Wednesday, August 27, 2008

မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။

ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။
ကျော်စွာမိုး သြဂုတ် ၂၆၊ ၂၀၀၈


၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။ လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။ ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။ ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။ ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။ မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။ အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။ “ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။ သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။ တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ “ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။ ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။ “တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။ ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။ ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။ ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။ သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။ “၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။ ၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။ “ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။ အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။ “ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။ “ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။ ၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။ ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။ ၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။ ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။ “ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။ အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။ “အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။ အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။ “၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။ ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။ “ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။ မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။ “၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။ ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။ “ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။ “ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။ သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။ “မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။ အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။ “ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။ ကျော်စွာမိုးရေးသားသည့် The Price of Disunity ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]
Type the rest of your post here.

အပြည့်အစုံဖတ်ချင်ရင်...

ဦးဥာဏ်ဝင်းနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်




မေး- ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။

ဦးဥာဏ်ဝင်း- ဒေါ်အောင်ဆန်း စုကြည် နောက်ဆုံးအခြေအနေကတော့
ဈေးဝယ်တဲ့ လုပ်ငန်းကို ရပ်ခိုင်း ထားတယ်။ သူ့အပေါ်မှာ ချမှတ်ထား တဲ့ဟာတွေနဲ့ ပတ်သက်ရင်မဆိုင်တဲ့ ဟာတွေ၊ အခွင့်အရေးတွေကို ပိတ်ဆို့မှု မလုပ်ဖို့ သူ့ရဲ့ရှေ့နေနဲ့သူ ညှိနှိုင်းဆောင်ရွက်နေတယ်။ ဒီဟာတွေ မရမချင်း ဒါကိုရပ်ထားရမယ် လို့လည်း ကျနော်သိရတယ်။


မေး- အခွင့်အရေးဆိုတာ ဘာကိုဆိုလိုပါသလဲခင်ဗျ။

ဖြေ- ဥပမာအားဖြင့် သူ့ကိုကန့်သတ်တဲ့ အမိန့်က (၂) ခုပဲဗျာ။ အပြင်ထွက်ခွင့်မရှိဘူး၊ ပါတီနဲ့ ဆက် သွယ်ခွင့်မရှိဘူး။ သံတမန်နဲ့ ဆက်သွယ်ခွင့်မရှိဘူး။ ဒါပဲ။ ဒီဟာကအပ ကျန်တဲ့အခွင့်အရေးတွေကို သူ့ကို ပိတ်ပင်ခွင့်မရှိဘူးလို့ အဲသလို ယူဆတယ်။

မေး- ကျန်တဲ့အခွင့်အရေးဆိုတာ ဘယ်လိုကိစ္စမျိုးကို ဆိုလိုပါသလဲခင်ဗျ။

ဖြေ- ဥပမာအားဖြင့်ဗျာ။ အရင်ဖြစ်ခဲ့ဘူးတာက သူ အီလက်ထရောနစ် ပစ္စည်းတွေ သွင်းတယ်။ အိမ်သုံး ပစ္စည်းလိုဟာမျိုး။ အဲဒါတွေ သွင်းတဲ့အခါမှာလည်း တော်တော် အခက်အခဲတွေဖြစ်တယ် လို့ဆိုပါတယ်။ နောက်တခါ သူနဲ့ အတူတူနေတဲ့ အမကြီးတွေ သားအမိကလည်း သူ့လိုပဲ ထွက်ခွင့် မရှိ၊ ၀င်ခွင့်မရှိ၊ ထွက်ရင်လည်း ကျန်းမာရေးအတွက် ထွက်ရင်တောင်မှ ဓာတ်မှန်ခန်းထဲအထိ လိုက်ကြည့်တာတို့ အဲသလိုဟာမျိုးဟာ အခွင့်အရေးတွေကို ထိခိုက်တာပေါ့။ နောက်တခုက သူ့ရဲ့ အယူခံကိစ္စ။ ကျနော်တို့ အယူခံတွေ အခု (၅) နှစ်ပြည့်လာပြီ၊ အယူခံကို တခါမှ သူတို့လက်မခံဘူး။ အခုဒီအယူခံဝင်ဖို့ကိစ္စ ရှေ့နေနဲ့ဆောင်ရွက်နေတယ်။ လောလောဆယ်ကျနော်သိတဲ့ သူ့ရဲ့တောင်း ဆိုချက်တွေက ဒါပဲ။ နောက်ထပ် ရှိ၊ မရှိဆိုတာတော့ ကျနော်တော့ အတိအကျ မပြောနိုင်သေးဘူး။

မေး- ဆိုလိုတာက ခုနပြောတဲ့တောင်းဆိုချက်တွေမရရင် ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် အပြင်ကနေ အစားအသောက်ပို့တာ လက်မခံဘူး။ သို့သော် ထိုအချက်သည် သူအစာငတ်ခံ ဆန္ဒ ပြနေတယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။

ဖြေ- ပြောလို့မရပါဘူး။

မေး- ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာဦးကြည်ဝင်းတို့ အခုဆိုရင် ဆရာဦးဥာဏ်ဝင်းလည်း ပါ သွားပြီပေါ့နော်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ကိစ္စတွေ၊ နောက်တခါ ဒေါ်ခင်ဝင်း သားအမိကို ဘေးကနေ ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်တဲ့အချက်တွေ။ ဒီချက်တွေ
ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မပေးမချင်း သူအပြင်ကအစားအသောက်ကို လက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်ပါလား ခင်ဗျား။

ဖြေ- ဟုတ်ပါတယ်။ အဲဒီအတိုင်းပါဘဲ။ ကျနော်သိတာကတော့။

မေး- အဲတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြင်က ပို့နေကျ အစားအသောက်ကို လက်မခံဘူး ဆိုတဲ့အတွက်။ ဒေါ်အောင်ဆန်းစုကြည်တင် မကဘဲနဲ့ ဒေါ်ခင်ဝင်းတို့ သားအမိအတွက်ပါ ကျန်းမာ ရေး စိုးရိမ်ရတဲ့ အနေအထားရှိတယ်ဆိုပြီး စိုးရိမ်တဲ့အသိုင်းအ၀န်းတွေလည်း ဖြစ်လာပါတယ်။ ဖြစ် လာတော့ကာ စစ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ အချက်တွေကို ဘယ်သော ဘယ်ကာလမှ လိုက်လျောမယ် ဆိုတာမသိရတဲ့အတွက် သူ့အတွက်ကျန်းမာရေးစိုးရိမ် ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ တရားဝင် စစ်ဆေးသိရှိနိုင်အောင် အိုင်စီအာစီတို့ကို အကူ အညီတောင်းဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။

ဖြေ- အဲဒါတော့ ကျနော်မပြောနိုင်သေးပါဘူး။ စီအီးစီ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ စီအီးစီမပြောသေး တော့ ကျနော်လည်းမပြောနိုင်သေးပါဘူး။

မေး- ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူလိုချင်တဲ့အချက်တွေကို အစိုးရဘက်က လိုက် လျောပေးဖို့ကို တောင်းဆိုထားတာဟာ ဆရာဦးကြည်ဝင်းကတဆင့် အစိုးရဘက်ကို သိအောင်၊ သို့တည်းမဟုတ်ရင်လည်း ရဲသတင်းထောက်လှမ်းရေးအဖွဲ့ သိအောင်ပြောပြထားပြီးပြီဆိုတဲ့ သဘောပါလား။

ဖြေ- စာနဲ့လည်းတင်ပြီးပြီ၊ ဆွေးလည်းဆွေးနွေးနေတယ်လို့ကျနော်တို့သိရပါတယ်။

မေး- ဆိုတော့ ဒီအချက်တွေ ဘာမှတိတိကျကျမသိရမခြင်း အပြင်ကအစားအသောက်တွေ လက် မခံဘူးပေါ့နော်။

ဖြေ- ဟုတ်ပါတယ်။

မေး- တခြားနောက်ဆုံးဘာများသိရပါသေးလဲ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ပေါ့လေ။

ဖြေ- ကျန်းမာရေးအခြေအနေကတော့ သြဂုတ် (၁၇) ရက်ထိတော့သိတယ်။ အဲဒီရက်အထိတော့ ကျန်းမာရေးကောင်းနေပါတယ်။ ဒီနောက်ပိုင်းကတော့ကျနော်တို့ အဆက်အသွယ်မရှိလို့ မသိပါ ဘူး။ ကောင်းမယ်လို့တော့ယူဆပါတယ်။ ဒါပေမယ်လို့ အာမခံပြီးပြောဖို့က နည်းနည်း ခက်တယ် လေ။

မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ မတွေ့ဖြစ်ခဲ့တဲ့အကြောင်းရင်းကရော သူပြောတဲ့တောင်းဆိုချက်တွေမရသေးလို့ မတွေ့တာလား။ ဒါမှမဟုတ် သီးခြားနိုင်ငံရေးရည်ရွယ် ချက်တခုနဲ့ မတွေ့တာလား။ ဆရာဦးဥာဏ်ဝင်း ဘယ်လိုယူဆပါသလဲ။

ဖြေ- ဂမ်ဘာရီနဲ့မတွေ့တာတော့ ခုနအချက်တွေနဲ့ လုံးဝမဆိုင်ဘူးလို့ကျနော်ယူဆတယ်။ သူနိုင်ငံ ရေးအရ ဆောင်ရွက်တာပဲဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဇန်န၀ါရီလမှာတွေ့တုန်းကတည်း ကိုက ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ဟာ ဇာတ်မျောကြီး ဖြစ်နေတယ်။ သူ့အနေနဲ့ဆောင်ရွက် နိုင်တဲ့ တင်ပြချက်တွေလည်းတင်တယ် ဒါတွေလည်းအကြောင်းမပြန်ဘူး။ ဒီဟာတွေအပေါ်မှာ မကျေနပ်ဘူးလို့ ကျနော်တို့ကို အဲဒီကထဲကပြောပါတယ်။ ဆိုတော့ ဒီဟာက နိုင်ငံရေးအရလို့ ကျနော် ယူဆပါတယ်။

မေး- အခုဟာကတော့ ဆရာဦးဥာဏ်ဝင်းတို့အနေနဲ့ ယူဆချက်သာပြောရတယ် ဘေးကလည်း ယူဆချက်တွေလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မစ္စတာဂမ်ဘာရီ ဆောင်ရွက် နေတဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းအပေါ်မှာ တိုးတက်မှုမရှိလို့ မကျေနပ်ဘူးဆိုတာ မစ္စတာ ဂမ်ဘာရီသိအောင် မပြောမဆိုဘဲနဲ့ အဲသလိုလုပ်နေမယ်ဆိုရင် သူ့အပေါ်မှာ ဂုဏ်သိက္ခာ တနည်း နည်းနဲ့ ထိခိုက်သွားနိုင်တာမျိုး သူ့အပေါ်မှာ နားလည်မှုလွဲမှားသွားနိုင်တာမျိုးတွေ ဒေါ်အောင်ဆန်း စုကြည် တွက်ထားမယ်လို့ ယူဆထားပါသလားခင်ဗျ။

ဖြေ- ဒီအတိုင်းပဲပြောမယ့် လူတွေတော့ရှိမှာပေါ့လေ။ ဒါပေမယ့်ဒီကိစ္စဟာ ကျနော့်အမြင်ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ခွင့်ပေးလိုက်ရင် ဒီကိစ္စ ပိုပြီးတော့ ကောင်းလည်းကောင်းမွန်မယ် ခိုင်လည်းခိုင်မာမယ်ဗျ။ ဒီလိုအခြေအနေမျိုးရောက်မှဘဲ ဒီဥစ္စာကို စဉ်းစားလို့ရနိုင်မယ်ထင်ပါတယ်။

မေး- ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် ပြောခွင့်ရတဲ့အချိန်မှာဆိုရင်တော့ အခြေအနေ အားလုံးဟာ ရှင်းသွားမှာဖြစ်ပေမယ်လို့။ မစ္စတာဂမ်ဘာရီရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဒီအမျိုးသားရင်ကြားစေ့ရေး တိုးတက်မှုမရှိလို့ဆိုတဲ့အချက်ကို မစ္စတာဂမ်ဘာရီ မသိ ဘဲနဲ့ သွားပြီးလုပ်တယ်ဆိုရင် ကုလသမဂ္ဂကဖြစ်စေ နိုင်ငံတကာကဖြစ်စေ ဘယ်လိုနည်းနဲ့ ဖြေရှင်း လို့ရမလဲ ခင်ဗျ။

ဖြေ- ကျနော်နည်းနည်းပြန်ပြောမယ်။ ကျနော်မစ္စတာဂမ်ဘာရီမသိဘဲနဲ့ဆိုတဲ့ဟာက ကျနော်တို့ ဒါမှန်းဆချက်သက်သက်ဖြစ်နေတယ်။ ကျနော်တို့ မစ္စတာ ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတွေ့တုန်းက ဘယ်အထိပြောထားသလဲဆိုတာ ကျနော်တို့ မသိဘူး။ အဲဒီမှာ အခုန ပြောသလို ဇာတ်မျောကြီးဖြစ်နေတယ်။ ဒီဟာအပေါ်မှာ မကျေနပ်ဘူးဆိုတာ ပြောကောင်း ပြော နိုင်တယ်လေ။ ဒါကြောင့်မို့လို့ မပြောဘူးလို့ စဉ်းစားလို့မရဘူးလို့ ကျနော်ပြောချင်တယ်။ ဘာဖြစ်
လို့လဲဆိုတော့ အစိုးရကလည်းမထုတ်ပြန်ဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီနဲ့ ဘာ ပြောလဲဆိုတာ။ အဲဒီဟာအပေါ်မှာ ဒါကြောင့်ကျနော်တို့မတွေးတာပါ။

မေး- နောက်ဆုံးမေးခွန်အနေနဲ့က ဆရာဦးဥာဏ်ဝင်းက ဦးကြည်ဝင်းဦးဆောင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရှေ့နေအဖွဲ့မှာ တဦးအပါအ၀င်ဖြစ်သွားတယ်ဆိုတော့ကာ နေပြည်တော်မှာ ပြည်ထဲရေး ၀န်ကြီး ဗဟိုအဖွဲ့ဆီကနေ တားဆီးမိန့် မိတ္တူကူးယူရမယ့်ကိစ္စတွေ ဘယ်တော့လောက်များ သွား ဖြစ်မလဲခင်ဗျ။

ဖြေ- အယူခံစာရွက်စာတမ်းတွေကြည့်ခွင့်ကရှိနေတယ်။ အဲဒီစာရွက်တွေ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြီးတာနဲ့ ကျနော်သွားမှာ။ အတည်မပြုရသေးလို့ ကျနော်မသွားနိုင်သေးတာ။

မေး- နောက်ထပ်အမျိုးသမီးရှေ့နေဆိုတာကော တရားဝင်ခန့်ပြီးသွားပြီးလား။
ဖြေ- ကျနော်တို့ သဘောတူညီချက်မရသေးပါဘူး။ ။
ခေတ်ပြိုင်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 26, 2008

ဒေါ်အောင်ဆန်းစုကြည့် အစားအသောက်မှ လက်မခံသည်မှာ (၉) ရက်ရှိပြီဟုပြော



ဗထူး။ သြဂုတ် ၂၆၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နေအိမ်အတွင်းသို့ မည်သူ့ ကိုမျှ လက်ခံတွေ့ဆုံခြင်း၊ မည်သည့်အစားအသောက်ကိုမျှ လက်ခံရယူခြင်းမရှိသည်မှာ (၉) ရက် တိုင် ရှိသွားခဲ့ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD-LA) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလအထူးကိုယ်စားလှယ်သည် (၆) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်လည်ထွက်ခွာ သွားပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုသည် ထူးခြားတိုးတက်မှုဖြစ်ထွန်းစေမည်ဟု ယုံကြည်မှုအားနည်းလာပြီဖြစ်၍၎င်း၊ စစ်အစိုးရ၏ တဖက်သတ်လုပ်ဆောင်ချက်များသည် ပြည်သူလူထုမှ သဘောတူလက်ခံခြင်းမရှိကြောင်း ထင်ရှားစွာ ပြသနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်း များကို အသုံးပြု၍ စစ်အစိုးရကို ရင်ဆိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD(LA) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ (NLD)ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းအား ဆက်သွယ်မေး မြန်းခဲ့ရာ သူက “အစာငတ်ခံဆန္ဒပြတယ်ဆိုတာ၊ အဲ့ဒါကိုတော့ ကျနော်တို့ လုံးဝမသိဘူး၊ ဒါနဲ့ ပတ်သက်ရင် ကျနော်တို့ဘာမှမသိဘူး၊ ဘာမှပြောစရာမရှိဘူး၊ နောက်တခုက Food Supply ပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီး ခေတ္တ ရပ်ထားတယ်ဆိုတာတော့ သတင်းကြားတယ်၊ သို့သော်လည်းပဲ အဲ့ဒီလူနဲ့ တိုက်ရိုက်ဆက်သွယ်မှုမရှိတော့ အတည်မပြုနိုင်ပါဘူး၊ ဘယ်အချိန်လောက်က စရပ်တယ်ဆိုတဲ့ အသေးစိတ်ထိတော့ မသိဘူး”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အစားအသောက်များလက်မခံတော့ခြင်းမှာ ကုလသမဂ္ဂကိုယ်စား လှယ် မစ္စတာဂန်ဘာရီ မလာခင်အချိန်ကတည်းကဖြစ်ပြီး ကြားရက်များတွင် ပြန်လက်ခံမှုများ လည်း ရှိနေ၍ ယခုအခြေအနေနှင့်ပတ်သက်၍ သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း ဆက်လက်ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အစားအသောက်ပေးပို့မှုကို ဆက်လက်ငြင်းဆန် နေပါက သူမနှင့် အဖော်နှစ်ဦးအတွက် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းနေပြီး သူမ တခုခုဖြစ်သွားပါက မြန်မာပြည်သူများ၏ ပေါက်ကွဲမှုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေ သို့ ရောက်ရှိသွားမည်ဟု ကြေညာချက်က ထောက်ပြထားသည်။

ယခုအခြေအနေတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အနေဖြင့် ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်သည်ဟု ဆက်လက်ဖော်ပြထားသည်။

အပြည့်အစုံဖတ်ချင်ရင်...

Monday, August 25, 2008

ဂမ်ဘာရီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျအောင် စစ်အစိုးရဘက်က ကြိုတင်ကြံစည်ဟု အစွပ်စွဲခံရ

ပီတာအောင်/ ၂၅ သြဂုတ် ၂၀၀၈
line


ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် အသံချဲ့စက်ဖြင့် အော်ဟစ်ခေါ်ဆိုခြင်း သည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းအောင်ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်ပြီး မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြော သည်။

ပြီးခဲ့သည့် သြဂုတ် (၂၀) ရက်နှင့် (၂၂) ရက်တို့၌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နောက်ဘက် အုတ်တံတိုင်းမှ လက်ကိုင်အသံချဲ့စက်ဖြင့် အာဏာပိုင်များ မစ္စတာဂမ်ဘာရီက စာပေးလိုကြောင်း အော်ဟစ်အကြောင်းကြားခဲ့ပြီး တုန့်ပြန်မှုမရသည့်အခါ ခြံတံခါးအုတ်တံတိုင်း၌ စာကပ်ထားခဲ့
သည့်အပေါ် သခင်ချန်ထွန်းက ရှုတ်ချပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒါကတော့ သက်သက်မဲ့ စော်ကားတဲ့သဘောပဲ။ အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ် တဲ့ သဘောပဲ။ ဗိုလ်ချုပ်မှူးကြီးက အတွေ့မခံတာကျတော့ ဘာလို့ ဒါမျိုး မလုပ်သလဲ။ အဲဒါ ကျ တော့ ဘာမှမလုပ်ဘဲနဲ့ အဖမ်းခံထားရတဲ့ ပုဂ္ဂိုလ်တယောက်ကို လာလုပ်တယ်ဆိုတာတော့ သိပ်ပြီး တော့ အင်မတန်သိပ်နုတ်တဲ့ ကိစ္စပါ။ ဓာတ်ပုံနဲ့ ဘာနဲ့ သေချာရိုက်ပြီး ကြိုတင်ကြံစည်တဲ့ သဘော သက်ရောက်တာပေါ့။ ဒီဟာကြီးကို ဓာတ်ပုံနဲ့ တီဗီမှာလည်း ညမှာပြ၊ သတင်းစာထဲလည်း ဒီဟာ ကြီးတွေ အကုန်ဖော်ပြဆိုတာ ဒါကကြိုတင်စီစဉ်ပြီး လုပ်တဲ့သဘောဆိုတာ သိပ်ပေါ်လွင်ထင်ရှား တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန်ငြင်းပယ်ခဲ့ကြောင်း၊ မစ္စတာဂမ်ဘာရီက စာရေးသားပြီးတာဝန်ရှိသူမှတဆင့် ဒေါ် အောင်ဆန်းစုကြည်ထံ ပေးပို့စေလျက် တွေ့ခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း တုန့်ပြန်မှု မရသဖြင့်
အသံချဲ့စက်ဖြင့် အော်ဟစ် အကြောင်းကြားခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာအလင်း သတင်းစာ၌ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီအား လက်ခံမတွေ့ဆုံရသည့် အကြောင်းရင်းကို အတိအကျ မသိရသော်လည်း အကျိုးမရှိနိုင်ဟု ထင်မြင်သည့်အတွက် တွေ့ဆုံရန်ငြင်းပယ်ခြင်း ဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“နောင်ကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လုပ်လို့ရှိရင် တကယ့်ကို ထိထိရောက် တစိုက်မတ်
မတ် လုပ်ဖို့လိုတယ်။ မဆိုင်တာတွေလုပ်နေလို့ ဘာမှအကျိုးမရှိနိုင်ဘူးဆိုတာ။ ဒီအဖြစ်အပျက် ကပြောနေတယ်လို့ ကျနော် အဲလိုမြင်ပါတယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။

ရန်ကုန် အနောက်တိုင်း သံတမန်တဦးကလည်း မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေး တိုးတက်မှုမရှိခြင်းကို ဒေါ်အောင်ဆန်းစုကြည့် စိတ်ပျက်နေပုံရသော်လည်း ကျန်းမာရေးကောင်း သည်ဟု ခေတ်ပြိုင်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည်မှာ မြန်မာစစ်အစိုးရကြောင့်ရော မိမိကြောင့်ရော မဟုတ်ကြောင်း၊ တွေ့ဆုံခွင့်မရသည်မှာ ၀မ်းနည်းဖွယ်ကောင်းသော်လည်း စိတ်ပျက်ရန် မလို သကဲ့သို့ တွေ့ဆုံဆွေးနွေးမှုကို ရပ်ဆိုင်းပစ်ရန်လည်းမလို ဟု မစ္စတာဂမ်ဘာရီက ပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ ကိုင်တွယ် ဖြေရှင်း ပေးရန် သြဂုတ် (၁၈) ရက်မှ (၂၃) ရက်အထိ (၆) ရက်တာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် စစ်အစိုးရ၀န်ကြီးအချို့၊ အန်အယ်လ်ဒီ စီအီးစီအဖွဲ့၊ အခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး နာဂစ်မုန်တိုင်းသင့်ဒေသအချို့သို့ သွားရောက်ခဲ့သည်။ ။

အပြည့်အစုံဖတ်ချင်ရင်...

Sunday, August 24, 2008

နအဖလက်ပါးစေများ၏ရိုင်းစိုင်းယုတ်မာမှုများ

ဇာနည်
တနင်္ဂနွေနေ့၊ သြဂုတ်လ 24 2008 01:33 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကို စစ်ထောက်လှမ်းရေး ဟု ယူဆရသူ တဦးက ရန်ရှာမှုကြောင့် ဒဏ်ရာများ ရရှိသွားသည်။

စနေနေ့ နေ့လည် ၁ နာရီခန့်က ပန်းဆိုးတန်းသို့ ဆံပင်ညှပ်ရန် အသွား (၃၈) လိုင်းကားပေါ်မှ အဆင်းတွင် သူ၏နောက်သို့ လိုက်ပါ စောင့်ကြည့်နေသောသူမှ ခြေထိုးလိုက်သောကြောင့် ကားပေါ်မှ ပြုတ်ကျကာ လက်ဝါးနှင့် ညာဖက် ဒူးခေါင်းတို့တွင် ပွန်းပဲ့ ဒဏ်ရာများ ရသွားခြင်း ဖြစ်သည်။

"သီတာဆိပ် မှတ်တိုင်ဖြစ်တာ။ ကားက ကြပ်နေတော့ အန်ကယ်က ကားပေါ်က ပြန်ဆင်းတာမှာ သူက ခြေထိုးခံလိုက်တာ။ အဲဒီမှာ ကားပေါ်က ပုံပျက်ပန်းပျက် မှောက်ရက် ပြုတ်ကျပြီး လက်ဖ၀ါး ကွဲသွားတယ်။ ညာဖက် ဒူးခိုက်မိပြီး အခု သိပ်ထောက်လို့ မရဘူး။ အရိုးတော့ မကျိုးဘူး။ ခေါင်းမထိတာ တော်သေးတယ်" ဟု ဦးအေးသာအောင် က မဇ္ဈိမကို ပြောသည်။

ထိုသူမှာ အသက် ၂၀ ကျော်ဖြစ်ပြီး သူ၏ နောက်သို့ အမြဲ လိုက်နေသော သူဖြစ်ကာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) မှ ဖြစ်မည်ဟု ယူဆရကြောင်း ဦးအေးသာအောင်က ပြောသည်။

ဤအဖြစ်နှင့် ပတ်သက်ပြီး ပုဇွန်တောင် ရဲစခန်းသို့ သွားရောက် တိုင်ကြားထားသည်။ ထိုသူမှာမူ ရဲစခန်း အ၀ အထိသာ လိုက်လာပြီး ပြန်ထွက်သွားသည်။

"သူက ပတ်ဝန်းကျင်မှာ ပြောတာတွေ ပြန်ကြားတယ်။ ဘာမှလည်း မဟုတ်ပဲ လျှောက်သွားနေတယ်။ အခုလို နောက်က လိုက်နေရတာကို မကျေနပ်ဖူး ဆိုတာတွေကို ပြောနေတာတွေ ရှိတယ်။ ဒါကြောင့် အခုလို လုပ်တာလို့ ထင်တယ်" ဟု ဦးအေးသာအောင်က ပြောသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော သူ့အနေဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ယခုရက်ပိုင်းအတွင်း ပါတီကိစ္စများ မလုပ်ဖြစ်ဘဲ လဖက်ရည်ဆိုင် သွားခြင်း ဈေးဝယ်ထွက်ခြင်းများသာ ရှိသည် ဟုဆိုသည်။

ဦးအေးသာအောင်မှာ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများမှ တိုင်းရင်းသား ကိုယ်စားလှယ်များ စုစည်းဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတွင်လည်း အတွင်းရေးမှူး ဖြစ်သည်၊

စစ်အစိုးရ အတိုက်အခံ လှုပ်ရှားသူများကို အမည်မသိသူများမှ ကိုယ်ထိလက်ရောက် ပြုမူခြင်းများ ယခင်ကလည်း ရှိနေခဲ့ရာ ဇွန်လအတွင်းက မတ္တရာမြို့နယ်အမတ် ဦးသန်းလွင်ကို သံလက်သီးဖြင့် လူတဦးက ထိုးနှက်ခဲ့သည်။

ဧပြီလအတွင်းက ရန်ကုန်တိုင်း လှိုင်သာယာမြိုနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတင်ယု ရိုက်နှက်ခံရရာ မျက်နှာတွင် ၂၁ ချက် ချုပ်လိုက်ရသည်။

မတ်လ အတွင်း လူ့အခွင့်အရေး ပညာပေး အဖွဲ့ဝင် အသက် ၅၇ နှစ် အရွယ် ဦးမြင့်အေးမှာ ရိုက်နှက်ခံရ၍ ခေါင်းတွင် ဒဏ်ရာ ရခဲ့သေးသည်။ ထို့အတူ လှိုင်သာယာမြို့နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်လှိုင်လည်း ချောင်းရိုက်ခံရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တက်ကြွလှုပ်ရှားသူများ ဖြစ်သော ကိုမိုးနေစိုးနှင့် ကိုဖုန်းကြီးတို့ အရိုက်ခံကြရသည်။


အပြည့်အစုံဖတ်ချင်ရင်...

နအဖ၏ကျက်သရေမဲ့သောလုပ်ရပ်

24 August 2008

အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ မြန်မာပြည်တွင် ၆ရက်ကြာ ရောက်ရှိစဉ် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်ဟု အစိုးရရုပ်မြင်သံကြား ညနေပိုင်းသတင်းတွင် စနေနေ့က ကြေညာလိုက်သည်။

မစ္စတာဂမ်ဘာရီရောက်ရှိစဉ်အတွင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေါ်စုနှင့်တွေ့ရန် စီစဉ်ထားသော်လည်း ဒေါ်စုက တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ရုပ်သံသတင်းက ဆိုသည်။

မစ္စတာဂမ်ဘာရီ၏ လက်ထောက် ၂ ဦး ဒေါ်စု၏အိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေပုံကို ထုတ်လွှင့်ပြသသွားသည်။

မြန်မာအစိုးရ အရာရှိများက လော်စပီကာ (megaphone) ဖြင့် “မစ္စတာဂမ်ဘာရီက တွေ့ချင်နေပါတယ်”ဟု ပြောကြားပုံတို့ကိုလည်း ထုတ်လွှင့်သွားသည်။

၎င်းတို့က ဒေါ်စုနှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း ဒေါ်စု၏ အသိအမှတ်ပြုမှု တစုံတရာမရှိခဲ့ပါဟု သတင်းတွင် ကြေညာသွားသည်။

မိုးမခ


အပြည့်အစုံဖတ်ချင်ရင်...

Saturday, August 23, 2008

ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ


အာဏာရူးမူးဘီလူးကြီးသန်းရွှေ

မြတ်ဗုဒ္ဒ၏သွေး နီစွေးစွေးကို

မရှက်မကြောက် ဒင်းသောက်ဝံ့တယ်။

ကိုယ့်အမျိုးကိုယ့်ဘာသာရယ်လို့မှမထောက်

စစ်ဖိနပ်အောက်မှာ

မြတ်သောနှစ်လုံးသားတွေ ပျောက်ဆုံးခဲ့ရတယ်။

အို ပြည်သူအပေါင်းတို့

တရားခံတွေ မလွတ်စေနဲ့

အမျိုးယုတ်ကို သုတ်သင်ပြစ်မယ်။

မဟာရာဇ၀င်မှာ

အစဉ်အလာသမိုင်းပြောင်ခဲ့တဲ့ 

ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ

တပ်ပေါင်းစုကြီးလာနေပြီ ဟေ့။

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်။

မင်းတိက္ခ ၈။၈။၀၈။


အပြည့်အစုံဖတ်ချင်ရင်...

Friday, August 22, 2008

အေးချမ်းသာယာလှပါတယ်ဆိုတဲ့ယနေ့မြန်မာပြည်






အပြည့်အစုံဖတ်ချင်ရင်...

အာဏာရှင်တော်လှန်ရေးကြေငြာချက်

Read this document on Scribd: yannaing (usob)

အပြည့်အစုံဖတ်ချင်ရင်...

Thursday, August 21, 2008

ဂမ်ဘာရီ ခရီးစဉ် အားနည်းချက်များ ကုလသမဂ္ဂကို တင်ပြရန် အတိုက်အခံများ ပြင်ဆင်



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီဟာ အခု သူရောက်ရှိနေတဲ့ သုံးရက်အတွင်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိက ကျတဲ့ မြန်မာ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။ စစ်အစိုးရ လိုလားတဲ့ အုပ်စုတွေနဲ့ပဲ သူဟာ တွေ့ဆုံခွင့် ရနေတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သူ့ခရီးစဉ်အပေါ်မှာ ဝေဖန်နေပါတယ်။

ရန်ကုန်မှာ မနေ့က သူတွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဒုတိယပြောခွင့်ရသူ မာရီအိုဂါဘီးက ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာအခုလို ပြောခဲ့ပါတယ်။

“အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီဟာ အခု မြန်မာနိုင်ငံ တတိယနေ့ခရီးစဉ်မှာတော့ စီမံကိန်း ၀န်ကြီး၊ ကျန်းမာရေး ၀န်ကြီးတို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လူမှုရေး အခြေအနေတွေ ဆွေးနွေးပါတယ်။ အခြား နိုင်ငံရေးအုပ်စုတွေ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့လည်း သီးခြားအစည်းအဝေး ၁၀ခုလောက် လုပ်ခဲ့ပါတယ်။ ဒီအထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကျောင်းသားကိုယ်စားလှယ်တွေ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲက တသီးပုဂ္ဂလ ရွေးကောက်ခံအမတ်တွေနဲ့လည်း တွေ့ပါတယ်။ အားလုံးပါဝင်တဲ့အမျိုးသားတွေ့ဆုံဆွေးနွေးပွဲနဲ့ အားလုံးယုံကြည်လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ရှိဖို့လိုအပ်တဲ့ကိစ္စတွေကို ဆွေးနွေးပါတယ်။ ပြီးတော့ လက်ရှိကြုံနေရတဲ့ လူမှုရေး စီးပွားရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးကြပါတယ်။”

ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ကျောင်းသားကိုယ်စားလှယ်တွေ လူထုအခြေပြုအဖွဲ့စည်းကိုယ်စားလှယ်တွေနဲ့ တွေ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ ဒီအဖွဲ့တွေဟာ စစ်အစိုးရက ခွင့်ပြုထားတဲ့ စစ်အစိုးရလိုလားတဲ့အုပ်စုတွေဖြစ်တယ်လို့ ပြောကြပါတယ်။ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ အခု မစ္စတာဂန်ဘာရီ ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လိုအပ်ချက်တွေရှိနေတဲ့အကြောင်းကို ကုလသမဂ္ဂ စာရေးတင်ပြဖို့ ပြင်ဆင်နေပြီလို့ ဗွီအိုအေကို ပြောပြပါတယ်။

“မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံတာပါ။ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဗမာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကနေပြီး ကြားဝင် ဆောင်ရွက်ပေးဖို့။ အဲဒီလို ကြားဝင်ဆောင်ရွက်တာမှာ ပြည်သူလူထုက ၁၉၉၀ရွေးကောက်ပွဲ ရလာဒ်အရ အခွင့်အာဏာ အပ်နှင်းခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို နအဖက သုံးပွင့်ဆိုင်ကြားထဲမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံမှုတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဖို့ အစီအစဉ်က ပျက်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဘာကြောင့် ပျက်သွားတယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းဆဲပဲဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့တဲ့အခါမှာလည်း မိနစ် ၂၀လောက် တွေ့ပြီးတော့ အချိန်တော်တော်များများဟာ နအဖက စီစဉ်ပေးတဲ့၊ နအဖနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများနဲ့ အချိန်ကုန် ခံပြီးတော့ တော်တော် များများနဲ့ တွေ့တာကို တွေ့ရတယ်။ ၈၈မျိုးဆက်ကျောင်းသားများဆိုတဲ့ အေးလွင်အဖွဲ့တို့၊ ဘောဂဗေဒ လေ့လာရေး အဖွဲ့တို့၊ ၀ံဿာနု စိုးလင်းတို့၊ ဒီအဖွဲ့တွေဟာ ကျယ်ပြန့်တဲ့ ပြည်သူလူထုနဲ့ ကျောင်းသားထုကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေနဲ့ အချိန်ကုန် ခံပြီးတော့ တွေ့တာ၊ ဆွေးနွေးနေတာဟာ ကုလသမဂ္ဂအနေနဲ့ ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ ပြည်သူလူထု ဆန္ဒသဘောထား၊ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုတွေကို နားမလည်ရာကျတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို ကျွန်တော်တို့ သဘောထား အမြင်နဲ့ ကျွန်တော်တို့ရဲ့ ကန့်ကွက်မှုကို တရားဝင် အကြောင်းကြားပါမယ်။”

အခုဆိုရင် မြန်မာ့နိုင်ငံရေးမှာ အဓိကအချက်ကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တဘက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်စေ၊ မစ္စတာ ဂမ်ဘာရီ အခုချိန်အထိ တွေ့လို့ မရသေးပါဘူး။ တကယ်တမ်း မြန်မာနိုင်ငံမှာ တွေ့ဆုံးဆွေးနွေးရေး ဖြစ်အောင် ဆိုတဲ့ ဦးတည်ချက်နဲ့ သွားတဲ့ကိစ္စက အခုလို အခြေအနေမျိုးမှာ သူ့ခရီးစဉ်က အလားအလာကို ဘယ်လို ယူဆသလဲခင်ဗျ။ ဖြစ်နိုင်ချေတွေ ရှိလာနိုင်ပါ့မလား။

“ဒီနေ့ တွေ့ဆုံပုံတွေကို ကြည့်ခြင်းအားဖြင့် ဒီခရီးစဉ်ရဲ့ အစီအစဉ်အားလုံးဟာ နအဖကနေပြီး တော်တော်လေး ချုပ်ကိုထားတဲ့ပုံစံမျိုးကို တွေ့ရတယ်။ ဒီလိုမျိုးအနေအထားပေါ်မှာ ကုလသမဂ္ဂက လိုက်လိုက်ရောရောနဲ့ လုပ်နေပြီးတော့ တကယ်တွေ့ ရ ဆုံရမယ့် သူတွေကို တော်တော်နဲ့ မတွေ့ဘူး။ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ယူအန်တွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေ ရှိပါတယ်။ ပြည်သူလူထုလေးစားကြည်ညိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုပြီး၊ ပြည်သူလူထုက လေးစားကြည်ညိုတဲ့ သတင်းစာ ဆရာကြီးတွေ ရှိပါတယ်။ စာရေး ဆရာကြီးတွေ ရှိပါတယ်။ အနုပညာရှင်တွေ ရှိပါတယ်။ ဒါဟာ လူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အဲဒီ လူတွေနဲ့တော့ မတွေ့ဘဲနဲ့ နအဖရဲ့ အစီအစဉ်အောက်မှာပဲ အချိန်ကုန်ခံခြင်းအားဖြင့် ကျွန်တော်တော့ သိပ် အကျိုးအမြတ် ရလာဒ်ကို သိပ် မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။”

မစ္စတာ ဂမ်ဘာရီအနေနဲ့ စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို လာရောက်ရတာဖြစ်လို့ သူ့ဘက်က ဘယ်သူ ဘယ်ဝါနဲ့ တွေ့ဆုံ လိုတယ်လို့ တောင်းဆိုပေမယ့်လည်း စစ်အစိုးရက စီစဉ် ပေးထားတဲ့အတိုင်းပဲ တွေ့ခွင့်ရမယ်လို့တော့ ပြောစရာ ရှိပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဦးတည်ထားပြီး လာရောက်တဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အနေနဲ့တော့ ကုလသမဂ္ဂရဲ့ နဂိုလ်ရပ်တည်ချက် တောင်းဆိုချက်ကိုပဲ အခြေခံရမှာ ဖြစ်တယ်လို့ အန်အယ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက အခုလို ပြောခဲ့ပါတယ်။

“အစိုးရကတော့ သူလိုလားတဲ့သူကို ထည့်မယ်။ လက်ခံတွေ့ဆုံဖို့ သဘောတူတဲ့ ပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်ကိုပဲ စဉ်းစားနေတာပါ။”

မစ္စတာ ဂမ်ဘာရီအနေနဲ့ မနေ့က တွေ့ဆုံခဲ့တဲ့အထဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နဂိုလ်တွေ့ဖို့ အစီအစဉ်ရှိပေမယ့် ပျက်သွားတယ်လို့ သိရပါတယ်။ မစ္စတာ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ စောင့်ဆိုင်း နေပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာဖူးလို့ သိရတာပါ။ ဘာကြောင့်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, August 20, 2008

မကျေနပ်ချက်များ မပျောက်ကွယ်ကြောင်း အတိုက်အခံများ ပြောဆို

ဝိုင်းပီး၊ မြင့်မောင်
အင်္ဂါနေ့၊ သြဂုတ်လ 19 2008 21:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နအဖ က အကြမ်းဖက် နှိမ်နင်းနေသော်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူများ၏ မကျေနပ်ချက်များသည် ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ပြည်တွင်းရှိ လှုပ်ရှားတက်ကြွသူများက ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ကျရောက်သည့် လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများ တနှစ်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လှုပ်ရှားတက်ကြွသူ ကျောင်းသားလူငယ်များက ယခုလို ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

"ပြည်သူတွေက မကျေမနပ်ဖြစ်နေတာဟာ ပျောက်ကွယ်မသွားဘူး၊ ဆက်လက် မကျေမနပ်ဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးဟိန်းကလည်း "ကျနော်တို့ အဖိနှိပ်ခံ နေရတာတွေကို တဦးချင်းစီ ကိုယ့်ရင်ထဲ၊ အသဲထဲမှာ ကိန်းအောင်းပြီးတော့ ဒီမိုကရေစီရရှိရေးကို အဆုံးရောက်တဲ့အထိ ကြိုးစားဆောင်ရွက်ရမယ်လို့ သန္နိဋ္ဌာန်ချပါတယ်" ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အကြမ်းဖက် တုံ့ပြန်နေခြင်းသည် အမှန်တကယ် ဆောင်ရွက်ရမည့် တိုင်းပြည်စီးပွားရေး အခြေအနေကို တိုးတက်စေရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဆန္ဒထုတ်ဖော်သည့် ပြည်သူများကိုသာ ဖမ်းဆီးနေသည်မှာ ရောဂါနှင့် ကုသနည်းက မသက်ဆိုင်ကြောင်း ဦးဉာဏ်ဝင်းက ယခုလို ဆက်ပြောသည်။

သူက "တကယ့် ရောဂါအရင်းအမြစ် ပျောက်ကင်းစေတဲ့ ကုနည်းနဲ့ ကုတာ မဟုတ်ဘူး။ တကယ်တမ်း ကိစ္စတွေက တယောက်ချင်းကို၊ သူတို့တွေကို ဖမ်းဖို့မဟုတ်ဘူး။ ဒီလိုမဖြစ်အောင် စီးပွားရေးကို တိုးတက်အောင် လုပ်ရမယ်" ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လမ်းလျှောက်ချီတက်ပွဲ နောက်ပိုင်းတွင် နအဖ က အာဏာပိုင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များကို အသုံးပြုကာ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးအား စတင်ဖမ်းဆီးခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ၊ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂက မြန်မာအာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ၂ဝဝ၇ စက်တင်ဘာလအတွင်း ရဟန်းသံဃာနှင့် ပြည်သူ ၃ဝ ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အတိုက်အခံများက ၂ဝဝ ကျော် သေဆုံးကာ ခြောက်ထောင်နီးပါး ထိန်းသိမ်းခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။

ယနေ့အထိ မြန်မာစစ်အစိုးရက ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ဆက်လက်၍ ဖမ်းဆီးနှိပ်ကွပ်နေသလို၊ ကျန်ရှိနေသည့် မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူများအား အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသူတဦးက "အိမ်ပတ်ဝန်းကျင်မှာကို စောင့်နေကြတာ။ နေ့တိုင်းပဲ ၃-၄ ယောက် အမြဲတမ်း ရှိတယ်။ ဘတ်စ်ကား မှတ်တိုင်မှာရောပဲ" ဟု ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုနှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ လူငယ်တဦးကလည်း သူနှင့် သူ၏ အပေါင်းအသင်းများအား မည်သည့်အချိန်တွင် လာရောက် ခေါ်ဆောင်သွားမည်၊ မည်သူအား ဖမ်းဆီးသွားပြီလဲဆိုသည့် စိုးရိမ်စိတ်ဖြင့် နေ့စဉ်နှင့်အမျှ အသက်ရှင်နေရကြောင်း ယခုလို ပြောသည်။

သူက "မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ မနေ့က ကိုယ် စကားပြောခဲ့တဲ့ ကိုယ်ရဲ့သူငယ်ချင်း ဒီနေ့ ရှိပါ့တော့မလား၊ ပြန်တွေ့ရပါ့မလား၊ ငါ့ကိုတော့ ဘယ်တော့ လာဝင်ဆွဲသွားမလဲ ဆိုပြီးတော့ ကြောင့်ကြစိတ်တွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်ဗျာ" ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် လှုပ်ရှားနေသည့် ကျောင်းသားလူငယ်များအား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း အန်အယ်ဒီလူငယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများက မိမိတို့တတ်နိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုကြသည်။

ကိုအောင်မိုးဟိန်းက "ကျနော်တို့က မြန်မာလူမျိုးတွေအတွက် လူဖြစ်တာ။ ရှေ့ဆက်လျှောက်ရမယ့် ဒီမိုကရေစီပန်းတိုင်၊ ဆုံးရှုံးနစ်နာနေတဲ့ လူ့အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆက်လုပ်သွားမှာဖြစ်တယ်။ ဖမ်းတာက သူ့အလုပ်၊ လုပ်ရမယ့် အလုပ်က ကိုယ့်အလုပ်ဆိုတာ ကျနော်တို့ကိုယ် ကျနော်တို့ သတ်မှတ်ထားတယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ကျနော်တို့ တနေ့နေ့မှာ အောင်မြင်မှုတော့ ရမှာပဲ။ တရားသဖြင့် ရပ်တည်နေတဲ့သူတွေ၊ အမှန်တရားကို ဆုပ်ကိုင်နေပြီး ရပ်တည်နေတဲ့သူတွေဆိုတော့ တနေ့နေ့ တချိန်ချိန်မှာ မလွဲမသွေ အောင်မြင်မှုဆိုတာ ရှိကိုရှိလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်" ဟု ပြောဆိုသည်။

Mazzimaမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 19, 2008

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် အင်တာဗျူး

ရှေ့နေ ဦးကြည်ဝင်း (ဓာတ်ပုံ - မိုးမခ)
မေး။ ။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို သိချင်ပါတယ်ခင်ဗျ။



ဖြေ။ ။ ဟုတ်ပါတယ်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀ နာရီ ၁၁ နာရီ လောက်က သူ့အိမ်မှာဒုတိယအကြိမ် တွေ့တာပါ၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ကျနေတာနဲ့ ပတ်သက်ပြီးတော့ လိုရင်း ပြောရရင် ဥပဒေကြောင်းအရ အယူခံဖို့ရာ ဆောင်ရွက်နေကြတာဗျ။

သူ့အပေါ်မှာ အရေးယူထားတာက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ခြင်း” ဆိုတဲ့ ဥပဒေ၊ အဲဒီ ဥပဒေ ၁၀ (ခ) နဲ့ အရေးယူခံထားရတဲ့ ပုဂ္ဂိုလ်ဟာ အရေးယူခံထားရတဲ့ ကာလအတွင်းမှာ ဘယ်အချိန်မဆို ပုဒ်မ ၁၉ အရ အယူခံနိုင်တယ်၊ အဲဒီ ပုဒ်မအရ ဒေါ်စုက ကျနော်တို့ကို သြဂုတ် ၈ ရက်နေ့က ဆွေးနွေး ပြီးတော့ အချက် ၅ ချက်ကို ပြန်ကြည့်ပေးပါတဲ့။

(၁) အချက်က အဲဒီ ၁၀ (ခ) အရ သူ့အပေါ်မှာ အရေးယူထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာ။ (၂) က သူ့ကို အရေးယူ ထားတဲ့ကာလ၊ သိတဲ့အတိုင်းပဲ ၂၀၀၃ ကနေ အခု ၂၀၀၈၊ ၅ နှစ် တောင်ကျော်ခဲ့ပြီ၊ မေလထဲက ကျော်ပြီ၊ အဲဒါ ဥပဒေနဲ့ ညီသလား မညီ ဘူးလား ဆိုတာ။

တတိယ အချက်က သူနဲ့ အတူနေနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ သူ့ သမီးရှိတယ်၊ အိမ်ဖော် သဘောမျိုးတော့ မဟုတ် ဘူး၊ သူ့ကို အဖော်အဖြစ်နဲ့နေတာ၊ သူတို့က ဒေါ်စုနဲ့ တအိမ်တည်းနေပြီး ချက်ရေးပြုတ်ရေးတွေ ဘာတွေလုပ်တယ်။

အဲဒီ ဒေါ်ခင်ခင်ဝင်းတို့ကို သတင်းတပ်ဖွဲ့တွေ ဘာတွေက စည်းကမ်း လေးတွေနဲ့ ထိန်းချုပ်တယ်၊ အဲဒီလို ဖြစ်လာတော့ ဒေါ်စုက ကျနော်တို့ကို မေးမြန်း တာဝန်ပေးထားတာက အခု သူ့အပေါ်မှာ ချမှတ်ထားတဲ့ ၁၀ (ခ) ဆိုတဲ့ ကန့်သတ်မိန့် ၊ တားဆီးမိန့်က ဘာဖြစ်လို့ ဒေါ်ခင်ခင်ဝင်း တို့ကိုသွားပြီး သက်ရောက်တဲ့ သဘောမျိုး ဖြစ်ရသလဲ၊ မဖြစ်သင့်ဘူးပေါ့၊ အမှန်တော့ သူ့ အပေါ်ချတာ၊ ဒေါ်ခင်ခင်ဝင်းတို့အပေါ် ချတာမှမဟုတ်ဘဲ၊ အဲဒါကို မေးတယ်။

မှန်ပါတယ်၊ ဒါကလည်း ရှင်းနေတာပါ၊ ကျနော်တို့ ဥပဒေမှာကိုက ဆိုပါတယ်၊ ဆိုင်တာက အမိန့်က ဗဟိုကချတဲ့ အမိန့် ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချတဲ့အမိန့်၊ ဒေါ်ခင်ခင်ဝင်းတို့ သူ့သမီးတို့ကို ချတဲ့အမိန့် မဟုတ်ဘူး။

အမှန်စင်စစ် လွတ်လွတ်လပ်လပ် သွားလာနိုင်ရမယ်၊ သို့သော် တဘက်ကလည်း ထောက်လှမ်းရေးပေါ့ဗျာ၊ သတင်း တပ်ဖွဲ့ ပေါ့၊ သူ့မှာလည်း စောင့်ကြည့်ဖို့တော့ တာဝန်ရှိတာပေါ့၊ အဲဒီမှာနည်းနည်းလေး တာဝန်ထမ်းတာက၊ အောက်ပိုင်းက ကျနော် မြင်တာက၊ အခု ပြောပြတဲ့ အပိုင်းမှာ ဒေါ်ခင်ခင်ဝင်း ဆေးခန်းသွားတော့ ဓာတ်ပုံ လိုက်ရိုက်တယ်၊ ဆေးခန်းမှာလည်း ၀င်ပြီး ထိုင်ပြီး စောင့်တယ်၊ အဲဒီ အသေးစိတ် ကလေးတွေကတော့ နည်းနည်းတော့ တွက်ရမှာပေါ့လေ၊ ဒါကို လူငယ်ပိုင်းက အဲဒီ လောက်ထိအောင် တာဝန်ထမ်းသွားတာဟာ လွတ်လပ်တဲ့ နိုင်ငံသားတယောက်ရဲ့ မူလအခွင့်အရေးကို ထိပါးတယ် ဆိုတာ မျိုးကို သူတို့ သတိထားပုံမရဘူး၊ အဲဒီလို ဖြစ်တယ်၊ ကျနော်ကတော့ ညှိပေးနေတယ်။

ဒေါ်စုကလည်း သူ့အတွက်ကြောင့် ဒေါ်ခင်ခင်ဝင်းတို့သားအမိ လူ့အခွင့်အရေး မူလအခွင့်အရေး မဆုံးရှုံးစေချင်ဘူး။

မေး။ ။ အခုလိုတွေ့ဆုံတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်အရ တွေ့ရတာလားခင်ဗျ။ တွေ့ဖို့ ကိုရော ဘယ်လို စီစဉ်ပေးလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်အရဆိုတာ မှန်ပါတယ်။ တွေ့ဖို့ကတော့ အက်စ်ဘီက သွားပြီးတော့၊ တွေ့မယ့်ရက်ကြတော့ ဒေါ်ခင်ခင်ဝင်းတို့ကို ဆက်သွယ်တယ်၊ ဒေါ်ခင်ခင်ဝင်းတို့ကို ပြောတယ်၊ ရှေ့နေကို ၀င်ခွင့်ပြုပါပြီ ပေါ့၊ ကျနော် ပထမအကြိမ် ၀င်ခွင့်ပေးတုန်းကတော့ ဗဟန်းမြို့နယ်က တရားသူကြီးတဦး ပါတယ်၊ တခြား ရယကတွေ ဘာတွေတော့ ကျနော်လည်း အသေအချာ မသိဘူး၊ သတင်းတပ်ဖွဲ့က ကျနော့်ကို ဆက်သွယ်တယ်။

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး အန်အယ်တို့ ဥပဒေ သမားတွေ အနေနဲ့ ဥပဒေကြောင်းအရ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ သြော် … အဲဒါက ကျနော်တို့ အယူခံမယ်၊ အယူခံတဲ့ အခါကြတော့ အခု အယူခံလွှာကို ကျနော်နဲ့ ဦးဥာဏ်ဝင်းနဲ့ ရေးနေတယ်၊ အဲဒီလိုရေးနေကြတော့ အယူခံအကြောင်းပြချက်ဆိုတာ ၃-၄-၅ ချက်တော့ ပါမှာပေါ့ဗျာ …။ အဲဒါတွေ ရေးပြီး တော့မှပဲ ပြောပါရစေလား …။ လတ်တလောတော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးတော့လေ …။ အဲဒီဟာ ကျနော်တို့က ရေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ဒါ ထုံးစံအတိုင်းပေါ့ဗျာ ...။ တင်ပြရမှာပေါ့ဗျာ …။ ပြင်ချင်တာတို့ ဖြည့်ချင် တာတို့ လုပ်ရမှာပေါ့…။

မေး။ ။ အခုလို အန်ကယ်တို့ စီစဉ်တာကတော့ ဥပဒေလမ်းကြောင်းအရ ဥပဒေနဲ့အညီပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ အရေးယူထားတာကိုရော ဥပဒေနဲ့ ညီတယ်လို့ အန်ကယ်တို့ ယူဆထားပါသလား …။

ဖြေ။ ။ အဲဒါကို ကျနော်တို့ ပြောလို့ မဖြစ်သေးဘူး၊ ပြောလို့လည်း မသင့်သေးဘူး၊ ဘာလို့လည်းဆိုတော့ သိတဲ့အတိုင်းပဲ ရှေ့နေလောကကတော့ ဟိုက်ကုတ်ကို တင်ပြီ၊ သို့မဟုတ် တိုင်းတရားရုံးကို၊ ဘယ်ရုံးဖြစ်ဖြစ် တင်ပြီးတော့ အလားအလာတို့ ဘာတို့ လျှောက်ပြောရင် တဘက်မှာ တရားရုံးကို စော်ကားသလို ဖြစ်မှာလည်း ရှိတယ်။

မေး။ ။ အခုက ဒီအယူခံလွှာက ဘယ်ကို တင်ရမှာလဲ ခင်ဗျ။

ဖြေ။ ။ အခု အယူခံက ဘယ်ကို တင်ရမှာလည်းဆိုတော့ အစိုးရအဖွဲ့ကိုပါ၊ အင်္ဂလိပ်လိုကတော့ Council of Ministers တဲ့၊ အစိုးရအဖွဲ့ဆိုတော့ ကက်ဘိနက်ပဲ၊ ဟိုတုန်းက ၀န်ကြီးအဖွဲ့ဗျ၊ အခု အစိုးရအဖွဲ့လို့ ခေါ်တာ၊ တနည်းအားဖြင့် ပြောရင် နေပြည်တော် သွားပြီးတင်ရမှာပါ …။

မေး။ ။ အခုအယူခံက အဆင်မပြေခဲ့ရင် ဘယ်လိုဆက်လက် ဆောင်ရွက်ဖို့ ရှိပါလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါဖြင့်တော့ မပြောတတ်သေးဘူးဗျ၊ အဲဒီအပိုင်းကတော့ ကျနော်တို့လည်း ကြည့်သေးတာပေါ့။

မေး။ ။ အန်ကယ်တို့ သွားတွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ ခင်ဗျ။
ဖြေ။ ။ ကျနော်မြင်ရသလောက်တော့ ကောင်းပါတယ်၊ စိတ်ဓာတ်အားဖြင့်ကို ကောင်းပါတယ်၊ တကယ့် Physical ကျန်းမာ ရေးကတော့ အဲဒီနေ့က ဒေါက်တာတင်မျိုးဝင်း ၀င်ပြီးဆေးစစ်ခွင့်ရသွားပြီလေ။ ဆေးစစ်ခွင့်ရသွားတော့ ဆရာတင်မျိုးဝင်းက ပိုပြီးပြောနိုင်မှာပါ။ ကျနော်တို့ အမြင်အားဖြင့်တော့ စိတ်ဓာတ်အားဖြင့် ကောင်းတယ်လို့ မြင်ရပါတယ်။ ။

ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ရန်ကုန်မြို့တွင်အနီရောင်လှုပ်ရှားမှုများဆက်တိုက်ဆောင်ရွက်

ရန်ကုန်မြို့တွင် နအဖ၏လုံခြုံရေးထူထပ်စွာချထားသည့်ကြားမှအနီရောင်လှုပ်ရှားမှုများကို
ဆက်တိုက်လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်၊သြဂုတ်လနှင့်စက်တင်ဘာလတို့သည်မြန်မာနိုင်ငံ
၏သွေးစွန်းသောနေ့ရက်များအဖြစ်သတ်မှတ်ကာနအဖအားဆက်တိုက်တော်လှန်သွားမည်
ဖြစ်သည်။













အပြည့်အစုံဖတ်ချင်ရင်...

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

ဖြိုးကြီး။ သြဂုတ် ၁၉၊ ၂၀၀၈

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။

ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။

"တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။

ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။

ရိုးမမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Monday, August 18, 2008

နားဆင်ကြည့်ပါ




အပြည့်အစုံဖတ်ချင်ရင်...

ကားခတိုးမြှင့်ပေးရန် ဆန္ဒပြသည့် ကား (၉) စီး လိုင်စင်အသိမ်းခံထားရ

ဗထူး။ သြဂုတ် ၁၈၊ ၂၀၀၈

သတ်မှတ်ထားသည့် ကားခများ တိုးမြှင့်ပေးရန်နှင့် ဓါတ်ဆီလုံလောက်စွာ ထုတ်ပေးရန် အေးချမ်းစွာ ဆန္ဒပြသည့် ကား (၉) စီးကို (မထသ)မှ လိုင်စင်များသိမ်းဆည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ဒလနှင့် တွံတေးသို့ ပြေးဆွဲနေသည့် မှန်လုံကား (၉) စီးမှာ ပြီးခဲ့သည့်လ (၁၉) ရက်နေ့မှ စတင်ကာ ဒလကားဝင်းအတွင်း ရပ်နားဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“(မထသ)ကထုတ်ပေးတဲ့ ဓါတ်ဆီဂါလံနဲ့ ထုတ်ဈေးက ခရီးသည်တွေဆီကပြန်ရတဲ့ ငွေနဲ့မကိုက် ဘူး၊ နောက်တခါ ဓါတ်ဆီပြန်ထုတ်ဖို့ ရတဲ့ငွေနဲ့မလောက်တော့တာကြောင့် ကားခ ၂၀၀ ကျပ်ကို တိုးပေးဖို့ တင်ပြထားတာ (မထသ)က ဘာမှအကြောင်းမပြန်လို့ လိုင်းမဆွဲဘဲ အဲ့ဒီကားတွေ ကားဝင်းထဲမှာပဲ ထိုးတာတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ထ/၇၃၈၅၊ ည/၆၀၉၄၊ ထ/၄၅၀၆၊ အ/၃၅၈၅ အစရှိသည့် ကား (၉) စီးမှ ဒရိုင်ဘာနှင့် စပယ်ယာ များက ဒလဝင်းအတွင်း ကားများကို ထိုးရပ်ထားကာ ဘောလုံးကန်နေခြင်းဖြင့် ဆန္ဒပြခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ထွက်မဲ့ကားတွေမရှိတော့ ခရီးသည်တွေများလာပြီး ပြဿနာဖြစ်မဲ့အနေအထား ရောက်လာ တော့ စစ်တပ်၊ ရဲနဲ့ (မထသ)ကအရာရှိတွေ ရောက်လာပြီး ဖြေရှင်းကြတာပဲ၊ ဒါပေမဲ့ ဒီနေ့အထိ အဲ့ဒီကားတွေ အခု တလရှိပြီ ရပ်ထားခံရတာ၊ ကားတွေထုတ်လို့လည်း မရဘူး၊ ဖြေလည်း မဖြေရှင်းပေးဘူး၊ ဒီတိုင်းပဲ ခုထိရှိနေတယ်”ဟု မျက်မြင်တဦးက ပြောဆိုသည်။

ယခင်က အဆိုပါကဲ့သို့ ကားနှစ်စီးခန့်ပြုလုပ်ခဲ့သော်လည်း (မထသ)ဂိတ်မှူးမှ ညှိနှိုင်းပေးခဲ့ပြီး ယခုအခါ အထက်မှညွှန်ကြားချက်ဟုဆိုကာ ဒရိုင်ဘာနှင့် စပယ်ယာများမှာ လိုင်စင်များသိမ်းယူ ခံထားရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးက ပြောဆိုသည်။

ရိုးမမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Sunday, August 17, 2008

ကချင်ပြည်နယ်မှ ၁၅ နှစ်အရွယ် အမျိုးသမီးငယ် စော်ကား သတ်ဖြတ်ခံရ

ဘီဘီစီ(မြန်မာပိုင်း)
သြဂုတ် ၁၆၊ ၂၀၀၈

မြန်မာနိုင်ငံ စစ်တပ်က စစ်သားတွေ မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ Christian Solidarity Worldwide နဲ့ Burma Campaign (UK) အဖွဲ့တွေက သီးခြားစီ အဲဒီအဖြစ်အပျက်ကို သဘောထားတွေ ထုတ်ခဲ့ပါတယ်။

သူတို့ရဲ့ ကြေညာချက်တွေအရ ဗန်းမော်မြို့နယ်၊ နမ်ဆမ် (Nam Sai) ကျေးရွာက ၁၅ နှစ်အရွယ် ကချင်ကျောင်းသူမိန်းကလေး ခွန်ဒင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်တပ်ကစစ်သားတွေရဲ့ အဓမ္မပြုကျင့်မှုကို ခံရပြီးတော့ ခေါင်းကို ကွဲကြေအောင် ထုခံထားရတဲ့ ဒဏ်ရာတွေ၊ လည်ပင်းကို ဓားနဲ့လှီးထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Burma Campaign (UK)က ပြောခွင့်ရအမျိုးသမီး နန်ဆမ်း(Nang Seng)ကို ဒီသတင်းကို ဘယ်လိုအတည်ပြုခဲ့သလဲ၊ အဖြစ်အပျက်က ဘယ်လိုဖြစ်ခဲ့ပါသလဲလို့ စမေးတဲ့အခါ

“ဒီသတင်းက ကျမတို့ အထဲက လူ သုံးယောက် လေးယောက်ကို အင်တာဗျူးလုပ်ပြီးတော့မှ အခိုင်အမာ သိရတဲ့ သတင်းဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပျက်လဲဆိုတော့ အဲဒီအမျိုးသမီးငယ်က နမ်ဆန် ဆိုတဲ့ ရွာမှာ နေပါတယ်၊ သူတို့မိသားစုတွေနဲ့အတူ။ ၂၇ ရက်နေ့မှာ သူ့ရဲ့မိဘနှစ်ပါးက တောင်ယာမှာအလုပ်လုပ်နေတဲ့ သူ့အကိုကို ဆန်သွားပို့ခိုင်းတဲ့ လမ်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာဖြစ်တယ်။ ဆန်သွားပို့တဲ့လမ်းမှာ စစ်သား သုံးလေးယောက်ရှိတဲ့နေရာကနေ ဖြတ်သွားရတယ်။ အဲဒီအမျိုးသမီးက မနက် ၉ နာရီကနေ သွားလိုက်တယ်။ တောင်ယာကိုလည်း မရောက်ဘူး၊ ညနေ ၈ နာရီ ၉ နာရီလောက်မှာ မတွေ့တဲ့အခါကျတော့ ပျောက်တယ်ဆိုတဲ့အခါ သိတဲ့အခါ သူတို့က လိုက်ရှာ၊ စုံစမ်းတယ်။ ဒါပေမယ့် မတွေ့ဘူး။ အဲဒီလိုနဲ့ မိသားစုတွေက နောက်တရက်လည်း လိုက်ရှာ၊ ရွာဘေးနားမှာလည်း လိုက်ရှာ၊ သူသွားခဲ့တဲ့လမ်းမှာလည်း လိုက်ရှာ၊ ဘယ်လိုပဲလိုက်ရှာ(ပေမယ့်)လည်း မတွေ့ဘူး။ ဒါပေမယ့် သူတို့တွေ ဘာသိရလဲ ဆိုတော့ တချို့တွေက ‘ဟာ အဲဒီကောင်မလေးကို အဲဒီလမ်းမှာ တွေ့တယ်၊ သူ့ နောက်မှာ စစ်သားတယောက်က လိုက်နေတာ၊ ဟုတ်တယ်’။ အဲဒီအချိန်တုန်းက အဲဒါမျိုးတွေ သိလာတယ်။ နောက် နွားကျောင်းသားတယောက်က ဘယ်လိုပြောလဲဆို သူလည်း အဲဒီနွားကျောင်းပြီးပြန်လာတဲ့အခါမှာ အဲဒီကောင်မလေး အသတ်ခံရတဲ့ နေရာနားမှာပဲ ‘ဒီနားမှာ စစ်သား၂ယောက်က အဲဒီတောဘက်ကနေ ဆင်းလာတာတွေ့တယ်’ ဆိုပြီး သူတို့ သတင်းတွေ တခုပြီးတခု ရတဲ့အခါ သူတို့ အဲဒီနားတ၀ိုက်ကို ပိုက်စိတ်တိုက်ပြီးတော့ သူတို့ မိသားစုတွေရော၊ အမျိုးတွေရော၊ ရွာကလူတွေရော လိုက်ပြီးရှာတဲ့အခါမှာ အဲဒီမှာ အရမ်းကို ရက်ရက်စက်စက် မုဒိမ်းကျင့်ထားရုံတင်မကဘူး၊ ဆိုးရွားစွာ သူတို့ နှိပ်စက်ထားပြီးတော့ သတ်ထားတာ သူတို့တွေ့ရတယ်။”

“အခု ရွာသားတွေဘက်ကတော့ စစ်တပ်ကလုပ်တာဆိုပြီးတော့ မသင်္ကာဘူးဖြစ်တာပေါ့လေ၊ ဘယ်လိုဆက်လက်ဆောင်ရွက်ကြလဲဗျ။”

“ သူတို့ ကျေးရွာရပ်ကွက်ကို သွားတိုင်တဲ့အခါ ကျေးရွာရပ်ကွက်က သိပ်ပြီး အရေးယူခြင်း မရှိတဲ့အခါ သူတို့က ဘယ်သွားလဲဆိုတော့ ရဲစခန်းကို သွားတိုင်တယ်။ ရဲစခန်းကလူတွေက ဘာပြောလိုက်လဲဆိုတော့ မင်းတို့တွေရဲ့ကိစ္စက စစ်သားနဲ့ပတ်သက်တဲ့အရာကြောင့်မို့ ဆက်ပြီးတော့ ဖြေရှင်းဖို့၊ အရေးယူဖို့ အင်မတန်ခက်ခဲတဲ့အရာဖြစ်တယ်လို့ သူတို့ကို ပြောလိုက်တယ် တဲ့။”

“အဲဒီလိုမျိုးအဖြစ်အပျက်တွေက အဲဒီနေရာဒေသမှာ အရင်ကရော ဖြစ်ပျက်ခဲ့တာ ရှိလား။”

“ရှိတယ်။ 2006 မှာလည်း အဲဒီအဖြစ်အပျက်လိုမျိုးပဲ အဲဒီဒေသတ၀ိုက်မှာ တခါ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘာမှ အရေးယူခြင်း မရှိဘူး။ နောက်ထပ်တခု ရှိသေးတယ်၊ ၂၀၀၇ ခုနှစ်မှာ အမျိုးသမီး ၄ယောက်ကို စစ်သားအဖွဲ့လိုက်ကနေပြီးတော့ မုဒိမ်းကျင့်ခဲ့ဖူးတယ်။”

“ဟုတ်ကဲ့။ အခုကိစ္စပေါ်မှာတော့ အထဲမှာ တရားရင်ဆိုင်ဖို့ အခက်အခဲရှိနေတဲ့ပုံစံ ရှိနေပါတယ်။ ဒီတော့ မနန်ဆန်းတို့ အနေနဲ့ Burma Campaign (UK)အနေနဲ့ ဒီကိစ္စကို ဘယ်လိုဆက်လက် ဆောင်ရွက်သွားဖို့ ရှိလဲဗျ။”

“ကျမတို့အနေနဲ့ကတော့ နအဖစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ပြစ်မှုဟာ တကယ်ကို သူတို့ကျူးလွန်နေတယ်ဆိုတဲ့အရာကို International Community ဒီ ကမ္ဘာကနေပြီးတော့ သိစေပြီးတော့၊ ထပ်ပြီးတော့ တွန်းအားပေးဖို့ အတွက်၊ အဲဒါ တခု။ ပြီးတော့ ဇွန်လ ၁၉ ရက်နေ့မှာ UN Security Councilကနေပြီးတော့ Resolution တခု ချပါတယ်၊ အဲဒီ Resolutionက 1820 ပေါ့နော်၊ အဲဒါက လက်နက်ကိုင်တဲ့ စစ်အစိုးရကနေပြီးတော့ အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုက လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ပြစ်မှုတခု၊ Crime against Humanity ဟုတ်တယ်ဆိုတာကို သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ ကျမတို့ဖြစ်စေချင်တာက သိပ်မကြာခင်အတောအတွင်းမှာ ဂမ်ဘာရီက တခါ နအဖနဲ့ စကားပြောမယ်၊ ဆွေးနွေးမယ့်အချိန်မှာ ဒီအရာက တကယ်ပဲ နအဖတွေ ကျူးလွန်နေတဲ့အရာဖြစ်တယ် ဆိုတာကို သူတို့တွေ ထပ်ပြီးတော့ ထောက်ပြပြီးတော့ အရေးယူပေးသင့်တယ်လို့ ကျမတို့ မြင်သလို အဲဒါကိုလည်း အားပေးပါတယ်။”


အပြည့်အစုံဖတ်ချင်ရင်...

Saturday, August 16, 2008

ကျွန်

Read this document on Scribd: kyun(kaung kin ko)

အပြည့်အစုံဖတ်ချင်ရင်...

လာရာလမ်း၊ပစ္စုပ္ပန်ခြေလှမ်းနဲ့ပုပ်လာတဲ့အသီး

ပြည်တွင်းက သူငယ်ချင်းက မေးလာတယ်။ `သူငယ်ချင်းရေ တက္ကသိုလ်အတွက် ဆောင်းပါးလေး ဘာလေး ရေးပါလား၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက်´တဲ့။ စာရေးသူ သူငယ်ချင်းက ရန်ကုန်၊ ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်မှာ ပညာသင်လာတာ အခုဆိုရင် ခြောက်နှစ်ရောက်လို့ M.A တန်း တက်ရောက်သင်ကြားနေသူဖြစ်တယ်။ စာရေးသူကလည်း ပြန်ပြောရတယ်။ `ဟာ … တက္ကသိုလ်အကြောင်း ကို တက္ကသိုလ်ထဲက ကိုယ်တော်တို့ကရေးမှ ပိုပြီးကောင်းမှာပေါ့။ တပည့်တော်တို့က ကြားဖူးနားဝပဲ ရှိတာ။ အရှင်တို့က ကိုယ်တွေ့ကြုံနေရတာ´လို့။ ဒါပေမယ့် သူက `ဘာပဲဖြစ်ဖြစ်ပေါ့၊ ဆောင်းပါးလေး တစ်ပုဒ် လောက်တော့ လုပ်ပါ´လို့ ဆိုလာတာနဲ့ ဒီဆောင်းပါးကို ရေးရပါတယ်။ အဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တက္ကသိုလ်က သူရေးစေချင်တဲ့ အချက်အလက်တွေကို အီးမေးလ်ပို့လာပါတယ်။ အဆိုပါ အချက်အလက်များ ကို အခြေခံပြီး တင်ပြသွားပါမယ်။

စာရေးသူ ဒီကိုရောက်မလာခင်က တက္ကသိုလ်နဲ့ တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွား လည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြု ရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အ ရွယ်နဲ့ မလိုက်အောင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လည်း ကြွ၊ လှေနဲ့ပင့်လည်း ကြွ၊ ပင်ပင်ပန်းပန်း နဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လည်း ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာ ပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေ မယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင် ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကနေ အသိပညာတွေပေးပုံက တစ်မျိုး။ အပြင်က ကျောင်းတိုက်ကြီးတွေနဲ့ မတူဘူး။ အပြင်ကျောင်းတိုက်တွေမှာက သမိုင်းတို့၊ ဘာသန္တရတို့၊ အခြားဖတ်သင့်ဖတ်ထိုက်ရာ စာအုပ်တို့ဆိုတာ ဖတ်ဖို့ မလွယ်ပါဘူး။ ပြဋ္ဌာန်းကျမ်းစာကလွဲပြီး ကျန်တာတွေဖတ်ရင် အပြစ်ပေးခံရပါတယ်။ တကယ်ကို စာပေ၀ါသနာ ပါတဲ့ စာသင်သားတွေဟာ ဗဟုသုတ စာအုပ်စာပေတွေကို ခိုးကြောင်ခိုးဝှက် ဖတ်ရပါတယ်။ စာရေးသူ ဒီလိုပြောလိုက်တာဟာ အပြင်ကျောင်းက သံဃာတော်တွေဟာ ဗဟုသုတစာပေတွေ မရှိဘူးလို့ မဆိုလိုပါ ဘူးနော်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းပညာရေးလို့ဆိုတဲ့ Monastic Education ဟာ မှိုတက်နေပြီဆိုတာကို ပြချင်လို့ပဲ။ ဒါပေမယ့် တကယ့်ကို စာပေလိုက်စားတဲ့ ဗဟုသုတ လိုလားတဲ့ သံဃာ တော်တွေကတော့ ကိုယ်ထူကိုယ်ထ စာအုပ်စာပေများကို ဖတ်ရှုပြီး စာရေးဆရာလုပ် ပြည်သူကို အသိပညာ တွေ ပေးဝေနေဆဲပါပဲ။

ဒါပေမယ့် စနစ်ရဲ့ကျဉ်းကျပ်စွာတုပ်နှောင်မှုထဲက ခက်ခဲစွာ ရုန်းထွက်လာရတာဆိုတော့ အများစုဆိုတဲ့ စကား ကို သုံးစွဲခွင့် မကြုံသေးပါဘူး။ အနည်းစုကလေးပဲ ရှိပါတယ်။

အဲဒီ ကျယ်ပြန်တဲ့ ဗဟုသုတကြွယ်ဝတဲ့ သံဃာတော်များ များပြားလာမှသာ တနည်းအားဖြင့် ရဟန်းတော် တွေရဲ့ သုံးပုံနှစ်ပုံက ပြည်သူတွေလိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်စွမ်းရှိမှသာ အဆိုပါ ပညာရေးကို `ခေတ်မီတယ်၊ လိုက်လျောညီထွေဖြစ်တယ်´လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောမယ့်သာ ပြောရတာ ဒါတွေက စိတ်ကူးယဉ်ရုံသာ ဖြစ်ပါတယ်။ လူကြီးဖြစ်သူက `ဒါ´ဆိုရင် `ဒါ´လိုက်လုပ်မှ လူတော်၊ သူတော်ကောင်းလို့ ပြောခံရမယ့် ဒီနေ့ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ အားလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် ခေတ်မီတဲ့ ပညာ ရေးကို ပြဋ္ဌာန်းတည်ဆောက်ဖို့ မလွယ်ပါဘူး။ အင်း….ရကို မရနိုင်ပါဘူးလို့ ဆိုရမလို ဖြစ်နေတယ်။

သာသနာ့တက္ကသိုလ်ဟာ စ,ဖွင့်တုန်းက သူ့ခေတ်ရဲ့ တောင်းဆိုမှုကို မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နှစ် ဖက်လှ ဆရာဦးကျော်လွင်တို့က ဖြည့်ဆီးပေးတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ သူ့ခေတ်က တောင်းဆိုမှုနဲ့ ယခု လက်ရှိခေတ် တောင်းဆိုမှုဟာ မတူတော့ပါဘူး။ မတူပေမယ့် ဖွင့်စတုန်းက ပေးခဲ့တဲ့စနစ်က ယနေ့အထိ စွဲ ကိုင်ထားတုန်းပဲ။ လာရာလမ်းက ကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ခြေလှမ်းတွေက ယိမ်းလာတယ်။

မြန်မာတွေဟာ စစ်အစိုးရကို `မုန်းတယ်၊ မကြိုက်ဘူး´ဘယ်လိုပဲပြောပြော စစ်အစိုးရရဲ့ `အထက်အောက် စနစ်´က မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတိုက်တွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေတာ တွေ့ရမယ်။ သာသနာ့တက္ကသိုလ်မှာလည်း အဲဒီအတိုင်းပဲ။ အထက်လူကြီးတွေရဲ့ စကားကို မြေ၀ယ်မကျ နား ထောင်တတ်မှ တပည့်ကောင်း ပီသတယ်။

ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလည်း အများကြီး။ တက္ကသိုလ်ထဲမှာတောင် ပေါ်တင်မပြောကြလို့သာရယ် ‘Master All Know’ ဆိုရင် ဘယ်ဆရာတွေကို ရည်ညွှန်းမှန်း ကျောင်းသားတွေက သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မသိတာ မရှိဘူးလေ။ ဆိုလိုတာက ဘာမှ အရည်အချင်း မပြည့်မီဘဲ ဆရာလုပ်နေသူတွေ အများကြီး ရှိလာတယ်။ တက္ကသိုလ်သမိုင်းမှာ အရည်အချင်းရှိပြီး အမှန်တကယ် တက္ကသိုလ်ကိုချစ်တဲ့ လူတော်တွေ အဝေး ရောက်သွားခဲ့ကြရတာတွေက အများကြီး ရှိခဲ့တယ်။

ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလည်း ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလည်း အများကြီး ရှိပါတယ်။ အချို့ဆရာတော်တွေဟာ ဘာမှရပိုင်ခွင့်မှ မရရှိကြပေမယ့် စာသင်သား သံဃာတော်တွေလို နေထိုင်၊ စားသောက်ပြီး စေတနာသန့်သန့်နဲ့ တက္ကသိုလ်ကြီး တိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြပါတယ်။

ဒါပေမယ့် တကယ်တတ်ကျွမ်းတဲ့ အဆိုပါဆရာတော်တွေက စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ စွမ်းအားရှင်ဒကာ တွေအောက်မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။

အခု ပြောပြတာတွေက အမြွက်မျှပဲ ရှိပါသေးတယ်။ ပစ္စုပ္ပန်ခြေလှမ်းကို အနည်းငယ် ဖော်ပြလိုက်တာပဲ ရှိပါ သေးတယ်။ အဓိကပြောချင်တဲ့ အချက်တွေ လွတ်ကုန်မှာစိုးလို့ ရပ်ထားလိုက်တယ်။

ဆိုတော့ `ဒီလို မဖြစ်သင့်တဲ့ လုပ်ရပ်တွေ၊ မဖြစ်သင့်တဲ့ ဆရာတွေ ဖြစ်နေတာကို လူကြီးတွေက ဘာမှ မလုပ် ဘူးလား´လို့ မေးချင်သူတွေ ရှိလာလိမ့်မယ် ထင်တယ်။ `ပုပ်လာတဲ့ အသီး´ဆိုတာ အခုမှ လာမှာပါ။

စစ်အစိုးရဟာ ဉာဏ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ သံဃာကို သံဃာနဲ့နှိမ်နင်းမှ ချိုးနှိမ်မှ ထိရောက် တယ်ဆိုတာ သူတို့သိတယ်။ အခု ပိုပြီးသိလာလို့ ပိုပြီးထိရောက်အောင် လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃာ့ဘောင်ထဲမှာ သူတို့စိတ်ကြိုက်လိုက်လုပ်မယ့် `စွမ်းအားရှင်ဘုန်းကြီး´တွေကို မွေးမြူလာတာ တွေ့ရ တယ်။ တချို့ စွမ်းအားရှင်ဘုန်းကြီးတွေကတော့ အစကတည်းက မကောင်းတာ၊ အစကတည်းက ကိုယ်ကျိုး ရှာသမား၊ အတ္တသမားတွေ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတန်းအစားတွေ။ တချို့ကျတော့ အစကတော့ စိတ်ကောင်းရှိသလို၊ အများအကျိုး သယ်ပိုးချင်စိတ်ရှိသလို ထင်ရတယ်။ ပစ္စည်းဥစ္စာ၊ လာဘ် လာဘနဲ့ ဖြားယောင်းလာတဲ့ အခါကျတော့ သူတို့ဟာ စစ်အစိုးရအလိုကျ `စွမ်းအားရှင်´တွေ ဖြစ်လာကြ တယ်။

သာသနာ့တက္ကသိုလ်၊ နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ရေးတဲ့ဆောင်းပါးဆိုတော့ သာသနာ့တက္ကသိုလ်ကို သန့် ရှင်းစေလိုတဲ့ သဘောနဲ့ သာသနာ့တက္ကသိုလ်က `စွမ်းအားရှင်ဘုန်းကြီး´တွေကိုပဲ အဓိက ရေးသွားပါမယ်။ စက်တင်ဘာ အရေးအခင်းကြီးမှာ သံဃာတွေ ဆန္ဒပြလို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး တေးသွားတွေဟာ နိုးကြားလာခဲ့တယ်။ သံဃာတော်တွေထဲက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ သံဃာတွေလည်း ပေါ် ထွက်တယ်။ သူတို့ကို စစ်အစိုးရက ဘယ်လောက်ပဲ ထောင်ချ၊ အကျဉ်းချထားသည်ဖြစ်စေ ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။

သာသနာ့တက္ကသိုလ်မှာလည်း ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။ ဘယ်ဆရာတော်ကတော့ ဆန္ဒပြသံဃာတော် တွေကို ဘယ်လိုကာကွယ်ပေးတယ်။ ဘယ်ဆရာတော်ကတော့ ဘယ်လိုကူညီပေးတယ်။ ရေးချင်တဲ့ အချက် အလက်တွေက အများကြီး။

စက်တင်ဘာအရေးအခင်းမှာ နာမည်ကြီးသွားတဲ့သူတွေ အများကြီးရှိတယ်။ တချို့က အများအတွက် ရှေးရှုလို့ နာမည်ကြီးတယ်။ တချို့က အများကို ချောက်ချလို့ နာမည်ကြီးတယ်။ ကျောင်းတိုက်တွေမှာလည်း ခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း နာမည်ကြီးတွေအကြောင်း ပြောဖြစ်ကြတယ်။

စာဖတ်သူတွေသိအောင် `စွမ်းအားရှင်ဘုန်းကြီး´ရဲ့ အကြောင်းကို အနည်းငယ် ပြောပြပါမယ်။ သာသနာ့ တက္ကသိုလ်မှာ စက်တင်ဘာ အရေးအခင်းတုန်းက နာမည်အကြီးဆုံးကတော့ လက်ရှိမကွေးဆောင်မှာ ကုတ် ကပ်နေတဲ့ ကြောင်သူတော် ကြွက်သူခိုး `စွမ်းအားရှင်ဘုန်းကြီး´ဖြစ်တယ်။

တကယ်တော့ သူဟာ စက်တင်ဘာရောက်မှ နာမည်ကြီးတာ မဟုတ်ပါဘူး။ အရင်ကတဲက တက္ကသိုလ်မှာ နာမည်ကြီးပါတယ်။ နာမည်ကြီးလား၊ မကြီးလားဆိုတာ သိရအောင် သူ့ရဲ့ နာမည်ပြောင်လေးတွေကို ကြည့် လိုက်ပါဦး။ သူ့အကြောင်းပြောတဲ့သူတိုင်း ဘယ်သူမှ သူ့ရဲ့ ဘွဲ့နာမည်အရင်းအတိုင်း ခေါ်ဝေါ်ပြောဆိုလေ့ မရှိကြဘူး။

`၀က်ကုန်း(၀ါဂွမ်း)၊ ထိပ်ပြောင်၊ ပြောင်ကြီး၊ ငပန်၊ ဂွေးပန်၊ ခွေးပု၊ ဂွေးပု၊ မစ္စတာအောလ်နိုး၊ အနောက် တောင်ပိုင်းစစ်ဌာနချုပ်´ဆိုတဲ့ နာမည်လှလှလေးတွေဟာ တက္ကသိုလ်သံဃာတွေ ပေးထားတဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးရဲ့ နာမည်တွေပါပဲ။ စက်တင်ဘာအရေးအခင်းမှာ သံဃာတွေကို အမျိုးမျိုး ပုတ်ခတ်ခဲ့ သူကလည်း ၀က်ကုန်းပါပဲ။ စာရေးသူရေးတာကို ကြည့်ပြီး သုံးသပ်ရင် သံသယဖြစ်နေလိမ့်မယ်။ အဆိုပါ နာမည်ပြောင်လေးတွေကို ကြည့်ပြီး သူ့ရဲ့ ကာရိုက်တာကို မှန်းကြည့်လို့ ရပါတယ်။ သူဟာ န.အ.ဖလိုပဲ ကိုယ့်အကျိုးအတွက်ဆိုရင် အားလုံးကို လုပ်ဝံ့တဲ့သူ ဖြစ်တယ်။ ရဟန်းဝတ်ပြီး `ဘယ်သူသေသေ ငတေမာ ပြီးရော´လူစားမျိုးဖြစ်တယ်။ စက်တင်ဘာ အရေးအခင်းမှာလည်း သံဃာတွေရဲ့ဘက်ကနေ ရပ်တည်ပေးခဲ့ သူ မဟုတ်ဘူး။ သူ့ကြောင့် တက္ကသိုလ်ပြင်ပ ရောက်သွားရတဲ့ သံဃာတော်တွေဟာ တက္ကသိုလ်သမိုင်းမှာ အများကြီးရှိခဲ့တယ်။ သူဟာ မင်္ဂလာဗျူဟာ … စတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာလည်း လူတတ် ကြီးလုပ်ပြီး သင်တန်းဆရာ လုပ်နေသူလည်းဖြစ်တယ်။

နောက်စွမ်းအားရှင် တစ်ယောက်ကတော့ `လက်ရှိမော်ထိန်း၊ ဒု-ပါမောက္ခချုပ်´လုပ်နေတဲ့သူဖြစ်တယ်။ သူဟာ လည်း န.အ.ဖ ဘက်တော်သားပီပီ န.အ.ဖလိုပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်သူဖြစ်တယ်။ စက်တင် ဘာအရေးအခင်းမှာ စာသင်သား သံဃာတော်တွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒုတိယနာ ယကချုပ် ဆရာတော်ကိုလည်း တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး ပ,ထုတ်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ တက္ကသိုလ်သမိုင်းမှာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ မော်ကွန်းထိန်းဆိုပြီး ရာထူးကြီး သုံးခုရှိပါတယ်။ စက်တင်ဘာအရေးအခင်းအပြီး မရှေးမနှောင်းမှာပဲ သူဟာ ပါမောက္ခရာထူး(ယာယီ)ကို တက် ယူပြီး န.အ.ဖ အလိုကျ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါမောက္ခချုပ်ရာထူးကို ဒေါက်တာအာဒိစ္စကို ခန့်ထားခဲ့ပါတယ်။ အမှန်က သူ့ရဲ့ မူလရာထူးကို ပြန်သွားရမှာပါ။ ဒါပေမယ့် စစ်အစိုးရကလည်း သူတို့ခိုင်းသမျှ အကုန်လုပ်ပေးတဲ့ မော်ကွန်းထိန်းကို ရာထူးအဆင့် နိမ့်သွားစေချင်ပုံမရဘူး။ ဒါကြောင့် တစ်ခါမှ မကြားဖူးတဲ့ `စီမံဒုတိယနာယကချုပ်´ဆိုတဲ့ ရာထူးတစ်ခု ထပ်တိုးပြီး သူဟာ ရာထူးတစ်ခု ထပ်ယူလိုက်ပါတယ်။ ဒီအခြေ အနေကို သံဃာတော်များဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဒုတိယနာယကချုပ် ဆရာတော်ကလည်း သဘောပေါက်ပါတယ်။ အစည်းအဝေးပြီးလို့ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ရာထူးမှ နှုတ်ထွက်ခါ မိမိနေရင်း ကျောင်းကို ပြန်သွားပါတယ်။

သူ့အတွက်ကတော့ နားအေးသွားပါပြီ။ အေးအေးဆေးဆေး တရားဟောစာချ လုပ်နေရုံပါပဲ။ သူတော်ကောင်း တွေကတော့ သာသနာ့မျက်နှာနဲ့ အာဏာယှဉ်လာရင် သာသနာ့မျက်နှာကိုပဲ ကြည့်တတ်ကြပါတယ်။ တကယ် တမ်း နစ်နာတာကတော့ အမိတက္ကသိုလ်ကြီးနဲ့ တက္ကသိုလ်က သင်တန်းသား သံဃာတော်တွေပါ။

အဆိုပါ စွမ်းအားရှင်တွေဟာ အရာရာကို ခြယ်လှယ်ချင်တဲ့ သဘောနဲ့ ရာထူးအသစ်တွေ တိုးပြီး သူ့ကိုယ်သူ ပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။ တက္ကသိုလ်မှာ မော်ကွန်းထိန်း၊ ပါမောက္ခချုပ် (ယာယီ)၊ စီမံဒု-ပါမောက္ခ ချုပ် … ရာထူးအမျိုးမျိုးယူပြီး အရသာတွေ့နေသူ ဖြစ်သွားတယ်။

သိမ်တော်ကြီးကျောင်းတိုက်က သူ့အတ္တတွေကို ပိုပြီး ခိုင်မြဲစေခဲ့တယ်။ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ မ.ဟ.န (နိုင်ငံတော်သံဃာ့မဟာနာယက)က ပိုင်တာ။ ဆိုတော့ အစိုးရကျောင်းပေါ့။ အစိုးရကျောင်းဖြစ်လို့ ကျောင်းထိုင်အဖြစ်ကနေ ဖယ်ပေးရမှာ ကြောက်တာနဲ့ အောက်ဖိ၊ ထက်ဖား စွမ်းအားရှင် ဖြစ်လာရတော့တာပဲ။

တကယ်တော့ သူဟာ အော်ကျယ်အော်ကျယ်ပြောဖို့၊ သံဃာတွေကို ကျောင်းထုတ်ဖို့နဲ့ ရာထူးတက်အောင် အရာရှိတွေကို မျက်နှာလုပ်ဖို့လောက်ပဲ သိပါတယ်။ ဒါကို မဟာနာယက ဆရာတော်ကြီးများ သိဖို့ကောင်းပါ တယ်။ လက်တွေ့မှာ မော်ထိန်းဟာ စစ်အစိုးရ အရာရှိများနဲ့ မဟာနာယက ဆရာတော်ကြီးများကို ပေါင်းပြီး အာဏာတည်မြဲဖို့နဲ့ ရာထူးတက်ဖို့ပဲ ကြိုးစားနေတာပါ။

စက်တင်ဘာအရေးအခင်းနဲ့ အရေးအခင်းမတိုင်မီ ဖြစ်ခဲ့တဲ့ ဆွမ်းကွမ်းမလုံလောက်မှု ပြဿနာတွေမှာ အခြား သော နာယကချုပ်၊ ဒုချုပ်နဲ့ သင်ကြားစီမံ ဆရာတော်တွေအားလုံက အမိတက္ကသိုလ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေပေမယ့် သူကတော့ တာဝန်မဲ့စွာပဲ သူနဲ့မဆိုင်ပါဘူး၊ သူ မကြာခင် နှုတ်ထွက်တော့မှာ မကြာခင် နားအေးရတော့မှာပါလို့ ပြောရက်တဲ့ စကားကိုကြည့်ခြင်းအားဖြင့် တက္ကသိုလ်အပေါ် ဘယ်လောက်ချစ်တယ် တက္ကသိုလ်ကနေ ဘာကို အမြတ်ထုတ်ချင်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။

ဒါပေမယ့် အရေးအခင်းပြီးလို့ တည်တည်ငြိမ်ငြိမ် ဖြစ်လာတဲ့အခါကျမှ သူက မဟာနာယက ဆရာတော် တွေနဲ့ပေါင်းပြီး သူပဲ ကိုင်တွယ်လိုက်လို့ အေးအေးဆေးဆေးဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တာပါ။ ဘာမှမသိရှာတဲ့ ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်ကြီးတို့ကလည်း လက်ရှိနာယကချုပ် ဆရာတော်ကြီးကို ရာထူးက ဖြုတ်ပြီး သူ့ကို ယာယီပါချုပ် တင်လိုက်ပါတယ်။ တကယ်တမ်းဖြစ်ရမှာက ကျောင်းသားအများစု လေးစားပြီး အရည်အချင်းရှိတဲ့ ဒုတိယနာယကချုပ် ဆရာတော်က ပါမောက္ခချုပ် ဖြစ်ရမှာပါ။ ဒါပေမယ့် သူက မဟာနာ ယက ဆရာတော်များနဲ့ စစ်အစိုးရဘက်တော်သားများကို ပူပေါင်းပြီး ယာယီပါချုပ်ရာထူးကို ရယူခဲ့ပါတယ်။

အပြင်မှာတော့ ဗိုလ်စောမောင် တိုင်းပြည်ကို ပြောခဲ့သလိုမျိုး သူက ရာထူးကို မလိုချင်ကြောင်း မလုပ်ချင်ဘဲ လုပ်ရခြင်းဖြစ်ကြောင်း သတင်းလွှင့်ပါတယ်။ တွေ့သမျှ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များကိုလည်း သူ့ရဲ့သဘော ထားတွေကို ကိုယ်တိုင်နှုတ်မှ ထုတ်ပြောပါတယ်။ ကျောင်းသားများအပေါ်မှာလည်း စေတနာထားရှိတဲ့အ ကြောင်းကို မကြာခဏ ကိုယ်တိုင်နှုတ်မှ ထုတ်ပြောလေ့ရှိပါတယ်။

တကယ်တမ်း စေတနာရှိမရှိ ဆိုတာကိုတော့ ယာယီပါချုပ် ဖြစ်လာတဲ့အခါကျမှ လက်တွေ့သိလိုက်ရပါတယ်။ စက်တင်ဘာအရေးအခင်းကို အကြောင်းပြပြီး စစ်အစိုးရရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံကို သဘောမကျတဲ့ ကျောင်းသားများကို အပြစ်မရှိ အပြစ်ရှာပြီး စစ်အစိုးရအလိုကျ ကျောင်းမှ ထုတ်ပစ်ခဲ့ပါတယ်။ တက္ကသိုလ်ကို လည်း စစ်အာဏာရှင်တို့ရဲ့ မူအတိုင်း သင်ကြားစီမံ ဆရာတော်များ၊ ကျောင်းသားများ မနေနိုင်အောင် အ ကြောင်းအမျိုးမျိုးပြကာ စည်းကမ်းတင်းကျပ်ပါတယ်။

စစ်အာဏာရှင်များ သဘောကျအောင်လို့ အချို့သော အဆောင်းမှူးများကလည်း အာဏာရှင်ယာယီ ပါမောက္ခ ချုပ်နဲ့ ပေါင်းပြီး အပြစ်မဲ့တဲ့ ကျောင်းသားများကို ကျောင်းထုတ်စေခဲ့ပါတယ်။ တကယ်တမ်း စမ်းစစ်ကြည့်တော့ အထုတ်ခံရတဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ အဆောင်မှူးတွေရဲ့ အမြင်ကပ်တဲ့ ပုဒ်မတွေ ကြောင့်ဆိုတာ တွေ့ရပါတယ်။ အဆိုပါ အဆောင်မှူးတွေထဲမှာ မကွေးအဆောင်မှူးဟာ ထိပ်တန်းက ပါဝင်ခဲ့ တဲ့ စွမ်းအားရှင်ပဲ ဖြစ်ပါတယ်။

သူဟာ မင်္ဂလာဗျူဟာနဲ့ ဓမ္မဗျူဟာ လိုထင်းရှားတဲ့ ပြင်ပဌာနတွေမှာ လူပုဂ္ဂိုလ်များကို သင်တန်းအမျိုးမျိုး ပို့ချ ပြီး တက္ကသိုလ်ကို ခုတုံးလုပ်စားနေတဲ့ စွမ်းအားရှင် ဖြစ်ပါတယ်။ အဆောင်သံဃာများအပေါ်မှာ အလေးမထား ဘဲ ဒကာဒကာမပေါများရေး ဘုန်းကံကြီးရေးကိုသာ လုပ်ဆောင်နေသူပါ။

ဒါကိုလည်း အဆောင်နေသံဃာများနဲ့ တက္ကသိုလ်တစ်ဝန်းလုံးက သိကြပါတယ်။ သူ့ရဲ့အပြစ်တွေကို ဖုံးကွယ် ချင်တော့ ယခု ယာယီပါချုပ် တစ်ဖြစ်လဲ မော်ကွန်းထိန်းနဲ့ပေါင်းပြီး သူအမြင်မကြည်တဲ့ သင်တန်းသားများကို နိုင်ငံရေးပုဒ်မ ဘာပုဒ်မ ညာပုဒ်မတွေတပ်ပြီး ကျောင်းကနေ နှင်ထုတ်ခိုင်းပါတယ်။

အာဏာရူးနေတဲ့ မော်ထိန်းကလည်း ရာထူးအသစ်နဲ့ဆိုတော့ လက်စွမ်းပြချင်နေတာ အတော်ဖြစ်သွားပုံရပါ တယ်။ ချက်ချင်းပဲ မစူးစမ်း မစုံစမ်းဘဲနဲ့ အဲဒီသံဃာတွေကို စက်တင်ဘာမှာ ဦးဆောင်ပါတယ်ဆိုပြီး ကျောင်း ကနေ ထုတ်ပစ်ပါတယ်။ ပြီးတော့ သူတို့လုပ်တာ မဟုတ်ပါဘူး အစိုးရက စာတိုက်ရိုက်လာလို့ လုပ်တာပါ လို့ ပြောပါတယ်။ မကွေးအဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့ရဲ့ ပူပေါင်းကြံစည်မှုကြောင့် တက္ကသိုလ်ကနေ ထွက် ခွာသွားရတဲ့ သံဃာတော်တွေဟာ အပါး၂၀-ထက် မနည်းတော့ပါဘူး။ အဲဒီ သံဃာငယ်တွေဟာ အရည်အချင်း ပြည့်ဝပြီး စာကြိုးစားတဲ့သူတွေပါ။ အနာဂတ်အတွက် မိမိကျေးရွာ မိမိမြို့နယ်တို့က အားထားနေတဲ့ အရှင် ကောင်းလေးတွေပါ။

စာရေးသူဟာ ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အစကောင်းခဲ့တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးဟာ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ လက်အောက်မှာ ပျက်စီးသွားမှာ စိုးမိပါတယ်။ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ ပြည်သူများအားလုံး စွမ်းအားရှင် ဆရာတော်များအကြောင်းကို သိစေရန်၊ တက္ကသိုလ်နဲ့ ပတ်သက်ပြီး နစ်နာသွားခဲ့ကြရတဲ့ နစ်နာနေကြတဲ့ အခွင့်အရေးတွေ ဆုံးရှူံးနေတဲ့ စာသင်သား သံဃာတော်များ အကြောင်းကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်။

စွမ်းအားရှင်တွေကြောင့် ဒုက္ခရောက်သွားတဲ့ သံဃာတွေကို ဘယ်လို အကူအညီ ပေးကြမယ်ဆိုတာ စဉ်းစား ပေးကြဖို့ရန်နဲ့ စွမ်းအားရှင် သံဃာတော်များကို မြန်မာနဲ့ကမ္ဘာသိအောင် လုပ်ဖို့လိုပါတယ်။ `စွမ်းအားရှင်ဘုန်း ကြီး´တွေကို အများသိအောင် လုပ်ကြရပါမယ်။ ဒီနေ့ န.အ.ဖ စစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေဟာလည်း စွမ်းအားရှင်တွေပဲ ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ သိပြီးပြီဆိုရင် သိတဲ့အတိုင်း အားလုံးစုပေါင်းပြီး စွမ်းအားရှင် နှိမ်နင်းရေးတွေ လုပ်ကြရမယ်။ ဒီလို စွမ်းအားရှင်တွေ ခေါင်းဆောင်ဖြစ်လာတဲ့ တက္ကသိုလ်ကြီး ဟာလည်း ဘယ်လောက်ပင် အစကောင်းခဲ့သည်ဖြစ်စေ ပုပ်လာတဲ့ အသီးလိုပဲ သုံးစားမရ ဖြစ်လာပါလိမ့်မယ်။

သူတို့ကို ထောက်ပံ့ပေးနေတဲ့ ဒကာဒကာမတွေဟာ အဆိုပါ စွမ်းအားရှင် ကိုယ်တော်တွေရဲ့ သရုပ်အမှန်ကို မသိရှာကြပါဘူး။ အများအကျိုးအတွက်ကို မကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ အဆိုပါ စွမ်းအား ရှင်တွေရှိနေတာ တက္ကသိုလ်အတွက် နစ်နာပါတယ်။ မင်းကွန်းဆရာတော်ကြီးသာ ဒီအကြောင်းတွေ သိခဲ့ မယ်ဆိုရင် အလွန်စိတ်ပင်ပန်း ဖြစ်နေပါလိမ့်မယ်။

အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ ပတ်သတ်ဆက်စပ်တဲ့ ဒကာ၊ ဒကာမများ၊ ရဟန်းတော်များကို စာရေးသူ တိုက်တွန်းချင်ပါတယ်။ သူပြောငါပြောတွေက မသေချာပါဘူး။ စာရေးသူ ရေးတာတွေကိုလည်း မမေးမြန်းဘဲ မယုံစေချင်ဘူး။ သိချင်ရင် သာသနာ့တက္ကသိုလ်ကို သွားကြပါ။ မကွေးအဆောင်မှာနေတဲ့ သံဃာတော် တစ်ပါး ပါးကို မေးမြန်းပါ။ စုံစမ်းပါ။ စာရေးသူရေးတာတွေ ဟုတ်မဟုတ်ကို သွားရောက် မေးကြပါ။ တကယ့်အမှန် တရားတွေကို သိကြရပါလိမ့်မယ်။ စာရေးသူရေးတာတွေဟာ `လိုတောင် လိုနေသေးတယ်´လို့တောင် ပြော ဖြစ်နေပါလိမ့်မယ်။

အထူးသဖြင့် မင်္ဂလာဗျူဟာက တာဝန်ရှိသူတွေကို သိစေချင်ပါတယ်။ သင်တန်းသားတွေကိုလည်း သိစေချင် ပါတယ်။ အယုံအကြည် မမှားကြဖို့ သတိပေးချင်ပါတယ်။ တာဝန်ရှိသူတွေနဲ့ သင်တန်းသူ၊ သင်တန်းသား တွေအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေအကြောင်း သိချင်ရင် တက္ကသိုလ်ကို သွားရောက်စုံစမ်းနိုင် သလို သင်တန်းပို့ချနေတဲ့ တခြားဆရာတော်တွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဆရာတော်တွေက အရိပ်အ ခြည်လောက်တော့ ပြောပြပါလိမ့်မယ်။ သင်တန်းတာဝန်ရှိသူတွေ၊ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ အမိမြန်မာနိုင်ငံကို စစ်ကျွန်ဘ၀မှ အမှန်တကယ် လွတ်မြောက်စေချင်တယ် ဆိုရင်တော့ လုပ်သင့်လုပ်ထိုက် တာကို လုပ်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

အမိမြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်ကြပါတယ်ဆိုရင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေကိုသာမက တစ်နိုင်ငံလုံးက စွမ်းအားရှင်တွေကို လူ့အဖွဲ့အစည်းကနေ ကျဉ်ဖယ် ထားဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ န.အ.ဖရဲ့ ဒေါက်တိုင်တွေကို ဖြုတ်ထုတ်ပစ်ရာကျပါတယ်။ ဒီလိုလုပ် တာဟာ အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တကယ်ထိရောက်တဲ့ နည်းဖြစ် ကြောင်း သဘောပေါက်ကြရပါမယ်။

စာရေးသူအနေနဲ့ကတော့ နိုင်ငံကို ကောင်းအောင်လုပ်တာဟာ သာသနာကို ကောင်းအောင်လုပ်တာနဲ့ ခွဲခြား လို့ မရဘူးဆိုတာကို ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာသနာဆိုတာ နိုင်ငံကို အမှီပြုပြီးမှ ကြီးပွားရတာ ဖြစ်လို့ပါပဲ။ သာသနာ့သမိုင်းရဲ့ ဘယ်ကာလမှာပဲဖြစ်ဖြစ် နိုင်ငံမကောင်းရင် သာသ နာဆိုတာ အမှန်တကယ် မဖြစ်ထွန်းခဲ့ပါဘူး။ စေတီပုထိုးတွေ၊ ဘုရားတွေ တည်တာဟာ အမှန်တကယ် သာ သနာကို အဓွန့်ရှည်စေတဲ့နည်း မဟုတ်ပါဘူး။ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေကို ဥပမာယူစေချင်ပါတယ်။

ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ ထုံးမွှမ်းစေရပါမယ်။ စာရိတ္တမဏ္ဍိုင်တွေကို ဗုဒ္ဓအဆုံးအ မတွေနဲ့ တည်ဆောက်ပေးရပါမယ်။ အခုဆိုရင် ပြည်သူတွေဟာ ယိုယွင်းခြစားနေတဲ့ အုပ်ချုပ်မှုယန္တယား အောက်မှာ စာရိတ္တမဏ္ဍိုင်တွေကလည်း ယိုယွင်းလာနေတာ စိတ်မကောင်းစွာနဲ့ မြင်နေရပါတယ်။ စာဖတ် သူများအနေနဲ့ ဒီလို အခြေအနေတွေကို လက်ပိုက်ကြည့်နေကြတော့မှာလား။ ကိုယ့်ကိုကိုယ် အဲဒီမေးခွန်းလေး မေးကြည့်စေချင်ပါတယ်။

ဒီနေ့ခေတ်အကြောင်းအရာတွေက ကြောင်လှောင်သံကွင်းဆက်လို ပိုပိုပြီး ဆက်စပ်လာတယ်။ တစ်ခုနဲ့တစ်ခု က ခွဲခြားပြီး ကြည့်လို့မရဘူး။ ဆိုတော့ … စာဖတ်သူအနေနဲ့ သင့်ပတ်ဝန်းကျင်က စွမ်းအားရှင် တစ်ယောက်ကို အမြင်မှန်ရအောင် ပြောဆိုနိုင်ရင် သို့မဟုတ် မရတဲ့အဆုံး ကျဉ်ဖယ်ထားနိုင်ရင် သင်ဟာ အမိမြန်မာနိုင်ငံ အတွက် ထမ်းဆောင်ရာကျသလို ဗုဒ္ဓမြတ်စွာသာသနာကို စောင့်ရှောက်ရာလည်း ကျပါလိမ့်မယ်။

အခုဆိုရင် သံဃာတွေဘက်က ရပ်တည်တဲ့ ဒုတိယပါမောက္ခချုပ်ကလည်း နှုတ်ထွက်သွားတယ်။ ပါချုပ်အသစ် ကလည်း တက္ကသိုလ်မှာ ၀ါမဆိုဘူး။ ဒါကြောင့် အာဏာရှင် မော်ကွန်းထိန်းဆရာတော်ဟာ ပါချုပ်လည်း သူ၊ ဒုချုပ်လည်း သူ၊ မော်ထိန်းလည်း သူနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပါပြီ။ စည်းမျဉ်းတွေလည်း စိတ်ကြိုက်ထုတ်ကာ အာဏာရှင်လုံးလုံး ဖြစ်သွားပါပြီ။ အဆောင်မှူးတွေကိုလည်း သူ့ဘက်ပါအောင် စည်းရုံး ပြီး သူ့လုပ်ငန်းတွေကို ထောက်ခံဖို့နဲ့ သံဃာတွေကို နှိမ်နှင်းဖို့ ဖိအားတွေပေးနေပါပြီ။

နောက်ထပ် အပြစ်မဲ့တဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ပန်းကောင်းအညွန့်ချိုး ခံရဦးမလဲ မသိပါဘူး။ အခုတော့ တက္ကသိုလ်ဟာ မင်းကွန်းဆရာတော်ကြီး အလိုကျမဟုတ်တော့ဘဲ စစ်အာဏာရှင်အလိုကျ အာ ဏာတည်မြဲရေး လာဘ်လာဘ ပေါများရေး နာမည်ကြီးရေးသာ ဖြစ်နေပြီဆိုတာ အားလုံးသိစေချင်လို့ ဒီစာကို အခက်အခဲ အမျိုးမျိုးကြားက ရေးလိုက်ပါတယ်။ ဒါကို တက္ကသိုလ်ကို အသစ်ဝင်လာမယ် သင်တန်းသား သံဃာများနဲ့ ပြည်တွင်းပြည်ပမှ တက္ကသိုလ်နွယ်ဖွား အရှင်မြတ်များသိရှိပြီး အရှင်ဘုရားတို့အနေနဲ့ စစ်အာ ဏာရှင် ခေါင်ဆောင်များ ပြုတ်ကျရေး ကြိုးစားနေသလို စစ်အာဏာရှင်အလိုကျ အုပ်ချုပ်နေတဲ့ န.အ.ဖဒေါက် တိုင် စွမ်းအားရှင် ဆရာတော်များကိုလည်း အများပြည်သူသိအောင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းပါရ စေ။

သာသနာ့တက္ကသိုလ်မှ သံဃာတော်များအနေနဲ့လည်း အမိတက္ကသိုလ်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက် ရေးအတွက် စွမ်းအားရှင်ဘုန်းကြီးတွေကို အမိတက္ကသိုလ်က ပ, ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ စွမ်းအား ရှင်များ သာသနာ့တက္ကသိုလ်မှ ပ,ပျောက်သွားမှသာ အရှင်ဘုရားတို့ ချစ်တဲ့ သာသနာ့တက္ကသိုလ်ကြီးဟာ သန့်ရှင်းလတ်ဆတ်စွာ ရှင်သန်လာပါလိမ့်မယ်။ ပုပ်လာတဲ့ အသီးကို ဖယ်ထုတ်ပြီးမှသာ ပြည်သူတွေအားလုံး စားသုံးလို့ရမယ့် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးများ သီးလာပါလိမ့်မယ်။

ပြည်ချစ်ဘုန်းဘုန်း


အပြည့်အစုံဖတ်ချင်ရင်...

Thursday, August 14, 2008

ကြေညာချက်ထုတ်ပြန်



type your sumary here


အပြည့်အစုံဖတ်ချင်ရင်...

အခြေအနေပေးလျှင်ဖြင့်ရေးစမ်းပါဘိထိုစာလွှာ(၇)

တရားသူကြီးတစ်ဦးနှင့် စကားပြောခြင်း

ညဟာ မှောင်မည်းနေခဲ့တယ်။ တစ်စုံတစ်ဦးရဲ့ ခြောက်လှန့်မှုကြောင့် မဟုတ်ဘဲ စိတ်တွေဂယောက်ဂ ယက်ဖြစ်နေခဲ့တယ်။ ပစ်မှတ်အနေနဲ့ပြောရရင်တော့ နာကျငိစရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ် မှုမျိုးစုံနဲ့ ဘုန်းတန်းခိုးအာဏာကြီးနေတဲ့ လူသတ်သမားတွေကြောင့်ပေါ့လေ။ အော့ထ်ပေါ်အဖွဲ့သားတွေ ဦး ဆောင်မှုနဲ့ ဆာ့ဒ်တွေလွတ်လပ်ခဲ့တယ်။ သူတို့လည်း ဘ၀ပေါင်းများစွာ စတေးခံခဲ့ရတယ်။ ရက်စက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ပြည်သူတွေအလူးအလဲခံခဲ့ရတယ်။ နောက်ဆုံးတော့လည်း ပြည်သူတွေအောင်ပွဲခံခဲ့ နိုင်တယ်မဟုတ်လား။ ညညယောင်ယောင်အော်ရင် တစ္ဆေတွေလို့ခြောက်လှန့်ခံနေရတယ်။
မနက်မိုးလင်းခါနီးမှ မှေးခနဲပျော်သွားတယ်။ အရောင်ရောင်အမှားမှားအတွေးတွေနဲ့ တော်တော်နဲ့အိပ် မပျော်ခဲ့ဘူး။ ရေဆာတာနဲ့ ရေတစ်ခွက်ထသောက်လိုက်တယ်။ စစ်ဖိနပ်သံတွေ ကြားလိုက်တော့ လူထူပူသွား တယ်။ ကင်းလှည့်နေတာတဲ့လေ။ အာဏာကိုဖီဆန်သူမှန်သမျှဟာ ဘယ်သူပဲဖြစ်ဖြစ် ရန်သူပဲတဲ့။ ကြွေးကြော် သံတွေနဲ့ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေဖြစ်နေတော့ သူတို့နုဆိုနုနေရတယ်။

ဒါဟာ ကြောက်စိတ်နဲ့ ခြောက်လှန့်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာရဲ့နေ့စဉ်ရင်ဆိုင်နေရတဲ့ လုပ်ငန်း တစ်ခုပါပဲ။ ခြောက်တိုင်းကြောက်နေသေးရင်တော့ ဘယ်တော့မှ လွတ်လပ်မှုရောင်ခြည်ကို မြင်ခွင့်ရမှာမဟုတ် ပါဘူး။ ဒီတော့ လုပ်နိုင်တဲ့ဘက်ကနေ သွေးစည်းညီညွတ်မှုနဲ့ လုပ်နေကြဖို့ပဲ။
“ ခင်များ ဒီနေ့လာမယ်လို့တောင် ထင်မထားဘူး၊မနေ့ကတော်တော် ငြီးငွေ့စိတ်ပျက်သွားပြီလို့ထင် ထားတာ၊ခင်များရောက်လာတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဒီနေ့လည်း ခင်များသောက်ချင်တာ မှာ သောက်ပါခင်များ၊ နို့ဖျော်ရည်မှာသောက်လိုက်ရင်း သူ့လည်းဆက်တိုက်ဆိုသလို ပလိန်းတစ်ခွက်လှမ်းမှာ လိုက်တယ်။ ဒီနေ့တော့ သူရှင်းမယ်လို့ပြောနေတယ်။ကိုယ်ကလည်း ရပါတယ် ကျုပ်ပဲရှင်းလိုက်ပါမယ်လို့ပြော လိုက်ရင်း သူ့မျက်နှာ ခပ်ထန်ထန်ကြီးကို ကြည့်နေခဲ့တယ်”
“ အခုလောလောဆယ်တော့ အမှုသည်ပါးနေတယ်ထင်တယ် ”ကျွန်တော်ကပဲ စကားဝိုင်းကို စတင် လိုက်ပါတယ်။ “ သူ့ကတော့ ဘာမှမပြောဘဲ ခပ်ပြုံးပြုံးပဲ လုပ်နေခဲ့တယ်။ စားပွဲထိုးချပေးလိုက်တဲ့ ပလိန်းအ ထုတ်ကို ဖောက်ထည့်ရင်း အိပ်ခွံနဲ့မွှေနေခဲ့တယ်။ ကျုပ်ကလည်း ဒါကိုပဲစူးစူးစိုက်ကြည့်နေခဲ့တယ်။ ဇွန်းပါ လျှက်နဲ့ ဇွန်းနဲ့မမွှေတာကို အကောင်းမြင်လိုက်ပါတယ်။ ဇွန်းအတွက် စားပွဲထိုးဆေးစရာမလိုတော့ဘူးပေါ့။
“ မနေ့က ပြောခဲ့တဲ့စကားထဲမှာ ခင်များမှတ်မိသေးလားမသိဘူး။ သမ္မုတိရ - ရဟန်းတော်ဟာ အချက် လေးချက်ကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာလေ၊ အဲဒီအထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ ဘယာဂတိ- ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ဆိုတာပေါ့။ တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ရဲ့အထက်ကလူကိုက နေခိုင်းတာကို ကြောက်ကြောက်နဲ့ မတရားတာ၊မမှန်တာဆိုသာ သိလျှက်သားနဲ့ မလိုက်သင့်တဲ့၊မလုပ်သင့်တဲ့ လုပ်ရပ်တွေကို ဗြောင်ကျကျလုပ်ဆောင်နေတတ်တယ်လို့ ကျုပ်ထင်မိတယ်။ အဲဒီထဲမှာလည်း ခင်များတို့ တ ရားသူကြီးတွေလည်း ပါတယ်လို့ထင်တယ်။ ဒါကြောင့်ဒီနေ့ အဲဒီအကြောင်းအရာကို ခင်များနဲ့ ပြောဆိုဆွေး နွေးချင်တယ်၊ခင်များလည်း အလုပ်ကနေပြန်လာတာဆိုတော့ အချိန်ရမယ်ထင်ပါတယ် ”
“ အေးလေ ပြောကြည့်တာပေါ့ ဒါပေမဲ့ မင်းကလူငယ်ဖြစ်တော့ စကားပြောရင် ခပ်ထန်ထန်ပြောတော့ ဖောင်းဖြစ်တတ်တယ်၊အခုလို အေးအေးဆေးဆေးပြောဆိုကြတာပေါ့၊ငါတို့လည်း အဲဒီကိစ္စကိုတော့ မငြင်းပယ် လိုပါဘူး။ တစ်ခါတလေ ဘာမှအပြစ်မရှိတဲ့ လူတွေကိုပုဒ်မ ကြီးကြီးတတ်ပေးရင်း ငါတို့ကိုယ်တိုင် အကြောက် တရားရဲ့ စေးခိုင်းချက်တွေကို လုပ်ဆောင်နေမိတယ် ” သူဒီနေ့ စကားစချီပုံကတော့ တော်တော်ကိုကျေနပ်စ ရာကောင်းပါတယ်။ ဒီစကားလုံးလေးနဲ့တင် အမြင်မှန်ရစပြုလာတဲ့ သူ့ကို အလေးတမူဆက်ဆံဖို့ ဆုံးဖြတ်လိုက် ပါတယ်။ သူမှာပါလာတဲ့ ဖိုင်တွဲတွေကို အိတ်ထဲထည့်နေရင်း သူတစ်ခုခု မေ့ကျန်ခဲ့ပုံမျိုး တစ်စုံတရာကို စဉ်းစား နေခဲ့ဟန်ကို မြင်နေရတယ်။
“ မနေ့ကတင် ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်အရဆိုရင် ဘာမှစစ်ဆေးမှုမရှိဘဲ၊စွဲချက်မတင်ဘဲ တရား စီရင်လိုက်တဲ့ သတင်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။ ရှေ့နေလိုက်ခွင့်တောင် မပေးဘူးဆိုပဲ။ နောက်ပြီးတရား ခံဘက်က ဘယ်သူ့ကိုမှ အာမခံခွင့်မပေးဘူးလို့ ကြားလိုက်ရတယ်။ အဲဒီလိုဖြစ်ရပ်များ ဘာမှပြစ်မှု ထင်ရှားမရှိ ပါဘဲနဲ့ လူတစ်ယောက်ကို ခင်များအနေနဲ့ တတ်ချင်တဲ့ ပုဒ်မတတ်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်တာမျိုးရှိခဲ့ပါ သလား။ လူတစ်ယောက်ကို ဖမ်းခွင့်မရှိဘဲနဲ့ ဖမ်းလိုက်တာမျိုးကို စေးခိုင်းခဲ့ဘူးပါသလား“
“ မောင်ရင် မေးခွန်းတွေထဲက ပထမဆုံး မေးခွန်းကိုတော့ ကြူးလွန်းခဲ့ဘူးပါတယ်။ ဒုတိယမေးခွန်းကို တော့ လူတစ်ယောက် အပြစ်မရှိဘဲနဲ့ ဖမ်းခွင့်ပေးပိုင်ခွင့် ဦးလေးတို့ဆီမှာ မရှိပါဘူး။ ဦးလေးတို့အနေနဲ့ အဲဒီလို ရောက်လာတဲ့ လူတွေကို အထက်ကဒီလူကို ပြစ်မှတ်ထားနေတယ်ဆိုရင် ပုဒ်မတွေကြီးကျယ်အောင်တတ် လိုက်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်ဖူးတာတွေတော့ ရှိခဲ့ပါတယ်။ မောင်ရင်ပြောသလို ဆိုရင်တော့ ဘယာဂ တိ-ကြောင့် လုပ်လိုက်ရတဲ့ လုပ်ရပ်တွေပါ။ တကယ်တန်းပြောရရင် ဦးလေးတို့ဟာ တရားကြီးဆိုတဲ့ ဂုဏ်ပုဒ် ကြီးကို စွဲကိုင်ထားရပေမဲ့ ဦးလေးတို့ကိုယ်တိုင် အထက်ကိုမဖီဆန်ရဲပဲ မတရားတဲ့နည်းတွေ သုံးနေရပါတယ်၊ဒါ ဟာ ဦးလေးတစ်ယောက်တည်း မဟုတ်ပါဘူး။ တရားသူကြီးအတော်တော်များများ ချုပ်ခြယ်ခံထားရတယ်ပေါ့“
“ ဦးလေးလူငယ်တစ်ယောက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်ပြောပြမယ်၊ အဲဒီလူငယ်က တော်တော် လေးကို နိုင်ငံရေးစိတ်ပြင်းထန်တယ်။မောင်ရင်တို့အဆိုရပြောရရင် နိုင်ငံချစ်စိတ်၊လူမျိုးချစ်စိတ် ပြင်းထန်တယ် ပေါ့၊ နောက်တစ်ချက်က စာတွေတော်တော်ဖတ်ထားတယ်။ အတွေးအခေါ်တော်တော် ကျယ်ပြန့်တယ်။ စကားအပြောကောင်းတယ်၊ စွတ်စွဲမှုတိုင်းကို၊စစ်ဆေးမှုတိုင်းကို ခွင်ကျကျပြန်လည် ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ ဦးလေးတို့လည်း ဘယ်တတ်နိုင်မလဲ နောက်တစ်ပတ်ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ ဒီကြား ထဲမှာ အထက်က ဖိအားတွေလာတော့တာပဲ၊နောက်ဆုံးတော့လည်း နိုင်ငံတော်ကို ပုန်ကန်မှု၊တိုင်းပြည်ကို မ တည်မငြိမ်ဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အဲဒီလူငယ်ကို တရားစီရင်လိုက်ရတယ်“
“ အဲဒီတုန်းက သူနဲ့အခြေတင် ပြောခဲ့တဲ့ စကားလေးတွေက တော်တော်ယုတ္တိရှိတယ်။ အမှန်တိုင်း ပြောရရင် အဲဒီလူငယ်ကို ဦးလေးတော်တော်လေး လေးစားပါတယ်။ အခုထိကို သူမလွတ်မြောက်သေးပါဘူး၊ ဦးလေး သူ့သတင်းကြားရတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်စီရင်ချက်ချလိုက်တဲ့ ကိစ္စဖြစ်နေတော့ အခုမှ နောင်တရနေလို့လည်း ဘာထူးတော့မှလည်း၊ဒါဟာ ဦးလေးကိုယ်တိုင် ချိုးဖောက်ခဲ့တဲ့ မတရားတဲ့ ပြစ် ဒဏ်စီရင်မှုထဲက တစ်ခုပေါ့။ သူလည်းဘာမှ ဆင်ခြေမပေးပဲ ပြုံးပြုံးပဲ ခံယူသွားပါတယ်”
အဲဒီနေ့က မိုးလေစွေနေတယ်၊အခုလို မိုးတွင်းကြီးပေါ့၊ သူ့ကိုဖမ်းလာတဲ့ ရဲတွေဟာ ခေါင်းကို ရိုက်ခွဲ ထားတယ်။ ပတ်တီးအောက်ကနေ ယိုစီးနေတဲ့ သွေးတွေပါးပြင်ပေါ် စီးကျလာနေပေမဲ့ သူသုတ်မပြစ်လိုက်ဘူး အန်ကြိတ်ထားတယ်။ ကျွန်တော်က သူနာပြုတစ်ယောက်တစ်ယောက်ခေါ်ပြီး ပတ်တီးကို သေချာကျနစွာ ပြန် လည်စီးခိုင်းလိုက်ပါတယ်။ နောက်သူ့ကို ခတ်ထားတဲ့ လက်ထိပ်ကိုလည်း ဖြုတ်ခိုင်းလိုက်ပါတယ်။ ရဲတွေက မ ကြိုက်တဲ့သဘော၊ဖြုတ်တောင်မပေးချင်သဘော၊ နောက်တော့သူတို့ ဆေးထည့်ပေးပြီး လက်ထိပ်ကိုဖြုတ်ပေး လိုက်ပါတယ်။ သူနောက်ကလည်း တစ်ယောက်မှ ပါမလာဘူး။ ၀ိုင်းရံထားတဲ့ လူတွေအားလုံးဟာ အစိုးရဘက် ကလူတွေချည်းပဲ။ အမှန်တိုင်းပြောရရင် အဲဒီနေ့က ကျွန်တော်စိတ်တွေ တော်တော်မတည်ငြိမ်ပါဘူး။ တော် တော်လေးလည်း စိတ်မကောင်းဖြစ်မိပါတယ်။
သူ့ကို ဖမ်းလာတာက လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖြန့်ဝေတဲ့ပြစ်မှုနဲ့။ ဖမ်းတော့ ရဲတွေနဲ့အခြေ အတင် စကားများလာခဲ့ပြီး ရဲတွေရဲ့ ထိုးနှက်မှုကိုလည်း ခံထားခဲ့ရရှာတယ်။ အဲဒီလို အလုပ်ကိုဘာဖြစ်လို့ လုပ် ရတာလည်းလို့ ဦးလေးကမေးတော့ လုပ်ချင်လို့၊လုပ်သင့်လို့၊လုပ်ထိုက်လို့၊ကိုယ့်ယုံကြည်ချက်နဲ့ လုပ်တဲ့အ ကြောင်း သူပြန်လည်ချေပတယ်။ ဒါဟာ အစိုးရကိုစော်ကားရာ၊တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တာဖြစ်တဲ့ အကြောင်း ပြောတော့၊ သူက ပြန်ပြောပါတယ်။ ဘယ်လိုလုပ် ဒီကိစ္စလေးနဲ့ အစိုးရကို စော်ကားရာရောက်ရသ လဲ၊တိုင်းပြည်မတည်ငြိမ်အောင် ဘယ်သူတွေကလုပ်နေတာလဲ။ပြည်တွင်းစစ်ဆိုတာကရော ဘယ်နိုင်ငံ၊ဘယ် တိုင်းပြည်တွေဟာ ကျုပ်တို့တိုင်းပြည်ထက် ရှည်ခဲ့လို့လဲ စတာတွေခုခံချေပပြန်တယ်။ နောက် သူစကားဆက် ပြန်တယ်။ ကိုယ့်ယုံကြည်ချက်လေးနဲ့ လူသားတွေအမှောင်တိုက်တွင်းထားတာကို အလင်းရောင်လေးတစ်မျှင် လောက်ရမလားဆိုပြီး ဒီစာရွက်လေးတွေကို ဖြန့်ဝေတာ အပြစ်တဲ့လား။ ဘိန်းအမှု၊မုဒိန်းမှု၊လာဘ်ပေးလာဘ် ယူမျိုးစုံနဲ့ အထက်ကလူတွေကိုယ်တိုင် ကျူးလွန်နေတာကျတော့ အပြစ်မဟုတ်ဘူးလားတဲ့။ နောက် သူပြော သွား စကားတစ်လုံး ဦးလေး အခုထိပြန်လည်ကြားရောင်နေမိတယ်။
ဗုဒ္ဓရဲ့ ကမ္မနိယာမ၊ဓမ္မနိယာမတို့ကို ယုံကြည်ရင်၊နောက် နယူတန်ရဲ့ တန်ပြန်သက်ရောက်မှုဆိုတဲ့ သီဝရီတွေကို ယုံကြည်တယ်ဆိုရင် ခင်များတို့ဟာ ဒီလောက်ရက်စက်မှုတွေနဲ့ ပြည်သူလူထုကို မနှိပ်စက်သင့် ဘူး။ ဘယ်အရာမှ မမြဲဘူးဆိုတာလည်း သိထားဖို့လိုတယ်။ နောက်တစ်ခုက တစ်နေ့ကိုယ့်အလှည့် ရောက် လာရင် အခုလို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်အောင်ကြိုးစားဖို့လိုတယ်။ မတရားမှုတိုင်းဟာ ဘယ်တော့မှ ကောင်းကျိုးကို လက်ခံရလိမ့်မယ် မဟုတ်ဘူးဆိုတာ။ ခင်များကိုယ်တိုင် ဒီလိုမတရားမှုတွေကို တရားသူကြီး ဖြစ်နေပါလျှက် ဗြောင်ကျကျကျူးလွန်းနေတာ ကျုပ်တာဆိုရင် ရှက်လို့လဲတောင်သေလိမ့်မယ်ထင်တယ်။ အေး လေ ခင်များတို့ ချချင်တဲ့ပုဒ်မတွေတတ်ပြီး ချလိုက်ပါ။ ကျုပ်ရဲရဲကြီး လက်ခံဖို့အသင့်ပါပဲ။ ကြောက်လို့ ဘယာဂ တိ-လိုက်နေတာဟာ သမိုင်းရဲ့ တရားခံပဲ။
“ မောင်ရင်ပြောတဲ့ ဘယာဂတိ-ကို ဦးလေး အဲဒီကထဲက တော်တော်လေးလက်ခံ သဘောပေါက်ခဲ့ပါ တယ်။ အမှန်တကယ်လည်း သူပြောတာတွေဟာ တရားမျှတပါတယ်။ ဒီအမှုကို ကြားနာစစ်ဆေးပြီးလို့၊ပြစ် ဒဏ်ချမှတ်လိုက်တဲ့နေ့က ကိုယ့်ကိုယ်ကို တုန်ချိနေတဲ့ အဖိုးကြီးတစ်ယောက်လို စကားတွေတုန်နေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ နှလုံးတွေခုန်နေခဲ့ပါတယ်။ အမှန်တကယ် အဲဒီလို လုပ်လိုက်ရတဲ့ အမှုသည်တွေ လည်းတော်တော်ကို များနေခဲ့ပါပြ”
ဒီနေ့တော့ သူပြောတာတွေကိုပဲ နားထောင်နေခဲ့တယ်။ ကိုယ်ပြောဖို့အားခဲထားတာတွေတောင် မပြော လိုက်ရဘူး။ စိတ်ထဲမှာ အဆိုပါလူငယ်ကို တွေးမြင်ရောင်ပြီး ကျေးဇူးတွေတင်၊ဂုဏ်ယူလို့မဆုံးနိုင်အောင်ဖြစ်နေ ခဲ့ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း လမ်းပျောက်တဲ့လူတွေ၊အသက်တွေ စတေးခဲ့ကြတဲ့လူတွေ၊ ထောင်တွင်းမှာ မတန်တဆပုဒ်မတွေတတ်ခံလိုက်ရရင်း အကျဉ်းကျနေသူတွေ ဒုနဲ့ဒေးပါဘဲ။ အာဏာရှင်တိုင်း ရဲ့တိုင်းပြည်တိုင်းမှာ ပြည်သူဘက်မ အနာခံရတာချည်းပါဘဲ။သူတို့ကတော့ အသာစီးနဲ့ အာဏာကိုထိပါးလာ သူမှန်သမျှဟာ သူတို့ရဲ့ အကြီးမားဆုံးရန်သူ အဖြစ်ခံယူထားရင်း အဲဒီလူတွေကို ညှင်းပန်းနှိပ်စက်တာတွေကို ဗြောင်ကျကျ ကျူးလွန်းလာခဲ့ကြတယ်။ ဒါကို အမြင်မှန်ရတဲ့လူတွေက ဘက်ပြောင်းချင်တာတို့၊ထုတ်ဖော်တာ တို့၊လုပ်လာမယ်ဆိုရင်လည်း အဲဒီလူအတွက် မတွေးဝန့်စရာ ကောင်းလောက်အောင် ညှင်းပန်းနှိပ်စက်ဦးမှာပဲ၊
များသောအားဖြင့် အာဏာရှင်တိုင်းရဲ့ တိုင်းပြည်လိုလိုဟာ အာဏာကိုဆုတ်ကိုင်ပြီး ကိုယ့်ကိုယ်ကို ဧကရာဇ်ရောင်ရောင် ဘာရောင်ရောင်နဲ့ အပြစ်မဲ့ပြည်သူများကို ညှင်းပမ်းနှိပ်စက်ဖို့ ၀န်မလေးကြပဲ။လက်ရဲဇက် ရဲလုပ်ဆောင်နေခဲ့ကြတယ်။ မိုင်းရိုင်းတဲ့ လူတွေကိုနေရာပေးလာခဲ့တယ်။ သူ့တို့ကို သစ္စာခံသူတွေဆိုရင် ဘာ တွေပဲ လုပ်နေလုပ်နေ ရာထူးကြီးကြီးမားမားပေးပြီး လက်ရုံးတစ်ဆူ ဖြစ်လာအောင်တွန်းအားပေး စေခိုင်းတော့ တာပဲ။ များသောအားဖြင့်တော့ အာဏာရှင်တိုင်းပြည်များရဲ့ ထိပ်တန်းအာဏာပိုင်းများရဲ့ နောက်ကြောင်းရာဇ ၀င်ကို ပြန်လိုက်ကြည့်လိုက်ပါ တကယ်မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့လူတွေကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ပညာတတ်ကို မလိုချင်ဘူး။ ပညာတတ်ဆိုရင် စာဖတ်တာတောင် သူတို့ကိုအန္တရာယ်ပြုမဲ့ ပုဂ္ဂိုလ်လို့သ ဘောထားခံခဲ့ကြရတယ်။ ဒီတော့ စာဖတ်တတ်ရင်ပဲ အဲဒီလူဟာ သူတို့ရဲ့ ရန်သူပဲပေါ့။ နောက်ဆုံး ရပ်ကွက်ထဲ မှာ၊မြို့နယ်ထဲမှာ အမိုက်ရိုင်းဆုံး၊မကောင်းမှုနဲ့ နာမည်ကျော်ဆုံးလူတွေကို စုပြီးတော့ အသင်းအဖွဲ့အစည်းတွေ ထူထောင်၊အဲဒီထဲက ရက်စက်ကြမ်းကြုတ်ဆုံးလူကို ခေါင်းဆောင်အဖြစ် အသိမှတ်ပြုပြီး လုပ်ပိုင်ခွင့်တွေ ပုံ အောပေးလိုက်တော့တယ်။ အဲဒီပုဂ္ဂိုလ်တွေ များလာနေသမျှတော့ အပြစ်မဲ့ပြည်သူတွေလည်း ဆက်လက်ပြီး တိုက်ပွဲဝင်ရင်း စစ်အာဏာရှင်ကို တော်လှန်ရင်း ဘ၀တွေ၊အသက်တွေ စတေးကြရဦးမှာပဲ မဟုတ်လား…….။
ရာဇာစိုး၊ရန်ကုန်။
ဆက်ရန်………မျှော်


အပြည့်အစုံဖတ်ချင်ရင်...

စင်္ကာပူအစိုးရ၏အကျည်းတန်သော(သို့)သိက္ခာမရှိသောလုပ်ရပ်

Read this document on Scribd: SG Gov's Ill Treatment

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, August 13, 2008

ယုံကြည်ချက်အတွက်စွန့်လွတ်အနစ်နာခံသူများ

Read this document on Scribd: our heros

အပြည့်အစုံဖတ်ချင်ရင်...

သံဃာတော်များနအဖကိုဆက်လက်သပိတ်မှောက်ကံဆောင်


ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ သံဃာတော်အများစုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့ကြသည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းကို ယခုထိ ဆက်လက် ပြုလုပ်နေကြကြောင်း ပခုက္ကူမြို့ အလယ်တိုက်မှ သံဃာတပါးက မိန့်ကြားသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့မှ သံဃာတော်များကို စစ်အစိုးရက အကြမ်းဖက်သဖြင့် မြန်မာပြည် အနှံ့အပြားရှိ သံဃာများ ကံဆောင်ပွဲများ စတင် ပြုလုပ်လာ ကြခြင်းဖြစ်သည်။
ယခုအခါ ပခုက္ကူမြို့တွင်းရှိ ကျောင်းတိုက်ကြီး လေးတိုက်ကို ဒေသဆိုင်ရာ စစ်အာဏာပိုင်များက စောင့်ကြည့် လျှက်ရှိပြီး ၎င်း ကျောင်းတိုက်များတွင် စစ်အာဏာပိုင်များက ၀ါဆိုသင်္ကန်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း လက်မခံခဲ့သောကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း အလယ်တိုက်မှ သံဃာက ဆက်လက်မိန့်ကြား သည်။

သံဃာတော်များ ဆက်လက်ကံဆောင်နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ တာမွေမြို့နယ်မှ သံဃာ တပါးက “ဦးပဉ္ဇင်းတို့ကတော့ ဒီနေ့ထိ ကံဆောင်ထားဆဲပဲ။ အစိုးရဘက်က ဘာတွေ လာလှူလှူ လက်မခံဘူး။ သူတို့ဟာ သူတို့ကျောင်းတိုက်ထဲမှာ ထားသွားတာပဲ ရှိတယ်။ ဘုန်းဘုန်းတို့ လက်ခံပြီး မယူဘူး။ မသုံးဘူး” ဟု မိန့်သည်။

စက်တင်ဘာလ၊ အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတိုက်များသို့ စစ်အစိုးရ အသိုင်းအဝန်းမှ ဆန်၊ ဆီ၊ ဆေး စသည်တို့ကို ပေးပို့ လှူဒါန်းခြင်း၊ နာဂစ် ဆိုင်က လုန်းကြောင့် ထိခိုက်မှုများကို အကြောင်းပြကာ ၀တ္ထုငွေ လာရောက် လှူဒါန်းခြင်းများ ပြုလုပ် ခဲ့ကြသော်လည်း ယင်းကျောင်းများမှ သံဃာတော်များမှာ လက်သင့်မခံဘဲ ပစ္စည်းများကို ရပ်ကွက်ထဲ၌ ပေးဝေခြင်း၊ သင်္ကန်းများကို ကျောင်းတိုက် ရှေ့တွင် ပစ်ထားခြင်းများ ပြုလုပ်ပြီး ၀တ္ထုငွေများကို လက်ဖြင့်ပင် ထိကိုင်ခြင်းမရှိဘဲ ဒုက္ခသည်များထံသို့ ပေးပို့စေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်အတွင်းမှ ကျောင်းတိုက်တတိုက်သည် စစ်အစိုးရ အသိုင်းအဝန်းမှ ၀ါဆို သင်္ကန်း ကပ်လှူသည်ကို လက်မခံခဲ့သည့်အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေး နှင့် မပတ်သက်ရန် အမိန့်ထုတ်ခြင်း ခံခဲ့ရသည်ဟု အဆိုပါ ကျောင်းတိုက်မှ သံယာတပါးက မိန့်သည်။

“၀ါဆိုသင်္ကန်းလာကပ်ဖို့ လုပ်ကြတော့ ကျောင်းထိုင်ဘုန်းဘုန်းက ငြင်းတာနဲ့ စိတ်ဆိုးပြီး ပြန်သွားကြတယ်။ သိပ်မကြာဘူး နှစ်ပတ်အတွင်းမှာပဲ သံဃနာယကအဖွဲ့ကနေ သတိပေးစာ ရောက်လာတယ်” ဟု အဆိုပါ သံဃာက မိန့်သည်။

စစ်အစိုးရ အသိုင်းအဝန်းမှ လှူဒါန်းသည်များကို ငြင်းဆန်ခြင်း၊ ကျောင်းအရောက် ပို့ဆောင် ခဲ့သော ပစ္စည်းများကို ရပ်ကွက်များအတွင်း ဝေပေးခြင်းများ ပြုလုပ်လျှက်ရှိသော ကျောင်း များသို့ သံဃနာယကအဖွဲ့မှ သတိပေးစာများ ပေးပို့ရန် စစ်အစိုးရက ဖိအားပေး ခဲ့ကြောင်း သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးတပါးနှင့် နီးစပ်သူဒါယကာ တဦးက ပြောပြသည်။

စက်တင်ဘာအရေးအခင်းတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်း အတွင်းမှ ကျောင်းတိုက်များသို့ သံဃနာယက အဖွဲ့မှ နိုင်ငံရေးနှင့်မပတ်သက်ရန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှူဒါန်းသည့် မည်သို့သော အလှူမျိုးကိုမှ လက်မခံရန် အမိန့် ထုတ်ထားခဲ့ပြီး နိုင်ငံရေး ပတ်သက်မှုများရှိပါက အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ၎င်းက ဆိုသည်။

“သံဃာတွေကို သတ်ထားတာ။ လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ကြမှာလဲ။ စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ သံဃာတွေကတော့ ကံဆောင်ဆဲပဲ ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဦးပဉ္ဇင်းတပါးက မိန့်သည်။

ယခုလဆန်းပိုင်းမှ စတင်၍ စက်တင်ဘာလအရေးတော်ပုံတွင် နာမည်ကြီးခဲ့သော ကျောင်း တိုက်များ၌ အရပ်ဝတ်ရဲများ စောင့်ကြည့်လျက်ရှိပြီး ကြံ့ဖွံ့များက ကျောင်းတိုက်များအတွင်း ၀င်ထွက်သွားလာကာ တယ်လီဖုန်းများကို ခိုးနားထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သံဃာတော် များထံမှ သိရှိရသည်။
the Irrawaddy


အပြည့်အစုံဖတ်ချင်ရင်...