Friday, July 10, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ်




Friday, 10 July 2009 20:08 ကိုစိုး

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပရန်တင်ထားသော သက်သေဖြစ်သည့် ဒေါ်ခင်မိုးမိုးကို ယနေ့ အင်းစိန် ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးရာ ရုံးချိန်းတွင် ယင်းသို့ နောက်ဆုံးလျှောက်လဲရန် ချိန်းဆို လိုက် ခြင်းဖြစ်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

“ဒီနေ့ ဒေါ်ခင်မိုးမိုး တဦးတည်း၊ မနက် ၁၀ နာရီက စ စစ်တယ်၊ ၁၂ နာရီနဲ့ ၁ နာရီကြား နားတယ်၊ ည နေ ၅ နာရီမှ ပြီးပါတယ်၊ အဓိကက တော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှိတယ်ဆိုတာကို ဥပဒေတွေ၊ ညွန်ကြား ချက်တွေ၊ တရားရုံးစီရင်ချက်တွေ နဲ့ ဒီလိုမေးတာပါ၊ အဲဒါပဲ တောက်လျှောက်မေးတာ အချိန်ကုန်တာပဲ၊ တကယ် တော့ ကျနော်တို့က ၇၄ ဖွဲ့စည်းပုံ ဥပဒေ မရှိဘူးလို့ ဆိုတာကို ပြန်ချေပတာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြ သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“ဒေါ်ခင်မိုးမိုးရဲ့ထွက်ဆိုချက်တွေက ကောင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းစဉ်က အလုပ်သမားဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ထိန်း သိမ်းတယ်လို့ ကမ္ဘာသိကြေညာတယ်ဆိုတာ သူ ထည့်ပြောတယ်”ဟုလည်း ပြောဆိုသည်။

ဒေါ်ခင်မိုးမိုးက ၎င်းအား ကြားနာရန် ယခင် ဇူလိုင် ၃ ရက်မှ ယနေ့သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့်ပတ်သက်ပြီး ဗဟို တရားရုံးမှ အမှုတွဲ ပြန်မရောက်သေး၍ဟူသော စစ်အစိုးရဘက်က ကြောင်းပြချက်သည် သဘာဝ မကျကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးက ချိန်းဆိုခဲ့သော်လည်း ဇူလိုင် ၃ ရက်နေ့သို့ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခဲ့သည်။ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်တင် အမှုတွဲသည် ဗဟိုတရားရုံးသို့ တက်နေဆဲဖြစ်ပြီး ယင်းဗဟိုတရားရုံးမှ အမိန့် မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ တတိယအကြိမ် အဖြစ်ထပ်မံချိန်းဆိုရကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်း ပြည်နယ်တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့် အချိန်တိုင်း တောင်ကြီးမြို့မှ ရန်ကုန်သို့ လာရောက်ရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့ ၃ ဦးကို အင်းစိန် ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ၎င်းတို့ သဘောဖြင့် ရုပ်သိမ်းကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

http://www.irrawaddy.org/bur/

0 comments: