Wednesday, May 14, 2008

အနောက်နိုင်ငံသားများကို တိုးရစ်ဗီဇာ တင်းကျပ်ရန်မြန်မာသံရုံးများကိုညွန်ကြားထား

NEJ/ ၁၄ မေ ၂၀၀၈
line


နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များ မြန်မာပြည် ၀င်ရန် အခက်အခဲ ဖြစ်နေချိန်၌ အနောက် နိုင်ငံသားတဦးချင်းကိုလည်း တင်းတင်းကျပ်ကျပ် စိစစ်ပြီးမှ ပြည်ဝင်ခွင့်ပေးရန် နိုင်ငံခြား မြန်မာ သံရုံးများကို နေပြည်တော်က ညွှန်ကြားထားသည်။

မြန်မာမုန်တိုင်းဒုက္ခသည်များကို ကူညီလိုသူ အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံ သား စသည်တို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်ကစပြီး နှုတ်မိန့်ဖြင့် ညွှန်ကြား ထားသည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး၊ စင်ကာပူ မြန်မာသံရုံးနှင့် မလေးရှား မြန်မာ သံရုံး စသည့် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် အလျှောက်များသည့် သံရုံးများကို ဦးစားပေး ညွှန်ကြား ထားကြောင်း မြန်မာသံရုံးဝန်ထမ်းတဦးကလည်း ခေတ်ပြိုင်ကို အတည်ပြုပြောသည်။

မြန်မာနိုင်ငံသို့ တိုးရစ်ဗီဇာဖြင့် အလည်အပတ်သွားလိုသူ အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံသားတို့ကိုလည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိတ်ဆွေ စီးပွားရေးကုမ္ပဏီများ၊ အသိမိတ် ဆွေများက တာဝန်ယူကြောင်း ထောက်ခံချက်ပါမှသာ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲများကိုယ်တိုင် မုန်တိုင်းဒဏ်သင့်နေသည့် မြန်မာပြည်သူ များကို စာနာပြီး အနောက်နိုင်ငံသားများကို ပြည်ဝင်ခွင့် ပေးချင်သော်လည်း ဗီဇာတင်းကျပ်မှုကို နေပြည်တော် မြန်မာစစ်ခေါင်းဆောင်ပိုင်းမှ တိုက်ရိုက် အမိန့်ပေးထားခြင်း ဖြစ်သည်ဟု နိုင်ငံခြား
ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကလည်း ပြောသည်။

သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းသည့် အနောက်နိုင်ငံ NGO အဖွဲ့ဝင်များကိုမူ သက်ဆိုင်ရာ မြန်မာသံရုံးများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြိုးကြားကြိုးကြား ဗီဇာထုတ်ပေး နေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရသည် မေလ (၂၄) ရက်တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လူထုဆန္ဒ ခံယူပွဲ ကျင်းပမည်ဖြစ်သည့်အတွက် ထိုရက်မတိုင်မီ အနောက်နိုင်ငံသားများအတွက် ဗီဇာ တင်းကျပ်ထားသည်ဟု ယူဆရကြောင်း၊ မေလ (၂၄) ရက် နောက်ပိုင်း ဗီဇာတင်းကျပ်မှုကို လျှော့ပေးမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် ဥရောပ မြန်မာသံရုံးဝန်ထမ်းတဦးက ပြောသည်။ ။

ခေတ်ပြိုင်သတင်းမှကူးယူတင်ပြသည်။

0 comments: