ဖိုးကြီး။ မေ ၁၅၊ ၂၀၀၈
ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ လေဘေးသင့်ဒုက္ခသည်များ ယာယီနေထိုင်သည့် ကျောင်းဝန်းအတွင်းမှ မောင်းထုတ်ခံခဲ့ရပြီး အာဏာပိုင်များက ဆန်၊ ဆီ၊ သွပ်များကို ရောင်းချ နေလျှက်ရှိသည်။
မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ (၁၂) ရပ်ကွက်နှင့် (ဌ) ရပ်ကွက်များရှိ ကျောင်းများတွင် နေထိုင်ကြသည့် လေဘေးသင့်ဒုက္ခသည်များကို အာဏာပိုင်များဖိအားပေးမှုကြောင့် ကျောင်းအုပ်ဆရာများက နှင်ထုတ်ခဲ့ပြီး မြောက်ဥက္ကလာပ (ည) ရပ်ကွက်တွင် ကယ်ဆယ်ရေး ပစ္စည်းများကို (ရယက)ရုံးများတွင် ရောင်းချနေခြင်းဖြစ်သည်။
“ကျောင်းဝန်းတွေထဲမှာနေတဲ့ ဒုက္ခသည်တွေကို နှင်ထုတ်နေတယ်။ ပြီးခဲ့တဲ့နှစ်ရက်သုံးရက်ကပဲ စာသင်ကျောင်းထဲက ဖယ်ပေးဖို့ ကျောင်းအုပ်တွေကပြောလို့ ပြောင်းပေးရတယ်၊ (၁၂) ရပ်ကွက် ရွှေပေါက်ကံဘက်မှာဆို လူတွေက နေစရာမရှိလို့ ကမ်းနားစပ်တွေမှာ သွားနေနေရတယ်”ဟု မြောက်ဥက္ကလာပနေ မြို့ခံတဦးက ပြောသည်။
စစ်အစိုးရ စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက နိုင်ငံတကာမှ အကူအညီပစ္စည်းများကို ရောင်း ချခြင်း၊ ဆန်နှင့် အခြားအစားအစာများကို အရည်အသွေးမပြည့်မှီသည့် အမျိုးအစားတူပစ္စည်း များဖြင့် လဲလှယ်ကာ ဒုက္ခသည်များအား ဝေငှပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။
နိုင်ငံတကာမှ အကူညီပေးထားသည့် ဆန်၊ ဆီနှင့် သွပ်များကို ကုန်သည်ကြီးများအသင်းဟု ဆိုင်းဘုတ်တင်ကာ ရောင်းချနေသည်ဟုဆိုသည်။
“သူတို့က စာရင်းတွေတော့ လိုက်ကောက်တယ်၊ သွပ်တပေကို ၇၀၀ နဲ့ ရောင်းမယ်၊ (၇) ပေ သွပ်ကို ၄,၉၀၀ နဲ့ ရောင်းမယ်ပြောတာ၊ အပြင်မှာတောင်မှ ၄,၈၀၀ ပဲရှိတယ်၊ သူတို့ရောင်းမယ် ဆိုတဲ့ သွပ်တွေက အသစ်တွေဆိုပေမဲ့ မကောင်းဘူး၊ ဆားပေါက်နေတာတွေ ပါတယ်”ဟု မြို့ခံက ပြောဆိုသည်။
ကုန်သည်ကြီးများအသင်းဟု ဆိုင်းဘုတ်ချိတ်ကာ ရောင်းချနေရာ ဆီ ၂၀ ကျပ်သားအား ကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချပေးမည်ဆိုသော်လည်း တအိမ်ထောင်လျှင် ၁၅ ကျပ်သားသာ ရရှိပြီး ၅၀၀ ကျပ်နှုန်း ပေးနေရသည်ဟုဆိုသည်။
“(ရယက)ရုံးမှာ ခုလ (၁၀) ရက်နေ့နောက်ပိုင်းမှ ကုန်သည်ကြီးများအသင်းဆိုင်းဘုတ်တင်ပြီး ရောင်းနေတာ၊ လူတွေက တန်းစီနေရတယ်၊ ရောင်းတယ်ဆိုပေမဲ့ အိမ်ထောင်စုတိုင်းမရဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လေဘေးဒုက္ခသည်များမှာ နိုင်ငံတကာအကူအညီများ မရရှိသေးဘဲ ယခုရက်ပိုင်းအတွင်း အနုပညာရှင်အချို့ လာရောက်လှူဒါန်းသည့် ပစ္စည်းအနည်း ငယ်သာရရှိပြီး ရပ်ကွက်အတွင်းရှိ စေတနာရှင်များကပေးသည့် ထမင်းထုတ်များကိုသာ မျှဝေ စားသောက်နေကြရသည်။
ထို့အပြင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ပျက်စီးသွားသည်များကို အာဏာပိုင်များက ရှင်းလင်းပေးခြင်းမရှိဘဲ သံဃာတော်များနှင့် ပြည်သူများက သစ်ပင်များကို ကိုယ်ထူကိုယ်ထ ခုတ်ထွင်ရှင်းလင်းနေပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ပစ္စည်းရောင်းချသည့်အချိန်မှသာ ရပ်ကွက်တွင်း ရောက်ရှိလာသည်ကို မြင်တွေ့ရကြောင်း မြောက်ဥက္ကလာရှိ လေဘေးဒုက္ခသည် များက ပြောဆိုသည်။
Yoma3News
Thursday, May 15, 2008
အာဏာရှင်တို့၏လူမဆန်သောမိုက်ရိုင်းမှုများ
Posted by Ashin dhamma at 3:25 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment