Wednesday, December 30, 2009

တစ်ယောက်တော့ရှိတယ်






ဘယ်နေရာမဆို ဘယ်သူ့ထံမဆို

မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်

တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။

ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။

သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို

အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်

တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။

သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်

သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။

သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်

လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။

သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်

သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။

သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်

တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။

တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။

သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ

မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ

မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။

အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?

“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

(၃၀၊ ၁၂၊ ၂၀၀၉) ၁၃၇၁ ခု၊ “ပြာသိုလပြည့် အမေနေ့”ကို ဂုဏ်ပြုလျက်။

တောင်တန်းသာသနာပြုဆရာတော်

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, December 23, 2009

အမှန်တရားသည် သေဒဏ်နှင့်အမိမြန်မာပြည်



မြန်မာပြည်ကြီး၏ ကံကြမ္မာသည် အသက်ထွက်ခါနီးလူမမာတစ်ယောက်ပမာ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေ၊ လူတိုင်းရင်မှာတော့ သောကအထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာကိုယ်စီဆွဲထားခြင်းကိုခံနေကြရပြီ၊ ထမင်းရေတစ်ခွက်ကို နတ်သုဒ္ဓါလိုထင်မှတ်ကာ သောက်ဖို့ချောင်းနေကြတဲ့ သူတောင်းစားခွက်ပျောက်တွေကလဲ အလျှိုလျှိုပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွားအမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်းများစွာနဲ့……….။

ဒီလိုပြော ဒီလိုမောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ဘ၀တွေကိုအဆုံးသတ်ခံကြတော့မလား၊ငါတို့ဟာ ငတုံးငညံ့တွေအဖြစ် ငါတို့ရဲ့ သားစဉ်မျိုးဆက်တွေအတွက် ချန်ထားရစ်ခဲ့ကြတော့မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်းမရှိကြတော့တဲ့ လူသားတွေအဖြစ် မိမိကိုယ်မိမိ သတ်မှတ်လိုက်ကြပြီလား၊ မကောင်းမှန်းလဲသိတယ်၊ မဖြစ်သင့်မှန်းလဲသိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲလုပ်ဆိုတဲ့ တရားမျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ်ရဲတဲ့သတ္တိတွေ မပြကြတော့ဘူးလား၊ သာကီမျိုးဟေ့ဒို့ဗမာဆိုတာတွေရော ပုံပြင်တွေအဖြစ် စာအုပ်တွေထဲမှာ ကျန်ရစ်ခဲ့ကုန်ပြီလား…….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်းစုတ်ပြတ်ရိရွဲနေတဲ့ သီအိုရီကို လက်မခံ တွန်းလှန်ဖယ်ရှားပစ်ရေးသည် မြန်မာနိုင်ငံသားမှန်သမျှ မဖြစ်မနေလုပ်ဆောင်ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန်ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန်ကျေပွန်ရမည်၊ သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်းပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်လုံးဝလွတ်လပ်ရေးဟူသောတစ်ခုတည်းသောခေါင်းစဉ်ကိုအမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ပီပီပြင်ပြင်ချမှတ်နိုင်ခဲ့သည်။အမျိုးသားရေးတာဝန်ကိစ္စကိုပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသားနိုင်ငံရေးဆိုသည့်မူကိုချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင်သွားနိုင်ခဲ့သည်။ဗိုလ်ချုပ်သည်သူချစ်သည့်မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် သူ့အသက်ကိုပေးစွန့်ပြီး တာဝန်ကျေပြွန်စွာလွတ်လပ်ရေးကိုအရယူပေးနိုင်ခဲ့သည်။

မြန်မာပြည်သည် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပြားပြာမှောက်ခဲ့ရသဖြင့် အဆင့်အတန်းမမီ ဆင်းရဲမွဲတေသည့်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကိုခဏတာဘေးဖယ်ထားပီး တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စတာတွေ ဘယ်အဆင့်အတန်းရောက်နေသလဲဆိုတာ ဝေးဝေးလံလံပြေးကြည့်စရာမလိုပါ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ့ရှင်းကနဲတွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေရဲ့ခံစားနေရတဲ့ဒုက္ခအထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်ကပညာမဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက်လူရမ်းကားတွေပေါများလာတယ်၊ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ တိရစ္ဆာန်ဝါဒတွေခေတ်စားလာတယ်၊ ဗုဒ္ဓဘာသာကြီးစိုးတဲ့တိုင်းပြည်၊ ကိုယ်ချင်းစာတရားတွေအပ်ကြောင်းထပ်နေအောင် ထားစရာနေရာမရှိလောက်အောင်ပြန့်နှံ့ ခဲ့သည့်တိုင်းပြည်၊ ဒီတိုင်းပြည်မှာဒီနေ့ ဒီတရားတွေမရှိတော့ဘူး၊ အာဏာနဲ့ငွေရှိဖို့ပဲလိုတယ် ကျန်တာတွေ ဘာတစ်ခုမှအရေးမကြီးဆိုသည့် မှားယွင်းသည့်အယူအဆတွေ၊အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့စီးဝင်လျှက်ရှိနေပေပြီ။ ဒီလိုတရားမရှိထင်ရာစိုင်းအုပ်ချုပ်နေတဲ့သူတွေက တည်ဆောက်ပါမယ်ဆိုတဲ့ဒီမိုကရေစီက ဘာဒီမိုကရေစီလဲဆိုတာ တိရစ္ဆာန်ပင် နားလည်နိုင် မည်ထင်ပါသည်။

မဟုတ်မဟတ်ယုံတမ်းစကား ပလီပလာ မာယာပရိယာယ်အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော်အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖခေါ်သည့်စစ်အုပ်စုသည် သန်း(၅၀) ကျော်သောပြည်သူတွေကို ၂၀၁၀ သေတွင်းမီးလောင်တိုက်ထဲသို့ ပို့ဆောင်နေကြပြီဖြစ်သည်။ နာဇီဂျာမန် ဟစ်တလာသည် ဂျူးလူမျိုးတို့အား မီးလောင်တိုက်သွင်းခြင်းက တစ်ကြိမ်တစ်ခါသာသေခဲ့ကြရသည်။ ၂၀၁၀ မီးလောင်တိုက်ကတော့ သားစဉ်မျိုးဆက် အကြိမ်ကြိမ်သေကြရမည့် မီးလောင်တိုက်ကြီးတစ်ခုဖြစ်နေသည်ကို သိရှိနားလည် သဘောပေါက်ကြရန် အထူးအရေးကြီးလှပေသည်။

တိုင်းပြည်တစ်ခုပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့အရေးကြီးပေသည်။အချင်းချင်းသစ္စာရှိရမည်၊ အပြန်အလှန်နားလည်မှုတည်ဆောက်ကြရမည်။ ပြည်သူလူထုအကျိုးကိုရှေ့ရှုပြီး တိုင်းပြည်အကျိုးစီးပွားကို အတူတကွအားလုံးပူပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုးမုန်းတီးရေးဝါဒ တွေကို စွန့်လွတ်ကြရမည်၊စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာအားထားရာ ဟူသည့် ဆင်ကန်းတောတိုး စရိုက်တွေကို ပြုပြင်ပြောင်းလဲပစ်ရမည်ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကိုတည်ဆောက်ဖို့မကြိုးစားပဲ အမှန်တရားသည် သေဒဏ်အဖြစ် သတ်မှတ်ကာ လက်နက်အားကိုး အာဏာအားကိုးပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ညှင်းပမ်းနှိပ်စက် ထင်တိုင်းကြဲကြဦးမည်ဆိုပါက ။
တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)
၂၃.၁၂.၂၀၀၉



အပြည့်အစုံဖတ်ချင်ရင်...

Saturday, December 19, 2009

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၇၁) နှစ်ပြည့် ဂုဏ်ပြု ကဗျာ



ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ
မောင်လေးအောင်

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။

ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။

ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။

သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။

ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။

စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။

ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။

ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့  ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။

ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။

လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။

ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။

ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။

မောင်လေးအောင်


အပြည့်အစုံဖတ်ချင်ရင်...

Monday, December 14, 2009

စစ်တပ်ကို နိုင်ငံသားများထက် အခွင့်ထူးပေးထားသော အခြေခံဥပဒေ

မြန်မာ့နိုင်ငံရေး ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပါသည်။ နိုင်ငံရေး ဖြေရှင်းမှုများ၏ ရလဒ်မှာ အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများဖြင့်သာ အမြဲတမ်းလိုလို အဆုံးသတ်ခဲ့သည်။ ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများ၊ သဘာဝဘေးဒုက္ခများကို ခါးစည်း ခံစားနေကြရသော ပြည်သူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မဲပေးခဲ့ကြရပါသည်။

သာမန်ပြည်သူများအနေဖြင့် အရပ်သားအစိုးရအသစ်အောက်တွင် ဖိနှိပ်ချုပ်ချယ်မှုများ လျော့ပါးလာနိုင်သည်ဟု မျှော်လင့်နေနိုင်ပါသည်။ သို့ရာတွင် စစ်အစိုးရက ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ တတိယမြောက် အခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးတွင် ဦးဆောင်မည် ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွေးဖွားလာပြီး ၎င်းတို့၏ အခန်းကဏ္ဍသည် တိုင်းပြည် မပြိုကွဲစေရန် ကာကွယ် စောင့်ရှောက်ရေးဖြစ်သည်ဟု ယုံကြည်နေကြသော (၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်စေရန် အစဉ်အဆက် ဆင်ခြေ ပေးလာသော) စစ်အစိုးရသည် အခြေခံဥပဒေအသစ်တွင် "နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ" ဆိုသည့် ဥပဒေဆိုင်ရာ ခံတပ် တခုကို တည်ဆောက်ခဲ့ပါသည်။

ထိုအချက်သည် စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေ၏ အဓိက ကျောရိုးဖြစ်ပြီး အရပ်သား နိုင်ငံရေးသမားကို မယုံကြည်မှု၊ လူ့အဖွဲ့အစည်းတခုအတွင်း အများပြည်သူနှင့် သက်ဆိုင်သော အခန်းကဏ္ဍတွင် ညီညွတ်သည့် သဘောတူညီချက် တခု တည်ဆောက်ရေးအပေါ် မယုံကြည်မှုတို့ကို ဖော်ညွှန်းနေပါသည်။

ဒီမိုကရေစီနိုင်ငံရေးသီအိုရီအရ နိုင်ငံရေးပါတီတခုက ပြည်သူအများစု၏ ထောက်ခံ ရွေးချယ်မှုဖြင့် ပြည်သူ့လွှတ်တော် နေရာ အများစုကို အနိုင်ရခဲ့လျှင် တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေသည် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သော ညွန့်ပေါင်းအစိုးရပုံစံကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

သို့သော်လည်း ထိုသီအိုရီနှင့် မတူခြားနားသည့် အချက်မှာ မြန်မာနိုင်ငံ၏ အခြေခံဥပဒေက စစ်တပ်အုပ်စိုးသူများကို ဆန့်ကျင်မည့် နိုင်ငံရေးပါတီတခုက လွှတ်တော်တွင် လွှမ်းမိုးမှု မရှိစေရန် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

စစ်သားနှင့် ဥပဒေပြုခြင်း

ထို့ကြောင့် အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်တွင် စစ်တပ်က ခန့်အပ်သည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည့် "စည်းကမ်းပြည့်ဝသောဒီမိုကရေစီ" ဖော်ဆောင်ရေး ဆိုသည့် အယူအဆအပေါ် အခြေခံ ရေးဆွဲခဲ့ပါသည်။ နိုင်ငံရေးပါတီ တခုက မဲအများစုဖြင့် အနိုင်ရရှိခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမျိုး ထပ်မံ မပေါ်ပေါက်စေရန် လုပ်ဆောင်သည့် အစီအမံတခု ဖြစ်ပါသည်။

ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိမည့် ပြည်သူ့လွှတ်တော်တွင် စစ်တပ်က နေရာပေါင်း ၁၁၀ ယူထားသည်၊ ကိုယ်စားလှယ် ၂၂၄ နေရာရှိသော အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ ရယူထားပါသည်။ ထို့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဥပဒေပြုလွှတ်တော်များနှင့် အဖွဲ့များတွင်လည်း အလားတူ ဝေစုကို ရယူထားပါသည်။ အခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည) တွင် အစိုးရ၀န်ထမ်းများ လွှတ်တော် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တားမြစ်ထားသော်လည်း စစ်မှုထမ်းများကို ခြွင်းချက်ဖြင့် ခွင့်ပြုထားပါသည်။

လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရယူထားသော်လည်း စစ်တပ်သည် ဥပဒေပြုရေး လုပ်ငန်းများတွင် အဓိက အဟန့် အတား ပြုနိုင်ပါသည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လည်းကောင်း၊ ဥပဒေအသစ် တခုခုကို ပြဌာန်းလိုသည့် အခါတွင် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံ အတည်ပြုမှု ရရှိရန် လိုအပ်ပါသည်။

ထိုအခြေအနေတွင် ရာခိုင်နှုန်းပြည့် ညီညွှတ်နေသည့် တိုင်အောင် နိုင်ငံရေးပါတီတခုသည် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ၏ သဘော တူညီမှုမရဘဲ ဥပဒေတခုကို ပြဌာန်းနိုင်မည် မဟုတ်ပါ။ ဤသို့ဖြင့် နိုင်ငံရေး ပါတီများသည် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ရန် သို့မဟုတ် အပေးအယူလုပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

သို့ရာတွင် စစ်တပ်က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေ တခုခုကို အတည်ပြုလိုလျှင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလို သို့မဟုတ် အတည်ပြုပေးရန်သာ ဖြစ်သည်ကို အခြေခံဥပဒေပုဒ်မ ၂၀ (ခ) တွင် "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်" ဟု ပြဌာန်းထားသည်။

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စများ အတွက် လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ ဖွဲ့စည်းသည့်အခါ စစ်တပ် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရန်နှင့် လုပ်ငန်းအပေါ် မူတည်၍ လိုအပ်မှသာ တခြား ကိုယ်စားလှယ်များ ထည့်သွင်းရန်ကို အခြေခံဥပဒေပုဒ်မ ၁၁၅ နှင့် ၁၄၇ တို့တွင် ဖော်ပြထားပါသည်။

စစ်သားနှင့် နိုင်ငံအုပ်ချုပ်ရေး

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၆၀ အရ သမ္မတကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ် တင်မြှောက်မည် ဖြစ်ပါသည်။

သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် အုပ်စု ၃ ခုကို အခြေခံထားမည် ဖြစ်သည်။ ၎င်းတို့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ထိုလွှတ်တော်နှစ်ရပ်စလုံးမှ စစ်တပ်ကိုယ်စားလှယ်များက သီးခြား တတိယအဖွဲ့အဖြစ် ပါဝင်ပါမည်။ အဖွဲ့တခုချင်းစီက သမ္မတလောင်းတဦးစီကို ရွေးချယ်ရမည် ဖြစ်သည့် အတွက် စစ်တပ်ကလည်း တဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိသကဲ့သို့ နိုင်ငံရေး ပါတီ တခုသည် ပြည်သူ့လွှတ်တော်နေရာ ၃၃၀ ၏ အများစုကို အနိုင် ရရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ သမ္မတလောင်းသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်နိုင်ရန် သေချာပေါက် မျှော်လင့်ထား၍ မရနိုင်ပါ။ အကြောင်းမှာ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ) က သမ္မတ တဦး၏ အရည်အချင်းများတွင် စစ်ရေးတွင် အကျွမ်းတ၀င်ရှိရမည် ဆိုသည့် အချက် ပါဝင်နေသည်။ ၎င်းအချက်သည် စစ်သား မဟုတ်သည့် အရပ်သား သမ္မတလောင်း တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း မပြုရဟု မဆိုထားသော်လည်း ထိုသို့ကန့်သတ်ထားသည့်နှင့် တူပါသည်။

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် သမ္မတ၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ သမ္မတ၏ သဘောတူညီမှု မပါဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့မှ ၀န်ကြီးများကို လွတ်လပ်စွာ ခန့်အပ် စီမံ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။

ယင်းသည် စစ်တပ်နှင့် အရပ်သားအစိုးရတို့အကြား မျှတသည့် အာဏာခွဲဝေမှု ဖြစ်သည်ဟု အခြေခံဥပဒေကို လေ့လာဆန်းစစ်သူများက ပြောနိုင်ပါသည်။ တခြားသော ဒီမိုကရေစီ အခြေခံဥပဒေများနှင့် ဆန့်ကျင်လျက် ဤအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့ အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။

အာဏာအရှိဆုံးသော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ

အခြေခံဥပဒေတွင် အာဏာအရှိဆုံးအဖွဲ့သည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့တွင် စစ်တပ်မှ ၆ ဦး ပါဝင်သည့် အတွက် ထိုအဖွဲ့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်အားလုံးသည်ကို စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဓိက လုပ်ငန်းစဉ် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပထမလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၃၄၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ရွေးချယ် အတည်ပြုပြီး သမ္မတက ခန့်အပ်မည် ဖြစ်ပါသည်။

ဒုတိယလုပ်ငန်းမှာ နိုင်ငံတ၀န်းလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ သမ္မတသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကာကွယ်ရေးဦးစီးချုပ်ထံ လွဲပြောင်းပေးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

တတိယလုပ်ငန်းမှာ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေ ကာလတွင် တိုင်းပြည်ကို အများဆုံး ၂ နှစ်အထိ အုပ်ချုပ်မည် ဖြစ်ပြီး ထိုကာလ ကျော်လွန်သည့်အခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက အာဏာ ၃ ရပ်ကို သမ္မတကိုယ်စား ကျင့်သုံးမည်ဟု အခြေခံဥပဒေပုဒ်မ ၄၂၁၊ ၄၂၇ နှင့် ၄၃၁ တို့တွင် ပြဌာန်းထားပါသည်။

စတုတ္ထလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲများကို ကျင်းပပေးရေး ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သော အခွင့်အရေးများအပြင် အခြေခံ ဥပဒေပုဒ်မ ၂၀ (စ)အရ `တပ်မတ်ာသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်´ ဆိုသည့် နောက်ထပ် အရေးကြီးသော အချက်တခုကို ပြဌာန်းလျက် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာကို ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့ပါသည်။

အားလုံးကို ခြုံ၍ပြောရလျင် အခြေခံဥပဒေကို ခြိမ်းခြောက်လာသည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်လာပါက မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်ကို အချိန်မရွေး ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။ ။

http://www.irrawaddy.org/bur/

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, December 1, 2009

ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ


[(ဓာတ်ပုံ - ဧရာဝတီ)]

အနှိုင်းမဲ့ မေတ္တာရှင်


Tuesday, 01 December 2009 17:47 ကိုထွေး

အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲ ကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ကြောင်း ရေးသားထားသည်။

၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့် အနေနဲ့ တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ် တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘော တရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကို သာမက ကျောင်းသား လူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက“ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တလုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လို လူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကို လုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သီးခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။

၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစောင်ဖြစ်သည်။

ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ် ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။


ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ် သည်။

http://www.irrawaddy.org/bur/

အပြည့်အစုံဖတ်ချင်ရင်...