Friday, July 31, 2009

ဘယ်လိုရှောင်ရှောင် မလွတ်တော့ဘူး

ဒေါ်အောင်ဆန်းစုကြည်းအား အမိန့်ချမည့်ရက် ရွှေ့ဆိုင်းလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ဟံသာဝတီ) ဦးဝင်းတင်က စစ်အစိုးရအနေဖြင့် မတရားလုပ်ကြံနေမှုသာဖြစ်ပြီး ယင်းကိစ္စအား ရှောင်လွှဲ၍ မလွတ်တော့ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ အင်းစိန်ထောင်ရှေ့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရက်ချိန်းရွှေ့လိုက်ခြင်းအပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ဘယ်လိုရှောင်ရှောင် သိပ်မလွတ်တော့ဘူး၊ လူထုက တော်တော် ဒေါသဖြစ်နေကြပြီ၊ မီဒီယာတွေက ပြောနေတာရော ပြည်သူတွေကိုယ်တိုင်ကပါ တီရှပ်တွေ၊ ဓါတ်ပုံတွေ ဝေတဲ့အခါကျတော့ တပြည်လုံးအတိုင်းအတာ အုန်းအုန်းကျက်ကျက်ကို ဖြစ်နေပြီ၊ သူတို့ရှောင်လို့ရမယ်ဆိုရင် ရှစ်လေးလုံးနေ့ပဲ ရမယ်၊ လူတွေစိတ်ထဲမှာရှိတဲ့ ဒေါသတွေ၊ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်တွေကို ဘယ်နေ့လုပ်လုပ် ရှောင်လို့မရဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ယခုလိုရက်ချိန်း ရွှေ့ပြောင်းလိုက်ခြင်းသည် ရှစ်လေးလုံးနှစ်ပတ်လည်နှင့် နီးကပ်လာသည်သဖြင့် ရွှေ့ဆိုင်းသွားသည်ဟု ထင်မြင်ကြောင်း၊ သူ့အား သွားလာခွင့်ပိတ်ပင်ထားသည်ဆိုသည့် သတင်းမှာ မမှန်ကန်သော်လည်း အင်းစိန်လမ်းမရှေ့ကို တားဆီးပိတ်ပင်ထားသဖြင့် အင်းစိန်ထောင်အနီးသို့ နောက်ဖေးလမ်းကြားမှ ယနေ့ ရောက်အောင်သွားခဲ့ရသည်ဟု ဆရာဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ အမိန့်ချရန် ရက်ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းတင်၏ နောက်ထပ် ထင်မြင်ချက်တခုမှာ “ရဟန်းသံဃာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူးဆိုရင် ပြည်တွင်းမှာ သံဃာလှုပ်ရှားမှုတွေ လုပ်မယ်၊ ကျောင်းသားလူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရင် ကျောင်းသားလှုပ်ရှားမှုတွေ လုပ်မယ်၊ ဖိလစ်ပိုင်သမ္မတနဲ့ အိုးဘားမားတို့ တွေ့တဲ့အခါကျတော့လည်း ဒီကိစ္စကို ရှေ့တမ်းတင် ဆွေးနွေးတယ်ဆိုတော့ စစ်အစိုးရက သူတို့အဖို့ ပြည်သူရဲ့ဖိအား၊ ကမ္ဘာအသိုင်းအဝိုင်းရဲ့ ဖိအားတွေဟာ အလွန်ကို ကြီးမားနေတဲ့အတွက် သူတို့ ပြန်ပြီး စဉ်းစားဖို့ အချိန်ရအောင် လုပ်တာပဲလို့ ယူဆတယ်” ဟု ပြောသည်။

ယခုလက်ရှိ နိုင်ငံရေးအကြပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၍ တွေ့ဆုံဆွေးရန် လိုအပ်ကြောင်း၊ ကျောင်းသားနှင့် လူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုနေမှုများကို ဆုပ်ကိုင်ပြီး တုန့်ပြန်ရန်၊ ယင်းဆုပ်ကိုင်ချက်အတိုင်း မားမားမတ်မတ် ရပ်တည်ပါက စစ်အစိုးရသည် မကြာမီ ပြုတ်ကျသွားမည်ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။

http://www.yoma3.org/

0 comments: