Tuesday, October 21, 2008

ကေအန်ယူ၏ ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် နောစီဖိုးရာစိန် အရွေးခံရ



NEJ/ ၂၀ အောက်တိုဘာ ၂၀၀၈

နှစ် (၆၀) သက်တမ်းရှိပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား မကြာခင်က ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွှေးချယ်တင်မြှောက်လိုက်သည်။

နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများကို အဓိကတာဝန်ယူရသည့် ကရင်အမျိုးသားအစည်းအရုံး၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “ ဒီ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ကိုယ်စားလှယ်အားလုံးရဲ့ ယုံကြည်မှုအရ ရွှေးချယ်တင်မြှောက်ခံရတာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေးသာမကဘဲ မြန်မာ့အရေးကိုပါ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ယုံကြည်လို့ တာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မှန်ကန်တဲ့ ရပ်တည်ချက်၊ ပြတ်သားတဲ့မူဝါဒအပေါ်မှာ ဦးဆောင်မှုအခန်းကဏ္ဍပေးနိုင်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ရွှေးချယ်ခြင်းခံရသူ နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသမီးအစည်းအ ရုံး၏ အထွေထွေအတွင်းရေးမူးလည်း ဖြစ်သည်။ ယခင်က ကရင်တော်လှန်ရေးနယ်မြေတွင် ကျောင်းဆရာမတဦး ဖြစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) အဖွဲ့တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အဖွဲ့၏အတွင်းရေးမှူးအဖြစ် တာဝန်ယူလာခဲ့သည်မှာ (၈) နှစ်သက်တမ်းရှိပြီးဖြစ်သည်။

၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချုပ်ကျဆုံးပြီးနောက် မယ်ရာမို ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တခုကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ထို့နောက် လက်ရှိလုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ၁၉၉၉ တွင် ကျောင်းဆရာမတာဝန်မှ ထွက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့တွင် ၀င်ရောက်တာဝန်ယူခဲ့သည်။

ကေဒဗလျူအို အဖွဲ့သည် အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စများကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပြီး ကရင်အမျိုးသမီးများအပေါ် မြန်မာစစ်အစိုးရတပ်များ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာနှစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၏ ဦးဆောင်ကြိုးပမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းတခုဖြစ်သည့် The United Nations Association of the National Capital Area (UNANCA) အဖွဲ့မှ ၂၀၀၇ ခုနှစ်အတွက် ပါဒီတာဟူစ်တန် လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ အဆိုပါလူ့အခွင့်ရေးဆုမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားခဲ့သူ အမေရိကန်စာရေးဆရာမ ပါဒီတာဟူစ်တန်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် UNANCA အဖွဲ့မှ ၂၀၀၂ ခုနှစ်မှစ၍ ပေးအပ်လာခဲ့ပြီး (၅) ကြိမ်မြောက်တွင် နော်စီဖိုးရာစိန် ရွှေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည်။

ယခုကျင်းပပြီးစီးသွားသည့် (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် မူဝါဒရေးရာကိစ္စနှင့် ပတ်သက်၍ ပြောင်းလဲမှု မရှိဘဲ စစ်ရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။


0 comments: