Thursday, April 2, 2009

လူတစ်စုအာဏာ လူထုအာဏာ



လူတစ်စုသည် နိုင်ငံရေးမဟုတ်။ လူထုသည်သာ နိုင်ငံရေးဖြစ်သည်။ လူတစ်စုသည် သူ့ကိုယ်သူ နိုင်ငံရေးဟုပြောကာ၊ ၎င်းသည် နိုင်ငံရေးတော့မဟုတ်။ အာဏာဖြစ်သွားသည်။ လူထုတွင်မူ ဘာပြဿနာမှမရှိ။ နိုင်ငံရေးလည်းဟုတ်သည်။ အာဏာလည်းဟုတ်သည်။ အမှန် အာဏာဆိုသည် လူထု၌သာရှိသင့်သည်။ အခြားဘယ်မှာမျှမရှိသင့်။ ထို့ကြောင့် လူတစ်စုသည် နိုင်ငံရေးလည်းမဖြစ်သင့်။ အာဏာလည်းမဖြစ်သင့်။ လူတစ်စုသည် နိုင်ငံရေးလည်းမဟုတ်။ အာဏာ လည်းမဟုတ်။ န အ ဖသည် လူတစ်စုဖြစ်သည်။ ထို့ကြောင့် န အ ဖသည် နိုင်ငံရေးလည်းမဟုတ်။ အာဏာလည်း မဟုတ်။ ပါတီအသီးသီးသည်လည်း လူတစ်စုဖြစ်သည်။ ထို့ကြောင့်ပါတီများသည်လည်း နိုင်ငံရေးလည်းမဟုတ်။ အာ ဏာလည်းမဟုတ်။ နိုင်ငံဟုရှိက နိုင်ငံရေးရှိရမည်၊ အာဏာရှိရမည်ဟူသော တောင်းဆိုချက်က တစ်ဘက်၌ရှိနေပြန် သည်။ ဤတွင် မည်သည့်နိုင်ငငံရေး မည်သည့်အာဏာ ဖြစ်ရတော့မည်နည်း။


ဧကောဇမ္မော၊ တစ်ခုတည်းသာရှိသည်။ လူထုနိုင်ငံရေး လူထုအာဏာသာ ဖြစ်ရတော့မည်။ ဤကား နိုင်ငံတစ်ခုအတွက် အမြင့်မားဆုံးသော မဟာဗျူဟာဖြစ်လေသည်။ ဤမဟာဗျူဟာနှင့်သာ နိုင်ငံ၏အတိတ် ပစ္စုပ္ပန် အနာဂါတ် ဘဝသုံးရပ် ကို အကောင်အထည်ဖေါ်သင့်သည်။ အခြေခံအုတ်မြစ်ဖြစ်သင့်သည်။ ဤမဟာဗျူဟာကိုသာ အခြေခံအုတ်မြစ်အဖြစ် ချမှတ်လိုက်နာ လက်တွေ့ကျင့်သုံးနိုင်ပါက ပါတီများနှင့် စပ်လျဉ်းသောပြဿနာ၊ န အ ဖနှင့် စပ်လျဉ်းသောပြဿနာ၊ ပါ တီနှင့် န အ ဖတို့ ရင်ဆိုင်တွေ့ရင်း ဖြစ်ပေါ်နေသည့်ပြဿနာ ….. စသည့်ပြဿနာအားလုံး ပြေလည်ဖြေရှင်းပြီး ဖြစ်သွား မည်။ ဤမဟာဗျူဟာမှလွဲ၍ အခြားမရှိ။ ဤမျှအထိ ရှင်းနေပါလျက် မြန်မာ့နိုင်ငံရေးသည် လူထုနိုင်ငံရေး လူထုအာဏာ မဖြစ်သေး။ ခေတ်အဆက်ဆက် လူထုနိုင်ငံရေး လူထုအာဏာပျောက်နေခဲ့သည်။

ပထမ။ ။ ဘုရင်ဧကရာဇ်ခေတ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။

ဒုတိယ။ ။ ပါလီမန်ခေတ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။

တတိယ။ ။ ကွန်မြူနစ်။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။

ယခုနောက်ဆုံး။ ။ န အ ဖ။ လူထုနိုင်ငံရေး လူထုအာဏာမဟုတ်။

ပထမသုံးခုက လက်နက်ကို အမြင့်ဆုံး အဆုံးအဖြတ်အဖြစ်မသုံး။ နောက်ဆုံး န အ ဖက လက်နက်ကို နောက်ဆုံးအဆုံး အဖြတ်အဖြစ်သုံးသည်။ ဤသို့သုံးနိုင်သည်မှာလည်း ပထမသုံးခုတွင် တာဝန်မကင်း။ သူတို့သုံးခုစလုံး မည်သူမျှ လူထု နိုင်ငံရေး လူထုအာဏာမဖြစ်ခဲ့။ သို့ဖြင့် လက်နက်ရှိသောစစ်တပ်က သူတို့သုံးဦးကို ဖြိုချ၍ နိုင်ငံကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လိုက်တော့သည်။ ဤသုံးသပ်ချက်များကို မြန်မာ့သမိုင်းအကျဉ်းဟု တစ်နည်းတစ်ဖုံအားဖြင့် ပြော၍ရသည်။ လူ ထုနိုင်ငံရေး လူထုအာဏာမဟုတ်က လူထုနိုင်ငံရေး လူထုအာဏာဖြစ်အောင် လုပ်ယူရမည်။ မည်သို့လုပ်ကြမည်နည်း။ န အ ဖကို ဖြုတ်ချပစ်ရမည်။ န အ ဖကို ဖြုတ်ချပြီးနောက် လူထုနိုင်ငံရေး လူထုအာဏာဖြင့် အစားထိုးရမည်။ အခြား အရာဖြင့် မှားယွင်းအစားထိုးမှု မဖြစ်စေရ။ အခတ်အခဲတစ်ခုကို ရင်ဆိုင်ရမည်။ န အ ဖတွင် လက်နက်ရှိနေသည်။ လူထု တွင်လက်နက်မရှိ။ လက်နက်တစ်ခုတည်းသာ အတားအဆီးဖြစ်နေသည်။ လက်နက်မရှိပါက လူထုနိုင်ငံရေး လူထုအာ ဏာဖြစ်ပြီ။ လူထုဘာလုပ်ရမည်နည်း။ န အ ဖ၏လက်နက်ကို “အ”သွားအောင်လုပ်ရမည်။ ပထမလုပ်ရမည်မှာ လူထုက န အ ဖစကား၊ န အ ဖတည်ဆောက်ရေး၊ န အ ဖလုပ်ရပ်များအားလုံးကို လုံးဝသုညအဖြစ် သဘောထားလိုက်ရန်ဖြစ် သည်။ န အ ဖစကားဆိုသည်က န အ ဖ၏ သဘောတရားစကားများဖြစ်သည်။ န အ ဖတည်ဆောက်ရေးဆိုသည်က နိုင်ငံတစ်ဝှမ်း န အ ဖလုပ်နေသော အလုပ်များဖြစ်သည်။ န အ ဖလုပ်ရပ်များဆိုသည်က ကိုယ့်ဖါသာအဆိုသွင်း ကိုယ့် ဖာသာထောက်ခံလမ်းပြ (၇)ချက်နှင့် အပေါင်းအပါလုပ်ရပ်များကို ဆိုလိုသည်။ န အ ဖစကား၊ တည်ဆောက်၊ လုပ်ရပ် အားလုံးကို လူထုကလုံးဝမဖြစ်လုံးဝမရှိ သဘောထားရမည်။ ဤသို့သဘောထားရခြင်း၏ရည်ရွယ်ချက်မှာ န အ ဖသည် လက်နက်သက်သက်ဟု လုံးတီးပေါ်သွားစေရန်ဖြစ်သည်။ ဤသို့ဖြင့် လူထုလုပ်ရမည့်အလုပ်သည် ရှင်းလင်းပြတ်သား သွားသည်။ ဤနေရာတွင် လူထုက ပါတီများနှင့် ကွာသွားသည်။ ပါတီက န အ ဖကို လက်နက်ဟုမမြင်။ လက်နက်မှလွဲ သော အခြားအရာများဟုမြင်သည်။ လူထုက န အ ဖကို လက်နက်သက်သက်ဟုမြင်သည်။ လက်နက်မှလွဲသော အခြား အရာမရှိဟုမြင်သည်။ လူထုကမှန်သည်။ ပါတီကမှားနေသည်။ လူထုနှင့် ကျည်ဆံ။ လူထုကကျည်ဆံကို နိုင်နိုင်ပါမည် လား။ လူထုအနိုင်ရမည်ဟု ကျွန်တော် ယုံကြည်စွာရဲဝန့်စွာ သေချာပေါက်ပြောပါသည်။ အကျိုးအကြောင်းများက အောက်ပါအတိုင်းဖြစ်သည်။ ကျည်ဆံသည် ခန္ဓာကိုယ်ကို သတ်ဖြတ်ပစ်နိုင်သည်။ သို့သော်ဆန္ဒကိုတော့ သတ်ဖြတ်ပစ် ၍ မရပါ။ ဤတွင် လူထုနှင့်ဆန္ဒ တစ်သားတည်းပေါင်းစည်းထားလိုက်ရန်သာဖြစ်သည်။ ဆန္ဒကိုကျည် ဆံသည်မနိုင်။ ဆန္ဒ၏ခြေရင်းတွင် ကျည်ဆံသည် ဝပ်စင်းအရှုံးပေးသွားရမည်။ ထို့ကြောင့် လူထုကလုပ်ရန်ရျိသည်မှာ ၁။ လူတစ်စုမဟုတ်သော လူထုဖြစ်ရမည်။ ၂။ လူထုနှင့်ဆန္ဒ တစ်သားတည်းတစ်ထပ်တည်း ဖြစ်နေရမည်။ ၃။ လူထုဖြစ် သည်ကို ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်။ လူတစ်စုမဟုတ်ဘဲ လူထုဖြစ်ရမည်ဟု ဆိုရခြင်းမှာ န အ ဖသည် လူထုကို လူစုဟုလိမ်ညာ၍ ပစ်ခတ်သတ်ဖြတ်တတ်သော ကြောင့်ဖြစ်သည်။ လူထုနှင့်ဆန္ဒ တစ်သားတည်း တစ်ထပ်တည်း ကျရမည်ဟုဆိုရခြင်းမှာ ကျည်ဆံသည် ဆန္ဒကို မသတ်ဖြတ်နိုင်သောကြောင့်ဖြစ်သည်။ လူထုဖြစ်သည် ကို ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်ဟု ဆိုရခြင်းမှာ န အ ဖသည် လူထုကိုလူထုဟု မငြင်းနိုင်မရှောင်နိုင် ဝန်ခံသွားစေနိုင်ရန်ဖြစ်သည်။ လူတစ်စုမဟုတ် လူထုဖြစ်စေရန်မှာ တစ်ယောက်ကျက ဆယ်ယောက်ပွားလာမည်။ ဆယ်ယောက်ကျက အယောက်တစ်ရာ၊ အယောက်တစ်ရာကျက အယောက်တစ်ထောင်၊ အယောက်တစ်ထောင်ကျက အယောက်တစ်သောင်း တစ်သိန်း တစ်သန်း တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆပွားတိုးပွားသွားခြင်းဖြင့် လူထုမှလူထုဟု ပီပြင်သွားနိုင်သည်။ လူထုနှင့် ဆန္ဒပေါင်းစည်းထားခြင်းက ဆန္ဒကိုကျည်က မသတ်ဖြတ်နိုင် ဆန္ဒအမြဲရှင်သန်နေရန်ဖြစ် သည်။ ပြည်တွင်းပြည်ပ ပေါ်လွင်ထင်ရှားစေရမည်ဟု ဆိုရခြင်းမှာ လူထုဟု န အ ဖမငြင်ကွယ်နိုင် မျက်ဝါးထင်ထင်ပြ လိုက်နိုင်ခြင်းဖြင့် န အ ဖသည် မြန်မာသိကမ္ဘာသိ အသိခံ၍ လူထုကိုလုပ်ကြံသတ်ဖြတ်ရဲမည် မဟုတ်တော့ပါ။ တစ်နိုင်ငံ လုံးကို သူတစ်ယောက်တည်းက လူသတ်နေသောလူသတ်သမားဟု ပေါ်လွင်ထင်ရှားသွားပါမည်။ ဤအဖြစ်မျိုးကို န အ ဖသည် အဖြစ်မခံရဲပါ။ န အ ဖကျည်အသွားပါပြီ။ ကျည်ဆံသည် ဆန္ဒကို မလွန်ဆန်နိုင်သကဲ့သို့ န အ ဖသည် လူထု ကိုမလွန်ဆန်နိုင်တော့ပါ။ လူထုနိုင်ငံရေး လူထုအာဏာ လူထုလက်တွင်းသို့ရောက်သွားရန် လမ်းကြောင်းတစ်ကြောင်း တည်းသာရှိပါတော့သည်။ မြန်မာ့သတ္တိ မြန်မာသိ ကမ္ဘာသိ ပြလိုက်ကြပါစို့။


ရေးသားသူ။ ။ သမာသမတ်

http://thirdeye4u.22web.net/?p=2670#more-2670 မှတင်ပြသည်။

0 comments: