Monday, January 12, 2009

အမှတ်ပေးစည်းမျဉ်း



အမှတ်ပေးစည်းမျဉ်း

ခေါင်းဆောင်ဆိုတာ

ကိုယ့်ဘဝကို အစာလို တပ်ပြီး

ငါးတွေ ကောင်းစားဖို့ အတွက်

ငါးတွေကိုပဲ ပြန်မျှားရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ငါးကြင်းထု အကျိုးအတွက်

ငါးကြင်းဆီနဲ့ ပဲ

ငါးကြင်းသားကို ကြော်ပေးရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ပြာဖုံးနေတဲ့ မီးခဲတွေကို ကောက်စား

အိပ်မက်တွေ အကောင်ထွားအောင်

မြှောက်စားသင့်သူကို လည်းမြှောက်စားရမယ်

ကိုယ့်ကိုကျော်တက်သွားမှာ မကြောက်တဲ့သူ။


ခေါင်းဆောင်ဆိုတာ

မက်လုံးတွေကို ယူချင်အောင်အစထုတ်

အခက်ဆုံးတွေကို လူမမြင်အောင် ခဏအုပ်ပြီး

ဆေးခါးကို သကြားအုပ်တဲ့ အတတ်နဲ့ 

ပရိယာယ်တွေလည်း တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ဟာ

လူတစ်ယောက်ကို မျိုးစေ့တစ်စေ့လို့ မြင်ရမယ်။

ပုရွက်ဆိတ်အုံလိုပုံစံမျိုးနဲ့ဥယျာဉ်တစ်ခုကိုဆောက်ပါ။


ခေါင်းဆောင်ဟာ

မျက်လုံးတစ်ထောင်

နားတစ်ထောင်နဲ့ 

အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။

အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ရဲ့  ခေါင်းထဲကိုခွဲကြည့်

ကိုယ်ဝန်ဆောင်သစ်ပင်တွေကို

မီးဖွားပေးနေတဲ့ ဆေးရုံတစ်ရုံ တွေ့ လိမ့်မယ်။


ကောင်းကင်ကို

အပြည့်အစုံဖတ်ချင်ရင်...

Sunday, January 11, 2009

သိကြားမင်းတောင် မျက်စိလည်သွားပြီ

လူတွေရဲ့အဖြစ်မှန်

အကြောင်းခံကိုလေ့လာကြည့်

တချို့ကလူဖျင်းလူညံ့

တချို့က လူကောင်းလူတော်

မသူတော်နှင့်သူတော်

ဤနှစ်ဖော်နှိုင်းယှဉ်ကြည့်

လူသူတော်က

မိမိအရည်အချင်းနှင့်

နေရာမှန်ကိုသိတယ်

ဒါပေသိလူဖျင်း

အရည်အချင်းကနတ္တိ

ယူဘိသည့်နေရာက အမြင့်ဆုံး

မာနတစ်လုံး နေရာတကာသုံးပြီး

ငါကွလို့ လက်မထောင်

ဟောင်တဲ့အသံက ဘ၀ဂ်ညံ့

နားမခံသာတဲ့ သိကြားမင်း

လူ့ပြည်သက်ဆင်းလို့ ၀ရဇိန်ကိုင်စွဲ

အပြတ်နွှဲမယ်လို့ကြံတုန်း

ဘုရား၊တရား၊သံဃာနားချဉ်းကပ်

ဦးသုံးကြိမ်ခါခါထပ်ပြီး

သူမဟုတ်သယောင်နှင့် သူတော်ယောင်ဆောင်

ယောင်တောင်တောင်ဖြစ်အောင်

လိမ်ညာပြလိုက်တာ

သိကြားမင်းတောင် မျက်စိလည်သွားပြီ။

မင်းသုည ကွမ်းခြံကုန်း

အပြည့်အစုံဖတ်ချင်ရင်...

Friday, January 9, 2009

ညီညီညွတ်ညွတ်နဲ့ တရားသော စစ်ကို ဆင်နွှဲကြ

စာဖတ်သူများ ခင်ဗျား-

ပြည်တွင်းက ကျွန်တော့် ဘာလောဂ်ကို တက်ရောက် အားပေးကြတဲ့ ပြည်သူများစွာ ရှိတဲ့အနက် ပြည်သူ တစ်ဦးဖြစ်တဲ့ ကိုစိုပြေသူက ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ပြီး နိုင်ငံတကာရှိ အင်အားစုများကို တိုက်တွန်းထားချက်အား ကျွန်တော့်ထံ တင်ပြလာပါတယ်။ ဒါကြောင့် ဒီတိုက်တွန်းချက်ကို တွေးခေါ် သုံးသပ် ဆင်ခြေနိုင်ဖို့ စေတနာ ရှေ့ ထားပြီး ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ပါတယ်။ ပေးပို့သူ ကိုစိုပြေသူကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါတယ်။


ကျွန်တော်ဆောင်းပါး တစ်ခါမှမရေးဘူးပါဘူး။ ခုရေးတာကို ဆောင်းပါးတစ်ခုအနေဖြင့် သော်လည်းကောင်း တိုက်တွန်းစာအနေဖြင့် လည်းကောင်း မှတ်ယူနိုင်ပါတယ်။ ကျွန်တော်ဟာ ပြည်တွင်းက သာမန်ပြည်သူလူငယ် တစ်ယောက်ပါ။ ကျွန်တော့်မိသားစု အခြေအနေကလည်း လူတန်းစေ့ နေနိုင်တဲ့အဆင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ ခုလက်ရှိဖြစ်ပျက်နေတာတွေဟာ တအားကို စိတ်ပျက်စရာ ကောင်းလှပါတယ်။ အစိုးရကလည်း အသုံးမကျ ပြည်သူတွေကလည်း (စားဝတ်နေရေး ကျပ်တည်းသောကြောင့်) အကျင့်တွေ စိတ်ဓါတ်တွေ ပျက်လာကြပါတယ်။ ၀န်ထမ်းများကလည်း အကျင့်ပျက် ခြစားတာတွေဟာ မထူးဆန်းတော့သလိုကို ဖြစ်နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကြာရင် ကလိမ်ကကျစ် နိုင်ငံအဖြစ်ကို ဆိုက်ရောက်တော့မှာပါ။ ကျွန်တော်တို့နိုင်ငံကို ဒီလိုအဖြစ်တော့ အရောက်မခံချင်ပါ။ ဒါကိုကာကွယ်ဖို့ဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး တာဝန်ပါ။

ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သလို အာရှကို မြန်မာတွေ ဦးဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။ ခုတော့အာရှကို ဦးဆောင်ဖို့ နေနေသာသာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး မဖြစ်အောင်တောင် မနည်းလုပ်နေရပါတယ်။ ဒါဟာ အစိုးရရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းတာ စီးပွားရေး ပေါ်လစီ မနိုင်နင်းတာ ခေါင်းဆောင်ပိုင်းရဲ့ ဥပဒေမဲ့အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာတာတွေကြောင့် အဓိက ဖြစ်ပါတယ်။ စက်ရုံတွေပိတ်လို့ အလုပ်ပြုတ်တဲ့ သာမန်ပြည်သူဟာ တိုင်းပြည်က တွင်းထွက်ရေနံကို ဒါ "ငါတို့တိုင်းပြည်က ရေနံ..... ငါလည်းတူးပြီး ရောင်းစားမယ်" လုပ်လို့မရပါဘူး။ ကျွန်းသစ်တစ်ပင်တောင် ခုတ်ရောင်းလို့ မရပါဘူး။ ခိုးဆိုးလုဝှက် မလုပ်ရင် သူများနိုင်ငံထွက် ကျွန်လိုလုပ် ဒါပဲရှိပါတယ်။

ပြည်တွင်းမှာတော့ သေလုမျောပါးလုပ်ပြီး မသေရုံတော့ စားနိုင်တာပေါ့လေ။ စစ်အာဏာရှင်များကတော့ စီးပွားရေး ပိတ်တာနဲ့ တိုင်းပြည်သယံဇာတတွေကို သူတို့ ဘိုးဘွားပိုင်ပစ္စည်းလိုကို သဘောထားပြီး ဒီက ပိတ် ဟိုကိုရောင်း၊ ဟိုကပိတ် ဒီကိုရောင်းနဲ့ ပိုလို့တောင် ချမ်းသာလာသေးလားပဲ။

ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။ မယောင်ရာ ဆီလူးတွေ မလုပ်ကြပါနဲ့တော့၊ ဟိုးအဝေးကြီးကနေ ကြေညာနေ လွှတ်တော်ခေါ်နေ၊ ဆန္ဒပြနေမယ့်အစား ပြည်ပကနေ လွတ်လပ်စွာ လှုပ်ရှားလို့ရတာကို အခွင့်ကောင်းယူပြီး တရားသောစစ်ကို တိုက်ဖို့ ကူညီကြပါ။ စစ်ပညာသင်ခွင့်ရအောင် လက်နက်ခဲယမ်း ရအောင် ကြိုးစားကြပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ နေရာတိုင်း အလုပ်မဖြစ်တာကို စက်တင်ဘာ သံဃာအရေးအခင်းမှာ အားလုံးသိပြီး ထင်ပါတယ်။ ဒီတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ တရားသောစစ်ကို စတင်ကြပါ။ အထူးလျှို့ဝှက်သော ကျစ်လစ်သောအဖွဲ့ ဖွဲ့ပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်ကြဖို့ လိုပါပြီ။ ယခု ဆောင်းပါးဟာ မည်သူမဆို အလွယ်တကူ ဖတ်နိုင်တဲ့အတွက် ကျွန်တော် ဘယ်လိုလုပ်သင့်တယ် ဆိုတာ မပြောတော့ပါဘူး။ ကိုဖိုးတရုတ်ကတဆင့် ထောက်လှမ်းရေးဟောင်းများ၊ ပြည်တွင်းပြည်ပမှ စစ်တပ်အရာရှိ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများနှင့် ဆက်သွယ်ချင်ပါတယ်။

ကိုစိုပြေသူ


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, January 7, 2009

ဒီမိုကရေစီတိုက်ပွဲ


ဒီမိုကရေစီတိုက်ပွဲ

နှစ်လုံးသားကိုတံတားခင်း
အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ရက်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။

အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုတဲ့
ယုတ်မာသူလူတစုရဲ့ ၊ နှိပ်စက်ကာညှင်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင်
ဒီမိုကရေစီမဏ္ဍိုင်ကို အနိုင်ရအောင်တိုက်မယ်လို့ 
ရင်ဆိုင်ကာချီတက်သူ မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင်
ကမ္မည်းထိုးတင်ထားပါသဖြင့်
ကမ္ဘာရှည်သရွေ့တည်နေမယ်။.

မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်



အပြည့်အစုံဖတ်ချင်ရင်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)လုပ်ငန်းဖော်ဆောင်ရေးကော်မတီဖွဲ့စည်း

အပြည့်အစုံဖတ်ချင်ရင်...

နအဖက လူဦးရေစာရင်းတွေ ကောက်နေပါပြီ


မိတ်ဆွေတို့ခင်ဗျား

နအဖအာဏာရှင်များက လူဦးရေစာရင်းတွေ ကောက်နေပြန်ပါပြီ.
ရွေးကောက်ပွဲတွက် သူတို့ အပိုင်ဂွင်ဆင်ဖို့ အစပြုတာလဲဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် သတင်းတခုအနေနဲ့တော့ သတိထားဖို့လိုတဲ့အချက်တခုထင်လို့
ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။

စိုးသန်း

အပြည့်အစုံဖတ်ချင်ရင်...

နိုင်ငံရေးခေါင်းဆောင် ဆိုသည်မှာ

ဘယ်လိုလူမျိုးကိုမှ နိုင်ငံရေးခေါင်းဆောင်လို့ သတ်မှတ်ယူဆထိုက်သလဲ...?

ခေါင်းဆောင်တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရမလဲ၊ ဘယ်လိုအကျင့်သီလတွေ ရှိရမလဲ ဆိုတာကို
(၃)မျိုး(၃)စား ခွဲခြားပြခဲ့ကြပါတယ်။

(၁) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ခေါင်းဆောင်အစစ်မဖြစ်နိုင်တဲ့သူရယ်...

(၂) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ရံဖန်ရံခါ ခေါင်းဆောင်လိုက် ရံဖန်ရံခါ ခေါင်းရှောင်လိုက်နဲ့
နှစ်ကိုယ်ခွဲနေတဲ့သူရယ်...

(၃) ခေါင်းဆောင်နေရာမှာ ရှိပြီး အချိန်ပြည့် စွမ်းအားပြည့်ခေါင်းဆောင်နေတဲ့သူရယ်... လို့ဆိုပါတယ်.

ပထမအဆင့်အနေနဲ့ ကိုယ်ကခေါင်းဆောင်နေရာမှာ မရှိခဲ့ရင် ကိုယ်နဲ့ကိုယ့်အသိုက်အ၀န်း လူထုပရိသတ်ကို
လက်တွေ့ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်က အခုခွဲခြားပြတဲ့ သုံးမျိုးသုံးစားထဲမှာ ဘယ်အမျိုးအစားထဲ
ပါနေသလဲဆိုတာကို ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ဆန်းစစ်သုံးသပ် ဝေဖန်ပိုင်းခြားကြည့်ဖို့ လိုပါလိမ့်မယ်။
အကြမ်းဖျဉ်းစဉ်းစားလို့ရအောင် မှတ်ကျောက်တင် မေးခွန်း (၉)ပုဒ် ကျုပ်ထုတ်နှုတ်ပေးလိုက်ပါတယ်။
ကိုယ့်ဖာသာကိုယ်သာ... သံယောဇဉ်ရှိလို့ဆိုတဲ့ ဆန္ဒာဂတိ၊ ကြည့်မရလို့ဆိုတဲ့ ဒေါသာဂတိ၊ ကြောက်နေရလို့ဆိုတဲ့
ဘယာဂတိ၊ မဝေခွဲတတ်လို့ဆိုတဲ့ မောဟဂတိ.. ဆိုတဲ့ အဂတိတရားလေးပါး ကင်းစင်စွာ ဆုံးဖြတ်ကြပါတော့။

မေးခွန်း (၉) ပုဒ်ကတော့...

ကိုယ့်ခေါင်းဆောင်က..

(၁) ကိုယ်ကိုယ်တိုင်အပါအ၀င် အများစုကြီးက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်လား။

(၂) ဌာနချုပ်က ပို့လွှတ်ထားတဲ့ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ် ပုဂ္ဂိုလ်လား

(၃) ဒီခေါင်းဆောင်နေရာကို ငွေကြေးများစွာ ရင်းနှီးပြီး ရယူပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်လား။

(၄) ထင်ရှားကျော်ကြားတဲ့ သူ့နာမည်ကို အသုံးပြုပြီး နေရာယူထားတဲ့ ပုဂ္ဂိုလ်လား

(၅) နိုင်ငံရေးလုပ်သက်ရင့်ပြီး အတွေ့အကြုံများတဲ့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်လား

(၆) ရဲရင့်တက်ကြွပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ လှုပ်ရှားဆောင်ရွက်တတ်တဲ့ ပုဂ္ဂိုလ်လား

(၇) အမှတ်တရ နေ့ကြီးရက်ကြီး အခမ်းအနားတွေအတွက်သာ ကာလအပိုင်းအခြားနဲ့
ဆောင်ရွက်လှုပ်ရှားပြီး ကျန်ကာလတွေမှာ သူ့စားဝတ်နေရေးအတွက် သူလိုငါလို အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်လား

(၈) အစည်းအဝေး အခမ်းအနားတွေမှာ အသုံးအဖြုန်း၊ အကျွေးအမွေး၊ အပေးအကမ်း၊ ပွဲလမ်းသဘင်
စသည်တွေနဲ့ ဖြားယောင်းသွေးဆောင်ပြီး ပရိသတ်စည်ကားအောင် လုပ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်လား

(၉) ကြေးစားတပည့်တွေနဲ့ ဆွေမျိုးအသိုက်အ၀န်းကို အဖွဲ့အမှုဆောင် ရာထူးတွေပေး၊ မွေးထားပြီး
နောင်တစ်နေ့ ဒီမိုကရေစီ အောင်ပွဲခံ အာဏာရတဲ့အချိန်မှာ အခွင့်အရေးရအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ရေရှည်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု သဘောမျိုး နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့
နိုင်ငံရေး၊ စီးပွားရေးသမား ပုဂ္ဂိုလ်လား

ဆိုတဲ့ မေးခွန်းတွေပါပဲ။

အမှန်ကတော့ ဒီမေးခွန်း (၉)ပုဒ်က ယေဘုယျအားဖြင့် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအတွက်သာ
ရည်ရွယ်ရင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများသိကြတဲ့အတိုင်း ပြည်ပမှာက
"ခေါင်းဆောင်" လုပ်ချင်ကြတဲ့လူတွေရဲ့ အရေအတွက်ဟာ နောက်လိုက်အဖွဲ့ဝင် အရေအတွက်ထက်
များနေတတ်လို့ပါပဲ။ ပြည်သူလူထုရဲ့ (၈၈) ခုနှစ် ညီညွတ်မှုအောင်ပွဲကို သွားလေသူ စစ်ဘီလူးကြီး ဦးနေ၀င်း
အသက်ငင်လျက်က ရွေးကောက်ပွဲ ဘန်းပြ သပ်လျှိုပြီး ဖြိုခွဲပစ်လိုက်တော့.. ကျုပ်တို့ အင်အားစုတွေ
ပါတီပေါင်း နှစ်ရာကျော် ခေါင်းဆောင်ဖြစ်ချင်စိတ်နဲ့ အစိတ်စိတ်အမွှာမွှာ ကွဲကုန်ခဲ့ကြရတဲ့အတိုင်းပါပဲ။
သိတယ်နော်။ ပြည်ပမှာကတော့ ရရှိနေတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး ခုထိ "ဂိုဏ်း"
ခွဲထောင် ခေါင်းဆောင်လုပ်ချင်တဲ့ ရောဂါက စွဲကပ်နေကြတုန်းပါပဲ။ ဒါပြည်ပမှာ ပြောတာပေါ့နော်။

ပြည်တွင်းမှာကတော့ ပြည်ပအခြေအနေနဲ့ ပြောင်းပြန်ပါပဲ။ ဖက်ဆစ်စစ်အစိုးရက
ဒီမိုကရေစီခေါင်းဆောင်မှန်သမျှကို ဖမ်းဆီးထောင်ချ၊ နှိပ်ကွပ်သတ်ဖြတ်နဲ့ လူ့အခွင့်အရေးတွေ အားလုံး
ချုပ်ချယ်ပိတ်ပင်ထားတော့ကာ... ခေါင်းဆောင်ရယ်လို့ အညွှန့်ကလေး ပြူထွက်လာခွင့်ကို
မရနိုင်လောက်အောင်ပါပဲ။ အများသိကြတဲ့အတိုင်း "သမင်မွေးရင်း ကျားစားရင်း" ဖြစ်နေပါတယ်။
ပြည်တွင်းအခြေအနေအရ ကျုပ်တို့ရဲ့ သူရဲကောင်းခေါင်းဆောင်ငယ် ကလေးကိုတောင် ရန်သူ့လက်ချက်နဲ့
မကျဆုံးတန် မကျဆုံးရအောင် လျှို့ဝှက်သိပ်သည်းကြဖို့ မေတ္တာရပ်ခံနေရပါတယ်။

အဲ...တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ (ပြည်တွင်းမှာရော၊ ပြည်ပမှာပါ) မှာ ရှိရမယ့်
အရည်အချင်းတွေကတော့ ကျုပ်မှတ်သားစုဆောင်းထားသမျှ တင်ပြလိုက်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကအကျဆုံးနဲ့ ပထမဆုံး ရှိကိုရှိနေရမယ့် အရည်အချင်းကတော့
ပြည်သူလူထု ပရိသတ်အများစုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်သာဖြစ်ရပါမယ်။ အဲဒီ့
ပုဂ္ဂိုလ်မျိုးမှာမှ ခေါင်းဆောင်တစ်ယောက်ရဲ့ နေရာနဲ့ ထိုက်တန်ဖို့ လိုအပ်မယ့် အရည်အချင်း (၁၂)
ရပ်ကတော့...

(၁) နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို မှန်ကန်စွာ သုံးသပ်နိုင်ရပါမယ်။

(၂) နိုင်ငံရေးအလားအလာနဲ့ အကျိုးအမြတ်အတွက် အမြော်အမြင်ရှိရပါမယ်။

(၃) အများတကာ မစွမ်းဆောင်နိုင်တာကို စွမ်းဆောင်နိုင်ရပါမယ်။ အများတကာ မဆုံးဖြတ်တတ်တာကို
ဆုံးဖြတ်လှုပ်ရှားတတ်ရပါမယ်။ ဒါမှသာ အများတကာရဲ့ အားထားယုံကြည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့
ကိုယ့်ခေါင်းဆောင်မှုကို အစဉ်ကြိုဆိုထောက်ခံမှု ရနိုင်ပါလိမ့်မယ်။

(၄) ဒါပေမယ့် ဒီလိုစွမ်းဆောင်ဆုံးဖြတ် လှုပ်ရှားနိုင်မှုအပေါ်မှာ အခြေခံပြီး အလွန်အကျွံ
ပုဂ္ဂိုလ်ကိုးကွယ်မှုမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ပုထုဇဉ်လူသားဆန်ဆန် လက်ခံသာယာမနေဘဲ
တွန်းလှန်ပယ်ချနိုင်စွမ်း ရှိရပါမယ်။

(၅) အတ္တနဲ့ပရ၊ ကိုယ်ကျိုးနဲ့ အများအကျိုးရယ်လို့ ရှိရာမှာလည်း ကမ္ဘာကျော်နိုင်ငံကျော်
ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ကိုယ်ကျိုးအတ္တကို ဖြုတ်ပယ်စွန့်လွှတ်နိုင်စွမ်း ရှိရပါမယ်။

(၆) လူ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း
လေးစားလိုက်နာတတ်ရပါမယ်။

(၇) နိုင်ငံရေးတိုက်ပွဲတွေအတွက် အသင့်ပြင်ပြီး တိုက်ပွဲဝင်တော့မယ်၊ စတင်လှုပ်ရှားတော့မယ် ဆိုရင်လည်း
တိုက်ပွဲရဲ့ အရင်းခံ ဆန္ဒပြတောင်းဆိုချက်မှန်သမျှဟာ လူထုလူတန်းစားပေါင်းစုံရဲ့ နိုင်ငံရေး၊
စီးပွားရေးတွေအပေါ်မှာသာ အခြေခံတတ်ရပါမယ်။ သာမန်လူမှုရေးတောင်းဆိုချက်မျှနဲ့ တိုက်ပွဲဝင်ခဲ့ရင်
ရေရှည်မခိုင်မာနိုင်ဘူးဆိုတာကို သိနှင့်တတ်ရပါမယ်။

(၈) ကိုယ့်တိုက်ပွဲအင်အားကောင်းမှုအတွက် တစ်ခြားလူထုလူတန်းစားတိုက်ပွဲတွေနဲ့ ဆက်စပ်ညှိုနှိုင်း
ပူးပေါင်းဆင်နွှဲတတ်ရပါမယ်။ ဒါမှသာ ရန်သူအပေါ် ထိုးနှက်ချက်က ပိုမိုပြင်းထန်ပါလိမ့်မယ်။

(၉) တိုက်ပွဲဝင်ရာမှာလည်း တက်ကြွရဲရင့်ပြတ်သားမှု (Militancy) နဲ့ သတ္တိ (Courage) ဆိုတာ
လိုအပ်ပေမယ့်၊ လိုလားအပ်ပေမယ့် တစ်လွဲဆံပင်ကောင်းဖို့၊ လူစွမ်းကောင်းဝါဒ အစွန်းမရောက်ဖို့ကိုတော့
သတိပြုတတ်ရပါမယ်။ တိုက်ပွဲရှေ့တန်းစစ်မျက်နှာမှာ ကိုယ့်ဖက်က ချွန်ထွက်နေပြီး
တပ်ဦးကျွံမနေမိဖို့လည်း သတိထားတတ်ရပါမယ်။

(၁၀) ဒီလို လူထုလူတန်းစားပေါင်းစုံရဲ့ တိုက်ပွဲတွေနဲ့ ရန်သူကို စစ်မျက်နှာဖြန့် တိုက်ပွဲဆင်နွှဲနေရာမှာ
ခေါင်းချင်းဆိုင် ခေါင်းချင်းရိုက်ပြီး Democractic Collectivism ဒီမိုကရေစီ
စုပေါင်းခေါင်းဆောင်မှု အရသာလျှင် လှုပ်ရှားဆောင်ရွက်ကျင့် ရှိရပါလိမ့်မယ်။
တစ်ကိုယ်ကောင်းတစ်ဖွဲ့ကောင်း၊ တစ်ပါတီကောင်းဝါဒကို စွန့်လွှတ်နိုင်ရပါမယ်။ မဟုတ်ရင် စည်းလုံးညီညွတ်မှု
ပျက်စီးတတ်ရပါတယ်။ တိုက်ပွဲလည်း တာကျိုးပြီး အရေးနိမ့်ရတတ်ပါတယ်။

(၁၁) မညီညွတ်လို့ ညီညွတ်ဖို့ လိုတယ်လို့ ယုံကြည်ယူဆပြီး ညီညွတ်ရေး တည်ဆောက်နေပြီ ဆိုရာမှာလည်း
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရထားသမျှ အပိုင်းကိုသာ လှုပ်ရှားဆောင်ရွက်တတ်ရပါမယ်။ သဘောတူညီမှု
မရသေးတဲ့ အပိုင်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်မလုပ်ဆောင်ဘဲ စိတ်ရှည်ရှည်ထားပြီး
ဆက်လက်ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ ဆွေးနွေးညှိုနှိုင်းနေဆဲမှာလည်း ဆွေးနွေးပွဲကို ဘယ်တော့မှ
ကျောခိုင်းထွက်ခွာ (Walk-Out) လုပ်မသွားသင့်ဘူးဆိုတာ နားလည်လက်ခံထားရပါမယ်။

(၁၂) အမှန်တကယ် ညီညွတ်ရေးတည်ဆောက်ချင်တယ်ဆိုရင် ညီညွတ်ရေး မရမချင်း၊ တစည်းတလုံးတည်း မဖြစ်မချင်း
ဘယ်မျှကြာကြာ ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ သူ့ဖက်ကိုယ့်ဖက်လည်း အလျှော့အတင်း လုပ်ရပါမယ်။

အဲ. မင်းသားကြီး မလုပ်ရလို့ ဖြိုခွဲတဲ့အနေနဲ့ ပတ်မကြီး ထိုးဖောက်ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်မျိုး
ရှိလာခဲ့ရင်လည်း အဲဒီ့ပုဂ္ဂိုလ်ကသာ ဒီမိုကရေစီဘက်တော်သားအဖြစ် သမိုင်းကြောင်း ရှိခဲ့ရင် သူ့ဒေါသနဲ့
အပြုအမူမှားကို ခွင့်လွှတ်ပြီး တတ်နိုင်သမျှ ပြန်လည်ဆွေးနွေးစည်းရုံး ကြိုဆိုရပါမယ်။ ရဲဘော်တစ်ယောက်
ဘေးရောက်သွားခြင်းဟာ ရဲဘော်တစ်ယောက် ကျဆုံးသွားခြင်းနဲ့ အတူတူပါပဲ။

အင်း. ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်း (၁၂) ရပ်ကတော့
ဒါတွေပါပဲ။ သာမန်အားဖြင့် ကြည့်ရင်တော့ ခက်သယောင်ယောင်လို့ ယူဆစရာပါပဲ။

အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ နေရာကကြည့်ရင်တော့. မဟာဝိဇ္ဖာဘွဲ့ရ၊ ပါရဂူဘွဲ့ရ
ပါမောက္ခတစ်ယောက်ဖြစ်ဖို့ရာ အလှမ်းကွာပြီး ခက်ခဲကောင်းခက်ခဲနေနိုင်ပါတယ်။ ဒါပေမယ့်
ပါမောက္ခဖြစ်နေတဲ့ ပုဂ္ဂိုလ်တိုင်းဟာလည်း အထက်တန်းကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ
တက်လှမ်းခဲ့ကြရတာချည်းပါပဲ။

ကျုပ်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်အရောက် တက်လှမ်းမယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ ဒီမိုကရေစီ
နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ပြီး လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီဖို့
ဒီ့ထက် ပိုမိုကြိုးစားအားထုတ်ကြရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား...

မောင်သာရ

အပြည့်အစုံဖတ်ချင်ရင်...

ဂမ်ဘာရီသည် နအဖ၏ ရုပ်သေး

ရုပ်သေးဆိုတာ မြန်မာပြည်ဖွား လူကြီးလူငယ် အားလုံးသိပြီးသားပါ။ အဲဒီ့ရုပ်သေးဟာ ခြေ၊ လက်၊ ခေါင်း
စတဲ့ ပြင်ပ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရှိပေမယ့် အသက်မရှိ၊ ဦးနှောက်မရှိ၊ အသည်းနှလုံး မရှိ၊
သူများကြိုးဆွဲရာ “က” ရ၊ လှုပ်ရှားရ။ သူ့မှာ ခေါင်းရှိပေမယ့် ဦးနှောက်မပါ၊
ပါးစပ်ရှိပေမယ့် သူ့ဟာသူ မပြောနိုင်၊ မျက်စိရှိပေမယ့် သူ့ဟာသူ မကြည့်မမြင်နိုင်၊ လက်ရှိပေမယ့်
သူ့သဘောနဲ့သူ မရေးနိုင်၊ ခြေထောက် ရှိပေမယ့် သူ့သဘောနဲ့သူ မသွားနိုင်၊ ကိုယ်ခန္ဒာ ရှိပေမယ့်
အတွင်းမှာ အသည်းနှလုံးက အစ ဘာမှ မရှိ။

အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တော်ကြီး ဆိုတဲ့ ဂမ်ဘာရီဟာလည်း နအဖရဲ့
ရုပ်သေးပါ။ သူဟာ နဂိုက လူဖြောင့်၊ လူတော်၊ လူကောင်းတစ်ယောက် ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်
ဘန်ကီမွန်းက သူ့လူယုံတော်အဖြစ် ခန့်ပြီး မြန်မာပြည်ကို လွှတ်လိုက်တာ။ ဒါပေမယ့် မြန်မာပြည်ရောက်လို့
နအဖနဲ့ တွေ့ပြီးတာနဲ့ လူကောင်းက မူပြောင်းသွားတယ်။ ကိုယ်ကသူ့ကိုယ်၊ စိတ်က နအဖစိတ်ဖြစ်သွားပြီ။
နအဖ ကြိုးဆွဲသမျှ “က” နေရတဲ့ “ရုပ်သေးကြီး” ဖြစ်သွားတယ်။

ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီက ပေးလိုက်တဲ့ တာဝန်ကို ထမ်းဆောင်တာက နည်းနည်း၊ နအဖ
အကြိုက်လိုက်လုပ်နေတာက များများဖြစ်နေပါတယ်။ သူ့ကိုပေးလိုက်တဲ့ တာဝန်က မြန်မာနိုင်ငံ အမျိုးသား
ပြန်လည်သင့်မြတ်ရေး (သို့မဟုတ်) ပြန်လည်ရင်ကြားစေ့ရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်ပေမယ့် နအဖ
အာဏာပိုင်တွေနဲ့ တွေ့ပြီးတာနဲ့ လာရင်းရည်ရွယ်ချက်တွေ လွဲချော်ကုန်ပါတယ်။

သူဟာ နအဖရဲ့ “ရုပ်သေးကြီး” ဖြစ်သွားပုံကို သုံးသပ်ကြည့်လိုက်ကြရအောင်…

NLD ခေါင်းဆောငများဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊
ဦးစိုးမြင့်တို့နဲ့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံစဉ် ဂမ်ဘာရီက “ဒီတစ်ခေါက် ခရီးစဉ်မှာ
နိုင်ငံရေးကိစ္စ သက်သက်ကိုသာ ဆောင်ရွက်ဖို့လာတာ ဖြစ်ကြောင်း” ပြောပြီး လုပ်ငန်းစဉ်အချက် (၅) ချက်ကို
ပြောပြတယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက တဆင့် ပြောပြပါတယ်။
၎င်းလုပ်ငန်းစဉ်များကတော့-
(၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး
(၂) စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး
(၃) တိုင်းပြည်စီးပွားရေး အခြေအနေ ဆိုးရွားနေရာက တိုးတက်အောင် ဆောင်ရွက်ရေး
(၄) မြန်မာပြည်တွင် ဂမ်ဘာရီကိုယ်စား ဆက်သွယ်ရေး အရာရှိတစ်ဦး ခန့်ထားရေး
(၅) နိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ကုလအတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာပြည်ကို
သွားရောက်ဆောင်ရွက်ရေး တို့ဖြစ်ပါတယ်။

အထက်က ချမှတ်ပေးလိုက်တဲ့ လုပ်ငန်းစဉ် (၅) ချက်ဟာ “အမျိုးသား သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး”
အတွက် အလွန်ကောင်းမြတ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ပြောရင်း၊ ဆွေးနွေးရင်းနဲ့က
နအဖစိတ်တွေ ၀င်သွားပါတယ်။ ၀င်သွားပုံက ဒီလိုပါ။

(၁) ဂမ်ဘာရီက သူ့လုပ်ငန်းစဉ်ထဲမှာ မပါတဲ့ “၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင်
လုပ်ဖို့လိုတယ်။ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့
ဆောင်ရွက်ဖို့ အခြေအနေစတဲ့ လုပ်ငန်းစဉ် (၅) ချက်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ ပြောပါတယ်။
အဲဒီ့အခါ NLD လူကြီးများက “ဒီရွေးကောက်ပွဲကို ကုလသမဂ္ဂက လက်ခံထားပါသလား၊ ဒါဆိုရင် ၁၉၉၀
ရွေးကောက်ပွဲရလာဒ်ကိုရော ဘယ်လိုသဘောထားပါသလဲ” လို့ ပြန်မေးတော့ သူက ဘာမှ မဖြေနိုင်ခဲ့ပါဘူး။
(DVB၊ ဩဂုတ်-၂၀-၂၀၀၈)
ဘယ်ဖြေနိုင်ပါလိမ့်မလဲ။ သူ့ခေါင်းထဲမှာ နအဖ ဦးနှောက် ၀င်နေခဲ့ပြီလေ။ ဒါကိုကြည့်ခြင်းအားဖြင့်
သူဟာ နအဖရဲ့ “ရုပ်သေး” ဖြစ်နေပြီ ဆိုတာ ထင်ရှားပါတယ်။

(၂) နအဖက မေလက ကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ မတရား၊ မမျှတတဲ့ အတုအယောင် ဆန္ဒခံယူပွဲဖြစ်တယ်ဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။ အခြေခံဥပဒေ ရေးဆွဲရာမှာ ဒီမိုကရေစီ အင်အားစုထဲက တစ်ယောက်မှ မပါဘဲ
နအဖလူတွေနဲ့ တစ်ဖက်သတ် ရေးဆွဲသွားတာလည်း ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမှာလည်း အမိန့်၊ အာဏာ၊
အသပြာသုံးပြီး မဲထည့်ခိုင်းတာကလည်း နအဖလူပါပဲ။ မဲရုံစောင့်၊ မဲရေတွက်၊ မဲစာရင်းကြေညာတာကလည်း
နအဖလူတွေချည်းပါပဲ။ ဒီလိုမတရားနည်းတွေနဲ့ လုပ်နေမှတော့ ရွေးကောက်ပွဲကို မနိုင်ဘဲ နေပါတော့မလား။
လာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီ အုပ်စုထဲက ပါတီဆိုရင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်
မပြုဘူးလို့ ခုထဲက စည်းကမ်းနဲ့ ကြိုတင်သတ်မှတ်ထားပါတယ်။ နအဖက ခွင့်ပြုထားတဲ့ သူ့လက်ရုံးပါတီပဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုတော့ သူတို့ပဲ အနိုင်ယူသွားမှာပဲလေ။ ကုလနဲ့ နိုင်ငံတကာက
စောင့်ကြည့်နေလည်း အပိုပါပဲ။ မျက်စိညောင်းရုံပဲ ရှိလိမ့်မယ်။ ဒီတော့ “လွတ်လပ်မျှတအောင်”
ဆိုတဲ့စကားဟာ ဦးနှောက်မပါ၊ အသည်းနှလုံးမရှိတဲ့ ရုပ်သေးပြောတဲ့ စကား၊ ကြိုးကိုင်သူ နအဖ ပြောတဲ့
စကားသာ ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဂမ်ဘာရီရဲ့
ကိုယ်ပိုင်စကားမဟုတ်ဘူးဆိုတာလည်း ထင်ရှားနေပြန်ပါတယ်။
နအဖဟာ (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နှစ်ပေါင်း (၂၀) လောက်ကတည်းက ပြည်သူတွေကို ဥပဒေမဲ့
မတရား အနိုင်ကျင့်၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတာ သူအသိပါပဲ။ (၁၉၉၀) ရွေးကောက်ပွဲကို နိုင်တဲ့
NLD ပါတီကို ကတိအတိုင်း အာဏာမလွှဲပေးတာလည်း သူအသိပါ။ အခြေခံဥပဒေရေးဆွဲရာမှာ ဒီမိုကရေစီမကျ၊
တစ်ဖက်သတ်ဖြစ်တယ်ဆိုတာလည်း သူအသိ။ ဒီလိုတလျှောက်လုံး မတရား၊ မမျှတအောင် လုပ်ထားတဲ့အပြင် ကတိမတည်၊ လိမ်ညာရက်စက်၊ ကောက်ကျစ်စဉ်းလဲတဲ့ နေရာမှာ သရဖူဆောင်းထားတဲ့ နအဖဟာ (၂၀၁၀)
ရွေးကောက်ပွဲကျမှ တရားမျှတအောင် လုပ်မယ်တဲ့လား။ သူတို့စကားကို ဘယ်လိုယုံရတော့မှာလဲ။
ရွေးကောက်ပွဲပြီးလို့ နအဖရဲ့ ရုပ်သေးအစိုးရ တက်လာတဲ့အခါ ပြည်သူတွေ အခု ကြုံတွေ့ခံစားနေရတဲ့
အခက်အခဲတွေထက် ပိုမိုတဲ့ ဒုက္ခသုက္ခတွေ ကျရောက်ခံစားရမယ်ဆိုတာ သူသိလျက်နဲ့ ပြောတာဟာ ဂမ်ဘာရီမှာ
အသက်ရှိပေမယ့် အသည်းနှလုံး မရှိဘူးဆိုတာ ထင်ရှားပါတယ်။

(၃) ဂမ်ဘာရီဟာ နအဖရဲ့ “ရုပ်သေး” ဖြစ်တယ်ဆိုတဲ့ နောက်ထပ် သာဓကတစ်ခုကတော့ (၁၉၉၀)
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့
မင်းကိုနိုင်အစရှိတဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို တွေ့သင့်တွေ့ထိုက်ပေးပေမယ့်
မတွေ့စေရဘဲ ဘယ်သူကမှ အသိအမှတ်မပြုထားတဲ့ ကိုအေးလွင်ခေါ် “လောက်အေးလွင်” ကို နအဖ
စီစဉ်ပေးခဲ့တဲ့အတိုင်း တွေ့ဆုံစေခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဂမ်ဘာရီဟာ နအဖကြိုးဆွဲရာ “က”
နေရတဲ့ “ရုပ်သေးကြီး” ဖြစ်နေတယ်ဆိုတာ ထင်ရှားနေပြန်ပါတယ်။
(စကားချပ်၊ ကိုအေးလွင်ကို “လောက်အေးလွင်”လို့ခေါ်ရခြင်းကတော့ လောက်ဆိုတာ မစင်ထဲမှာနေပြီး
မစင်ပဲစားပါတယ်။ ကိုအေးလွင်ဟာ (၈၈) ကျောင်းသား ဖြစ်ပါလျက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့ လက်နက်မဲ့
ကျောင်းသားပြည်သူတွေဖက်က မနာဘဲ နအဖကျွေးတဲ့ မစင်ကိုစားပြီး နအဖအလိုကျလုပ်နေသူ ဖြစ်လို့ သူ့ကို
လောက်အေးလွင်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။)

(၄) ဂမ်ဘာရီဟာ နအဖရဲ့ “ရုပ်သေး” အဖြစ် အဆိုးဆုံး၊ အောက်တန်းအကျဆုံး၊ အယုတ်ညံ့ဆုံး အလုပ်တစ်ခုကို
နအဖနဲ့ ပူးပေါင်းကြံစည်ခဲ့ပုံကို ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ သခင်ချန်ထွန်းက
ရှုတ်ချထားပါတယ်။ သခင်ချန်ထွန်း ပြောစကားအချို့ကို ကောက်နှုတ်တင်ပြရရင်-
“ဩဂုတ်လ ၂၀ နဲ့ ၂၂ ရက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်နောက်ဖက် အုတ်တံတိုင်းမှ
လက်ကိုင်အသံချဲ့စက်ဖြင့် မစ္စတာ ဂမ်ဘာရီက စာပေးလိုက်ကြောင်း အော်ဟစ်အကြောင်းကြားပြီး တုံ့ပြန်မှု
မရသည့်အခါ ခြံတံခါး အုတ်တံတိုင်းမှာ စာကပ်ထားခဲ့ကြောင်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
အတွေ့မခံတာကျတော့ ဘာလို့ ဒါမျိုး မလုပ်သလဲ၊ အဖမ်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလိုလာလုပ်တယ်ဆိုတာ
အင်မတန်သိပ်နုပ်တဲ့ ကိစ္စပါ။ ညကျတော့ တီဗွီမှာလည်းပြ၊ ဓာတ်ပုံနဲ့လည်း သတင်းစာမှာ ဖော်ပြတယ်ဆိုတော့
ဒါက ကြိုတင်စီစဉ်ပြီး လုပ်တဲ့သဘောဆိုတာ သိပ်ပေါ်လွင်ထင်ရှားတာပေါ့” (ခေတ်ပြိုင်၊ ဩဂုတ်-၂၅-၂၀၀၈)

အထက်ပါ သခင်ချန်ထွန်းရဲ့ စကားကို ကြည့်ခြင်းအားဖြင့် ဂမ်ဘာရီဟာ ဒီကိစ္စမှာ
လိမ်ညာကောက်ကျစ်စဉ်းလဲတဲ့ နအဖနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတာ သိပ်ထင်ရှားပါတယ်။

ကမ္ဘာကျော်သူခိုးလူဆိုးအဖြစ် အများက သတ်မှတ်ခံထားရတဲ့ နအဖအုပ်စုနဲ့ ပူးပေါင်းကြံစည်တော့
ဂမ်ဘာရီဟာလည်း နအဖသူခိုး လူဆိုးစာရင်းဝင်ဖြစ်နေပါပြီ။ ဂမ်ဘာရီဟာ နာမည်ပျက်ခံရတာနဲ့ တန်အောင်
အကျိုးအမြတ်ရလို့ ဖြစ်မှာပါ။ ဒါကြောင့် မူလလုပ်ငန်းစဉ်အချက် (၅) ချက်က ကျော်လွန်ပြီး
နအဖလုပ်ခိုင်းတာ ဖြစ်ပါတယ်။

ရာဇာလီအစ္စမေးတုန်းကလည်း ဒီလိုပါပဲ။ သူ မြန်မာပြည်ရောက်တော့ ဟိုဖက်တစ်မျိုးပြော၊
ဒီဖက်တစ်မျိုးပြောပြီး အချိန်ဆွဲ “စား” သွားတာပဲ။ သူသာ ကုလအထူးကိုယ်စားလှယ်တာဝန်က
နှုတ်ထွက်သွားခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဘာမှ မတိုးတက်တဲ့ အပြင် တစ်နေ့တစ်ခြား
ပိုမိုဆိုးရွားလာခဲ့တယ်။

ဂမ်ဘာရီလည်း မြန်မာပြည်ကို (၆) ကြိမ်ရောက်ခဲ့ပြီးပါပြီ။ ဘာမှ မထူးခြားခဲ့ပါဘူး။ နအဖနဲ့ NLD
ကြား ဘာတစ်ခုမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ နအဖဟာ ဒီနေ့ထိ တိုင်းသူပြည်သားတွေကို
နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတုန်းပါပဲ။

ဂမ်ဘာရီဟာ ကိုယ်လက်အင်္ဂါပြည့်စုံပါလျက် ဦးနှောက်မပါ၊ အသည်းနှလုံးမရှိတဲ့ နအဖရဲ့ “ရုပ်သေးရုပ်”
တစ်ရုပ်ဖြစ်နေတာကြောင့် မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်အောင်
မဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, January 6, 2009

ကျောင်းသား ခေါင်းဆောင်တဦး ထောင်ဆေးရုံရောက်


[ကိုကျော်ကိုကို]
စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသော ဗကသ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကျော်ကိုကို သည် အင်းစိန် ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေသည့် အတွက် ထောင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဖခင်ဖြစ်သူက ပြောသည်။



ကိုကျော်ကိုကို
၂၀၀၈ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၇ နှစ်သည် အသည်းရောင် အသားဝါ ဝေဒနာခံစားနေရသောကြောင့် လွန်ခဲ့သည့် စနေနေ့က ထောင်ဆေးရုံသို့ တက်ရောက်ကုသခံနေရခြင်း ဖြစ်သည်ဟု ၎င်း၏ ဖခင် ဦးကျော်အေးကပြောပြသည်။

“မနေ့က ထောင်ဝင်စာသွားတွေ့တော့ အသည်းရောင်အသားဝါ ဖြစ်လို့ ထောင်ဆေးရုံတက်နေရတယ်တဲ့၊ ထောင်ဝန်ထမ်းကပြောတယ်၊ သူ့ကို သောကြာနေ့က ရုံးထုတ်တယ်၊ ရုံးထုတ်တာ နောက်ကျတယ်၊ အပြန်ကျ တော့ အန်တယ်တဲ့၊ ဆေးမှူးလည်း မရှိ၊ ဆရာဝန်လည်းမရှိတော့ဘူး၊ စနေနေ့ကျတော့ ထပ်ပြီးအန်တော့ ဆရာဝန် ခေါ်ပေးတယ်တဲ့၊ ဆရာဝန်က ဆေးရုံ တက်ခိုင်းတာ”ဟု ဦကျော်အေးက ပြောသည်။

ယင်း ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ် မဟာတန်း ကျောင်းသားတဦးဖြစ်သည်။၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်များ၏လိုက်လံဖမ်းဆီးမှုမှတိမ်းရှောင်နေရရာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပြီး ၎င်းအား ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ နှင့် တရားစွဲဆို ရုံးထုတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“သူက မတ်လ ၁၅ ရက်နေ့ပြန်လာတယ်၊ ၁၆ ရက်နေ့မှာ အဖမ်းခံရတာ၊ သူ့ဆီမှာ ဘာမှ ပါမလာဘူး၊ ဟန်းဖုန်း တလုံးပဲ ပါလာတယ်၊ သူဘယ်သွားလဲ ဆိုတာတော့ မသိဘူး၊ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုမှာတော့ ပါခဲ့တယ်” ဟု ဦးကျော်အေးက ဆိုသည်။

လွန်ခဲ့သည့် လအတွင်းကလည်း နိုင်ငံရေး အကျဉ်းသား ကိုဌေးလွင်ဦးနှင့် ကိုမောင်စန်း ဆိုသူ ၂ ဦးတို့သည် အကျဉ်းထောင်တွင်း ကျန်းမာရေး ဆိုးဝါးနေကြရာ ကျန်းမာရေး စောင့်ရှောက်မှုမရရှိသည့်အတွက် သေဆုံးမှု ဖြစ်ခဲ့ဖူးသည်။

မကြာသေးသော နှစ်များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦးခန့် အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ ကြောင်း နှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ငါးပြားတန်ဦးဏှောက်

ဦးဏှောက်ပြပွဲ တစ်ခု
ကျနော်သွားကြည့်ရှု စဉ်ကပေါ့
ခင်းကျင်းပြထားတဲ့အထဲ
သူတောင်းစား၊ အရူးကြီး၊ ၀န်ကြီး၊
သမ္မတနှင့် သူဌေးသား၊
ကမ္ဘာ့သမိုင်းဝင် ပညာရှင်တို့
အလွှာပေါင်းစုံရဲ့ ဦးဏှောက်၊
အထ္ထုပ္ပတ္တိတွေနှင့် တကွ
တန်ဖိုးတွေပါ ဖေါ်ပြထားတယ်။

ကျနော် တစ်ခန်းခြင်းလိုက်ကြည့်
တစ်ချို့ ကမ္ဘာ့ပညာရှင်တွေရဲ့ဦးနှောက်
ဒေါ်လာ သိန်းသန်း အဖိုးအနဂ္ဂလောက် တန်ရဲ့
ဒီလိုနဲ့ ကျနော်ဆက်ကြည့်
တွေ့မိတဲ့ ပြခန်းတစ်ခု
စာတမ်းပြု ထားတာက
ငါးပြားတန် ဦးဏှောက်ပြခန်း တဲ့

ငါးပြားတန် ဦးဏှောက်ပြခန်း
ဘယ်လိုပြခန်းလဲလို့ ထူးဆန်းလို့ ကျနော်ဝင်ကြည့်
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိ
ကျနော် ဖတ်ကြည့် မိတော့
ဟစ်တလာပင် သူတို့နှင့် မယှဉ်သာ
သေချာတာက
ကမ္ဘာ့ ယုတ်မာမှုပေါင်း သရဖူဆောင်း ဆိုပဲ
ဒီလိုနဲ့ ကျနော် လျှောက်ကြည့်
အခန်းရဲ့ အမြင့်ဆုံးနား
ထူးထူးခြားခြား ကြီးကြီးမားမား
ဦးဏှောက်ကြီးများ ကျနော်တွေ့
သူတို့ရဲ့ စာတန်းကိုပါ လှမ်းတွေ့မိတော့
ကျနော်လှမ်းးနေတဲ့ ခြေလှမ်း
ဘယ်သို့ လှမ်းရမသိ
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိနဲ့ ဒီဂရီ
တန်းစီ ဖေါ်ပြထားတာက
Cynic ၊ Egoist ၊ Egotist ၊ Pessimist ၊ Selfish ၊
Sadist ၊ Eccentric ၊ Argumentative ၊ Sycophant ၊
Prudent ၊ Obdurate ၊ Genocide တဲ့ ။

အားပါးပါး တော်တော်များပဲ
ပြီးတော့ သူတို့တွေရဲ့ ကွန်ယက်တွင်း
သက်ဆင်းမိရင်…အားလုံး
Nothing အပြတ်ရှင်းဆိုပဲ ။
ဒီလိုနဲ့ ၀င်ခဲ့မိတဲ့ ကျနော့်ခြေလှမ်း
အလိုလိုနောက်ပြန်လှမ်းမိ
ပြေးထွက်မိစဉ်
အခန်းထဲက အသံတစ်သံ
ကျနော့ နားထဲ ညံသွားတာက…
” နောက်တစ်ခါဝင်ကြည့်
ငါးပြားတန်ဦးဏှောက်အကြောင်း
မင်း …ကောင်းကောင်းသိစေရမယ်“ တဲ့။ ။

မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်


အပြည့်အစုံဖတ်ချင်ရင်...