Wednesday, May 14, 2008

မော်လမြိုင်ကျွန်းနှင့် ဘိုကလေးမြို့နယ်တွင် သေဆုံးသူ(တစ်သိန်း)ကျော်ရှိ

NEJ/ ၁၄ မေ ၂၀၀၈
line


ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနှင့် ဘိုကလေးမြို့နယ်တို့တွင် နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း (၁) သိန်းကျော်ရှိနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောကြားသည်။

ဧရာဝတီတိုင်းသို့ သွားရောက်ကာ လေဘေးဒုက္ခသည်များအား ငွေကြေး၊ ဆေးဝါးနှင့်
အ၀တ်အထည် စသည့်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒုက္ခသည် လေဘေးဒဏ် ကယ်ဆယ်ရေးကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

၎င်းက “ဒေသခံတွေရဲ့မှန်းချက်အရ အကြမ်းဖျင်းသိရတာက မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးနဲ့ နှစ်မြို့နယ်အောက်ပိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် သေဆုံးရသူဟာ (၁) သိန်းကျော်နိုင်တယ်လို့ သူတို့က ပြောပါတယ်” ဟု ပြောသည်။

ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဒေးဒရဲ စသည့်မြို့နယ်တို့သည် ပင်လယ်နှင့်ထိစပ်နေ သည့်မြို့နယ်များဖြစ်ပြီး ပင်လယ်ကမ်းစပ်မှရွာများသည် မုန်တိုင်းနှင့်အတူတက်လာသော ဒေသခံအဆို ထန်းတဖျားလောက်မြင့်သည့် ရေလှိုင်းဒဏ်ကို ခံကြရသဖြင့် အဆောက်အဦ အားလုံးနီးပါး ရွာလုံး ပျောက်ကုန်သည်များရှိသည်ဟု သိရသည်။

မော်လမြိုင်ကျွန်းတွင် လေဘေးဒုက္ခသည်များသည် ဘုန်းကြီးကျောင်းများ၊ သာသနာ့ အဆောက်အဦအချို့နှင့် စာသင်ကျောင်း စသည့် နေရာ (၁၁) နေရာတွင် နေကြရကြောင်း၊ မြို့နယ်အာဏာပိုင်များက ဒုက္ခသည်များကို မြို့နယ်မှ ချောဆွဲသည့် မော်တော်များနှင့် ၎င်းတို့၏ မူလရွာများကို ပြန်ပို့ခိုင်းနေကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။

ဒုက္ခသည်များကို စောင့်ရှောက်ထားသည့် မော်လမြိုင်ကျွန်း ရတနာပုံကျောင်းမှ ဆရာတော် ဦးပညာဇောတက “ဒုက္ခသည်တွေကို ပြန်ပို့တာ ငါက လက်မခံဘူး။ ရွာတွေမှာလည်း ဘာမှနေ စရာမရှိ၊ စားစရာမရှိနဲ့ ဘယ်လိုလုပ်ပြီး ဒီလူတွေ အသက်ရှင်နိုင်မလဲတဲ့။ ငါ့ကိုအရင်ဆုံး ကျောင်းပေါ်က ဆွဲချရင်ချ၊ နို့မို့ရင်တော့ ငါက ဒုက္ခသည်တွေကို မျက်ကွယ်မပြုနိုင်ဘူး” ဟု မိန့်ကြားကြောင်း ၎င်းက ပြောသည်။

ရတနာပုံကျောင်းတွင် ဒုက္ခသည် လောလောဆယ် (၃၀၀) ခန့်ရှိပြီး မေလမြိုင်ကျွန်းအောက်ဘက် ရွာများတွင် သေဆုံးသူအရေအတွက်မှာ (၄) သောင်းထက်မနည်းရှိမည်ဟု ဆရာတော်က
ပြောဆိုကြောင်း သိရသည်။

ဘိုကလေး၌လည်း နေရာ (၁၃) နေရာခန့်တွင် ဒုက္ခသည်များ နေထိုင်ကြပြီး တချို့ဒုက္ခသည် များကို သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များက မအူပင်တွင် ဒုက္ခသည် စခန်းဖွင့်ပြီး နေရာ ရွှေ့ပေးနေကြောင်း သိရသည်။

ဘိုကလေး ဘုန်းကြီးကျောင်း (၉) ကျောင်းတွင် လောလောဆယ် ဒုက္ခသည် (၃,၀၀၀) ကျော် လောက်ရှိပြီး အသေအပျောက်မှာ (၈) သောင်းခန့်ရှိသည်ဟု အန်အယ်လ်ဒီက ပြောသည်။

“အခုဟာက နည်းနည်းနောနော အပျက်အစီးမဟုတ်ပါဘုး၊ အလွန်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ဘေးဒုက္ခကြီးဖြစ်ပါတယ်။ ဒီဒုက္ခကို တော်ရုံတန်ရုံ ငွေအား၊ ကျွမ်းကျင်မှုအား၊ ယန္တရားအားနဲ့ အလွယ်တကူ ထူထောင်နိုင်အောင် လုပ်ဖို့ဟာ မဖြစ်နိုင်ဘူး။ ဒီလူတွေဟာ အခုစိုက်ပျိုးချိန် ရောက်နေပါပြီ။ အဲဒီအချိန်မှာ မျိုးစပါးမရှိ၊ ၀မ်းစာ စပါးလည်းမကျန်၊ သိုလှောင်ထားတဲ့ စပါးတွေလည်း အကုန်ပျက်စီး၊ ထွန်တုံးထွန်ယာလည်းမရှိ၊ ကျွဲနွားတွေလည်း အကုန်သေ ပျောက်ကုန်လို့ အမြန်သာ မထူထောင်နိုင်ရင် နိုင်ငံစီးပွားရေးကိုပါ အကြီးအကျယ် ထိခိုက်နိုင် တယ်လို့ စိုးရိမ်ပါတယ်” ဟုလည်း အန်အယ်လ်ဒီ လေဘေးဒဏ်ကယ်ဆယ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။

ဒေသခံများကရော၊ ဒုက္ခသည်များကပါ အစိုးရထံမှ မည်သည့်အကူအညီမျှ မယ်မယ်ရရ မရ သေးကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် လာရောက်လှူဒါန်းကြသည့် အလှူရှင်များကိုသာ အားကိုး နေရကြောင်း၊ မော်လမြိုင်ကျွန်းတွင် ဆိုးဆိုးဝါးဝါးမကြားရသော်လည်း ဘိုကလေး အောက် ဘက်တွင် ၀မ်းလျှောရောဂါ စတင်ဖြစ်ပွားနေသည်ဟု ကြားရကြောင်း ၎င်းကပြောသည်။


0 comments: