Tuesday, May 20, 2008

ဒုက္ခသည်ပြည်သူအပေါ် စစ်အစိုးရသဘောထားနှင့် ဆက်ဆံပုံ ရှယ်ဖွယ်လိလိ

ဒီဗွီဘီ၊ ၂၀၊ မေ၊ ၂၀၀၈ မိုးအေး

စစ်အစိုးရက လေဘေးဒုက္ခသည်တွေကို ပြုမူဆက်ဆံနေပုံဟာ လူသားချင်း မဆန်သလို ကိုယ့်ကိုယ်ကို မြန်မာလူမျိုးလို့ ပြောရမှာတောင် ရှက်စရာကောင်းနေပြီလို့ ဘိုကလေးမြို့ကနေ ပြန်ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တချို့က ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးအမိန့်နဲ့ အလုပ်သင်ဆရာဝန် ၄၀ ကျော်ကို ဧရာဝတီတိုင်း ဘိုကလေးမြို့ လေဘေးဒုက္ခသည်စခန်းကို ဒီရက်ပိုင်းအတွင်း အာဏာပိုင်တွေက ပို့ဆောင်ခဲ့တယ်လို့ လိုက်ပါသွားရတဲ့ အလုပ်သင်ဆရာဝန်တဦးက ပြောပါတယ်။

ဒုက္ခသည်စခန်းကို ဟန်ပြဆောက်လုပ်ထားပြီး အဲဒီဒုက္ခသည်တဲတခုစီရှေ့မှာ အလုပ်သင်ဆရာဝန်တွေကို နားကျပ်ကိုယ်စီနဲ့ မတ်တပ်ရပ်ခိုင်းထားတာ စစ်တိုင်းမှူးနဲ့ နအဖ၀န်ကြီးတွေ ရောက်လာတဲ့အထိပဲလို့ အဲဒီအလုပ်သင်ဆရာဝန်က ပြောပြပါတယ်။

တိုင်းမှူးတွေ၊ ၀န်ကြီးတွေ ပြန်သွားတာနဲ့ ဟန်ပြ မတ်တပ်ရပ်ပြနေရတဲ့ သူတို့အားလုံးကို စစ်ကားတစီးပေါ် အတင်းပြန်တင်ပြီး ရန်ကုန်ကို ပြန်ပို့လိုက်တယ်လို့ ပြောပါတယ်။

ကားလမ်းတလျှောက်မှာ အစားအစာ တောင်းခံသူတွေကို လှူချင်ပေမယ့် ကားကို ရပ်မပေးသလို ဘာမှ လှူတာ ပေးတာ မလုပ်ဖို့ ကားပေါ်ပါလာတဲ့ ဗိုလ်မှူးတဦးက ခြိမ်းခြောက်ပြောဆိုတယ်လို့ တခြားအလုပ်သင် ဆရာဝန်တဦးက ပြောပါတယ်။

စစ်အာဏာပိုင်တွေရဲ့ အတွင်းသဘောကို ကိုယ်တိုင် တွေ့ခဲရတာဖြစ်လို့ အားလုံး စိတ်နာသွားကြပြီး မုန်တိုင်းဘေးဒုက္ခသည်တွေအတွက် စိတ်ထိခိုက်ကြတယ်လို့ အလုပ်သင်ဆရာဝန်များက ပြောပါတယ် ။



0 comments: