Monday, March 9, 2009
Sunday, March 8, 2009
ရေမီးလှုပ်ရှားမှု







မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ လက်ရှိကြုံတွေ့ခံစားနေရသော
ရေမီး မရရှိသည့်ဒုက္ခမှာ အခြေခံကျောင်းသားများ စာမေးပွဲရက်အတွင်းပိုမို
ဆိုးဝါးလာပါသည်။
ရေမီး ပုံမှန်မရရှိမှုကြောင့် မိဘပြည်သူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်
ပိုမိုကျပ်တည်းပြီး ဆုံးရှုံးနစ်နာကြရပါသည်။
ထို့အပြင် လာလိုက်ပျက်လိုက် အမျိုးမျိုးပြောင်းလဲနေသော အင်မတန်ဆိုးဝါးသည့်
မီးပေးစနစ်ကြောင့် ၀ါယာရှော့ခ်များ မကြာခဏဖြစ်ကာ မီးလောင်မှုများလည်းဆက်တိုက်ဆိုသလို
ပေါ်ပေါက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယခုကဲ့သို့ အခြေခံစားဝတ်နေရေးကိစ္စဖြစ်သော ရေမီးကိုပင်ပြေလည်အောင်
ဖြေရှင်းမပေးနိုင်သော အာဏာရှင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ငုံ့ခံ မနေပဲ
ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဆင်နွှဲကြရန် အသင့်ပြင်ထားဖို့လိုအပ်ပြီဖြစ်ကြောင်း
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
ပိုစတာလှုပ်ရှားမှု၊ နံရံဆေးမှုတ်လှုပ်ရှားမှုများကို မတ် လ ၇ရက် ၂၀၀၉ တွင် ရန်ကုန်မြို့တွင်းတွင်ပြုလုပ်ခဲ့ကြောင်း
အသိပေးအပ်ပါသည်။
Labels: သတင်း
Posted by Ashin dhamma at 11:51 PM 0 comments
Saturday, March 7, 2009
Friday, March 6, 2009
ကြပ်ပြေးဥပ္ပါတသန္တိစေတီတော်နှင့်မကောင်းသည့်နိမိတ်များ

line
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
လွန်ခဲ့သည့် နှစ်ရက်က ထိုချားရဟတ်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဝန်းကျင်ရွာများမှ ချားရဟတ်လာစီးသူများ အများဆုံးသေသည်ဟု စေတီတည်ဆောက်ရေး သတင်းရပ်ကွက်က ပြောသော်လည်း သေဆုံးသူများတွင် ၀န်ထမ်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။
ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။
မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။
ဘွဲ့လက်မှတ် လက်ခံမည့် တပြည်လုံးက စာအောင် သံဃာအပါး (၇၀၀) မှာ ယခုအခါ နေပြည်တော်သို့ရောက်နေပြီ ဖြစ်သည်။ အဆိုပါသံဃာများ မြို့တွင်းသံဃာများနှင့်ပေါင်းပြီး ဆူပူမည်ကို စိုးရိမ်သည့်အတွက် ဧည့်ဝန်ထမ်းများ ထားသည့် အခန်း (၁,၀၀၀) ကျော်ပါ အဆောင်တခုတည်းတွင် သံဃာ (၇၀၀) ကို အကျယ်ချုပ်ပုံစံ လုံခြုံရေး အပြည့်ဖြင့် နေရာချထားသဖြင့် သံဃာများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
အဆိုပါ သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။
ခေတ်ပြိုင်မှတင်ပြသည်
Labels: သတင်း
Posted by Ashin dhamma at 6:16 AM 0 comments
Thursday, March 5, 2009
ဓမ္မစက် ၊ အာဏာစက် နဲ့ ကားပျက်ကြီး

ဆရာတော် ဦးပညာဝံသ (ပန်းချီ - ဟန်လေး)
Thursday, 05 March 2009 13:26 ဧရာဝတီ
E-mail Print
မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေသော သာသနာ့မောဠိ(သာသနာ့ ဥသျှောင်)အဖွဲ့ ဥက္ကဌ ဆရာတော် ကြီး ဦးပညာဝံသ (ဘဒ္ဒန္တ ပညာဝံသ) သည် ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများအပြင် ၂၀၀၈ ခုနှစ် မေလ က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက်လည်း ပြည်ပမှ ၀တ္ထုငွေကြေးများစွာ ဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည့် ဆရာတော်ကြီး တပါးဖြစ်ပါသည်။
မကြာသေးခင်က ရန်ကုန်မြို့တွင် ကျင်းပသွားသော ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ သတ္တမ အစည်းအဝေး၌ ဥက္ကဌ ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ၏ သြ၀ါဒ မိန့်ကြားချက်တွင်ပါဝင်သည့် ပိဋကတ်တော်နှင့် မညီညွတ်ဟု ဆိုသော ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ သံဃာတော်များ တင်းကျပ်ခံနေရမှုများ အပါအ၀င် သာသနာတော်ဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်ပြီး ဆရာတော်ကြီး အား ဧရာဝတီ က မေးမြန်း လျှောက်ထားချက်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မြတ်စွာဘုရား ပိဋကတ်တော် နဲ့ မညီညွတ်တဲ့ ရေးသား၊ ပြသ၊ ဟောပြောတယ်ဆိုတာ ဘာကိုရည်ညွှန်း တယ်၊ ဘယ်လိုအခြေအနေကို ဖော်ပြတယ်၊ ညီညွတ်ခြင်း မညီညွတ်ခြင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ဆုံးဖြတ်သလဲဆိုတာ သိချင်ပါတယ်ဘုရား။
ဖြေ။ ။ မြတ်စွာဘုရားရဲ့ သာသနာတော်ဆိုင်ရာမှာ ဘုန်းကြီးတို့ သေသေချာချာ လိုက်နာကျင့်ဝတ်တဲ့အခါကျ တော့ ဘုန်းကြီးတို့ တခုတည်းလည်း ပြောလို့ မရဘူး၊ မြတ်စွာဘုရားက အထူးသဖြင့်တော့ ဘုန်းကြီးတွေပေါ့လေ၊ ပိဋကတ် သုံးပုံ ရှိတဲ့အနက်မှာ၊ အဘိဓမ္မာတဲ့၊ သုတ္တန်တဲ့၊ ၀ိနည်းတဲ့ ၊ ၀ိနည်းဆိုတာက တကယ်တော့ စည်းကမ်း ပါပဲ၊ ဥပဒေ ပါပဲ၊ ဗုဒ္ဓဘာသာ Law ပဲ ၊ ဗုဒ္ဓဘာသာ Law ဆိုတဲ့ ဥစ္စာက ဘုန်းကြီးတို့ ဘာပဲဖြစ်ဖြစ် သာသနာ့ဝန် ထမ်းတဲ့ ပုဂ္ဂိုလ်က သံဃနာယကရယ်၊ ဦးပဉ္ဖင်းလေးရယ်၊ ဦးပဉ္ဖင်းကြီးရယ် ဒီလို ပြောလို့တော့လည်း မရဘူး၊ မြတ်စွာဘုရား ကိုယ်တိုင်ဟောထားတာက သာသနာတော်ကို ၀င်ပြီး သသနာ့ ၀န်ထမ်းချင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အကုန်လုံး ၀ိနည်း ဒေသနာတော်ကို လိုက်နာရမယ်လို့ ဒီလိုပဲဟောထားတာကိုး။
နောက်ပြီးတော့ ပြန်ကြည့်ရမှာက မြတ်စွာဘုရားက ဘာဟောသလဲဆိုတော့၊ ခုဏက ကြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငယ် တဲ့ ပုဂ္ဂိုလ်က ရိုသေရမယ်ဆိုပြီးတော့ ၀ိနည်းဒေသနာတော်မှာတော့ ဟောထားတာပေါ့၊ သို့သော်လည်း ကြီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ၀ိနည်းဒေသနာတော်နဲ့ မညီဘူးဆိုလို့ရှိရင်၊ ကြီးတဲ့ ပုဂ္ဂိုလ်ပြောတာကို အကုန်လုံး လက်ခံနေ ရမှာမဟုတ်ဘူး။
ကြီးတဲ့ ပုဂ္ဂိုလ်တွေ ပြောကြားတာက မြတ်စွာဘုရားရဲ့ ၀ိနည်းဒေသနာတော်နဲ့ ညီမညီ စစ်တမ်းထုတ်ပြီးကြည့်တဲ့ အခါကျတော့ လုံးဝမညီဘူးဆိုလို့ရှိရင်၊ ဒီလိုဆရာတော်မျိုးကို ၊ ဒီလိုလူကြီးမျိုးကို ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို၊ ဓမ္မ သမ္ဘော ဂ၊ အာမိသ သမ္ဘောဂ ဆိုတာ ရိုရိုသေသေ ပုဂ္ဂိုလ်အနေနဲ့ မဆက်ဆံရဘူးလို့ မြတ်စွာဘုရားက ဟော ထားတာ။
ဘုန်းကြီးတို့ ဆိုလိုတာက ခုဏ သံဃနာယက ဆိုတာ ဘုန်းကြီးတို့ တကယ်အတိအကျပြောမယ်ဆိုရင်တော့၊ ဗမာပြည်မှာက ဘယ်သူက တင်ထားတဲ့ သံဃနာယက မှန်းလည်း မသိဘူးလေ၊ ရှေးက ဘုန်းကြီးတို့မှာ ဒီလိုဟာ မျိုး တခါမှလည်းမရှိခဲ့ဘူး၊ အခု ဗိုလ်ချုပ်တွေ ခေတ်ရောက်မှ သံဃနာယက ဆိုပြီးလုပ်တဲ့အခါကျတော့၊ ဒါကြောင့် မို့လို့ ကျန်တဲ့ ဆရာတော်တွေက ဘာဖြစ်သွားသလဲ ဆိုတော့ နည်းနည်းတွေဝေနေကြတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ စက်တင်ဘာ အရေးအခင်းလိုဖြစ်တဲ့အခါမှာ ပါတဲ့ ဘုန်းကြီးတွေကို သံဃနာယက က ဘုန်းကြီး အစစ် မဟုတ်ဘူးလို့ပြောတယ်။
ဒီဘုန်းကြီးတွေက ၀ိနည်းဒေသနာနဲ့အညီ ရဟန်းခံထားတဲ့ ဘုန်းကြီးတွေပဲ၊ သူတို့မှာ ဘာလက်နက်မှ ပါတာ လည်း မဟုတ်ဘူး၊ တိုက်ခိုက်ဖို့ပြောတာလည်း မဟုတ်ဘူး၊ သူတို့က ခင်ဗျားတို့ ဗမာပြည် ကြီးက ၁၉၆၂ ခုနှစ် ကနေစပြီး နှစ်ပေါင်း ၄၀-၅၀ ရှိပြီ ပြည်သူတွေမှာ ဆင်းရဲလှပြီ ဒုက္ခတွေရောက်လှပြီ ၊ ဒါကြောင့် အမှန်ကတော့ ခင်ဗျားတို့ စစ်တပ်ကလည်း ဒီ ရာထူးကြီးကနေ ထွက်ပေးရမယ်၊ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ အဲဒါတွေကို ကြည့်ပြီးတော့ စီမံကြပါလို့ မေတ္တာ ရပ်ခံတာ။
မေတ္တာ ရပ်ခံတာကို သံဃနာယက ဆရာတော်ကြီးတွေအနေနဲ့က အစိုးရ မျက်နှာကိုကြည့်ပြီးတော့ ဒီဘုန်းကြီး တွေက ရဟန်းအတုဖြစ်တယ်ဆိုတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ရဟန်း အစစ်ကို ရဟန်းအတုလို့ ပြောတဲ့ ဘုန်းကြီးကိုယ်တိုင် ရဟန်း မဟုတ်ဘူးလို့လည်းဆိုထားတယ်လေ။
မေး။ ။ ဗုဒ္ဓ ၀ိနည်းတော်အရ သံဃာ အတု အစစ်ကိုရော ဘယ်လို ခွဲခြား သတ်မှတ်ပါသလဲ ဘုရား။
ဖြေ။ ။ သံဃာ အတု အစစ်ကို ခွဲဖို့ ဆိုတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒီလို ရိုးရိုးခွဲလို့လည်း မရဘူး၊ မြတ်စွာဘုရား ၀ိနည်းတော် ရှိတယ်၊ ဒီလို မျိုး တဦးတယောက်က ပြောလာခဲ့ရင်၊ သံဃာတော်တွေမှာ တကယ့် ၀ိနည်း ဒေသနာ တော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေကို သွားပြောပြီးတော့ အရှင်ဘုရား ဒီလို ဖြစ်နေတယ်ဆိုပြီးတော့ပေါ့၊ အဲဒီ ပုဂ္ဂိုလ် က ၀ိနည်းဒေသနာတော်ကိုလည်း နားလည်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ရမယ်၊ ပြီးတော့ သီလ သမာဓိ ပညာနဲ့လည်း ပြည့်စုံရမယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ၀ိနည်းဓိုရ် ခန့်ပြီးတော့ အစစ်လားအတုလားဆိုတာ စစ်ဆေးရမှာကိုး။
ဒီအတိုင်း သွားပြီးတော့ ကိုယ်က မကြိုက်တာနဲ့ ဘုန်းကြီး အတု ဖြစ်တယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်ပြီး သင်္ကန်း ချွတ်ပစ်လိုက်တယ်ဆိုပါတော့၊ အဲဒီ ပြုတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် သာသနာမှာ ဘုန်းကြီးဖြစ်ခဲ့လို့ရှိရင် ပါရာဇိက ကျ တာပဲ၊ ပါရာဇိက ကျတယ်ဆိုတာ ဘုန်းကြီးမဟုတ်တော့ဘူး ဆိုလိုတာပေါ့၊ သူသင်္ကန်းဝန်ထားတာတော့ ဘယ် တတ်နိုင် မလဲ၊ သူက သာသနာတော်နဲ့ မလျော် တော့ဘူးလေ၊ သူက ပုဂ္ဂိုလ်ကောင်းကို မဟုတ်ဘူးလို့ စွပ်စွဲတာ၊ အစစ်အတုဆိုတဲ့ ဥစ္စာက ဘုန်းကြီးနဲ့ ခင်ဗျားနဲ့ မကျေနပ်တာနဲ့ ပြောလို့မရဘူး။
ဝိနည်းဒေသနာတော်ကို လေးစားတဲ့ သူမျိုးဖြစ်ရမယ်၊ သံဃနာယကနဲ့ ဘာမှ မဆိုင်ဘူး၊ သံဃနာယက က သူ့ဘာသာသူ ခန့်ထားတာကိုး၊ အဲဒီ သံဃနာယက က ၀ိနည်းဒေသနာ သိက္ခာပုဒ်နဲ့ ညီရဲ့လား၊ သူကိုယ်တိုင် ရော ဘုန်းကြီး အစစ်ဟုတ်ရဲ့လား ဆိုတာ ရှိသေးတာကိုး။
အဲဒါကြောင့် ၀ိနည်းကို အသေအချာလေးစားတဲ့ ပညာတတ်တဲ့ ပုဂ္ဂိုလ်တပါးရဲ့ ဆုံးဖြတ်ချက်မှသာလျင် သံဃာ အစစ်အတု ဆိုတာကို ခွဲနိုင်မှာပေါ့၊ ဒီအတိုင်း ကိုယ်က မကျေနပ်တာနဲ့ သွားပြီးတော့ သံဃာအတုလို့ ပြောလို့ရှိ ရင် ပြောတဲ့လူလည်း ဒုက္ခရောက်တယ်၊ ဒါ အင်မတန်ကြီးလေးတဲ့ အပြစ် ဂရုကမ္မ ခေါ်တယ်၊ ဒါ သံဃာ့ဗေဒက ကံ မဟုတ်ဘူး၊ သံဃာကို စော်ကားတဲ့ ကံ ဖြစ်တယ်။
ပြီးတော့ တရားဒေသနာ ဟောပြောရာမှာလည်း မြတ်စွာဘုရားဟောကြားတဲ့အတိုင်း ဟောပြောပို့ချခွင့်မရှိဘူး ဆို တာ ဘုန်းကြီးတို့ ကြားနေတာတွေလည်းရှိတယ်၊ သို့သော်လည်း မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေးစား တဲ့ ဆရာတော်တွေ မှန်သမျှ ဆိုရင် ၀ိနည်းဒေသနာတော်နဲ့အညီလုပ်ဖို့ လိုတာပေါ့၊ ၀ိနည်းဒေသနာမှာ ဆုံးဖြတ် တဲ့ အခါမှာလည်း ဒေါသဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ အဂတိတရားတွေနဲ့ အစိုးရမျက်နှာ ကြည့်ပြီးလုပ်လို့ရှိရင် ၀ိနည်း ဓိုရ် မဟုတ်ဘူး၊ တရားဆုံးဖြတ်ထိုက်တဲ့လူမဟုတ်ဘူး၊ မဆုံးဖြတ်ထိုက်တဲ့ လူလို့ မြတ်စွာဘုရားကိုယ်တိုင် ဟော ထားတယ်၊ တချို့ကလည်း သိပေမယ့် ကြောက်လို့ ဆုံးဖြတ်ရတာမျိုးတွေ၊ အဲဒါကြောင့် ၀ိနည်းဓိုရ် ကိုယ်တိုင်က ဂတိလေးပါး မလိုက်စားရဘူးဆိုတာ မြတ်စွာဘုရား က ဟောထားတာ။
နောက်ပြီးတာ့ သံဃနာယက ကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ တရားတော်နဲ့ ပြောမယ်ဆိုရင်တော့ သံဃနာယက ကိုယ်တိုင်က ဂတိ လေးပါး လိုက်စားသွားရင်တော့ ၀ိနည်းဓိုရ် မဖြစ်ထိုက်တော့ဘူး၊ တကယ်လို့ ဘယ်ဘက်မှ မလိုက်ဘူးဆိုရင်တော့ သူ့ရဲ့ဆုံးဖြတ်ချက်က မှန်တယ်၊ ပြီးတော့ အတုလို့ စွပ်စွဲခံရတဲ့ သံဃာကို မေးရဦးမယ်၊ ဘာတွေလုပ်ခဲ့သလဲ၊ သူကိုယ်တိုင် ၀န်ခံသလား၊ ၀န်မခံဘူးလားဆိုတာ။
မေး။ ။ သာသနာရေးဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်တဲ့ နေရာမှာ ဓမ္မစက် ၊ အာဏာစက် ဆိုပြီး သုံးတာ တွေ့ရပါ တယ် ဘုရား၊ ဘယ်လို နေရာတွေမှာ ခွဲခြားသုံးပါ သလဲဘုရား။
ဖြေ။ ။ ဓမ္မာစက်ဆိုတာနဲ့ ဆုံးဖြတ်မယ်ဆိုရင် တရားတော်နဲ့အညီ ဆုံးဖြတ်ရမယ်၊ မြတ်စွာဘုရားရဲ့ဝိနည်း ဒေသနာတော် နဲ့ ဆုံးဖြတ်တာကို ဓမ္မစက်လို့ ခေါ်တယ်၊ အဲဒီ သာသနာနဲ့ ပတ်သက်လာရင် အစိုးရမှာ ဆုံးဖြတ် ခွင့်မရှိဘူး၊ အာဏာစက်ဆိုတာက အစိုးရရဲ့ Authority အမိန့်သြဇာကိုပြောတာ၊ အဲဒီတော့ အစိုးရကိုယ်တိုင်က မင်းကျင့် တရား ဆယ်ပါးနဲ့ ညီညွတ်ရမယ်တဲ့၊ ဒါမှ အာဏာစက်နဲ့လည်း ညီမယ်။
သို့သော်လည်း ဓမ္မစက်ဆိုတာကလည်း မြတ်စွာဘုရား ဟောကြားထားတဲ့ ၀ိနည်းဒေသနာတော်တွေကို ဂတိ လေးပါး မလိုက်စားဘဲနဲ့ စစ်တဲ့ ဆရာတော်မျိုးရဲ့ ဆုံးဖြတ်ချက်ကလည်း ဒါ ဓမ္မစက်နဲ့ညီတယ်၊ အဲဒီလို ညီတဲ့ ဟာကို ခုဏ အာဏာစက်က အသုံးဝင်လို့ ဆရာတော်နဲ့ တွဲလိုက်ရင် အစိုးရအုပ်ချုပ်နေတယ်လို့ ဆိုလိုတယ်၊ အဲဒါ မင်းကျင့်တရားနဲ့ ညီတဲ့ အစိုးရက အာဏာစက်၊ ဓမ္မစက်နဲ့ အုပ်ချုပ်တာ။
ဘုန်းကြီးတို့ မြန်မာပြည်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဓမ္မစက်ရော၊ အာဏာစက်ရော မကောင်းတဲ့ အခိုးတွေ အနံ့တွေထွက်နေတယ်၊ ဒါ ကြောင့် ကားတွေပျက်ခါနီးမှာ အိတ်ဇောက အခိုးတွေ ထွက်နေတယ်မဟုတ်လား၊ စက်က သွားတော့ သွားနေတယ်၊ ဒါပေမယ့် မကောင်းတဲ့ အနံ့တွေ အခိုးတွေထွက်နေတာ၊ မက္ကင်းနစ်က မပြင်လို့ မဖြစ်တော့ဘူး၊ ဒါကြောင့် မြန်မာပြည်မှာ ဘုန်းကြီးမြင်တာက ဓမ္မစက်ရော၊ အာဏာစက်ရော က မော်တော်ကား လိုပဲ အိတ်ဇောက မကောင်းတဲ့ အခိုးတွေထွက်နေတယ်၊ မကောင်းတဲ့ အနံ့တွေ၊ အဲဒီကားက အလုပ်တော့ လုပ် တယ်၊ နောက်ကျရင် ပျက်တော့မယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ဘုန်းကြီး ပြောချင်တယ်၊ ရှက်ဖို့လည်းကောင်းပါတယ်။
မေး။ ။ လက်ရှိအခြေအနေအရ မြန်မာပြည်ရဲ့ ဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီး ရှေ့အလားအလာကို ဘယ်လို မြင်ပါ သလဲ ဘုရား။
ဖြေ။ ။ ရှေ့အလားအလာကတော့ ကောင်းမှာပဲ၊ ဘာဖြစ်လို့ ကောင်းမှာပဲလို့ ပြောလည်း ဆိုတော့ ကမ္ဘောဒီးယား မှာ ပိုပေါ့ အစိုးရလက်ထက်မှာ ဘုန်းကြီး တပါးမှ မရှိတော့ဘူး၊ အကုန်လုံး သတ်ဖြတ်ပစ်လိုက်တယ်၊ ထွက်ပြေး နေတဲ့ ဘုန်း ကြီးတွေ ရှိတဲ့ ဘုန်းကြီးတွေလည်း အကုန်လုံး လူထွက်ရတယ်၊ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဓမ္မစက် ရော၊ အာဏာ စက် ရော ဘယ်လိုပဲ အခိုးတွေ ထွက်နေနေ သာသနာဆိုတာကို ဘယ်လိုမှ ဖျက်လို့မရဘူးဆိုတာ ကမ္ဘောဒီးယား ကို ပြန်ကြည့်ပါလို့ ပြောချင်တယ်၊ ဒီကနေ့ ကမ္ဘောဒီးယားမှာ သာသနာ ပြန်ထွန်းကားနေတာပဲ၊ အင်မတန် ဆိုးတဲ့ ကမ္ဘောဒီးယားတောင် ဒီလိုပြန်ဖြစ်တယ်ဆိုတော့ အကုန်လုံး သတ်လို့တော့ ဒီသာသနာကြီးက ပျက်မသွားဘူး၊ ညှဉ်းဆဲလို့ပျက်မသွားဘူး၊ ထောင်ချလို့ ပျက်မသွားဘူး၊ ဘယ်လိုလူကမှ ဖျက်ဆီးလို့ မပျက်နိုင် ဘူးဆိုတာ အားလုံးကို သိစေလိုပါတယ်။
မေး။ ။ မြန်မာပြည်တွင်းက သာသနာ့ဝန်ထမ်း သံဃာတော်တွေနဲ့ပတ်သက်ပြီးတော့ရော ဘာများမိန့်ကြားချင် ပါသလဲ ဘုရား။
ဖြေ။ ။ မြန်မာပြည်မှာ ရှိနေတဲ့ သံဃာတော်တွေကို ဘုန်းကြီးပြောချင်တာက ဒီကနေ့ တပည့်တော်တို့မှာ သာသနာ့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတယ် ဆိုတာတော့ အားလုံးပဲ အထူးပြောနေစရာမလိုပါဘူး၊ အားလုံး ကလည်း သိနေကြပါတယ်၊ သို့သော် ဒီသာသနာတော်ကြီးရဲ့ ဒီအန္တရာယ်ကြီးနဲ့ တို့တတွေသည် ရင်ဆိုင်နေရ တာကို မိမိတို့ တတ်နိုင်တဲ့ ဘက်ကနေပြီး သီလ သမာဓိ ပညာ ဖြင့် စိတ်ကောင်း စေတနာထားပြီး အတတ်နိုင် ဆုံး ကာကွယ်၍ သော်လည်းကောင်း၊ စောင့်ရှောက်၍သော်လည်းကောင်း ဒီသာသနာတော် အဓွန့်ရှည်စွာ တည်အောင် အားလုံး ၀ိုင်းဝန်းပြီးတော့ သာသနာကို တကယ်ချစ်မြတ်နိုးတဲ့ ဆရာတော်တွေ သံဃာတော်တွေက ဆောင်ရွက်ပါလို့ ဘုန်းကြီးက မေတ္တာရပ်ခံပြီးတော့ ရိုသေစွာ လျှောက်ထားချင်ပါတယ်။
ဧရာဝတီမှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 7:16 AM 0 comments
ဘာသာရေးနဲ့နိုင်ငံရေး



(ဆောင်းပါး)
မောင်စွမ်းရည်/ ၅ မတ် ၂၀၀၉
ဘုန်းကြီးနဲ့နိုင်ငံရေးဆိုတဲ့ ဆောင်းပါးတပုဒ်ကို ခေတ်ပြိုင်မှာ ကျနော်ရေးဖူးတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသား၊ တိုင်းရင်းသား၊ ပြည်သူလူထု အများစုရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်ရတာဖြစ်လို့ “ပရဟိတ” ဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးဆိုတာ လောကကောင်းကျိုးချမ်းသာကို တိုးမြင့်အောင်ဆောင်ရွက်ရတာဖြစ်လို့ “လောကတ္ထစရိယ” ဆိုတဲ့ တရားတော်နဲ့ အလုပ်ဖြစ်တယ်။ သူတော်ကောင်း သူမြတ်ကောင်း တို့ရဲ့ ဦးစားပေးဆောင်ရွက်ရတဲ့ ကျင့်စဉ်ဖြစ်တယ်လို့ နိဒါန်းချီခဲ့ ပါတယ်။
ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ရတနာ့သုတ်ပါရှိတယ်။ ရတနာ့သုတ်ထဲမှာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတဲ့ စရိယတရားသုံးပါး ပါရှိတယ်။ လောကတ္ထစရိယဆိုတဲ့ အများလူသားတို့ အကျိုးကိုဆောင်ရွက်ခြင်းဟာ နိုင်ငံရေးနဲ့ အတူတူပါပဲ။ သံဃာတော်များ အများအကျိုးဆောင်ရွက်တာဟာ ရှုတ်ချစရာမရှိ။ အပြစ်မရှိ။ ကုသိုလ်ရတဲ့အလုပ်၊ သာသနာပြု တဲ့အလုပ်၊ တရားတော်နဲ့ညီတဲ့ အလုပ်ဖြစ်ပါတယ်။ သံဃာတော်များဟာ မိမိတို့ရဲ့ ကျောင်း သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး ဒါယကာတွေ ဒုက္ခရောက်နေတာကို ဘယ်တုန်းကမှ ပစ်ပယ်ထားရိုးမရှိခဲ့ပါ။ အဲသလို အကြောင်းပြချက်များနဲ့တကွ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာပါ။ ပီနန်ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို ကိုးကားရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ခုတင်ပြ ဆွေးနွေးကြည့်ချင်တာက ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးအကြောင်းမဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေးအကြောင်းဖြစ်ပါတယ်။ ဘာသာရေးဆိုရာမှာလည်း ကိုယ်မမွေးခင်ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာအကြောင်းကို နိုင်ငံရေးနဲ့ ဆက်စပ်ဆင်ခြင် ကြည့်တာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဘာသာရေးကို ဆက်စပ်ဆင်ခြင်မိတဲ့အခါတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးဖူး၊ ပြောဖူးတာလေးတခုကို အမြဲတမ်း သတိရမိလိုက်ပါတယ်။ ဆရာကြီးကို သူ့ရဲ့မိတ်ဆွေတဦးက “ဆရာကြီးခင်ဗျား။ ဆရာကြီးအနေနဲ့ မတ်(က်စ်) ၀ါဒနဲ့ ဗုဒ္ဓ၀ါဒတို့ကို ဘယ်ဟာပိုကောင်းတယ် ထင်ပါသလဲ” လို့ မေးဖူးသတဲ့။ ဒီတော့ ဆရာကြီးက “ခင်ဗျားမေးတဲ့ မေးခွန်းက မဟုတ်သေးဘူး ထင်တယ်။ မေးခြင်းမေးရင်း အမျိုးအစားတူတာချင်းပဲ နှိုင်းယှဉ်မေးမြန်းသင့်ပါတယ်။ ဥပမာ သကြားနဲ့ ထန်းလျက် ဘယ်ဟာကို ပိုကြိုက်သလဲ၊ ဒီလိုမှ မဟုတ်ရင် လေယာဉ်ပျံနဲ့ ခရီးသွားတာနဲ့၊ မီးရထားနဲ့ ခရီးသွားတာ ဘယ်သင်းကို ပိုကြိုက်သလဲ ဆိုတာမျိုး၊ စားစရာကို စားစရာနဲ့၊ သွားစရာကို သွားစရာနဲ့ နှိုင်းယှဉ်သင့်ပါတယ်။ ခု ခင်ဗျားမေးတာက သကြားစားတာနဲ့ လေယာဉ် ပျံစီးတာ ဘယ်ဟာက ပိုကောင်းသလဲလို့ အမျိုးအစားမတူတာချင်း နှိုင်းယှဉ်မေးသလို ဖြစ်နေပါတယ်တဲ့။
ခုလည်း ကျနော့်အနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို နှိုင်းယှဉ်မိသလို ဖြစ်နေပါတယ်။ ကျနော်အနေနဲ့က နှိုင်းယှဉ်ကြည့်တာမဟုတ်ပါ၊ ဆက်စပ်ကြည့်တာပဲ ဖြစ်ပါတယ်။ လူနဲ့ ဘုန်းကြီး၊ ဆရာနဲ့ ဒကာ ဆက်စပ်နေသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်စပ်နေပါတယ်။ မန္တလေးကနေ ရန်ကုန်ကို မီရထားလမ်းနဲ့ ကားလမ်း အတူယှဉ်သွားသလိုပါပဲ။ ဘုန်ကြီးက ရန်ကုန်အထိသွားမှာ၊ လူ(ဒကာ) က တောင်ငူသွားမှာ။ အတူယှဉ်ပြီး သွားပေမယ့် အဝေးအနီး ကွာသလိုပါပဲ။ သံဃာက လူနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဘာသာနိုင်ငံရေး မလုပ်ပါ။ မလုပ်ရပါ။
ဘာသာရေးဆိုတာက လူပုဂ္ဂိုလ်တဦးချင်းရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက အများပြည်သူရဲ့ အရေးကိစ္စကို ဆောင်ရွက်မှုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရရင် ဘာသာရေးဆိုတာက လူတဦးချင်းအနေနဲ့ သံသရာဝဋ်ဆင်းရဲက အားထုတ်လုပ်ဆောင်ရတာ ဖြစ်ပြီး နိုင်ငံရေးဆိုတာက လောကီလူသားတွေရဲ့ စားဝတ်နေရေးဘ၀ တိုးတက်အောင် ဆောင်ရွက်ရတဲ့ လောကီဘ၀ လွတ်မြောက်ရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လောကီရေးနဲ့ လောကုတ္တရာရေးလို့ ခွဲခြားပြောရင် ရပါတယ်။ (မတူပေမယ့် မဆန့်ကျင်ပါ)
လောကီရေးနဲ့ လောကုတ္တရာရေးတို့ ရည်မှန်းချက်မတူသလို လုပ်ကိုင်ဆောင်ရွက်ရပုံချင်းလည်း မတူပေဘူး။ လောကီသမားဖြစ်တဲ့ နိုင်ငံရေးသမားတွေက အဖွဲ့အစည်းနဲ့ လုပ်ရပေမယ့် ဘာသာရေးသမားက တဦးချင်း လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့ နေရာချင်းတောင် မတူပါဘူး။ ဗုဒ္ဓဘာသာဝင် တရားအားထုတ်သူတဦးက သစ်တပင်အောက်၊ ၀ါးတပင်အောက်ကိုပဲ ဖြစ်ဖြစ်၊ အခန်းပိတ်၊ ဂူအောင်းလို့ပဲဖြစ်ဖြစ် ဆိတ်ငြိမ်ရာရှာပြီး ဧကစာ ကျင့်ရပါတယ်။ နိုင်ငံရေးသမားတွေကတော့ ခန်းမကျယ်ကျယ်၊ လမ်းမကျယ်ကျယ်တွေမှာ လုပ်ဆောင်ရတာမျိုးတွေ ရှိပါတယ်။ (ယူဂျီကိစ္စကတော့ သီးခြားပါ။)
ဘာသာတိုင်းမှာ စုပေါင်းဝတ်ပြုကြတာ၊ စုပေါင်းပြီး ဆုတောင်းပွဲတွေလုပ်ကြတာ ရှိကြပါရဲ့။ စုပေါင်းသီလယူ၊ စုပေါင်းဒါန ပြုကြတာတွေလည်း ရှိကြပါရဲ့။ ဒါပေမယ့် ဒီကိစ္စတွေက အဆုံးစွန် ကျွတ်တမ်းဝင်ရေး မဟုတ်သေးပါ။ သံသရာကျင်လည်နေဆဲ ဘ၀တွေမှာ ချမ်းချမ်းသာသာ၊ အဆင့်မြင့်မြင့် နေကြရေးအတွက်သာ ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ တရားအားထုတ်ရင် တဦးတည်း ရှုမှတ်ဆင်ခြင်တာမျိုး လုပ်ရမှာပါ။ နိုင်ငံရေးကတော့ အများအကျိုးအတွက် အများက စုပေါင်းအားထုတ်ရတာပါ။ (ရည်မှန်းချက်က နိုင်ငံရေးအာဏာရဖို့ပါ။)
ဒီခေတ်မှာ မကြုံစဖူး ကြုံရတာ တခုရှိပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ လမ်းမပေါ်မှာ အစုအဝေးလိုက်ထွက်ပြီး မေတ္တာသုတ်ရွတ်ဆိုဆန္ဒပြကြတာဟာ သမိုင်းမှာ မကြုံဖူးခဲ့ပါဘူး။ ဗုဒ္ဓ၀ါဒီများဟာ မေတ္တာဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီတွေဖြစ်လို့ အကြမ်းဖက်ရိုး ထုံးစံမရှိပါ။ မိမိတို့ကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်၊ သေနတ်နဲ့ပစ်ကြပေမယ့် အကြမ်းဖက်ပြီး မတုံ့ပြန်ကြပါ။ မိမိတို့ကို အကြမ်းဖက်လာတဲ့အခါ၊ သူတို့ကျွေးတဲ့ဆွမ်း၊ ဆေး စတာတွေကို လက်မခံ၊ သူတို့ရဲ့ သာရေးနာရေးကို မသွားဘဲ နေလိုက်ကြပါတယ်။ ဒါကို သံဃာအချင်းချင်း ညှိနိုင်းသဘောတူပြီး ဆောင် ရွက်ကြပါတယ်။ အရပ်စကားနဲ့ပြောရင် သပိတ်မှောက်တယ်၊ သံဃာတွေ ဝေါဟာရအရ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ ခေါ်ပါတယ်။ အကြမ်းဖက်တဲ့ ဒကာတွေက သံဃာတွေကို တောင်းပန်ရင်လည်း ချက်ချင်း ကျေအေး ခွင့်လွှတ်ရမြဲဖြစ်ပေမယ့် မတောင်းပန်ရုံမက ဆက်လက်ဖမ်းဆီး၊ နှိပ်စက်နေတဲ့အတွက် ဘုန်းကြီးများဘက်ကလည်း ဆက်လက် သပိတ်မှောက်ထားပါတယ်။
သံဃာတော်များရဲ့ ဆွမ်းကွမ်းဒါယကာများမှာလည်း ကုန်ဈေးနှုန်းတွေတက်၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေကြရလို့ သံဃာတော်များက ဒကာများအတွက်ပါ မေတ္တာရပ်ခံပါတယ်။ ဖမ်းဆီးထောင်ချထားတဲ့ ဒကာတွေကိုလည်း လွှတ်ပါ။ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ရပ်ပါ။ စားဝတ်နေရေး သက်သာချောင်ချိအောင်လည်း ဆောင်ရွက်ပေးပါ စသဖြင့် မေတ္တာရပ်ခံပါတယ်။ လူမှုကိစ္စနဲ့ သံဃာကိစ္စ တပေါင်းတည်း ဖြစ်သွားခဲ့ပါတယ်။ (သံဃာတွေ နိုင်ငံရေး အာဏာရယူရေးမဟုတ်ပါ။)
လူတွေ ဒုက္ခရောက်ကြတာ၊ ဖမ်းဆီးနှိပ်စက်ခံကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ပါဘူး။ မွတ်စလင်ရော၊ ခရစ်ယာန်တွေရော ပါဝင်ကြပါတယ်။ လူတွေ ဆန္ဒပြကြရာမှာလည်း ဘာသာစုံ လက်တွဲပါဝင်ကြပါတယ်။ သံဃာတော်များကလည်း အများပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ထောက်ခံပြီး တပြေးညီ မေတ္တာပို့ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နှိမ်နင်းတဲ့ စစ်သားတွေလည်း မေတ္တာပို့ပါတယ်။ (မတရားဖိနှိပ်မှုကို သတိပေးတာပါ။)
ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ သူကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာမှာ လူမျိုး ခွဲခြားမှုမရှိ၊ လူတန်းစား ခွဲခြားမှုမရှိ၊ ကျားမ ခွဲခြားမှုမရှိ - အားလုံးကို တန်းတူထားကြောင်း ထုတ်ဖော်ပြောဆို ဂုဏ်ယူခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒဟာ အစွန်းနှစ်ဖက်လွတ်တဲ့ ၀ါဒ၊ မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ ဖြစ်ကြောင်းကိုလဲ ကြုံတိုင်း ဖော်ထုတ်တယ်။ မေတ္တာမထားဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။
မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုတော့ အခြေခံဥပဒေရေးဆွဲကြရတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်လို့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် သတ်မှတ်ဖို့ တချို့က အဆိုတင်သွင်းခဲ့ကြဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးကြီးနဲ့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာသာရေးတခုရဲ့ နိုင်ငံမဟုတ်ရဘူး။ ဘာသာရေးတခုခုကို ဦးစားမပေးရဘူး။ ဘာသာတိုင်းကို တန်းတူအခွင့်အရေးပေးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အခြေခံဥပဒေအရ တရားမျှတ လွတ်လပ်ခဲ့ပါတယ်။
ကိုလိုနီခေတ်က စပြီးအစိုးရအဆက်ဆက်ဟာ သူတို့အကျပ်အတည်း ဖြစ်ရင် ထွက်ပေါက်အဖြစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ရှိပါတယ်။ ဒါပေမယ့် လူထုက ဒီလောက် မအလို့ ဘာသာရေးအဓိကရုဏ်း အကြီးအကျယ်မဖြစ်ခဲ့ပါဘူး။ ကျနော်တို့မှာ ဘာသာရေး အစွန်းရောက်တွေလည်း မရှိပါ။ သံဃာတော်တွေဟာ သူများရဲ့ အသက်ကို သက်ရဖို့ ဝေးရော၊ သတ္တ၀ါတွေကို ထိခိုက်နာကျင်အောင် နှိပ်စက်တာတွေတောင် မလုပ်ရပါ။ လက်နက်ကိုင်တော်လှန်ရေးမှာ လည်း မပါရပါ။ မလွှဲသာရင် လူဝတ်လဲပြီး လက်နက်ကိုင်ကြပါတယ်။ (ဖက်ဆစ်ဂျပန်ကို တော်လှန်တုန်းတာပါ။)
ဒီခတ်မှာ ထူးဆန်းတာက ဗုဒ္ဓဘာသာအမည်ခံပြီး လက်နက်ကိုင်တပ် ဖွဲ့စည်းနေသူတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေများတဲ့ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ကျောထောက်နောက်ခံ ပြုနေပါတယ်။ အဲဒါကတော့ ဒီကေဘီအေခေါ် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာ့နာယက ဆရာတော်ကြီးများက လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ အမည်မသုံးစွဲဖို့ မေတ္တာရပ်ခံတာ မကြားရပါ။ တဖက်က ကေအန်ယူများဟာ ခရစ်ယာန် များချည်း ဖွဲ့စည်းထားတာလည်း မဟုတ်၊ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာလည်း မဟုတ်။ ဖိနှိပ်တဲ့၊ ဒီမိုကရေစီမရှိတဲ့၊ ပြည်ထောင်စုစည်းလုံးရေးကို မလုပ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်တော်လှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကေဘီအေက ဗုဒ္ဓဘာသာ နာမည်ယူခြင်းဟာ မရိုးသားမှု ဖြစ်ပါတယ်။ အချင်းချင်း ကွဲကြတာကို ဘာသာရေး ခုတုံးလုပ်တာဖြစ်ပါတယ်။ (အာဏာနိုင်ငံရေးမှာရော၊ လက်နက်ကိုင်တပ်ဖွဲ့ မှာရော ဘာသာရေးအမည်မတပ်သင့်ပါ။)
ဗုဒ္ဓဘာသာဟာ အကြမ်းဖက်မှုကို မလိုလားပါ။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ထိပ်တန်းဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြွားဝါဂုဏ်ယူလေ့ရှိတဲ့ ဗမာပြည်မှာ အကြမ်းဖက်မှုတွေက မယုံနိုင်အောင် များပြားပါဘိ။ ကြာလေ ကြမ်းလေ ဖြစ်နေပါတယ်။ ဗမာပြည်ရဲ့ ခေတ်သစ်သမိုင်းဟာ အကြမ်းဖက်မှု သမိုင်းကြီး၊ သွေးနဲ့ မျက်ရည်သမိုင်း ကြီး ဖြစ်နေပါတယ်။ ကျနော်တို့တသက်မှာ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရတာဟာ တွေးလေကြေကွဲစရာ ကောင်းလေ ပါပဲ။ စစ်ဗိုလ်ချုပ်တစု (လူနည်းစု) က အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားသမျှ (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေ မလျှော့သမျှ) တိုင်းပြည်လည်း မငြိမ်းချမ်း၊ သာသနာရောင်လည်း ညှိုးမှိန်နေရမှာပါပဲ။ ခုဆိုရင် စစ်ဗိုလ်ချုပ် တွေကို အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေက စိတ်ပျက်လာပါပြီ။ (တပ်နဲ့ပြည်သူ ကြည်ဖြူခွင့်မရလို့ပါ။) ပြည်သူတွေ ဘက်ကလည်း စစ်ဗိုလ်ချုပ်တွေအပေါ် စိတ်မရှည်ချင်တော့ပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ အကြမ်းဖက်မှု ကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ရင်၊ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ရရင် နောက်ထပ်ပိုပြီး ကြီးလည်းကြီး ကြာလည်း ကြာတဲ့ ပြည်တွင်းစစ်မီးကြီး ဖြစ်ရတော့မှာပါ။ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်မဖြစ်ခင် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးလမ်းကို (ဟန်ပြမဟုတ်၊ အချိန်ဆွဲတာမဟုတ်၊ လှည့်စားတာမဟုတ်ဘဲ) လမ်းဖွင့်လိုက်သင့်ပါတယ်။
သာသနာမညှိုးနွမ်းအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းအောင် သံဃာရော၊ တိုင်းရင်းသား ပြည်သူတွေရော၊ စစ်တပ်ရော အချိန်မဆိုင်း ကြိုးစားကြရမှာပါ။ သေနတ်ပြောင်းက နိုင်ငံရေးအာဏာပဲ ထွက်ပေါ်ပါမယ်။ သေနတ်ပြောင်းက ငြိမ်းချမ်းရေး မထွက်ပေါ်နိုင်ပါ။ ယမ်းအိုးထဲမှာ ဒီမိုကရေစီရှာလို့မရနိုင်ပါ။
ခေတ်ပြိုင်မှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 6:57 AM 0 comments
Wednesday, March 4, 2009
မလေးလ၀က ထိန်းသိမ်းရေးစခန်းမှ မြန်မာများ ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခံရ
ဇော်ကြီး။ မတ်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသည့်မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ထိန်းသိမ်းရေး စခန်းများမှနယ်စပ်သို့ပြန်ပို့ရာတွင် ထိုင်းနိုင်ငံဖက်မှ ၀င်ခွင့်မပြုသည့် အတွက် အခက်အခဲ ဖြစ်နေသည်။ လွန်ခဲ့သည့်လပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားများကို ထိန်းသိမ်းရေးစခန်း များမှတဆင့် နယ်စပ် ဒေသများသို့ မလေးရှားလ၀ကမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအလုပ်သမားများကိုထိုင်းနယ်စပ်သို့ ပြန်လည်ပို့ ဆောင်ရာ၌ထိုင်းနိုင်ငံဖက်က အ၀င်မခံဘဲ ပိတ်ပင်ထား သည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC)အဖွဲ့က ကိုကျော်ထူးအောင် ကပြောသည်။ “အဲဒီတလကျော်ကျော်လောက်ကစပြီး ထိုင်းနိုင်ငံဖက်ကနေ သူတို့နယ်စပ်မှာမလေးရှား ဖက်က ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ဗွမ်း တဲ့ကိစ္စကိုပိတ်ပစ်တယ်။ ဗွမ်း တယ်ဆို တာက ဖမ်းမိတဲ့သူတွေ ကို ပြစ်တာပေါ့နော်။ ( ဆက်ဖတ်ရန် ) အဲလိုပြစ်လိုက်တော့ အခုမလေးရှားမှာရှိတဲ့ လ၀ကထိန်းသိမ်းရေးစခန်းတွေမှာ ဗမာတွေနဲ့ တအားများနေတယ်။ တော်တော်လေးကို မဆန့်မပြဲအောင်ဖြစ်နေတယ်။” မလေးရှား လ၀က ထိန်းသိမ်းရေးစခန်း ၇ ခု ခန့်ဖွင့်ထားပြီး စခန်းတခုလျှင်မြန်မာအလုပ် သမား ၅၀၀ နှင့် ၇၀၀ ကြားတွင်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ရိုဟင်ဂျာပြဿနာကို စိုးရိမ်မကင်းဖြစ်ပြီး၊ လူကုန်ကူးမှုပြဿနာမပေါ်ပေါက်စေရန် ထိုင်းအစိုးရက ပိတ်ပင်ခြင်း ဖြစ်နိုင်သည်ဟု ကိုကျော်ထူးအောင်က ခန့်မှန်းပြောဆိုသည်။
“ကျနော်တို့ ခန့်မှန်းထားတာက အခု ဗမာပြည်မှာ ရိုဟင်ဂျာပြဿနာတွေဖြစ်နေတယ်၊ ဒီကနေ ရိုဟင်ဂျာတွေကိုဖမ်းပြီးတော့ သူတို့ထိုင်းဖက်မှာ ပြန်ပြီးတော့ကျန်နေမှာကို ထိုင်းနိုင်ငံကစိုးရိမ်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုအနေနဲ့ ကောင်းတဲ့ဖက်ကနေ ပြန်တွေးကြည့်မယ်ဆိုရင် human trafficking (လူကုန်ကူးမှု)ကို ထိုင်းဖက်ကနေချပြီး တော့ပိတ်လိုက်တဲ့ ပုံစံမျိုးလို့ ကျနော်တို့က ထင်တယ်။” ယခင်လများက နယ်စပ်သို့ပြန်လည်ပို့ဆောင်ခံရသည့် တရားမ၀င်အလုပ်သမားများကို လူပွဲစားများထံ ရောင်းချ မှုများရှိနေကြောင်း မလေးရှား နိုင်ငံရေးအတိုက်အခံများက ဝေဖန် မှုများရှိခဲ့သည်။
ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ဂယက်ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံတွင်စက်ရုံ အလုပ်ရုံများ ပိတ်ခဲ့ရပြီးနောက် တရားမ၀င်အလုပ်သမားများကို ယခင်နှစ်ကုန်ပိုင်းမှ စတင် ဖမ်းဆီးအရေးယူမှု ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
မျိုးချစ်မြန်မာမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 7:18 AM 0 comments
Tuesday, March 3, 2009
ပီနန်ဆရာတော်ကြီးမိန့်တဲ့သံဃာ့နာယကဆိုတာ
မြန်မာနိုင်ငံအတွင်းရှိသံဃာတော်များအပေါ် ဘုရားဟော ပိဋကတ်တော်လာ ၀ိနည်း သိက္ခာပုဒ်နှင့် မညီညွတ် ကြောင်း ပြောဆိုစွပ်စွဲနေသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဆရာတော်များကိုယ်တိုင် ၀ိနည်းတော်နှင့် ညီမညီကို ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း ပီနန်ဆရာတော်ကြီး ဦးပညာဝံသက မိန့်ကြားလိုက်သည်။
“သာသနာ့ဝန်ထမ်းတဲ့ ပုဂ္ဂိုလ် က သံဃနာယကရယ်၊ ဦးပဉ္ဖင်းလေးရယ်၊ ဦးပဉ္ဖင်းကြီးရယ် ဒီလို ပြောလို့တော့ လည်း မရဘူး၊ မြတ်စွာဘုရား ကိုယ်တိုင်ဟောထားတာက သာသနာတော်ကို ၀င်ပြီး သသနာ့ ၀န်ထမ်းချင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အကုန်လုံး ၀ိနည်း ဒေသနာတော်ကို လိုက်နာရမယ်လို့ ဒီလိုပဲဟောထားတာကိုး”ဟု ဆရာတော်ကြီး ဦးပညာဝံသ က ဧရာတီသို့ မိန့်ကြားသည်။
ဆရာတော်ကြီးက ကြီးရင့်သော ပုဂ္ဂိုလ် ရဟန်းသံဃာများ၏ ပြောဆိုချက် အကျင့်အကြံသည် ၀ိနည်းနှင့် မညီ ပါက ရိုသေစွာ ဆက်ဆံစရာ မလိုကြောင်း တရားတော်တွင် ဟောကြားထားသည်များရှိကြောင်း မိန့်ဆိုသည်။
“ကြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငယ်တဲ့ ပုဂ္ဂိုလ်က ရိုသေရမယ်ဆိုပြီးတော့ ဟောထားပေမယ့် ကြီးတဲ့ ပုဂ္ဂိုလ်တွေ ပြောကြား တာက မြတ်စွာဘုရားရဲ့ ၀ိနည်းဒေသနာတော်နဲ့ ညီမညီ စစ်တမ်းထုတ်ပြီးကြည့်တဲ့ အခါကျတော့ လုံးဝ မညီဘူး ဆိုလို့ရှိရင်၊ ဒီလို ဆရာတော်မျိုးကို ၊ ဒီလိုလူကြီးမျိုးကို ၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ရိုရိုသေသေ ပုဂ္ဂိုလ်အနေနဲ့ မဆက်ဆံ ရဘူးလို့ မြတ်စွာဘုရားက ဟောထားတာ”ဟုလည်း ဆရာတော်ကြီးက မိန့်သည်။
မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေသော ယင်းဆရာတော်ကြီး ဦးပညာဝံသသည် ပြည်ပအခြေစိုက် သာသနာ့ မောဠိအဖွဲ့(သာသနာ့ဥသျှောင်) ကို စတင်၍ ဦးဆောင်တည်ထောင်ခဲ့သည့် ဆရာတော်ကြီးတပါးဖြစ် ပြီး ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက်လည်း ပြည်ပမှ ၀တ္ထုငွေ ကြေးများစွာဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းက ကျင်းပခဲ့သော ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ သတ္တမ အစည်းအဝေး၌ ဥက္ကဌ ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ၏ သြ၀ါဒ မိန့်ကြားချက်တွင် ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသား၊ ပြသ ၊ ဟောပြောခြင်းများ စသည့် ပေါ်ပေါက်နေသည့် သာသနာ့ဘေးရန်များကို ဖယ်ရှားဆောင်ရွက်ရမည်ဟု ပါရှိခဲ့သည်။
မန္တလေးမြို့ရှိ စာသင်တိုက် ၃ တိုက်တွင် စာဝါပို့ချနေသော စာချဆရာတော်တပါးက ယင်းသံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များသည် အစိုးရအလိုအတိုင်း ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု မိန့်သည်။
“အမှန်အတိုင်းပြောရရင် ဒကာကြီးရဲ့၊ နိုင်ငံတော်အစိုးရရဲ့ခိုင်းတာလုပ်နေရတာ၊ ပိဋကတ်တော်နဲ့ မညီတဲ့ စာတွေ ရေးလို့ ပြောလို့ သာသနာတော်ကို မွန်မြတ်စေချင်လို့ တကယ်ကိုယ်ပိုင် ကိုယ့်ခံစားချက်နဲ့ ပြောတဲ့ စကားလုံးမျိုး မဟုတ်ဘူး၊ အစိုးရက သူတို့ လုပ်ချင်တာတွေကို စာရေးပြီးတော့ ဆရာတော်ကြီးတွေကို ဖတ်ခိုင်းတာ”ဟု မိန့်ဆို သည်။
တရားပွဲများပြုလုပ်လျှင်လည်း ဘုရားဟော ပိဋကတ်တော်နှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အာဏာပိုင် များထံ ခွင့်ပြုချက်ယူရသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘုရားဟော ပိဋကတ်တော်နဲ့ ညီသော်လည်း တရားဟောပုဂ္ဂိုလ်ကို သူတို့ မကြိုက်ဘူးဆိုရင် အကြပ်ကိုင်တယ်၊ ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူမှာလား၊ ဘာတရားဟောမှာလဲ၊ ဟောမယ့်တရားနဲ့ ဓာတ်ပုံကို သူတို့ဆီကို တင်ရမယ် အဲဒီလိုမျိုးတွေ အကြပ်ကိုင်ပြီး တရားပွဲ မဖြစ်အောင်လုပ်တယ်”ဟု အထက်ပါ စာချဆရာတော်က ပြောကြားသည်။
မန္တလေးမြို့အပြင်ကျေးလက်တောရွာ တရွာမှ ၎င်းအား လာမည့် ဧပြီလအတွင်း တရားဟောကြားပေးရန် ပင့်ဖိတ်ထားကြောင်းနှင့် ယင်းတရားပွဲအတွက် သက်ဆိုင်ရာက ကိုယ်ရေးရာဇ၀င် ၊ ဟောပြောမည့် တရား အကြောင်းအရာများကို တောင်းယူကြောင်းလည်း စာချဆရာတော်က ဆိုသည်။
ပီနန်ဆရာတော်ကြီးက“တရားဒေသနာ ဟောပြောရာမှာလည်း မြတ်စွာဘုရားဟောကြားတဲ့အတိုင်း ဟောပြော ပို့ချခွင့်မရှိဘူးဆိုတာ ဘုန်းကြီးတို့ ကြားနေတာတွေလည်းရှိတယ်၊ သို့သော်လည်း မြတ်စွာဘုရားရဲ့တရားတော် တွေကိုလေးစားတဲ့ ဆရာတော်တွေမှန်သမျှဆိုရင် ၀ိနည်းဒေသနာတော်နဲ့အညီလုပ်ဖို့လိုတာပေါ့၊ ၀ိနည်းဒေသနာ မှာ ဆုံးဖြတ်တဲ့ အခါမှာလည်း ဒေါသဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ ဂတိတရားတွေနဲ့ အစိုးရမျက်နှာ ကြည့်ပြီးလုပ် လို့ရှိ ရင် ၀ိနည်းဓိုရ် မဟုတ်ဘူး၊ တရားဆုံးဖြတ်ထိုက်တဲ့လူမဟုတ်ဘူး၊ မဆုံးဖြတ်ထိုက်တဲ့ လူလို့ မြတ်စွာ ဘုရား ကိုယ်တိုင် ဟောထားတယ်”ဟု မိန့်ကြားသည်။
ဧရာဝတီမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 5:02 PM 0 comments
Monday, March 2, 2009
တော်လှန်ရေးမောင်နှမများခင်ဗျား
တော်လှန်ရေးမောင်နှမများခင်ဗျား
၂၀၀၈ ခုနှစ်အောက်တိုဘာလ ၁၀ရက်နေ့က မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်သော
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန် နှင့်ကိုအောင်ကိုမင်းတို့ကို ယနေ့ မတ်လ ၂ရက်နေ့ ၂၀၀၉ တွင်
စမ်းချောင်းမြိုနယ်တရားရုံးမှ မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်းအသိပေးအပ်ပါသည်။
ချမှတ်လိုက်သောထောင်ဒဏ်များမှာ ကိုအောင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်၊
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်နှင့် တရားမ၀င်နယ်စပ်
ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၃နှစ်စုစုပေါင်း ၈နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊အခြားပုဒ်မတခုဖြင့်လည်း ဆက်လက်
တရားစွဲဆိုထားဆဲဖြစ်ပါသည်။
Labels: ကြေညာချက်
Posted by Ashin dhamma at 5:31 PM 0 comments