
အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်တစ်ခုဖြစ်ပေသည်၊ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ်လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက်မြင့်လာပေပြီ၊ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင်များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်းသံဃာတော်များအားလည်း လွတ်ပေးခြင်းမရှိသေးပေ၊ ထိုအချက်တို့သည် တတိယအကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန် အဓိက အကြောင်းအချက်များပင်ဖြစ်သည်။
သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယခင်ကလဲသပိတ်မှောက်ခဲ့သလို ယခုလဲ သပိတ်မှောက်ထားဆဲ နှောင်လဲ သပိတ်မှောက်နေအုံးမည်ဖြစ်သည်၊ နအဖသည် အရေခြုံဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေသရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာဖြစ်ပေသည်။
သံဃာတော်များသည် သာသနာ့အန္တရာယ်ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန်အပြည့်ရှိပေသည်၊ သာသနာ့အန္တရာယ်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏အသက်ကို ဘုရားသာသနာတော်ကြီးအား ပေးလှူကာ ကာကွယ်စောက်ရှောက်ကြရပေမည်။
ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာတည်တံ့နိုင်မည်ဖြစ်ပေသည်၊ မင်းဆိုးမင်းညစ်တို့သည် မိမိတို့အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေးဝါဒကိုသာ တွင်တွင်ကျင့်သုံးကြသူများဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ၊ လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာ ဆိုးသွမ်း ရိုင်းစိုင်းသည့် အကျင့်စရိုက်များ (မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကားလာတော့မည်မှာ ဧကန်မုချ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေသည်။
သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်းသံဃာတော်များသည် ယနေ့အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာဝါဒီတို့အား ဓမ္မနည်း(တရားသောနည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီးနေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်၊ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့အရေးတော်ပုံကြီး ဧကန်မုချပေါ်ပေါက်လာတော့မည် ဖြစ်သည်၊ တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုးကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယရွှေဝါရောင် တော်လှန်ရေးလှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေးများအား ရှင်းလင်းပယ်ရှားရန် တစ်ရွေ့ရွေ့စီးဆင်းလာနေပြီဖြစ်ပေသည်။
သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များဖော်ဆော်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။
သံဃာ့အရေးတော်ပုံ မုချအောင်ရမည်။
စစ်မိစ္ဆာကောင်များ မုချ ကျဆုံးရမည်။
အမိမြန်မာပြည် အမှန်တရား ထွန်းကားရမည်။
မင်းကောင်းမင်းမြတ် ဧကန်မုချပေါ်ထွန်းရမည်။
တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)
Saturday, September 5, 2009
အရေးတော်ပုံ အောင်ရမည်
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:16 AM 0 comments
Thursday, September 3, 2009
တိုက်တွန်းနှိုးဆော်ခြင်း

၀၄။၀၉။၂၀၀၉
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
န အ ဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း
ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော……………
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို
န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်းမရှိသေးပါ။
ထို့အပြင် သံဃာတော်များအား ဆက်လက်ထပ်မံဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော…… မတရားဖမ်းဆီးထားသောသံဃာတော်များအားချက်ချင်းလွတ်ပေးရန်၊
သံဃာတော်များအပေါ်နှိပ်စက်သတ်ဖြတ်စော်ကား မှူများကိုအမြန်ဆုံးပြန်
လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် န ဖ အ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည်ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
Labels: ကြေငြာချက်
Posted by Ashin dhamma at 10:47 PM 0 comments
Wednesday, September 2, 2009
အောက်တိုဘာ ၃ ရက်

(၂၀၀၇ တုန်းက)
ရှေ့မှာလက်နက်၊ အာဏာစက်နှင့်
မထူးဇာတ်ခင်း၊ အရူးမင်းနှင့်
ကိုယ့်ဘက်ငဲ့တတ်၊ နောက်လိုက်အငတ်တို့
သံဃာ့သွေးခင်း၊ လမ်းနင်းလျှောက်ကာ
ယုတ်မာခဲ့သည် ။
(ဒီမိုတွက်နှင့်)
ညီနောင်တို့သွေး၊ မခြောက်သေးဘူး
လမ်းခုလတ်နှင့်၊ သွေးမပြတ်နှင့်
ညီညွတ်ချိန်ခါ၊ သွေးစည်းစွာနှင့်
(၂၀၀၉ - သံဃာ့တပ်ဦးမှာ)
ကျောင်းသားပြည်သူ၊ ခြံရံကူလို့
(အဓမ္မ)အာဏာဟူသမျှ၊ တွန်းလှန်ရမည်
ငါတို့သွေးတွေ၊ နီရဲစေ။ ။
Black
http://bigbbrown.blogspot.com/
Labels: ကဗျာ
Posted by Ashin dhamma at 9:45 PM 0 comments
ဤခရီး နီးသလား
![]()
ညီညွတ်ရေးတဲ့ ......။
အများက ခဏ ခဏ ပြောကြတဲ့ ညီညွတ်ရေး။ ညီညွတ်ရင် အာဏာရှင်ကို ဖြုတ်ချလို့ ရပြီလို့ ပြောကြတယ်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် .. တဲ့။
ထင်း တစ်ချောင်းတည်းကို ချိုးလို့ ရပေမယ့်၊ ထင်းတစည်းကို ချိုးလို့ မရနိုင်ဘူးတဲ့။
အမျိုးမျိုးသော ညီညွတ်ရေးဆိုင်ရာ သဘောတရားတွေက အများသားလား။
အာဏာရှင်ကို ဖြုတ်ချတဲ့ လမ်းတစ်လျှောက်မှာ အကုန်လုံး ဒီစကားလုံးတွေကို အကြိမ်ကြိမ် ကြားခဲ့ပြီးပါပြီ။ အကြိမ်ကြိမ်လည်း ကိုယ်တိုင် ကိုယ်ကျ ပြောခဲ့ ဖူးပြီးသားနေမှာပါပဲ။
တချို့သော နိုင်ငံရေး ဆိုင်ရာ အခမ်းအနားတွေမှာ မိန့်ခွန်း တတ်ပြောတဲ့ နိုင်ငံရေးသမားကြီးကြီးတွေ ပြောတာ ရှိပါသေးတယ်။ ဘာတဲ့ ... စစ်အာဏာရှင်ကို တိုင်းပြည်က မောင်းထုတ်ရာမှာ အရေးကြီးဆုံးက ..
နံပါတ် (၁) သည် ညီညွတ်ရေး
နံပါတ် (၂) သည် ညီညွတ်ရေး
နံပါတ် (၃) သည် ညီညွတ်ရေး .... တဲ့။
ကဲ ဘယ်လောက်များ နားထောင်လို့ ကောင်းပြီး ကြက်သီးမွှေးညင်း ထစရာ ကောင်းလိုက်သလဲ။
ကျွန်တော်တို့ သိထားတာက ညီညွတ်ရေး ရရင် ပွဲပြီးပြီ။ အခု နိုင်ငံရေး သမားအကြီးကြီးတွေက ကိစ္စတိုင်းရဲ့ အရှေ့မှာ ညီညွတ်ရေးကို ရှေ့တန်းထင်တဲ့ မိန့်ခွန်းစကားကြားရတော့ ငါတို့ အောင်ပွဲနီးပြီပေါ့။
အဲလိုနဲ့ ရက်တွေ၊ လတွေ ကုန်သွားတယ်။ နှစ်တောင် ကူးလာပြီ။ နောက်ထပ် အခမ်းအနားမှာ ညီညွတ်ရေး အရေးကြီးကြောင်း မိန့်ခွန်းစကား ထပ်ပြောပြန်တယ်။ အဲလိုနဲ့ ညီညွတ်ရေး စကားကို ကြိမ်ဖန်များစွာ ကြားလာရပေမယ့် ဘာမှ လက်တွေ့ ဖြစ်မလာဘူး။
ဒါနဲ့ ကျွန်တော်လည်း ဘာဖြစ်လို့ ဖြစ်နေရတာလည်း ဆိုတာကို ဆန်းစစ်မိပါတော့တယ်။
ဒီအခါ ကျွန်တော် ဘာကို တွေ့ရလဲ ဆိုတော့ မဆိုသလောက် အမှားအချက်အလက်လေးတွေ တွေ့ရပါတယ်။ အဲဒီ အချက်အလက်တွေကို ပြင်နိုင်လိုက်ရင်တော့ ကောင်းလာမယ် မျှော်လင့်မိပါရဲ့။ ကျွန်တော် တွေ့တာတွေကတော့
၁။ တာဝန်ကျေပြီလို့ ထင်ခြင်း
အဆိုပါ နိုင်ငံရေး သမားကြီးကြီးတွေက အခုလို အခမ်းအနားတွေမှာ ညီညွတ်ရေးစကားပြောတာကို မိမိတို့ တာဝန်ကျေပြီလို့ ယူဆနေပုံရပါတယ်။ အဲဒီ စကားလုံးရဲ့ နောက်ကွယ်က လုပ်ရပ်(Action) တွေ ဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒီတော့ တာဝန်ကျေ ညီညွတ်ရေး ပြောတော့တာပါပဲ။
စကားဝိုင်းတွေမှာလည်း ".... ကျွန်တော်/ ကျွန်မတို့က ညီညွတ်ရေးကို ပြောနေတာကြာပါပြီ .. " တဲ့။ အဲလို ပြောခဲ့တာကို ဂုဏ်ယူဖွယ်ရာ မှတ်နေပါတယ်။ ကိုယ်ပြောခဲ့တာကို ကိုယ့်ဘာသာ အကောင်အထည်မဖေါ်နိုင်တဲ့ အပေါ် ရှက်မိတဲ့ စိတ်မဝင်ဘဲ .. အခြားလူတွေက ညီညွတ်ရေး မလိုလားလို့ ညီညွတ်ရေးက မဖြစ်သယောင် ပြောနေတာကို ကြားရတော့ စိတ်အတော်လေးကို မသက်သာ စရာပါပဲ။
၂။ မိန့်ခွန်းပြောသော စကားလုံး အဖြစ်လောက်သာ တွေးထင်မိနေခြင်း(မိမိပြောသော စကားလုံးကို မိမိဘာသာ မယုံကြည်ခြင်း)
ယုံကြည်ချက် အတော်နည်းတယ်ပဲ ပြောရမလား၊ (ဒါမှ မဟုတ်) ညီညွတ်ရေးဆိုတာကို လူအများရှေ့ လူရာဝင်ရုံ ကြားကောင်းသော မိန့်ခွန်းစကား အဖြစ်လောက်သာ တွေးပြီး ပြောနေတာပါပဲ။ ဖြစ်နေပုံကတော့ ကလေးတွေ မိန့်ခွန်းပြောတမ်း ကစားသလိုပဲ။ ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်။ ကိုယ်ပြောခဲ့တဲ့ စကားလုံးတွေပေါ်မှာ ယုံကြည်ချက် ရှိမနေတာပါပဲ။ ကိုယ်ပြောတာကို မယုံကြည်ရင်၊ ကိုယ့်ကိုကိုယ် မလေးစားရာရောက်တယ်ဆိုတဲ့ ရှက်စရာ အတွေးအစား .. ဒါတွေ ပြောမှ လူရာဝင်မယ်လို့ တွေးနေတဲ့ မဟုတ်တဲ့ အတွေးအခေါ်တွေ ဝင်နေကြတာ တော်လှန်ရေးအတွက် တကယ့်ရင်လေးစရာပါပဲ။
၃။ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးလုပ်မိနေကြခြင်း
တော်တော်လေး ကြောက်စရာ ကောင်းတဲ့ အချက်ပါပဲ။ အားလုံးက ညီညွတ်ရေး လုပ်ဖို့ လိုတယ်။ ရှိရမယ် ပြောနေကြပေမယ့် တကယ်တမ်းမှာ အများနဲ့ အတူတကွ ပူးပေါင်း လုပ်ရမယ့် အချိန်တွေ၊ (ဒါမှမဟုတ်) အများနဲ့ ပူးပေါင်း လုပ်ပြီးချိန်တွေမှာ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို တမင် ရွေးပြီး ပြောမိ၊လုပ်မိနေသလိုပါပဲ။
ကျွန်တော်တို့ အားလုံး သေချာ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လုပ်ရပ်တွေက ညီညွတ်ရေး (Unity) အတွက် လုပ်ရပ်တွေ ဖြစ်နေလား၊ ညီညွတ်ရေးဆန့်ကျင်တဲ့ လုပ်ရပ် (anti-unity) တွေ လုပ်နေသလားဆိုတာပါပဲ။
"တစ်ဦးခြင်းစီရဲ့ လုပ်ရပ်တွေက ညီညွတ်ရေးကို ဦးတည်ခြင်း မရှိရင် ... အဲဒီ လူတွေ ကြားမှာ ညီညွတ်ရေးဆိုတာ ဘယ်တော့မှ မရှိဘူး။"
ဥပမာ .. မိမိနဲ့ အဆင်မပြေတဲ့လူ ဦးစီးလုပ်ကိုင်တဲ့ နိုင်ငံရေးပွဲကို မသွားဘူး။ (ပါးစပ်မှာတော့ ... ကျွန်တော် အလုပ်မအားလို့ မလာတာပါ ... တဲ့။ ရင်ထဲမှာတော့ .. မင်းတို့ လုပ်တာကို ငါက လာရမှာလား .. တဲ့)။ (anti-unity action)
နောက်ထပ် ဥပမာ တခု .. အစည်းအဝေးမှာ ကိုယ်က အဆိုတင်သွင်းတယ်။ ကိုယ့်အဆို မအောင်ဘူး။ အားလုံးက အခြားလူ အဆိုကို လက်ခံသွားတယ် ဆိုရင်။ အများသဘောမို့လို့ ငြိမ်နေလိုက်ရပေမယ့် ... အဲဒီ လူ တင်သွင်းတဲ့ အဆိုကို အများနည်းတူ လိုက်မလုပ်တော့ပဲ လက်ရှောင်နေတတ်တာပါပဲ။ (အမှားအယွင်း ဖြစ်သွာရင်တော့ ဘာပြောကောင်းမလဲ။ ငါ ပြောတာ မလုပ်လို့ အခုလို ဖြစ်တာဆိုပြီး နောက်ကွယ်မှာ အုပ်စုဖွဲ့တော့တာပါပဲ။)(anti-unity action)
အကြောင်းအရာ ဥပမာတွေကတော့ အများကြီးပါပဲ။ ပေးလို့ ကုန်မယ် မထင်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ ညီညွတ်ရေးအစား၊ ညီညွတ်ရေး ဆန့်ကျင်ဘက်တွေကို အားရပါးရ မြိန်မြိန်ရှက်ရှက် လုပ်နေကြတာပါပဲ။
အရိုးရှင်းဆုံး ပြောရရင်တော့ .. ညီညွတ်ရေးလိုတယ်လို့ မိန့်ခွန်းတွေ တတ်ပြောနေတာကို ကြည့်ရင်ဖြင့် .. ညီညွတ်ရေး မရှိလို့ ပြောနေတယ်ဆိုတာ ထင်ရှားနေတာပါပဲ။
အမှန်ဆို အခုလို ဖြစ်နေတာတွေကို ပြင်ပြီး အခြေခံ ညီညွတ်ရေး လုပ်ရပ် အသေးလေးတွေကို ဂရုတစိုက် အားလုံး လုပ်ကြမယ် ဆိုရင်တော့ ညီညွတ်ရေး လုပ်ဖို့ မိန့်ခွန်းပြောတာတွေကို ကျွန်တော်တို့ ကြားရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် နေ့စဉ်လုပ်ကိုင် ဆက်ဆံပြောဆိုသမျှ နေ့တဓူဝကိစ္စ အသေးလေးတွေထဲ နိုင်ငံရေးအရ ညီညွတ်ရေးကို သတိလေး ကပ်ပြီး လုပ်မယ် ဆိုရင်ဖြင့် ညီညွတ်ရေး ခရီးက လွဲမှာ မဟုတ်ပါကြောင်း ...
လေးစားစွာဖြင့်
ကိုထိုက်
(P.S ..ကျွန်တော့်ကို နည်းနည်း အမြင်မကြည် ဖြစ်နေတဲ့ အချို့သော လူများကလည်း ဒီကောင်ဆရာကြီး လုပ်ပြန်ပြီ ဆိုပြီး အမုန်းမပွားဘဲ မေတ္တာရှေ့ထားပြီး ညီညွတ်ရေးကို အတူတကွ ဖေါ်ဆောင်ပြီး အာဏာရှင်ကို လက်တွဲ တိုက်ကြပါစို့လားဗျာ။)
Labels: ဆောင်းပါ
Posted by Ashin dhamma at 9:38 PM 0 comments
နအဖက လှည့်တိုက်နိုင်တယ် သတိထားကြပါ
အခုတလော မူဆလင် နဲ့ ပတ်သက်တဲ့ maill တွေ တော်တော်ဝင်နေတယ်၊ သတိထားကြပါ သီတင်းသုံးဖော်တို့ ။ မဟာမြတ်မုနိ ဘုရားကို ဖောက်တုန်းကလည်း မူဆလင်ဖက်ကို မြားဦးလှည့်ပေးလိုက်ပြီးပြီ။ အခုလည်း သူတို့ တွေဖက် မြားဦးလှည့်မှာစိုးလို့ မူဆလင်နဲ့ ဘုန်းကြီးကို ရန်တိုက်ပေးဖို့ လုပ်နေကြတယ်၊ သတိထားကြပါ။ အပြစ်မဲ့တဲ့ ဘာသာရေး ညီအကိုတွေ ချစ်ခင်မူမပျက်ပါစေနဲ့ ။
Labels: သတင်း
Posted by Ashin dhamma at 9:21 PM 0 comments
တတိယအကြိမ်သံဃာ့ထုသပိတ်ကံဆောင်ခြင်း စဉ်းစားရွေးချယ်ရန် ပုံစံ(၄)မျိုး
(၁) သြ၀ါယစရိယဆရာတော်ကြီးမှအာမခံဦးစီး၍ သိမ်အတွင်း၌ ပ၀ါရဏာအပြီး ဆက်လက်ကံဆောင်ခြင်းနှင့်ထိုင်သပိတ်တိုက်ပွဲဖော်ခြင်း။
(၂) သံဃာထုအင်အား (၅၀၀-၁၀၀၀)ခန့်ဖြင့် မြို့ တစ်ခုတွင် သိမ်ကြီးတစ်ခုအား စုပေါင်းဝင်ရောက်၍သပိတ်ကံဆောင်ပြီး ထိုင်သပိတ်ဆင်နွဲခြင်း (သို့) လမ်းလျှောက်မေတ္တာပို့သပိတ်ကံဆောင်ခြင်း။
(၃) ရဲရင့်စွာဖြင့်တစ်ပါးတည်း ဦးဆောင်တိုက်ပွဲဖော်ဆောင်နိုင်သည့်ကိုယ်တော်များမှ သိမ်တစ်ခုတွင် တစ်ပါးစီတာဝန်ယူ၍ ပ၀ါရဏာအပြီး အခြားသိမ်များရှိသံဃာများနည်းတူ ဝေငှပေးလိုက်သည့် ကမ္မ၀ါစာများဖတ်ကြားရန် ကြေငြာပြီး စတင်ဖတ်ကြား၍ သိမ်တွင်းရှိသံဃာထုကိုဖိတ်ခေါ်ကံဆောင်ခြင်း၊
(၄) ဆက်လက်၍သံဃာထုပါဝင်မှုပေါ်မူတည်၍ သံဃာထုဆန္ဒနှင့်အညီ ထိုင်သပိတ်ပြုခြင်း၊ လမ်းလျှောက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဘုရားစေတီပုထိုးများပေါ်တွင်
ဆုတောင်းမေတ္တာပို့သခြင်း။
၂၀၀၉ခုနှစ် အောက်တို့ဘာ (၃)ရက်နေ့တွင် မိမိတို့သံဃာထုရှိ ဦးဆောင်သံဃာများ ပူးပေါင်းပါဝင်မည့်ဆရာတော်သံဃာတော်ကြီးများအား စစ်မိစ္ဆာများမှ
ဖမ်းဆီးထိမ်းသိမ်းထားပါက ပူးပေါင်းပါဝင်ဆင်နွဲမည့်ကိုယ်တော်များမှ မိမိကျောင်းဌာနများတွင် သပိတ်ကံဆောင်၍ နေစဉ့်ဘုရားစေတီပုထိုးများသို့ ချီတက်လမ်းလျှောက်မေတ္တာပို့သခြင်း၊ ဆုတောင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့် နေ့စဉ်ဆင်နွဲခြင်းဖြင့် သပိတ်ကံ
အရှိန်မြှင့်ဆောင်ရွက်ခြင်း။
မှတ်ချက် - အထက်ပါ စဉ်းစားရွေးချယ်မှု ပုံစံ(၄)မျိုးအတွက် ယခုအချိန်တွင် ပါဝင်ဦးဆောင်မည့်သံဃာများမှသေချာတိကျစွာသတ်မှတ်၍ ၂၀၀၉ ခုနှစ် အောက်တို့ဘာ (၃)ရက် မတိုင်မှီ မည့်သည့်မြို့  မည်သည့်သိမ်တွင်မည်သို့သောပုံစံဖြင့်၊ မည်သို့ဆောင်ရွက်မည်ကို အဖွဲခွဲဦးဆောင်တာဝန်ရှိသံဃာများမှ မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဆက်သွယ်ရေး တာဝန်ခံများဆီသို့ အကြောင်းကြားပေးပို့ပါရန် လျှောက်ထားအပ်ပါသည် ဘုရား…
မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သာမဂ္ဂီအဖွဲ့
Labels: သတင်း
Posted by Ashin dhamma at 8:25 AM 0 comments
Tuesday, September 1, 2009
အာရှငါးနိုင်ငံက မြန်မာသံဃာများ သပိတ်ကော်မတီဖွဲ့စည်း

အေးနိုင်
၃၁ သြဂုတ် ၂၀၀၉- အာရှနိုင်ငံ ငါးနိုင်ငံက သံဃာတော်တွေ စုစည်းပြီး သပိတ်ကော်မတီဖွဲ့စည်းလိုက်ကြပါတယ်။
ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံရောက် သံဃာတော်တွေ အစည်းအဝေးကနေ သပိတ်ကော်မတီကို ဖွဲ့စည်းတာလို့ အစည်းအဝေး တက်ရောက်တဲ့ သာသနာ့ဥသျှောင်(ဘင်္ဂလားဒေ့ရှ်) အတွင်းရေးမှူး ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မနေ့က အစည်းအဝေးကနေ ဆံငုးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့တယ်လို့ အဆိုပါ သံဃာကမိန့်ကြားပါတယ်။
“သီတင်းကွတ် လပြည့်နေ့ မြန်မာနိုင်ငံထဲမှာ တတိယအကြိမ် သံဃပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်၊ ကံဆောင်တဲ့နေရာမှာ ဦးဇင်းတို့အနေနဲ့ ပြည်ပမှာရှိတဲ့ သံဃာများ သပိတ်ကော်မတီဖွဲ့ပီးတော့ ပြည်တွင်းမှာ သံဃာ့တပ်ဦးလည်းဖွဲ့မယ်၊ အဲဒီ သံဃာ့တပ်ဦးတွေကနေ ဦးဇင်းတို့ ပူးပေါင်းပြီး ဆောင်ရမယ်ဆိုပြီး အစည်းအဝေးလုပ်ကြတာပါပဲ”။
ကျန်ဆုံးဖြတ်ချက်တွေကတော့ ပြည်တွင်းမှာ ဖွဲ့စည်းလှုပ်ရှားမဲ့ သံဃာ့တပ်ဦးတွေနဲ့ သပိတ်ကော်မတီ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းလှုပ်ရှားတဲ့ သံဃာတွေအတွက် သပိတ်ကော်မတီက ဘဏ္ဍာငွေရှားဖွေပေးမှာ ဖြစ်သလို၊ ပြည်တွင်းသံဃာထုအကြားမှာ သံဃာ့တပ်ဦးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းကာ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစိုးရပြုတ်ကျတဲ့အထိ ဆောင်ရွက်ရေး စတာတွေ ပါဝင်တယ်လို့ ဦးပဇင်း ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စစ်အစိုးရထံကနေ အချက် ၃ ချက် တောင်းဆိုထားပြီး အဲဒီ ၃ ချက်ကတော့ ၂၀၀၇ ခုနှစ်က ပခုက္ကူသံဃာတွေအပေါ် အကြမ်းဖက်မှုကို တောင်းပန်ဖို့၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတွေကိုပြန်လွတ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့တို့ဖြစ်ပါတယ်။
စစ်အစိုးရက အဲဒီအချက်တွေ မလိုက်လျောရင် တတိယအကြိမ်မြောက် သံဃပတ္တနိက္ကုဇ္ဇနကံဆောင်မယ်လို့ ကြေညာထားပါတယ်။
http://burmese.dvb.no/news.php?id=8359
Labels: သတင်း
Posted by Ashin dhamma at 9:04 PM 0 comments
Monday, August 31, 2009
ယနေ့ နောက်ဆုံးရ သံဃာအဖမ်းအဆီး သတင်းများမှာ - - -
ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော်
ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။
ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမလည်း
ကြာသပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်။
ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ
ဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်းခံလိုက်ရသည်ဟု
ကြားသိရသည်။ နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယအကြိမ်
သပိတ်အား အကြီးအကျယ်ကြောက်လန့်နေ သည့်အတွက် သံဃာတော်များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော်များက လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့် လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့် ရေနစ်သေခါနီးသောသူကဲ့သို့
နောက်ဆုံးအချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊
အာဏာတည်မြဲရေးအတွက် အနန္တဂိုဏ်းဝင် သံဃာတော်များအား အမျိုးမျိုးဒုက္ခပေး
ဖမ်းဆီး အရေးယူနေသည်။ ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့အဖွဲ့အစည်းသည် လက်ရှိအခြေအနေတွင် နအဖစစ်အာဏာရှင်အား ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော ခိုင်မာကျစ်လစ်သည့်အဖွဲ့အစည်းဖြစ်သည်။
သံဃာတော်များအား ၀ါမကျွတ်မီ အခုလိုဖမ်းဆီးနေသည့်အတွက်
အကျဉ်းထောင်များတွင် ၀ါကျွတ်ရရှာ တော့မည်။ သံဃာတော်များအား အခုလိုဖမ်းဆီးနေခြင်းသည် မြတ်စွာဘုရား၏ ၀ါတွင်းခရီးမထွက်ရဟူ
သော ၀ိနည်းဥပဒေကိုလည်း နအဖစစ်အာဏာရှင်က ချိုးဖောက်ပြီး
သာသနာတော်ကို ရက်ရက်စက်စက် စော်ကားလိုက်ချေပြီ - ဟု
ပြည်တွင်းရှိ သံဃာတော်တစ်ပါးမှ ၀မ်းနည်းကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။
ဆက်လက်ပြီး သံဃာတော်များနှင့် ပတ်သက်သည့်သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်တင်ပြပါမည်။
Labels: သတင်း
Posted by Ashin dhamma at 8:55 AM 0 comments
Sunday, August 30, 2009
မြန်မာပြည်က စစ်အာဏာရှင်တစ်စုကို ဘယ်လိုအဆုံးသတ်မလဲ၊
ကျနော်တို့ ပြည်သူတစ်ရပ်လုံး အသိစိတ်မြှင့်မားလာမှ စစ်အာဏာရှင်တစ်စုကို
အဆုံးသတ်လို့ရမယ်လို့ အချို့သော နိုင်ငံရေးသုံးသပ်သူတွေ ပြောကြပါတယ်၊
အချို့ကတော့ ဦးဆောင်တိုက်ပွဲဖော်နိုင်မယ့်လူပုဂ္ဂိုလ်တွေ
များများပေါ်ထွက်လာပြီဆိုရင် အဆုံးသတ်နိုင်မယ်လို့ ယူဆကြပါတယ်၊
နောက်တစ်ခုပြောကြတာက မြန်မာ့တပ်မတော်ထဲက ခေါင်းဆောင်အချို့က
ပြောင်းလဲချင်လာရင် အဆုံးသတ်လို့ရမယ်လို့ ဆိုကြပါတယ်၊ ဘယ်လိုပင်ပြောပြော
လက်တွေ့လုပ်ဆောင်နိုင်မယ့် အင်အားစုတွေက အဆုံးသတ်နိုင်မယ့်
နည်းလမ်းပေါင်းစုံကို ရှာဖွေဖော်ထုတ်ပြီး အချိန်တိုအတွင်း ဆောင်ရွက်ရမယ့်
တိုက်ပွဲကာလဖြစ်နေပြီလို့ တင်ပြချင်ပါတယ်။
အဲဒါကတော့ မိမိတို့ရှိနေတဲ့ အနေအထား အခြေအနေက စတင်ပြီး
ဘာတွေလက်တွေ့ကျကျစွမ်းဆောင်နိုင်မယ် ဆိုတာကိုအခြေခံထား စဉ်းစားဆုံးဖြတ်
သံဓိဌါန်ချပြီး ယုံယုံကြည်ကြည် အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။
အပြောလွယ်ပေမယ့်အလုပ်ခက်တယ်ဆိုတာလူတိုင်းကြားပြီးသိပြီးသားဖြစ်နေလို့ဆက်လက်ပြီးဖတ်မနေတော့ဘူး
လို့တော့မဆုံးဖြတ်စေချင်ပါဘူး။ ကျနော်တင်ပြချင်တာကတော့ လက်တွေ့ကျကျ
နိုင်ငံသူ-နိုင်ငံသား တစ်ဦးဆီ လုပ်နိုင်တဲ့ အပိုင်းကနေ
စတင်ဖို့လိုပါတယ်။
တာဝန်ယူတတ်တဲ့ အသိစိတ်ဖြစ်ပေါ်လာရေး လုပ်ငန်းစဉ်တစ်ခု ရေးဆွဲအကောင်အထည်ဖော်ရမယ်၊
စစ်အာဏာရှင်တစ်စု အမြစ်ပျက်ချေမှုန်းရေးမှာ အဓိကနဲအခြေခံအကျဆုံးကတော့
လူထုတိုက်ပွဲ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တာဝန်ယူလုပ်ဆောင်နေတဲ့
စွမ်းဆောင်နေတဲ့ အင်အားစုများ ပေါ်ထွန်းရှင်သန်ရေးကို
စူးစိုက်ဇောက်ချလုပ်ကိုင်ရပါမယ်၊
ကျောင်းသား-လူငယ်-ရဟန်းသံဃာ-မြို့မိမြို့ဖတိုင်းက
စစ်အာဏာရှင်တစ်စုပြုတ်ကျရေး ချေမှုန်းရေး လုပ်ရမယ်ဆိုတာရယ်
တာဝန်ယူရမယ်ဆိုတာရယ် တစ်နှစ်အတွင်းအပြုတ်တိုက်မယ်ဆိုတာရယ်
ယုံယုံကြည်ကြည်လက်ခံလာဖို့
ရှင်းလင်း-ဆွေးနွေး-တင်ပြ-စည်းရုံး-လှုံဆော်-လှုပ်ရှားမယ့် အင်အားစုတွေ
တည်ဆောက်ယူသွားရမယ်၊
လက်ရှိအခြေအနေမှာ သံဃာထုတစ်ရပ်လုံး မကြာမှီကံဆောင်မည့်ကိစ္စအတွက်
အစွမ်းကုန် ကြိုးပမ်းနေပြီ၊
လူငယ်-ကျောင်းသားထု လှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုအတွက် အင်အားစုတွေပြင်စဉ်ကြရမယ်၊
အောက်တိုဘာလ (၃)ရက်နေ့ကစလို့ စစ်အာဏာရှင်လူတစ်စုအဆုံးသတ်ရေး
အပြီးသတ်အောင်ပွဲကို တက်လှမ်းသွားရမယ်၊
ပြည်သူ့အုပ်ချုပ်ရေး ကျေးရွာ-ရပ်ကွက်-မြို့နယ်တိုင်းမှာ
ပေါ်ပေါက်လာဖို့၊ ပြီးတော့ ပြည်သူ့ကိုယ်စားပြု
ပုဂ္ဂိုလ်တွေနဲကြားဖြတ်အစိုးရတစ်ရပ်ထွက်ပေါ်လာဖို့ လုပ်ဆောင်သွားရမယ်၊
တပ်မတော်ခေါင်းဆောင်အချို့ စစ်အာဏာရှင်တစ်စုကိုဆန့်ကျင်ပြီး
လူထုနဲပေါင်းနိုင်ဖို့ ပြင်စဉ်ထားရမယ်၊
ပြည်တွင်းရှိ အင်အားစုများအတွင်း အထက်ပါအခြေအနေတွေကို
သိရှိလုပ်ဆောင်နေသူတွေ ရှိထားပြီးပြီ၊
ပြည်သူလူထုအနေဖြင့် ရှင်းလင်းတိကျစွာသိရှိနေဖို့
ကြိုးပမ်းဆောင်ရွက်နိုင်မယ့် လူငယ်ထုတွေ အမြန်ဖော်ဆောင်ဖို့လိုအပ်ပါတယ်၊
မိမိရပ်ကွက်ပတ်ဝန်းကျင်က သတင်းအချက်အလက်တွေ စနစ်တကျစုဆောင်းထားဖို့လိုပါတယ်၊
လူတိုင်းမျက်စီဖွင့် နားစွင့်နေကြဖို့ တိုက်တွန်းချက်တွေ နှိုးဆော်စာတွေ
ထုတ်ဝေထားသင့်တယ်၊
တိုက်ပွဲစတင်ပြီဆိုတာနဲ စွမ်းအားရှင်-ကြံဖွတ်နှင့်လူထုပူးပေါင်းရေး
အခမ်းအနားတွေ ရပ်ကွက်-ကျေးရွာတိုင်းမှာ အမြန်ဆုံးလုပ်ဆောင်လိုက်ပါ -
သတင်းလျှင်မြန်စွာဖြန့်ထုတ်ပါ၊
တပ်မတော်မိသားစုဝန်းအနီးရှိ ရပ်ကွက်သူ-ရပ်ကွက်သားများအနေဖြင့်
တပ်မတော်သားများ လူထုလှုပ်ရှားမှု မဖြိုခွဲရေး ယနေ့မှစတင်
အသိပေစည်းရုံးထားဖို့ လိုအပ်ပါတယ်၊
တပ်မတော်သားများမှ လူထုလှုပ်ရှားမှုကိုဖြိုခွင်းမည်မဟုတ်ကြောင်း
ကြိုတင်ကြေငြာချက် ထုတ်ပြန်နိုင်ရန် ရဲဘော်အချင်းချင်းကြား
စည်းဝေးဆွေးနွေးနေပြီ၊
ပြည်သူ့တပ်မတော်သားများနှင့်တပ်မတော်စစ်ခေါင်းဆောင်များ
လူထုဘက်ရပ်တည်ရန် တိုက်တွန်းချက်များ ဖိတ်ခေါ်ချက်များ အစု-အဖွဲအသင်းလိုက်
နယ်မြေလိုက် ထုတ်ပြန်ကြေငြာရန် လိုအပ်ပါသည်။
ကြံဖွတ်-စွမ်းအားရှင်လုပ်နေတဲ့လူတွေက စိတ်ပါလက်ပါလို့မဟုတ်
ထမင်းစားရဖို့သာဖြစ်တဲ့အတွက် သူတို့ထိခိုက်နိုင်တယ်၊
(နအဖ)ရှုံးနိမ့်နိုင်တယ်ထင်တာနဲကူးပြောင်းလာမှာသေချာတယ်၊
အစုလိုက် - အလွှာလိုက် - နယ်မြေဒေသအလိုက် လူငယ်၊ ကျောင်းသား၊ သံဃာထု
တည်ဆောက်ရေးများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်နေကြပြီဖြစ်တယ်။
လူထုတစ်ရပ်လုံး စစ်အာဏာရှင်တစ်စုချေးမှုန်းရေး တိုက်ပွဲဖော်ဆောင်ရေး
တာဝန်ယူဆောင်ရမည် ဖြစ်ကြောင်း နှိုးဆော်-စေဆော်သည့် လုပ်ငန်းများ
ဆက်တိုက်ဆောင်ရွက်နိုင်စေရန် သတ်မှတ်တာဝန် ပေးကြရမည်ဖြစ်သည်။
ခေါင်းဆောင်ရွေးထုတ်တည်ဆောက်ခြင်းနှင့်
တိုက်ပွဲပြင်စဉ်ရေးကာလလုပ်ငန်းစဉ်များ၊ တိုက်ပွဲဖော်ဆောင်ရေး၊
တိုက်ပွဲဝင်ကာလဖြတ်သန်းမှုအဆင့်ဆင် (ရွေးချယ်ရန် စဉ်းစားထားရမည့်
အချက်များပါရှိသော စီမံကိန်း-စီမံချက်များ ရေးဆွဲမျှဝေထားရမည်)၊
လူထုတိုက်ပွဲအဆုံးသတ်အောင်ပွဲ ရရှိရေး ဦးဆောင်သူတိုင်း နားလည်ထားပြီး
ဖြစ်ရမည်။
သစ္စာဖြင့်
ကိုညီ
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:46 AM 0 comments