Thursday, June 26, 2008

ဌာနေသို့ အလွမ်းများ

ရထားကြီးက ပျင်းရိဖင့်နွဲ့စွာ မောင်းထွက်နေတယ်။ တညိမ့်ညိမ့်နဲ့။ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ မြွေတစ်ကောင်လို တွားသွားလို့။ ပြွတ်သိပ်နေတဲ့ ခရီးသည်တွေကို စိတ်မပါတပါ သည်ဆောင်လို့။ သူ့မှာလဲ ချွေးတလုံးလုံးနဲ့။ လွမ်းနေမိပါတယ်။ ဘယ်ကို လွမ်းနေတာလဲ။ ဘာကိုမှ အတိအကျ မပြောနိုင်တဲ့ အရာများစွာကို လွမ်းနေခြင်း ဖြစ်ပါတယ်။ ကြည်မောင်သန်းရဲ့ အာရှတိုက်ရဲ့ တစ်နေရာမှာ ဆိုတဲ့ကဗျာထဲကလို
“ငါ လွမ်းနေခဲ့တာ
ကံခေပေမယ့် ချစ်စရာကောင်းနေတဲ့
တိုင်းပြည်တစ်ခုကိုပါ”။

ဟုတ်ပါတယ်။ ဖြစ်နိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ လွမ်းနေရပါတယ်။ ကံခေနေတဲ့ အမိတိုင်းပြည်၊ ပြီးတော့ ဘ၀တစ်ခုလုံးကို ကံကြမ္မာကိုပဲ အပ်နှံထားကြရတဲ့ သူတွေ။
သက္ကရာဇ်တွေက ပြောင်းပြောင်းလာပေမယ့် အမေ့အိမ်လေးက ပြောင်းမလာဘူး။ နွေပေါင်းများစွာ ဖြတ်ကျော်ပြီး ရွက်နုတွေ အခါခါဝေခဲ့ပေမယ့် ငါတို့အိမ်လေးက တစ်ခါမှ မလန်းဆန်းခဲ့ဖူးဘူး။ လူဖြစ်လာ ခဲ့ရပေမယ့် လူလို နေမသွားနိုင်ခဲ့ကြတဲ့ ငါတို့ ဘိုးဘွားများကို လွမ်းမိတယ်။ ငယ်ငယ်က အဘိုးပြောတဲ့ စကားကို အမှတ်ရနေသေးတယ်။ “ဒီဆေးပျင်းလိပ်လေးနဲ့ ဒီရေနွေးအိုးလေးရှိရင် တော်တော် ပြည့်စုံနေ ပါပြီကွာ”တဲ့။ ရိုးသားတဲ့ အေးချမ်းစွာနေတတ်တဲ့ ငါတို့ ဘိုးဘွားတွေရဲ့ ဘ၀များစွာကိုလည်း လွမ်းမိပါတယ်။
ကျောင်းတက်ချင်ပေမယ့် တက်ခွင့်မရတဲ့ အတွတ်တို့ မောင်နှမတစ်တွေကိုလည်း လွမ်းတယ်။ အတွတ်လေး သုံးတန်းအောင်တော့ ကျောင်းထွက်လိုက်ရတယ်။ ပိုက်ဆံမရှိလို့ မိဘတွေက မထားနိုင်ဘူး တဲ့။ အဲဒီအချိန်က မျက်ရည်တရွဲရွဲနဲ့ အတွတ်က “ကျောင်းဆက်တက်ချင်လိုက်တာကွာ”တဲ့။ ကလေးပီပီ ရိုးရိုးလေး ငြီးတွားခဲ့တယ်။ အတွက်ရေ အဲဒီတုန်းက မင်းမျက်နှာလေးကို ခုထိ ငါမြင်နေဆဲပဲ။ ခုတော့ အတွတ်တစ်ယောက် လယ်တဲတွေနဲ့ ပျော်လို့။ လူ့ဘ၀ဆိုတာ ဘာလဲလို့ အတွတ်ကို သွားမေးရင် စားမယ်သောက်မယ်။ လယ်ထွန်မယ်။ မိန်းမယူမယ်။ သားသမီးလေးတွေယူမယ်။ ပြီးရင် ခိုင်းစားမယ်။ ဒီလိုပဲ ဖြေလိမ့်မယ်။ ဟုတ်တယ်လေ။ သူ့ပတ်ဝန်းကျင်မှာ ဒီအတိုင်းပဲဖြစ်နေကြတာကိုး။ ကျောင်းထားပြီး ပညာသင်ပေးမယ်ဆိုတာလည်း သုံးတန်း၊ လေးတန်းက ပိုပြီး ထားနိုင်စွမ်း မရှိကြဘူး။ ဒါတောင် အတွက်တို့ရွာက အတန်းကျောင်းရှိလို့။ အတန်းကျောင်းမရှိတဲ့ ရွာတွေဆို ပိုဆိုးပြီ။
တစ်ချို့ရွာတွေဆို ရွာက ဘုန်းကြီးနဲ့ ရွာသားတွေက ကိုယ့်စရိတ်နဲ့ကို ကျောင်းဆောက်ပြီး ဆရာ ဆရာမတွေကို လခပေး သင်စေပါ့မယ်ဆိုပြီး ကျောင်းချပေးဖို့ အထက်ကို ပြောတာတောင် ခွင့်မပြုဘူး။ ဒါနဲ့ ခလေးတွေဟာ ကျောင်းတစ်ခါတက်ဖို့ နေ့စဉ်နဲ့အမျှ ခုနှစ်မိုင်၊ ရှစ်မိုင်လောက် လမ်းလျှောက်သွား တက်ကြရတယ်။ ကျောင်းတက်ဖို့ ဒီလောက်ခက်ခဲတဲ့ဒေသမှာ ခလေးတွေဟာ ဘယ်လိုလုပ်ကျောင်းပျော် နိုင်ပါ့မလဲ။ ခလေး ကျောင်းမပျော်တော့ ပညာတတ်ဘယ်မှာ ထွက်တော့ပါ့မလဲ။ ပညာတတ် အလိုမရှိ သောတိုင်းပြည်၊ ပညာတတ်မုန်းသောခေါင်းဆောင်၊ ဖားတတ်ယားတတ်မှ လူရာဝင်နိုင်တဲ့အဖွဲ့ အစည်း …..ဒီခေတ်မှာ လူဖြစ်လာရတဲ့ ငါတို့ကိုယ်က ယဇ်ကောင်တွေလို ဖြစ်လို့။ ဒါက အတွတ်တို့ ရွာနားက ကျွန်တော်သိတဲ့ ရွာလေးကို ပြောပြတာပါ။ ဒီထက် ကျောင်းတက်ဖို့ ခက်ခဲတဲ့ရွာတွေက ကျွန်တော် လွမ်း နေသော ပြည်လေးမှာ အများကြီး။
ကျွန်တော်တို့ ရွာနားမှာ ပိုက်လိုင်းကြီးတစ်ခုရှိတယ်။ အဲဒီပိုက်လိုင်းကြီးတွေကို ကြည့်ပြီး အဘွားက မှတ်ချက်ချတယ်။ “မောင်မင်းကြီးသားများ အလုပ်လုပ်ပုံကတော့ အံ့ပါရဲ့တော်။ တစ်နေ့တစ်ခြား တိုးတက်နေလိုက်တာ။ ဒီလောက်ကြီးကျယ်တဲ့ ပိုက်လုံးကြီးတွေ တစ်ခါမှ မမြင်ဖူးဘူး”တဲ့။ တကယ်တော့ အဘွားကို ပိုပိုပြီး လွမ်းမိတာ အဲဒါကြောင့်ပဲ။ ဒီပိုက်လုံးကြီးနဲ့ အဘွားတို့မြေက သယံဇာတတွေကို တစ်ဖက်နိုင်ငံကို အလကားနီးပါးပေးနေရတာကိုတော့ အဘွားတစ်ယောက်ဘယ်သိနိုင်ပါ့မလဲ။ အဘွားမှာ ကျောင်းမနေခဲ့ဘူးလို့ အသိအမြင် ဗဟုသုတက မကျယ်ဘူးလေ။ ဒီတော့ အဘွားတို့မှာ သမုဒ္ဒရာဝမ်း တစ်ထွာအတွက် ရုန်းကန်ရင်းသာ အချိန်ကုန်နေတော့တာ။ ပြာသလောက် နှမ်းမထွက်တဲ့ သူတို့ဘ၀ ကိုလည်း ပစ္စုပ္ပန်ဘ၀လုပ်ရပ်များနဲ့ ဘာမှ မဆိုင်ဘူး၊ ငါတို့ကိုယ်က အတိတ်ကံ မကောင်းခဲ့လို့ပါဆိုပြီး အတိတ်ကံကို မျက်နှာလွှဲပြီး ဘ၀ကို အေးအေးသာ လျှောက်လှမ်းနေကြတော့တာပဲ။ အဘွားရေ... အခုချိန်ထိ သားတို့အတိတ်ကံတွေက မကောင်းသေးဘူးလား။
တစ်နေ့သောအခါက စစ်သားတွေ ရွာထဲရောက်လာကြတယ်။ အတွတ်တို့ခမျာ စစ်သားမြင်ရင် လန့်နေတော့တာ။ စစ်သားတွေက တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ ဘာတွေများ လုပ်နေပါလိမ့်။ တွေးလို့မှ မပြီးသေးဘူး။ စစ်သားသုံးယောက် အတွတ်တို့အိမ်ရှေ့ရောက်လာတယ်။ လက်ထဲမှာ ရွှေတိဂုံဘုရားပုံ၊ ကျိုက်ထီးရိုးဘုရားပုံ….စတဲ့ ဘုရားပုံတွေကို ကိုင်လို့ပေါ့။ “ဒီဘုရားပုံတွေထဲက သုံးခုဝယ်ပါ”တဲ့။ အတွတ် အံ့သြသွားတယ်။ ဒီလို ဈေးသည်(သယ်)မျိုး တစ်ခါမှ မတွေ့ဘူးလို့ပေါ့။ ဘာမပြော ညာမပြောနဲ့ အတွတ် လည်း သူတို့ဝယ်ခိုင်းတဲ့ ပုံတော်တွေကို ၀ယ်ထားလိုက်ရတယ်။ အဘွားကတော့ ပြောတယ်။ “သြော် မောင် မင်းကြီးသားများက ငါတို့ ဆင်းရဲနေတာ မကြည့်ရက်လို့ ကုသိုလ်တိုးပြီး ချမ်းသာအောင် ပုံတော်တွေ လာရောင်းပေးတာဖြစ်မှာပါ”တဲ့။ အဘွားတို့ကို သိပ်လွမ်းတာပဲ။
စစ်ကြောင်းဆင်းပြီဆိုရင် ရွာသားတွေခမျာ နေစရာမရှိတော့ဘူး။ သူတို့လာရင် ရွာသူကြီးလည်း အလုပ်ကို ရှုပ်နေတော့တာပဲ။ သစ်သားတို၊ သစ်သားစရှိတဲ့သူတွေကလည်း သိမ်းရဆည်းရနဲ့။ သစ်တွေ တွေ့ရင် သစ်ခုတ်မှုနဲ့ သစ်ကိုသိမ်း၊ လူကို ဖမ်းအုံးမှာ။ သူတို့ကို ကျွေးမွေးဧည့်ခံရတာကလည်း အရက်နဲ့ ကြက်နဲ့။ သစ်လုပ်တဲ့သူတွေဆို စစ်သားမြင်ရင် ဖျပ်ဖျပ်လူး လန့်နေကြရတာ။ စက်တွေရော၊ ပစ္စည်းတွေ ရော အားလုံးကို သိမ်းသိမ်းသွားတတ်လို့လေ။ တစ်ခါတစ်လေကျတော့လည်း မက်မောလောက်စရာ ငွေလေး ဘာလေး ပေးလိုက်ရင် မသိမ်းဘဲ ပြန်သွားကြတာပါပဲ။ အဘိုးက ပြောတယ် “အစိုးရကတော့ သစ် တော မပြုန်းအောင် တော်တော်ထိန်းတာပဲ”တဲ့။ ဘယ်သူတွေ သစ်တောပြုန်းအောင် လုပ်နေသလဲဆိုတာ မသိရှာတဲ့ အဘိုးနဲ့အဘွားတို့ကို သိပ်လွမ်းမိတယ်။
အတွတ်တို့တစ်တွေလည်း လုပ်ရကိုင်ရ၊ စားရသောက်ရတာ တော်တော်ကျပ်တည်းလာပြီ။ ရာသီ ဥတုက မကောင်းလို့ သီးနှံက အထွက်မကောင်းဘူး။ သီးနှံအထွက်မကောင်းတဲ့ကြားထဲ ကိုယ့်ယာမှာ တောင် ကိုယ်စိုက်ချင်ရာ စိုက်ခွင့်မရှိပြန်တော့ ပိုပြီး အခက်တွေ့တော့တာပေါ့။
မနှစ်ကတော့ ၀ါကို အထူးစိုက်ရမယ်တဲ့။ လမ်းဘေး ယာတောမှန်သမျှ ၀ါခင်းတွေပဲ စိုက်ကြရ တယ်။ ခက်တာက ကြိုတင်ပြီးပြောထားရင်တော့ ဘာပြဿနာမှ မရှိဘူး။ ခုတော့ လမ်းဘေးက ယာတော မှာ အတွတ်က မြေပဲတွေစိုက်ပြီးသား။ တစ်နေ့က နုတ်ကြည့်တော့ ဥတွေတောင် ဥနေပြီ။ ရလိုရငြား ရွာသူကြီးကို ၀ါ မစိုက်ရဖို့ သွားတောင်းပန်တယ်။ ဘာပဲလုပ်လုပ်၊ နောက်ဆုံးတော့ နှမြောတသစွာနဲ့ မြေပဲခင်းလေးကို ဖျက်ဆီးပြီး ၀ါ စိုက်လိုက်ရတယ်။ ဘယ်ယာတောမှာ ဘာစိုက်ရမယ်ဆိုတာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ထက် ဘယ်သူက ပိုသိနိုင်ပါ့မလဲ။ အတွတ်တို့ စိတ်ညစ်ရတဲ့ နှစ်ပါပဲ။ အတွတ်ရေ မင်းတို့ကိုသာ မဟုတ်ဘူး။ မင်းတို့ဘ၀လေးတွေကိုလည်း ငါလွမ်းတယ်။
ဒီနှစ်လည်း ထိုနည်းလည်းကောင်းပဲ အိမ်တိုင်းအိမ်တိုင်း ကြက်ဆူစိုက်ရမယ်တဲ့။ ကားလမ်းဘေးဝဲ ယာမှာ ကြက်ဆူစိုက်သွားနေရတဲ့ ဒုက္ခကလည်း မသေးဘူး။ နေ့စဉ်လိုလိုဆိုတော့ အလုပ်ပျက်တယ်။ အများပိုင်တဲ့ မြေနေရာတိုင်းမှာ ကြက်ဆူစိုက်ရတယ်။ ကိုယ့်မျိုးစေ့နဲ့ကို ၀ယ်ပြီးစိုက်ကြရတာ။ တစ်အိမ်ကို အပင်တစ်ထောင် စိုက်ရမယ်တဲ့။ ကိုယ်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ဘ၀မှာ အထက်က ဘယ်သူမှန်း မသိတဲ့ လူတွေအတွက် လုပ်ပေးနေရတာကများတော့ အတွတ်တို့ စိတ်ညစ်ရပြီပေါ့။ စိတ်ညစ်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ အတွတ်ရေ..မင်းတို့ကို ငါ မျက်ရည်တွေနဲ့ လွမ်းတယ်။
ဒီကြားထဲ လုပ်အားပေးက သွားရသေးတယ်။ လုပ်အားပေးဆိုပေမယ့် လုပ်အားတင်မကဘူး။ ငွေအားပါ ပေးရတာ။ ကိုယ့်ကျောက်ခဲနဲ့ကိုယ် လမ်းဖောက်ရတာ။ ကျောက်စီရတာ။ အိမ်သာမရှိဘာမရှိ၊ တောထဲက လမ်းဘေးမှာ ဒီအတိုင်းအိပ်ရတယ်။ ငွေပန်းလူပန်း။ အလုပ်လုပ်ရတာကလည်း လွတ်လပ်မှုမရှိ။ လက်နက်ကိုင် စစ်သားတွေက အမြဲတမ်းဘေးမှာ စောင့်နေတာ။ အတွတ်ကို အဲဒီစစ်သားက ပြောတယ်တဲ့။ “ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးဗျ။ အထက်က ခိုင်းလို့ လုပ်ရတာ။ ခင်ဗျားတို့ကြည့်ရတာ စိတ်မကောင်း ဘူး” “နောက်ဘ၀ကျရင် မြို့သားဖြစ်အောင် ဆုတောင်းဗျာ”လို့ ပြောတယ်တဲ့။ သူလည်း သူ့ ဗဟုသုတ အလျောက် ပြောတာဖြစ်မှာပေါ့။ အတွတ်တို့ လူငယ်တစ်သိုက် လုပ်အားပေးက ပြန်လာတဲ့ပုံကိုလည်း လွမ်းနေမိပါတယ်။ အတွက်ရေ..မင်းကို အဲဒီလို ပြောတယ်ဆိုတဲ့ ကျပ်ကျပ်တည်းတည်း အသက်မွေးနေရ တဲ့ စစ်တပ်အောက်ခြေလူတန်းစားတွေကိုလဲ လွမ်းမိတာပဲ။
အလွမ်းရေယဉ်ကြောမှာ လွင့်မျောနေမိတာ ဘာကိုမှ သတိမထားမိခဲ့ဘူး။ “အစ်ကို…အစ်ကို (ဒီ)မြို့မှာ ဆင်းမှာ မဟုတ်လား”။ ဘေးနားက ခရီးသည်က လက်တို့နှိုးမှ ကမန်းကတန်းထမိတယ်။ တန်း ပေါ်ကအထုပ်ကို ဆွဲချပြီး ရထားပြတင်းပေါက်ကနေ ခုန်ချလိုက်ရတယ်။ ခရီးသည်တွေက အများကြီး။ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ….အလုအယက်တိုးဝှေ့ဆင်းနေကြရတယ်။ တစ်တွဲ လုံးနီးပါး ဆင်းကြတာဖြစ်ပေမယ့် (ဒီ)မြို့ မှာ ရထားက ငြိမ့်ရုံပဲ ငြိမ့်တာလေ။
လွင်ပြင်ရိုင်း
၂၄၊ ၀၆၊ ၂၀၀၈


0 comments: