Wednesday, August 27, 2008

ဦးဥာဏ်ဝင်းနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်




မေး- ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။

ဦးဥာဏ်ဝင်း- ဒေါ်အောင်ဆန်း စုကြည် နောက်ဆုံးအခြေအနေကတော့
ဈေးဝယ်တဲ့ လုပ်ငန်းကို ရပ်ခိုင်း ထားတယ်။ သူ့အပေါ်မှာ ချမှတ်ထား တဲ့ဟာတွေနဲ့ ပတ်သက်ရင်မဆိုင်တဲ့ ဟာတွေ၊ အခွင့်အရေးတွေကို ပိတ်ဆို့မှု မလုပ်ဖို့ သူ့ရဲ့ရှေ့နေနဲ့သူ ညှိနှိုင်းဆောင်ရွက်နေတယ်။ ဒီဟာတွေ မရမချင်း ဒါကိုရပ်ထားရမယ် လို့လည်း ကျနော်သိရတယ်။


မေး- အခွင့်အရေးဆိုတာ ဘာကိုဆိုလိုပါသလဲခင်ဗျ။

ဖြေ- ဥပမာအားဖြင့် သူ့ကိုကန့်သတ်တဲ့ အမိန့်က (၂) ခုပဲဗျာ။ အပြင်ထွက်ခွင့်မရှိဘူး၊ ပါတီနဲ့ ဆက် သွယ်ခွင့်မရှိဘူး။ သံတမန်နဲ့ ဆက်သွယ်ခွင့်မရှိဘူး။ ဒါပဲ။ ဒီဟာကအပ ကျန်တဲ့အခွင့်အရေးတွေကို သူ့ကို ပိတ်ပင်ခွင့်မရှိဘူးလို့ အဲသလို ယူဆတယ်။

မေး- ကျန်တဲ့အခွင့်အရေးဆိုတာ ဘယ်လိုကိစ္စမျိုးကို ဆိုလိုပါသလဲခင်ဗျ။

ဖြေ- ဥပမာအားဖြင့်ဗျာ။ အရင်ဖြစ်ခဲ့ဘူးတာက သူ အီလက်ထရောနစ် ပစ္စည်းတွေ သွင်းတယ်။ အိမ်သုံး ပစ္စည်းလိုဟာမျိုး။ အဲဒါတွေ သွင်းတဲ့အခါမှာလည်း တော်တော် အခက်အခဲတွေဖြစ်တယ် လို့ဆိုပါတယ်။ နောက်တခါ သူနဲ့ အတူတူနေတဲ့ အမကြီးတွေ သားအမိကလည်း သူ့လိုပဲ ထွက်ခွင့် မရှိ၊ ၀င်ခွင့်မရှိ၊ ထွက်ရင်လည်း ကျန်းမာရေးအတွက် ထွက်ရင်တောင်မှ ဓာတ်မှန်ခန်းထဲအထိ လိုက်ကြည့်တာတို့ အဲသလိုဟာမျိုးဟာ အခွင့်အရေးတွေကို ထိခိုက်တာပေါ့။ နောက်တခုက သူ့ရဲ့ အယူခံကိစ္စ။ ကျနော်တို့ အယူခံတွေ အခု (၅) နှစ်ပြည့်လာပြီ၊ အယူခံကို တခါမှ သူတို့လက်မခံဘူး။ အခုဒီအယူခံဝင်ဖို့ကိစ္စ ရှေ့နေနဲ့ဆောင်ရွက်နေတယ်။ လောလောဆယ်ကျနော်သိတဲ့ သူ့ရဲ့တောင်း ဆိုချက်တွေက ဒါပဲ။ နောက်ထပ် ရှိ၊ မရှိဆိုတာတော့ ကျနော်တော့ အတိအကျ မပြောနိုင်သေးဘူး။

မေး- ဆိုလိုတာက ခုနပြောတဲ့တောင်းဆိုချက်တွေမရရင် ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် အပြင်ကနေ အစားအသောက်ပို့တာ လက်မခံဘူး။ သို့သော် ထိုအချက်သည် သူအစာငတ်ခံ ဆန္ဒ ပြနေတယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။

ဖြေ- ပြောလို့မရပါဘူး။

မေး- ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာဦးကြည်ဝင်းတို့ အခုဆိုရင် ဆရာဦးဥာဏ်ဝင်းလည်း ပါ သွားပြီပေါ့နော်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ကိစ္စတွေ၊ နောက်တခါ ဒေါ်ခင်ဝင်း သားအမိကို ဘေးကနေ ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်တဲ့အချက်တွေ။ ဒီချက်တွေ
ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မပေးမချင်း သူအပြင်ကအစားအသောက်ကို လက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်ပါလား ခင်ဗျား။

ဖြေ- ဟုတ်ပါတယ်။ အဲဒီအတိုင်းပါဘဲ။ ကျနော်သိတာကတော့။

မေး- အဲတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြင်က ပို့နေကျ အစားအသောက်ကို လက်မခံဘူး ဆိုတဲ့အတွက်။ ဒေါ်အောင်ဆန်းစုကြည်တင် မကဘဲနဲ့ ဒေါ်ခင်ဝင်းတို့ သားအမိအတွက်ပါ ကျန်းမာ ရေး စိုးရိမ်ရတဲ့ အနေအထားရှိတယ်ဆိုပြီး စိုးရိမ်တဲ့အသိုင်းအ၀န်းတွေလည်း ဖြစ်လာပါတယ်။ ဖြစ် လာတော့ကာ စစ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ အချက်တွေကို ဘယ်သော ဘယ်ကာလမှ လိုက်လျောမယ် ဆိုတာမသိရတဲ့အတွက် သူ့အတွက်ကျန်းမာရေးစိုးရိမ် ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ တရားဝင် စစ်ဆေးသိရှိနိုင်အောင် အိုင်စီအာစီတို့ကို အကူ အညီတောင်းဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။

ဖြေ- အဲဒါတော့ ကျနော်မပြောနိုင်သေးပါဘူး။ စီအီးစီ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ စီအီးစီမပြောသေး တော့ ကျနော်လည်းမပြောနိုင်သေးပါဘူး။

မေး- ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူလိုချင်တဲ့အချက်တွေကို အစိုးရဘက်က လိုက် လျောပေးဖို့ကို တောင်းဆိုထားတာဟာ ဆရာဦးကြည်ဝင်းကတဆင့် အစိုးရဘက်ကို သိအောင်၊ သို့တည်းမဟုတ်ရင်လည်း ရဲသတင်းထောက်လှမ်းရေးအဖွဲ့ သိအောင်ပြောပြထားပြီးပြီဆိုတဲ့ သဘောပါလား။

ဖြေ- စာနဲ့လည်းတင်ပြီးပြီ၊ ဆွေးလည်းဆွေးနွေးနေတယ်လို့ကျနော်တို့သိရပါတယ်။

မေး- ဆိုတော့ ဒီအချက်တွေ ဘာမှတိတိကျကျမသိရမခြင်း အပြင်ကအစားအသောက်တွေ လက် မခံဘူးပေါ့နော်။

ဖြေ- ဟုတ်ပါတယ်။

မေး- တခြားနောက်ဆုံးဘာများသိရပါသေးလဲ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ပေါ့လေ။

ဖြေ- ကျန်းမာရေးအခြေအနေကတော့ သြဂုတ် (၁၇) ရက်ထိတော့သိတယ်။ အဲဒီရက်အထိတော့ ကျန်းမာရေးကောင်းနေပါတယ်။ ဒီနောက်ပိုင်းကတော့ကျနော်တို့ အဆက်အသွယ်မရှိလို့ မသိပါ ဘူး။ ကောင်းမယ်လို့တော့ယူဆပါတယ်။ ဒါပေမယ်လို့ အာမခံပြီးပြောဖို့က နည်းနည်း ခက်တယ် လေ။

မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ မတွေ့ဖြစ်ခဲ့တဲ့အကြောင်းရင်းကရော သူပြောတဲ့တောင်းဆိုချက်တွေမရသေးလို့ မတွေ့တာလား။ ဒါမှမဟုတ် သီးခြားနိုင်ငံရေးရည်ရွယ် ချက်တခုနဲ့ မတွေ့တာလား။ ဆရာဦးဥာဏ်ဝင်း ဘယ်လိုယူဆပါသလဲ။

ဖြေ- ဂမ်ဘာရီနဲ့မတွေ့တာတော့ ခုနအချက်တွေနဲ့ လုံးဝမဆိုင်ဘူးလို့ကျနော်ယူဆတယ်။ သူနိုင်ငံ ရေးအရ ဆောင်ရွက်တာပဲဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဇန်န၀ါရီလမှာတွေ့တုန်းကတည်း ကိုက ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ဟာ ဇာတ်မျောကြီး ဖြစ်နေတယ်။ သူ့အနေနဲ့ဆောင်ရွက် နိုင်တဲ့ တင်ပြချက်တွေလည်းတင်တယ် ဒါတွေလည်းအကြောင်းမပြန်ဘူး။ ဒီဟာတွေအပေါ်မှာ မကျေနပ်ဘူးလို့ ကျနော်တို့ကို အဲဒီကထဲကပြောပါတယ်။ ဆိုတော့ ဒီဟာက နိုင်ငံရေးအရလို့ ကျနော် ယူဆပါတယ်။

မေး- အခုဟာကတော့ ဆရာဦးဥာဏ်ဝင်းတို့အနေနဲ့ ယူဆချက်သာပြောရတယ် ဘေးကလည်း ယူဆချက်တွေလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မစ္စတာဂမ်ဘာရီ ဆောင်ရွက် နေတဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းအပေါ်မှာ တိုးတက်မှုမရှိလို့ မကျေနပ်ဘူးဆိုတာ မစ္စတာ ဂမ်ဘာရီသိအောင် မပြောမဆိုဘဲနဲ့ အဲသလိုလုပ်နေမယ်ဆိုရင် သူ့အပေါ်မှာ ဂုဏ်သိက္ခာ တနည်း နည်းနဲ့ ထိခိုက်သွားနိုင်တာမျိုး သူ့အပေါ်မှာ နားလည်မှုလွဲမှားသွားနိုင်တာမျိုးတွေ ဒေါ်အောင်ဆန်း စုကြည် တွက်ထားမယ်လို့ ယူဆထားပါသလားခင်ဗျ။

ဖြေ- ဒီအတိုင်းပဲပြောမယ့် လူတွေတော့ရှိမှာပေါ့လေ။ ဒါပေမယ့်ဒီကိစ္စဟာ ကျနော့်အမြင်ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ခွင့်ပေးလိုက်ရင် ဒီကိစ္စ ပိုပြီးတော့ ကောင်းလည်းကောင်းမွန်မယ် ခိုင်လည်းခိုင်မာမယ်ဗျ။ ဒီလိုအခြေအနေမျိုးရောက်မှဘဲ ဒီဥစ္စာကို စဉ်းစားလို့ရနိုင်မယ်ထင်ပါတယ်။

မေး- ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် ပြောခွင့်ရတဲ့အချိန်မှာဆိုရင်တော့ အခြေအနေ အားလုံးဟာ ရှင်းသွားမှာဖြစ်ပေမယ်လို့။ မစ္စတာဂမ်ဘာရီရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဒီအမျိုးသားရင်ကြားစေ့ရေး တိုးတက်မှုမရှိလို့ဆိုတဲ့အချက်ကို မစ္စတာဂမ်ဘာရီ မသိ ဘဲနဲ့ သွားပြီးလုပ်တယ်ဆိုရင် ကုလသမဂ္ဂကဖြစ်စေ နိုင်ငံတကာကဖြစ်စေ ဘယ်လိုနည်းနဲ့ ဖြေရှင်း လို့ရမလဲ ခင်ဗျ။

ဖြေ- ကျနော်နည်းနည်းပြန်ပြောမယ်။ ကျနော်မစ္စတာဂမ်ဘာရီမသိဘဲနဲ့ဆိုတဲ့ဟာက ကျနော်တို့ ဒါမှန်းဆချက်သက်သက်ဖြစ်နေတယ်။ ကျနော်တို့ မစ္စတာ ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတွေ့တုန်းက ဘယ်အထိပြောထားသလဲဆိုတာ ကျနော်တို့ မသိဘူး။ အဲဒီမှာ အခုန ပြောသလို ဇာတ်မျောကြီးဖြစ်နေတယ်။ ဒီဟာအပေါ်မှာ မကျေနပ်ဘူးဆိုတာ ပြောကောင်း ပြော နိုင်တယ်လေ။ ဒါကြောင့်မို့လို့ မပြောဘူးလို့ စဉ်းစားလို့မရဘူးလို့ ကျနော်ပြောချင်တယ်။ ဘာဖြစ်
လို့လဲဆိုတော့ အစိုးရကလည်းမထုတ်ပြန်ဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီနဲ့ ဘာ ပြောလဲဆိုတာ။ အဲဒီဟာအပေါ်မှာ ဒါကြောင့်ကျနော်တို့မတွေးတာပါ။

မေး- နောက်ဆုံးမေးခွန်အနေနဲ့က ဆရာဦးဥာဏ်ဝင်းက ဦးကြည်ဝင်းဦးဆောင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရှေ့နေအဖွဲ့မှာ တဦးအပါအ၀င်ဖြစ်သွားတယ်ဆိုတော့ကာ နေပြည်တော်မှာ ပြည်ထဲရေး ၀န်ကြီး ဗဟိုအဖွဲ့ဆီကနေ တားဆီးမိန့် မိတ္တူကူးယူရမယ့်ကိစ္စတွေ ဘယ်တော့လောက်များ သွား ဖြစ်မလဲခင်ဗျ။

ဖြေ- အယူခံစာရွက်စာတမ်းတွေကြည့်ခွင့်ကရှိနေတယ်။ အဲဒီစာရွက်တွေ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြီးတာနဲ့ ကျနော်သွားမှာ။ အတည်မပြုရသေးလို့ ကျနော်မသွားနိုင်သေးတာ။

မေး- နောက်ထပ်အမျိုးသမီးရှေ့နေဆိုတာကော တရားဝင်ခန့်ပြီးသွားပြီးလား။
ဖြေ- ကျနော်တို့ သဘောတူညီချက်မရသေးပါဘူး။ ။
ခေတ်ပြိုင်မှတင်ပြသည်။

0 comments: