Thursday, July 31, 2008

လူရွှင်တော် ဇာဂနာနှင့် အားကစားအယ်ဒီတာ ဇော်သက်ထွေးတို့ ပထမအကြိမ် ရုံးထုတ်




ကိုသက် | ဇူလိုင် ၃၁၊ ၂၀၀၈

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် စစ်အစိုးရ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည့် လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေးတို့ကို ယမန်နေ့က အင်းစိန်ထောင်တွင် သီးသန့်ရုံးထိုင်ထားသည့် အနောက် ပိုင်းခရိုင်တရားရုံးတွင် ပထမဆုံးအကြီမ် ရုံးထုတ်ကြောင်း ရန်ကုန်ရှေ့နေအသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက အတည်ပြု ပြောဆိုသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့နှင့်အတူ တခြား အမည်မသိသူ ၂ ဦးလည်း ရုံးထုတ်ရာတွင်ပါဝင်ကြောင်း သိရသည်။

ယမန်နေ့က ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို အင်းစိန်ထောင်တွင်း၌ ရုံးထုတ်ခဲ့သော်လည်း အာဏာပိုင် တို့က မိသားစုဝင်များအား အကြောင်းကြားခြင်း မရှိပေ။ ကိုဇာဂနာ၏ မိသားစုဝင်တဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ လွန်ခဲ့သည့်အပတ်က ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးအား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း အတည်ပြုပြောဆိုသော်လည်း ယမန်နေ့ ရုံးချိန်းနှင့်ပတ်သက်၍ အာဏာပိုင်အဖွဲ့အစည်း က အကြောင်းမကြားသဖြင့် မသိရသေးကြောင်း ပြောဆိုသည်။

“အခုထိ ဘာမှလာပြီး အကြောင်းမကြားသေးဘူး။ ပုဒ်မတပ်ပြီး ရုံးထုတ်မယ်လို့တော့ ကြားတယ်” ဟု ကိုဇာဂနာ၏ မိသားစုဝင်က ပြောသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို စာပေ၊ ရုပ်ရှင်နှင့် ဂီတနယ်ပယ်တို့မှ အနုပညာရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်အပြီး တလခန့် အကြာတွင် ၎င်း၏လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ခဲ့ကြသည်ဟု ကိုဇာဂနာ အဖမ်းမခံရစဉ်က ဧရာဝတီကို ပြောဆိုခဲ့ဖူးသည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ် ရေးလုပ်ငန်းများကို မှတ်တမ်းတင်ထားသည့် စီဒီ ဓာတ်ပြားတချပ်၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင်ဓာတ်ပြား၊ စိန်စီ သောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တလုံး၊ အမေရိကန်ဒေါ်လာ တထောင်နှင့် FEC ၃၀ တို့ကို အာဏာပိုင်တို့က သိမ်းယူ သွားခဲ့သည်။

ကိုဇာဂနာ အဖမ်းခံရပြီးနောက် ၎င်းတို့၏ လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ကိုဇော်သက်ထွေးနှင့် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်တို့က ဆက်လက်ဦးဆောင်ခဲ့သော်လည်း ကိုဇော်သက်ထွေး အဖမ်းခံရပြီးနောက် ၎င်းတို့၏ ကယ်ဆယ်ရေး လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။ လွန်ခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် ကိုဇော်သက်ထွေးကို အာဏာပိုင်တို့က မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးမြို့တွင် ဖမ်းဆီးခဲ့သည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို အာဏာပိုင်တို့က ၎င်းတို့၏ မိသားစု ၀င်များအား အသိပေး အကြောင်းကြားခြင်း မရှိပေ။

ကိုဇာဂနာ အဖမ်းခံရပြီး တပတ်ခန့်အကြာတွင် မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သစ်က လူရွင်တော် ဇာဂနာကို အကြောင်းပြချက်မပေးဘဲ စစ်အစိုးရက ထိန်းသိမ်းဖမ်းဆီး ထားသည်နှင့်ပတ်သက်၍ အလွန် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား ဒုတိယအကြိမ် ရုံးထုတ်မည်ဟုလည်း စုံစမ်း သိရှိရသည်။ [Top]

ဧရာဝတီမှတင်ပြသည်။

0 comments: