Wednesday, April 22, 2009
Tuesday, April 21, 2009
သင်္ကြန်အကြိုနေ့ က ကောင်းကင်မှာ ရဟန္တာတစ်ပါး ကြွချီ
ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ၊ နေ့ လည် (၃) နာရီလောက်က ရန်ကုန်မြို့  မြောက်ဒဂုံဘက်က ကောင်းကင်မှာ ရဟန္တာတစ်ပါး ကြွချီနေတာတွေ့ တယ်လို့ ဆိုပြီး ဗွီဒီယိုနဲ့ ရိုက်ထားတာ တွေ့ ရပါတယ်။ JaukJack13samual ဆိုသူကနေ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
Labels: ဗီဒီယို
Posted by Ashin dhamma at 6:34 PM 0 comments
Wednesday, April 15, 2009
ရတနာရာမမြန်မာကျောင်း(မလေးရှား) ၂၀၀၉ သင်္ကြန်(အကြိုနေ့)
Labels: ဗီဒီယို
Posted by Ashin dhamma at 5:46 AM 0 comments
Friday, April 10, 2009
Wednesday, April 8, 2009
သွေးကြောင်ရင်ဘေးရှောင်နေလိုက်

အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။
သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာဆပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့………..။
မင်းသုည(ကွမ်းခြံကုန်း)
Labels: ကဗျာ
Posted by Ashin dhamma at 8:48 PM 0 comments
Monday, April 6, 2009
ဂျီတော့ခ်သုံးစွဲသူတို့ လုံခြုံရေးသတိ ရှိစေလို
မိုးမခ စာဖတ်သူတဦး
ဧပြီ ၆၊ ၂၀၀၉
မြန်မာစစ်အစိုးရက အင်တာနက်ထိန်းချုပ်ရေးစီမံချက်ကို ပိုမိုတိုးမြှင့်လာတယ်လို့ ဆိုပါတယ်။ ပြည်တွင်းကနေပြီး ပြည်ပနှင့် ဂျီတော့ခ် (အင်တာနက်ပေါ်က အပြန်အလှန် စာရိုက်၊ စကားပြော ဆက်သွယ်ရေးစနစ်) သုံးသူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တို့ ပေါက်ကြားကုန်ပြီး အဲဒီအထောက်အထားတွေနဲ့ လူ ၄ ဦး ဖမ်းခံရတယ်လို့ ကြားပါတယ်။
စစ်အစိုးရဖက်က ကမကထလုပ်ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေအနက်၊ ((သို့မဟုတ်) စစ်အစိုးရဖိအားပေး အကြပ်ကိုင်ခံထားရလို့ သတင်းပေးလုပ်နေတဲ့ဆိုင်တွေ ထဲက လို့ ပြောချင်လည်း ရပါတယ်) ရွှေပြည်သာမြို့နယ်က ဆိုင်အချို့မှာ သွားရောက်သုံးစွဲခဲ့ပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။
အင်တာနက်နှေးလွန်းလို့၊ အင်တာနက်ပိတ်ဆို့ထားလို့ ဆိုတဲ့အကြောင်းပြချက်တွေကြောင့်၊ ယခုတလောမှာ မိမိမိတ်ဆွေများကတဆင့် သို့မဟုတ် အင်တာနက်ဆိုင်တွေရဲ့ လမ်းညွှန်ချက်တွေကတဆင့်၊ ဂျီလိုက်တ် သို့မဟုတ် ပရော့စီဆားဗစ် သို့မဟုတ် တဆင့်ခံလိပ်စာများကို သုံးစွဲပြီးတော့ အီးမေးတွေ၊ ပတ်စ်ဝဒ်တွေ သုံးစွဲတာမျိုးကို ဆင်ခြင်သင့်တယ်လို့ သတိပေးချင်ပါတယ်။ နိုင်ငံရေးကိစ္စတွေ သတင်းတွေနဲ့ ပတ်သက်ပြီး ဂျီးမေးသုံးတာ၊ ဂျီတော့ခ်သုံးတာတွေကို အခုတလော ဂရုစိုက်စေချင်ပါတယ်။ စကားဝှက်တွေလည်း အသစ်လဲထားသင့်ပါတယ်။
အကောင်းဆုံးကတော့ မိမိကိုယ်တိုင် စိတ်ချရတဲ့ အင်တာနက်ဆိုင်၊ မိမိသုံးစွဲတာတွေကို ကြားဖြတ်ခိုးယူ စောင့်ကြည့်ခြင်း မပြုလုပ်တဲ့ ဆိုင်တွေကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။ မြန်မာပြည်မှာ အင်တာနက်ကို ထိမ်းချုပ်တာအပြင် အီးမေးတွေ၊ ချက်လိုင်းတွေကိုပါ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်လာတာကြောင့် အားလုံးက ထိတ်လန့်နေရတာကို တွေ့နေရပါတယ်။ နောက်တခုက ဧပြီလ ၇ ရက်အထိ အင်တာနက်တွေ နှေးနေဦးမယ်လို့ ကြေငြာထားပြန်ပါတယ်။
မိုးမခမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 9:03 AM 0 comments
Friday, April 3, 2009
ဦးသန့်နှင့်ဘာသာရေး

ဧပြီလ(၃) ရက်၊ ၂၀၀၉
line
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော် ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ ဦးသန့်ရဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။
ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေးဗိသုကာဦးသန့်” ဆိုတဲ့ စာအုပ်မှာ အမှာစာရေးတော့ အောက်ပါအတိုင်းရေးထားတဲ့ စာတပိုဒ်ပါရှိပါတယ်။
“ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော ဦးသန့်သည် ပြည်ပြည်တိုင်းကား၊ ကျော်ကြားသတင်း၊ ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ ဦးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် ဦးသန့်၏ သူမတူအောင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်သီလတို့၏ စွမ်းပကားတို့ကြောင့်ဟုလည်း ဆိုနိုင်ပါ၏။ တနည်းအားဖြင့် ဦးသန့်သည် ဣဿာမိစ္ဆရိယဟူသော စိတ်ယုတ်တို့ကို ပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ ဖြစ်သော ဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သော ပါရမီအင်အား၊ ဘုန်းကံအင်အား ကြီးမားသော မင်းယောက်ျားဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။”
ဦးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတဦးအဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။ ဦးသန့်အမြင်ဟာ တကယ့် ဗုဒ္ဓဘာသာဝင်စင်စစ်တဦးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အသိုင်းအ၀ိုင်းကလည်း ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ချီးမွမ်းကြရာမှာ ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အချက်ကို မကြာခဏ ထည့်သွင်း ပြောဆိုကြပါတယ်။
ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမ ပဋိပဒါလမ်းစဉ်) လို ဖြစ်ပါတယ်။ ဦးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း ဗုဒ္ဓ၀ါဒီဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဦးသန့်ဆောင်ရွက်ရတဲ့ အလုပ်တွေကလည်း ငြိမ်းချမ်းရေးအလုပ်ကို ဘက်မလိုက် ကြားနေရေး နေရာက သည်းခံစိတ်ရှည်စွာ လုပ်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။
တကယ်တော့ ဦးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတဦး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သရိုးစာအခြေခံတွေ မသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယ တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး အင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ အလေးပေးခဲ့ပါတယ်။ ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား အဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ အခွင့်အရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို အထူးဝါသနာပါတဲ့အတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိပါတယ်။
ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံရတယ်လို့ ဦးသန့်အပေါ် အကဲဖြတ်နိုင်တဲ့ အကြောင်းအချက်တခုကတော့ မန္တလေးတောင်မြို့မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာ ဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြု အကျော်တဦးက ဦးသန့်လို လူဝတ်ကြောင်တဦးကို မိမိရဲ့ ဘာသာရေးစာအုပ် (အနာဂတ်သာသနာ) မှာ အမှာစာရေးခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်ကြီးစရာဖြစ်ပေမယ့် ဦးသန့်ဟာ ဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနဲ့တော့ လုံးဝမတူပါဘူး။ ဦးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေးခြင်း စတဲ့ ကိစ္စတွေမှာ အထူးအလေးအနက် ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှု အလွန်နည်းတဲ့ ငယ်ပေါင်းရောင်းရင်း ဦးနုနဲ့ ဦးသန့်တို့ဟာ နိုင်ငံတော်က ဘာသာရေးအတွက် ဆောင်ရွက်မှုမှာ အကြီးအကျယ် သဘောကွဲလွဲခဲ့ဖူးပါတယ်။
ဦးနုဟာ ဆဋ္ဌမ သင်္ဂါယနာတင် သာသနာ့ ဒါယကာကြီးဘွဲ့ခံလိုသူ ဖြစ်ပါတယ်။ ပဉ္စမ သင်္ဂါယနာတင်ခဲ့တာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်ဖို့ အလောတကြီးမလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် အာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊ အင်္ဂလိပ်အ၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခဲ့ရတဲ့အပြင် ပြည်တွင်စစ်မီးကလည်း တောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး အကြီးအကျယ် ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦးသန့်က အမုန်းခံပြီး ကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ အာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်ကြီး ဦးထွန်းဖေက “ဘ၀ရှင်မင်းတရားကြီး” လို့ ခေါ်လောက်အောင် ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။ မိတ်ဆွေဦးသန့်ရဲ့ ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။
မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားက အစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလက လက်ဝဲ၀ါဒ ဖြန့်ချိခဲ့သူ သခင်နုက သာသနာ့ ဒါယကာ ဖြစ်လာတဲ့အခါ သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ ဖိနပ်စီးပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာ လွယ်ပါတယ်။ သံဃာတော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုအခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူတို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။
ဦးသန့်ကတော့ ဓမ္မာန္တရာယ်အဖြစ် စွဲချက်မတင်ပါဘူး။ ဦးနု တခါတလေ ပြောဖူးသလို “ကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ” လို့ ပြောလိုပုံရပါတယ်။ ဗမာကွန်မြူနစ်တွေကို ကွန်မြူနစ် အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊ မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆိုပြီး သူတို့ စာစောင်တွေမှာ အပြန်အလှန်ရေးထားတာ တွေကို စုပေါင်းတင်ပြပါတယ်။ အလံနီသခင်စိုးဟာ မူလက လူ (၃၀) လောက်ရှိရာက မြေရှင်သဌေးတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တဲ့အခါ လူဆိုးဓားပြတွေပါဝင်လာလို့ ချက်ချင်းလူ (၃၀၀) လောက် ဖြစ်သွားခဲ့တယ်လို့ ရေးပါတယ်။ “ဓမ္မာန္တရာယ် မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ စကားကို မသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲ လက်နက်အဖြစ် သုံးလေ့မရှိခဲ့ပါ။ ရှိတောင်မှ ဖဆ ဆိုရှယ်အများစုလို အဓိက လက်နက်အဖြစ် မသုံးခဲ့ပါ။
ဦးသန့်တသက်တာမှာ မိခင်နဲ့ အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ အလှူအတန်း အကြီးဆုံးလုပ်ဖူး တာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေ အလှူအဖြစ် လှူခဲ့တာပဲရှိပါတယ်။
ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင် သာမန်ပြောရာ ကျပါမယ်။ ဦးသန့်ဟာ သူရဲ့ ရာထူးအရှိန်အ၀ါအသုံးချပြီး အစိုးရ ၀န်ထမ်းအနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းအနေနဲ့ ရော အခွင့်အရေး အလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များ တဲ့ လူမျိုးဟာ ဦးသန့်ကို “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ “ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်” လို့ အတိုချုပ်ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဦးသန့်ဟာ ဘယ်ဘာသာကို မဆို ရိုသေကိုင်းရှိုင်းတဲ့ လူယဉ်ကျေးဖြစ်ပါတယ်။ ဦးနုပြောတဲ့ “ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူ” ဆိုတဲ့ စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့ ဂုဏ်ပုဒ်ပါပဲ။
ဦးအုန်းမြင့် (ဒို့ရှမ်းပြည်) ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ “သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင်သော သွင်ပြင်အမူအရာရှိခြင်း” လို့ အချုပ်ပြောပါတယ်။ အဲဒါကို “သရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ” ပြောနိုင်ပါတယ်တဲ့။ သရဏီယတရား ခြောက်ပါးဆိုတာက -
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။ “ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ” လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။
“ဗုဒ္ဓဘာသာနှင့် ဦးသန့်” ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်” ဆိုတဲ့ စာအုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် ဦးသန့်” (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်ပင် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော အထောက်အကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး အမြတ်ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။
ထိုသို့ ရည်ရွယ်ရင်းရှိကြသော လူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။ အထက်ပါစာဟာ ရိုက်တာသတင်းဌာနက ဂါဒီယန်သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအချက်တခုကို ဖောက်သယ်ချလိုက်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိအေးနှစ်ခါနာဆိုသလို ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တာ စာအုပ်တွေနဲ့ အတူ သူ့အိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။ ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး မေတ္တာရှေ့ထားစဉ်းစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါတွေက ဦးသန့်ရဲ့ ပင်ကိုယ် အရည်အချင်းတွေပါ။ ဒီအရည်အချင်းတွေကို ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ဒီအရည်အချင်းတွေ ရှိနေတာလည်းမဟုတ်ပါ ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ ဦးသန့်က ဦးနုလို အယူသည်းမှုတွေ မပါရှိပါဘူး။ နတ်၊ ဗေဒင်၊ ပုတီးတွေ မပါပါဘူး။ ဦးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတကာထက် ပိုပါတယ်။ ဦးသန့်ကို ဗုဒ္ဓဘာသာဝင်တဦးလို့ ဆိုတာထက် “ဗုဒ္ဓဘာသာဝင်ကောင်းတဦး” လို့ “ကောင်း” ဆိုတဲ့ ၀ိသေသတလုံး တိုးဖြည့်ပြောမှ တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။
ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့် ခုအခါမှာ မြန်မာနိုင်ငံရဲ့ဂုဏ်ရော ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ အထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ ဦးသန့်ကို မနာလို တိုရှည် ဖြစ်နေလို့လည်း မပြီးပါ။ ဦးသန့်ဂုဏ်တွေကို ဖျက်ပစ်လို့လည်း မရပါ။ မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါတယ်။
ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြော စေချင်ပါတယ်ဆိုတဲ့ စေတနာထားလိုက်ရင် အစစချောမောသွားပါလိမ့်မယ်။
စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူးနိုင်ကြဘူးလို့ ထင်မနေပါလေနဲ့။ မကောင်းတာလုပ်ရင် လူတွေက ကိုယ့်ကို ရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် ဦးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတဦးကို “လူတောမတိုးစေနဲ့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျယ်ချုပ်၊ အကျဉ်းချုပ်ထားပေမယ့် လူတွေက တနေ့တခြား ပိုပြီးသာ ကြည်ညိုလာပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများအကျယ်ချုပ်မထားရဘဲ ကိုယ့်ဘာသာ အကျယ်ချုပ်ချကာ ခံနေရပါလိမ့်မယ်။
ဗိုလ်ချုပ်ကြီးတွေအားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နိုင်ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ အလေးပြုပါရစေ။
ခေတ်ပြိုင်မှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:37 AM 0 comments
အတင်းအဓမ္မအိမ်ပြောင်းရွေဖျက်သိမ်းနေခြင်း
အတင်းအဓမ္မအိမ်ပြောင်းရွေဖျက်သိမ်းနေခြင်း....
ရွှေတိဂုံအရှေ့မုဒ် ဗဟန်းဈေးမြောက်ဖက်ခြံငါးခြံရပ်ကွက်
အစိုးရအာဏာပိုင်တွေက ဖျက်ခိုင်းနေပြီ ယခုလူနေအိမ်တွေဖျက်နေကြပြီ
တရုတ်ဘုံကျောင်းတခု ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိန့်မကျသေးလို့
မဖျက်သေးဘူး။ အခုဆိုရင် အဖျက်ခံရတဲ့ လူတွေကလဲ မကျေနပ်ကြဘူး သံဃာတွေကလဲ
ဖျက်ခိုင်ရင် ဆန်ကျင်ဆန္ဒပြမယ်နဲ့ စုရုံးစုရုံး လုပ်နေကြတယ်။ သံဃာအချို့လဲ
နေ့စဉ်သွားပြီးအားပေးကြတယ် လိုအပ်တာပံ့ပိုးတယ် ဓာတ်ပုံရိုက်ယူကြတယ်။
ဒီအတွက်ကြောင့် နောက်ပိုင်းရက်တွေမှာဆိုရင် ရပ်ကွက်ကမဟုတ်တဲ့လူ မကပ်ရဘူး
မောင်းထုတ်တယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ နောက်စုံစမ်းရသလောက်သတင်းပို့ပါမယ်။
ဖျက်ရတဲ့ အကြောင်းကတော့ စက်တင်ဘာတုန်က သံဃာတွေအားပေးအားမြောက်လုပ်လို့
အဲဒီနေရာကို အမဲရောင်နယ်မြေသတ်မှတ်ထားပြီး အညှိးထားဖျက်ခြင်းဖြစ်တယ်။
ဖျက်ပြီးရင် အဲဒီနေရာ ပန်းခြံလုပ်မယ်လို့ သတင်းကြားတယ်။
ဒါမျိုးဘဲ ၁၉၈၉ အာဇာနည်နေ့ ချေတတ်ဆန္ဒဖော်ထုတ်ကြလို့
န၀တလိုက်လံဖမ်းဆီးတုန်းက ပုန်းခိုခွင့်ပေးခဲ့တဲ့
ဗဟန်းရေတာရှည်ရပ်ကွက်သူရပ်ကွက်သားတွေဟာ ဒီမိုကရေစီအင်အားစုတွေကို
ထောက်ခံအားပေးခဲ့တာကြောင့် လှိုင်သာယာလယ်ကွင်းတွေထဲ
အပြောင်းအရွေ့ခံခဲရတယ်။ စစ်အာဏာရှင် ဖိနှိပ်သူတွေ
လုပ်ချင်တိုင်းလုပ်တာကို အင်အားမရှိလို့ဆိုပြီး ရေငုံနူတ်ပိတ်
လက်ပိုက်ကြည့်နေကြရင် ပိုဆိုးမယ်၊ ၀ိုင်းဝန်းကူညီဖို့လိုတယ်။
၁၉၈၉ ရွေတိဂုံဘုရားဇောင်းတန်းရှိ ဆိုင်ခန်းနှင့်လူနေအိမ်များ န၀တမှ
ပြောင်းရွေခိုင်းခဲစဉ်က (မ.က.သ) ကျောင်းသားအင်အားစုများ
ဝိုင်းဝန်းပူးပေါင်းကာ န၀တထံ စာရေးမေတ္တာရပ်ခံခြင်းကြောင်း ထိုဖျက်ဆီးမှု
စီမံချက်ရပ်ဆိုင်းခဲ့ပြီး
နေရာပြန်လည်ချမှတ်ခြင်းများပြုလုပ်ပေးခဲ့ရပါသည်။
ယနေ့အချိန်တွင်လဲ မတရားမှု ဖိနှိပ်မှုများ ဖြစ်ပေါ်နေသည့်နေရာဒေသများသို့
တက်ကြွသူအင်အားစုတိုင်းသွားရောက်ပါဝင်ကူညီပေးကြမည်ဆိုရင် အလွန်ထိရောက်၍
ပြတ်သားစွာ ထိပ်တိုက်ရင်ဆိုင်နိုင်သော အခြေအနေသို့ရောက်ရှိမည်ဟု
ယုံကြည်သည်။
ထိုသိုပါဝင်လုပ်ဆောင်ပေးခြင်းကြောင့် လူထုအနေဖြင့်လည်း အင်အားစုများအပေါ်
ယုံကြည်သက်ဝင်မှုဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ပါဝင်လုပ်ဆောင်လျှင်
ပန်းတိုင်သို့ရောက်ရှိမည်ဟု အသိရရှိလာမည်ဖြစ်သည်။
Labels: သတင်း
Posted by Ashin dhamma at 12:47 AM 0 comments
Thursday, April 2, 2009
လူတစ်စုအာဏာ လူထုအာဏာ

လူတစ်စုသည် နိုင်ငံရေးမဟုတ်။ လူထုသည်သာ နိုင်ငံရေးဖြစ်သည်။ လူတစ်စုသည် သူ့ကိုယ်သူ နိုင်ငံရေးဟုပြောကာ၊ ၎င်းသည် နိုင်ငံရေးတော့မဟုတ်။ အာဏာဖြစ်သွားသည်။ လူထုတွင်မူ ဘာပြဿနာမှမရှိ။ နိုင်ငံရေးလည်းဟုတ်သည်။ အာဏာလည်းဟုတ်သည်။ အမှန် အာဏာဆိုသည် လူထု၌သာရှိသင့်သည်။ အခြားဘယ်မှာမျှမရှိသင့်။ ထို့ကြောင့် လူတစ်စုသည် နိုင်ငံရေးလည်းမဖြစ်သင့်။ အာဏာလည်းမဖြစ်သင့်။ လူတစ်စုသည် နိုင်ငံရေးလည်းမဟုတ်။ အာဏာ လည်းမဟုတ်။ န အ ဖသည် လူတစ်စုဖြစ်သည်။ ထို့ကြောင့် န အ ဖသည် နိုင်ငံရေးလည်းမဟုတ်။ အာဏာလည်း မဟုတ်။ ပါတီအသီးသီးသည်လည်း လူတစ်စုဖြစ်သည်။ ထို့ကြောင့်ပါတီများသည်လည်း နိုင်ငံရေးလည်းမဟုတ်။ အာ ဏာလည်းမဟုတ်။ နိုင်ငံဟုရှိက နိုင်ငံရေးရှိရမည်၊ အာဏာရှိရမည်ဟူသော တောင်းဆိုချက်က တစ်ဘက်၌ရှိနေပြန် သည်။ ဤတွင် မည်သည့်နိုင်ငငံရေး မည်သည့်အာဏာ ဖြစ်ရတော့မည်နည်း။
ဧကောဇမ္မော၊ တစ်ခုတည်းသာရှိသည်။ လူထုနိုင်ငံရေး လူထုအာဏာသာ ဖြစ်ရတော့မည်။ ဤကား နိုင်ငံတစ်ခုအတွက် အမြင့်မားဆုံးသော မဟာဗျူဟာဖြစ်လေသည်။ ဤမဟာဗျူဟာနှင့်သာ နိုင်ငံ၏အတိတ် ပစ္စုပ္ပန် အနာဂါတ် ဘဝသုံးရပ် ကို အကောင်အထည်ဖေါ်သင့်သည်။ အခြေခံအုတ်မြစ်ဖြစ်သင့်သည်။ ဤမဟာဗျူဟာကိုသာ အခြေခံအုတ်မြစ်အဖြစ် ချမှတ်လိုက်နာ လက်တွေ့ကျင့်သုံးနိုင်ပါက ပါတီများနှင့် စပ်လျဉ်းသောပြဿနာ၊ န အ ဖနှင့် စပ်လျဉ်းသောပြဿနာ၊ ပါ တီနှင့် န အ ဖတို့ ရင်ဆိုင်တွေ့ရင်း ဖြစ်ပေါ်နေသည့်ပြဿနာ ….. စသည့်ပြဿနာအားလုံး ပြေလည်ဖြေရှင်းပြီး ဖြစ်သွား မည်။ ဤမဟာဗျူဟာမှလွဲ၍ အခြားမရှိ။ ဤမျှအထိ ရှင်းနေပါလျက် မြန်မာ့နိုင်ငံရေးသည် လူထုနိုင်ငံရေး လူထုအာဏာ မဖြစ်သေး။ ခေတ်အဆက်ဆက် လူထုနိုင်ငံရေး လူထုအာဏာပျောက်နေခဲ့သည်။
ပထမ။ ။ ဘုရင်ဧကရာဇ်ခေတ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။
ဒုတိယ။ ။ ပါလီမန်ခေတ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။
တတိယ။ ။ ကွန်မြူနစ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။
ယခုနောက်ဆုံး။ ။ န အ ဖ။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။
ပထမသုံးခုက လက်နက်ကို အမြင့်ဆုံး အဆုံးအဖြတ်အဖြစ်မသုံး။ နောက်ဆုံး န အ ဖက လက်နက်ကို နောက်ဆုံးအဆုံး အဖြတ်အဖြစ်သုံးသည်။ ဤသို့သုံးနိုင်သည်မှာလည်း ပထမသုံးခုတွင် တာဝန်မကင်း။ သူတို့သုံးခုစလုံး မည်သူမျှ လူထု နိုင်ငံရေး လူထုအာဏာမဖြစ်ခဲ့။ သို့ဖြင့် လက်နက်ရှိသောစစ်တပ်က သူတို့သုံးဦးကို ဖြိုချ၍ နိုင်ငံကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လိုက်တော့သည်။ ဤသုံးသပ်ချက်များကို မြန်မာ့သမိုင်းအကျဉ်းဟု တစ်နည်းတစ်ဖုံအားဖြင့် ပြော၍ရသည်။ လူ ထုနိုင်ငံရေး လူထုအာဏာမဟုတ်က လူထုနိုင်ငံရေး လူထုအာဏာဖြစ်အောင် လုပ်ယူရမည်။ မည်သို့လုပ်ကြမည်နည်း။ န အ ဖကို ဖြုတ်ချပစ်ရမည်။ န အ ဖကို ဖြုတ်ချပြီးနောက် လူထုနိုင်ငံရေး လူထုအာဏာဖြင့် အစားထိုးရမည်။ အခြား အရာဖြင့် မှားယွင်းအစားထိုးမှု မဖြစ်စေရ။ အခတ်အခဲတစ်ခုကို ရင်ဆိုင်ရမည်။ န အ ဖတွင် လက်နက်ရှိနေသည်။ လူထု တွင်လက်နက်မရှိ။ လက်နက်တစ်ခုတည်းသာ အတားအဆီးဖြစ်နေသည်။ လက်နက်မရှိပါက လူထုနိုင်ငံရေး လူထုအာ ဏာဖြစ်ပြီ။ လူထုဘာလုပ်ရမည်နည်း။ န အ ဖ၏လက်နက်ကို “အ”သွားအောင်လုပ်ရမည်။ ပထမလုပ်ရမည်မှာ လူထုက န အ ဖစကား၊ န အ ဖတည်ဆောက်ရေး၊ န အ ဖလုပ်ရပ်များအားလုံးကို လုံးဝသုညအဖြစ် သဘောထားလိုက်ရန်ဖြစ် သည်။ န အ ဖစကားဆိုသည်က န အ ဖ၏ သဘောတရားစကားများဖြစ်သည်။ န အ ဖတည်ဆောက်ရေးဆိုသည်က နိုင်ငံတစ်ဝှမ်း န အ ဖလုပ်နေသော အလုပ်များဖြစ်သည်။ န အ ဖလုပ်ရပ်များဆိုသည်က ကိုယ့်ဖါသာအဆိုသွင်း ကိုယ့် ဖာသာထောက်ခံလမ်းပြ (၇)ချက်နှင့် အပေါင်းအပါလုပ်ရပ်များကို ဆိုလိုသည်။ န အ ဖစကား၊ တည်ဆောက်၊ လုပ်ရပ် အားလုံးကို လူထုကလုံးဝမဖြစ်လုံးဝမရှိ သဘောထားရမည်။ ဤသို့သဘောထားရခြင်း၏ရည်ရွယ်ချက်မှာ န အ ဖသည် လက်နက်သက်သက်ဟု လုံးတီးပေါ်သွားစေရန်ဖြစ်သည်။ ဤသို့ဖြင့် လူထုလုပ်ရမည့်အလုပ်သည် ရှင်းလင်းပြတ်သား သွားသည်။ ဤနေရာတွင် လူထုက ပါတီများနှင့် ကွာသွားသည်။ ပါတီက န အ ဖကို လက်နက်ဟုမမြင်။ လက်နက်မှလွဲ သော အခြားအရာများဟုမြင်သည်။ လူထုက န အ ဖကို လက်နက်သက်သက်ဟုမြင်သည်။ လက်နက်မှလွဲသော အခြား အရာမရှိဟုမြင်သည်။ လူထုကမှန်သည်။ ပါတီကမှားနေသည်။ လူထုနှင့် ကျည်ဆံ။ လူထုကကျည်ဆံကို နိုင်နိုင်ပါမည် လား။ လူထုအနိုင်ရမည်ဟု ကျွန်တော် ယုံကြည်စွာရဲဝန့်စွာ သေချာပေါက်ပြောပါသည်။ အကျိုးအကြောင်းများက အောက်ပါအတိုင်းဖြစ်သည်။ ကျည်ဆံသည် ခန္ဓာကိုယ်ကို သတ်ဖြတ်ပစ်နိုင်သည်။ သို့သော်ဆန္ဒကိုတော့ သတ်ဖြတ်ပစ် ၍ မရပါ။ ဤတွင် လူထုနှင့်ဆန္ဒ တစ်သားတည်းပေါင်းစည်းထားလိုက်ရန်သာဖြစ်သည်။ ဆန္ဒကိုကျည် ဆံသည်မနိုင်။ ဆန္ဒ၏ခြေရင်းတွင် ကျည်ဆံသည် ဝပ်စင်းအရှုံးပေးသွားရမည်။ ထို့ကြောင့် လူထုကလုပ်ရန်ရျိသည်မှာ ၁။ လူတစ်စုမဟုတ်သော လူထုဖြစ်ရမည်။ ၂။ လူထုနှင့်ဆန္ဒ တစ်သားတည်းတစ်ထပ်တည်း ဖြစ်နေရမည်။ ၃။ လူထုဖြစ် သည်ကို ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်။ လူတစ်စုမဟုတ်ဘဲ လူထုဖြစ်ရမည်ဟု ဆိုရခြင်းမှာ န အ ဖသည် လူထုကို လူစုဟုလိမ်ညာ၍ ပစ်ခတ်သတ်ဖြတ်တတ်သော ကြောင့်ဖြစ်သည်။ လူထုနှင့်ဆန္ဒ တစ်သားတည်း တစ်ထပ်တည်း ကျရမည်ဟုဆိုရခြင်းမှာ ကျည်ဆံသည် ဆန္ဒကို မသတ်ဖြတ်နိုင်သောကြောင့်ဖြစ်သည်။ လူထုဖြစ်သည် ကို ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်ဟု ဆိုရခြင်းမှာ န အ ဖသည် လူထုကိုလူထုဟု မငြင်းနိုင်မရှောင်နိုင် ဝန်ခံသွားစေနိုင်ရန်ဖြစ်သည်။ လူတစ်စုမဟုတ် လူထုဖြစ်စေရန်မှာ တစ်ယောက်ကျက ဆယ်ယောက်ပွားလာမည်။ ဆယ်ယောက်ကျက အယောက်တစ်ရာ၊ အယောက်တစ်ရာကျက အယောက်တစ်ထောင်၊ အယောက်တစ်ထောင်ကျက အယောက်တစ်သောင်း တစ်သိန်း တစ်သန်း တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆပွားတိုးပွားသွားခြင်းဖြင့် လူထုမှလူထုဟု ပီပြင်သွားနိုင်သည်။ လူထုနှင့် ဆန္ဒပေါင်းစည်းထားခြင်းက ဆန္ဒကိုကျည်က မသတ်ဖြတ်နိုင် ဆန္ဒအမြဲရှင်သန်နေရန်ဖြစ် သည်။ ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်ဟု ဆိုရခြင်းမှာ လူထုဟု န အ ဖမငြင်ကွယ်နိုင် မျက်ဝါးထင်ထင်ပြ လိုက်နိုင်ခြင်းဖြင့် န အ ဖသည် မြန်မာသိကမ္ဘာသိ အသိခံ၍ လူထုကိုလုပ်ကြံသတ်ဖြတ်ရဲမည် မဟုတ်တော့ပါ။ တစ်နိုင်ငံ လုံးကို သူတစ်ယောက်တည်းက လူသတ်နေသောလူသတ်သမားဟု ပေါ်လွင်ထင်ရှားသွားပါမည်။ ဤအဖြစ်မျိုးကို န အ ဖသည် အဖြစ်မခံရဲပါ။ န အ ဖကျည်အသွားပါပြီ။ ကျည်ဆံသည် ဆန္ဒကို မလွန်ဆန်နိုင်သကဲ့သို့ န အ ဖသည် လူထု ကိုမလွန်ဆန်နိုင်တော့ပါ။ လူထုနိုင်ငံရေး လူထုအာဏာ လူထုလက်တွင်းသို့ရောက်သွားရန် လမ်းကြောင်းတစ်ကြောင်း တည်းသာရှိပါတော့သည်။ မြန်မာ့သတ္တိ မြန်မာသိ ကမ္ဘာသိ ပြလိုက်ကြပါစို့။
ရေးသားသူ။ ။ သမာသမတ်
http://thirdeye4u.22web.net/?p=2670#more-2670 မှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 9:54 AM 0 comments
