Saturday, December 20, 2008

ပြဿနာများစွာ လာတော့မည်ဟု ဦးဝင်းတင်သတိပေး


[ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။


စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက “အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်” ဟု ဆိုသည်။

“အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်” ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်” ဟု တိုက်တွန်းလိုက်သည်။

ဧရာဝတီမှတင်ပြသည်။

0 comments: