FT/ ၁၉ နိုဝင်ဘာ ၂၀၀၈
line
ကမ္ဘာ့စီးပွားရေးကပ်ဆိုက်နေခြင်းကြောင့် အာရှနိုင်ငံများ၏ ပြည်ပပို့ကုန်အခြေခံ စီးပွားရေး လုပ်ငန်းများ နှေးကွေးလာသည့် အလျောက် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂ အရာရှိတဦးက သတိပေးလိုက်သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းလာခြင်းကြောင့် အာရှနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးမှုအတွက် အဓိကတွန်းအား ဖြစ်နေသော ပို့ကုန်လုပ်ငန်းကို အခက်အခဲများဖြစ်စေမည့် အခြေခံအကြောင်းတရားများ ဖြစ်ပေါ်လာစေသဖြင့် အာရှနိုင်ငံများ၌ လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံး အကြီးအကဲ Ajay Chhibber က သတိပေးလိုက်ခြင်းဖြစ်သည်။
အာရှတိုက်သား သန်း (၉၀၀) ခန့်သည် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည့် တနေ့ တဒေါ်လာအောက် ၀င်ငွေရှိသည့် လူမွဲဝင်ငွေနှုန်းထက် နည်းပါးသည့် ၀င်ငွေမျိုးနှင့် ရပ်တည်နေရသည်ဟု Ajay Chhibber က ပြောသည်။ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းနည်းပါးလျှင် အလုပ်လက်မဲ့နှုန်းများလာပြီး ထိုအချက်ကြောင့် လူမွဲများ ပိုများလာနိုင်သည်ဟု ဆက်ပြောသည်။
“စီးပွားရေးကမောက်ကမဖြစ်တဲ့အတွက် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ်ကို အာရုံအထူးစိုက်နေကြတယ်။ စီးပွားရေး ကမောက်ကမဖြစ်တာနဲ့အတူ ကလေးတွေ ကျောင်းကနေ အပြီးအပိုင် ထွက်ကြရတာတွေဖြစ်နေတယ်။ ဒီကိစ္စဟာ မျိုးဆက် အလိုက် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ ကျောင်းမတက်တော့ဘဲ ထွက်သွားတဲ့ ကလေးမတယောက်ဟာ တချိန်ကျရင် စာမတတ်တဲ့ မိခင်တဦးဖြစ်လာမှာလေ” ဟု ၎င်းက ထောက်ပြသည်။
ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် အစိုးရများအနေဖြင့် ငွေပိုမိုသုံးစွဲရုံတခုတည်းဖြင့် ယင်းပြဿနာကို ဖြေရှင်းရန် မလုံလောက်ကြောင်း၊ အဆိုပါ အလုပ်လက်မဲ့များနှင့် ဆင်းရဲသူများအတွက် ပိုမိုအာမခံနိုင်သည့် အခွင့်အရေးများ၊ အစီစဉ်များလည်း ရှိရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မစ္စတာ Ajay Chhibber က အကြံပြုပြောဆိုသည်။
Wednesday, November 19, 2008
ကမ္ဘာ့စီးပွားရေးကပ်ကြောင့် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက်နိုင်
Labels: သတင်း
Posted by Ashin dhamma at 6:29 AM 0 comments
Tuesday, November 18, 2008
ကြားသမျှမြင်သမျှအချိုးမကျတာလေးတွေ
ဘောပွဲကြည့်သူများ၊ညီညွတ်ရေးရဲ့အဓိပ္ပါယ်
နှင့်ပြတ်သားသောထုတ်ပြန်ကြေညာချက်များ
ကိုတောသားတယောက် စာတွေရေးရင်း ကြောက်ကြောက်လာလို့နိုင်ငံရေး
စကားတွေနဲ့ခပ်ဝေးဝေးနေတာပဲခင်ဗျ….ဒါပေမယ့်…နေညိုရင်…လေပြိုသလို..
အချိန်တန်တော့ပိုးကထထလာတယ်….တကယ်ဆိုကိုတောသားက....
ခပ်ကြောက်ကြောက်ပါ…...။
အားလုံးလဲသိတဲ့အတိုင်းပဲ…ဒီကခေါင်းဆောင်ကြီးများကနဲနဲလေးဝေဖန်မိရင်……
ချက်ချင်းတံဆိပ်ကပ်လိုက်ကြတာခင်ဗျ…ဒီမလာခင်တုန်းကဆေးလိပ်ခုံမှာများ
လုပ်ခဲ့ဘူးလားတော့မသိဘူးပေါ့…စိတ်မထင်သမျှလူတွေကိုထောက်လှမ်း
ရေးတို့…မယုံရဘူးဆိုတဲ့..တံဆိပ်တွေအမျိုးမျိုးကပ်ကြတာခင်ဗျ…
တခုရီရတာက..တကယ့်ထောက်လှမ်းရေးကိုကျတော့..သူတို့ကယူဂျီလို့
ပြောပြီး….တခမ်းတနားဧည့်ခံပြုစုကြပြန်ရော….ကြားဖူးတာလေးပြောတာပါ…မှန်တာပြောရင်နောင်ဘဝ.............ဒီမိုကရေစီနိုင်ငံမှာပဲ..လူဖြစ်ရပါ
စေရဲ့…….ပြောနေရင်း….လိုရင်းပျောက်သွားမှာစိုး
လို့ခေါင်းစဉ်တပ်ထားတဲ့အကြောင်းလေးရေးပါရစေ…။
ဘောပွဲကြည့်သူများအကြောင်း
ကိုတောသားငယ်ငယ်တုံးက..ဦးလေးနဲ့အတူဘောပွဲသွားကြည့်တာလေးအမှတ်ရလို့ပါ…အဲဒီတုန်းကနာမည်ကြီး…ကပ်စတန်နဲ့…မီးရထားနဲ့ပွဲပါ…ကိုတောသားတို့ငယ်ငယ်တုန်းက…..အဲဒီ
ဘောပွဲတွေဟာ..အခုခေတ်လိုကျီးနဲ့ဖုတ်ဖုတ်ဘယ်ဟုတ်ပါ့မလဲ…ကွင်းထဲမှာတနေရာစာရဖို့..အသက်လုပြီးတိုးမှရတာ…ခွန်ကျော့ဖေတို့..ပေါက်စီတို့ခေတ်ပေါ့ဗျာ…။
ကိုတောသားနဲ့ဦးလေးတို့..အထူးတန်းရှေ့မှာနေရာလေးရခဲ့သဗျ…ဘော
ပွဲကလဲအကြိတ်အနှယ်ခင်ဗျ…………လူတွေကလဲတခဲနက်အားပေးနေတာ
ဝက်ဝက်ကွဲပါ(အဲဒီတုန်းကလဲဘောပွဲလောင်းတာတွေတော်တော်ခေတ်စား
ပါတယ်)……နောက်မှအဲဒီခေတ်မဆလအာဏာပိုင်များကစီမံချက်တွေချ..
အတင်းပိတ်ဆို့ဖမ်းဆီးလို့..ဘောပွဲကနေ..ချဲကိုပြောင်းသွားတာပါ………။
တကယ်ဆိုသူတို့ကလဲ..ခပ်ညံညံပါ…အခုခေတ်နအဖခေါင်းဆောင်ကြီးများလို
……ကိုယ့်အမျိုးတွေဒိုင်ကိုင်ခိုင်းလိုက်ပြီးရော…နော့…အကောက်လဲရ..အမြတ်
လဲရ..တကယ်အချီကြီးလျှော်ရမယ့်..အလှည့်ကျမှ…ရဲကိုလက်သိပ်ထိုးဖမ်းခိုင်း
လိုက်…ထောင်ထဲမှာ..မင်းသားလို..မင်းသမီးလို..သုံးနှစ်ဝင်နေလိုက်ရင်…သိန်း
ထောင်ချီအောင်ပေါက်လဲ..လျှော်စရာမလိုတော့ဘူးလေ…..ထောင်ထဲမှာ…သိန်း
ဆယ်ဂဏန်းလောက်ပေးရင်..ထောင်မှုးသမီးတောင်..အဝတ်လျှော်ခိုင်း….နင်းနှိပ်
ခိုင်းလို့ရပါသေးတယ်..ကိုတောသားလဲပြောရင်းကစကားတွေချော်သွားမိပြန်
ပါပြီ….။
စကားလက်စလေးဆက်ပါရစေဦး…ဘောပွဲကလဲအကြိတ်အနှယ်ပေါ့ခင်ဗျာ……
အားပေးကြသူများကလဲ..ကိုယ်အားပေးတဲ့အသင်းကလူတွေကိုနာမည်ခေါ်ပြီး
အားပေးလို့ပေါ့…..။
အဲဒီလိုအားပေးနေတဲ့အချိန်…ကိုတောသားရဲ့နောက်တန်းက..ပုဂ္ဂိုလ်
တဦးကတော့..အကျယ်လောင်ဆုံးအားပေးလိုက်….ထင်သလိုမဖြစ်
ရင်ဆဲလိုက်နဲ့ခင်ဗျ….ဘယ်လိုကန်လိုက်ပါလား…ဟိုကောင့်ကိုထိုး
ပေးလိုက်ပါလား….ဟိုကောင်လွတ်နေပြီစသည်ဖြင့်လည်းကောင်း….
ဟိုမအေ…ကဘာလုပ်နေတာလဲ..စတဲ့ယဉ်ကျေးဖွယ်ရာအသုံးအ
နှုန်းများနဲ့လည်းကောင်းအားပေးနေတာပါ…တကယ်ပြောရရင်..သူ
ညွှန်ကြားနေပုံဟာ..ခုခေတ်မန်ယူကဖာဂူဆန်တို့ထက်ဘယ်ညံမလဲ
ခင်ဗျာ…..။
ကိုတောသားလဲကိုယ့်ဇောနဲ့ကိုယ်ဆိုတော့သူ့ကိုလှည့်မကြည့်အားပါဘူး………တကယ်ဆိုကိုတောသားလဲ..ရတဲ့ကျောင်းမုန့်ဘိုးလေးပြားငါးးဆယ်ထဲက…….တမတ်တန်ခေါက်ဆွဲသုတ်တပွဲဖိုးကြီးများတောင်သူငယ်ချင်းနဲ့လောင်း
ထားမိတာကိုးခင်ဗျာ……….။
တချီမှာတော့ကပ်စတန်အသင်းကအပေးအယူလုပ်ပြီး….အလယ်တန်းလူက
ညာဝင်းကပေါက်စီကိုအလောတော်ချအပေး…ပေါက်စီကလဲ….အတင်းဆွဲပြေး
သွားပြီးတဖက်ကနောက်တန်းလူနဲ့အတွေ့မှာ…..လူပေးမလိုလိုနဲ့…..အတွင်း
ဘက်ကိုချိုးဝင်ဆွဲပြေးပြီး…ဂိုးသမားနဲ့နှစ်ယောက်ချင်းအတွေ့…ကန်ထည့်လိုက်
တာမှာ……..ဂိုးဆိုတဲ့အသံကြီးနဲ့အတူ…ကိုတောသားမျက်လုံးထဲမှာမီးတွေဘာ
တွေပွင့်ထွက်သွားပါတယ်..။
သတိရလို့ကြည့်လိုက်တော့….ဘောလုံးကဂိုးသမားရဲ့ဘယ်ဘက်ဂိုးဘားတန်းအပေါ်ကကျော်ထွက်သွားပေမယ်..ကိုတောသားကတော့….ထိုင်ခုံတန်းအရှေ့ကမြေကြီးပေါ်မှာခွေခွေလေးပါ…ငယ်ငယ်ကတည်းကအဲလိုကံကောင်းတာပါခင်ဗျာ…။
ဖြစ်ပုံကဒီလိုပါ…ဘောပွဲကလဲအရှိန်တက်…ပေါက်စီကလဲ…အလိမ်အခေါက်
ကောင်း….ကာစတန်ဘက်ကလဲအချီကြီးလောင်းထားတဲ့..မာန်တက်နေတဲ့
နောက်ကပုဂ္ဂိုလ်ကြီးက…ပေါက်စီအကန်မှာ..သူလဲအားပါပြီးကြုံးအကန်လိုက်..ဘောလုံးကဂိုးဘားပေါ်ကျော်သွားပေမယ့်…ဘောလုံးမဟုတ်တဲ့..ကိုတောသားခမြာ…ဘောလုံးလိုလှလှလေးမကျပဲ..မြေခသွားတာပေါ့ခင်ဗျာ……။
လား..လား..အဲဒီတော့မှပဲ..ကိုတောသားလဲ..ဒေါသနဲ့နောက်က..လူကြီးကို
ကြည့်မိတော့…..ကိုတောသားတို့..ရပ်ကွက်ထဲကဖြစ်နေတာကိုး….ကိုတော
သားတို့ရပ်ကွက်ထဲမှာ..လူကြီးယောင်ယောင်..ဘာယောင်ယောင်နဲ့..ဟိုသြဇာ
ပေးလိုက်..ဒီသြဇာပေးလိုက်လုပ်နေတဲ့…လူကြီးပါ….တကြိမ်…ကိုတောသားတို့
..လူငယ်တွေ…ရပ်ကွက်အလိုက်ဘောလုံးပြိုင်ပွဲလုပ်ဖို့စီစဉ်တဲ့အခါ…သူလဲပါ
လာပြီး(သူကအဲဒီအချိန်တုန်းကမဆလပါတီမြို့နယ်စည်းရုံးရေးမှုးပါ)…အစစ
အရာရာစီမံခန့်ခွဲတော့တာပေါ့…နောက်ဘောလုံးအသင်းအတွက်လိုအပ်တဲ့
ဘောလုံးသုံးလုံးဝယ်ဖို့လဲ..သူကပဲ(လူကြီးပီပီ)တာဝန်ခံလို့ရပ်ကွက်ရံပုံငွေ
လေးကိုယူသွားပါတယ်…။
ဘောကန်မယ့်နေ့ကျတော့မှ…သူဝယ်လာတဲ့ဘော်လုံး..သုံးလုံးကို..စက္ကူဖါထဲကထုတ်လိုက်တဲ့အခါ…ကိုတောသားတို့ခမြာ..ဟာကနဲ့ဖြစ်ရပါတော့တယ်…ဘာဖြစ်လို့လဲဆိုတော့..သူဝယ်လာတာကဘောကန်တဲ့ဘော်လုံးတွေမဟုတ်ပဲ..ဘော်လီဘောပုတ်တဲ့..ဘော်လုံးတွေဖြစ်နေလို့ပါပဲ…ဘာပဲဖြစ်ဖြစ်…
ကိုတောသားတို့ရပ်ကွက်ဘော်လုံးပွဲကို..အဲဒီဘော်လီဘော….ဘော်လုံးတွေနဲ့ပဲ
..အောင်မြင်စွာဆင်နွဲလိုက်ရသလို…ကျွဲကူးရေပါဆိုသလို..ဘော်လီဘောပွဲကိုပါ
..ဆက်ဆင်နွှဲလိုက်ကြပါတယ်…အဲဒီပုဂ္ဂိုလ်ကြီးကတော့…သူဝင်စီစဉ်တဲ့နှစ်ကျမှ…
ဘောပွဲတင်မက..ဘော်လီဘောပွဲပါနှစ်ခုဖြစ်တယ်ဆိုပြီး..ဂုဏ်ယူနေသေးတယ်
ကြားရပါတယ်.....။
တဆက်တည်းပြောချင်တာကတော့ကိုတောသားရဲ့..မိတ်ဆွေသူငယ်ချင်းများလဲ…အဲဒီလူကြီးဘော်လုံးပွဲအားပေး…သလို…ဘော်လုံးဝယ်သလိုဖြစ်မှာအင်မတန်စိုးပါတယ်……အခုကိုတောသားတွေ့နေရတာက..ကိုယ့်လူများဟာ…
ဟိုCbox ထဲဝင်ဆဲလိုက်….ဟိုအဖွဲ့ကိုကလော်တုပ်လိုက်….ဟိုတယောက်ကို
ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုက်နဲ့…….ပျော်မွေ့နေတာတွေ့ရတာကိုတောသား
တော်တော်ဝမ်းနည်းမိပါတယ်…တကယ်မယ်မယ်ရရ..ဘာဝေဖန်အကြံပေးချက်
မှမပါပဲ..ဟိုလူကြီးဘောပွဲလောင်းထားသလိုမျိုး…လောင်းကြေးရှုံးမှာစိုးတိုင်း…
နားမလည်..ပါးမလည်နဲ့အလွတ်ဆဲနေသလိုဖြစ်မှာ..စိုးပါတယ်…ဒီမိုကရေစီ
နည်းလမ်းတကျ..စည်းစနစ်ကျစွာ..အားပေးသင့်တယ်လို့..ကိုတောသား
တော့ယူဆပါတယ်..။
မင်းကောဘာထူးလဲကိုတောသားရာလို့ပြောရင်တော့…….ကိုတောသားလဲ
မပြေးသော်ကန်ရာရှိဖြစ်နေပါတယ်….တခုပဲပြောချင်တာက…ကိုတောသားက
…..ဘောလုံးနဲ့ဘော်လီဘောပုတ်တဲ့ဘော်လုံးကိုတော့..ဘဝအတွေ့အကြုံ့အရ
ခွဲခြားသိပါတယ်လို့ပြောပါရစေ…..။
အခုကိုတောသားပြောနေတာကလဲ…ကြားသမျှမြင်သမျှအချိုးမကျတဲ့အကြောင်း
လေးတွေကိုပါ….ဒီပွဲမှာကိုတောသားဘယ်ဘက်ကိုမှမလောင်းထားသလို…မြန်မာ
ပြည်ဒီမိုကရေစီရတဲ့ကာလကျရင်လဲ…ကိုတောသားအနေနဲ့..လက်ရှိရဝတ
ဥက္ကဌရာထူးလောက်ရဖို့တောင်မရည်ရွယ်ထားပါဘူး….။
ဒီတော့ကိုတောသားတို့……ပြောနေတာတွေဟာ……အဂတိတရားလေးပါးနှင့်
ကင်းပါတယ်ဆိုတဲ့အကြောင်း…ကိုယ့်ကိုကိုယ်ဖေါ်..မသူတော်လုပ်လိုက်ပါတယ်..။
အခုခေါင်းစဉ်မှာပါတဲ့ညီညွတ်ရေးရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့….ပြတ်သားသောထုတ်
ပြန်ကြေညာချက်တွေအကြောင်း…နောက်နေ့တွေဆက်ရေးသွားပါမယ်…။
ကိုတောသား(မဲဆောက်)
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:37 PM 0 comments
မိတ်ဆွေ ဘယ်လဲ ဘာလဲ
မိတ်ဆွေ ဘယ်လဲ ဘာလဲ
ရေးသူ- လူထုစိန်ဝင်း
မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။
ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....
မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။
မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။
(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:34 PM 0 comments
အရှင် ဂမ္ဘီရနှင့် တိုင်းရင်းသားလူငယ်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် သာသနာ့အာဇာနည်အရှင်ဂမ္ဘီရ (ခ)အရှင်စန္ဒောဘာသ
[အရှင်ဂမ္ဘီရနှင့် သူ၏ မိသားစု]
Tuesday, 18 November 2008 19:40 ဧရာဝတီ
E-mail Print
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည် ။
အရှင်ဂမ္ဘီရ မိသားစုနှင့် နီးစပ်သူတဦးက “လောလောဆယ် ၁၂ နှစ်ချထားတယ်၊ အခုချထားတဲ့ ပုဒ်မတွေက ၅၀၅ (ခ)၊ ၂၉၅ (က) ၂နှစ်စီ သုံးနေရာကစွဲတယ်၊ အားလုံးပေါင်း ၁၂နှစ်ချထားတယ်။ အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကိုဖမ်းဆီးထားပြီး စွဲထားတဲ့အမှုပေါင်းကတော့ မနည်းဘူး။ နောက်ရက်တွေ ဆက်ပြီး အမိန့်ချဖို့ ရှိတယ်” ဟု ပြောသည်။
အသက်၂၉ နှစ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးထားပြီးတနှစ်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အရှင်ဂမ္ဘီရကိုလွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့အတူ မန္တလေးတိုင်း သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးကေလာသ ကိုလည်း ပုဒ်မ ၁၇ (၂၀) ၊ ၁၇ (၁) ၊ မတရားအသင်းပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ် ယနေ့ချမှတ်လိုက်ကြောင်း သိရသည်။
အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ်ပုဒ်မ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ သာသာနာညှိုးနွမ်းစေမှု ၊ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊ မတရားအသင်းပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်ပုဒ်မ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူငါးဦးထက်ပိုမိုစုဝေးမှု၊ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုစသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုလိုက်ရှေ့ နေကပြောသည်။
အလားတူ လှုပ်ရှားတက်ကြွသူ တိုင်းရင်းသားလူငယ်သုံးဦးကိုလည်း ရန်ကုန်အင်းစိန်ထောင် အထူးတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ချင်းတိုင်းရင်းသား ကပ်လှမ်ခုတ် (ခ) ကိုကျော်စိုးနှင့် ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင်တို့ကို တိုင်းရင်းသားလူငယ်များအား စည်းရုံးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပ်နီးစပ်သူက ပြောသည်။
ချင်းတိုင်းရင်းသား အန်ထော်နီ (ခ) ကက်ခွမ်ကွာကိုလည်း ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်သည်ဟု အဆိုပါ နီးစပ်သူကဆက်ပြောသည်။
ကပ်လှမ်ခုတ်သည့် တိုင်းရင်သားခေါင်းဆောင်တဦးဖြစ်သည့် ဦးကျင်ရှင်းထန်၏ သားဖြစ်ပြီး အန်ထော်နီမှာ တူုဖြစ်သည်။
“သူတို့ဟာ အမှုတွေဒီလောက်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့ အခုလို နှစ်ရှည်အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိပါဘူး” ဟု ဦးကျင်ရှင်းထန်က ဧရာဝတီကို ပြောသည်။
အဆိုပါတိုင်းရင်းသားလူငယ် ၃ ဦးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကတည်းက အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 8:08 AM 0 comments
စားအုန်းဆီမှ ဦးပိုင် အမြတ်အစွန်းများစွာ ရနေ
စားအုန်းဆီမှ ဦးပိုင် အမြတ်အစွန်းများစွာ ရနေ
NEJ/ ၁၈ နိုဝင်ဘာ ၂၀၀၈
line
နိုင်ငံတကာ၌ စားအုန်းဆီဈေးများ ထိုးကျနေသော်လည်း ပြည်တွင်းကို စားအုန်းဆီများ လက်ဝါးကြီးအုပ်ပြီး တင်သွင်းနေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ဈေးနှုန်းမြှင့်တင်ထားသည့်အတွက် အမြတ်အစွန်းများစွာ ရနေကြောင်း ပြည်တွင်း ဆီကုန်သည်များက ပြောပြကြသည်။
ဘုရင့်နောင် ပွဲရုံတန်းမှ ဆီကုန်သည်တဦးက “အခုဆိုရင် မလေးရှား စားအုန်းဆီဟာ ရန်ကုန်ဆိပ်ကမ်းအရောက် တပိဿာကို မြန်မာကျပ်ငွေ (၁,၁၉၅) ကျပ်နှုန်းပဲ ရှိတော့တယ်။ အဲဒါကို ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ်ပြီး တပိဿာကို (၂,၂၅၂) ကျပ်ဈေးနဲ့ ဖြန့်တယ်။ တပိဿာကို ကျပ် (၁,ဝဝဝ) ကျော် အမြတ်ယူထားတယ်။ ဦးပိုင်ဟာ ပြည်တွင်းဆီ ကုန်သည်တွေဆီကို တပတ် တပတ်ကို ဆီပိဿာချိန်ပေါင်း (၁ဝ) သိန်းလောက် ဖြန့်ဖြူးတယ်။ လက်ရှိ ပေါက်ဈေးနှုန်းနဲ့ တွက်ကြည့်ရင် စားအုန်းဆီ ဖြန့်ဖြူးရာကနေ တပတ်ကို ကျပ်ငွေ သန်းတစ်ထောင် (တစ်ဘီလီယံ) လောက် အမြတ်ရနေတာ တွေ့နိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမှာ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးမှုကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး တခါတရံ ဦးပိုင်လီမိတက်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများက တင်သွင်းခွင့်ရသည်။ ထိုသို့ တင်သွင်းခွင့်ရသူများသည် များသောအားဖြင့် ထိပ်တန်းအာဏာပိုင် အသိုင်းအဝန်း မိသားစုဝင် ကုမ္ပဏီများသာ ဖြစ်ကြောင်း သိရသည်။
ဦးပိုင်လီမိတက်သည် နိုင်ငံခြားက ဝယ်ယူတင်သွင်းလာသည့် စားအုန်းဆီများကို ဈေးနှုန်းတခု သတ်မှတ်ပြီး ပြည်တွင်းက ၎င်းတို့ အသိအမှတ်ပြု ဆီကုန်သည် ကိုယ်စားလှယ်များကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးသည်။ လောလောဆယ် ရန်ကုန်မှာ ဆီကုန်သည် ကိုယ်စားလှယ် (၃,ဝဝဝ) လောက်ရှိပြီး တဦးကို (၁၁၆) ပိဿာဝင် စားအုန်းဆီ ပီပါ (၃) လုံးစီ ဖြန့်ဖြူးရောင်းချပေးသည်။
မြန်မာနိုင်ငံက တင်သွင်းနေသည့် မလေးရှားနိုင်ငံ ဈေးကွက်မှာ ပြီးခဲ့သည့် ၂ဝဝ၈ ဇူလိုင်လတွင် စားအုန်းဆီ တတန် (၉၈၂) ဒေါ်လာခန့် ပေါက်ဈေးရှိရာမှ လက်ရှိ နိုဝင်ဘာတွင် တတန် (၄၂၆) ဒေါ်လာအထိ ကျဆင်းသွားသည်။ ဈေးနှုန်း ထက်ဝက် (၅ဝ ရာခိုင်နှုန်း) မက ကျဆင်းသွားခြင်းဖြစ်သည်။
သို့သော် မြန်မာဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသည့် ဦးပိုင်လီမိတက်မှာမူ စားအုန်းဆီ ခွဲတမ်းဈေးကို နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ ချမပေးခဲ့ကြောင်း၊ ဦးပိုင်က ဖြန့်ဖြူးသည့်ဈေးသည် ပြီးခဲ့သည့် ၂ဝဝ၈ သြဂုတ်လက စားအုန်းဆီ တပိဿာ ကျပ် (၂,၅ဝဝ) ခန့် ရှိခဲ့သော်လည်း လက်ရှိ (၂,၂၅၂) ကျပ်နှုန်းဖြင့်သာ အနည်းငယ်လျော့ချပြီး ဖြန့်ဖြူးနေခြင်း ဖြစ်သည်။
စားအုန်းဆီ လက်ဝါကြီးအုပ်တင်သွင်းသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဗိုလ်ချုပ်သားသမီးများပိုင် ကုမ္ပဏီများသည် တလ တလကို ကျပ်ငွေ (၄) ဘီလီယံခန့် အမြတ်အစွန်းရနေကြောင်း ကုန်သည်များက သုံးသပ်နေကြသည်။
ပြည်တွင်း၌ ယခုကဲ့သို့ စားအုန်းဆီ ဈေးနှုန်းများ ကျသင့်သလောက် မကျသည့်အတွက် ထိုင်းနိုင်ငံကနေ ပုဇွန်နှစ်ကောင် တံဆိပ်အပါအဝင် စားအုန်းဆီများ ဈေးသက်သက်သာသာ ဖြင့် နယ်စပ်လမ်းမှတဆင့် ဝင်လာနေသည်။ ထိုကြောင့် အာဏာပိုင်များသည် နယ်စပ်မှတဆင့် စားအုန်းဆီ တင်သွင်းခွင့် လုံးဝ မပေးသည့်အပြင် ဘားအံ-ရန်ကုန်၊ မော်လမြိုင်- ရန်ကုန် ကားလမ်းတလျှောက်၌ အကြီးအကျယ် စစ်ဆေးပြီး စားအုန်းဆီများကို ဖမ်းဆီးနေကြောင်း တွေ့မြင်ရသည်။
ယခုနောက်ပိုင်း အမြန်အစွန်းများသည့် ပြည်တွင်းစားအုန်းဆီ တင်သွင်းခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ပိုင် ကုမ္ပဏီက စီမံခန့်ခွဲနေသည်ဟု ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Labels: သတင်း
Posted by Ashin dhamma at 5:33 AM 0 comments
စင်္ကာပူ စီးပွါးရေးကျ၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ငွေများ ထိခိုက်
ဂျွန်မိုး
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 13:39 - မြန်မာစံတော်ချိန်
စင်္ကာပူ (မဇ္ဈိမ)။ ။ မကြာသေးခင် နှစ်များက သန်းပေါင်းများစွာသော ဒေါ်လာငွေများ ငွေလွှဲလုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခဲ့ကြသည်။ ဤလုပ်ငန်းကို ခြင်္သေ့မြို့တော်ရှိ ဈေးဆိုင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများတဆင့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စက်တင်ဘာလအတွင်းက စတင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ်အတည်းကြောင့် စင်္ကာပူ မြန်မာ ငွေလွှဲလုပ်ငန်းလည်း ထိခိုက်ခဲ့ရသည်။ စင်္ကာပူနိုင်ငံသည် စီးပွါးရေး ကျဆင်းမှုနှင့် ကြုံနေရပြီ ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ၊ အလုပ်အကိုင် ရှာဖွေရန် လာရောက်သူ မြန်မာများအနေဖြင့် ယခင်ထက် ပို၍ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
"စီးပွါးရေးကတော့ ထိခိုက်နေပြီ၊ ရှေ့မှာ ပိုဆိုးဦးမယ်၊ ဒီအကျိုးကြောင့် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းလုပ်သူတွေလဲ အများကြီး ထိခိုက်တာဘဲ၊ အထူးသဖြင့် စင်္ကာပူကို ရာဘာ၊ ကျောက်မျက်၊ သစ် နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ပို့နေတဲ့ လုပ်ငန်းတွေ ထိခိုက်ကုန်ကြတယ်" ဟု ပီနန်ဆူလာပလာဇာ (Peninsula Plaza) မှ အမည်မဖေါ်လိုသူ စီးပွါးရေး သမားတဦးက မဇ္ဈိမကို ပြောပါသည်။
မြန်မာအလုပ်သမားများကို အကြီးအကျယ် မထိခိုက်သေးသော်လည်း သုံးစွဲရာတွင်မူ အတော်သတိထား၍ စစ်စစ်စီစီ သုံးစွဲနေကြရသည်ဟု ဆိုသည်။ ရနံ့သစ် စားသောက်ဆိုင်ပိုင်ရှင် ကိုဘိုဘိုဝင်းက "ကျနော်တို့ ဆိုင်ကို လာနေကျ ဖောက်သည်တွေ သီတင်းပတ်ကုန် စနေ တနင်္ဂနွေတွေမှာ မလာကြတော့ဘူး။ အရောင်းက အတော်ကျသွားတာ။ ကျနော်တို့မှာ အရင်းကြေရုံလေးဘဲ ရှိတယ်" ဟု ပြောပါသည်။
စင်္ကာပူရောက် မြန်မာများမှာ ယခုအခါ မသုံးမဖြစ် ကိစ္စများအတွက်သာ ဝယ်ယူ သုံးစွဲနေကြရပြီး အပို ကုန်ကျစရာများကို ရှောင်ရှားနေကြရသည်။ "ဘဏ္ဍာရေးဈေးကွက် ကမောက်ကမ ဖြစ်သွားကတဲက ရောင်းကြေးလည်း ၁ဝ %ကျော် ကျသွားတယ်" ဟု အဆိုပါ စားသောက်ဆိုင် ပိုင်ရှင်က ဆက်လက် ပြောဆိုပါသည်။
ယခုအခါ မြန်မာစီးပွါးရေး လုပ်ငန်းရှင်များ အနေဖြင့် အရောင်းမြှင့်တင်ရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင်နေကြရပြီး၊ လျော့နည်းသွားသော ဖောက်သည်များ ပြန်ရအောင် ကြိုးစားနေကြရသည်။
ထို့ပြင် ဤကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် စင်္ကာပူသို့ ခုမှ ရောက်ရှိလာကြသူများ အနေဖြင့် ဤ စီးပွါးရေး ကျဆင်းချိန်အတွင်း အလုပ်အကိုင် ရှာမရသောကြောင့် မြန်မာနိုင်ငံသို့ လက်ချည်းသက်သက်ဖြင့် ပြန်သွားနေကြရသည်။
အလုပ်လုပ်ခွင့်ပါမစ် (EP) ကိုင်ထားသူ မြန်မာပညာရှင်များ အနေဖြင့်လည်း ကုမ္ပဏီများက ဝန်ထမ်းများ လျှော့နေမှုကြောင့် အလားတူ ပြဿနာများကို ကြုံနေကြရသည်။
ပညာရှင်တဦးလည်းဖြစ်၊ EP ကိုင်ထားသူလည်း ဖြစ်သည့် မနွေးနွေးနိုင်သည် အခြား မြန်မာဗိသုကာနှင့် ဒီဇိုင်နာ ၈ ဦးနှင့်အတူ Smallwood, Reynolds, Stewart & Stewart (SRSS) ကုမ္ပဏီများမှ လူလျှော့ရာတွင် ပါသွားခဲ့ကြသည်။ သို့သော် ကုမ္ပဏီများက သူတို့၏ EP များကို ပယ်ဖျက်ခြင်း မလုပ်သေးဘဲ အလုပ်သစ်ရှာရန် နောက်တလ ခွင့်ပြုထားသည်။ ၆ ပတ်အတွင်း အလုပ်မရပါက သူတို့လည်း မြန်မာနိုင်ငံသို့ ပြန်ကြရတော့မည် ဖြစ်သည်။
"ကုမ္ပဏီမှာ အမြင့်ဆုံး စီမံခန့်ခွဲရေး ဝန်ထမ်းက အောက်ဆုံး အငယ်တန်း ဝန်ထမ်းအထိ စုစုပေါင်း ဝန်ထမ်းဦးရေ ၁၃၅ ယောက် ရှိတယ်။ ကုမ္ပဏီကို ပြန်လည်ပြုပြင် ဖွဲ့စည်းတဲ့အခါ ပြင်သစ်၊ ဖိလိပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား ဝန်ထမ်းတွေအပါ အဝင် ဝန်ထမ်း ၅ဝ အလုပ် ဖြုတ်ခံရတယ်" ဟု မနွေးနွေးနိုင်က မဇ္ဈိမကို ပြောပါသည်။
ဤအတောအတွင်း အမြဲတမ်းနေထိုင်ခွင့် (PR) ရထားသူ မြန်မာနိုင်ငံသား အလုပ်လက်မဲ့များ အနေဖြင့် အလုပ်ရှာနေစဉ် နေလို့ထိုင်လို့ ဖြစ်အောင် ကြိုးစားနေကြရသည်။
"ကျမ စင်္ကာပူမှာ အလုပ်ရှာနေတာ ၃ လကျော်နေပြီ၊ အခုထိ မရသေးဘူး" ဟု ၀ါဏ္ဏိဇဘွဲ့ရထားသူ မြန်မာနိုင်ငံမှ အသက် ၂၅ နှစ်ရှိ မသီရိစန္ဒာထွန်းက ပြောပါသည်။
"ကျမအဖေက ဒီမှာ ကျမရဲ့ နေထိုင်စရိတ်အတွက် တလကို ဒေါ်လာ ၈ဝဝ ပို့ပေးပါတယ်။ ဒါပေမဲ့ ကျောင်းလခ အပါအဝင် ၆ လအတွင်း ကျမ ဒေါ်လာ ၁ သောင်းကျော် ကုန်သွားပြီးပြီ" ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
စီးပွါးရေး စီမံအုပ်ချုပ်မှုဘွဲ့ ရထားပြီး ရန်ကုန်မြို့ရှိ Ginzarpan Pizza Hut တွင် စီမံအုပ်ချုပ်မှု မန်နေဂျာ လုပ်ခဲ့သူ မခိုင်ဇာလွင် (၂၄ နှစ်) သည်လည်း စင်္ကာပူရှိ စားသောက်ဆိုင် တဆိုင်တွင် စားပွဲထိုး လုပ်နေရပြီး၊ အလုပ် ပိုလုပ်ရသော်လည်း လုပ်ခမှာ ပုံမှန်ထက်ပင် လျှော့ပေးခြင်း ခံရသည်။
"ကျမှမှာ တခြားရွေးစရာလဲ မရှိဘူး၊ ပွဲစားကို ပေးခဲ့ရတာတွေလဲ ထည့်စဉ်းစားရတော့ မြန်မာပြည်ကို ဘာမှမပါဘဲ ပြန်မသွားချင်ဘူးလေ" ဟု မခိုင်ဇာလွင်က စိတ်ပျက်လက်ပျက် ပြောပါသည်။ သူမ၏ လစဉ်ဝင်ငွေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၅ဝ ခန့်) မှ ၆ဝ % ကို နေထိုင် စားသောက်စရိတ်နှင့် လမ်းစရိတ်အတွက် သုံးရပြီး ကျန် ၄ဝ% ကို အိမ်ပြန်ပို့နိုင်သည်ဟု ဆိုသည်။ ဤငွေပမာဏမှာ မြန်မာနိုင်ငံတွင် စားပွဲထိုးလုပ်လျှင် မည်သို့မျှ မရနိုင်သော အလွန် ကြီးမားသည့် ဝင်ငွေ ဖြစ်သည်။
လက်ရှိ စင်္ကာပူနိုင်ငံ၏ စီးပွါးရေး အခြေအနေမှာ ကျွန်းနိုင်ငံပေါ်တွင် နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အလွန်ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အနုပညာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ကုန်တိုက်ကြီးတွေ၊ အားကစားနဲ့ အပန်းဖြေနေရာ ဌာနတွေသည် အနောက်နိုင်ငံများ၏ အဆင့်အတိုင်း ဖြစ်ပြီး ငွေလဲ ကောင်းကောင်းပေးရသည်။
ဤကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး အကြပ်အတည်း မတိုင်ခင်က မြန်မာအလုပ်သမားများ ရရှိခဲ့သော ခံစားခွင့်များက စင်္ကာပူသည် သူတို့အဖို့ နေချင့်စဖွယ် ပျော်စရာအတိ ပြီးစေခဲ့သည်။ ဘဝသစ်သို့ လွယ်လွယ်ူကူဘဲ ရောက်သွားခဲ့ကြသည်။ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ နေစရာ အိမ်တွေ ရခဲ့ကြသည်။ ယခုတော့ အခြေအနေများမှာ ပို၍ ခက်ခဲလာနေပြီး စင်္ကာပူရောက် မြန်မာများအဖို့ စားဝတ်နေရေး ဖူလုံရုံပင်မနဲ ရုန်းကန်နေကြရသည်။
အလုပ်လက်မဲ့ ဖြစ်နေခြင်းကြောင့် မနွေးနွေးနိုင်လဲအိမ်ကို ငွေပြန်မပို့နိုင်တော့။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံရှိ မိသားစုအများ မှီခိုနေကြရသည့် မြန်မာ စင်္ကာပူ ငွေလွှဲလုပ်ငန်း စနစ်ကြီး တခုလုံးမှာ အခြေအနေမဟန် ဖြစ်နေရသည်။ စင်္ကာပူရောက် မြန်မာများမှာ ဘဏ္ဍာရေး အကြပ်အတည်းတွင် ရှင်သန်ကျန်ရစ်ခဲ့အောင် လုံးပန်းနေကြရသလို ခြင်္သေ့မြို့တော် စီးပွါးရေး ကျားကြီးကလည်း အရင်လို စီးပွါးရေးအရ ကျားလိုဟိန်းနိုင်အောင် အပြင်းအထန် တိုက်ပွဲဆင်နေရသည်။
Labels: သတင်း
Posted by Ashin dhamma at 4:55 AM 0 comments
အဇ္ဈတ္တ
အဇ္ဈတ္တ
Monday, November 17th, 2008
အဇ္ဈတ္တ
တကယ်တော့ အတွေးတခုကနေ မွေးဖွားခဲ့တာပါ။ အတွေးတခုကနေ နောက်ထပ် အတွေးတွေ ဆင့်ကဲ ဖြစ်ပေါ်ပြီး ဒီအတွေးတွေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်ကြီးဟာ စာအုပ်တအုပ်ဖြစ်တယ်။ အင်တာနက် စာမျက်နှာ တခုဖြစ်တယ်။ ဘလော့တခုဖြစ်တယ်။ ဒါမှမဟုတ် ရုပ်ရှင်တပုဒ်ဖြစ်တယ်။ အတွေးတွေ ကူးသန်းဆက်ယှက်ရင်း ဒီအတွေးတွေ မပြန့်ပွားဖို့ အနှစ် ၂၀ ဆိုတာကို ကျနော်တို့ဘာသာ ကျနော်တို့ တီထွင်လိုက်ကြတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ ကန့်သတ်လိုက်ကြတယ် ဆိုပါတော့။
ဒီလိုနဲ့ တိုးတက်သင့်တဲ့ အတွေးတွေသာ မတိုးတက်ခဲ့ဘူး။ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ သမိုင်းစာမျက်နှာပေါင်းများစွာထဲမှာ စာရွက်တွေထပ်ပြီး အဖြုတ်ခံရဖို့ မလိုလားခဲ့ဘူး။ သမိုင်းဆိုတာ အောင်နိုင်သူတို့ ရေးရာ၏တဲ့။ ဒီလိုဆို ရှုံးနိမ့်သူတွေရဲ့ ရာဇ၀င်ဟာ တရုတ်သမိုင်းထဲက ချင်ရှီဟွမ် ဘုရင်ကြီးလို ရှိရှိသမျှ မီးရှို့ချင်တဲ့သူတွေက အခုအချိန် အများသား။ အခုလို အချိန်မှာ အရာအားလုံး ချုပ်ငြိမ်းသွားအောင် သံရည်ပူ တရှဲရှဲလောင်းပြီး လောင်တိုက်သွင်းရင် နောင်တချိန်မှာ အရာအားလုံး ငြိမ်းချမ်းသွားမယ်ထင်လား ကိုယ့်လူ။ အခြေမခိုင်တဲ့ ခြေထောက်တစုံနဲ့ ခေါင်းပေါ်တက်ရပ်နေသူတွေအဖို့ နောက်တချိန်ဆိုတာ ပြုတ်ကျဖို့သာ ရှိတယ်။ အတ္တနဲ့ လောဘကို ကိုယ်စားပြုတဲ့ အဇ္ဈတ္တနဲ့ ကိုယ်တခုဟာ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး အများခေါင်းတွေကို နင်းချေထားတယ်။
တိုးတက်လာမယ့် အနာဂတ်တွေကို ရင်ဝယ်ပိုက်ဖို့ နေနေသာသာ စင်္ကာပူမှာ ဈေးဝယ်လို့ အားရသေးတာ မဟုတ်ဘူး။ အိမ်မှာ ကျယ်တဲ့ အိမ်ကျယ်တွေအဖို့ အပြင်က ပြောစကား နားထောင်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် ဗိုလ်လုပ်လို့ အားမရနိုင်သေးဘူး။ ဒီလိုနဲ့ ဒီအိမ်ကြီးထဲမှာ လူတွေ နည်းခဲ့ပြီ။ ခါးချိအောင် အထောင်းခံဖို့ ကိုယ့်ခါးကို ကော့ပေးကြရတယ်။ နားမချိအောင် အထောင်းခံဖို့ လေလှိုင်းတွေက အဆက်မပြတ် လွှတ်ပေးနေကြတယ်။ တချို့က အမှန်တချို့နဲ့ အမှားသုံးပုံနှစ်ပုံကို ရော cocktail အဖြစ် တင်ဆက်ကြတယ်။ တချို့က အမှားတွေအများကြီးမှာ အမှန် တလုံး ၂ လုံး ထည့်ပြီး အမှန်လို့ ပြောချင်ကြတယ်။ နားကော ခါးကော ချိသွားကြသူတွေအဖို့တော့ ဂျောင်းရင်ဂျောင်း အောင်းရင်အောင်းပဲ ကိုယ့်လူ။ မအောင်းဘဲ အောင်လံ လွှင့်သူတွေအတွက်ကတော့ ချိုးဖျက်ခံထားရတဲ့ အမှန်တရားနဲ့ ဥပဒေက စောင့်လျက်ပဲပေါ့။
ပြောခွင့်မရလို့သာ မပြောကြတာ.. ရင်ဘတ်ထဲက အသံတွေဟာ ဗြောင်းဆန်နေတယ်။ အပြောခံနိုင်ဖို့ နေနေသာသာ ကျသွားတဲ့ ကာတွန်းတပုံဟာ သူတို့အတွက် ကျဉ်စက်နဲ့ အတို့ခံရသလိုပဲ။ ဒီလိုနဲ့ သူတို့ပြောတဲ့ တိုးတက်ပြောင်းလဲလာမယ့် နေ့တနေ့ကို ငါတို့တွေ လက်ကလေးပိုက်ပြီး ထိုင်စောင့်ရဦးမယ်။ ငါတို့တွေ ထိုင်စောင့်ရင်းနဲ့ ဟို အကြော်သည် မိန်းမ သမီးလဲ ကလေးတွေ တပြွတ်ကြီးနဲ့ အကြော်ဆက်ရောင်းဆဲပေါ့။ ဟောင်းနွမ်းနေတဲ့ ငါတို့ အိမ်ခေါင်မိုးတွေ ဆေးပြန်မသုတ်နိုင်ခဲ့တာ ကြာခဲ့ပြီ။ ဒီလိုနဲ့ပဲ အပြောကြီးတဲ့ ဟိုဘက်အိမ်က ပွဲစားသမီးလဲ နိုင်ငံခြားထွက်သွားခဲ့တာလဲ ကြာခဲ့ပြီ။
ပြောင်းလဲဖို့ အချိန်အခါတရပ်ဆိုတာ အခုအချိန်ထိ မပြောင်းလဲနိုင်ခဲ့သလို ပြောင်းလဲဖို့သင့်တဲ့ ကျနော်တို့အားလုံးလဲ မပြောင်းလဲနိုင်ခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ပဲ သူတို့တွေ နင်းချေသွားကြသလို ကျနော်တို့တတွေလဲ ကိုယ်နင်းချေခဲ့ကြတဲ့ အတိတ်တွေကို အမှတ်မရဘဲ အနာဂတ်ကို မျှော်မှန်းနေလို့တော့ မရဘူး ကိုယ့်လူ။
ကဒေါင်းညင်သာ
Labels: ဆောင်းပါး
Posted by Ashin dhamma at 2:41 AM 0 comments
Monday, November 17, 2008
'ဓမ္မနဲ့ အဓမ္မတိုက်ပွဲ" မပြီးသေးဟု လှုပ်ရှားတက်ကြွသူများပြော
မြင့်မောင်
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:37 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသော်လည်း စစ်အစိုးရအနေဖြင့် အနိုင်ရသွားခြင်း မဟုတ်ကြောင်း နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယုံကြည်ကြသည်။
ယနေ့ကျရောက်သည့် ၆၉ နှစ်မြောက် နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် ကျင်းပသည့် အခမ်းအနား၌ သူတို့က တညီတညွတ်တည်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"အခု လုပ်နေတာက မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ် အကျဉ်းချနေတာ။ အဲဒါ အဓမ္မ။ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ဖို့ လိုအပ်တယ်။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ တိုက်ပွဲကို ပြီးဆုံးသည့်တိုင်အောင် စည်းလုံးညီညွတ်မှုနဲ့အတူ တိုက်ပွဲဝင်သွားမယ်" ဟု အရှင် ဦးပညာသီရိက အခမ်းအနားတွင် မိန့်ကြားသည်။
ဦးပညာသီရိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လင်တန် ရဲဘက်စခန်းမှ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းကျခံခဲ့ရသည့် သံဃာတော်တပါး ဖြစ်သည်။
''ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် ရှေ့တန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲတွေကို ဦးဆောင်နေတာက ထုထည်ကြီးမားတဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ အာဏာရှင်တွေက ဘယ်လိုပဲ နှိမ်နင်းနေပါစေ တော်လှန်ရေး၊ ဒီမိုကရေစီရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြအုံးမှာ ဖြစ်တယ်'' ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှ တွဲဖက်အတွင်းရေးမှူး (၂) ကိုမောင်လူကြီးက ပြောသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှုအပြီး စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ၈၈ ကျောင်းသားများ အများအပြားဖြင့် ၁၉၉၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မှ ဥက္ကဌဖြစ်သူ ကိုကျော်သန်းကလည်း ပြည်တွင်းရှိ ကျောင်းသားထုသည် စစ်အာဏာရှင်စနစ်အား ဖိနှိပ်မှုကြားကပင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုသာ ယုံကြည်ကြောင်း ပြောသည်။
"ကျောင်းသားတွေကို ဒီမိုကရေစီ တောင်းရုံနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်တယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ၆၅ နှစ် နှစ်ရှည်ထောင်ဒဏ် ချလိုက်တဲ့ အပေါ်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဇေယျာက '၆၅ နှစ်တဲ့လားကွာ' ဆိုတဲ့ စိန်ခေါ်တဲ့ စကားတွေက ကျောင်းသားထုတွေထဲမှာ ဗမာကျောင်းသားထုရဲ့ သတ္တိနဲ့ ပိုင်းဖြတ်မှုတွေကို ကိုယ်စားပြုတဲ့ သဘော ရှိတယ်" ဟု ကိုကျော်သန်းက ပြောသည်။
နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် ပေါ်ပေါက်လာပုံမှာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နာဇီဖက်ဆစ်များက ချက်ကိုစလို ဗက်ကီးယားနိုင်ငံအား သိမ်းပိုက်မှုနှင့် ဖက်ဆစ်ဝါဒကို ပရာဂ် (Prague) တက္ကသိုလ်မှ ကျောင်းသားများက ရဲဝံ့စွာ အာခံခဲ့ကြရာ ကျောင်းသားတဦး ကျဆုံးခဲ့ပြီး ကျောင်းသား ၁၂ ဦးအား ခုံရုံးမှ အပြစ်ပေး ကွပ်မျက်ခဲ့သလို၊ ထောင်ပေါင်းများစွာသော ကျောင်းသားများအား ဖိနှိပ်ရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရမှုမှ စတင်ခဲ့သည်။ ထိုစဉ်က နိုင်ငံတ၀ှမ်းရှိ တက္ကသိုလ် ကောလိပ်များကိုလည်း ပိတ်ပစ်ခံခဲ့ရသည်။
၁၉၄၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော နိုင်ငံတကာ ကျောင်းသားများ ကောင်စီမှ နိုဝင်ဘာလ ၁၇ ရက်နေ့ကို နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် သတ်မှတ်ကာ အာဏာရှင်နှင့် ဖိနှိပ်မှု၊ သွေးစုတ်မှုများအား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတ၀ှမ်းရှိ ကျောင်းသားအဖွဲ့အစည်းများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၀ ခန့်မှ ကျောင်းသားအဖွဲ့အစည်း ၁၆၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် International Union of Students ၊ International Union of Sodalist Youth နှင့် World Federation of Democratic youth က အခမ်းအနားများကို ဦးစီးကာ ပိုစတာများ၊ လက်ကမ်းစာစောင့်များ ထုတ်ဝေဖြန့်ဝေကာ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၂၁ ဦးထက်မနည်း ထောင်ဒဏ် ၆၅ နှစ်အထိ မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချခဲ့သလို၊ အခြားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သူ အန်အယ်ဒီ ပါတီဝင်များ၊ သံဃာတော်များနှင့် လူ့အခွင့်အရေးသမားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 6:47 AM 0 comments
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:05 - မြန်မာစံတော်ချိန်
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း
စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင်
၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင်
၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း
အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့်
ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်
Labels: သတင်း
Posted by Ashin dhamma at 6:34 AM 0 comments
Sunday, November 16, 2008
Life for a daughter of a political prisoner
Labels: ဗီဒီယို
Posted by Ashin dhamma at 8:43 PM 0 comments