Saturday, September 6, 2008

အားလုံး လွတ်မြောက်ပါစေ' ဆိုတဲ့ သူ့ဆုတောင်း

အင်တာဗျူး
သန်းထိုက်ဦး
သောကြာနေ့၊ စက်တင်ဘာလ 05 2008 17:07 - မြန်မာစံတော်ချိန်


(အရှင် ဂမ္ဘီရ၏ မိခင် ဒေါ်ရေးနှင့် ဆက်သွယ်မေးမြန်းချက်)

မြန်မာပြည်သူများ စားဝတ်နေရေး ဘေးဒုက္ခမှ လွတ်ကင်းစေရန် မေတ္တာပို့ ဆုတောင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်သဖြင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်များက တနှစ်နီးပါးကြာ အကျဉ်းချပြီးနောက် ယခုရက်ပိုင်းတွင် လူဝတ်လဲကာ တရားရုံးထုတ်ခဲ့သည်။

သူ့အား များပြားလှသည့် ပုဒ်မများဖြင့် တရားစွဲဆိုနေသည့်အပေါ် ၅၉ နှစ်အရွယ် မိခင် ဒေါ်ရေးကို မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

မေး။ အန်တီက အရှင်ဂမ္ဘီရကို ထောင်ဝင်စာတွေ့ဖို့ ရန်ကုန်ကို လာတာလားခင်ဗျ။

ဖြေ။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ဆေးစစ်ရင်း သားက ရုံးချိန်ထွက်မယ်လို့ သတင်းထဲမှာ ကြားရတော့လေ၊ သူ့ကိုလည်း အားပေးရင်းပေါ့။ အမှုတွေကလည်း အများကြီးဆိုတော့ လာခဲ့တာပါ။ အန်တီကြားတာကတော့ ၁၆ မှုလို့တောင် ကြားတယ်၊ သိရတယ်လေ။ သား အရှင် ဂမ္ဘီရက ပြောပြလို့ သိရတာလေ။ မနေ့က ရုံးထုတ် ၁ ရက်၊ ၃ ရက်၊ ၄ ရက်ပေါ့၊ ရုံးထုတ်တယ်လေ။

မေး။ တွေ့ခွင့်ရခဲ့လား။

ဖြေ။ အေးအေးဆေးဆေး တွေ့ခွင့်ရပါတယ်။ ဦးဇင်းကလည်း ပြောပြတယ်လေ။ မိသားစုတွေကို အေးအေးဆေးဆေး တွေ့ခွင့်ပေးတယ် ဆိုတော့ သူတို့ (အာဏာပိုင်) ဘက်က အရင် မရဖူးတော့လေ။ သမီးတွေက အရင် ရုံးချိန်း ၂ ချိန်းလောက်မှာ တွေ့ခွင့်မရဘူး။ အန်တီတို့က အခု ၃ ချိန်းမြောက်မှာ ဦးဇင်းနဲ့ တွေ့ခဲ့တာလေ။ စတွေ့တဲ့ နေ့ကျတော့ အနားကို မကပ်ရဘူး။ အဲဒါနဲ့ ပြန်သွားမေးတာပေါ့။ 'သား ဦးဇင်းကို တွေ့ခွင့်ရမလား။ အန်တီက မိတ္ထီလာကနေ လာတာပါ။ အဲဒီတော့ သားကို တွေ့ချင်ပါတယ်။ ခဏလေးဖြစ်ဖြစ် စကားပြောခွင့်ပေးပါ' လို့။ သူတို့ စစ်ပြီးရင်၊ တရားသူကြီး ဝင်ပြီးရင် တွေ့ခွင့် ပေးပါမယ်တဲ့။ ဦးဇင်းထားတဲ့ နေရာကိုတော့ မသွားရဘူးပေါ့။ စတွေ့တဲ့နေ့လေ။ နောက်နေ့ကျတော့ တော်တော် လိုက်လိုက်လျောလျောပါပဲ။ အန်တီတို့က ဦးဇင်း မရောက်ခင်ကိုပဲ ကုလားထိုင်တွေနဲ့ ထိုင်ထားခိုင်းတယ်။ မဆိုးပါဘူး။

မေး။ အန်တီတို့ အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံခွင့် ရခဲ့တာ ဘယ်ရက်နေ့ကလဲဗျ။

ဖြေ။ ရန်ကုန်ရောက်လာတာက ၂၇-၂၈ (သြဂုတ်လ)။ အန်တီတို့က ရုံးထုတ်၊ ဧည့်သည်တွေကိုလည်း တွေ့လိုက်သေးတာကိုး။ ရုံးထုတ်တဲ့နေ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကလေ။ နှစ်မျိုးပေါ့၊ တွေ့ရပါတယ်။ အေးအေးဆေးဆေး။ ၃ ရက်နေ့ကဆိုရင် ၁ နာရီလောက်ကို တွေ့ရတယ်။

မေး။ တွေ့ဖြစ်တုန်း ဘာတွေ ပြောဖြစ်သလဲ။

ဖြေ။ ပြောတာကတော့ အစုံပေါ့။ အန်တီကတော့ သား ကျန်းမာရေးကို စိတ်ပူတာပေါ့။ ဟိုတုန်းကတော့ သားတွေ ငယ်ငယ်တုန်းကတော့ လ္ဘက်ရည်ဆိုင် သွားတာတောင်မှ ကြာရင် အန်တီက အမြဲ လိုက်ခေါ်တာလေ။ အန်တီက သားတွေကို တအား ချစ်တယ်လေ။ အဲဒီတော့ အဲလောက် သားကိုချစ်တဲ့ မိခင်တယောက် အနေနဲ့လေ၊ ဒီအထဲမှာ ကိုယ့်မျက်စိ ကွယ်ပြီးတော့ အခုလို သာမန်မျိုး မဟုတ်ဘဲနဲ့ အကျဉ်းကျနေတဲ့အချိန်မှာ အန်တီက စိတ်ပူတာပေါ့။ အဲဒီတော့ 'ကျန်းမာရေးကို ဂရုစိုက်ပါ။ အထဲမှာ မသေဖို့လိုတယ်' လို့။

အဲဒီနောက် ပြောလိုက်သေးတယ်လေ။ ဒါ ၄ ရက်နေ့က ပြောတာ။ 'ကိုင်း ... ဦးဇင်း၊ တကာမကြီးကတော့ ဦးဇင်းတို့ အပြန်မှာ တကာမကြီး အသက်အရွယ်နဲ့ဆိုတော့ (အန်တီက ၅၉ နှစ်လေ။ အသက် ၅၉ နှစ်ဆိုတော့) သေခြင်းတရားဆိုတာ အချိန်မရွေးလာနိုင်တာကိုး။ ဒါပေမဲ့ သေမင်းက လာခေါ်ရင်တောင်မှ တကာမကြီးကတော့ သေမင်းကို ကျမ သေတာကို နေ့ချင်းပြန်လေး လာပါရစေ။ သား ဦးဇင်းတွေ၊ သားတွေ၊ တခြားသားတွေနဲ့ တွေ့ဖို့အတွက် တကာမကြီး စောင့်နေမယ်' လို့ ပြောလိုက်တယ်လေ။

မေး။ အရှင် ဂမ္ဘီရကရော ဘာတွေ မိန့်ကြားသေးလဲ။

ဖြေ။ အရှင် ဂမ္ဘီရက အန်တီကို 'တကာမကြီး ကျန်းမာအောင်နေပါ။ ကျန်တဲ့ လူတွေကို နိုင်ငံရေးဘာညာ မလုပ်နဲ့အုံးပေါ့။ ကျန်တဲ့ မိသားစုတွေ' တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကိုမောင်ကျော်ကျော် ရောလေ၊ ဦးဇင်းရော ဆိုတော့ တော်တော်ကို ဒုက္ခရောက်နေတယ်။ ဒုက္ခရောက်တယ်ဆိုတာ စိတ်ကိုပြောတာပေါ့။ စိတ်ဒုက္ခ၊ စိတ်သောက တော်တော်ရောက်တယ်။ ဒါကို ဝမ်းနည်းလို့ ပြောတာတော့ မဟုတ်ပါဘူး။ စိတ်ထဲမှာ တမျိုးပေါ့လေ။ ခံစားရတာ။

မေး။ အရှင် ဂမ္ဘီရကို အမှုတော်တော်များများကို စွဲဆိုထားတယ်ဆိုတော့ မိခင်တယောက်အနေနဲ့ ဘယ်လို ခံစားရလဲ။

ဖြေ။ အဲဒါကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြမှာပါပဲ။ ဒါပေမဲ့ အန်တီက ဒါကို ဝမ်းမနည်းပါဘူး။ ဝမ်းမနည်းဘူးဆိုတာ ဦးဇင်းက ဟိုတုန်းက ပြောခဲ့ဖူးသလိုပဲ။ 'ဒါ သူအများအတွက် လုပ်တာလေ။ အများအတွက် လုပ်တာ။ သူ့အတွက် ဘာမှ မပါဘူး'။ သူ့အတွက်က သပိတ်တလုံးရှိရင် ပြီးတဲ့ ဥစ္စာ၊ အများအတွက် လုပ်တာလေ။

မေး။ အာဏာပိုင်ဘက်က တစုံတရာ ပြောကြတာမျိုး ရှိလား။

ဖြေ။ အာဏာပိုင်ဘက်ကတော့ မပြောပါဘူး။ ထောင်ဝင်စာတွေ့တာက ဧည့်တွေ့ကြတာ မဟုတ်ဘူး။ ထောင်မကြီးထဲမှာ သွားတွေ့ကြတာလေ။ အဲဒါကျတော့ ဖုန်းတွေနဲ့ ပြောရတာ။ မှန်ခန်းချထားတယ်။ ဖုန်းနဲ့ပြောရတယ်။ ဦးဇင်းဘေးက တယောက်စောင့်၊ အန်တီတို့ဘက်က တယောက်စောင့်ပေါ့။ အစောင့်အရှောက်ကတော့ အပြည့်အစုံပဲ။

မေး။ လူဝတ်လဲထားတာလား ဒါမှမဟုတ် သင်္ကန်းဝတ်နဲ့ပဲလား။

ဖြေ။ အရှင်ဂမ္ဘီရကတော့ လူဝတ်လဲထားတယ်။ ဒါပေမဲ့ ပုဆိုးကို သင်းပိုင်လို ဝတ်ပြီးတော့မှ သူ့သိက္ခာ မချဘူးလေ။ ဆံပင်ကတော့ ကတုံး ဆံပင်ပေါ့။ နည်းနည်းလေး ရှည်နေတယ်။ သူ မရိတ်ဖြစ်သေးဘူးတဲ့။ ရိတ်ရမှာတဲ့။ သူကတော့ သိက္ခာမချဘူး။ ဘုန်းကြီးပဲလို့ ပြောနေတယ်။

မေး။ သား အရှင်ဂမ္ဘီရအတွက် ဘယ်လို ဆုတောင်းမျိုးတွေ လုပ်သလဲ။

ဖြေ။ အဲဒါလေး ပြောချင်တာ။ အန်တီက တပေါင်းလကွယ်၊ အန်တီကတော့ အင်္ဂလိပ်ရက်တွေ မေ့နေပြီ။ တပေါင်းလကွယ်နေ့က စပြီးတော့မှ အန်တီ ရှေ့ဆက် သားကြီးငါးကြီး အားလုံးရှောင်လိုက်တယ်လေ။ သားငါး မစားတော့ဘူး။ အခြောက်အခြမ်း၊ ပုဇွန်ခြောက်လေး၊ ငါးခြောက်လေး စားတယ်။ လုပ်ရတဲ့ အလုပ်က ပုတီးစိပ်တယ်။ အရဟံဂုဏ်တော် ပုတီးစိပ်တယ်။ တနေ့ကို မနက် တကြိမ်၊ ည တကြိမ်၊ တနေ့ နှစ်ကြိမ်ပေါ့။ အဲဒါ ၉ ရက် တကြိမ်၊ အဓိဋ္ဌာန်လေး ၉ ရက် တကြိမ်။ ပြီးတော့ ၉ ရက် ၉ ကြိမ်၊ ၈၁ ရက်ပြည့်တော့ အဓိဋ္ဌာန်ကြီးပေါ့။ ပထမ အဓိဋ္ဌာန်ကြီး ပြီးသွားပြီ။ ဒုတိယ အဓိဋ္ဌာန်ကြီး နှစ်ကြိမ် ပြည့်တော့မှာပေါ့။ အန်တီက ၈၁ ရက်၊ ၉ ကြိမ်အထိ စိပ်မယ်လို့ အဓိဋ္ဌာန်ထားတာလေ။

ရည်ရွယ်ချက်က အဲဒီ ပုတီစိပ်ပြီးရင် ကိုယ်စောင့်နတ်တွေ၊ သမာဇီဝ နတ်မြတ်နတ်ကောင်းတွေ၊ လယ်တောရှင် တောရှင် အပါအဝင် အားလုံး နတ်မင်း၊ သိကြားမင်း၊ ငရဲမင်းကအစ အားလုံးကို မေတ္တာပို့တယ်။ ဘယ်လိုပို့လဲဆိုတော့၊ 'သား အရှင်ဂမ္ဘီရနဲ့ သား မောင်ကျော်ကျော် အပါအဝင် တခြားလူတွေအားလုံး အခုလို ကျနေတဲ့လူတွေ အားလုံး လွတ်မြောက်ပါစေ' ပေါ့။ အဲဒါ အန်တီ အထူးလုပ်တာလေ။ 'လွတ်မြောက်ပါစေ။ ကိုယ်မြေကိုယ့်ရွာကနေ ခွဲခွါနေရတဲ့ လူတွေ အမြန်ဆုံး ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်မိသားစုနဲ့ အမြန်ဆုံး ဆုံတွေ့ပါစေ' လို့။ အဲဒါ တနေ့ကို ၂ ကြိမ် တိတိကျကျ၊ ဘုရားရှေ့မှာ ဆုတောင်းတာ။

0 comments: