Sunday, June 29, 2008

ဒုတိယ ရွှေဝါရောင်တော်လှန်ရေးအတွက် ပြည်တွင်းပြည်ပ ရခိုင်သံဃာများ ဆွေးနွေး



ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈
line


ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အနှံ့ ဒေသ (၄) နေရာခွဲပြီး ဖွဲ့စည်းထားသော သံဃာ့သမဂ္ဂီအဖွဲ့ချုပ် (ရခိုင်ပြည်) နှင့် ဘင်္ဂလားဒေ့ရှ် အခြေ
စိုက် သာသနာ့ဦးသျှောင် (ဘင်္ဂလားဒေ့ရှ်) တို့မှ သံဃာများ ကြွရောက်ခဲ့ကြပြီး သံဃာ့လှုပ်ရှားမှုနှင့် သာသနာ့ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပူးပေါင်းလှုပ်ရှားသွားရန် သဘောတူခဲ့ကြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူလူထုအခြေနေသည် ပြီးခဲ့သည့် လောင်စာဆီဈေးနှုန်းကြီးမားမှု အကျပ်အတည်းထက် ပိုမိုဆိုးရွားသောကြောင့် သံဃာထုအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလကကဲ့သို့ ပြည်သူ့ရှေ့မှရပ်တည်ကြရန် လိုအပ်ချက်သဖြင့် တွေ့ဆုံ ဆွေးကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သာသနာ့ ဦးသျှောင်( ဘင်္ဂလားဒေ့ရှ်) မှ ဥက္ကဋ္ဌ ဆရာတော် ဦးမေဃိယက မိန့်ကြားသည်။

ဦးမေဃိယက “ပြည်တွင်းမှာရှိတဲ့ သံဃာတွေကလည်း ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ပေါ် ပေါက်ဖို့အတွက် အများကြီး စုစည်းနေကြတာလေ၊ ပြည်ပက ရှိနေသူတွေကလည်း နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ လိုတယ်၊ အထဲက သံဃာတွေက အားတခုအနေနဲ့ ညီညီညွတ်ညွတ် တည်ဆောက်ပြီးသား ရှိနေတာလေ၊ အကြောင်းပေါ်တာနဲ့တပြိုင်နက် ဒီသံဃာတွေဟာ သံဃာ တွေဦးဆောင်တဲ့ လှုပ်ရှားမှုအတွက် နောက်မဆုတ်တမ်း လုပ်မယ်လို့ ဦးဇင်း ယုံကြည်တယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ စာသင်တိုက်ကြီးတခုဖြစ်သည့် ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက “ကျောင်းက သံဃာတွေကတော့ ထုံးစံအတိုင်းပါပဲ၊ ၀ါတွင်းကာလကလည်း နီးလာပြီလေ၊ စာသင်စာချကတော့ ပုံမှန်ပါ၊ သံဃာတွေဘက်ကတော့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မယ်၊ မပတ်သက်ဘူးဆို တာတော့ အတိကျပြောလို့မရဘူး ထင်တယ်” ဟု မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမအပါအ၀င် ရခိုင်သံဃာတော်များသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင်လည်း စစ်တွေမှ သံတော်များသည် သြဂုတ်လကုန်ပိုင်းကတည်းက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: