Friday, September 18, 2009

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

Friday, 18 September 2009 19:00 ဉာဏ်မောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

http://www.yoma3.org/

0 comments: