Thursday, October 23, 2008

ရွှေဝါရောင် သံဃာတော်တပါး ထိုင်းနယ်စပ်သို့ တိမ်းရှောင်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 20:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရက ဖမ်ဆီးရန် အလိုရှိနေသော သံဃာတော်တပါး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသည်။

သက်တော် (၃၃) နှစ်၊ ၀ါတော် (၁၄) ၀ါ ရှိပြီဖြစ်သည့် ရဟန်းတော် ဦးဣဿရိယ က ထောက်လှမ်းရေးများက လိုက်လံစုံစမ်းမေးမြန်းမှုများ ပြုလုပ်လာ၍ လူဝတ်လဲ တိမ်းရှောင်လာရသည်ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာလဆန်းက ပခုက္ကူမြို့တွင် သံဃာတော်များ ဦးဆောင်သော စစ်အစိုးရဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပွားရာတွင် စတင် ပါဝင်ခဲ့မှုကြောင့် အာဏာပိုင်များ၏ အငြိုးထားခြင်း ခံရသည်ဟု ဆရာတော်က ပြောသည်။

ဆရာတော်သည် မင်းသုညဟူသော ကလောင်အမည်ဖြင့် စစ်အစိုးရကို အုံကြွဆန့်ကျင်ရန် ရေးသားမှုများ ပြုခဲ့ပြီး ပြည်ပ သတင်းဌာနများသို့ သတင်းပေးပို့ခဲ့သည်ဟု ဆိုသည်။

"သူတို့က ဦးဇင်းကို တိုက်ရိုက် မသိတာလည်း ပါလိမ့်မယ် ထင်တယ်။ သူတို့က ဦးဇင်းကို ကလောင် အနေနဲ့ပဲ သိတယ်။ အဲဒီ့ ကလောင်ပိုင်ရှင်က ဘယ်သူဆိုတာကို သူတို့ မသိဘူး။ သူတို့အနေနဲ့ စုံစမ်းတယ်။ ဒါပေမဲ့ ဦးဇင်းတို့ရဲ့ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကလည်း ဒါကို အထူး လျှို့ဝှက်ထားတယ်။ အဲဒီလို ဘယ်သူဆိုတာကို အတိအကျမသိတဲ့ အတွက်ကြောင့် ဖမ်းဆီးခံရတာမျိုး မရှိဘူး" ဟု သူက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောပြသည်။

ဦးဣဿရိယသည် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ ကျီးလင်းကျောင်းတိုက်တွင် စာသင်သားတပါး ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ရာတွင် ပါဝင်သူအချို့ကို စစ်အစိုးရက ရိုက်နှက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော နိုင်ငံတွင် သံဃာတော်များက အစိုးရကို ပြန်လည် တောင်းပန်မှုပြုရန် တောင်းဆိုသော်လည်း အစိုးရက လိုက်လျောမှုမပြုရာမှ နိုင်ငံနေရာအနှံ့ ဆန္ဒပြမှုများ ပြန့်ပွားလာခဲ့သည်။


0 comments: