Tuesday, April 22, 2008

အော်စကာဆုရ ဇာတ်ကား No Country For Old Men (ရုပ်ရှင်အညွှန်း)

22-04-2008
ရုပ်ရှင်ပြသချိန် ပြီးသွား၍ ရုံထဲမှ ပြန်ထွက်လိုက်သည်နှင့် ရင်ထဲတွင် ဘာမှ မကျန်ရစ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများ ရှိသလို၊ ပဟေဠိပေါင်း များစွာ၊ အတွေးပေါင်း များစွာ၊ မေးခွန်းပေါင်း များစွာဖြင့် နောက်တခါ ပြန်ကြည့်ဖြစ်ချင်အောင် ပရိသတ်ရင်ကို စွဲနစ်စေခဲ့သည့် ဇာတ်ကားပေါင်း များစွာလည်း ရှိခဲ့ပါသည်။ ဒါရိုက်တာ စတီဗင်စတီးဘာ(ဂ်) ၏ Schindler’s list ဇာတ်ကားဆိုလျှင် စစ်အစိုးရမှ ရုံတင်ပြသခွင့် မပြုခဲ့သည့်အပြင် ပြင်ပ အခွေအငှားဆိုင်များတွင်လည်း ငှားရမ်းပြသခြင်း မပြုရန် တားမြစ်ခဲ့သည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် VCD/DVD/LD များ ထွန်းကားခြင်း မရှိသေးဘဲ VHS Tape ကာလသာ ရှိသေးသည်။ အခွေ အငှားဆိုင်များကလည်း ခိုးကြောင်ခိုးဝှက် ငှားရမ်း၍ ကြည့်သူများကလည်း ခိုးကြောင်ခိုးဝှက် ကြည့်ရသည့် ကာလဖြစ်သည်။ နာဇီ ဂျာမဏီတို့၏ ဖိနှိပ် ညှဉ်းပန်းမှုများ၊ သနားညှာတာ ကင်းမဲ့ပုံများကို မြန်မာပြည်သူများက ရုပ်ရှင်အဖြစ်သာ မြင်ကြရသော်လည်း ဒါရိုက်တာ၏ ရိုက်ကူးတင်ဆက်ပုံ ပြောင်မြောက်သောကြောင့် ထိုအဖြစ်မှာ မိမိရှေ့ ပြင်ပ၌ပင် လက်တွေ့ကျကျ မျက်ဝါးထင်ထင် တွေ့မြင်ရသကဲ့သို့ တောက်’တခေါက်ခေါက်နှင့် အခဲမကျေ ဖြစ်ခဲ့ကြရသည်။

ရုပ်ရှင်အနုပညာ အတတ်ပညာဖြင့် ကျနော်တို့ မမြင်လိုက်၊ မတွေ့လိုက်၊ မကြားလိုက် ရသည်များမှာလည်း ပြန်လည်၍ ကြားရ၊ မြင်ရသည်မှာ အစစ်မဟုတ်သော ကမ္ဘာ (Virtual World) ဆိုပေမယ့် တကယ့်ကမ္ဘာ (Real World) ထက်ပင် ရင်ထဲသို့ ဝင်လာပုံမှာ နက်ရှိုင်းလှပေသည်။ Brave Heart ဇာတ်ကားထဲမှ မြေကြီးတွင် ထိုးစိုက်ရင်း လှုပ်ရမ်းနေသည့် စကော့ဓားရှည်သည် နိုင်ငံတကာမှ တော်လှန်ရေးသမားများ၏ ရင်ဘတ်ကိုပင် လှုပ်ခါနိုင်စွမ်း ရှိခဲ့ပေသည်။ မြန်မာရုပ်ရှင် ဇာတ်ကားများ ရုံပြည့်ရုံလျှံ အားပေးကြသည်မှာ မကြားရတာ ကြာလှသည့် သတင်းတပုဒ် ဖြစ်နေသော်လည်း နိုင်ငံခြား ဇာတ်ကားများ (ဥပမာ - ဂျော်နဒပ်၊ ကီယာနိုက်တလေတို့ ပါဝင် သရုပ်ဆောင်ထားသည့် Pirates Of Caribbean: At World’s End ဇာတ်ကားဆိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင် ရုပ်ရှင်ရုံ နှစ်ရုံစလုံးတွင် ပြိုင်တူပြသခဲ့ရာ ပရိသတ်မှာ တိုးမပေါက် ရှိခဲ့သည်) မှာ ပြသချိန်နီးမှ လာရောက်ကြည့်ရှုလျှင် မှောင်ခိုလက်မှတ်ပင် ရှာမရချေ။ လွန်ခဲ့သော နှစ်ကာလများတွင် ဘဝသရုပ်ဖော် ဒရမ်မာနှင့် ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းများဖြစ်သည့် Titanic, Gladiator, Beautiful Mind စသည့် ဇာတ်ကားများ အော်စကာဆု ရရှိခဲ့သော်လည်း ၂ဝဝ၄ ခုနှစ် Lord Of The Ring: Return of the King ဇာတ်ကားများကို အော်စကာဆုပေါင်း ၁ဝ ဆု ပေးလိုက်ခြင်းမှ အစပြု၍ သဘာဝလွန် ရုပ်ရှင်ဇာတ်ကားများနှင့် အထူးပြု ဖန်တီးချက်များ ထည့်သွင်း ရိုက်ကူးထားသော ဇာတ်ကားများမှာလည်း အော်စကာဆုများ ရရှိခဲ့ကြသည်။

မျက်မှောက်ဘဝ အမေရိကန် လူ့အဖွဲ့အစည်းအနေနှင့် ယဉ်ကျေးမှုပဋိပက္ခများကို ရိုက်ကူးပြသည့် Babel, Crash စသည့် ဇာတ်ကားများမှာလည်း အော်စကာဆု ရရှိလာသကဲ့သို့ ရာဇဝတ်မှုနောက်ခံ မြေအောက် လူ့အဖွဲ့အစည်း လောကနှင့် ဆက်စပ်နေသည့် အခြေအနေများကို ရိုက်ကူးပြသခဲ့သည့် Crash ဒါရိုက်တာ မာတင်စကော့ဆက်ဇီ ၏ The Departed ယခုနှစ်တွင် No Country For Old Men ဇာတ်ကားမှာ အော်စကာဆု ရရှိခဲ့သည်။ No Country For Old Men ဇာတ်ကားမှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ကားဆုနှင့် အကောင်းဆုံး သရုပ်ဆောင်ဆု အပါအဝင် ဆုပေါင်း ၄ ဆု ဆွတ်ခူးခဲ့သည်။ ဟောလိဝုဒ် ဇာတ်ကားများ နှစ်သက်သည့် မြန်မာရုပ်ရှင် ဝါသနာအိုးများအတွက် မတ်လက ကျင်းပခဲ့သည့် အကြိမ် ၈ဝ မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု ဆွတ်ခူးခဲ့သည့် No Country For Old Men ဇာတ်ကားကို မဇ္ဈိမ အင်တာနက် စာမျက်နှာကနေ ပရိသတ်အတွက် မိတ်ဆက် ပေးလိုက်ပါသည်။

အမေရိကန်စာရေးဆရာ ကော်မက် မက်ကာသီ၏ အမည်ရှိ နာမည်ကျော်ဝတ္ထုကို Joel & E Than Coen ညီနောင်က တော်မီလီဂျုံး၊ ဂျော(ရှ်) ဘရိုလင်၊ ဂျေဗီယာဘာဒင်တို့ ပါဝင် သရုပ်ဆောင်ထားကြသည်။ လက်မရွံ့ လူသတ်သမား ဘန်တွန်ဂျီဂါအဖြစ် သရုပ်ဆောင်ထားသည့် မင်းသား ဂျေဗီယာဘာဒင်မှာ စပန်းနစ်(ရှ်) ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးပြီး၊ ၁၉၉ဝ ပြည့်နှစ်ကတည်းက မင်းသမီး ပယ်မီလု(ပ်) ခရု(ဇ်)နှင့် Jamon အမည်ရှိ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။ ကိုလံဘီယာ စာရေးဆရာ ဂေဘရီယယ်ဂါဇီယာ မားကွတ်(ဇ်)၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးသည့် Before Night Falls အမည်ရှိ ဇာတ်ကားဖြစ်သည်။

မကြာခဏ ထောင်သွင်း အကျဉ်းချခြင်း ခံထားရသည့် ကျူးဘားကဗျာဆရာ ရီနယ်(လ်)ဒိုအရီနာ၏ ဘဝကို သရုပ်ဆောင်ထားသည့် ဂျေဗီယာဘာဒင်မှာ ထိုဇာတ်ကားဖြင့် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ထူးချွန်ဆု ရရှိခဲ့သည်။ (ရီနယ်(လ်)ဒို အရီနာမှာ ၁၉၈ဝ ခုနှစ်တွင် ကျူးဘားနိုင်ငံကို စွန့်ခွာခဲ့ပြီး နယူးယောက်တွင် အခြေချနေထိုင်ကာ ၁၉၉ဝ တွင် AIDS ဝေဒနာနှင့် ကွယ်လွန်ခဲ့သည်။) ဝါရင့်သရုပ်ဆောင် တော်မီလီဂျုံးက ဒေသခံရဲအရာရှိ တွမ်ဘဲ(လ်)အဖြစ် သရုပ်ဆောင်ထားသည်။

မင်းသား ဂျော့(ရှ်)ဘရိုလင်က သမင်ချိုများကို စုဆောင်း ရောင်းချသူအဖြစ် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ငွေကြေး အရှုပ်တော်ပုံတွင် ပါဝင်လာရသူအဖြစ် သရုပ်ဆောင်ထားသည်။

မက္ကဆီကိုနှင့် နယ်စပ်ချင်း ကပ်လျက်ရှိသော အနောက်ပိုင်း တက္ကဆက် ပြည်နယ်တွင် ၁၉၈ဝ ပြည့်လွန်နှစ်များက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများနှင့် လက်မရွံ့ လူသတ်သမားများ၊ ငွေကြေးအတွက်ဆိုလျှင် စိတ်အပြောင်းအလဲ မြန်သည့် ရဲအရာရှိများ အကြောင်းကို ခြယ်မှုန်းထားခြင်း ဖြစ်သည်။ ထိုဇာတ်ကားဖြင့် အော်စကာဆု ရရှိသွားခဲ့သည့် မင်းသား ဂျေဗီးယာ ဘာဒင်မှာ ဇာတ်လမ်းအရ ဗီလိန်ထက်ဆိုးသည့် ရုပ်ရှင်ပြဇာတ်အခေါ် Antagonist ဆိုသည့် ရွံ့ရှာမုန်းတီးဖွယ်ရာ ဇာတ်ရုပ်ကို သရုပ်ဆောင်သွားခဲ့သည်။

လက်မရွံ့ လူသတ်သမားတယောက်၏ အပြုအမူမျိုးနှင့် သရုပ်ဆောင်သွားပုံကြောင့် No Country For Old Men ဇာတ်ကားကို လူကြိုက်များစေခဲ့သည်။ ထိုဇာတ်ကား၏ အစမှာပင် အန်တွမ်ချီဂါ (ဂျေဗီယာဘာဒင်) မှာ သူ့ကို ဖမ်းဆီးထားသည့် ရဲတယောက်ကို သတ်ဖြတ်ပြီး ရဲကားကို ခိုးယူ ထွက်ပြေးခဲ့သည်။ အဝေးပြေးလမ်းမတွင် ကားပိုင်ရှင် အဖိုးအိုတယောက်ကို သတ်ပစ်ပြီး ထိုသူ၏ ကားကို ယူကာ ခရီးဆက်ခဲ့သည်။

သမင်ချိုများကို စုဆောင်းရောင်းချသူ လီဝီလင်မော့(စ်) (ဂျော့ရှ်ဘရိုလင်) မှာ တနေ့တွင် သမင်ချိုများ ရရှိဖို့အတွက် အမဲလိုက်ရာမှ ရီယိုဂရန်တီ အရပ်တွင် မူးယစ်ဆေးဝါး ဂိုဏ်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသောနေရာတွင် သေနတ်ဒဏ်ရာနှင့် အလောင်းများအပြင် ဒေါ်လာနှစ်သန်းနှင့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရာမှ သူ၏ ကံကြမ္မာလည်း အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

အမဲလိုက်သမားအဖြစ်မှ နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေး ဖြစ်ခဲ့ရသော်လည်း သူ့လက်ထဲမှ ငွေနှင့် ဘိန်းဖြူများကို ပြန်လည် ရယူရန်အတွက် မူးယစ်မှောင်ခိုဂိုဏ်းမှ လက်မရွံ့ လူသတ်သမား အန်တွန်ချီဂါနှင့် မက္ကဆီကန် လက်မရွံ့ လူသတ်သမားများကို ငှားရမ်းထားပြီး ဖြစ်သည့်အတွက် ဇနီးဖြစ်သူနှင့်အတူ ရပ်ခြားမြေခြားတွင် ဇာတ်မြှုပ်နေထိုင်ရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဒုစရိုက် မှုခင်းများနှင့် မူးယစ်ဆေးဝါး ဂိုဏ်းများကို အမြစ်ပြတ် ချေမှုန်းရန် ကြံစည်နေသော အငြိမ်းစားယူတော့မည့် ရဲအရာရှိ တွမ်ဘဲ(လ်)မှာလည်း ဒေါ်လာနှစ်သန်း၊ ဘိန်းထုပ်များကြောင့် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနောက် ခြေရာခံလိုက်ရင်း မုဆိုးတလှည့်၊ သားကောင်တလှည့် ဖြစ်ခဲ့ရသည်။

No Country For Old Men ဇာတ်ကားတွင် လောဘရမက်၊ ငွေကြေး၊ မူးယစ်ဆေးဝါးနှင့် မသမာမှုများကြောင့် မုဆိုးက သားကောင်၊ သားကောင်က မုဆိုး၊ လိုက်သူမှ ပြေးသူ၊ ပြေးသူမှ လိုက်သူအဖြစ် မောဟ ဝင်္ကပါအတွင်း ကျင်လည်ရသည့် လူသားတို့၏ မိုက်တွင်းနက်ပုံများကို ရှုစားရမည်ဖြစ်ပြီး မိမိအသက်နှင့် ခန္ဓာအတွက် သူတပါးကို စတေးရာမှ “သူ့အသက် သတ်ရင်းတန်းလန်းနှင့် ငါပါ သေသည်” ဆိုသည့် စကားလိုမျိုး ဘဝတွေကို တွေ့မြင်ရမည် ဖြစ်သည်။ လူ့အဖွဲ့အစည်း အတွင်းမှ ဖြစ်ရပ်မှန်များကို အခြေခံထားသော်လည်း ယခင်နှစ်များတွင် ထိုကဲ့သို့ ဇာတ်ကားများကို အကောင်းဆုံး ဇာတ်ကားဆုအတွက် ရွေးချယ်လေ့ မရှိသော်လည်း ယခုဆိုလျှင် Crime-Drama ဇာတ်ကား အမျိုးအစားဖြစ်သည့် Crash, The Departed နှင့် No Country For Old Men ဇာတ်ကားများကို အကောင်းဆုံး ဆုပေးခဲ့သည်မှာ သုံးနှစ်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။

ဒါရိုက်တာ Coen ညီနောင်မှာ ၁၉၈၅ ခုနှစ်က ပွဲဦးထွက်ဇာတ်ကား Blood Simple နှင့် အောင်မြင်မှု ရရှိလာခဲ့ခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း အတွင်းမှ မနှစ်မြို့ဖွယ်ရာ ဖြစ်ရပ်များကို ရုပ်ရှင်အဖြစ် တင်ဆက်ထားသော်လည်း သဘာဝ ရှုခင်းအလှများနှင့် လူတို့၏ စရိုက်သဘောများကြောင့် ဖြစ်ပွားရသည့် ဘေးထွက်ဆိုးကျိုးများ၊ သမရိုးကျ ရုပ်ရှင် ရိုက်ကူးတင်ဆက်နည်း ပညာမှ ခွဲထွက်လာသည့် ရိုက်ကူးမှု နည်းပညာများကြောင့်လည်း အကောင်းဆုံး ဒါရိုက်တာဆု ရရှိလာခဲ့ခြင်းပင် ဖြစ်သည်။

0 comments: