နေညိုရင်
ချောင်းရေထဲမျောနေတဲ့အမှိုက်သရိုက်တွေကို
ငါငေးတယ်။
လူမြင်ရင်
ပြန်မလာတော့တဲ့နာမည်အစုအပုံတွေကို
ငါရေရွတ်တယ်။
အရင်တုန်းက
ဟို-ရေလွမ်းနေတဲ့အဲဒီကန်သင်းရိုးမှာ
လူသံသူသံစီညံနေတုန်း
ငါမကြည့်ဘဲ
ငါ့မျက်ဝန်းထဲဝင်လာတဲ့ငိုသံတွေကို
ခေါင်းငိုက်စိုက်ချငါတွေးတယ်။
ချောင်းစပ်မှာ
သစ်ကိုင်းနဲ့ထွေးငြိနေတဲ့အ၀တ်နီနီတွေ
ငါမကြည့်ဘဲမြင်နေရတယ်။
ဘယ်လောက်ထိစုတ်ပြတ်နှုံချာမှ
လူဘ၀ဟာအဓိပ္ပါယ်ပြည့်မှာလဲ
ငါအိုရင်
နွေးနွေးထွေးထွေးခိုမယ်ဆိုတဲ့အိမ်ကလေး
မရှိတော့ဘူး
ရယ်သံနဲ့
စိမ်းစိမ်းစိုနေတဲ့မိသားစုလည်း
မရှိတော့ဘူး
တစ်သက်လုံး
တမင်မာကျစ်ရင့်ကျက်ထားတဲ့မျက်ဝန်း
ဒီတစ်ခါတော့ဝေသီခဲ့ပြီ။
ငါ့ကိုယ်ငါပြန်လွမ်းဖို့တောင်
ငါ့မှာအဓိပ္ပါယ်မရှိတော့ဘူး
လူ့ဘ၀ကိုလူ့ဘ၀နဲ့တူအောင်
ငါစိုက်ပျိုးခဲ့သမျှတစ်ဘ၀စာလုံးလုံး
“နာဂစ်”လုယူသွားပြီးတဲ့နောက်----။ ။
နေမွန်းသင် ၁၆-၀၅-၂၀၀၈
Friday, May 16, 2008
လယ်ကွင်းပျက်ထဲရပ်နေတဲ့အဘိုးအို
Posted by Ashin dhamma at 5:52 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment