.png)

မြန်မာ့ ဖွတ်ဘော ဒုတိယအကြိမ်မြောက် ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေး မြို့ကြီး (၂) ခုတွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပြီဟု သတင်းများတွင် ဖတ်လိုက်ရပေသည်။ မြန်မာ့ ဖွတ်ဘောအသင်းရဲ့ ဖွတ်သံသရာသည် နအဖ အာဏာရှင်လက်အောက်တွင် ဖွတ်ဖြစ်ရုံမက ဖွတ်ခြေစွမ်းများနှင့် နိုင်ငံတကာသို့ တိုးမပေါက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။
ယခုတစ်ဖန် မြန်မာ နေရှယ်နယ်လိဂ်ဟု နာမည်တစ်မျိုးပြောင်းကာ မြန်မာပြည်သူလူထုကြီးအား အာရုံလှည့်စားရန် ရည်ရွယ်ချက်နဲ့ အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေကြပေသည်၊ မြန်မာ့ဘောလုံးလောကကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေချင်သည့် စေတနာထက် နိုင်ငံရေးအတွက် အမြတ်ထုတ်ဖို့က ပိုများနေသည်ဟု လူအများစုက သတ်မှတ်ထားကြပေသည်၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာပြည်သူလူထုကြီးအား နိုင်ငံရေးကို စိတ်မ၀င်စားစေရန် နအဖက အထူးကြံရွယ်ထားပေသည်၊ နအဖနှင့် ဖအေတူ မအေကွဲများ ဖြစ်ကြသည့် ပြည်သူ့ ဂုတ်သွေးစုတ် စီးပွားရေးလုပ်ငန်ရှင်ကြီးဆိုသူများကလည်း နအဖအကြိုက် အလိုက်ဆောင်ကာ မျက်နှာချိုသွမ်း အရူးချီးပန်း လုပ်ကာ ရူးချင်ယောင်ဆောင်နေကြပေသည်၊ အထူးသဖြင့် ထူးထရေးဒင်း ပိုင်ရှင် တေဇသည် မြန်မာပြည်ကြီးတစ်ခုလုံး၏ စီးပွားရေးလုပ်ငန်းစုများကို လက်ဝါးကြီး အုပ်ကာ နအဖ သက်ဆိုးရှည်ရေးအတွက် နည်းပေါင်းစုံနှင့် ညစ်ပတ်စွာ လုပ်ကိုင်ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည်။
ယခုလို မြန်မာ့ ဖွတ်ဘောပွဲကို ကျင်းပခြင်းကြောင့်
၁။ လောင်းကစားလုပ်ငန်းများ မှိုလိုပေါများလာခြင်း၊
၂။ ခိုးဆိုးလုယက်မှုများ များပြားလာခြင်း၊
၃။ စီးပွားရေး ပိုမိုဆုတ်ယုတ်ပျက်စီးခြင်း၊
၎။ အကျင့်စာရိတ္တ ဆိုးရွားစွာ ပျက်စီးခြင်း၊
၅။ အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် စိတ်ပါဝင်စားမှု မရှိခြင်း၊
ဆိုသည့် အကျိုးတရားများကို လက်တွေ့ခံစားကြရမည်ဖြစ်သည်၊ မြန်မာ့ ဖွတ်ဘောလောက အဆင့်အတန်း မြင့်သည် မမြင့်သည်ထက် ပြည်သူ့ ခံစားပေါက်ကွဲမှုဒေါသတို့သည် နအဖ ဖက်မလှည့်ရေးသည်သာ အဓိကအဖြစ်သတ်မှတ်ထားသောကြောင့် မြန်မာ့ ဖွတ်ဘောလောကကြီးသည် ဖွတ်သံသရာ လည်နေဦးမည်သာ ဖြစ်ပေသည်။
စက်တင်ဘာလသည် မြန်မာတစ်မျိုးသားလုံး၏ ရင်ထုမနာ ယူကြုံးမရဖြစ်ခဲ့ရသည့် လဖြစ်ပေသည်၊ ဒီစက်တင်ဘာမှာ မိမိတို့ အထွတ်အမြတ်ထား ကိုးကွယ်သည့်ဘာသာ သာသနာကို နအဖ စစ်အာဏာရှင်က ရက်ရက်စက်စက် ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်၊ ဒီစက်တင်ဘာမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့သွေးတွေ မြေခခဲ့ရသည်၊ ဒီစက်တင်ဘာမှာ မတရားဖိနှိပ်ချုပ်ခြယ်သည့် အာဏာရှင်တွေကို တော်လှန်သည့် တော်လှန်ရေးဝိညာဉ်တွေ နိုးထကြသည်၊ ဒီစက်တင်ဘာသမိုင်းကို မေ့ဖျောက်ပစ်လို့ မရ၊ စက်တင်ဘာသည် စစ်အာဏာရှင်များကို ထာဝရ ခြောက်လှန့်စေမည်ဖြစ်သည်။
ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးကလည်း နအဖ စစ်မိစ္ဆာကောင်များရဲ့ အမျိုးမျိုးသော လိမ်လည် လှည့်စားမှုများကို နားမယောင်ကြပဲ မိမိတို့၏ ရည်မှန်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခေတ်သို့ရောက်ရှိအောင် ခိုင်မြဲသောလက်တို့ဖြင့် ဇွဲ လုံ့လ ၀ိရိယ သတိကြီးမားစွာထား၍ နအဖ စစ်မိစ္ဆာ ရန်သူအာဏာရှင်ကို စုပေါင်းတော်လှန် အောင်ပွဲခံကြဖို့ အသင့်အနေအထားရှိနေကြရန် အထူးတိုက်တွန်းရေးသားလိုက်ရပေသည်။
တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)
Monday, September 7, 2009
မြန်မာ့ ဖွတ်ဘောနှင့် စက်တင်ဘာ
Labels: ဆောင်းပါး
Posted by Ashin dhamma at 2:01 AM 0 comments
Sunday, September 6, 2009
ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့

ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင်တို့က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ်ကန့်သတ်ရုံမျှမက သာသနာ့နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက်သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည်သူတို့ ဆင်းရဲဒုက္ခရောက်ရသည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ်များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။
ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။
ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။
ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ်ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။ ဆရာတော် အစပျိုးခဲ့သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင် သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့်သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သား တို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝
ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။
ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။
ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။
ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။
ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။
ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅)(၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”
ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။
ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထားသည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာတွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့်ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက်တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။
-“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။
http://www.khitpyaing.org/
Labels: ဆောင်းပါး
Posted by Ashin dhamma at 12:05 AM 0 comments
Saturday, September 5, 2009
အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်တစ်ခုဖြစ်ပေသည်၊ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ်လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက်မြင့်လာပေပြီ၊ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင်များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်းသံဃာတော်များအားလည်း လွတ်ပေးခြင်းမရှိသေးပေ၊ ထိုအချက်တို့သည် တတိယအကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန် အဓိက အကြောင်းအချက်များပင်ဖြစ်သည်။
သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယခင်ကလဲသပိတ်မှောက်ခဲ့သလို ယခုလဲ သပိတ်မှောက်ထားဆဲ နှောင်လဲ သပိတ်မှောက်နေအုံးမည်ဖြစ်သည်၊ နအဖသည် အရေခြုံဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေသရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာဖြစ်ပေသည်။
သံဃာတော်များသည် သာသနာ့အန္တရာယ်ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန်အပြည့်ရှိပေသည်၊ သာသနာ့အန္တရာယ်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏အသက်ကို ဘုရားသာသနာတော်ကြီးအား ပေးလှူကာ ကာကွယ်စောက်ရှောက်ကြရပေမည်။
ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာတည်တံ့နိုင်မည်ဖြစ်ပေသည်၊ မင်းဆိုးမင်းညစ်တို့သည် မိမိတို့အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေးဝါဒကိုသာ တွင်တွင်ကျင့်သုံးကြသူများဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ၊ လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာ ဆိုးသွမ်း ရိုင်းစိုင်းသည့် အကျင့်စရိုက်များ (မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကားလာတော့မည်မှာ ဧကန်မုချ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေသည်။
သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်းသံဃာတော်များသည် ယနေ့အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာဝါဒီတို့အား ဓမ္မနည်း(တရားသောနည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီးနေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်၊ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့အရေးတော်ပုံကြီး ဧကန်မုချပေါ်ပေါက်လာတော့မည် ဖြစ်သည်၊ တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုးကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယရွှေဝါရောင် တော်လှန်ရေးလှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေးများအား ရှင်းလင်းပယ်ရှားရန် တစ်ရွေ့ရွေ့စီးဆင်းလာနေပြီဖြစ်ပေသည်။
သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များဖော်ဆော်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။
သံဃာ့အရေးတော်ပုံ မုချအောင်ရမည်။
စစ်မိစ္ဆာကောင်များ မုချ ကျဆုံးရမည်။
အမိမြန်မာပြည် အမှန်တရား ထွန်းကားရမည်။
မင်းကောင်းမင်းမြတ် ဧကန်မုချပေါ်ထွန်းရမည်။
တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:16 AM 0 comments
Thursday, September 3, 2009
တိုက်တွန်းနှိုးဆော်ခြင်း

၀၄။၀၉။၂၀၀၉
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
န အ ဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း
ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော……………
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို
န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်းမရှိသေးပါ။
ထို့အပြင် သံဃာတော်များအား ဆက်လက်ထပ်မံဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော…… မတရားဖမ်းဆီးထားသောသံဃာတော်များအားချက်ချင်းလွတ်ပေးရန်၊
သံဃာတော်များအပေါ်နှိပ်စက်သတ်ဖြတ်စော်ကား မှူများကိုအမြန်ဆုံးပြန်
လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် န ဖ အ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည်ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
Labels: ကြေငြာချက်
Posted by Ashin dhamma at 10:47 PM 0 comments
Wednesday, September 2, 2009
အောက်တိုဘာ ၃ ရက်

(၂၀၀၇ တုန်းက)
ရှေ့မှာလက်နက်၊ အာဏာစက်နှင့်
မထူးဇာတ်ခင်း၊ အရူးမင်းနှင့်
ကိုယ့်ဘက်ငဲ့တတ်၊ နောက်လိုက်အငတ်တို့
သံဃာ့သွေးခင်း၊ လမ်းနင်းလျှောက်ကာ
ယုတ်မာခဲ့သည် ။
(ဒီမိုတွက်နှင့်)
ညီနောင်တို့သွေး၊ မခြောက်သေးဘူး
လမ်းခုလတ်နှင့်၊ သွေးမပြတ်နှင့်
ညီညွတ်ချိန်ခါ၊ သွေးစည်းစွာနှင့်
(၂၀၀၉ - သံဃာ့တပ်ဦးမှာ)
ကျောင်းသားပြည်သူ၊ ခြံရံကူလို့
(အဓမ္မ)အာဏာဟူသမျှ၊ တွန်းလှန်ရမည်
ငါတို့သွေးတွေ၊ နီရဲစေ။ ။
Black
http://bigbbrown.blogspot.com/
Labels: ကဗျာ
Posted by Ashin dhamma at 9:45 PM 0 comments
ဤခရီး နီးသလား
![]()
ညီညွတ်ရေးတဲ့ ......။
အများက ခဏ ခဏ ပြောကြတဲ့ ညီညွတ်ရေး။ ညီညွတ်ရင် အာဏာရှင်ကို ဖြုတ်ချလို့ ရပြီလို့ ပြောကြတယ်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် .. တဲ့။
ထင်း တစ်ချောင်းတည်းကို ချိုးလို့ ရပေမယ့်၊ ထင်းတစည်းကို ချိုးလို့ မရနိုင်ဘူးတဲ့။
အမျိုးမျိုးသော ညီညွတ်ရေးဆိုင်ရာ သဘောတရားတွေက အများသားလား။
အာဏာရှင်ကို ဖြုတ်ချတဲ့ လမ်းတစ်လျှောက်မှာ အကုန်လုံး ဒီစကားလုံးတွေကို အကြိမ်ကြိမ် ကြားခဲ့ပြီးပါပြီ။ အကြိမ်ကြိမ်လည်း ကိုယ်တိုင် ကိုယ်ကျ ပြောခဲ့ ဖူးပြီးသားနေမှာပါပဲ။
တချို့သော နိုင်ငံရေး ဆိုင်ရာ အခမ်းအနားတွေမှာ မိန့်ခွန်း တတ်ပြောတဲ့ နိုင်ငံရေးသမားကြီးကြီးတွေ ပြောတာ ရှိပါသေးတယ်။ ဘာတဲ့ ... စစ်အာဏာရှင်ကို တိုင်းပြည်က မောင်းထုတ်ရာမှာ အရေးကြီးဆုံးက ..
နံပါတ် (၁) သည် ညီညွတ်ရေး
နံပါတ် (၂) သည် ညီညွတ်ရေး
နံပါတ် (၃) သည် ညီညွတ်ရေး .... တဲ့။
ကဲ ဘယ်လောက်များ နားထောင်လို့ ကောင်းပြီး ကြက်သီးမွှေးညင်း ထစရာ ကောင်းလိုက်သလဲ။
ကျွန်တော်တို့ သိထားတာက ညီညွတ်ရေး ရရင် ပွဲပြီးပြီ။ အခု နိုင်ငံရေး သမားအကြီးကြီးတွေက ကိစ္စတိုင်းရဲ့ အရှေ့မှာ ညီညွတ်ရေးကို ရှေ့တန်းထင်တဲ့ မိန့်ခွန်းစကားကြားရတော့ ငါတို့ အောင်ပွဲနီးပြီပေါ့။
အဲလိုနဲ့ ရက်တွေ၊ လတွေ ကုန်သွားတယ်။ နှစ်တောင် ကူးလာပြီ။ နောက်ထပ် အခမ်းအနားမှာ ညီညွတ်ရေး အရေးကြီးကြောင်း မိန့်ခွန်းစကား ထပ်ပြောပြန်တယ်။ အဲလိုနဲ့ ညီညွတ်ရေး စကားကို ကြိမ်ဖန်များစွာ ကြားလာရပေမယ့် ဘာမှ လက်တွေ့ ဖြစ်မလာဘူး။
ဒါနဲ့ ကျွန်တော်လည်း ဘာဖြစ်လို့ ဖြစ်နေရတာလည်း ဆိုတာကို ဆန်းစစ်မိပါတော့တယ်။
ဒီအခါ ကျွန်တော် ဘာကို တွေ့ရလဲ ဆိုတော့ မဆိုသလောက် အမှားအချက်အလက်လေးတွေ တွေ့ရပါတယ်။ အဲဒီ အချက်အလက်တွေကို ပြင်နိုင်လိုက်ရင်တော့ ကောင်းလာမယ် မျှော်လင့်မိပါရဲ့။ ကျွန်တော် တွေ့တာတွေကတော့
၁။ တာဝန်ကျေပြီလို့ ထင်ခြင်း
အဆိုပါ နိုင်ငံရေး သမားကြီးကြီးတွေက အခုလို အခမ်းအနားတွေမှာ ညီညွတ်ရေးစကားပြောတာကို မိမိတို့ တာဝန်ကျေပြီလို့ ယူဆနေပုံရပါတယ်။ အဲဒီ စကားလုံးရဲ့ နောက်ကွယ်က လုပ်ရပ်(Action) တွေ ဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒီတော့ တာဝန်ကျေ ညီညွတ်ရေး ပြောတော့တာပါပဲ။
စကားဝိုင်းတွေမှာလည်း ".... ကျွန်တော်/ ကျွန်မတို့က ညီညွတ်ရေးကို ပြောနေတာကြာပါပြီ .. " တဲ့။ အဲလို ပြောခဲ့တာကို ဂုဏ်ယူဖွယ်ရာ မှတ်နေပါတယ်။ ကိုယ်ပြောခဲ့တာကို ကိုယ့်ဘာသာ အကောင်အထည်မဖေါ်နိုင်တဲ့ အပေါ် ရှက်မိတဲ့ စိတ်မဝင်ဘဲ .. အခြားလူတွေက ညီညွတ်ရေး မလိုလားလို့ ညီညွတ်ရေးက မဖြစ်သယောင် ပြောနေတာကို ကြားရတော့ စိတ်အတော်လေးကို မသက်သာ စရာပါပဲ။
၂။ မိန့်ခွန်းပြောသော စကားလုံး အဖြစ်လောက်သာ တွေးထင်မိနေခြင်း(မိမိပြောသော စကားလုံးကို မိမိဘာသာ မယုံကြည်ခြင်း)
ယုံကြည်ချက် အတော်နည်းတယ်ပဲ ပြောရမလား၊ (ဒါမှ မဟုတ်) ညီညွတ်ရေးဆိုတာကို လူအများရှေ့ လူရာဝင်ရုံ ကြားကောင်းသော မိန့်ခွန်းစကား အဖြစ်လောက်သာ တွေးပြီး ပြောနေတာပါပဲ။ ဖြစ်နေပုံကတော့ ကလေးတွေ မိန့်ခွန်းပြောတမ်း ကစားသလိုပဲ။ ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်။ ကိုယ်ပြောခဲ့တဲ့ စကားလုံးတွေပေါ်မှာ ယုံကြည်ချက် ရှိမနေတာပါပဲ။ ကိုယ်ပြောတာကို မယုံကြည်ရင်၊ ကိုယ့်ကိုကိုယ် မလေးစားရာရောက်တယ်ဆိုတဲ့ ရှက်စရာ အတွေးအစား .. ဒါတွေ ပြောမှ လူရာဝင်မယ်လို့ တွေးနေတဲ့ မဟုတ်တဲ့ အတွေးအခေါ်တွေ ဝင်နေကြတာ တော်လှန်ရေးအတွက် တကယ့်ရင်လေးစရာပါပဲ။
၃။ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးလုပ်မိနေကြခြင်း
တော်တော်လေး ကြောက်စရာ ကောင်းတဲ့ အချက်ပါပဲ။ အားလုံးက ညီညွတ်ရေး လုပ်ဖို့ လိုတယ်။ ရှိရမယ် ပြောနေကြပေမယ့် တကယ်တမ်းမှာ အများနဲ့ အတူတကွ ပူးပေါင်း လုပ်ရမယ့် အချိန်တွေ၊ (ဒါမှမဟုတ်) အများနဲ့ ပူးပေါင်း လုပ်ပြီးချိန်တွေမှာ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို တမင် ရွေးပြီး ပြောမိ၊လုပ်မိနေသလိုပါပဲ။
ကျွန်တော်တို့ အားလုံး သေချာ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လုပ်ရပ်တွေက ညီညွတ်ရေး (Unity) အတွက် လုပ်ရပ်တွေ ဖြစ်နေလား၊ ညီညွတ်ရေးဆန့်ကျင်တဲ့ လုပ်ရပ် (anti-unity) တွေ လုပ်နေသလားဆိုတာပါပဲ။
"တစ်ဦးခြင်းစီရဲ့ လုပ်ရပ်တွေက ညီညွတ်ရေးကို ဦးတည်ခြင်း မရှိရင် ... အဲဒီ လူတွေ ကြားမှာ ညီညွတ်ရေးဆိုတာ ဘယ်တော့မှ မရှိဘူး။"
ဥပမာ .. မိမိနဲ့ အဆင်မပြေတဲ့လူ ဦးစီးလုပ်ကိုင်တဲ့ နိုင်ငံရေးပွဲကို မသွားဘူး။ (ပါးစပ်မှာတော့ ... ကျွန်တော် အလုပ်မအားလို့ မလာတာပါ ... တဲ့။ ရင်ထဲမှာတော့ .. မင်းတို့ လုပ်တာကို ငါက လာရမှာလား .. တဲ့)။ (anti-unity action)
နောက်ထပ် ဥပမာ တခု .. အစည်းအဝေးမှာ ကိုယ်က အဆိုတင်သွင်းတယ်။ ကိုယ့်အဆို မအောင်ဘူး။ အားလုံးက အခြားလူ အဆိုကို လက်ခံသွားတယ် ဆိုရင်။ အများသဘောမို့လို့ ငြိမ်နေလိုက်ရပေမယ့် ... အဲဒီ လူ တင်သွင်းတဲ့ အဆိုကို အများနည်းတူ လိုက်မလုပ်တော့ပဲ လက်ရှောင်နေတတ်တာပါပဲ။ (အမှားအယွင်း ဖြစ်သွာရင်တော့ ဘာပြောကောင်းမလဲ။ ငါ ပြောတာ မလုပ်လို့ အခုလို ဖြစ်တာဆိုပြီး နောက်ကွယ်မှာ အုပ်စုဖွဲ့တော့တာပါပဲ။)(anti-unity action)
အကြောင်းအရာ ဥပမာတွေကတော့ အများကြီးပါပဲ။ ပေးလို့ ကုန်မယ် မထင်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ ညီညွတ်ရေးအစား၊ ညီညွတ်ရေး ဆန့်ကျင်ဘက်တွေကို အားရပါးရ မြိန်မြိန်ရှက်ရှက် လုပ်နေကြတာပါပဲ။
အရိုးရှင်းဆုံး ပြောရရင်တော့ .. ညီညွတ်ရေးလိုတယ်လို့ မိန့်ခွန်းတွေ တတ်ပြောနေတာကို ကြည့်ရင်ဖြင့် .. ညီညွတ်ရေး မရှိလို့ ပြောနေတယ်ဆိုတာ ထင်ရှားနေတာပါပဲ။
အမှန်ဆို အခုလို ဖြစ်နေတာတွေကို ပြင်ပြီး အခြေခံ ညီညွတ်ရေး လုပ်ရပ် အသေးလေးတွေကို ဂရုတစိုက် အားလုံး လုပ်ကြမယ် ဆိုရင်တော့ ညီညွတ်ရေး လုပ်ဖို့ မိန့်ခွန်းပြောတာတွေကို ကျွန်တော်တို့ ကြားရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် နေ့စဉ်လုပ်ကိုင် ဆက်ဆံပြောဆိုသမျှ နေ့တဓူဝကိစ္စ အသေးလေးတွေထဲ နိုင်ငံရေးအရ ညီညွတ်ရေးကို သတိလေး ကပ်ပြီး လုပ်မယ် ဆိုရင်ဖြင့် ညီညွတ်ရေး ခရီးက လွဲမှာ မဟုတ်ပါကြောင်း ...
လေးစားစွာဖြင့်
ကိုထိုက်
(P.S ..ကျွန်တော့်ကို နည်းနည်း အမြင်မကြည် ဖြစ်နေတဲ့ အချို့သော လူများကလည်း ဒီကောင်ဆရာကြီး လုပ်ပြန်ပြီ ဆိုပြီး အမုန်းမပွားဘဲ မေတ္တာရှေ့ထားပြီး ညီညွတ်ရေးကို အတူတကွ ဖေါ်ဆောင်ပြီး အာဏာရှင်ကို လက်တွဲ တိုက်ကြပါစို့လားဗျာ။)
Labels: ဆောင်းပါ
Posted by Ashin dhamma at 9:38 PM 0 comments
နအဖက လှည့်တိုက်နိုင်တယ် သတိထားကြပါ
အခုတလော မူဆလင် နဲ့ ပတ်သက်တဲ့ maill တွေ တော်တော်ဝင်နေတယ်၊ သတိထားကြပါ သီတင်းသုံးဖော်တို့ ။ မဟာမြတ်မုနိ ဘုရားကို ဖောက်တုန်းကလည်း မူဆလင်ဖက်ကို မြားဦးလှည့်ပေးလိုက်ပြီးပြီ။ အခုလည်း သူတို့ တွေဖက် မြားဦးလှည့်မှာစိုးလို့ မူဆလင်နဲ့ ဘုန်းကြီးကို ရန်တိုက်ပေးဖို့ လုပ်နေကြတယ်၊ သတိထားကြပါ။ အပြစ်မဲ့တဲ့ ဘာသာရေး ညီအကိုတွေ ချစ်ခင်မူမပျက်ပါစေနဲ့ ။
Labels: သတင်း
Posted by Ashin dhamma at 9:21 PM 0 comments
တတိယအကြိမ်သံဃာ့ထုသပိတ်ကံဆောင်ခြင်း စဉ်းစားရွေးချယ်ရန် ပုံစံ(၄)မျိုး
(၁) သြ၀ါယစရိယဆရာတော်ကြီးမှအာမခံဦးစီး၍ သိမ်အတွင်း၌ ပ၀ါရဏာအပြီး ဆက်လက်ကံဆောင်ခြင်းနှင့်ထိုင်သပိတ်တိုက်ပွဲဖော်ခြင်း။
(၂) သံဃာထုအင်အား (၅၀၀-၁၀၀၀)ခန့်ဖြင့် မြို့ တစ်ခုတွင် သိမ်ကြီးတစ်ခုအား စုပေါင်းဝင်ရောက်၍သပိတ်ကံဆောင်ပြီး ထိုင်သပိတ်ဆင်နွဲခြင်း (သို့) လမ်းလျှောက်မေတ္တာပို့သပိတ်ကံဆောင်ခြင်း။
(၃) ရဲရင့်စွာဖြင့်တစ်ပါးတည်း ဦးဆောင်တိုက်ပွဲဖော်ဆောင်နိုင်သည့်ကိုယ်တော်များမှ သိမ်တစ်ခုတွင် တစ်ပါးစီတာဝန်ယူ၍ ပ၀ါရဏာအပြီး အခြားသိမ်များရှိသံဃာများနည်းတူ ဝေငှပေးလိုက်သည့် ကမ္မ၀ါစာများဖတ်ကြားရန် ကြေငြာပြီး စတင်ဖတ်ကြား၍ သိမ်တွင်းရှိသံဃာထုကိုဖိတ်ခေါ်ကံဆောင်ခြင်း၊
(၄) ဆက်လက်၍သံဃာထုပါဝင်မှုပေါ်မူတည်၍ သံဃာထုဆန္ဒနှင့်အညီ ထိုင်သပိတ်ပြုခြင်း၊ လမ်းလျှောက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဘုရားစေတီပုထိုးများပေါ်တွင်
ဆုတောင်းမေတ္တာပို့သခြင်း။
၂၀၀၉ခုနှစ် အောက်တို့ဘာ (၃)ရက်နေ့တွင် မိမိတို့သံဃာထုရှိ ဦးဆောင်သံဃာများ ပူးပေါင်းပါဝင်မည့်ဆရာတော်သံဃာတော်ကြီးများအား စစ်မိစ္ဆာများမှ
ဖမ်းဆီးထိမ်းသိမ်းထားပါက ပူးပေါင်းပါဝင်ဆင်နွဲမည့်ကိုယ်တော်များမှ မိမိကျောင်းဌာနများတွင် သပိတ်ကံဆောင်၍ နေစဉ့်ဘုရားစေတီပုထိုးများသို့ ချီတက်လမ်းလျှောက်မေတ္တာပို့သခြင်း၊ ဆုတောင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့် နေ့စဉ်ဆင်နွဲခြင်းဖြင့် သပိတ်ကံ
အရှိန်မြှင့်ဆောင်ရွက်ခြင်း။
မှတ်ချက် - အထက်ပါ စဉ်းစားရွေးချယ်မှု ပုံစံ(၄)မျိုးအတွက် ယခုအချိန်တွင် ပါဝင်ဦးဆောင်မည့်သံဃာများမှသေချာတိကျစွာသတ်မှတ်၍ ၂၀၀၉ ခုနှစ် အောက်တို့ဘာ (၃)ရက် မတိုင်မှီ မည့်သည့်မြို့  မည်သည့်သိမ်တွင်မည်သို့သောပုံစံဖြင့်၊ မည်သို့ဆောင်ရွက်မည်ကို အဖွဲခွဲဦးဆောင်တာဝန်ရှိသံဃာများမှ မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဆက်သွယ်ရေး တာဝန်ခံများဆီသို့ အကြောင်းကြားပေးပို့ပါရန် လျှောက်ထားအပ်ပါသည် ဘုရား…
မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သာမဂ္ဂီအဖွဲ့
Labels: သတင်း
Posted by Ashin dhamma at 8:25 AM 0 comments
Tuesday, September 1, 2009
အာရှငါးနိုင်ငံက မြန်မာသံဃာများ သပိတ်ကော်မတီဖွဲ့စည်း

အေးနိုင်
၃၁ သြဂုတ် ၂၀၀၉- အာရှနိုင်ငံ ငါးနိုင်ငံက သံဃာတော်တွေ စုစည်းပြီး သပိတ်ကော်မတီဖွဲ့စည်းလိုက်ကြပါတယ်။
ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံရောက် သံဃာတော်တွေ အစည်းအဝေးကနေ သပိတ်ကော်မတီကို ဖွဲ့စည်းတာလို့ အစည်းအဝေး တက်ရောက်တဲ့ သာသနာ့ဥသျှောင်(ဘင်္ဂလားဒေ့ရှ်) အတွင်းရေးမှူး ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မနေ့က အစည်းအဝေးကနေ ဆံငုးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့တယ်လို့ အဆိုပါ သံဃာကမိန့်ကြားပါတယ်။
“သီတင်းကွတ် လပြည့်နေ့ မြန်မာနိုင်ငံထဲမှာ တတိယအကြိမ် သံဃပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်၊ ကံဆောင်တဲ့နေရာမှာ ဦးဇင်းတို့အနေနဲ့ ပြည်ပမှာရှိတဲ့ သံဃာများ သပိတ်ကော်မတီဖွဲ့ပီးတော့ ပြည်တွင်းမှာ သံဃာ့တပ်ဦးလည်းဖွဲ့မယ်၊ အဲဒီ သံဃာ့တပ်ဦးတွေကနေ ဦးဇင်းတို့ ပူးပေါင်းပြီး ဆောင်ရမယ်ဆိုပြီး အစည်းအဝေးလုပ်ကြတာပါပဲ”။
ကျန်ဆုံးဖြတ်ချက်တွေကတော့ ပြည်တွင်းမှာ ဖွဲ့စည်းလှုပ်ရှားမဲ့ သံဃာ့တပ်ဦးတွေနဲ့ သပိတ်ကော်မတီ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းလှုပ်ရှားတဲ့ သံဃာတွေအတွက် သပိတ်ကော်မတီက ဘဏ္ဍာငွေရှားဖွေပေးမှာ ဖြစ်သလို၊ ပြည်တွင်းသံဃာထုအကြားမှာ သံဃာ့တပ်ဦးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းကာ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစိုးရပြုတ်ကျတဲ့အထိ ဆောင်ရွက်ရေး စတာတွေ ပါဝင်တယ်လို့ ဦးပဇင်း ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စစ်အစိုးရထံကနေ အချက် ၃ ချက် တောင်းဆိုထားပြီး အဲဒီ ၃ ချက်ကတော့ ၂၀၀၇ ခုနှစ်က ပခုက္ကူသံဃာတွေအပေါ် အကြမ်းဖက်မှုကို တောင်းပန်ဖို့၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတွေကိုပြန်လွတ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့တို့ဖြစ်ပါတယ်။
စစ်အစိုးရက အဲဒီအချက်တွေ မလိုက်လျောရင် တတိယအကြိမ်မြောက် သံဃပတ္တနိက္ကုဇ္ဇနကံဆောင်မယ်လို့ ကြေညာထားပါတယ်။
http://burmese.dvb.no/news.php?id=8359
Labels: သတင်း
Posted by Ashin dhamma at 9:04 PM 0 comments