Friday, June 26, 2009

ဝါဆိုသံဃာတော်များကို ကိုယ်ရေးအတ္ထုပ္ပတ္တိတောင်းယူ

မင်းနိုင်သူ / ၂၆ ဇွန် ၂၀၀၉
line


ရန်ကုန်ကျောင်းတိုက်များတွင် ၀ါဆိုမည့်သံဃာများအား သာသနာရေးဦးစီးဌာနက ကိုယ်ရေးအတ္ထုပ္ပတ္တိများ တောင်းယူနေကြောင်း ဗဟန်းမြို့နယ်မှ သံဃာတော်တပါးက မိန့်ဆိုသည်။

“ဦးဇင်းတို့တင်မကဘူး။ ကိုရင်တွေ၊ ကျောင်းသားတွေကအစ ကျောင်းတိုက်တွင်း နေသူမှန်သမျှရဲ့ ကိုယ်ရေးရာဇ၀င် တွေကို တောင်းနေတာ။ အရင်နှစ်တွေကလို မဟုတ်တော့ဘူး” ဟု သံဃာတော်က မိန့်ဆိုသည်။

ယခုနှစ် ရန်ကုန်၌ ၀ါဆိုမည့်သံဃာတော်များအနေဖြင့် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို ပုံစံတွင် ဖြည့်စွက်ကြရပြီး ကျောင်းထိုင်ဆရာတော်များက တာဝန်ခံလက်မှတ်ထိုးပေးကာ သာသနာရေးဦးစီးဌာနသို့ ပေးအပ်ကြရကြောင်း သိရသည်။

“ကျောင်းတိုက်ကို ဆိုင်ကယ်နဲ့ ဒကာနှစ်ယောက်ရောက်လာတယ်။ တယောက်က သာသနာရေးက၊ တယောက်က သတင်းတပ်ဖွဲ့က။ ကျောင်းတိုက်မှာ ၀ါဆိုမယ့် သံဃာတော်တွေ ဒီဖောင်တွေမှာ ဖြည့်ထားပေးပါ။ တပည့်တော်တို့ ခဏနေမှ ပြန်လာယူမယ်ဆိုပြီး ထွက်သွားကြတယ်။ ကြည့်လိုက်တော့မှ ၀ါဆိုခွင့်ပုံစံတွေ ဖြစ်နေတယ်။ ဘုန်းကြီးတွေ ၀ါဆိုတာတောင် လွတ်လွတ်လပ်လပ်မဆိုရတော့ဘူးဗျာ” ဟု တာမွေမြို့နယ်မှ သံဃာတော်တပါးက မိန့်သည်။

ယခုလအစောပိုင်းကလည်း သာသနာရေးဝန်ကြီးဌာနက သံဃာတော်များ ပြည်ပထွက်ခွာခွင့်အတွက် ထောက်ခံစာ ပေးမှုများကို ရပ်တန့်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် သံဃာတော် (၄) သိန်းကျော်ရှိသော်လည်း ၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးချိန်မှစ၍ နအဖစစ်အစိုးရက သံဃာတော်များအပေါ် ဖမ်းဆီးနှိပ်စက်မှုများပြုနေခြင်းကြောင့် သံဃာဦးရေ လျော့ပါးလာနေ သည်ဟု တာမွေသံဃာတော်က မိန့်ဆိုသည်။

“မြန်မာနိုင်ငံမှာ သံဃာဦးရေနဲ့ စစ်သားဦးရေက အညီအမျှလိုဖြစ်နေတယ်။ အဲဒါကို သူတို့က သဘောမတွေ့ဘူး။ စက်တင်ဘာအရေးအခင်းပြီးကတည်းက သံဃာဦးရေ လျော့ကျရေးအတွက် နည်းပေါင်းစုံနဲ့ လုပ်နေတာ။ သံဃာတွေမှာ ဘုရားချပေးခဲ့တဲ့ ၀ိနည်းအပြင် နအဖထင်သလိုထုတ်တဲ့ ဥပဒေပါ လိုက်နာနေရတယ်။ တချို့ဆို မခံနိုင်တော့လို့ လူထွက်ကုန်ကြတယ်” ဟု အထက်ပါသံဃာတော်က မိန့်သည်။

ပြီးခဲ့သည့် ဇွန် (၁၉) ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် မဟာစည်သံဃာတော် (၅) ပါးကို အရုဏ်ဆွမ်းအတွက် ပင့်ထားခဲ့သော်လည်း အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကြောင့် ဆွမ်းစားကြွရောက်နိုင်ခြင်းမရှိခဲ့ပေ။



http://www.khitpyaing.org/

0 comments: