Monday, November 24, 2008

ပြည်တွင်း သံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန် "မဟန"ကြိုးပမ်း

ပြည်တွင်း သံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြိုးပမ်း
ကိုဝိုင်း/ ၂၄ နိုဝင်ဘာ ၂၀၀၈
line


မဟာယာနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကို အရေးယူပေးပါရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ပန်ကြားလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံ၌ မဟာယနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ အင်အားမကောင်းမီ ကြိုတင်ကာကွယ်ရန်လိုကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄) လပတ်အစည်းအဝေး၌ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့် ရဟန်းများက မည်သို့ကြိုးပမ်းနေသည်ကိုမူ ဆရာတော်ကြီး ဦးကုမာရက အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

ဝိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကိုပါ အရေးယူပေးရန် ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက လျှောက်ထားခဲ့သော်လည်း မည်သည့် ဆရာတော်များ၊ မည်သည့်ဝါဒများကို ရည်ညွှန်းကြောင်း ရှင်းရှင်းလင်းလင်း မိန့်ကြားခဲ့ခြင်းမရှိပေ။ ရန်ကုန်သံဃာအချို့ကမူ မိုးကုတ်တရားများထဲမှ အချို့အပိုင်းများကို ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရ၏ အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ လျှောက်ထားချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ သံဃာတပါးကမူ “ဘုရားဟောချက်မဟုတ်ရင် ကျန်တာ အဓမ္မကြီးပဲဗျ။ တခုတော့ရှိတယ်။ အဓမ္မ၀ါဒလို့ပြောရအောင် ပြောတဲ့သူက အဓမ္မ၀ါဒဆိုတာ ဘာလဲ။ အဓမ္မတွေထွန်းကားအောင် ဘယ်သူတွေက အားပေးတာလဲ။ ထွန်းကားတော့ မထွန်းကားအောင် သူတို့ ဘာလုပ်ပေးနိုင်သလဲ။ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်ပေးနိုင်လဲ။ ဘာမှမလုပ်ပေးနိုင်ဘဲနဲ့တော့ ပြောမနေနဲ့” ဟု အမိန့်ရှိသည်။

ထို့ပြင် အချို့ရဟန်းသာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေသည်ဟုပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက ထိုအစည်းအဝေး၌ စွပ်စွဲလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင်း မည်သည့်အဖွဲ့များသည် တရားမ၀င် သံဃာ့အဖွဲ့အစည်းများဖြစ်သည်ကို အတိအကျမသိရသော်လည်း အဆိုပါ အဖွဲ့အစည်းများ တည်ရှိနေခြင်းသည် သာသနာကို အကာအကွယ်ပေးဖို့လား သို့မဟုတ် သာသနာကို ဖျက်ဆီးဖို့လား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို မေးခွန်းထုတ်ချင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ နိုင်ငံခြားရေးရာ တာဝန်ခံလည်းဖြစ် ထောင်ဒဏ် အနှစ် (၆၀) ကျော်ကျသွားသည့် အရှင်ဂမ္ဘီရနှင့် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ဦးဣဿရိယက ထောက်ပြသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာအများစုက ရွေးချယ်ခဲ့သည့်အဖွဲ့မဟုတ်ကြောင်း ဦးဣဿရိယက မိန့်ကြားသည်။

“သံဃမဟာနယကဆိုတဲ့ အဖွဲ့ကိုယ်၌က ဦးဇင်းတို့ သံဃာတွေထဲကနေ တကယ်ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် (၄၇) ပါးလုံးကို အစိုးရကနေပြီးတော့ သူတို့ ထိန်းချုပ်လို့ရမယ့် အစိုးရရဲ့ သြဇာခံမယ့် သံဃာတွေကို ရွေးထားတာ။ မြန်မာတနိုင်ငံလုံးကို ဆန္ဒခံယူပြီး ဒီမိုကရေစီနည်းအရ ဒီသံဃာတွေက အရည်အချင်းရှိတယ်။ သာသနာရေးကိုတော့ တကယ်အားထုတ်မှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ထားတာ မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

ထို့နောက် ဘုန်းကြီးကျောင်းများအား စစ်အစိုးရ၀င်စီးချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ အကာအကွယ်မပေးခဲ့ပုံကို ဦးဣဿရိယက ဆက်လက် မိန့်ကြားသည်။

“အခုဆိုရင် ကျောင်းပေါင်း (၆၁) ကျောင်းကို သူတို့ သူပုန်စခန်းတွေဝင်စီးသလို၊ ကိုယ့်သာသနာကို ၀င်ဖျက်ဆီးတာကို မဟန ဆရာတော်တွေ ဘာများကာကွယ်ပေးခဲ့ပါသလဲ။ ဘာများ လုပ်ပေးခဲ့ပါသလဲ။ မိမိတို့နိုင်ငံထဲမှာ မိမိသံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ချီတက်တာကို အပြစ်လို့ ယူဆနေကြရင် ဒီသံဃာတော်တွေဟာ အကာအကွယ်မဲ့ဖြစ်နေတယ်။ သံဃာတော်တွေဟာ မြတ်စွာဘုရားရဲ့ way ကိုမှ အဓမ္မလို့ပြောရင် အဲဒီမဟန ဆရာတော်ကြီးတွေ ကိုယ်တိုင်ကရော ဘာလမ်းစဉ်လဲ ဘုရားရဲ့လမ်းစဉ်လား။ သူတို့က မိစ္ဆာဝါဒီကို အားပေးတဲ့လမ်းစဉ်လား ဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်” ဟု မိန့်ကြားသည်။

သို့သော် စစ်အစိုးရသည် ၂၀၀၃ နှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တိုင်း သံဃာတော်များ ညမထွက်ရအမိန့်ကိုမူ ယခုထိ ရုပ်သိမ်းခြင်းမရှိသေးပေ။

ခေတ်ပြိုင်

0 comments: