Saturday, May 17, 2008

မျက်ရည်တို့ခမ်းနေသည့် ဒေသ





ကွမ်းခြံကုန်း

ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်အခံရဆုံး ကွမ်းခြံကုန်းမြို့ကို ၃ ခေါက် ရောက်ခဲ့သည်။ ဒလမြို့က ထွက်သည်နှင့် မြင်ရသည့်ရှုခင်းများက စိတ်ချမ်းသာစရာ တစ်စက် ကလေးမှ မရှိပါ။ မိုင် ၃၀ ကျော် ဘေးဘီက အပျက်အစီးတွေနှင့် အပျက်အစီးကြားက ကုန်းရုန်းထဖို့ ကြိုးစားနေသည့် လူတွေကို ကြည့်ရင်း ကွမ်းခြံကုန်းရောက်ချိန်တွင် မြို့အ၀င်ရှိ "ကွမ်းခြံကုန်းမြို့ မှ ကြိုဆိုပါ၏" ဆိုသည့် ရွှေရောင်ဆိုင်းဘုတ်မှာ မြေပေါ်တွင်မှောက်လျက်သား။

စူးရှသည့်အပုပ်နံ့များက လူကို မူးဝေသွားစေသည်။ တ်မြို့လုံး မမှတ်မိတော့လောက်အောင် ပျက်စီးနေခဲ့ပြီ။ ဒုက္ခတရားကြားမှာ မြို့သူမြို့သားတွေက လမ်းပေါ်မှာ တန်းစီစုဝေးလျက် ရှိနေသည်။ သူတို့အဆိုအရ ထောက်ပံ့ရေးပစ္စည်းဝေမည့်အချိန်ကိုစောင့်ပြီး တန်းစီနေကြတာဟု ဆိုသည်။

မုန်တိုင်းတိုက်အပြီး ၆ ရက်မြောက်နေ့ ရောက်သည့်တိုင် လူသေအလောင်းတွေ ကွမ်းခြံကုန်း ချောင်းထဲမှာ ရှိနေသေးသည်။ ယင်းအပုပ်နံ့များကလည်း မြို့လယ်ကောင်မှာ ဟောင်ထလျက်၊ သုသာန်မှာလည်း မမြှုပ်ရသေးသည့် အလောင်းတွေ တန်းစီနေသည်။

“စံပြရပ်ကွက်ဘက်က သေတာဆို အများကြီး။ အလောင်းတွေက ဒီရေတက်တော့ မြို့လယ်အထိ မျောလာတယ်။ သုသာန်ဆီကိုရသလောက်သယ်ပြီး မြှုပ်နေတယ်။ ဒါပေမဲ့ မနိုင်ဘူး။ လူသေတာတွေ အရမ်းများတယ်။ မမြှုပ်ရသေးတဲ့ အလောင်းတွေကို မိုးကာရွက်ဖျင်နဲ့ အုပ်ထားရတယ်။ ကျွဲသေ၊ နွားသေ တွေကဖြင့် မြင်တဲ့အတိုင်း မရှုမလှ အများအပြားပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

သူ့ကြည့်ရသည်မှာလည်း စိုးရိမ်ထိတ်လန့်နေပုံရသည်။ ကြောက်စရာအဖြစ်ဆိုးကြီးအပြီး လူတိုင်းလိုလိုပင် စိုးရိမ်ထိတ်လန့်နေကြတာကို တွေ့ရသည်။ ဒါကတော့ မုန်တိုင်းတိုက်ခတ်အပြီး ၅ ရက်အကြာ ကျွန်တော် ပထမအကြိမ် ကွမ်းခြံကုန်းမြို့ရောက်ခဲ့စဉ်က ဖြစ်သည်။

မိုးမခမှကူးယူဖော်ပြသည်။

0 comments: