Thursday, August 27, 2009

ရွှေပေါ်ကျွန်း ဆရာတော်၏ တဘောင်

၁) မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်။
၂) သူပုန်ထကာ မင်းမိစ္ဆာ ချက်ချင်းကျလိမ့်မည်။
၃) မင်းကျင့်တရား ထုံး(၁၀)ပါး နဂါးတပ်က အောင်လိမ့်မည်။
၎) စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင် ထိုးစစ်ဆင်လိမ့်မည်။
၅) တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်။
၆) နဂါးတက်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်။
၇) ထိုနေ့အခါ ပြည်မြန်မာ သာယာဝပြောမည်။
၈) မိစ္ဆာရဲ့လမ်းက ကျယ်ပါဘိ၊ နောက်တက်မယ့်မင်းက ငယ်ပါဘိ။
၉) ထိုနေ့အခါ မင်းမိစ္ဆာ၊ ယတြာဘယ်လိုကောင်းကောင်း တပေါင်းမကျော်ပြီ။
၁၀) မန်းတောင်က တောင်သမန်ရေ နှစ်ခါဖွေး ပြည်တော်ပြန်မိန်းကလေး တက်မှအေး။

(၁၉၉၁-၁၉၉၂)

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 25, 2009

သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ





မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက် ထုတ်ရတာပါလဲဘုရား။

ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊ နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့ သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။ နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့ ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊ ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့ အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင် ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင် သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက် ၀မ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ် ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊ အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့ မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့ ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး ၀န်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။ ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့ ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး ၀န်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊ ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့ သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့ တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင် မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈) ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။ ၀ိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင် မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့ သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့ အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက် အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။ သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့ ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန လိုက်နာဖို့လိုပါတယ်။

မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈) ချက်က ဘာတွေပါလဲဘုရား။

ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက် (၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။ အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင် ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။ သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့ လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။ တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊ တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက် ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင် မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့ ၀ိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင် လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆) တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက် အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့ ဖြစ်ပါတယ်။

မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့ ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။

ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊ ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။ ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊ သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့ သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။

မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင် ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။

ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊ လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊ ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင် လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇ ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။ သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇ တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့ သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့ အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့် စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။

မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့ ၀ိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊ နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက ၀ိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။ မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။ စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင် လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊ သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊ ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။

http://www.khitpyaing.org/interviews/Aug09/250809.php

အပြည့်အစုံဖတ်ချင်ရင်...

Friday, August 21, 2009

ဒါတွေကို သပိတ်မှောက်ရမယ်

တိုင်းပြည်ဖျက်သူ အဓိကတရားခံများကို ဖေါ်ထုတ်သပိတ်မှောက်ခြင်း

လက်ရှိမြန်မာနိုင်ငံနှင့်ပတ်သက်၍
ပြည်တွင်းပြည်ပမှမြန်မာလူငယ်များအချင်းချင်း လွတ်လပ် ပွင့်လင်းစွာဖြင့်
တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်အဖြစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊
စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အစရှိသည့် အဖက်ဖက်တွင်
နိမ့်ကျပျက်စီး၍ ပြည်သူလူထုအားလုံး ဒုက္ခများစွာနှင့် ကြုံတွေ့နေရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ၄င်း တို့ မိသားစု၏ ကိုယ်ကျိုးစီးပွါး အတွက်
နိုင်ငံတော်၏ အမြင့်ဆုံး အမိန့်အာဏာကို အလွဲသုံးစားလုပ်၍ စီမံခန့်ခွဲ
ချယ်လှယ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၊
ယင်းတို့နှင့်ပူးပေါင်း၍ မတရားကိုယ်ကျိုးရှာနေကြသော
စီးပွားရေးသမားများကြောင့် ဖြစ်သည်ကို ကန့်ကွက်သူမရှိ တွေ့ရှိလာရပါသည်။
ထို့ ပြင် မိမိ၏ အာဏာတည်မြဲစေရေး အတွက် တပ်မတော် နှင့် ပြည်သူတို့  အကြား
အထင်လွဲမှားစေမှုများ အစဉ်တစိုက်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့်
နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်
တာဝန်ယူထားသည့် မြန်မာ့တပ်မတော်အနေဖြင့် အမိန့်အာဏာကို
အလွဲသုံးစားလုပ်ပြီး မတရားကိုယ်ကျိုးရှာနေကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှင့် မိသားစု ၊ ကြံရာပါ စီးပွါးရေး လုပ်ငန်းရှင်များအား တပ်မတော်၏
ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကိုငဲ့၍ ထိရောက် ပြတ်သားစွာ အရေးယူပေးပါရန်
ပြည်သူလူထု ကိုယ်စား ပြည်တွင်း ပြည်ပမှ မြန်မာလူငယ်များမှ
တောင်းဆိုအပ်ပါသည်။ ယင်းတို့၏ ကိုယ်ကျိုးရှာ
မတရားစီးပွါရေးလုပ်ငန်းများကို ဖေါ်ထုတ်၍ မိမိတို့သေရေးရှင်ရေးအတွက်
မရှိမဖြစ်သုံးစွဲရသော ပစ္စည်းများမှလွဲ၍ လုံးဝမ၀ယ်ယူ မစားသုံးခြင်းဖြင့်
ပြည်သူအားလုံးက အဆင့်ဆင့် သပိတ်မှောက်ဆန္ဒပြကြမည်ဖြစ်ပါသည်။ စာရိတ္တသပိတ်
စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာကြည့်သော
စာပေသမား အမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ...
သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း
ပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။ ၁။
မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း ) ၂။ မြန်မာတိုင်း
ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး ) ၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး
) ၄။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး ) ၅။ သတင်းလွှာဂျာနယ် (
ဒေါက်တာတင်ထွန်းဦး ) ၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် ) ၇။ အချစ်ဂျာနယ် (
ဦးမြတ်ခိုင် ) ၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် ) ၉။
ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် ) ၁၀။ ကြီးပွားရေးမဂ္ဂဇင်း (
ဦးမြတ်ခိုင် ) ၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် ) ၁၂။ ပေါ်ပြူလာဂျာနယ် (
ဦးဟိန်းလတ် ) ၁၃။ မြန်မာ့အလင်း သတင်းစာ ၁၄။ ကြေးမုံ သတင်းစာ
ပြည်သူလူထုအနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့ 
ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
အပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ
ကိုယ်ကျိုးရှာစီးပွားရေး သမားများအား ပြင်းထန်စွာ ဆန်
့ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှု
လုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိတို့နှင့်နီးစပ်ရာကို သတင်းဖြန့်ဝေပေးကြပါရန်လည်း
တိုက်တွန်းနှိုးဆော်အပ်ပါသည်။



--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, August 20, 2009

ပန်းကောက်ရင်း လမ်းပျောက်နေသူများ

၂၀ သြဂုတ် ၂၀၀၉
line


မိုးဦးလေဦး မိုးသံလေသံတွေကြားမှာ ဖားအော်သံတွေ ကြားတတ်ရတာ မဆန်းပါ။ သဘာဝပေပဲကိုး။ အခု မိုးလယ်မိုးနှောင်း ရောက်နေတဲ့အချိန်မှာ ဖားအော်သံတွေ ညံစီစီ ကြားနေရတော့ ဆန်းလှသည်။ ယခု ဇူလိုင်၊ သြဂုတ်လမှာ နိုင်ငံတော်ပိုင် သတင်းစာကြီးတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖားအော်သံတွေကို တွေ့မြင်ကြားနေရသည်။ ငပြူးက ငပြဲလုပ်။ ငပြဲက ငပြူး လုပ်နေကြတဲ့ ဖားဆောင်းပါးတွေပါ။ ဖားတွေက ရိုးရိုးပဂုံညင်းဖားတွေတော့မဟုတ်။ ကပ်ဖား၊ ရပ်ဖား၊ စားဖားတွေ ဖြစ်သည်။

နအဖ ကျွန်ယုံတော် သစ္စာစောင့် ငယ်မွေးခြံပေါက်တွေရဲ့ မစားရ၀ခမန်း ရွှေနားတော်သွင်း ဧချင်းများဖြစ်သည်။ ကလောင်နာမည်သာလွဲတယ်။ စကားလုံးအကြောင်းအရာတွေက ဆီသယ်မလက်နှီးစုတ်၊ တခါလာလည်း မဲပြာပုဆိုး၊ ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်။ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုတာလို ငါ့စကားနွားရ ရေးထားတဲ့ သံတူကြောင်းမကွဲ ဆောင်းပါးတွေ။ ဖတ်ရတာ အော့နှလုံးနာစရာ။ အောက်တန်းကျလိုက်တာကလည်း လွန်ရော။ သူတို့စိတ်ဓာတ်တွေ သိချင်လို့သာ အောင့်အည်းသီးခံပြီး ဖတ်ကြည့်ရတာပါ။

မောင်မှတ်၊ ကျော်ရဲမင်း၊ လေ့လာသူတဦး၊ မိခင်သန့်၊ ကိုမြန်မာ၊ ချစ်နိုင်(စိတ်ပညာ)၊ လူသစ်၊ ကိုသာယာ၊ မောင်ဒဲ့ဒိုး၊ ဦးမျိုးမြင့် (ဥပဒေ)၊ ကိုကိုညီညီ၊ စိုးမြကျော်၊ မောင်ပွင့်လင်း၊ ဗညားအောင်၊ တောသားလေး၊ မန်းသာစိန် (ဖာပွန်) စတဲ့ တွင်းတူးပြီး မိုက်နေကြတဲ့ ဓားမနောက်ပိတ်တွေလို့ ဆိုရမလားပဲ။

တယောက်လာလည်း ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ်။ (၉၂.၄၈) ရာခိုင်နှုန်း ပြည်သူက တခဲနက် ထောက်ခံဆန္ဒမဲပေးလို့ အတည်ပြုပြီး ရေးလိုရေး။ ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒ ပြည်သူ့အဆုံးအဖြတ်ကို ဆန့်ကျင်ဘက်အဖွဲ့ အစည်းများက လိုက်နာရမှာပါ။ ဒါမှ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်မှာပါ။ အများဆန္ဒကို အနည်းစုက လိုက်နာရမှာက ဒီမိုကရေစီကျင့်စဉ်ပါ။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ဆောင်ခဲ့ကြောင်း ပြောလိုပြောနဲ့။ ပြီးတော့ ရှိသေး။ တရားဥပဒေနဲ့အညီဆောင်ရွက်တာပါ။ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိပါဘူးတဲ့။ ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေအရ ဆောင်ရွက်နေတာဖြစ်တယ်။ Force Labour, Child Soldiers မရှိဘူးနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာမရှိဘူး ရေးလိုရေး။ အံ့ရော၊ အံ့ရော။ ဆင်သေကို ဆိတ်ရေဖုံးတဲ့ ဟာသပြက်လုံးတွေ။ ကဲ ကြည့်ကြရအောင်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းဟာ ပြည်သူ့ဆန္ဒခံယူထောက်ခံမှုအဆင့်သာ ရှိပါသေးတယ်၊ အတည်မပြုရသေးပါဘူး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ယူကျင်းပမယ့် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်မှ အတည်ပြုရမှာဖြစ်ပါတယ်။ ဒါကိုပဲ ပြည်သူတွေကို ယုံထင်ကြောင်ထင် အတည်ပြုပြီး လိမ်ဆင်တွေလုပ်ရေး ရှက်စရာပါ။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းမှာ သေဆုံးခဲ့ကြတဲ့လူ (၁) သိန်းကျော်ရဲ့ ဆန္ဒမဲတွေ၊ အိုးပျက်အိမ်ပျက် ဒုက္ခရောက်ခဲ့ကြရတဲ့ လူ(၃) သိန်းကျော်ရဲ့ဆန္ဒမဲတွေ ဘယ်လို ထောက်ခံမဲ ပေးခဲ့ကြသလဲ၊ စဉ်းစားစရာ။ ၀န်ထမ်းများနဲ့ စက်ရုံအလုပ်သမားတွေဟာ ရုံးတွေမှာ၊ စက်ရုံတွေမှာ မဲထည့်ကြရတာ လွတ်လပ်မှုရှိကြရဲ့လား။ ရပ်ကွက်မဲရုံတွေမှာ နအဖအလိုတော်ရိ ကြံ့ဖွံ့/စွမ်းအားရှင်၊ မီးသတ်၊ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ ထင်တိုင်းကြဲနေတာ လွတ်လပ်မှု၊ တရားမျှတမှု ရှိကြရဲ့လား။ ဒါက (၉၂.၄၈) ထောက်ခံတယ်ဆိုတဲ့ အချက်ဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတာကို ထောက်ပြတာပါ။ အများစုရဲ့ဆန္ဒကို အနည်းစုက လိုက်နာရတာ ဒီမိုကရေစီ ကျင့်စဉ်ပါတဲ့။ ကဲ…၉၀ ပြည့်နှစ် ရွေးကောက်ပွဲအများစုရဲ့ ဆန္ဒကိုကော ခင်ဗျားတို့တတွေ လိုက်နာခဲ့ကြရဲ့လား။ ကိုယ့်မျက်ချေးလည်း ကိုယ်မြင်တတ်ပါဦး။ လိပ်လိုတော့ ကိုယ့်ဘက်ကို ကိုယ်မယက်ကြပါနဲ့၊ မျှမျှတတစဉ်းစားကြပါဦးနော်။

နောက် မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား လုပ်ဆောင်ခဲ့ကြောင်း ရေးထားတယ်။ ၁၉၉၄ ခုနှစ်ကစပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဉ်ဆုံးဖြတ်ချက်ချခဲ့တာတွေ ဘာတခုများ လိုက်နာဆောင်ရွက်ခဲ့ပါသလဲ၊ ဖြေပါ။

နောက်တခုရှိသေးတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိပါဘူး၊ ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဥပဒေပညာရှင်ကြီး ဦးမျိုးမြင့်က ရေးထားသေးတယ်။ ကဲ…ဥပဒေနဲ့အညီ ဟုတ်မဟုတ် ဆန်းစစ်ကြည့်ကြရအောင်။ ဥပမာပေါ့ဗျာ။ တူညီသောပုဒ်မတခုမှာ အန်အယ်လ်ဒီအဖွဲ့ဝင်တဦးနဲ့ သာမန်အရပ်သားတဦး ပြစ်မှု ကျူးလွန်ခဲ့ရင် အန်အယ်လ်ဒီအဖွဲ့ဝင်မှာ အမြင့်မားဆုံး ပြစ်ဒဏ်ချမှတ်ခံရတတ်ပြီး သာမန်အရပ်သားမှာ ငွေဒဏ် (သို့) အသေးဆုံးပြစ်ဒဏ်မျိုးသာ ပေးခံရတတ်ပါတယ်။ နောက် သာမန်အရပ်သားတဦးနှင့် ကြံ့ဖွံ့ /စွမ်းအားရှင်လိုလူမျိုးတွေနဲ့ တူညီသော ပုဒ်မတခုခုကို ကျူးလွန်တာချင်းအတူတူ သာမန်လူက ပြစ်ဒဏ်ကျခံစေပြီး ကြံ့ဖွံ့/စွမ်းအားရှင်များမှာ လွတ်မြောက်ရသည်။ အရှင်းဆုံးပြောရလျှင် ကြံ့ဖွံ့/စွမ်းအားရှင် လူရိုက်၊ လူသတ် ဘာမှမဖြစ်။ ဥပမာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမှာ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရ (ကံကောင်းလို့ မသေခဲ့တာပါ) တာမျိုးကိုကြည့်ရင် အရိုက်ခံရသူနှစ်ဦးမှာ အကျယ်ချုပ် အထိန်းသိမ်းခံရပြီး ဥပဒေကျူးလွန်သူ လူသတ်သမား/အကြမ်းဖက်တိုက်ခိုက်သူ ကြံ့ဖွံ့/စွမ်းအားရှင်များ ဘာမှမဖြစ်။ နောက် မတ္တရာမြို့နယ် (မန္တလေးတိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်နှင့် အန်အယ်လ်ဒီအဖွဲ့ဝင်များမှာ အရိုက်လည်းခံရ၊ ပြစ်ဒဏ်လည်းအကျခံရ၊ ကျူးလွန်သူ လူရမ်းကား ကြံ့ဖွံ့ /စွမ်းအားရှင် ဘာမှမဖြစ်။ ၁၉၉၆-၉၇ ကမ္ဘာအေးစေတီလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် အနီး ဒေါ်အောင်ဆန်းစုကြည်ကားကို လုံခြုံရေးတွေ အစောင့်ချထားသည့်ကြားက မင်းမဲ့စရိုက်ဖြင့် ဥပဒေမဲ့ ၀င်ရိုက် သောင်းကျန်းမှု ဖြစ်စဉ်မှာကော ရဲတွေရှိရက်နှင့် ဖမ်းဆီးအရေးယူခြင်း မရှိခဲ့တာတွေဟာ တရားဥပဒေနှင့်အညီ အုပ်ချုပ် ဆောင်ရွက်နေတာဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကျောသားရင်သားမခွဲခြားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။

အဆိုးဝါးဆုံးနဲ့ တနိုင်ငံလုံးသိနေကြတဲ့ တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအနီး ငါးလောင်းပြိုင်လူသတ်မှု မကြာမီ ဖော်ထုတ်ပေးပါမယ်ဆိုတဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ပြောခဲ့တဲ့ စကားကို ခုထိ ကြားယောင်မိနေပါသေးတယ်။ အခု အဲဒီအမှု ဘယ်ရောက်သွားပြီလဲ။ ဘယ်လဲ…ဘာလဲ ဆိုတာ စဉ်းစားကြည့်ရင် ဥပဒေဆိုတာ ကျောသားရင်သားမခွဲခြားဘူးဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ သံသယ၀င်စရာတွေပါ၊ မယုံနိုင်စရာပါ။

တရားဥပဒေမဲ့ ပြုလုပ်နေတာတွေ အများကြီးရှိပါသေးတယ်။ တိုင်းနဲ့ပြည်နယ်များမှာ ကြံ့ဖွံ့/စွမ်းအားရှင်တွေရဲ့ မတရားအကြမ်းဖက်မှုတွေ ကျန်ပါသေးတယ်။

နအဖက ကြံ့ဖွံ့မွေး၊ ကြံ့ဖွံ့က စွမ်းအားရှင်မွေး၊ ထမင်းကျွေး၊ နေ့တွက် နှစ်ထောင်ပေးမယ်ဆိုပြီး လူစုလူဝေးနဲ့ ဒီမိုကရေစီ အင်အားစုဖြစ်ကြတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ ၈၈ ကျောင်းသားလူငယ်ခေါင်းဆောင်တွေကို ၀ိုင်းရိုက်ဝိုင်းဖမ်း သတင်းပို့ လုပ်ဆောင်နေတာ နှစ်အတော်ကြာခဲ့ပါပြီ။

၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် (၆၃) နှစ် မွေးနေ့အတွက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးရှေ့မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ မွေးနေ့ပွဲမှာ သံဃာတော်များ၊ သီလရှင်များ ဆွမ်းလောင်း၊ သက်စေ့ငှက်တွေလွှတ်၊ မိုးပျံပူဖောင်းတွေလွှတ် ဆုတောင်းမေတ္တာပို့ ကျင်းပခဲ့ကြပါတယ်။ အဲဒီမှာ အေးအေးချမ်းချမ်းနဲ့ မေတ္တာပို့ဆုတောင်းနေကြတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကြားထဲကို ကြံ့ဖွံ့ က မွေးထားတဲ့ အမူးသမား စွမ်းအားရှင်တွေက ၀င်ရောက်ပြီး ဆူပူအော်ဟစ်ကြ တယ်။ တချိန်တည်းမှာပဲ ကြိုတင်ကြံရွယ်ထားတဲ့ ဒိုင်နာကား (၅) စီးနဲ့ ကြံ့ဖွံ့/စွမ်းအားရှင်အပြည့် လူအုပ်ကြီးဟာ အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးရှေ့မှာ ပိတ်ရပ်ပြီး အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ နောက်တရားရုံးတင်တယ်၊ ထောင် (၂) နှစ်ခွဲစီ ပြစ်ဒဏ်ချတယ်။ ဝေးလံသီခေါင်တဲ့ ထောင်တွေဆီပို့တယ်။ ဘယ်မလဲဥပဒေ၊ ဘယ်မလဲ တရားမျှတမှု။ ဒါဟာ နအဖမွေးထားတဲ့ ကြံ့ဖွံ့/စွမ်းအားရှင်တွေက ဥပဒေမဲ့ အကြမ်းဖက်ကျူးလွန်နေတာ။

၃၁-၇-၀၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားရာမှ စီရင်ချက်ချမည့်နေ့တွင် မြင်းခြံ တောင်သာမြို့နယ် တို့မှ အန်အယ်လ်ဒီအဖွဲ့ဝင်များက မြင်းခြံမြို့ရှိ အလိုဆန္ဒပြည့်ဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့ ပြုလုပ်ခဲ့ရာမှာ ကြံ့ဖွံ့/စွမ်းအားရှင်များ တုတ်များကိုယ်စီကိုင်ဆောင်ပြီး နှောင့်ယှက်ဖို့ လာကြတယ်။ ဒီသတင်းကို ကြားသိကြတဲ့ ပြည်သူများက မနေနိုင်ကြဘဲ အဲဒီ ကြံ့ဖွံ့/စွမ်းအားရှင်တွေကို ပြန်ဝိုင်းကြတယ်။ နောက်ဆုံး ကြံ့ဖွံ့/ စွမ်းအားရှင်တွေက သူတို့မှားကြောင်း တောင်းပန်ပြီး ထွက်ခွာသွားကြတယ်။ တကယ်တော့ ဘာမှန်းမသိတဲ့လူတွေကို ငွေနှစ်ထောင်၊ သုံးထောင်ပေးမယ်ဆိုပြီး ခေါ်လာ၊ ဒီကျတော့ လူရိုက်ခိုင်းတာပဲ။ ဒါဟာ အဓိက မင်းမဲ့စရိုက်ကို ကျူးလွန်တာ ဘယ်သူလဲ၊ ဘယ်သူကခိုင်းတာလဲ အရှင်းကြီးပါ။ တချို့ ကြံ့ဖွံ့တွေကလည်း သိကုန်ကြလို့ ထွက်ကုန်ကြပါပြီ။

နအဖအစိုးရရဲ့ သတင်းစာထဲက စာလုံးမဲကြီးနှင့်ရေးထားတဲ့ “ဆူပူအကြမ်းဖက်မှု ဖန်တီးသူများ ၀ိုင်းဝန်းဖယ်ရှား” ပါဟုဆိုလျှင် အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ် ကဗျာထဲကလို အားလုံးကို ဖယ်ရှားသုတ်သင်ပစ်ရပါမယ်။

မြန်မာနိုင်ငံမှာ Force Labour, နှင့် Child Soldiers မရှိပါဘူးလို့ ဖားဆောင်းပါးရှင်တွေက ဘယ်လိုပဲ ကာကွယ်ပြီး ရေးနေကြပေမယ့် ကမ္ဘာ့အလုပ်သမားအဖွဲ့မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ မစ္စတာပီညဲရိုး၊ ကင်တာနားတို့ မြန်မာနိုင်ငံကို လာရောက်စုံစမ်း စစ်ဆေးခဲ့တဲ့ အစီရင်ခံစာတွေက သက်သေအထင်အရှား ပြနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အကြံပေးလက်ထောက် အထွေထွေအတွင်းရေးမှူးကအစ၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အီးယူအဖွဲ့ခေါင်းဆောင်များ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အာဆီယံနိုင်ငံများမှ တာဝန်ယူထားသူများက ပြစ်တင်ရှုတ်ချခြင်း၊ စီးပွားရေးပိတ်ဆို့ထားခြင်း၊ ပြဿနာများ ဖြေရှင်းဆွေးနွေးမှုများ ပြုနေရခြင်း စသည့် နိုင်ငံပေါင်းစုံနှင့်အဖွဲ့အစည်းပေါင်းစုံမှ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကကော၊ နိုင်ငံတကာအဖွဲ့အစည်းများကပါ ယနေ့ မြန်မာနိုင်ငံအရေးကို အရေးတယူ ထဲထဲဝင်ဝင် ပြစ်တင်ရှုတ်ချ၊ ပိတ်ဆို့တားဆီး စစ်ဆေးစုံစမ်းညှိနှိုင်း အရေးယူဆောင်ရွက်နေရခြင်းမှာ ယနေ့ နအဖအစိုးရ လက်ထက်တွင်သာ ကြုံတွေ့ခဲ့ရသည်မှာ ရှက်ဖွယ်ပေ။

တကမ္ဘာလုံးနဲ့တယောက် ယခုကဲ့သို့ ၀ိုင်းဝန်းရှုတ်ချပြစ်တင် ပိတ်ဆို့တားဆီးခံရပြီး ဟိုနိုင်ငံ ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးရ၊ ဟိုအဖွဲ့အစည်းခေါင်းဆောင်လာလိုက် မျက်နှာချိုသွေးရ။ ယိုသူမရှက် မြင်သူရှက်၊ ကျနော်တို့ပြည်သူတွေက ရှက်လှပါပြီ။

ကိုယ့်ပြည်တွင်းရေးကိစ္စ၊ ကိုယ့်အချင်းချင်း ရှင်းလင်းရမည့်ကိစ္စ၊ အဖြေရှာရမည့်ကိစ္စကို ပြည်ပက ဟိုလူလာရှင်း၊ ဒီလူလာရှင်းနဲ့ အဲဒါကိုက ဘယ်သူ့ကြောင့်လဲဆိုတာ ဆောင်းပါးရှင် မစ္စတာ ဖားကြီးများ စဉ်းစားကြပါဦး။

ဆောင်းပါးရှင် တောသားလေးရဲ့ (၁၃-၈-၀၉) နေ့ထုတ် သတင်းစာမှာ “အမှန်ကတော့ တဦးနဲ့တဦး နားလည်မှု နည်းပါးပြီးတော့ သံသယတွေ မှားကြလို့ မေတ္တာရှေ့မထားနိုင်ဘဲ အာဃာတတွေနဲ့ ကြည့်ကြ၊ မြင်ကြ၊ ဆက်ဆံကြတဲ့အခါ ပြဿနာတွေဟာ မကြီးသင့်ဘဲ ကြီးထွား၊ မရှည်သင့်ဘဲ ရှည်ကြာကုန်ကြတာ ဖြစ်တတ်တဲ့သဘာဝပဲပေါ့ကွာ။ စဉ်းစားကြည့်ရင် မြန်မာတပြည်လုံးဟာ အချင်းချင်း ဆွေမျိုးမတော်တဲ့သူမရှိတဲ့ မိသားစုကြီးပါ။ ကိုယ့်အိမ်ထဲမှာ မိသားစုချင်း ဖြစ်တတ်ကြတဲ့ သဘောကွဲပြားမှုတွေကို မိသားစုစိတ်ဓာတ်အရင်းခံတဲ့ မေတ္တာရှေ့ထားပြီး အပြန်အလှန် ညှိနှိုင်းဖြေရှင်းကြရင်၊ ရှေးလူကြီးတွေ ပြောသလို အိမ်ထဲကအပူ အိမ်ပြင်မရောက်ကြစေနဲ့ ဆိုတဲ့အတိုင်း အထဲမှာပဲ ပြေလည်သွားကြမှာပါ။ အာဃာတတရားတွေနဲ့ အတွင်းအပူ၊ အပြင်ကို ထုတ်ပြရင်တော့ နွားကွဲရင် ကျားဆွဲဖို့ စောင့်နေကြတဲ့သူတွေ အကြိုက်ဖြစ်ပြီး နစ်နာခံစားရတော့ တို့ပြည်သူတွေပဲ ဖြစ်မှာပေါ့ကွာ”…

လေသံလေးကတော့ အတော့်ကို ပျော့ပျောင်းပြီး အမှန်တရားကို အခုမှ မြင်စပြုလာပြီထင်တယ်။ ဒီစကားက ရွေးကောက်ပွဲ (၉၀ ပြည့်နှစ်) ပြီးကတည်းက ပြောရင် သိပ်တန်ဖိုးရှိမှာပဲ။

လက်နက်နဲ့ ရမ်းချင်တိုင်း ရမ်းခဲ့ပြီ။
အာဏာနဲ့ ကြမ်းချင်တိုင်း ကြမ်းခဲ့ပြီ။
အာဃာတနဲ့ ဖမ်းချင်တိုင်းဖမ်းခဲ့ပြီ။
တပည့်ကြံ့ဖွံ့တွေမွေးပြီး ရိုက်ချင်တိုင်းရိုက်၊ သတ်ချင်တိုင်း သတ်ပြီးခဲ့ပြီ။
ဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်ခဲ့ပြီ။
ပြည်သူ့ဘဏ္ဍာငွေနဲ့ ချမ်းသာချင်တိုင်း ချမ်းသာခဲ့ပြီ။

အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ ကျောင်းသားလူငယ်တွေ (မင်းကိုနိုင်၊ ကိုကိုကြီး) အများဆုံးအဖမ်းခံရ၊ အနှိပ်စက်ခံရ၊ အသတ်ခံရ၊ ဝေးလံသီခေါင်တဲ့ အကျဉ်းထောင်တွေ အပို့ခံရ၊ ပြည်သူ့အတွက် စတေးခံခဲ့ကြရတာတွေ။

ဒီနေ့အထိ အန်အယ်လ်ဒီနဲ့ ကျောင်းသားအဖွဲ့တွေဟာ လူမသတ်ခဲ့ဘူး၊ ဥပဒေမဲ့ အကြမ်းမဖက်ခဲ့ဘူး၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမလုပ်ခဲ့ဘူး။ ဒါကြောင့် ပြည်သူက လေးစားတယ်၊ ယုံကြည်တယ်၊ အားကိုးတယ်။

(၁၄-၈-၀၉) နေ့ထုတ် သတင်းစာက ဆောင်းပါးရှင် မန်းသာစိန် (ဖာပွန်) ရဲ့ “မေတ္တာကို မေတ္တာနဲ့သာ” ဆိုတဲ့ ဆောင်းပါးကတော့ မေတ္တာတရားနဲ့ နှိုင်းယှဉ်ပြီး နောင်တရတဲ့ လေသံမျိုးပါ။

“ပြည်သူအားလုံးကတော့ တဦးမေတ္တာတဦးမှာဆိုသလို တချိန်က အာဃာတဟောင်းတွေ၊ ဆန့်ကျင်လိုမှုတွေကို သင်ပုန်းချေကြပြီး၊ နိုင်ငံရေးအင်အားစုတွေအားလုံး၊ အနာဂတ်ဒီမိုကရေစီလမ်းကြောင်းမှာ စုစည်းညီညွတ်ပျော်ရွှင်စွာနဲ့ တက်ညီလက်ညီ လက်တွဲချီတက်နိုင်ကြဖို့ မျှော်လင့်မိပါတယ်” လက်ခံစရာပါ။ ကောင်းပါတယ်။

မေတ္တာဆိုတဲ့စကားလုံး…
မေတ္တာဆိုတဲ့ တရား။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း ဆိုတဲ့မေတ္တာတရားရဲ့ သင်္ကေတ။
မေတ္တာရဲ့လက်နက်၊ မေတ္တာရဲ့ ပုံရိပ်ဟာ ဘယ်သူလဲ။

အနှစ် (၂၀) လုံးလုံး မေတ္တာတရားကို အခြေခံပြီး အကြမ်းမဖက်တဲ့နည်းနဲ့ အာဃာတမထားရေး၊ သင်ပုန်းချေရေးကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ မေတ္တာလက်နက်ကို ကိုင်စွဲလာခဲ့ကြတာပါ။

ဒါကြောင့်လည်း မေတ္တာရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပြင် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် မေတ္တာသမားကြီး မဟတ္တမဂန္ဓီဆုကို ချီးမြှင့်ခဲ့တာပေါ့။

မေတ္တာတရားကိုင်စွဲထားတဲ့ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်လက်နက်ကိုင်သမားရဲ့ အကျဉ်းထောင်ထဲမှာ (၁၄) နှစ်ကျော် (၁၅) နှစ် နေခဲ့ရတာကတော့ ပယ်ဖျက်မရနိုင်တဲ့ သမိုင်းရဲ့ကမ္ပည်းမှတ်တမ်းမှာ အရုပ်ဆိုးအကျဉ်းတန် တင်ကျန်ရစ်မှာမလွဲပါဘူး။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းကြောင့် စာနာထောက်ထား၍ ညှာတာမှု ပြုလိုပါသည်ဟု ဆိုလျှင်…

၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှာ ပေါ်ပေါက်လာစရာအကြောင်းမရှိနိုင်ပါ။ အင်မတန်ကြီးမားလှသည့် ရက်စက်ရာကျသော တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာ (၅) လောင်းပြိုင်လူသတ်မှု ပြစ်မှုကြီးနှင့်စာလျှင် ယခု ဒေါ်အောင်ဆန်းစုကြည်အမှု သည် ပြောပလောက်စရာမရှိပါ။

စာနာထောက်ထား
သနားညှာတာ
ခွင့်လွှတ်ပါလည်း
မလွတ်ကြမ္မာ
လူတကာတို့
ခန္ဓာခိုင်ကျည်
အတည်မမြဲ
ဖောက်လွဲတတ်သည်
မချွတ်စသာ…ဓမ္မသာတည်း။

မေတ္တာတရားကိုအခြေခံပြီး တချိန်က အာဃာတအဟောင်းတွေ၊ ဆန့်ကျင်လိုမှုတွေကို သင်ပုန်းချေကြပြီး နိုင်ငံရေးအင်အားစုတွေအားလုံး အနာဂတ်ဒီမိုကရေစီလမ်းကြောင်းမှာ ညီညွတ်ပျော်ရွှင်စွာ လက်တွဲလျှောက်လှမ်းကြ မယ်ဆိုရင်…

(၁) တဖက်သတ်ရေးဆွဲထားတဲ့ ဒီမိုကရေစီကျင့်စဉ် မညီမျှတဲ့ အချက်များ အခြေခံဥပဒေမူကြမ်းတွင် ပြန်လည်သုံးသပ်ပြင်ဆင်ရန်။
(၂) နိုင်ငံရေးအကျဉ်းသမားအားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်ပေးရန်။
(၃) ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့် ဆွေးနွေးရန်။

မေတ္တာနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အနာဂတ်မြန်မာနိုင်ငံကို လှပစေမည်။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, August 19, 2009

ပစ်မှတ်

ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတရပ်လုံး ပါဝင်လာစေနိုင်မည့်အချက်များ

၁။ အလုပ်သဘောမပါသည့် စတိတ်မင့်ထုတ်ဝေခြင်းများကို ရှောင်ရှားရမည်။
၂။ ပြည်သူတို့အား လမ်းညွှန်သည့် အလုပ်သဘောပါသော စတိတ်မင့်များကို ထုတ်ဝေရမည်။
၃။ အန္တရာယ်နည်းပါး၍ လွယ်ကူသောအက်ရှင်တွေ ဖြစ်ဖို့ အရေးကြီးသည်။
၎။ အများကလက်ခံနိုင်သော စံတန်ဘိုးများ ဖြစ်ရပါမည်။
၅။ အကြမ်းဖက်သော အက်ရှင်များ လုံးဝ မဖြစ်စေရ။
၆။ ရဲဘော်အချင်းချင်း အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်၏။
ရ။ မောက်မာသောရဲဘော်များအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ ပေးသင့်၏။
၈။ အခြားမြို့မှ စတင်သည့်အက်ရှင်အား မိမိ၏မြို့နယ်နှင့် လိုက်လျောညီထွေဖြစ်သော အသွင်သဏ္ဍန်ဖြင့် အမြန်ဆုံးဖေါ်ဆောင်နိုင်ရမည်။
၉။ မီဒီယာသတင်းများကို နားထောင်ရင်း မိမိကလည်း အခြားနယ်မြေမှမိတ်ဆွေများ အားတက်စေမည့်သတင်းများကို ဖန်တီးရမည်။
၁၀။ အခွင့်အရေးကောင်းရလျင်ရခြင်း အရှိန်အဟုန်မြင့်တင်နိုင်ရန် ကြိုတင်စီမံထားခြင်း။

အက်ရှင်

၁။ ထင်သာမြင်သာအက်ရှင်
ဥပမာ။ ဆုတောင်းပွဲများနှင့် တူညီဝတ်စုံများဝတ်ဆင်ခြင်း။ မေတ္တာသုတ်ရွတ်ဆိုစေခြင်းစသည်...။
၂။ လျှို့ဝှက်အက်ရှင်
မိမိလုပ်တာကို ဘယ်သူမှ မသိစေဘဲ အများပြည်သူအားလုံးသိရှိစေရမည်။
ဥပမာ။ လှုံ့ဆော်စာများဖြန့်ဝေခြင်း။ငွေစက္ကူပေါ်ရှိ ခြင်္သေ့ဦးခေါင်းက်ု မှင်တံဖြင့် ကြက်ခြေခတ်ခြင်း စသည်တို့ဖြစ်သည်။
အက်ရှင်တိုင်းတွင် မောင်းနှင်အားတွေရှိသည်။ အက်ရှင်ရှိမှ အလုပ်ရမည်။ အလုပ်ရှိမှ လှုပ်ရှားမှုဖြစ်ထွန်းမည်။
အပြိုင်အဆိုင်လှုပ်ရှားမှုဖြင့် တဦးနှင့်တဦး တမြို့နှင့်တမြို့ ယုံကြည်မှုတွေ ရရှိလာမည်ဖြစ်ပါသည်။
ယုံကြည်မှုဖြင့် ဇွဲလုံ့လ၀ိရီယကို အင်အားကြီးစေ၏။
--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။


အပြည့်အစုံဖတ်ချင်ရင်...

မြန်မာပြည်တွင် ပေါ်ထွက်နေသော (၁၁) တဘောင်

ဘုန်းမီး နေ လ ညှိုးမှိန်ကျ ပြည်မြန်မာ
နှစ် (၂၀) ကြာ၊ ထွန်းပေါ့တစ်ခါ
မနေသာတော့ပီမို့ နိုးထလို့လာ၊
ပေါင်း (၁၁) မှာ ဒီရေတစ်ခါတက်ပီမို့
မတစ်ထောင် တစ်ကောင်ဖွားတဲ့
ဇာနည်မဟာ သူရဲကောင်းကို
ဦးညွတ်လို့ပြောင်း။

မှတ်ချက် ပေါင်း(၁၁) ဆိုသည်မှာ ၂၀၀၉ ကို ပေါင်းရင် ၁၁ ရသည်ကိုဆိုလိုခြင်းဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, August 18, 2009

၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ




နအဖ ဖွတ်လူစုက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကျွန်ုပ်တို့ ပြည်သူတွေအားလုံး ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခံရမည့် ပွဲတစ်ခုပါ၊ ဒီနေ့ ကျွန်ုပ်တို့ ပြည်သူတွေ ဆင်းရဲနေကြတယ်၊ စုတ်ပြတ်နုံခြာတဲ့ ဘ၀တွေကို ခါးသီးစွာဖြတ်သန်းနေကြရတယ်၊ လူစဉ်မမီ လူအဆင့်အတန်းမရှိ အဓိပ္ပါယ် မပြည့်ဝတဲ့ ဘ၀တွေနဲ့ ဖြစ်သလို ကြုံသလို ရုန်းကန်လှုပ်ရှားနေကြရတယ်၊ အနှစ်(၂၀) အတွင်းမှာ နအဖဟာ တိုင်းပြည်ကို ရစရာမရှိအောင် ချေမှုန်းဖျက်ဆီးပစ်ခဲ့တယ်၊ အနှစ်သာရအနေနဲ့ မြန်မာဆိုတာ ငတုံး ငအ အဆင့်အတန်းမဲ့သူတွေဖြစ်တယ် ဆိုတဲ့ အရာကို သာ တံဆိပ်ခပ်နှိပ်ခြင်းခံခဲ့ရပေသည်။

ပြည်သူအတွက် အကျိုးကျေးဇူးမများတဲ့အပြင် ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချ ညှင်းပမ်း သတ်ဖြတ်နေတဲ့ လူယုတ်မာ ဖွတ်တစ်သိုက်ကို ဖြုတ်ချပစ်ရန် တာဝန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့တာဝန်သာဖြစ်ပေသည်၊ နအဖကို ဖြုတ်ချပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လူထုအုံကြွတော်လှန်ရေးပင်ဖြစ်သည်၊ နအဖသည် လူစကားသူစကားကို နားထောင် တတ်သည့် သတ္တ၀ါများမဟုတ်ပေ၊ နအဖဆီမှာ ဒီမိုကရေစီတောင်းဆိုနေ၍ အကျိုးမရှိ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိတော့မှသာလျှင် စစ်မှန်သည့် အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို ရရှိနိုင်မည်ဖြစ်ပေသည်၊

ယခုအခါတွင် မြန်မာပြည် ဒီမိုကရေစီရရှိရေးသည် ကျွန်ုပ်တို့၏ မွေးရာပါ တာဝန်တစ်ရပ်ဖြစ်လာပေပြီ၊ ဒီမိုကရေစီရရှိရေးသည် လူတိုင်းမှာ တာဝန်ရှိနေပေသည်၊ ကျွန်ုတို့၏ သားစဉ်မြေးဆက် လူတန်းစေ့ ဘ၀မျိုးနှင့် အဓိပ္ပါယ်ရှိသော လူသားအဖြစ် ရပ်တည်ရှင်သန်ခွင့်ရရေးအတွက် ကျွန်ုပ်တို့ ဒီတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရပေမည်၊ နအဖသည် ကျွန်ုတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို ဘယ်တော့ခါမှ ချုပ်နှောင်ထား၍ မရခဲ့၊ ၄င်းစိတ်ဓာတ်ဖြင့်ပင် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြိုလှဲပစ်နိုင်ခဲ့ပေသည်၊ ယခုတစ်ခါ နအဖ စစ်အာဏာရှင် ဖွတ်တစ်သိုက်ကို ဖြိုလှဲဖို့ရန် ခေတ်စနစ်ကြီးက အမှန်တကယ်တောင်းဆိုနေပြီဖြစ်သည်။

မဝေးတော့သည့်ကာလတွင် မြန်မာနိုင်ငံတွင် အကြီးမားအပြင်းထန်ဆုံးသောလူထုတိုက်ပွဲတစ်ရပ် ဆင်နွဲတော့မည်ဖြစ်သည်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးဆောင်ပီး နအဖစစ်အာဏာရှင် တော်လှန်ရေးသပိတ်တိုက်ပွဲကို ဆင်နွဲတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပီးဖြစ်သည်၊ ပြည်သူတစ်ရပ်လုံးအနေနှင့် မိမိတို့၏ ဖြတ်သန်းခဲ့ရသည့် မအောင်မမြင် ဖြစ်ခဲ့ရသည့် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စနစ်တကျ စည်းကမ်းရှိရှိ လူထုတိုက်ပွဲကို ပြီးဆုံးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ကြဖို့ အထူးလိုအပ်ပေသည်၊ မိမိတို့ ရပိုင်ခွင့် အတွက် မိမိတို့သာလျှင် ဦးဆောင် တိုက်ပွဲဝင်ကြရမည်ဖြစ်သည်၊ စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းပပျောက်သွားရေးသည် ကျွန်ုပ်တို့၏အဓိက တာဝန်ဖြစ်သည်၊ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ကျွန်ုပ်တို့၏ ဘ၀များစွာ အသက်ပေါင်းများစွာ စစ်အာဏာရှင်ရဲ့အနှိမ်ခံ အဖိနှိပ်ခံဘ၀တွေနဲ့ အဆုံးသတ်ခံမလား မခံဘူးလားဆိုတာ မြန်မာနိုင်ငံသားမှန်သမျှ အချိန်တိုင်း အချိန်တိုင်း မိမိကိုယ်မိမိ မေးရတော့မည့်အချိန်ကျရောက်နေပီဖြစ်သည်၊ စစ်အာဏာရှင်ကြိုးကွင်းသည် မကြာမီအချိန်တွင် ပြည့်သူ့လည်ပင်းကို စွပ်ဖို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတိပေးနိုးဆော်လိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)



အပြည့်အစုံဖတ်ချင်ရင်...

Sunday, August 16, 2009

အမေစုကို ဘယ်သူတွေကယ်မလဲ



မြန်မာပြည်သူ လူထုကြီးရဲ့အခြေအနေဟာ အဆိုးဝါးဆုံးကို ရောက်ရှိခဲ့ပါပြီ၊ တရားဥပဒေစိုးမိုးမှုမရှိ၊ အခြေခံလူအခွင့်အရေးမရှိနှင့် စစ်ကျွန်သဘောက် ပြားပြားမှောက်ပီး သားစဉ်မြေးဆက် တစ်သက်လုံးစစ်ကျွန်ခံဘ၀သို့ ရောက်ရှိရန် အချိန်ပိုင်းမျှသာ လိုပါတော့သည်၊ စစ်အာဏာရှင် ဖွတ်တစ်သိုက်သည် ဘာကိုမျှဂရုမစိုက် ထင်ရာစိုင်း ရိုင်းချင်တိုင်းရိုင်းနေဆဲ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းဆီးထောင်ချထားပီး စစ်ကျွန်ပြုရေး စနစ်ဆီ ရွက်ကုန်ဖွင့်လျှက်ရှိပေပြီ။

ပြစ်မှုကျူးလွန်သော ဂျွန်ဝီလျံယက်ထောကို အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်တော်ပြန်ခိုင်းခဲ့သည်၊ ဒါဟာ ၀မ်းသာစရာမဟုတ်၊ နအဖရဲ့ကလိမ်ကကျစ်ကျမှုနှင့် မလိမ့်တစ်ပတ်ရိုက်မှုသက်သက်သာဖြစ်ပေသည်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ကျခံစေရန် တမင်သက်သက်ရည်ရွယ်ပြီး ဒီအမှုကို မဖြစ်ဖြစ်အောင် စတင်ဖန်တီးခဲ့သူမှာ နအဖ ဖွတ်တစ်သိုက်မှလွဲပီး မည်သူမည်ဝါမျှမဖြစ်နိုင်၊ မတရားအမှုစီရင်ချက်ချပြီး နာမည်ကောင်းယူပြခဲ့သေးသည်၊ အမေရိကန်လူမျိုးတစ်ယောက် လွတ်မြောက်ရေးအတွက် အမေရိကန်သက်ဆိုင်ရာ အာဏာပိုင်ကလာပြီး ကြိုးပမ်းဆောင်ရွက်တာ ထူးဆန်းမှုတစ်ခုတော့မဟုတ်ပါ၊ ထူးဆန်းသည်က နအဖ အာဏာရူးဖွတ်တစ်သိုက်၊ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခရောက်အောင် နည်းမျိုးစုံနှင့် ကလိမ်ကကျစ်လုပ်၊ ကောက်ကျစ်ယုတ်မာ၊ အာဏာကို လက်မလွတ်ချင်ပဲ သေသည်အထိ အာဏာကို ဖက်ပီးသေချင်နေတဲ့သူတွေ၊ ဒီလူတွေ တိုင်းပြည်အုပ်ချုပ်နေမှတော့ ဒီတိုင်းပြည်ကြီးဟာ ဖွတ်တိုင်းပြည်ဖြစ်ရုံတင်မက ဖာတိုင်းပြည်ဖြစ်နေရပါပြီ၊

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်အားထားရာ အစစ်ပါ၊ မြန်မာ့နိုင်ငံရေးရဲ့အနာဂတ်ပုံဖော်ဆော်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရမည့်သူပါ၊ ကလိမ်ကကျစ် ကောက်ကျစ်ယုတ်မာတဲ့ ဥာဏ်နီဥာဏ်နက်ကလွဲပီး ကျန်တဲ့ အရည်အရည်း ဘာတစ်ခုမှမရှိတဲ့ နအဖ ဖွတ်တစ်သိုက်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ခြင်းမရှိပါဘူး၊ လွန်ခဲ့တဲ့ အနှစ်(၂၀) ကသက်သေပြနေပါပြီ၊ ဘယ်ပြည်သူလူထုကမှလဲ နအဖကို အယုံအကြည်မရှိပါဘူး၊ ရဟန်းရှင်လူ ပြည်သူပြည်သားတွေကို နည်းအမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်စက်၊ ထောင်ချ သတ်ဖြတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတဲ့ မကောင်းဆိုးဝါးတွေအဖြစ်သာ ပြည်သူတွေရဲ့နှလုံးသွေးထဲမှာ စွဲမြဲစွာ ခံယူမှတ်သားခြင်းခံနေရသူတွေပါ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိရင် တိုင်းပြည်ငြိမ်းချမ်းသာယာမယ်ဆိုတာလဲ ပြည်သူလူထုကြီးတစ်ရပ်က လက်ခံထားကြပါတယ်။

မြန်မာနိုင်ငံကြီးရဲ့အခြေအနေဟာ ခိုလှုံရာမဲ့တိုင်းပြည်ကြီးတစ်ခုအဖြစ် ဆိုက်ရောက်နေပါပြီ၊ အကယ်၍များ ၂၀၁၀ နောက်ပိုင်း နအဖ ဖွတ်တစ်သိုက်သာ ဆက်ပြီးအုပ်ချုပ်ပါက တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာ အားလုံး စုံးစုံးမြုတ်ပျောက်ကွယ်တော့မည့် အခြေအနေဆိုးများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရပေမည်။ ကိုယ့်အားကိုယ်ကိုးခြင်း လက်နက်ကို ကိုင်စွဲပြီး နအဖ စစ်အာဏာရူး ဖွတ်တစ်သိုက်ကို မြန်မာနိုင်ငံသားတိုင်း တော်လှန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်မည့်သူမှာလဲ မြန်မာတစ်နိုင်ငံလုံးရှိ သန်း(၅၀) ကျော်သော ပြည်သူလူထုပင်ဖြစ်ပေသည်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဘယ်နေ့ဘယ်ရက်တွင် ခြွင်းချက်မရှိ လွတ်ပေးပါ မလွတ်ပေးလျှင် ပြင်းထန်တဲ့ လူထုလှုပ်ရှားမှုများနှင့် မလွဲမသွေရင်ဆိုင်ရမည်ဆိုတဲ့ ပြည်သူအသံ တစ်ညီတစ်ညွတ်တည်းထွက်ပေါ်လာသည့်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ အမှန်တကယ်ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း သတိပေးတိုက်တွန်းရေးသားလိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)



အပြည့်အစုံဖတ်ချင်ရင်...

Friday, August 14, 2009

၂၀၀၉-တတိယအကြိမ်သံဃာ့သပိတ် တိုက်ပွဲခေါ်သံ

အပြည့်အစုံဖတ်ချင်ရင်...

ငြိမ်းချမ်းရေးနတ်သမီး (သို့) ငါတို့အားလုံးရဲ့ ခေါင်းဆောင်

အပြည့်အစုံဖတ်ချင်ရင်...