May 31st, 2008 by admin
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေကလူတွေကို သူတို့နေရပ်တွေဆီ အချိန်အခါမသင့်သေးဘဲ အတင်းအကျပ်ပြန်ပို့ တာမျိုးကို ကုလသမဂ္ဂအနေနဲ့ အတည်ပြု ထောက်ခံချက်မပေးပါဘူုးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလို လုပ်တာဟာ နောက်ထပ် ဘေးအန္တရာယ်တွေကို ကြုံတွေ့ရစေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မုန်တိုင်းဒဏ်သင့်လူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ တဖြည်းဖြည်း အရှိန်မြင့်လာတာနဲ့အမျှ မုန်တိုင်းဒဏ်သင့်လူထု ကိုယ့်ရပ်ကိုယ်ရွာပြန်ပြီး မိမိတို့ အသက်မွေးဝမ်းကျောင်းဘ၀တွေ ပြန်တည်ဆောက်နိုင်ရေးဟာ အတော့်ကို အရေးကြီးတဲ့ အခြေ အနေမှာ ရောက်နေပြီလို့ ပြောခဲ့သူကတော့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေးရုံး OCHA ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် (Terje Skavdal) ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မိမိသဘောနဲ့မိမိဖြစ်ရမယ်၊ တိုင်ပင်ညှိနှိုင်းဆောင်ရွက်တဲ့ကိစ္စဖြစ်ရမယ်လို့ သူက ထောက်ပြလိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ကတော့ အတင်းအကျပ် နေရပ်ရင်းပြန်ခိုင်းတာမျိုးကို မထောက်ခံပါဘူးတဲ့။
“ဘာထောက်ပံ့မှု၊ ဘာဝန်ဆောင်မှုမှမရှိဘဲ ပြန်ခိုင်းတာမျိုးကို ကျနော်တို့ မထောက်ခံပါဘူး။ လူတွေကို ပြန်လည်နေရာချထားရာ မှာ ကူညီ ထောက်ပံ့ဖို့လိုပါတယ်။ သူတို့နေရပ်တွေဆီ မပြန်ခင်မှာကို ကျေနပ်လောက်ဖွယ်ရာ အခြေအနေတွေ ဖန်တည်းပေးဖို့ လိုပါတယ်။ လူတွေကို အင်အားသုံးပြန်ပို့တာမျိုးကို လုံးဝ လက်မခံပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ကုလသမဂ္ဂ က ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ကျနော်တို့ ဆက်ပြီး စောင့်ကြည့်သွားပါမယ်။” လို့ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ်က ပြော သွားပါတယ်။
ဒါ့အပြင် မကြာသေးခင် ရက်ပိုင်းကမှ မြန်မာနိုင်ငံက ပြန်ရောက်လာခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စ အနုပါမာ ရောင် ဆင်းဂ် (Ms. Anupama Rao Singh) ကလည်း အချိန်အခါ မသင့်ခင် လူတွေပြန်ပို့တာဟာ အတော်လေး အန္တရာယ်ရှိပါတယ်လို့ သတိပေးခဲ့ပါတယ်။
“လူတွေကို အချိန်အခါမသင့်ခင် ပြန်ပို့တာ၊ ပြန်လည်နေရာချထားတာဟာ အတော်လေး စိုးရိမ်ဖွယ်အန္တရာယ်ရှိတယ်လို့ မိမိထင် ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နေရာဒေသ စတုရန်းမိုင် ရာပေါင်း ထောင်ပေါင်းများစွာဟာ လုံးဝ ရေလွှမ်းမိုးနေပါတယ်။ လူ တွေပြန်သွားရင် တကယ့်အန္တရာယ်က ဘာလဲဆိုတော့ သူတို့နေရာတွေမှာ အသက်ကယ် ထောက်ပံ့ဝန်ဆောင်မှုတွေကို မရ တော့မယ့်အခြေအနေပါ။ ဒါ့ကြောင့် မိမိတို့အားလုံးဟာ ရောဂါဘယတွေနဲ့ ကပ်ဘေးတွေကျရောက်မယ့် ဒုတိယလှိုင်းနဲ့ တကယ့် ကို ရင်ဆိုင်ကြရပါမယ်။” လို့ မစ္စအနုပါမာက အလေးအနက် သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရကြား သဘောတူညီမှုတွေ ရရှိခဲ့တာ သီတင်းတပတ်ကြာသွားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂတာဝန်ရှိသူတွေဟာ မြစ်ဝ ကျွန်းပေါ်ဒေသကို လွတ်လွတ်လပ်လပ်နဲ့ မြန်မြန်ဆန်ဆန် သွားရောက်နိုင်ရေးရဲ့ အရေးကြီးပုံကို ဆက်ပြီးတော့ ထောက်ပြ ပြောဆိုနေရဆဲပဲရှိပါသေးတယ်။ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် က -
“နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC က ကျွမ်းကျင်သူတွေအပါအ၀င် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ကျွမ်းကျင်သူတွေ မြစ်ဝကျွန်းပေါ်ဒေသဆီကို ဗျူရိုကရေစီယန္တယား အတားအဆီးတွေမရှိဘဲ မြန်နိုင်သမျှ မြန်မြန် ပိုပြီးတော့ အရေအတွက်များများ သွားနိုင်တာကို ကျနော်တို့မြင်လိုပါတယ်။” လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ၀န်ထမ်းတွေ မြစ်ဝကျွန်းပေါ်ဒေသသွားရောက်နိုင်ရေးအတွက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမယ့် ကာလကို သီတင်း နှစ်ပတ်ကနေ နှစ်ရက်အထိ အစိုးရကလျှော့ချပေးခဲ့ပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် ဘယ်လောက်ကြာမယ် ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
နိုင်ငံတကာကအကူအညီတွေကို မုန်တိုင်းဒဏ်သင့်လူထု ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်ရရှိနိုင်ရေးမှာ အာဏာပိုင်တွေ ကြောင့် နှောင့်နှေးမှုတွေကြုံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကလည်း ရက်အတန်ရှိပါပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေဟာ ဒီအချက်ကို ပွင့်ပွင့်လင်းလင်း ၀န်ခံပြောကြားမှုမရှိပေမယ့် သူတို့ ပြောသလောက် မှာကိုပဲ အဟန့်အတားတွေရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC ရဲ့ အရေးပေါ်အမိုးအကာ ထောက်ပံ့ရေးကဏ္ဍ လုပ်ငန်းညှိနှိုင်းရေး မှူး မစ္စတာ ဂရက်ဂ် မက်ဒေါ်နယ်လ်ဒ် (Mr.Gregg McDonald) က အမိုးအကာတွေဖြန့်ဖြူးနိုင်ရေးဟာ မိမိတို့ကိုပေးထားတဲ့ ခွင့်ပြုချက်အတိုင်းအတာပေါ်မှာ မူတည်နေပါတယ်၊ ဒါပေမယ့် နောက် သီတင်းခြောက်ပတ်အတွင်းမှာ မုန်တိုင်းသင့်လူထုရဲ့ ၄၀ ရာခိုင်နှုန်းဆီကို ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်ထားပါတယ်တဲ့။
“ပြည်တွင်းမှာ ဖြန့်ဖြူးရေးဟာ စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပါသေးတယ်၊ လုပ်ဆောင်နိုင်စွမ်းကလည်း နိမ့်နေဆဲပါ။ ဒါပေမယ့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ အကျယ်ပြန့်ဆုံးကွန်ယက်နဲ့အတူ အဖွဲ့တွေဟာ သွားလာခွင့်တွေ ပိုရလာနေကြပါပြီ။” လို့ဆိုပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ အစိုးရကကြေညာထားတဲ့အတွက် ယူနီဆက်ဖ်အနေနဲ့ မုန်တိုင်းဒဏ်သင့် ကလေးသူငယ်တွေ ပညာသင်နှစ်တနှစ်လုံး လွတ်မသွားစေဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ မစ္စ အနုပါမာကပြောပါတယ်။
“ကလေးသူငယ်တွေအတွက် ပညာရေးဝန်ဆောင်မှုပေးဖို့ ဘယ်လို နှောင့်နှေးမှုမျိုးမဆို၊ ပညာသင်နှစ်တနှစ်လုံး လွတ်သွားနိုင်ခြေ ရှိနေတာမျိုးဟာ ကလေးတွေရဲ့အနာဂတ်အတွက် မကောင်းပါဘူး။ ဒါကြောင့် ပညာရေးဝန်ဆောင်မှုတွေ ပြန်လည် ထူထောင် ရေးကို ဦးစားပေးအဖြစ် မိမိသတ်မှတ်ပါတယ်။” လို့ မစ္စအနုပါမာက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားဘေးဒုက္ခကပ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာဖြစ်ခဲ့တဲ့ အတိုင်းအတာ ပမာဏနဲ့ အတော့်ကို တူတယ်လို့ ဆိုပါတယ်။ လက်တွေ့ လုပ်ကိုင်ရတဲ့အခြေအနေချင်းသာ မတူတာပါတဲ့။ ဒါ့ကြောင့်လည်း ကူညီ ကယ်ဆယ်ရေးအဆင့်ဟာ ပြီးမသွားသေးဘူး၊ နောက်ထပ် လအတော်ကြာ ဆက်သွားရဦးမယ်ဆိုတာကို ကုလသမဂ္ဂ တာဝန်ရှိသူ တွေအားလုံးက ပြောနေကြတာပဲဖြစ်ကြောင်းပါခင်ဗျား။
Yangon.tk မှတင်ပြသည်။
Saturday, May 31, 2008
လေဘေးဒဏ်သင့်သူများ ဆန္ဒမပါဘဲ ရွာပြန်ခိုင်းခြင်း
Posted by Ashin dhamma at 12:10 AM 0 comments
Friday, May 30, 2008
အကြင်နာတွေနဲ့ဖေးကူပါ
အကြင်နာတွေနဲ့ဖေးကူပါ
လေးဖြူ ၊ မျိုးကြီး ၊ ဟယ်ရီလင်း ၊ R ဇာနည် ၊ L လွန်းဝါ ၊ တင်ဇာမော် ၊ ဇမ်နူး ၊ ဆုန်သင်းပါရ် ၊ ကြိုးကြာ နှင့် အခြားတေးသံရှင်များ မေတ္တာဖြင့်သီဆိုထားကြပါသည်
ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘဝတွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘဝဟာ မမြဲခြင်းတရားတဲ့လား
ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘဝတွေ အဆုံးတိုင်ပျက်စီးသွား
(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
(R ဇာနည်) စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ
ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများပမာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘဝတွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘဝတွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘဝတွေ နာကြင်ခြင်း)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘဝတွေ
Posted by Ashin dhamma at 10:18 PM 0 comments
နောက်ဆုံးခေါ်သံ - Final Call and Last Chance
အခုနောက်ဆုံးဝင်လာတဲ့ သတင်းအရ အမေရိကန်က ဆေးသဘောင်္ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုနေသေးတယ်ဆိုတဲ့ သတင်းပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာတွေကို နောက်ဆုံးခေါ်သံလားလို့ တွေးနေမိတယ်။ ဒီနေ့ မနက်မှာ ရောဝတီတိုင်းဖက်က လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။
သူအပြောအရ နအဖ က ဘာဆို ဘာမှ ထိထိရောက်ရောက် မကူညီသေးပါဘူးလို့ ဆိုတယ်။ နှစ်အိမ်ကို အားလူး နှစ်လုံး၊ လူနှစ်ယောက် ကြက်ဥတလုံး နဲ့ ဆန် နှစ်ဗူးဆီသာရပါသေးသတဲ့။ မုန်တိုင်းဆဲပြီးနောက် စစ်တပ်က တပ်ရင်းမှူးနဲ့အဖွဲ့ ရောက်လာတယ်။ ဘာအကူညီမှမပါဘူး။ နောက်တပ်စုတစု လာထားတယ်။ သူတို့ကိုလည်း ရာရှင်တွေ မပေးလိုက်ဘူး။ ဒီတော့ ဒီစစ်သားသုံးဆယ်က ဒုက္ခသည်တွေဆီက ရသမျှ စုဆောင်းထားတဲ့ မရှိမဲ့ ရှိမဲ့လေးကို ကပ်စားသွားပါသေးသတဲ့။ သူထိုင်းဖက်ကို လာရတဲ့အကြောင်းကတော့ သူတို့ အမျိုးတယောက် ထိုင်းမှာ လာအလုပ်လုပ်နေလို့ လာရောက် အကူအညီတောင်းတာပါ။ ကျနော်တို့ သူ့ကိုဘတ် ၂ ထောင်သာ ကူညီလိုက်နိုင်ပါတယ်။
ကျနော်တို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက လူတွေကလည်း အရှုံးနဲ့ အသားကျနေတော့ ရှုံးရင်လုပ်တတ်တယ်။ နိင်ရင်ဘာမှမလုပ်တတ်ဘူး။ အခွင့်အရေးကိုအသုံးမချတတ်ကြဘူး။ ၈ လေးလုံး လူထုတိုက်ပွဲ အမြင့်ဆုံးအချိန်မှာ ကျနော်တို့ အစိုးရဖွဲ့ဖို့ နှစ်ရက်ဆက်တိုက် ကြိုးစားကြတယ်။ အစိုးရ မဖွဲ့နိုင်ခဲ့ကြဘူး။ ဦးနုကို ထောက်ခံလိုက်ကြဖို့ ကျနော်တို့ ကြိုးပန်းချက်တွေဟာ သဲထဲရေသွန်ဖြစ်ရတယ်။ (ဦးနု အစိုးရအဖွဲ့ကို ထောက်ခံဖို့ သေရေး ရှင်ရေးတမျှ အရေးကြီးနေလို့ ကျောင်းသားတွေထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင်တွေကိုပါ အင်တိုက် အားတိုက် ပြောခဲ့ရတဲ့အတွက် အလွန်ပင်ပန်းသွားတယ်။ အစည်းအဝေးပြီးတော့ ဘာမှ မဖြစ်လာတဲ့အတွက် လူက အရုပ်ကြိုး ပြတ်ဖြစ်သွားတယ်။ အစည်းအဝေးတွေမှာ အရမ်းစကားပြောရတဲ့အတွက် အသလို ဖြစ်သွားခဲ့ရတယ်။ ကျနော် စကားပြောရင် ထစ်ထစ်သွားတယ်။ ကျနော့်ကိုယ်ကျနော် လန့်သွားပါတယ်။ ကိုဇော်မင်း (ဒေါက်တာဇော်မင်း)ကို သွားပြရတယ်။ သူက ကျနော်ကို ဂလူးကို့စ် ကုန်သွားတယ်လို့ ပြောပါတယ်။ ဂလူးကို့စ် နှစ်လုံးဆက်တိုက်သွင်းပြီး နှစ်ရက် နားခဲ့ရတာကို ခုထိမှတ်မိသေးတယ်။)
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နိုင်တယ်။ လုပ်ရမှာက ပါလီမန်ခေါ် အစိုးရချက်ခြင်းဖွဲ့ ဒါပဲရှိတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်မလာခဲ့ပါဘူး။ ၂၀၀၈ - အခြေခံဥပဒေ ကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်တယ်။ ကိုခွန်မြင့်ထွန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကျနော်ကို ဘယ်လို သဘောထားလဲလို့ မေးတော့ - ကျနော်က ဆန္ဒ ခံယူပွဲမှာ ကျနော်တို့ ရှုံးမှာကို မပူပါဘူး။ နိုင်မှာကိုပဲ ပူတယ်။ သူက ရီပါတယ်။ ဘာဖြစ်လို့လည်းလို့မေးတော့ ကျနော်တို့က ရှုံးတာနဲ့ အသားကျနေပြီ။ နေတတ်နေပြီ။ ရှုံးရင်ဘာ ဆက်လုပ်ရမလဲကို သိကြတယ်။ နိုင်ရင်တော့ ဘာမှ ဆက်မလုပ်တတ်ကြတဲ့အတွက် နိုင်မှာကို ပူတယ်လို့ ပြောခဲ့ပါတယ်။
၂၀၀၈ - နာဂစ်မုန်တိုင်းဟာ ဒုက္ခတွေကိုပဲ သယ်လာတာမဟုတ်ဘူး။ အခွင့်အလမ်းတွေကိုလည်း သယ်လာတယ်လို့ ကျနော်မြင်တယ်။ အမေရိကန်သဘောင်္ပေါ်မှာ Food တခုတည်း မဟုတ်ဘူး Freedom
လည်း ပါလာပါတယ်။ အခွင့်အလမ်းကို အရယူတတ်ကြရမယ်။ အချိန်ကောင်းကို တွက်ချက်တတ်ရမယ်။
အရေးကြီးတာက ကိုယ်ဘာလုပ်ရမလည်းဆိုတာ သိကြဖို့ လိုတယ်။
ပြည်တွင်း အင်အားစုတွေက ကယ်ဆယ်ရေးထဲမှာ စုပြုံပြီးရောက်နေတာ မှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့
အပျက်အစီးက သိပ်ကြီးလွန်းနေတယ်။ ရန်ကုန်က တက်ကြွသူတွေ အားလုံး သွားကူရင်တောင်မလောက်ဘူး။
နောက်ပြီိး ဘယ်နှစ်ကြိမ်သွားနိုင်မှာလဲ။ ရန်သူက ခွင့်ပေးနေရင်တောင် ခြေကုန်လက်ပန်းကျသွားနိင်တယ်။
နောက် ပြည်ပရောက်နေတဲ့ မြန်မာတွေက ဘယ်နှစ်သန်းဖိုး ကူညီနိုင်မှာ မို့လို့လည်း။ အခု ပင်လယ်ထဲ ရောက်နေတဲ့ စစ်သင်္ဘောတွေပေါ်မှာသာ အလုံအလောက် အစားစာတွေရှိတယ်။ လူအင်အားရှိတယ်။ တကယ် နားလည်တဲ့ သူတွေပါလာတယ်။
ဒီတော့ ငါဒို့အလုပ်က ဘာလဲ။ ငါဒို့အလုပ်က ဘာလဲ? ငါဒို့အလုပ်က ဆန္ဒပြပွဲတွေကို ဖော်ထုတ်ရမယ်။ ရန်ကုန်မြို့ကို Chaos ဖြစ်အောင် ဖန်တီးရမယ်။ သံရုံးတွေရှေ့ ဆန္ဒပြ။ အစာပေးပါ။ ရေပေးပါတောင်း။ အသက်ရှင်သန်ခွင့်ကိုတောင်း ကိုယ့်ကိုကူညီမဲ့သူတွေ ၀င်ရောက် ပတ်သက်လာအောင်လုပ်။ ဒါပဲ။
တော်လှန်ရေးက ဘာဖြစ်နေလဲဆိုတော့ Revolution Without Rebels ဖြစ်နေတယ်။ နအဖက ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တိုက်နေတာ မဟုတ်တော့ဘူး။ မီဒီယာတွေနဲ့ စစ်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ တော်လှန်ရေး သမားတွေက မရှိတော့ဘူးကိုး။ ဒီမှာ တွေ့နေရတာတွေကတော့ ပရောဂျက်လူးရှင်း ဖြစ်နေကြပြီ။ ဖွံ့ဖြိုးရေး သမားတွေ ဖြစ်နေကြတယ်။ ဘယ်သူကမှ တော်လှန်ရေးအကြောင်း၊ တိုက်ပွဲအကြောင်း၊ လက်နက်တွေ စုဆောင်းကြဖို့အကြောင်း မပြောကြတော့ဘူး။ ပြောရင်လည်း မကြိုက်ကြတော့ဘူး။
နိုင်ငံခြားက မြန်မာတွေကလည်း လွတ်မြောက်ရေးအကြောင်း ပြောပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အင်အားတွေကို ကူညီဖို့ မပြောဘူး။ ကျနော်တို့ မုန်တိုင်းဖြစ်ကတည်းက ပြည်တွင်းလှုပ်ရှားမှုအတွက် ဒေါ်လာ ၁၆၆၅ သာ ရရှိဘူးသေးတယ်။ သန်းနဲ့ချီပြီး အကူညီတွေရတဲ့ အဖွဲ့တွေရတယ်။ သိန်းနဲ့ချီပြီး ရတဲ့သူတွေ ရတယ်။ ဒါပေမဲ့ တိုက်နေတဲ့ ပြည်တွင်းက ရဲဘော်တွေကတော့ ခြေဗလာပဲ ကိုယ်ထမင်းကိုယ်စားပြီး ရဲရဲတောက် ဆန္ဒပြနေတဲ့ ပုံတွေတွေ့ရတော့ ဘယ်လို ကြည်ညိုမှန်း မသိဘူး။ ကျနော်တို့ တော်လှန်ရေးက Revolution without rebels သာဖြစ်နေပေမဲ့ ခေါင်းဆောင်တွေကတော့ ရိုက်သတ်ရင် လက်ညောင်းသွားမယ်။ သောက်ပါးစပ်တွေ ပြောလိုက်တဲ့ နိုင်ငံရေး။ ပြောလိုက်တဲ့ ပေါ်လစီ။ ဒီကြားထဲ အမေရိကန်က ၀င်တိုက်တာ မလိုချင်ဘူးဆိုတဲ့ သောက်သံတွေက ထွက်လာလိုက်သေးတယ်။ သူတို့ကြည့်တော့လည်း ဒေါသထွက်လို့တောင် သေနတ်တချက် မဖောက်ဘူးကြတဲ့ သူတွေချည်းပဲ။ ကြွက်သေဖို့အရေးမှာ ကြောင်နီခုတ်မှ ကြောင်ပြာခုတ်မှ လုပ်နေသေးတယ်လေ။
ကဲ... ရဲဘော်တို့ ဒို့ဘာဆက်လုပ်ကြမလဲ။ အမေရိကန်ကတော့ ဆေးသင်္ဘော ၀င်ခွင့်ပြုပါလို့ နောက်ဆုံး ခေါ်သံ ပေးနေပြီ။
မိုးသီးဇွန်
ဆုံဆည်းရာမှတင်ပြသည်။
Posted by Ashin dhamma at 6:38 PM 0 comments
Our Helping Hands to Burmese Nagis Survivors - Various Artists - Songs
Posted by Ashin dhamma at 6:16 PM 0 comments
ကယ်ဆယ်ရေးပစ္စည်း မဝေသည့် ရယကဥက္ကဋ္ဌအရိုက်ခံရ
ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်အတွင်း ရယက ဥက္ကဋ္ဌတဦးကို ရပ်ကွက်သားများက ၀ိုင်း၍ ရိုက်နှက်ခဲ့ ကြောင်းသိရသည်။
ယမန်နေ့ည (၇) နာရီခန့်က အဆိုပါ ဥက္ကဋ္ဌ နေအိမ်အတွင်း ၀င်၍ ရပ်ကွက်မှ လူငယ် (၃၀) ခန့်က ဥက္ကဋ္ဌနှင့် ၎င်း၏ မိသားစုများကို ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက်၏ မျက်မြင်သက်သေတဦးက ပြောသည်။
အကြောင်းမှာ နာဂစ်မုန်တိုင်းဒဏ်သင့် အိမ်များအတွက် ရပ်ကွက်အလိုက် ချပေးသော သွပ်၊ သံ အပါအ၀င် ထောက်ပံ့ရေး ပစ္စည်းများကို အိမ်ပေါ်တွင် မိမိတို့ ပစ္စည်းအဖြစ် ထားရှိကာ မျှဝေမပေး သည့်အတွက် ဖြစ်ကြောင်းသိရသည်။
“ရပ်ကွက်မှာ သွပ်တွေကို မဲဖောက်တယ်။ အမှန်ဆိုရင် ပျက်စီးတဲ့ အိမ်တိုင်းအတွက် ဒီထောက်ပံ့ ရေးပစ္စည်းတွေကို ပေးရမှာပဲ။ ခုတော့ မောင်ပိုင်စီးတယ်။ ဒါကြောင့် မကျေမနပ်ဖြစ်နေတာကြာပြီ” ဟု အဆိုပါ ရပ်ကွက်သားတဦးက ပြောသည်။
“ကျနော်တို့ ရပ်ကွက်မှာချည်း မဟုတ်ဘူး။ ဒီလိုမျိုး လုပ်တာတွေက ရပ်ကွက်တိုင်းမှာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုဖြစ်ပျက်ခဲ့သော ရပ်ကွက်မှာ သုဝဏ္ဏမြို့အပိုင်၊ (၂) ရပ်ကွက်ဖြစ်ပြီး ဥက္ကဋ္ဌ အမည်မှာ ဦးတင်ထွဋ် ဖြစ်ကြောင်း၊ ၎င်းသည် ယခုအခါ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသ နေရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းသိရသည်။
ခေတ်ပြိုင်မှတင်ပြသည်။
Posted by Ashin dhamma at 7:49 AM 0 comments
ရန်ကုန်ရှိ ကျောင်းသားမိဘများ ကျောင်းအပ်ကြပြီ
အခြေခံပညာကျောင်းများတွင် ယခုနှစ်ကျောင်းအပ်နှံကြသော ကျောင်းသူကျောင်းသားများအား ရန်ကုန်မြို့လယ်ရှိ ကျောင်း အများစုက မည့်သည့် အခကြေးငွေမျှ ဖြတ်တောက်ရယူခြင်း မရှိကြောင်းနှင့် တချို့သော မြို့ ဆင်ခြေဖုံးကျောင်းများတွင် အခကြေးငွေတချို့ကို ကတိကဝတ်ဖြင့် ယူနေကြောင်း ကျောင်းသား မိဘများက ပြောသည်။ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အထက်တန်းကျောင်း တကျောင်းတွင် သားသမီး ၃ ဦးကို ကျောင်းအပ်ခဲ့သည့် ကျောင်းသား မိဘ မိခင်တဦးက ကျောင်းသားတဦးလျင် ကျောင်းဝင်ကြး ၁၅၀၀ ကျပ်ကိုပေးခဲ့ရပြီး ကျောင်းဝတ်စုံ ဝယ်ယူရန်နှင့် နာဂစ် မုန်တိုင်း လေဘေးအတွက် အလှူငွေထည့်ရန် ကျောင်းတာဝန်ရှိသူများက ကတိကဝတ် ပြုခိုင်းသည်ဟု ပြောသည်။
“ကျောင်းဝင်ကြေးက ၁၄၀၀ ပါ၊ အကြွေမရှိလို့ ၁၅၀၀ ဖြစ်သွားတာ၊ သမီးတွေအပ်တုန်းကတော့ မပေးရသေးဘူး၊ သားကြီး ၉ တန်း ကျောင်းသားကိုအပ်တော့မှ လေဘေးအတွက် ထည့်ခိုင်းလို့ ၂၀၀၀ ထည့်ပါ့မယ်လို့ လက်မှတ်ထိုး ကတိပြုခဲ့ရတယ်၊ ဘာဖြတ်ပိုင်းမှ မပေးဘူး၊ ပါးစပ်နဲ့ပဲ၊ ကျောင်းတက်တော့မှ ကိုယ့်အသိစိတ်ဓာတ် နဲ့ ကိုယ့် ကျောင်းမှာ ကိုယ်လိုအပ်တာတွေ အကုန် ဝယ်ပါ ဖြည့်ပါလို့လည်း ပြောတယ်၊ ကျောင်းတက်တော့မှ ပိုက်ဆံ တောင်းမယ်နဲ့ တူပါတယ်၊ စာအုပ်ဖိုး ဟိုကြေး ဒီကြေးတွေတောင်းမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
၁ တန်းနှင့် ၃ တန်း တက်ရောက်ရန် ကျောင်းအပ်နှံခဲ့သော သမီး ၂ ဦး အတွက် ယခုနှစ် ကျောင်းဝတ်စုံ အသစ်များ ပြောင်း လဲမည်ဖြစ်သောကြောင့် ဝတ်စုံဝယ်ရန် တာဝန်ရှိသူများက စာရင်းတောင်းသည်ဟုလည်း သိရသည်။
“အခု ဒီနှစ် စိတ်ပျက်စရာကောင်းတာက ကျောင်းယူနီဖောင်းတွေ လဲပစ်တာပဲ၊ အသစ်တွေလဲတာ၊ မနှစ်ကမှ ၃ စုံ ၄ စုံ ဝယ်ပေးထားတာ၊ အခု တခါ ထပ်ပြောင်းပြန်ပြီဆိုတော့ ညီအစ်မ ၂ ယောက်ဆို တယောက် ၃ စုံလောက်၊ မိုးတွင်းဆို မလွယ်ဘူးလေ၊ အကုန်လုံးလဲရတာ စရိတ် မသက်သာဘူး၊ အခုပုံစံက စကတ်နဲ့ အင်္ကျီဖြစ်သွားပြန်ပြီ၊ မနှစ်က အင်္ကျီအဖြူ ပေါ်မှာ အပေါ်က ဂါဝန် အစိမ်းထပ်တဲ့ပုံစံ၊ တစုံကို သမီးအကြီးအရွယ်ဆို ကျပ် ၆၀၀၀ ၊ အငယ် ဆို ရင် ၅၅၀၀ ၊ မနှစ်က လည်း အဲဒီလိုပဲ ရောင်းတာ၊ သူတို့ဆီမှာပဲ ဝယ်ခိုင်းတာ၊ အခု စာရင်းတွေ အတင်း ပေးခိုင်း နေတယ်”ဟု လည်း အထက်ပါ ကျောင်းသားမိဘ မိခင်က ပြောဆိုသည်။
ယခုနှစ်ကျောင်းအပ်ရာတွင် စာအုပ်စာတန်းကြေးနှင့် တခြားသော အထွေထွေကြေးများ မကောက်ခံသည်ကို အံ့သြမိ သော်လည်း ဝမ်းမသာနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနှစ်က လူအများစု ဒုက္ခဖြစ်နေကြတာဆိုတော့ အရမ်းတော့ ပိုက်ဆံ မကောက်ရဲဘူးပေါ့၊ ဒါပေမယ့် ယူနီဖောင်း ပြောင်း လိုက်တာတို့ ဘာတို့တော့လုပ်တာပေါ့၊ ကျောင်းဖွင့်မှ အကုန်တောင်းမယ် ထင်တယ်၊ ပြီးတော့ အလှူငွေ မကောက်ရလို့ ရစ်တာတွေရှိသေးတယ်၊ အမျိုးတယောက် ရပ်ကွက်ထဲက ကျောင်းတကျောင်းမှာသွားအပ်တာ လက်မခံဘဲ ရစ်နေတာ ၃ ရက်လောက်ရှိပြီ၊ မွေးစာရင်းတို့ သန်းခေါင်စာရင်းတို့ အထောက်အထားအပြည့် အစုံ ပါတာကို ရစ်တာ၊ အလှူငွေမှ မရတာ၊ ကလေးက အသက် ၉ နှစ်၊ သူငယ်တန်း အပ်တာ”ဟုလည်း ဆိုသည်။
ယခင်နှစ်များကဆိုပါလျင် မူလတန်းအဆင့် သူငယ်တန်းအတွက် ကျောင်းစအပ်ရာတွင် အပ်သည့်ကျောင်း၌ ညီအစ်ကို မောင်နှမများရှိပါက ကျပ် ၃ သိန်း ခန့် ကုန်၍ မရှိလျင် ကျပ် ၅ သိန်း မှ ၁၀ သိန်းခန့်အထိ ကုန်ကျကြောင်း သိရသည်။
“တချို့တတ်နိုင်တဲ့ ကျောင်းသားမိဘတွေ ကိုယ်တိုင်ကိုက ကိုယ့်စာရင်း ကိုယ်ရေးပြီး ပိုက်ဆံတွေထည့်ကြတာ မျိုးရှိတယ်၊ မြို့ဆင်ခြေဖုံး ရပ်ကွက်ထဲက ကျောင်းတွေကတော့ အဲဒီလောက်မကုန် ဘူးပေါ့၊ ဒါပေမယ့် ၂ သောင်း တို့ ၅ သောင်းတို့ လောက်တော့ ပေးရတာ ချည်းပဲ”ဟု ကျောင်းသားမိဘ မိခင်က ပြောပြသည်။
ရန်ကုန်မြို့လယ်ရှိ စာသင်ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသားများကို ကျောင်းစတင်အပ်သည့် အချိန်တွင် မည်သည့်ငွေကြေးမှ မကောက်ခံသော်လည်း တချို့ကမူ ကျောင်းဝတ်စုံ ဝယ်ခိုင်းကြောင်း သိရသည်။
“ဗိုလ်တထောင် အထက ၄ မှာ ဂါဝန် ဝတ်စုံရောင်းတယ်၊ ကိုယ်လိုသလောက် တစုံ၊ ၂ စုံ ဝယ်လို့ရတယ်၊ ဝတ်စုံ က ကျပ် ၄၅၀၀ ရှိတယ်၊ မူလတန်းဝတ်စုံ၊ ဘယ်နှစုံဝယ်လို့ သတ်မှတ်မထားဘူး၊ အပြင်ဝတ်စုံက ၂၃၀၀ လောက် ပဲရှိတယ်၊ ဒါပေမယ့် ကျောင်း တဆိပ်ပါမှဆိုတော့ ကျောင်းက အနည်းဆုံး တစုံတော့ ဝယ်ရတာပေါ့၊ ကျောင်းဝင် ကြေးမပေးရဘူး၊ ကတိကဝတ် ပြုရတာမျိုးလည်း မရှိဘူး” ဟု ဗိုလ်တထောင်မြို့နယ်မှ ကျောင်းသား မိဘ တဦးက ပြောဆိုသည်။
ကျောက်တံတားမြို့နယ် မူလတန်းကျောင်းတွင် “အခမဲ့ ကျောင်းအပ်နိုင်သည်”ဟူသော ဆိုင်းဘုတ်ပင် ထောင် ထားကြောင်း နှင့် ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တို့တွင် ကျောင်းအပ်ခ မည်သည့်ငွေကြေးမျှ မပေးရကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။
“ဟုတ်တယ် ကျောင်းမှာ ဆိုင်းဘုတ်နဲ့ကို ရေးထားတာ၊ အခမဲ့ ကျောင်းအပ်နိုင်သည် ဆိုပြီးတော့လေ၊ ကျောင်း ဖွင့်မှ အကုန်ပေးရမလား မသိဘူး”ဟု ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ မူလတန်း ကျောင်းသား မိဘ တဦးက ပြောသည်။
ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တွင် စတုတ္ထတန်းတက်ရောက်ရန် သွားရောက်အပ်နှံခဲ့သော ကျောင်းသား မိဘတဦးကလည်း“ကုန်ကျစရိတ် လောလောဆယ်ဘာတခုမှ မကောက်သေးဘူး၊ မိဘဆရာ အသင်းကြေးတွေလည်း ဘာတခုမှ မဖြတ်သေးဘူး၊ ကျနော်ကြားတာတော့ နောက်မှ ကျသင့်ငွေတောင်းမယ်တဲ့၊ ကျောင်းဖွင့်တော့မှပေါ့”ဟု ပြောဆိုသည်။
ယမန်နှစ်က အလှူငွေကောက်ခံမှုနှင့်ပတ်သက်ပြီး အခြေခံပညာကျောင်းပေါင်း ၄၀ ကျော်ကို အခြေခံပညာ ဦးစီး ဌာန က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) သည် အဆိုးဆုံး ဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေးကာလကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ် လက်ခံစဉ် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါကတိုင်ကြားနိုင်သော တယ်လီဖုန်းနံပါတ်များပါဝင်သည့် ကြေညာချက် ကို ၂၀၀၇ ခုနှစ် မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:59 AM 0 comments
ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ
အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။
အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။
တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။
နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:57 AM 0 comments
မြို့ပေါ်ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီး နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များကို နယ်သို့သွားခွင့်မပြု
စစ်အစိုးရအာဏာပိုင်များက လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည်ပြည်သူများ အခက်အခဲ ကြုံနေရသည်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ယမန်နေ့က ပိတ်လိုက် ပြီးနောက် ငပုတောမြို့နယ်၊ ပျဉ်ခရိုင်ချောင်းဝသို့ သွားရောက်မည့် ဖိလစ်ပိုင်နိုင်ငံမှ ကယ်ဆယ် ရေးဆရာဝန်များအဖွဲ့ကို အာဏာပိုင်များက ခွင့်မပြုကြောင်း ပုသိမ်မြို့မှ ဆရာဝန်တဦးက ယနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပုသိမ်မှာ ရောက်နေတဲ့ ဖီလစ်ပိုင်ကယ်ဆယ်ရေးဆေးအဖွဲ့ဆိုရင် (၂၇) ရက်နေ့ကတည်းက ရောက်နေတာ၊ မနေ့က နေ့လည်(၁၂)နာရီလောက်မှာ ဘာဖြစ်လာလဲဆိုတော့ ဧရာဝတီတိုင်းရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းက သွားလို့မရဘူးလို့ပြောလိုက်တယ်၊ သူတို့လည်း ပုသိမ်ကနေ လှည့်ပြန်ရမယ်ဆိုတော့ အားလုံးစိတ်ညစ်သွားကြတယ်” ဟု ပြောသည်။
အဆိုပါ ဖိလစ်ပိုင်အဖွဲ့တွင် ဆရာဝန်နှင့် အင်ဂျင်နီယာများ (၃၀)ဦးခန့် ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်း၊ ဆေးဝါးများ ကုန်ကားနှစ်စီးဖြင့် တင်ဆောင်လာကာ ပုသိမ်မြို့မှာပင် ရပ်ထားရသည်ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။
ယခုလာရောက်သည့် ဖိလစ်ပိုင်မှ အဖွဲ့သည် နိုင်ငံတကာတွင် ဒုက္ခသည်များအား ကယ်ဆယ် သည့်လုပ်ငန်း အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများဖြစ်သည့်အတွက် ခရီးသွားလာခွင့်မရသည့် အတွက် ဒုက္ခသည်များအတွက် ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟုဆိုသည်။
ပုသိမ်မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်း (၄) ခုမှ ဒုက္ခသည်များကို အာဏာပိုင်များက နေရပ်သို့ ပြန်ရန်နှင်ထုတ်ကာ ပိတ်လိုက်သည့်အတွက် ဒုက္ခသည် (၃,၀၀၀) ကျော်ခန့်သည် ဘုန်းကြီးကျောင်းများတွင် ကပ်နေရပြီး အခက်အခဲများ ကြုံနေရသည်။
ပုသိမ်မြို့ပေါ်မှ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “မြို့ပေါ်က စခန်းတွေအားလုံးမှာ ကျနော်တို့ လေဘေးကယ်ဆယ်ရေး ဆေးခန်းတွေဖွင့်ထားတာရှိတယ်၊ ကျနော်တို့သွားတော့ ပိတ်လိုက်ပြီ ဆရာဆိုပြီး ပြန်ခိုင်းတာ၊ သူတို့ပြောတာက အမိန့်အတိုင်းဘဲ ပိတ်ဆိုပိတ်လိုက်ရတာ လို့ပြောတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။
ငပုတောမြို့နယ်တွင် ဆေးခန်းများသွားရောက်ဖွင့်ထားကာ လေဘေးသင့်ပြည်သူများကို အခမဲ့ ဆေးဝါးကုသ အကူညီပေးနေသည့်အဖွဲ့မှ ဆရာဝန်တဦး၏ ပြောဆိုချက်အရ (၁၅၀,၀၀၀) ခန့်ရှိ သည့် လေဘေးဒုက္ခသည်များမှာ အာဏာပိုင်များလုပ်ဆောင်သည် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်းနှင့် ပုဂ္ဂလိကအလှူရှင်များအား ကန့်သတ်ထားမှုများကြောင့် တနေ့ထက်တနေ့ ပိုမိုဒုက္ခရောက်နေရသည်ဟု ဆိုသည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:55 AM 0 comments