ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ ၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။
တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။ တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့ လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊ သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊ သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့ ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက် ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။ လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ် ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။ အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။ ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။ ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊ တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့ အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။ အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင် အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။ ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။ ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့ ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင် အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊ မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ် `နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။
အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။ လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက် သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင် ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့ အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့ တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့ အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။ အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့ ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။ ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊ တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊ လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊ တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက် ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက် အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့ ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။
မိုးလှိုင်ည
Monday, August 10, 2009
ဖျားနာနေတဲ့ မုတ်သုန်မြို့
Labels: ဆောင်းပါး
Posted by Ashin dhamma at 3:20 AM 0 comments
Friday, August 7, 2009
၈၈ ရဲ့ သွေးမုန်တိုင်း (သို့) အာဏာရှင်ကိုရိုက်ချိုးမဲ့ သမိုင်း
Labels: ဗီဒီယို
Posted by Ashin dhamma at 3:30 AM 0 comments
Tuesday, August 4, 2009
သူရဲကောင်း မင်းကိုနိုင် ရဲ့ တော်လှန်ရေးသစ္စာ အဓိဋ္ဌာန်
Labels: ဗီဒီယို
Posted by Ashin dhamma at 8:09 AM 0 comments
၈၈ ရဲ့ မျိုးဆက်သစ်တွေ ဆက်တိုက်လာမည် နအဖ
Labels: ဗီဒီယို
Posted by Ashin dhamma at 7:20 AM 0 comments
Monday, August 3, 2009
တတိယအကြိမ် နအဖ စစ်အာဏာရှင်အား ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) ကံဆောင်မည်
Labels: ကြေညာချက်
Posted by Ashin dhamma at 5:47 AM 0 comments
Sunday, August 2, 2009
အမေဟာ ကျွန်တော်တို့အားလုံးရဲ့ ထာဝရခေါင်းဆောင်ပါ။
အမေရေ ...
ဒီသီချင်းကိုသီဆိုရင်း
ကျွန်တော်တို့ အမေ့အတွက်
မျက်ရည်တွေကျခဲ့ရတယ်။
အမေရေ....
ဒီသီချင်းသံကြားရတဲ့အခါတိုင်း
ကျွန်တော့်တို့အမေ့အတွက်
အကြိမ်ကြိမ်ငိုရှိုက်ခဲ့ရတယ်။
အမေရေ...
အမေကျတဲ့မျက်ရည်တွေဟာ
ကျွန်တော်တို့အတွက် ကျတယ်ဆိုတာ
ကျွန်တော်တို့ နားလည်ပါတယ်။
အမေရေ...
ဟောဒီအာဏာရှင်တွေ
အမေ့ရဲ့နိုင်ငံတော်ကြီးမှာ
မရှိတဲ့တစ်နေ့ ရောက်သည်တိုင်အောင်
ကျွန်တော်တို့သွေးသားတွေနဲ့
အမေ့ကိုကာကွယ် စောင့်ရှောက်သွားပါမယ် အမေ...
အမေ့ကို ချစ်တဲ့ သားများ
Labels: ဗီဒီယို
Posted by Ashin dhamma at 4:55 AM 0 comments
Saturday, August 1, 2009
ဆေးခန်း တညနေ

ဒေါက်တာချေဗားမား
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 15 နာရီ 26 မိနစ်
ဆရာဒေါက်တာ
အရက်ဖြတ်ဆေးပေးပါလား
ကျမယောက်ျား ဆင်းရဲသားဟာ
အလွန်အကျွံ သောက်လွန်းလို့ပါ။
ဒီမယ်အမကြီး
ဒေါက်တာဆရာပြောမယ်
အရက်ဖြတ်ဆေး ဆိုသည်မှာ
ဖြတ်ချင်သူ ကိုယ်တိုင်ကိုယ်ကျ
ဖြတ်ဆေးမှန်းသိပြီး သုံးမှရမှာ
သူမသိဘဲ ဖြတ်ဆေးပေး
အမယောက်ျား ကျွမ်းပြန်မှာ။
"စိတ်ညစ်လို့ အရက်ကိုသောက်တယ်
အရက်သောက်တော့ သိပ်စိတ်ညစ်တယ်
အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်..."
ဂုဏ်သီချင်းလိုပဲ
အကြောင်းတခုတော့ ရှိရမယ်။
လတ်တလော အကြောင်းအရာ
အဖြေမှာ ဆင်းရဲမွဲတေခြင်း
ယ - ယမမင်း မကယ်သေး
န - နတ်သား မကယ်သေး
ဘ - ဘုရား ကယ်တော်မူပါ့
အဖ - ဘုရား ပြောတော်မူတယ်
ကိုယ့်ကိုယ်ကို ကိုယ်တိုင်ကယ်မှ ရမယ် ... တဲ့။
ဆင်းရဲလို့ အရက်ကို သောက်တယ်
အရက်သောက်လည်း ဆင်းရဲမြဲပဲ
ချမ်းသာလို့ အရက်ကို သောက်တယ်
အရက်သောက်ပြီး စောစောသေရော။
လူဆိုးလည်း သောက်တဲ့ အရက်...
လူကောင်းလည်း မှီဝဲနေပြီ
တော်ရုံတန်ရုံမက...
ရူးလောက်အောင်ပင် သောက်ကြပြီ။
အရက်ဆိုင်တွေဟာလည်း
(သင်္ကြန်သီချင်း အလိုက်လိုပဲ)
"ဟောတဆိုင် ဟောတဆိုင်
ပေါများလွန်းလှသည်"။
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမဲ့
လက်ညှိုးညွှန်ရာ အရက်ဆိုင်ဖြစ်နေပြီ
"လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း"... တဲ့
ပုဂံမှာ ဘုရားတွေများလွန်းလို့ စာချိုးပြီး ရေတွက်ခဲ့ရ
ခုတော့ကာ -
မြန်မာပြည် အရက်ဆိုင်ပေါလွန်းလို့
ဘာချိုးပြီး ရေတွက်ရပါ့။
နိုင်ငံရေးဘက် အာရုံမကျပြီးရော
လူငယ်ငယ် ကြီးကြီး
အရက်ကိုပဲ ဖိသောက်နေအောင်
စက်မှု (၁) အောင်သောင်း အစီအမံ
Mandalay Rum ဆိုင်တွေ များလာပြီ
အရက်ကပဲ ကျန်းမာရေး ပိုကောင်းစေသလိုမျိုး
မဟုတ်မဟတ် ကြော်ငြာစာသားတွေနဲ့
စစ်အာဏာရှင်အဆိုးရက
မြန်မာပြည်ကို အရက်မှိုင်းတိုက်နေပြီ
ပြင်သစ်နယ်ချဲ့ကြောင့် တရုတ်ပြည်သား ဘိန်းစားဖြစ်ခဲ့ရသလို
ခုတော့လည်း -
အာဏာရှင်စစ်အဆိုးရကြောင့်
မြန်မာပြည်သားတွေ အရက်သမား ဖြစ်ရပြီ။
အရက်+မူးယစ်ဆေးဝါး+လောင်းကစား+
စာရိတ္တပျက်ယွင်းခြင်း+ရောဂါဘယ+ဆင်းရဲမွဲတေခြင်းတွေနဲ့
လုံးလားထွေးလား ဖြစ်နေပါသော မြန်မာပြည်။
ဒေါသ+လောဘ+မောဟ+သောကတွေနဲ့
အဝိဇ္ဇာမသိခြင်းထဲ
နစ်ဝင် ကျွံဆင်းနေရှာသော မြန်မာပြည်။
အကောင်းကို မျှော်လင့်လျက်က
အဆိုးချည်းမြင်နေရပါသော မြန်မာပြည်။
စစ်အစိုးရရေ ...
မင်းတို့ပြောသလိုပါပဲ
တို့များဟာ အဆိုးမြင်ဝါဒီပါ
အကောင်းကိုသော်မှ မမြင်ရ၊ မတွေ့ရတော့လည်း
ငါတို့ဟာ အဆိုးမြင်ဝါဒီဖြစ်ခဲ့ရ။
စကားစပ်မိလို့
မြန်မာပြည်သားတွေကို အမှာပါးလိုက်ချင်သေးရဲ့-
- ရောင့်ရဲတင်းတိမ်ခြင်းဆိုတာ ...
စစ်အဆိုးရပေးသမျှသာ ယူရမယ့်ဘဝ မဟုတ်ဘူး
အသားယူပြီး အရိုးပစ်ကျွေးခံရတဲ့ဘဝ မဟုတ်ဘူး။
- ဖော်ရွေသဘောကောင်းခြင်းဆိုတာ ...
စစ်အဆိုးရ လုပ်ချင်ရာလုပ်သမျှ
မသိသလို ထိုင်ကြည့်နေဖို့ မဟုတ်ဘူး
စစ်အစိုးရ ရမ်းချင်ရာရမ်းသမျှ
မသိချင်ယောင်ဆောင် လွှတ်ထားဖို့ မဟုတ်ဘူး။
- သည်းခံခွင့်လွှတ်ခြင်းဆိုတာ ...
စစ်အစိုးရရဲ့ မတရားမှုတွေကို
သိသိကြီးနဲ့ ငုံ့ခံနေဖို့ မဟုတ်ဘူး
စစ်အဆိုးရရဲ့ လိမ်ညာလီဆယ်မှုတွေကို
သိရက်သားနဲ့ ကြိတ်မှိတ်ခံဖို့ မဟုတ်ဘူး။
- အသိရှိလျက်၊ အလုပ်ခက်က
တို့ထက်မိုက်သူ၊ ဤဇမ္ဗူရှိရိုးလား။
- စစ်အာဏာရှင်စနစ်ရှိနေတာ
ငါတို့ မြန်မာပြည် နာမည်ပျက်သဟေ့ !
စစ်အာဏာရှင်စနစ်ကို ခွင့်ပြုနေတာ
ကျုပ်တို့ မြန်မာပြည်သားတွေ ညံ့ရာကျသကွာ။ ။
8:20 PM (24,7,009)
Labels: ကဗျာ
Posted by Ashin dhamma at 1:27 AM 0 comments



