Wednesday, May 14, 2008

ဘေးသင့်မှတ်တမ်းဓာတ်ပုံများ မှားယွင်းဖြန့်ဝေခြင်း မပြုကြရန် သတိပေး (မိုးမခ)

ထိုင်းနိုင်ငံဆူနာမီဘေးသင့် ဓာတ်ပုံများကို နာဂစ်မုန်တိုင်းသင့် မြန်မာများအဖြစ် မှားယွင်းထင်မှတ်ပြီး အင်တာနက်အီးမေးများကတဆင့် လက်ဆင့်ကမ်း ဖြန့်ဝေလာကြသည်ကို တွေ့ရသည်။
လက်ခံရရှိသူများကလည်း နာဂစ်မုန်တိုင်း၏ ခါးသီးလှသော သက်သေများအဖြစ် ယူဆပြီး ဆက်လက်ဖြန့်ဝေနေကြသဖြင့် ထိုဓာတ်ပုံများကို နာဂစ်မုန်တိုင်းဓာတ်ပုံများအဖြစ် ဆက်လက်ဖြန့်ဝေခြင်း မပြုကြပါရန် ပြည်ပရှိ မြန်မာ့အရေး လုပ်ဆောင်နေသူများက လိုက်လံ မေတ္တာရပ်ခံနေကြောင်း ကြားသိရပါသည်။

၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတုန်းကလည်း အရေးအခင်းဓာတ်ပုံများ ဖြန့်ချိရာတွင် ထိုင်းနိုင်ငံ အဓိကရုန်းတခုက ဓာတ်ပုံများကို ရောထွေးပြီး ဖြန့်ချိသည့် အမှားအယွင်းတခု ဖြစ်ခဲ့ကြောင်း၊ စစ်အစိုးရအပေါင်းအပါများက ၂၀၀ရ သံဃာအရေးတော်ပုံကို နိမ့်ကျသိမ်ဖျင်းအောင် သတင်းမှားများ၊ မှတ်တမ်းအမှားများ ပြန်လည် ကာပြန်ဖြန့်ချိပြီး အမျိုးသားရေးလှုပ်ရှားမှုကို သံသယအကျိုးဆက်ဖြစ်လာစေရန် ဆောင်ရွက်လေ့ရှိကြောင်း၊ ယခုအချိန်တွင် နိုင်ငံတကာက ကြီးစွာသော အားထုတ်မှုများဖြင့် မြန်မာပြည်သူများကို ဘေးအန္တရာယ် ကပ်ဆိုးအသီးသီးမှ လွတ်မြောက်အောင် ဆောင်ရွက်နေချိန်၊ ယခုထက်ပိုပြီး တိုက်ရိုက်အကျိုးရှိစေမည့် နည်းလမ်းများ ရှာဖွေနေချိန်တွင် သတင်းနှင့် ဓာတ်ပုံအမှန်များကိုသာ ပြည်သူလူထု လက်ဝယ်သို့ အရောက်ပို့ဆောင် မျှဝေနေရမည့် အချိန်ဖြစ်ကြောင်း၊ စစ်အစိုးရကလည်း ကပ်ဘေးသင့်တိုင်းပြည်ကြီး ကယ်ဆယ်ရေးထက် သူတို့အာဏာတည်မြဲရေးကို ဦးစားပေးဆောင်ရွက်နေရာ အမှန်နှင့်အမှားကို ထင်ထင်ရှားရှား ပြသပြီး အားလုံးက ၀ိုင်းဝန်းအားထုတ်ကြရမည်ဖြစ်ကြောင်း US Campaign for Burma ၏ တာဝန်ခံ ကိုအောင်ဒင်က မိုးမခသို့ ပြောကြားသည်။

US Campaign for Burma သည် ကုလသမဂ္ဂ က သို့မဟုတ် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် တို့က ဦးဆောင်ပြီး စစ်အစိုးရလက်အောက်က အကာအကွယ် အကူအညီမဲ့ ကပ်ဘေးသင့်နေသော မြန်မာပြည်သူတို့ကို တိုက်ရိုက် အမြန်ဆုံး ၀င်ရောက်ကယ်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာပြည်တွင်းသို့လည်း ကိုယ်ထူကိုယ်ထ အစုအဖွဲ့များ၏ အကူအညီများ အဆက်မပြတ်ရောက်ရှိနိုင်ရေးကို လည်း ဆောင်ရွက်နေသည်ဟု သိရသည်။


0 comments: