NEJ/ ၂၀ မေ ၂၀၀၈
ကယ်ဆယ်ရေးပစ္စည်းများကို မင်္ဂလာဒုံဈေး၊ မင်္ဂလာဈေး၊ ညောင်ပင်လေးဈေးနှင့် ဘုရင့်နောင် ပွဲရုံတန်းများတွင် ရရှိနိုင်ပြီး မင်္ဂလာဈေးအနီးတွင်ရှိသော (၁၂၁) လမ်းတွင် ဂိုဒေါင်ကြီးဖြင့် ရှိနေကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သည့် မျက်မြင်တဦးက “အခု လိုက်ဖမ်းတယ်ဆိုလို့ ပိတ်ထားတယ်ဗျာ။ ဟိုတနေ့က လမ်းထိပ်က အမှိုက်ပုံမှာ စက္ကူကပ်ပုံးတွေ တွေ့သေးတယ်။
သူက ဒိုင်ကြီးဖြစ်မယ်ထင်တယ်၊ လာဝယ်တဲ့ဖောက်သည်တွေ များမှများပဲ” ဟု ပြောသည်။
ပြည်ပမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးရိက္ခာပစ္စည်းများကို မုန်တိုင်းဒဏ်အဓိကခံရသည့်
ဧရာဝတီတိုင်းမှ ဒုက္ခသည်အတော်များများက မရရှိကြောင်း ပြောကြားနေသော်လည်း မင်္ဂလာဒုံဈေးတွင် အာဟာရဘီစကစ်များ ရောင်းနေပြီး ညောင်ပင်လေးဈေး၌လည်း အီတလီ ခေါက်ဆွဲခြောက်များ ရောင်းနေသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
“ပုဂ္ဂလိကတွေက ပို့ပေးနေလို့သာ မြစ်ဝကျွန်းပေါ်က လူတွေ စားစရာရနေတာ စစ်တပ်က ပို့နေတာတွေ ဘာမှ ထိထိရောက်ရောက် မရသေးဘူး။ ဆန်ကောင်းတွေ လှူတာတောင် မကောင်းတာတွေနဲ့လဲပြီး ပေးတယ်ကြားရတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ အလှူပစ္စည်းများ ရောက်ရှိနေပြီး လေယာဉ်ပေါ်မှချရန် တိုင်းနှင့်ပြည်နယ်တို့မှ ကြံ့ဖွံ့များကို အလှည့်ကျ ခေါ်ခိုင်းနေကြောင်း သိရသည်။
“ကျနော်တို့က ကရင်ပြည်နယ်ကြံ့ဖွံ့ကပါ။ ဒီက ပစ္စည်းတွေ ဘယ်ကို သယ်တာလဲတော့မသိဘူး၊ ကျနော်တို့ကတော့ ဂိုဒေါင်ကြီးထဲကို သယ်ပေးရတယ်” ဟု ပြောသည်။
နအဖကမူ နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးအပ်လှူဒါန်းသော ကယ်ဆယ် ရေးပစ္စည်းများကို ရောင်းချနေကြောင်း သိရသဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည့်အကြောင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ တရားဝင် တိုင်ကြားနိုင် ကြောင်း ပြီးခဲ့သည့်သောကြာနေ့မှစ၍ ယနေ့တိုင် သတင်းစာများတွင် ဖော်ပြနေသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ (၇) ရပ်ကွက်နေ ကိုမောင်မောင်ကြီးက ၎င်းတို့အနေဖြင့် လေယာဉ် တစီးပြီးတစီး လာနေသည်ကို ကြားသိနေရသော်လည်း လောလောဆယ် မှတ်မှတ်ရရ ဆန် တပြည် တခါနှင့် ဆန်နို့စည်ဘူး (၃) လုံး တခါသာ ရရှိသေးသည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက “ကျနော်တို့ ဘိုကလေးမှာ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းတွေကို တပ်ရိက္ခာအတွက် သိမ်း ထားတယ်လို့ သိရတယ်။ ဒီမှာ တပ်မ (၆၆) က တပ်ချထားတယ်။ အခုဆိုရင် ကျနော်တို့ လေဘေး သင့်သူတွေ ဘုန်းကြီးကျောင်းတွေမှာ နေလို့မရတော့ဘူး။ ကိုယ့်အိမ်မှာကိုယ်ပြန်နေပါဆိုလို့ အိမ် မြေနေရာမှာ တဲလေးထိုးပြီး နေပါတယ်” ဟု ပြောသည်။
ကွမ်းခြံကုန်း၌လည်း ထောက်ပံ့ရေး ပေးသည့် သွပ်များကို မဝတမှ ရန်ပုံငွေအတွက်ဆိုကာ တချပ် (၄,၀၀၀) ဖြင့် ပြန်ရောင်းကြောင်း၊ ယင်သို့ရောင်းချရာတွင် သုံးရစ်ခွဲစနစ်နှင့် ယခင်သွပ်မိုးရှိသည့် အိမ်များကိုသာ ရောင်းပေးပြီး ယခုမှ မိုးချင်သူများကို မရောင်းကြောင်း ပုဂ္ဂလိက ကယ်ဆယ်ရေး ပစ္စည်းလှူသူတဦးက ပြောသည်။
ယခုလ (၁၆၊ ၁၇၊ ၁၈) ရက်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သတင်းရယူနိုင်ရန် တာဝန်ပေးလက်မှတ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်း သတင်းဂျာနယ်သမားများ သွားရောက်သတင်းယူခဲ့ကြကြောင်း သိရသည်။
သတင်းရယူရန်အတွက် လေဆိပ် စရဖ မှ ကွင်းထဲတွင် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သော်လည်း လေယာဉ်စီးရေ မည်မျှရှိပြီဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံကဖြစ်ကြောင်း အပါအ၀င် လှူဒါန်း သောပစ္စည်းများကို တိတိကျကျမပြောဘဲ ပြောဆို၍ မရကြောင်း ငြင်းဆန်သည်ဟု ပြည်တွင်း အခြေစိုက် သတင်းဂျာနယ်တစောင်မှ တာဝန်ရှိအယ်ဒီတာတဦးက ပြောသည်။
၎င်းက “ဒီသတင်းကို ပေးလို့မရဘူး။ ကျနော်တို့က ကက (ကြည်း) နဲ့ တိုက်ရိုက် အလုပ်လုပ်နေ တာဖြစ်လို့ ပေးလို့မရဘူးဆိုပြီး အတင်းငြင်းတယ်။ ဘာသဘောလဲတော့မသိဘူးဟု ပြောသည်။
ခါတော်မီမှတင်ပြသည်
Tuesday, May 20, 2008
ကယ်ဆယ်ရေးပစ္စည်းများ ဒုက္ခသည်များထံမရောက်ဘဲ ဈေးကွက်တွင်းရောက်
Posted by Ashin dhamma at 5:17 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment