Thursday, September 11, 2008

မေ့မရသော စက်တင်ဘာ

လမ်းပေါ်မှာပေကျံနေခဲ့တဲ့
အပြစ်မဲ့ပြည်သူတွေရဲ့သွေးတွေ
အခုထိ မခမ်းခြောက်သေးဘူး…

စက်တင်ဘာဟာ
ဖိနပ်မပါ လက်နက်ဗလာနဲ့
ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ ရဟန်းတော်တစ်စုကို
ခွေးတစ်အုပ် ထွက်ဆွဲတဲ့ လ ဖြစ်တယ်…

စက်တင်ဘာဟာ
ကိုယ်ပိုင်အခွင့်အရေးအတွက် လမ်းပေါ်ထွက်တဲ့ပြည်သူတွေကို
အာဏာရူးတွေ နှိပ်စက်တဲ့ လ ဖြစ်တယ်…

စက်တင်ဘာဟာ
မေတ္တာသံတွေဖုံးလွမ်းနေတဲ့ မြို့တော်ကို
မီးခိုးတလူလူ သွေးသံတရဲရဲနဲ့
စစ်တလင်းဖြစ်စေခဲ့တဲ့ လ ဖြစ်တယ်…

စက်တင်ဘာဟာ
ဘုရားရှင်ရဲ့တရား ဓမ္မနဲ့
သီးသန့်နေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို
သူပုန်စခန်းလိုမျိုး ၀င်စီးတဲ့ လ ဖြစ်တယ်…

နောက်တစ်မျိုးပြောရယင်
စက်တင်ဘာဟာ
သာသနာနဲ့လူမျိုးကို
စစ်ဖိနပ်နဲ့ နင်းချေပစ်တဲ့ လ ဖြစ်တယ်…


စက်တင်ဘာဟာ
၈၈-အရေးခင်းကြီးရဲ့နောက်ပိုင်း
နွားအဖွဲ့လို့ခေါ်တဲ့ နအဖအတွက်
အကြီးမားဆုံး အိပ်မက်ဆိုးကြီးဖြစ်တယ်…

တစ်နှစ်ပြည့်ခဲ့ပေမဲ့
စက်တင်ဘာစိတ်ဓာတ်တွေ
စက်တင်ဘာရဲ့သွေးတွေ
စက်တင်ဘာရဲ့ အငွေ့အသက်တွေ
ဒို့ရင်ထဲမှာ ကိန်းနေတုန်းပဲ…

ဧဏီမင်း

စက်တင်ဘာ သံဃာ့အရေးခင်း တနှစ်ပြည့် အမှတ်တရ
၁၁.၉.၂၀၀၈


0 comments: