PDF Print E-mail
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 19:16 - မြန်မာစံတော်ချိန်
တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်
ကြောက်မက်ဘွယ် ကောင်းသော သဘာဝကပ်ဘေးကြီး ၂ ခု ရှစ်ရက်သာခြား၍ အိမ်နီးချင်းနိုင်ငံ ၂ ခုတွင် ဖြစ်ပွါးခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းအထိ သေဆုံး သို့မဟုတ် ဒဏ်ရာရ ရှိခဲ့ကာ စစ်အစိုးရက အရေးတကြီး အပူတပြင်း လိုအပ်နေသော နိုင်ငံခြား အကူအညီများကို ငြင်းပယ်သည့် ရာဇဝတ်မှု ကိုကျူးလွန်နေသဖြင့် နောက်ထပ် ထောင်ပေါင်းများစွာ ထပ်မံ သေဆုံးဦးမည့် အန္တရာယ် ရှိနေသည်။ နှစ်ပေါင်း ၃ဝ အတွင်း အဆိုးဝါးဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၁၂ဝဝဝ တရုတ်ပြည်တွင် သေဆုံးခဲ့ရသည်။ ယခုအခါ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် ငလျင်ဗဟိုချက် ကျရောက်ရာ ဝမ်ချွင် (္တနညခ့ကညေ) တမြို့တည်းပင်လျှင် သေဆုံးသူ အရေအတွက်မှာ အဆိုပါ အရေအတွက်၏ ၄ ဆအထိ ရှိနိုင်သည်။ သို့သော် တရုတ် ခေါင်းဆောင်များက ဤသဘာဝ ကပ်ဘေး အန္တရာယ်ကြီးကို စံနမူနာ ပြုလောက်သည့် စိုးရိမ်ပူပန်မှု၊ လျင်မြန် သွက်လက်မှုတို့ဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့ကြသည်။ ရောဂါများ ဖြစ်ပွါး ပေါ်ပေါက်ခြင်း မရှိစေရန်၊ အသက်ရှင် ကျန်ရစ်သူများကို ကယ်တင်ရန် အကြီးအကျယ် လှုံ့ဆော်၍ အမျိုးသားရေး လုပ်ငန်းကြီးတရပ် အနေဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ ၂ နိုင်ငံကြား ကွာခြားချက် မှာ ဒီထက် ပို၍ ဆွတ်ပျံ့ကြေကွဲဘွယ် မရှိ။
လျှို့ဝှက်လွန်းသည့် အကျင့်ဟောင်းများ ရှိနေလင့်ကစား တရုတ်ပြည်၏ ယခု ပွင့်လင်းမှုနှင့် စိုးရိမ် ပူပန်မှုမှာ အားတက်သရော ရှိလှသည်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် ကပ်ဘေး အန္တရယ် ကျရောက်သော ဒေသသို့ ချက်ချင်း သွားရောက်၍ တမျိုးသားလုံး၏ ပူဆွေးဝမ်းနည်းမှုနှင့် စာနာမှုကို ထုတ်ဖေါ် ပြသခဲ့သည်။ အသက်မသေ လွတ်မြောက်ခဲ့သူများကို သွားရောက် တွေ့ဆုံခဲ့သည်။ အဆောက်အဦ အပြိုအပျက်များ အောက်တွင် ပိတ်မိနေကြသည့် သူများကို အမြန်ဆုံး သွားရောက် ကယ်တင်ရန် ကြိမ်ဖန်များစွာ တိုက်တွန်း ပြောကြားခဲ့သည်။ အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များကို ကူညီရန်နှင့် အစားအစာများ ဝေငှ ဖြန့်ဖြူးနိုင်ရန် တရုတ်တပ်ဖွဲ့ဝင် ၅ဝဝဝဝ ကို အသင့်ပြင် စေလွှတ်ခဲ့သည်။ ဆေးဝါးများ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ချပေးနိုင်ရန် ရဟတ်ယဉ်များ အသင့်ပြင် ထားခဲ့သည်။ အနီးအနားရှိ လေယဉ်ကွင်း အားလုံးတွင် အရပ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဆင်းသက်ခွင့်ကို ပိတ်ပင်၍ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက်သာ ဖွင့်ပေးထားသည်။ ပိတ်ဆို့နေသော လမ်းများ ရှင်းလင်းရေးနှင့် ပြတ်တောက်သွားသော လျှပ်စစ်မီး ပြန်လည် ရရှိရေးကို ဦးစားပေး လုပ်ဆောင်နေသည်။ သွေးလှူဒါန်းရန် မေတ္တာ ရပ်ခံချက်များ ထုတ်ပြန်၍ ရုတ်မြင်သံကြားမှလည်း ငလျင်ဘေးနှင့် ပတ်သက်သည့် သတင်းများကို မကြာခဏ ထုတ်လွှင့် ပေးနေသည်။
ဤသို့ ပွင့်လင်းမှု၊ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှုတို့ကို ရရှိရန် တရုတ်ပြည်သည် ၁၉၇၆ ခုနှစ်မှ စတင်၍ ခရီးရှည်ကြီးကို ချီတက် လျှောက်လှမ်းလာခဲ့ရသည်။ အဆိုပါ ၁၉၇၆ ခုနှစ်တွင် ပီကင်းမြို့ အရှေ့မြောက်ဘက် ထန်စန်းတွင် ငလျင်ကြီးလှုပ်၍ တမြို့လုံး ပျက်စီးခဲ့သည်။ အစိုးရ၏ တရားဝင် စာရင်းအရပင် လူပေါင်း ၂၄ဝဝဝဝ အသက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များ ဆိုသည်မှာ လုံးဝ အဆင်သင့်မဖြစ်။ အင်အား ၈.၃ အင်အားဖြင့် လှုပ်သွားခဲ့သော အဆိုပါ ငလျင်ကြီးအကြောင်း အသေးစိတ် အချက်အလက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။ မည်သည့် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး အဖွဲ့ကိုမျှလည်း ဝင်ရောက်ခွင့် မပြုခဲ့။ တရုတ်နိုင်ငံ တဝှမ်းတွင် ကောလဟလများ၊ နိမိတ်ဆိုးများ အကြောင်းကိုသာ ပြောဆို နေခဲ့ကြသည်။ လေးဦးဂိုဏ်း ကျဆုံးသွားခဲ့ခြင်းကြောင့် အဆိုပါ ငလျင်ကြီး ဖြစ်ပေါ်လာရသည်ဟု ပြောဆို နေခဲ့ကြသည်။
ယခုတကြိမ် တရုတ်အစိုးရ၏ သဘာဝ ကပ်ဘေးကို တုံ့ပြန်ပုံမှာမူ ပိုမို ရင့်ကျက်လာပြီး ပိုမို ထက်မြက်စူးရှ လာခဲ့သည်။ ကမ္ဘာတဝှမ်းလုံး၏ စာနာမှုကို ကျေးဇူးတင်ရှိကြောင်း ပီကင်း အစိုးရက ထုတ်ဖေါ် ပြောကြားခဲ့သည်။ အကူအညီပေးရေး ကမ်းလှမ်းချက်များကို လက်ခံခဲ့သည်။ မကြာသေးခင်က အေးစက်စက် ဆက်ဆံရေး ရှိခဲ့သည့် အိမ်နီးချင်း ဂျပန် နိုင်ငံသို့ပင် အကူအညီ ပေးပါရန် ပန်ကြား မေတ္တာရပ်ခံခဲ့သည်။ သမတဘုရှ်၏ တယ်လီဖုံး ဆက်သွယ် ပြောကြားချက်ကို တရုတ်သမတ ဟူ က လက်ခံ ပြောကြားပြီး ငလျင်အရေး သာမက တိဗက်အရေးကိုပါ ဆွေးနွေးခဲ့သည်။ “ဓမ္မဓိဌာန်ကျ၍ မျှတသော သဘောထား” တရပ်ကို မျှော်လင့်ကြောင်း မယုတ်မလွန် ထုတ်ဖေါ် ပြောကြားသွားခဲ့သည်။ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ မလိုအပ်ပါဟု ပြောခြင်းသည်လည်း ကာကွယ်ရေးအရ လျှို့ဝှက်လို၍ မဟုတ်ဘဲ တရုတ်တွင် ထိုလုပ်ငန်းတွင် အမှန်တကယ် လူအင်အားနှင့် ကျွမ်းကျင်မှုများ ရှိနေ၍ ပြောကြားခြင်းသာ ဖြစ်သည်။
ယင်းနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းဒဏ် ခံခဲ့ရပြီး အန္တရာယ် ကျရောက်နေသည့် အကူအညီ အရေးတကြီး လိုအပ်နေသည့် လူပေါင်း တသန်းခွဲကို ကူညီ ကယ်ဆယ်ရန် အတွေ့အကြုံလည်း မရှိ၊ လုပ်ကိုင်နိုင်သည့် အရည်အချင်းလည်း မရှိ။ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးအပြီး ၁ဝ ရက်ကြာသည်အထိ နိုင်ငံတကာ အကူနှင့် ကျွမ်းကျင်မှုကို လက်ခံရန် စစ်အစိုးရက ငြင်းပယ်နေခြင်းကို နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ တို့ကပါ ကြာလေ စိတ်မရှည်လေ မချင့်မရဲဖြစ်လေ ဖြစ်လာနေသည်။ ဤသို့ဖြင့် လက်တွေ့ ဖြစ်နိုင်ခြေနည်းသော်လည်း အသေအချာ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသည့် လက်နက်ကိုင် တပ်များဖြင့် ဝင်ရောက် စွက်ဖက်၍ အကူအညီများ ဝင်ပေးရေး အဆို ပြုချက်များ ထွက်ပေါ်လာစေသည်။ လူအများ၏ အသက်ရှင် ရပ်တည်ရေးထက် အစိုးရ တရပ်၏ လုံခြုံရေးကို အထက်တွင် ထား၍ စဉ်းစားသည့်၊ အဖြစ်မှန်နှင့် နီးစပ်လှသည့် စိတ်ဓါတ်ကို နားလည်ရန်မှာ ခက်ခဲလှသည်။ စစ်အစိုးရကမူ ဆိုင်ကလုံး မုန်တိုင်းကို နိမိတ်ဆိုး တရပ်အဖြစ် ယခုတိုင် ရှုမြင်နေဆဲ ဖြစ်ပြီး နိုင်ငံ၏ မြို့တော်ကို ကုန်းတွင်းပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်စဉ်ကလည်း ပြင်ပကမ္ဘာက မည်သို့ပင် သရော်လှောင်ပြောင်စေ မည်သို့မျှ ဂရုထားခဲ့သည် မဟုတ်။ အမှန်စင်စစ် တရုတ်နိုင်ငံကသာလျှင် ကြမ်းတမ်း ခက်ခဲလှသည့် အမှန်တရားကို မြန်မာနိုင်ငံအား ပြောပြနိုင်သူ ဖြစ်သည်။ ဤသို့ လုပ်ဖို့လည်း လိုနေပြီ။ သူ့နိုင်ငံသား ကပ်ဘေး ဒုက္ခသည်များကို ကယ်တင်ရန် ပီကင်းအစိုးရက သူ၏ ခေါင်းဆောင်မှုနှင့် သိမြင် နားလည်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ အသိပညာ နုံနဲ့သော ထိုမြန်မာနိုင်ငံမှ ဒုက္ခ ခံစားနေရသူများကို ကယ်တင်ရန် ဗမာအစိုးရအား ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ပြောဆိုပေးခြင်းက အမှန်ပင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။
(တိုင်းမ် မဂ္ဂဇင်းပါ China and Burma: a seismic shift ကို ဘာသာပြန်ဆိုပါသည်။)
Wednesday, May 14, 2008
တရုတ်နှင့်မြန်မာ အပုံကြီးကွာ
Posted by Ashin dhamma at 6:15 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment