀၉- အာရှနိုင်ငံ ငါးနိုင်ငံက သံဃာတော်တွေ စုစည်းပြီး သပိတ်ကော်မတီဖွဲ့စည်းလိုက်ကြပါတယ်။
ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံရောက် သံဃာတော်တွေ အစည်းအဝေးကနေ သပိတ်ကော်မတီကို ဖွဲ့စည်းတာလို့ အစည်းအဝေး တက်ရောက်တဲ့ သာသနာ့ဥသျှောင်(ဘင်္ဂလားဒေ့ရှ်) အတွင်းရေးမှူး ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မနေ့က အစည်းအဝေးကနေ ဆံငုးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့တယ်လို့ အဆိုပါ သံဃာကမိန့်ကြားပါတယ်။
“သီတင်းကွတ် လပြည့်နေ့ မြန်မာနိုင်ငံထဲမှာ တတိယအကြိမ် သံဃပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်၊ ကံဆောင်တဲ့နေရာမှာ ဦးဇင်းတို့အနေနဲ့ ပြည်ပမှာရှိတဲ့ သံဃာများ သပိတ်ကော်မတီဖွဲ့ပီးတော့ ပြည်တွင်းမှာ သံဃာ့တပ်ဦးလည်းဖွဲ့မယ်၊ အဲဒီ သံဃာ့တပ်ဦးတွေကနေ ဦးဇင်းတို့ ပူးပေါင်းပြီး ဆောင်ရမယ်ဆိုပြီး အစည်းအဝေးလုပ်ကြတာပါပဲ”။
ကျန်ဆုံးဖြတ်ချက်တွေကတော့ ပြည်တွင်းမှာ ဖွဲ့စည်းလှုပ်ရှားမဲ့ သံဃာ့တပ်ဦးတွေနဲ့ သပိတ်ကော်မတီ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းလှုပ်ရှားတဲ့ သံဃာတွေအတွက် သပိတ်ကော်မတီက ဘဏ္ဍာငွေရှားဖွေပေးမှာ ဖြစ်သလို၊ ပြည်တွင်းသံဃာထုအကြားမှာ သံဃာ့တပ်ဦးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းကာ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစိုးရပြုတ်ကျတဲ့အထိ ဆောင်ရွက်ရေး စတာတွေ ပါဝင်တယ်လို့ ဦးပဇင်း ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စစ်အစိုးရထံကနေ အချက် ၃ ချက် တောင်းဆိုထားပြီး အဲဒီ ၃ ချက်ကတော့ ၂၀၀၇ ခုနှစ်က ပခုက္ကူသံဃာတွေအပေါ် အကြမ်းဖက်မှုကို တောင်းပန်ဖို့၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတွေကိုပြန်လွတ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့တို့ဖြစ်ပါတယ်။
စစ်အစိုးရက အဲဒီအချက်တွေ မလိုက်လျောရင် တတိယအကြိမ်မြောက် သံဃပတ္တနိက္ကုဇ္ဇနကံဆောင်မယ်လို့ ကြေညာထားပါတယ်။

http://burmese.dvb.no/news.php?id=8359

အပြည့်အစုံဖတ်ချင်ရင်...

Monday, August 31, 2009

ယနေ့ နောက်ဆုံးရ သံဃာအဖမ်းအဆီး သတင်းများမှာ - - -

ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော်
ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။
ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမလည်း
ကြာသပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်။



ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ
ဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်းခံလိုက်ရသည်ဟု
ကြားသိရသည်။ နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယအကြိမ်
သပိတ်အား အကြီးအကျယ်ကြောက်လန့်နေ သည့်အတွက် သံဃာတော်များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော်များက လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့် လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့် ရေနစ်သေခါနီးသောသူကဲ့သို့
နောက်ဆုံးအချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊
အာဏာတည်မြဲရေးအတွက် အနန္တဂိုဏ်းဝင် သံဃာတော်များအား အမျိုးမျိုးဒုက္ခပေး
ဖမ်းဆီး အရေးယူနေသည်။ ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့အဖွဲ့အစည်းသည် လက်ရှိအခြေအနေတွင် နအဖစစ်အာဏာရှင်အား ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော ခိုင်မာကျစ်လစ်သည့်အဖွဲ့အစည်းဖြစ်သည်။
သံဃာတော်များအား ၀ါမကျွတ်မီ အခုလိုဖမ်းဆီးနေသည့်အတွက်
အကျဉ်းထောင်များတွင် ၀ါကျွတ်ရရှာ တော့မည်။ သံဃာတော်များအား အခုလိုဖမ်းဆီးနေခြင်းသည် မြတ်စွာဘုရား၏ ၀ါတွင်းခရီးမထွက်ရဟူ

သော ၀ိနည်းဥပဒေကိုလည်း နအဖစစ်အာဏာရှင်က ချိုးဖောက်ပြီး
သာသနာတော်ကို ရက်ရက်စက်စက် စော်ကားလိုက်ချေပြီ - ဟု

ပြည်တွင်းရှိ သံဃာတော်တစ်ပါးမှ ၀မ်းနည်းကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။

ဆက်လက်ပြီး သံဃာတော်များနှင့် ပတ်သက်သည့်သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်တင်ပြပါမည်။

အပြည့်အစုံဖတ်ချင်ရင်...

Thursday, August 27, 2009

ရွှေပေါ်ကျွန်း ဆရာတော်၏ တဘောင်

၁) မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်။
၂) သူပုန်ထကာ မင်းမိစ္ဆာ ချက်ချင်းကျလိမ့်မည်။
၃) မင်းကျင့်တရား ထုံး(၁၀)ပါး နဂါးတပ်က အောင်လိမ့်မည်။
၎) စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင် ထိုးစစ်ဆင်လိမ့်မည်။
၅) တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်။
၆) နဂါးတက်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်။
၇) ထိုနေ့အခါ ပြည်မြန်မာ သာယာဝပြောမည်။
၈) မိစ္ဆာရဲ့လမ်းက ကျယ်ပါဘိ၊ နောက်တက်မယ့်မင်းက ငယ်ပါဘိ။
၉) ထိုနေ့အခါ မင်းမိစ္ဆာ၊ ယတြာဘယ်လိုကောင်းကောင်း တပေါင်းမကျော်ပြီ။
၁၀) မန်းတောင်က တောင်သမန်ရေ နှစ်ခါဖွေး ပြည်တော်ပြန်မိန်းကလေး တက်မှအေး။

(၁၉၉၁-၁၉၉၂)

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 25, 2009

သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ





မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက် ထုတ်ရတာပါလဲဘုရား။

ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊ နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့ သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။ နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့ ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊ ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့ အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင် ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင် သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက် ၀မ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ် ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊ အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့ မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့ ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး ၀န်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။ ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့ ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး ၀န်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊ ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့ သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့ တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင် မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈) ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။ ၀ိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင် မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့ သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့ အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက် အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။ သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့ ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန လိုက်နာဖို့လိုပါတယ်။

မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈) ချက်က ဘာတွေပါလဲဘုရား။

ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက် (၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။ အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင် ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။ သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့ လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။ တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊ တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက် ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင် မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့ ၀ိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင် လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆) တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက် အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့ ဖြစ်ပါတယ်။

မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့ ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။

ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊ ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။ ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊ သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့ သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။

မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင် ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။

ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊ လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊ ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင် လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇ ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။ သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇ တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့ သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့ အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့် စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။

မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့ ၀ိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊ နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက ၀ိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။ မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။ စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင် လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊ သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊ ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။

http://www.khitpyaing.org/interviews/Aug09/250809.php

အပြည့်အစုံဖတ်ချင်ရင်...

Friday, August 21, 2009

ဒါတွေကို သပိတ်မှောက်ရမယ်

တိုင်းပြည်ဖျက်သူ အဓိကတရားခံများကို ဖေါ်ထုတ်သပိတ်မှောက်ခြင်း

လက်ရှိမြန်မာနိုင်ငံနှင့်ပတ်သက်၍
ပြည်တွင်းပြည်ပမှမြန်မာလူငယ်များအချင်းချင်း လွတ်လပ် ပွင့်လင်းစွာဖြင့်
တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်အဖြစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊
စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အစရှိသည့် အဖက်ဖက်တွင်
နိမ့်ကျပျက်စီး၍ ပြည်သူလူထုအားလုံး ဒုက္ခများစွာနှင့် ကြုံတွေ့နေရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ၄င်း တို့ မိသားစု၏ ကိုယ်ကျိုးစီးပွါး အတွက်
နိုင်ငံတော်၏ အမြင့်ဆုံး အမိန့်အာဏာကို အလွဲသုံးစားလုပ်၍ စီမံခန့်ခွဲ
ချယ်လှယ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၊
ယင်းတို့နှင့်ပူးပေါင်း၍ မတရားကိုယ်ကျိုးရှာနေကြသော
စီးပွားရေးသမားများကြောင့် ဖြစ်သည်ကို ကန့်ကွက်သူမရှိ တွေ့ရှိလာရပါသည်။
ထို့ ပြင် မိမိ၏ အာဏာတည်မြဲစေရေး အတွက် တပ်မတော် နှင့် ပြည်သူတို့  အကြား
အထင်လွဲမှားစေမှုများ အစဉ်တစိုက်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့်
နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်
တာဝန်ယူထားသည့် မြန်မာ့တပ်မတော်အနေဖြင့် အမိန့်အာဏာကို
အလွဲသုံးစားလုပ်ပြီး မတရားကိုယ်ကျိုးရှာနေကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှင့် မိသားစု ၊ ကြံရာပါ စီးပွါးရေး လုပ်ငန်းရှင်များအား တပ်မတော်၏
ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကိုငဲ့၍ ထိရောက် ပြတ်သားစွာ အရေးယူပေးပါရန်
ပြည်သူလူထု ကိုယ်စား ပြည်တွင်း ပြည်ပမှ မြန်မာလူငယ်များမှ
တောင်းဆိုအပ်ပါသည်။ ယင်းတို့၏ ကိုယ်ကျိုးရှာ
မတရားစီးပွါရေးလုပ်ငန်းများကို ဖေါ်ထုတ်၍ မိမိတို့သေရေးရှင်ရေးအတွက်
မရှိမဖြစ်သုံးစွဲရသော ပစ္စည်းများမှလွဲ၍ လုံးဝမ၀ယ်ယူ မစားသုံးခြင်းဖြင့်
ပြည်သူအားလုံးက အဆင့်ဆင့် သပိတ်မှောက်ဆန္ဒပြကြမည်ဖြစ်ပါသည်။ စာရိတ္တသပိတ်
စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာကြည့်သော
စာပေသမား အမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ...
သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း
ပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။ ၁။
မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း ) ၂။ မြန်မာတိုင်း
ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး ) ၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး
) ၄။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး ) ၅။ သတင်းလွှာဂျာနယ် (
ဒေါက်တာတင်ထွန်းဦး ) ၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် ) ၇။ အချစ်ဂျာနယ် (
ဦးမြတ်ခိုင် ) ၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် ) ၉။
ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် ) ၁၀။ ကြီးပွားရေးမဂ္ဂဇင်း (
ဦးမြတ်ခိုင် ) ၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် ) ၁၂။ ပေါ်ပြူလာဂျာနယ် (
ဦးဟိန်းလတ် ) ၁၃။ မြန်မာ့အလင်း သတင်းစာ ၁၄။ ကြေးမုံ သတင်းစာ
ပြည်သူလူထုအနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့ 
ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
အပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ
ကိုယ်ကျိုးရှာစီးပွားရေး သမားများအား ပြင်းထန်စွာ ဆန်
့ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှု
လုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိတို့နှင့်နီးစပ်ရာကို သတင်းဖြန့်ဝေပေးကြပါရန်လည်း
တိုက်တွန်းနှိုးဆော်အပ်ပါသည်။



--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, August 19, 2009

ပစ်မှတ်

ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတရပ်လုံး ပါဝင်လာစေနိုင်မည့်အချက်များ

၁။ အလုပ်သဘောမပါသည့် စတိတ်မင့်ထုတ်ဝေခြင်းများကို ရှောင်ရှားရမည်။
၂။ ပြည်သူတို့အား လမ်းညွှန်သည့် အလုပ်သဘောပါသော စတိတ်မင့်များကို ထုတ်ဝေရမည်။
၃။ အန္တရာယ်နည်းပါး၍ လွယ်ကူသောအက်ရှင်တွေ ဖြစ်ဖို့ အရေးကြီးသည်။
၎။ အများကလက်ခံနိုင်သော စံတန်ဘိုးများ ဖြစ်ရပါမည်။
၅။ အကြမ်းဖက်သော အက်ရှင်များ လုံးဝ မဖြစ်စေရ။
၆။ ရဲဘော်အချင်းချင်း အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်၏။
ရ။ မောက်မာသောရဲဘော်များအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ ပေးသင့်၏။
၈။ အခြားမြို့မှ စတင်သည့်အက်ရှင်အား မိမိ၏မြို့နယ်နှင့် လိုက်လျောညီထွေဖြစ်သော အသွင်သဏ္ဍန်ဖြင့် အမြန်ဆုံးဖေါ်ဆောင်နိုင်ရမည်။
၉။ မီဒီယာသတင်းများကို နားထောင်ရင်း မိမိကလည်း အခြားနယ်မြေမှမိတ်ဆွေများ အားတက်စေမည့်သတင်းများကို ဖန်တီးရမည်။
၁၀။ အခွင့်အရေးကောင်းရလျင်ရခြင်း အရှိန်အဟုန်မြင့်တင်နိုင်ရန် ကြိုတင်စီမံထားခြင်း။

အက်ရှင်

၁။ ထင်သာမြင်သာအက်ရှင်
ဥပမာ။ ဆုတောင်းပွဲများနှင့် တူညီဝတ်စုံများဝတ်ဆင်ခြင်း။ မေတ္တာသုတ်ရွတ်ဆိုစေခြင်းစသည်...။
၂။ လျှို့ဝှက်အက်ရှင်
မိမိလုပ်တာကို ဘယ်သူမှ မသိစေဘဲ အများပြည်သူအားလုံးသိရှိစေရမည်။
ဥပမာ။ လှုံ့ဆော်စာများဖြန့်ဝေခြင်း။ငွေစက္ကူပေါ်ရှိ ခြင်္သေ့ဦးခေါင်းက်ု မှင်တံဖြင့် ကြက်ခြေခတ်ခြင်း စသည်တို့ဖြစ်သည်။
အက်ရှင်တိုင်းတွင် မောင်းနှင်အားတွေရှိသည်။ အက်ရှင်ရှိမှ အလုပ်ရမည်။ အလုပ်ရှိမှ လှုပ်ရှားမှုဖြစ်ထွန်းမည်။
အပြိုင်အဆိုင်လှုပ်ရှားမှုဖြင့် တဦးနှင့်တဦး တမြို့နှင့်တမြို့ ယုံကြည်မှုတွေ ရရှိလာမည်ဖြစ်ပါသည်။
ယုံကြည်မှုဖြင့် ဇွဲလုံ့လ၀ိရီယကို အင်အားကြီးစေ၏။
--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁နှစ်ခွဲ ချလိုက်ပြီ


ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ်ချမှတ်ကြောင်း စီရင်ချက်ချလိုက်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် သက်ညှာသည်ဟု ဆိုကာ ထောင်ဒဏ်ကို ၁နှစ်ခွဲ ဟု လျှော့ချပေးလိုက်ပြီး ထိုထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ် အဖြစ် နေအီမ်တွင် ပင် အကျယ်ချုပ်နှင့် နေရမည်ဖြစ်သည်။ အတူနေသူ နှစ်ဦးကို လည်းထိုသို့ အလားတူ ပင် စီရင်ချက်ချ ခဲ့သည်။
ဂျွန်ဝီလျှံ ယက်တောကိုမူ ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ကြောင်း သိရပါသည်။
မည်သို့ပင်ဖြစ်စေ နအဖ စစ်အာဏာရှင်များအနေဖြင့် သူတို့ အလိုကျဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆောင်ရွက် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်ဖြင့်သာ ရှိစေလိုသည့် ဆန္ဒကို အကောင်အထည်ဖေါ် လိုက်ခြင်းဖြင့် မည့်သည့် ညှိနိုင်းမှုမှ ဆောင်ရွက်မည် မဟုတ်ကြောင်းထင်ရှားစွာပြလိုက်ခြင်းသာ ဖြစ်ပါတော့သည်။


အပြည့်အစုံဖတ်ချင်ရင်...