Friday, December 19, 2008

မြားလေးရှိရာ ငွေထားပါ

ကျော်ကျော်
ဒီဇင်ဘာ ၁၈၊ ၂၀၀၈

စီးပွားရေး အကျပ်အတည်းကာလမှာ လူတွေက အသုံးအစွဲကို ပိုမိုဂရုစိုက်လာပါတယ်။ မ၀ယ်မဖြစ်တဲ့ အစားအသောက်ကလွဲရင် အခြားပစ္စည်းတွေကို တကယ်လိုအပ်လာမှ ၀ယ်ကြတော့တယ်။ တချို့က အသုံးစရိတ်ကို စာရင်းဇယားနဲ့ နေ့စဉ်မှတ်ကြတယ်။ လစဉ် ဘယ်လောက်သုံးလိုက်တယ်၊ နောက်လဆို ဘယ်လောက်ထိ ချွေတာမယ်၊ စုမယ်ပေါ့ စည်းကမ်းတကျလုပ်ပါတယ်။ ပြောတော့ လွယ်ပါတယ်၊ တကယ်လုပ်ကြည့်ရင် မလွယ်ကူပါဘူး။

ကျနော်လည်း အရင်တုန်းက Excel spreadsheet သုံးပြီး နေ့စဉ်အသုံးအစွဲစာရင်းကို မှတ်သားလေ့ရှိပါတယ်။ ဒါပေမယ့် စာရင်းသာ မှတ်ထားတယ်၊ ကိန်းဂဏန်းတွေက အသုံးဝင်တဲ့ စံထားနိုင်တဲ့ တွက်ချက်မှုစနစ်တစ်ခု မဖြစ်ခဲ့ဘူး။ လစဉ် ၀င်ငွေ၊ ဘတ်ဂျက်၊ သုံးငွေ၊ ပေးရန်အကြွေး စတာတွေကို ကိုယ်တိုင်လည်း အချိန်ကုန်ခံပြီး မတွက်ချက်နိုင်ဘူး။ စာရင်းမှတ်တာလည်း တချို့ရက်တွေ မေ့သွားလိုက်၊ ကျန်သွားလိုက်နဲ့ မှတ်လိုက်ပျက်လိုက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပိုမိုလွယ်ကူမယ့် နည်းလမ်းတစ်ခုကို လိုလားမိခဲ့တယ်။

အခုတော့ Rudder လို့ခေါ်တဲ့ အခမဲ့သုံးစွဲခွင့်ပေးထားတဲ့ ငွေကြေးစီမံမှု ၀က်ဘ်ဆိုက်ကို သုံးနေပါပြီ။ အဲဒီ ၀က်ဘ်ဆိုက်ဟာ နေ့စဉ်လစဉ် သုံးငွေ၊ ၀င်ငွေ စတာတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး အီးမေးလ်နဲ့ပို့ပေးတယ်၊ နောက်ပြီး နေ့စဉ် ဘယ်လောက်ပဲ သုံးသင့်တယ် စတဲ့ ဘတ်ဂျက်တွေကိုလည်း ဖော်ပြပေးတယ်။

လူအများအပြားဟာ ယခင်သုံးနေကျ Microsoft Money၊ Quicken တို့ကို မသုံးတော့ဘဲ သူတို့ရဲ့ ငွေရေးကြေးရေးကိစ္စကို အင်တာနက်ပေါ်မှာပဲ လုပ်ဆောင်နေကြပါတယ်။ eBay နဲ့ amazon.com တို့ကိုပဲ ကျေးဇူးတင်ရမှာပေါ့။ သူတို့ရဲ့  အင်တာနက်ကနေ လူသုံးကုန်ပစ္စည်းများ အလွယ်တကူ ၀ယ်ယူနိုင်တဲ့စနစ်တွေအပေါ် လူအများအပြား ယုံကြည်စိတ်ချလာတာကြောင့် ဘဏ်စာရင်းတွေ၊ စတော့ရှယ်ယာ ကစားတာတွေကိုလည်း အင်တာနက်မှာ ပိုမိုအသုံးပြုလာကြတယ်။ အခုအခါမှာ အမေရိကန်မိသားစုရဲ့  ၄၀ ရာခိုင်နှုန်းက အင်တာနက်ပေါ်က ဘဏ်များရဲ့  ၀န်ဆောင်မှုတွေကို အသုံးပြုနေကြပြီလို့ TowerGroup လို့ခေါ်တဲ့ ငွေကြေးအတိုင်ပင်ခံ ကုမ္ပဏီက ဖော်ပြထားပါတယ်။

အထူးသဖြင့် facebook၊ iTunes တို့နဲ့ ကြီးပြင်းလာတဲ့ လူငယ်တွေဟာ အခမဲ့ရနိုင်ပြီး သုံးရလည်းလွယ်ကူတဲ့ အင်တာနက်ပေါ်က ငွေကြေးစီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်ကို ပိုမိုအသုံးများလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ လူသုံးများတဲ့ ၀က်ဘ်ဆိုက်တွေက ဟူစတန်မြို့မှ Rudder၊ နယူးယောက်က Thrive နဲ့ နောက်တစ်ခုက ကယ်လီဖိုးနီးယားပြည်နယ် မောင့်တိန်းဗျူး(Mountain View)က Mint.com တို့ဖြစ်ပါတယ်။

Mint.com ကတော့ လူသုံးအများဆုံးဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆၅၀,၀၀၀ ကျော်ရှိနေပါပြီ။ အဲဒီ ၀က်ဘ်ဆိုက်ဟာ အဖွဲ့ဝင်တွေရဲ့ ခရက်ဒစ်ကတ် စာရင်း၊ ဘဏ်စာရင်း အားလုံးကို တနေရာတည်းမှာ စုစည်းပေးထားပြီး နေ့စဉ်သုံးစွဲငွေတွေကို စာရင်းနဲ့ ဂရပ်ဖ်ပုံတွေနဲ့ ဖော်ပြပေးပါတယ်။ ခရစ်ဒစ်ကတ်အကြွေး ပေးရတော့မယ့် နေ့ရက်ကို သတိပေးတဲ့ဟာ၊ ဒါ့အပြင် အတိုးနှုန်းပိုကောင်းမယ့် ဘဏ်တွေကိုလည်း နှိုင်းယှဉ်ပြပေးတဲ့ "ways to save" ၀န်ဆောင်မှုကိုလည်း ဖြည့်စွက်ထားပေးပါတယ်။

အခု ကျနော်သုံးနေတဲ့ Rudder ကလည်း ကောင်းပါတယ်။ နေ့စဉ်သုံးစွဲတဲ့ အသုံးစာရင်းကို မှတ်တမ်းတင်ပေးပြီး၊ လတိုင်း သုံးစွဲတဲ့ အလေ့အထ၊ လစဉ်ဘတ်ဂျက်ကိုလည်း တွက်ချက်ထားပေးတာကြောင့် ကိုယ့်ရဲ့ ၀င်ငွေထွက်ငွေကို ပိုနားလည်လာ အသုံးအစွဲလည်း စနစ်ကျလာပါတယ်။ နောက်ပြီး Rudder က ညွန်ပေးလိုက်တာကြောင့် ကျနော့်ရဲ့ ၀ါရှင်တန်မြူချွယ် (WAMU) ဘဏ်က ငွေစုစာရင်းကို အတိုးနှုန်းပိုရတဲ့ Citigroup ကို ရွှေ့ပြောင်းခဲ့ပါတယ်။

ဒါကြောင့် ငွေကြေးစီမံမှုနဲ့ ပတ်သက်ပြီး အချိန်ကုန်သက်သာစေဖို့ သင်ရဲ့ငွေကို ကွန်ပျူတာ ဖန်သားပြင်ပေါ်က မြားလေး (cursor) သွားမယ့်နေရာမှာ ထားကြည့်ပါလို့။ ။



ရည်ညွန်းသောဆိုက်များ



Rudder = rudder.com

Thrive = justthrive.com

Mint = mint.com



( ဒီဇင်ဘာ ၁၇ နေ့ထုတ် ဝေါစထရိဂျာနယ်ကို ကိုးကားသည်။)

မိုးမခမှတင်ပြသည်။

0 comments: