Friday, May 16, 2008

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ မြန်မာနိုင်ငံဝင်ရန် ဗီဇာစောင့်နေဆဲ

May 16th, 2008 by admin

AFP / ၁၆ မေ ၂၀၀၈

နိုင်ငံခြားမှ အကူအညီပေးရေး ကျွမ်းကျင်သူများကို လက်ခံရေး စစ်ခေါင်းဆောင်များအား တိုက် တွန်းရန် မြန်မာနိုင်ငံသို့ သွားရောက်မည့် ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ ဂျွန်ဟုမ်းစ်သည် ပြည်ဝင်ခွင့် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

မစ္စတာဟုမ်းစ်အနေဖြင့် ပြည်ဝင်ခွင့်ရမည်ဟု မျှော်လင့်ကြောင်း၊ လာမည့် (၅-၆) ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိသင့်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ အမျိုးသမီး မစ်ရှဲ မွန်းတပ်စ်က ပြောသည်။

နာဂစ်ဆိုင်ကလုန်း တိုက်ပြီးနောက် (၂) ပတ်ခန့်ကြာသည်အထိ နိုင်ငံခြား ကျွမ်းကျင်သူများကို လက်မခံသေးသဖြင့် ဒုက္ခသည် အမြောက်အမြား ထပ်မံသေဆုံးဖွယ်ရှိကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

သို့သော် မြန်မာစစ်ခေါင်းဆောင်များကမူ မုန်တိုင်းဘေးမှ အသက်ရှင် ကျန်ရစ်သူ ဒုက္ခသည်များ အတွက် အရေးပေါ် လိုအပ်နေသော အစားအစာ၊ သောက်ရေသန့်၊ အမိုးအကာနှင့် ဆေးဝါးများကို ဖြန့်ဝေပေးနိုင်ရန် နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ပြည်ဝင်ခွင့်ပေးရန် ငြင်းနေဆဲဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၄၃,၃၁၈) ဦး၊ ပျောက်ဆုံးသူ (၂၈,၀၀၀) ဦးရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေသူ (၂) သန်းခန့်ရှိကြောင်း စစ်အစိုးရ သတင်းဌာနများက ဖော်ပြသည်။ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကလည်း အကူအညီပေးရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

အသေးစိတ် အချက်အလက်များ ရှာဖွေမည့် မြန်မာနိုင်ငံအား ကူညီနိုင်ရေး အစည်းအဝေးတခု ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ယခုလ (၁၉) ရက် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ ၀န်ကြီးအဆင့် အရေးပေါ် အစည်းအဝေးကို ကုလသမဂ္ဂ တာဝန်ရှိသူများက စောင့်ဆိုင်းနေ ကြသည်။

အဆိုပါ အစည်းအဝေး ကျင်းပမည့်နေရာ၊ ပါဝင်တက်ရောက်ခွင့်ရမည့် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ စင်ကာပူအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးကြမည် ဖြစ်ကြောင်း ကုလပြောခွင့်ရသူ မစ္စမွန်းတပ်စ်က ပြောသည်။

ယခုလ (၂) ရက်ညမှ စတင်တိုက်ခိုက်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံ၏ စပါးကျီ ဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျေးရွာများ အားလုံးနီးပါး ပျောက်ကွယ်သွားပြီး ဒုက္ခဆိုးများ ကြုံတွေ့နေရသည့် ရေလွှမ်းမိုးရာဒေသတခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူသေအလောင်းများ ရေပေါ်တွင် မျောနေပုံ၊ ထောင်ပေါင်းများစွာသော အသက်ရှင် ကျန်ရစ်သူ များက လမ်းများပေါ်တွင် အစားအစာ ရရှိရေး စီတန်းပြီး တောင်းခံနေကြပုံများကို အဆိုပါ မုန်တိုင်းဘေးသင့်ဒေသများမှ ပြန်ရောက်လာကြသော သတင်းသမားများက ပြောပြကြသည်။ ယခုအခါ စစ်ခေါင်းဆောင်များက သတင်းထောက်များအား အဆိုပါဒေသများသို့ သွားရောက်ခွင့် တင်းကျပ်လိုက်ပြီဖြစ်သည်။

နိုင်ငံခြားမှ ကျွမ်းကျင်သူ အကူအညီများ မပါဝင်ဘဲ နိုင်ငံသားများသည် မိမိတို့ဖာသာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား လုပ်ကိုင်နိုင်ကြောင်း စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြနေသည်။

နိုင်ငံတကာမှ ခေါင်းဆောင်များကမူ မြန်မာစစ်အစိုးရအား နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ များကို ပိုမိုလက်ခံရန် တိုက်တွန်းနေကြသည်။

“လတ်တလော ဖြစ်ခဲ့တဲ့ နိုင်ငံတကာ ဘေးဒုက္ခဆိုးတွေနဲ့ နှိုင်းယှဉ်ရင် အခုကိစ္စမှာ တုံ့ပြန် ဆောင် ရွက်မှုဟာ အရမ်းကို နှေးကွေးနေပါတယ်။ ဒီလို နှေးကွေးနေတာမျိုး တခါမှ မကြုံဖူးပါဘူး” ဟု ဗြိတိန်အဆင့်မြင့် သံတမန်ဖြစ်သူ မာ့ခ် မဲလော့ခ်ျ-ဘရောင်းက ထိုင်းနိုင်ငံတွင် ပြောသည်။

စစ်အစိုးရက ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည့် ထောင်နှင့်ချီရှိသော မုန်တိုင်းဘေးသင့် ဒုက္ခသည်များအား အတင်းအကျပ် နှင်ထုတ်နေကြောင်းလည်း သိရသည်။

မိုးထပ်မံရွာသွန်းနေခြင်းကြောင့် အငတ်ဘေးကြုံနေရသည့် အဆိုပါဒုက္ခသည်များသည် မြွေပါး ကင်းပါးနှင့် အဆုတ်ရောင် ရောဂါအန္တရာယ်များ ထပ်မံဖြစ်ပေါ်နိုင်မည့် အလားအလားများ ရှိနေသည်။

“အခုတွေ့ဆုံရတဲ့ ဒုက္ခသည်တွေထဲက တ၀က်လောက်ဟာ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ နေရ တာမဟုတ်ပါဘူး။ မိုးထဲ လေထဲမှာ ပလတ်စတစ် မိုးကာတွေ အောက်မှာပဲ ဖြစ်သလိုနေရတာကို တွေ့ရတော့ တကယ်ပဲ စိတ်ကြေကွဲစရာပါ” ဟု မြန်မာနိုင်ငံအတွင်း အကူအညီပေးနေသည့် Save the Children အဖွဲ့မှ ပြောခွင့်ရအမျိုးသမီး ကက်သရင်းရောက ပြောသည်။ ။



0 comments: