Friday, June 19, 2009
64th Birthday of Daw Aung San Suu Kyi
Labels: ကြေညာချက်
Posted by Ashin dhamma at 5:19 AM 0 comments
64th Birthday of Daw Aung San Suu Kyi
Labels: ကြေညာချက်
Posted by Ashin dhamma at 3:48 AM 0 comments
Thursday, June 18, 2009
ဒေါ်စု ၆၄ နှစ်ပြည့် မွေးနေ့ စာလုံး ၆၄ လုံး သ၀ဏ်လွှာ

ဒေါ်စု ၆၄ နှစ်ပြည့် မွေးနေ့
စာလုံး ၆၄ လုံး သ၀ဏ်လွှာ
ဟံသာဝတီ ဦးဝင်းတင်
ဇွန် ၁၈၊ ၂၀၀၉
၁၉၈၉ အာဏာဖီဆန်ရေးမှာ
တာဝန်အရ လုပ်ဟန်
ဒေါ်စု ညွှန်းခဲ့တယ်။
ခုလည်း တာဝန်အရ စိတ်ဓာတ်နဲ့ လုပ်ကြ။
စံနှုန်းကောင်းနဲ့ စည်းကမ်း တာဝန် စိတ်ဓာတ်
ဒေါ်စု ကိုင်စွဲတယ်။
ရဲ ဇွဲ ဉာဏ် စည်း တာ
မကြောက်တရား ကဗျာ
မီးလျှံထဲက ကြာ။ ။
(သရုပ်ဖော် - သြရသ)
Labels: ကဗျာ
Posted by Ashin dhamma at 9:27 PM 0 comments
အမျိုးချစ်တဲ့သွေး အမေစု (၆၄)နှစ်ပြည့်မွေးနေ့အမှတ်တရ




အမျိုးနော်တကယ်မြတ်ပါတဲ့ 
အဖိုးမဖြတ်နိုင်တဲ့ဖြစ်အင်
ဆွေစဉ်မျိုးဆက်ရဲရဲတောက်ပါလို့
မြန်မာ့သမိုင်းမှာရာဇ၀င်တွင့့်  ။
မြေနိမ့်သော်လည်း လှံစိုက်မခံတဲ့ဖြစ်ရပ်က့ 
တိုင်းပြည်အတွက်ပေမို့
ကိုယ်ကျိုးကိုမငဲ့အား
နယ်ချဲ့မျက်နှာဖြူကို
ဓါးဆွဲကာ ရဲရဲတောက်တော်လှန်ခဲ့တဲ့
ဗိုလ်မင်းရောင်က စခဲ့သပ့  ။
မျိုးဆက်တွေသာထပ်ကူးလာ့ 
ဗိုလ်အောင်ဆန်းလက်ထက်မှာလည်းပဲ
အမိမြန်မာပြည်က မလွတ်မြောက်သေး
ကျုပ်တို့ ဗိုလ်ချုပ်လည်း
အမိမြေနယ်ချဲ့လက်အောက်ကလွတ်မြောက်ရေးအတွက်
ဂျပန်ကိုလည်းမျက်နှာချိုသွေး
ပြီးတော့  အရှင်ကြီးကကျားထက်ဆိုးနေတော့
မျက်နှာဖြူကိုပဲမျက်နှာချိုပြန်သွေးပြီးပြန်တော့
မြေပြန့် တောင်ပေါ်စည်းလုံးမှုအင်အားနဲ့
ဒင်းတို့ကို ပြန်မောင်းထုတ်ပြန်တော့
မျက်နှာဖြူတွေကပြောခဲ့တဲ့
“ လာပါ့  လာပါ ဆိုလည်းအောင်ဆန်း
သွားပါ့  သွားပါ ဆိုလည်းအောင်ဆန်း ” ဆိုတဲ့စကားတောင်
မြန်မာ့သမိုင်းမှာကျန်ခဲ့သေးသပေါ့  ။
အခြေအနေမပေးလို့ 
တိုင်းတပါးမှာနေ နေရပေမယ့်
အခွင့်အခါသာလို့ ရွှေမြန်မာပြည်ပြန်ရောက်တော့
မြန်မာ့စစ်ဘီလူး အာဏါရှင်လူတစုရဲ့
ကမ်းကုန်အောင်ရက်စက်တာကို သူကိုယ်တိုင်ကြုံရတော့
တိုင်းပြည်နဲ့လူမျိုးကိုချစ်ပေမယ့်
အခွင့်အခါမပေးသေးလို့
ရွက်ပုန်းသီးဖြစ်နေခဲ့ရတဲ့
အမျိုးချစ်သူတယောက်ရဲ့
အစွမ်းအစအရည်းအချင်းတွေကို
သူကိုတိုင်ထုတ်ပြခွင့်ကြုံခဲ့ပြီပေါ့  ။
အဲ့ဒီလိုနဲ့ပဲပေါ့ 
ကျနော်တို့ခေတ်ရဲ့ ၁၃၅၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာ
တည်ကြည်ပြတ်သားတဲ့
အမျိုးချစ်တဲ့ ဗိုလ်အောင်ဆန်းရဲ့သမီးထွေးနောက်မှာ
ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားတတ်တဲ့
မြန်မာ့ပြည်သူလူထုတွေဟာ
ကြာကြာဝါးမဲ့သွား
ဘာစားစားအရိုးကြည့်ရှောင်တတ်တဲ့
အမျိုးချစ်တဲ့သွေးသစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ခေါင်းဆောင်မှုစကားလုံးသစ်တွေနောက်မှာ
အားဖြည့်ဝန်းရံထောက်ခံနေကြတာ
အများတကာဝိုင်းချစ်ကြတဲ့ ဒေါ်စုရေ
တူမောင်တို့မျိုးဆက်သစ်တွေလည်း
အမျိုးချစ်တဲ့သွေးတွေဖြစ်ကြလို့
မသမာသူတွေရဲ့ တံတွေးမြစ်ထဲမှာ
အမှန်တရားကိုဆုပ်ကိုင်ကာရပ်တည်နေတဲ့
ဒေါ်စုမျောပါထိပါးသွားဖို့မဖြစ်ရလေအောင်
ဝန်းရံဆေးးကြောကာ
ပင်ကိုယ်ရနံ့အတိုင်း သင်းသင်းလေးမွှေးနေအောင်
ဝန်းရံကာဆီးပါလို့
အမှန်သတင်းတွေနဲ့
စစ်အာဏါရှင်တွေ အရှိုက်ကိုထိအောင်
ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်နေကြဆဲပါ
မျက်နှာဖုံးတွေကိုဆွဲဆုတ်
သိုးရေချုံထားတဲ့ဝံပုလွေတွေကို ၀ိုင်းဝန်းရှုံ့ချကာ
ဒေါ်စုနဲ့အတူ ဒီမိုကရေစီပန်းတိုင်ဆီကိုအတူဝင်ဖို့
ဟို့း့  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆုံးဖြတ်ထားလို့
ခြောက်ဆယ့်လေးနှစ်ပြည့်ဒေါ်စုရဲ့မွေးနေ့မှာ
နောက်တဖန်ထပ်မံ
သစ္စာဂါရ၀ပြုလိုက်ပါတယ် ဒေါ်စု့  ။
ဇာနည်မောင်
( မတရားအမှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေ့  အသက် ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂုဏ်ပြု ခြင်း သစ္စာကတိပေး ကဗျာ )
Labels: ကဗျာ
Posted by Ashin dhamma at 12:54 AM 0 comments
Tuesday, June 16, 2009
လွတ်လပ်စွာတွေးခေါ်ပြောဆိုမှု

ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီအကျဆုံး အယူအဆဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်ဟုဆိုသူ အများအပြားနေထိုင်ရာ ဒေသများတွင် ဒီမိုကရေစီအခြေခံသဘောတရား မထွန်းကားသည်ကို ဆန်းစစ်ရန် လိုသည်။ ဗုဒ္ဓ၀ါဒသည် သံသရာမှ လွတ်မြောက်စေရန် မိမိဖာသာ ကြိုးစားရသော အယူအဆဖြစ်သဖြင့် သူများကို မှီခိုအားထားပြီး ကိုးကွယ်ဆည်းကပ် ပူဇော်မှုကို အားမပေးပါ။ ဗုဒ္ဓရှင်တော်သည် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တန်ဖိုးထားသဖြင့် ဗုဒ္ဓဘာသာတွင် လွတ်လပ်စွာ တွေးခေါ်မှုသည် အလွန်အရေးကြီး၏။
အဂုင်္တ္တရနိကယ် သုတ္တန်ပိဋကတ်တော်လာ ကေသမုတ္တိသုတ်သည် လူသား၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တန်ဖိုးထားသော ရှေးအကျဆုံး သာဓကတခုဖြစ်သည်။ အိန္ဒိယပြည် ကာလမမျိုးနွယ်များ နေထိုင်ရာ ကေသမုတ္တိ ရွာကြီးသို့ ဗုဒ္ဓရှင်တော် ကြွချီလာသည့်အခါ၌ ရွာသူရွာသားများက သမဏဗြဟ္မဏများသည် သူတို့၏ အယူဝါဒကိုသာ ကောင်းကြောင်း တဖက်သတ်ပြောကြပြီး သူတပါးကို ပုတ်ခတ်ပြောဆိုနေသည့်အတွက် ရွာသူရွာသားများသည် အမှားအမှန်မသိနိုင်ဘဲ ဖြစ်နေကြောင်း လျှောက်ထားကြပါသည်။
ထိုအခါတွင် ဗုဒ္ဓဘုရားက “ယုံမှားသင့်သည့်အရာကို ယုံမှားရခြင်းဖြစ်ကြောင်း၊ သူများပြောသည်ကို ကြားဖူးရုံနှင့်၊ သတင်းစကားကြားဖူးရုံနှင့် ဟုတ်ပြီမှန်ပြီလို့ မယူဆသင့်ကြောင်း၊ ပိဋကတ်စာပေနှင့် ကိုက်ညီသည်ဟူ၍လည်း ကောင်း၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်ဟူ၍လည်းကောင်း၊ ဖြစ်နိုင်စရာရှိသည်ဟူ၍လည်းကောင်း၊ မိမိဆရာ၏ အဆိုအမိန့်နှင့် ကိုက်ညီသည်ဟူ၍လည်းကောင်း၊ အပေါ်ယံအသွင်အပြင်ကိုကြည့်၍လည်းကောင်း မယုံကြည်လေ နှင့်” ဟု ဟောကြားခဲ့သည်။ မိမိကိုယ်တိုင် မကောင်းသည့်အကုသိုလ်တရားကို သိမှသာလျှင် မကောင်းမှုကို စွန့်ပြီး ကောင်းသည့်တရားကို ယုံကြည်ရန် ဗုဒ္ဓဘုရားက ဟောကြားခဲ့ပါသည်။ ဗုဒ္ဓဘာသာအတွေးအခေါ်သည် အလွန်ဒီမိုကရေစီကျကြောင်း အဂုင်္တ္တရနိကယ်လာ ကေသမုတ္တိသုတ်က သက်သေပြ၏။ ဤသုတ်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုးကားတင်ပြဖူးပါသည်။
အမှားအမှန်ဝေဖန်ပိုင်းခြား၍ မိမိယုံကြည်ချက်ကို ဖော်ထုတ်ရာတွင် လွတ်လပ်မှုသည် အလွန်အရေးကြီးကြောင်း ဗုဒ္ဓရှင်တော် ဟောကြားပြီး နှစ်ပေါင်း (၂၅၀၀) ကြာသောအခါတွင် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာ တမ်း၌ လူသား၏လွတ်လပ်မှုကို ဖော်ပြပြန်ပါသည်။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၈) နဲ့ (၁၉) သည် လွတ်လပ်စွာ တွေးခေါ်ပြောဆို ရေးသားနိုင်ခွင့်ကို ဖော်ပြပါသည်။
လူသား၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ဗမာစစ်အစိုးရ အမျိုးမျိုးဖိနှိပ်ချိုးဖျက်နေသည်မှာ (၄၇) နှစ်ရှိနေပါပြီ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဗမာစစ်အစိုးရ အကြောက်ဆုံးဖြစ်ပါသည်။ ဗမာစစ်အစိုးရသည် မိမိနဲ့ သဘောထားချင်း မတူသူကို ရန်သူလို သဘောထားပါသည်။ ဒီမိုကရေစီဆိုသည်မှာ အယူအဆချင်း မတူသူများ အတူတူနေနိုင်အောင် စီစဉ်ပေးသည့် နိုင်ငံရေးစနစ်ဖြစ်ပါသည်။ ထိုကြောင့် ဒီမိုကရေစီနှင့် ဗမာစစ်အစိုးရသည် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အစိုးရက ဦးဆောင်မည်ဆိုပါက ပထမဦးစွာ လွတ်လပ်ခွင့် ပေးရပါလိမ့်မည်။ အင်္ဂလိပ်လို Liberalization ဟု ခေါ်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ အမိန့်ပေးပြီး ခိုင်းသည့်ကိစ္စမဟုတ်ပါ။ ထိုကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ရန် အလွန်အရေးကြီးပါသည်။ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားနိုင်သော အဆင့်သို့ ရောက်လာမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲကို ပီပီသသလုပ်နိုင်ပါလိမ့်မယ်။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရတခုပင် ဖြစ်ပါသည်။
ဒီမိုကရေစီအသွင်ပြောင်းရာတွင် လွတ်လပ်စွာ ပြောဆိုရေးသားသည့် အလေ့အကျင့်ရှိရန် လိုသည်။ ဖိနှိပ်ချုပ်ချယ် ခံရသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြား ခြားနားလှပါသည်။ အပြန်အလှန် ဝေဖန်ခြင်းသည် ဒီမိုကရေစီဓလေ့ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင် ရပါလိမ့်မည်။
ထိုကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့်စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက် ပို၍ အရေးကြီးသည်ဟု ပြောကြခြင်းဖြစ်သည်။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါက စစ်တပ်ရော၊ ပြည်သူလူထုရော အတွေးအခေါ် ပြောင်းလဲ လာနိုင်ဖွယ် ရှိပါသည်။
သို့သော်လည်း ဂျပန်နှင့် အင်္ဂလိပ်ကို ဗမာစစ်တပ်က တိုက်ထုတ်လိုက်သဖြင့် လွတ်လပ်ရေးရသည်ဟူ၍ ၀ိုင်းဝန်း လိမ်ညာဝါဒဖြန့်ထားသည့် သမိုင်းလိမ်မှုကဲ့သို့ အကျင့်ဖြစ်နေသော ကိစ္စများသည်တွင်မူ ပြည်သူ့ အတွေးအခေါ်သည် ချက်ချင်းပြောင်းလဲသွားမည်မဟုတ်ပါ။ အချိန်ကြာမြင့်စွာ လက်ခံထားသော ယုံကြည်ချက်ကို စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်ခံနိုင်ကြမည်မဟုတ်ပါ။
သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ် အလေးအနက် အပြန်အလှန် ဆွေးနွေးတင်ပြနိုင်ပါက ပြည်သူ တရပ်လုံး လက်ခံစဉ်းစားသောအဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ တဖက်သတ် ပြောဆိုမှုကိုသာ နားထောင်သည့် ဓလေ့ အားနည်းလာသည့်အခါတွင် အပြန်အလှန်ဆွေးနွေး၍ အဖြေရှာသောဓလေ့ ထွန်းကားလာမည်ဖြစ်ပါသည်။
ပြည်သူလူထုကိုယ်တိုင် အမှားအမှန်ကို ဆုံးဖြတ်နိုင်ရန်အတွက် ပထမဦးစွာ သတင်းမီဒီယာလွတ်လပ်မှု ရှိရပါ လိမ့်မည်။ အစိုးရ (သို့မဟုတ်) ပုဂ္ဂလိက အဖွဲ့အစည်း အုပ်စုများ၏ နှောင့်ယှက်မှုကင်းရှင်းစွာ အယူအဆအတွေး အခေါ်နှင့် အချက်အလက်များကို သတင်းစာ၊ စာအုပ်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ ကွန်ချာများမှ ထုတ်ဖော်ပြောဆို ရေးသားပိုင်ခွင့် ရှိရပါလိမ့်မည်။
စာနယ်ဇင်းလွတ်လပ်မှု Freedom of the press ကို ပုံနှိပ်စက်ပေါ်ပေါက်သည့် (၁၅) ရာစုမှာစ၍ အပြင်းပွား လာခဲ့ပါသည်။ အကြောင်းမှာ စာရေးခြင်းအတတ်သည် လူသား၏ စိတ်ကို ဆွဲဆောင်နိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ယခုခေတ်တွင် ပုံနှိပ်သတင်းစာသာမကတော့ဘဲ နည်းမျိုးစုံဖြင့် သတင်းဖြန့်ချိနိုင်သဖြင့် သတင်းမီဒီယာ ပို၍ အားကောင်းလာပါသည်။ ထိုကြောင့် သတင်းမီဒီယာကိုသုံး၍ အစိုးရ ဆန့်ကျင်ရေးလုပ်မည်ကို ကြောက်ရွံ့သော အစိုးရများ ရှိလာပါသည်။
သတင်းမီဒီယာ၏ စွမ်းအားကိုသိသော အာဏာရှင်အစိုးရများသည် စာနယ်ဇင်းလွတ်လပ်မှုကို ပိတ်ပင်ထားကြပါ သည်။ ဗမာစစ်အစိုးရနှင့် ကွန်မြူနစ်အစိုးရသည် သတင်းမီဒီယာကို အစိုးရပိုင်လုပ်ပြီး ၀ါဒဖြန့်ရာ၌ အသုံးပြုနေ၏။ လွတ်လပ်သော သတင်းမီဒီယာရှိပါက အာဏာရှင်စနစ် သက်ဆိုးရှည်မည်မဟုတ်ပါ။
ဒီမိုကရေစီစနစ်ကို အပြည့်အ၀ ကျင့်သုံးသော နိုင်ငံများတွင်သာ သတင်းမီဒီယာ လွတ်လပ်မှုရှိပါသည်။ အယူအဆချင်း ဖလှယ်ရန်နှင့် အစိုးရ ထင်သလိုမလုပ်နိုင်ရန် သတင်းမီဒီယာလွတ်လပ်မှု ရှိရပါလိမ့်မည်။ နိုင်ငံရေး၊ လူမှုရေးကိစ္စတွင်သာမကဘဲ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် သိပ္ပံရေးရာများတွင်ပါ လွတ်လပ်စွာ တွေးခေါ် ပြောဆိုခွင့်ရှိရန် လိုအပ်ပါသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:49 AM 0 comments
Friday, June 12, 2009
သံဃာတော်များအား ပြည်ပထွက်ခွါခွင့် နအဖ ပိတ်ပင်

မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉
line
ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေးဝန်ကြီးဌာနက ထောက်ခံချက်ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်းနေကြရကြောင်း ရန်ကုန်သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်သည်။
“ဘယ်နေ့ကစပြီးတော့ ထောက်ခံချက် မပေးတာလဲဆိုတာ မပြောဘူး။ ဘာကြောင့်လဲလို့မေးတော့ အထက်အမိန့် အရပါလို့ပဲ ပြည်ပသာသနာရေး ဒု-ညွှန်မှူး ဦးအောင်သိန်းညွန့်က ပြောတယ်” ဟု သံဃာတော်က မိန့်ဆိုသည်။
သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။
သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ ထောက်ခံချက် ထုတ်မပေးရသည့်အကြောင်းကို ကမ္ဘာအေးရှိ ပြည်ပသာသနာရေးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ “ဆရာဦးအောင်သိန်းညွန့် မရှိပါဘူး။ ထောက်ခံချက်ထုတ်မပေးတာ ဟုတ်ပါတယ်။ ဘယ်နေ့ အထိ ဆိုင်းငံ့ထားမယ်ဆိုတာ မသိပါဘူး။ ဘာ့ကြောင့်ဆိုတာလည်း မသိပါဘူး။ အထက်က ညွှန်ကြားချက်အရပါ” ဟု ၀န်ထမ်းတဦးက ဖြေသည်။
ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့်ဆိုသည်။
ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွဲ့၊ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွဲ့များက ထွက်ခွာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
Labels: သတင်း
Posted by Ashin dhamma at 7:37 AM 0 comments
Wednesday, June 10, 2009
လူထုတိုက်ပွဲ ကြိုတင်ပြင်ဆင်ချက် တည်ဆောက်ဖွဲ့စည်းခြင်း

လှုပ်ရှားအဖွဲ့ငယ်များ
လှုပ်ရှားအဖွဲ့ငယ်များ၏ တာဝန်များမှာ စာရွက်စာတမ်းများဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်းများ ပြုလုပ်ခြင်းမှသည် တိုက်ပွဲအရှိန် အမြင့်ဆုံးအထိ ဆွဲယူသွားရန်ဖြစ်သည်။ အဖွဲ့ငယ်များ အချင်းချင်း ဆက်သွယ်မှုမရှိပဲ သီးသန့်လှုပ်ရှားလျှင် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်သည်။ လူထု၏ တိုက်ပွဲရေချိန်ကို အချိန်မရွေးစောင့်ကြပ်ကြည့်ရှုရမည်။ လူထုနှင့်တိုက်ပွဲကို ကွင်းဆက်မပြတ် စေရ။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားအဖွဲ့များသာ ရှေ့ကျွံသွားခြင်း မရှိစေရန် အထူးဂရုစိုက်ရမည်။
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ငယ်များ
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ငယ်များ၏ တာဝန်များမှာ ရင်းနှီးသော မိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းများမှသည် ရပ်ရွာလူထု အတွင်းသို့ လျှို့ဝှက်ထိုးဖောက်သွားရန် ဖြစ်သည်။ တယောက်မှ သုံးယောက်ခန့်ကို စည်းရုံးခြင်းနည်းဖြင့် လိုင်းများပြန့်ပွား သွားပြီး၊ ဆက်သွယ်ရေးစနစ်တွင် ပထမမျိုးဆက်နှင့်သာ ဆက်သွယ်မှုပြုလုပ်နိုင်လျှင် လုံခြုံရေးအတွက် ပိုမိုကောင်းမွန် သည်။ အဖွဲ့များအချင်းချင်း လိုင်း မပူးသင့်ပါ။
လူထုတိုက်ပွဲခါင်းဆောင်များ
တိုက်ပွဲခေါင်းဆောင်များသည် တိုက်ပွဲအစပျိုး ကနဦးလှုပ်ရှားအဖွဲ့ငယ်များတွင် မပါဝင်ရ။ နောက်ကွယ်မှသာ လှုပ်ရှားသင့် သည်။ တိုက်ပွဲအရှိန်တက်လာချိန်မှသာ ရှေ့ထွက်သင့်သည်။ ခေါင်းဆောင်များအားလုံးတစုတည်း၊ စုရုံးသွားခြင်းကို တိုက်ပွဲ ဖြစ်နေချိန်တွင် ရှောင်ကြဉ်သင့်သည်။ ပြန့်ကျဲသွားလာခြင်း၊ ရုပ်ဖျက်သွားလာခြင်းများဖြင့် ရန်သူကို လှည့်စားရမည်။
ဒေါက်တိုင်စည်းရုံးရေးအဖွဲ့
နအဖဒေါက်တိုင်များအား စည်းရုံးရေးအဖွဲ့များကို အတွင်းသို့ စိမ့်ဝင်နိုင်သည့်လူများဖြင့် လျှို့ဝှက်လှုပ်ရှားရမည်။ ချေမှုန်းရေး အဖွဲ့များမှ ချေမှုန်းရေး သီးသန့်လုပ်နေချိန်တွင် ဒေါက်တိုင်များနှင့်မိသားစုဝင်များ အနည်းငယ် ဂယောင်ချောက်ချားဖြစ်လာ မည်မှာ သေချာသည်။ အချိန်အခါနှင့်အညီ စည်းရုံးလှုံဆော်ရေး ပြုလုပ်ရမည်။
ကြားဖြတ်အစိုးရလှုပ်ရှားအဖွဲ့
ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် လှုပ်ရှားမည့်သူများသည် မည်သည့်လှုပ်ရှားမှုတွင်မှ မပါပဲ အချိန်တန်မှ သီးခြားလှုပ်ရှား သင့်သည်။ ရန်သူလုံးဝမသိသေးသည့် လူသစ်များဖြစ်လျှင် ကြားခံဆက်သွယ်ရေးများအတွက် လုံခြုံရေးပိုမိုကောင်းမွန်သည်။
ဗျူရိုဂရက်များ၊ ပညာရှင်များ
တိုက်ပွဲမစခင်၊ တိုက်ပွဲစတင်ချိန်များတွင် ထိုသူများကို အတင်းဆွဲခေါ်မသွင်းသင့်ပါ။ စစ်အုပ်စုကိုဖြုတ်ချရုံနှင့် မပြီးပါ။ ကြား ဖြတ်အစိုးရဖွဲ့စည်းသည်ဆိုရုံလေး ကြေညာလိုက်ရုံနှင့်လည်း မပြီးပါ။ အုပ်ချုပ်ရေးယန္တရားချက်ချင်း အသက်ဝင်ရမည်။ စစ် တပ်၊ ရဲတို့အပေါ် အစိုးရအာဏာ ချက်ချင်းသက်ရောက်မှုရှိစေရမည်။ ပေါ်လစီများ ချက်ချင်း ထွက်လာရမည်။ ရပ်ရွာလုံခြုံ ရေး အာမခံချက်ကို အချိန်အနည်းငယ်အတွင်းပေးနိုင်ရမည်။ အုပ်ချုပ်ရေးယန္တရားကျွမ်းကျင်သူများနှင့် ပညာရှင်များသည် တိုက်ပွဲချိန်တွင် လမ်းပေါ်ရောက်နေခြင်းထက် ယန္တရားအသက်ဝင်မှုအတွက် တပြိုင်နက်တည်း လှုပ်ရှားရမည်ဖြစ်သည်။
ရပ်ရွာကာကွယ်ရေးအဖွဲ့ငယ်များ
တိုင်းပြည်ဖရိုဖရဲဖြစ်ချိန်တွင် လူဆိုးသူခိုးများလဲ ပေါ်ထွက်လာမည်ဖြစ်ရာ ရပ်ရွာကာကွယ်ရေးအဖွဲ့ငယ်များဖြင့် ထိန်းသိမ်းရန် လိုအပ်သည်။ နယ်မြေခံသပိတ်စခန်းများမှ တိုက်ပွဲချိန်တွင် တာဝန်ယူမှုရှိလေ့ရှိသော်လည်း ထိုသို့ တနေရာတည်းတွင် အာ ဏာ စုပြုံနေမှုသည် ပြိုကွဲချိန်တွင်လဲ ဘာမှမကျန်အောင် ဖြစ်သွားလေ့ရှိသည်။ မိမိ ကလာဘ်စည်းများတွင် ကြိုတင် ဖွဲ့စည်း ထားသည်က အရေးပေါ်အချိန်အတွက် ပိုမိုသင့်လျော်သည်။
တိုက်ပွဲဗဟိုချက်မ
မြန်မာပြည်၏ တိုက်ပွဲသဏ္ဍာန်တွင် တိုက်ပွဲဗဟိုချက်မကို ပြည်တွင်းတွင်သပိတ် ကော်မတီဖွဲ့ပြီးလုပ်လေ့ရှိရာ ထိုကော်မတီ ဖြိုခွဲခံရသည်နှင့် အားလုံးလဲ ဖရိုဖရဲနှင့် command မရှိပဲ ဖြစ်သွားတတ်သည်။ ဗဟိုချက်မကို ပြည်တွင်းတွင် ဖြန့်ခွဲထားသင့် သည်။ ယောင်ပြနှင့် လှုပ်ရှားကော်မတီနှစ်ခု ပြုလုပ်ထားလျှင် ပိုမိုထိရောက်မှုရှိနိုင်သည်။
ပြည်ပနိုင်ငံခြားရေးကော်မတီ
ကြားဖြတ်အစိုးရဖွဲ့သည်နှင့် ပြည်ပအခြေစိုက်နိုင်ငံခြားရေးကော်မတီမှ ချက်ချင်းသတင်းထုတ်ပြန်၊ ထောက်ခံမှုများယူရန် အရေးကြီးသည်။ ထိုအချိန်တွင် ပြည်ပမှ တဖွဲ့တမျိုး ထအော်၍ မရပါ။ ထိုအချိန်မျိုးတွင်မှ ကြားဖြတ်အစိုးရမှာ အမတ်တွေ အကုန်မပါလို့၊ တိုင်းရင်းသားတွေမပါလို့ စသည်ဖြင့် အချင်းချင်းထအော်နေကြလျှင် ရန်သူကလက်ဦးမှု ပြန်ယူသွားနိုင်သည်။ ကြားဖြတ်အစိုးရသည် ယာယီနိုင်ငံခြားရေးသံတမန်များ ချက်ချင်းခန့်အပ်ရမည်။ ပြည်ပမှ ခန့်အပ်ခံရသူများကလဲ ထောက်ခံ သည့်နိုင်ငံများတွင် နိုင်ငံတကာအကူအညီဖြင့် သက်ဆိုင်ရာ သံရုံးများသို့ဝင်ရောက်၍ ချက်ချင်းတာဝန်ထမ်းဆောင်ရမည်။ ကန့်ကွက်သည့်နိုင်ငံများနှင့်လည်း ချက်ချင်းသံတမန်ဆွေးနွေးမှု လုပ်နိုင်ရမည်။ ချုပ်၍ဆိုရလျှင် နိုင်ငံတခု၏ အပြောင်းအလဲ သည် အစိုးရဖြုတ်ချရုံနှင့် မပြီးပါ။
အစိုးရအာဏာသက်ရောက်မှုကို ရပ်စဲမှ ဖြစ်နိုင်ပါသည်။ ၈၈၈၈ တွင် အစိုးရနှစ်ခုဖြုတ်ချနိုင်ခဲ့သည်ဆိုသော်လည်း၊ အာဏာ သက်ရောက်မှုကို မရပ်စဲနိုင်ခဲ့ပါ။ အစိုးရဟောင်း၏ အာဏာသက်ရောက်မှုကို ကဏ္ဍပေါင်းစုံမှ အစားထိုးမှုပြုလုပ်မှသာ အောင်ပွဲရပါမည်။ သို့ပါ၍ ကဏ္ဍပေါင်းစုံမှ အဖွဲ့ငယ်များအားလုံး ကိုယ့်တာဝန်နှင့်ကိုယ် ကျေပြွန်စွာ ခွဲဝေထမ်းဆောင်ရန် လို အပ်လှပါကြောင်း။
ထက်မျိုးနွယ် (၂၀၀၉)
http://www.naytthit.com/
Labels: ဆောင်းပါး
Posted by Ashin dhamma at 11:20 PM 0 comments
မောင်ရစ်နှင့် သူ၏ အသိများအကြောင်း
မောင်ရစ်
ဇွန် ၉၊ ၂၀၀၉
မိတ်ဆွေများ ...
ယခုလို အရေးကြီးနေတဲ့ ကာလကြီးမှာ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ မိန့်ခွန်းကောက်နုတ်ချက်တခုနဲ့ နိဒါန်းပျိုးလိုက်ချင်ပါတယ်။
“ကျမတို့ကို နေရာတိုင်းမှာ မေးကြတယ်။ တိုင်းပြည်အတွက် ပြည်သူတွေအတွက် ဘာတွေ လုပ်နေသလဲ။ အန်အယ်ဒီပါတီက ဘာတွေ လုပ်နေသလဲ။ စသည်ဖြင့် မေးမြန်းကြတယ်။ ကျမတို့ကလည်း အခုလိုမေးတဲ့သူတွေကို ပြန်ပြီး မေးခွန်းထုတ်လိုက်ချင်ပါတယ်။ ရှင်တို့တတွေကကော အခုချိန်မှာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် ဘာတွေများ လုပ်ဆောင်ပေးခဲ့ပြီးပြီလဲ ဆိုတာပဲ ဖြစ်ပါတယ် …” တဲ့။ (အတိအကျ မဟုတ်၊ အနီးစပ်ဆုံး စာကိုးစကားကိုး)
အမေရိကန်သမ္မတကြီး ကနေဒီကလည်း ပြောပါတယ်။ တိုင်းပြည်ဆီက သင် ဘာတွေ ရမလဲလို့ မမေးပါနဲ့ တဲ့။ တိုင်းပြည်အတွက် သင်က ဘာတွေ ပေးဆပ်မည်လဲဆိုတာကို ဖြေကြားပါ … တဲ့။
ပြောကြကြေးဆိုရင် - ပတ်ဝန်းကျင်မှာ ကြားနေရတာက - ဟို လူတွေ ဒီလူတွေ ဘာလုပ်နေတာလဲ ဆိုတဲ့ မေးခွန်းတွေ ပလူပျံနေတာကိုး။ ကိုယ် ဘာလုပ်နေသလဲဆိုတာကို မပြောဘဲ သူများတွေကို လက်ညှိုးထိုးတဲ့ အလုပ်က အတော်ခေတ်စားပုံရပါတယ်။ ကဲ အခု ဒေါ်စုကို ဖမ်းထားပြီ။ အိုဘားမား ဘာလုပ်နေသလဲ ဆိုတော့ … မောင်ရစ်က စီအန်အန်ဖွင့်ပြီး အိုဘားမား ဘယ်နိုင်ငံအလည်ထွက်နေသလဲဆိုတာ လိုက်ရှာပေးရမယ့် ပုံ ပေါက်နေတယ်။
ကဲ … ဘာတွေ လုပ်ကြရမှာလဲ …
ထုံးစံအတိုင်း ဆရာလုပ်ရရင်တော့ - ပြည်တွင်းက သပိတ်တိုက်ပွဲကို စတင်ဖော်ဆောင် အသံပစ်သင့်ပါတယ်။
အင်န်အယ်ဒီက လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရန် တိုက်တွန်းရမည့်အရေးကို အမှန်တကယ် စဉ်းစားရန် စွမ်းဆောင်နိုင်မည်ကို ပြောကြားရန် ဖြစ်နိုင်သည်ဟု အတိအလင်း ပြောကြားဖို့မှာ အချိန်ကျပြီဟု ဆိုနိုင်ကြလျင် ထိုအခက်အခဲများကို သာဓကဆောင်ရန် ခဲယဉ်းမည်ဟု စဉ်းစားကြည့်မိသည်။ (ဟဲဟဲ မျက်စိလည်သွားမည် မဟုတ်လား။ အဲလိုဖြစ်အောင် ရေးလိုက်တာ။ အတင်းရှင်းအောင် လိုက်မဖတ်နဲ့။ အစိုးရက ခံဝန်ချက်ထိုးခိုင်းလိမ့်မယ်။ ကြောက်စရာ …) ယခုအချိန်မှာ ရှေ့နေ ရှေ့ရပ်နဲ့ ပြန်ကြားရေးကိစ္စတွေနဲ့ အလုပ်များနေတယ်လို့ ကြားပါတယ်။ “သီးခြားနိုင်ငံရေးပုံသဏ္ဍန်အသစ်” ထူထောင်ရေးကို အချိန်ယူ ဆွေးနွေးကြသေးပုံ မပေါ်။
သို့သော် ပြည်တွင်းကဖြစ်စေ ပြည်ပကဖြစ်စေ မြန်မာတွေအနေနဲ့ ဒေါ်စု၊ ၈၈ မျိုးဆက်၊ ဦးဝင်းတင်၊ ဇာဂနာ စသည်တို့ကို ဦးတင်ပြီး အင်န်အယ်ဒီကိုယ်စား အမျိုးသားတပ်ဦးကို ပြန်ဖွဲ့သင့်ပါတယ်။ ဥပမာ ကျနော်တို့လို ဘာမဟုတ်တဲ့ မီဒီယာအဖွဲ့က သူတို့တွေကို မိုးမခရဲ့ ဂုဏ်ထူးဆောင်မိတ်ဆွေများ ဆိုတဲ့ နေရာတခုကို တရားဝင်ပေးပြီး အသိအမှတ်ပြုခြင်းမျိုး။ ဒါကလည်း ပါတီဘောင်ထဲက၊ အတိုက်အခံနိုင်ငံရေးဘောင်ထဲက ခေါင်းဆောင်တွေကို အမျိုးသားလှုပ်ရှားမှုပုံသဏ္ဍန်ဖြစ်လာအောင် ဆွဲဆောင်တဲ့သဘောပါ။ ဒါကို ကျနော်တို့က “မိသားစု အသိ”လို့ ပြောချင်တယ်။
နို့မဟုတ်ရင် မြန်မာမဟုတ်တဲ့ နိုင်ငံတွေ၊ အဖွဲ့တွေ၊ နိုင်ငံခြားသားတွေက အဲဒီမြန်မာအမျိုးသားခေါင်းဆောင်တွေကို ဆုတွေပေး၊ မြို့တော်ကြီးတွေအပ်၊ ဂုဏ်ထူးဆောင်နိုင်ငံသားကြီးအဖြစ် အသိအမှတ်တွေပြု၊ ကျောက်ရုပ်ထု၊ ခမ်းမတွေ နံမယ်ပေးနဲ့ အပြတ် ဦးထိပ်ပန်ဆင်ပြနေကြလေတော့ ငါတို့ အမျိုးသားအချင်းချင်း မြန်မာတွေခင်ဗျာ မျက်နှာတောင် ငယ်တယ်။ ဦးဝင်းတင် လမ်းဘေးမှာ ငုတ်တုတ်ကြီး ထိုင်နေတာကို မမြင်ချင်ယောင် ဆောင်နေရတယ်။ သူများတွေလို ကိုယ်က ဆုမပေးနိုင်၊ လူရာမသွင်းနိုင်ဘူး မဟုတ်လား။ (သနားစရာ … )
နိုင်ငံရေးတိုက်ပွဲက ပုံသဏ္ဍန်တိုက်ပွဲလို့ မြင်ပါတယ်။ အခြေခံလူတန်းစားတိုက်ပွဲ မဖြစ်လာသေးပါ။ အထက်တန်းလွှာ၊ အလယ်တန်းလွှာ၊ ပညာတတ်၊ ကျောင်းသားလူငယ်၊ ကြေးရေတတ်စားသုံးသူ စသည်တို့ကို စည်းရုံးနားချပြီး ဆွဲခေါ်သင့်တယ်လို့ ထင်ပါတယ်။ စားသုံးသူသပိတ်တိုက်ပွဲဟာ အလတ်တန်းစားတွေကို လှုပ်တဲ့သဘောပါ။ “သပိတ်အသိ” ကို ၀န်ထမ်းတွေ၊ စားသုံသူတွေကို ထည့်သွင်းတဲ့ သဘောလို့ ပြောချင်ပါတယ်။
အိမ်ဦးခန်းထဲမှာ အမျိုးသားခေါင်းဆောင်များကိုတင်ထားတဲ့ လှုပ်ရှားမှုမျိုးကိုလည်း တိုက်တွန်းသင့်ပါတယ်။ သူတို့ကို လမ်းပေါ်မှာ၊ ထောင်ထဲမှာ၊ အကျယ်ချုပ်ထဲမှာသာ ထားပြီး ကိုယ့်အိမ်ဦးခန်းမှာ ဓာတ်ပုံ၊ အမှတ်တရစသည် မထားနိုင်သေးသမျှ “အတိုက်အခံ အသိ”ကို အလတ်တန်းစားတွေကို မထည့်ပေးနိုင်သေးတဲ့ သဘောဖြစ်ပါတယ်။ ရိုင်းရိုင်းပြောရရင် ဆန္ဒပြဖို့အတွက် ဒေါ်စုတို့ ဦးဝင်းတင်၊ ဦးတင်ဦးတို့ကို ၀ါးလုံးခြမ်းထိပ်မှာ ညှပ်နဲ့ ကပ်ပြီး ထောင်အော်နေတာပါ။ ပြီးရင်တော့ ကားဂိုဒေါင်တို့၊ စတိုခန်းတို့၊ အိမ်အောက်တို့ထဲမှာ လျှိုထားခဲ့တာချည်းပဲ။ ၂၀၀၇ တုန်းကဆို ဘုရားစင်မှာ ထားရမယ့် ဘုန်းကြီးတွေကို လမ်းပေါ်ဆန္ဒပြတဲ့ဆီမှာ ထုတ်ပြီး အော်၊ အဲဒီ သံဃာတော်ပုံ ပိုစတာတွေ ကိုယ့်မိရိုးဖလာတွေ ဘယ်နေရာမှာ ထားပစ်ခဲ့ကြပါလိမ့်လို့ တွေးကြည့်မိသေးတယ်။
ပြည်ပက မြန်မာတွေအနေနဲ့ စစ်အုပ်စုနှင့် အပေါင်းအပါများ ဖော်ထုတ်ရေးလှုပ်ရှားမှုကို ၀က်ဆိုက်၊ အီးမေး၊ လက်ဆင့်ကမ်း လှုပ်ရှားမှု လုပ်ကို လုပ်နိုင်ပါတယ်။ သေသေချာချာ အစဉ်တစိုက်လုပ်မှ ဖြစ်မယ်။ လူတွေကလည်း လာကြည့်ပြီး မျက်စိစွဲ၊ နားစွဲသွားမယ်။ “ရန်သူ အသိ”ကို လူထုအတွင်း သွတ်သွင်းမှ ရပါမယ်။ စာရင်း၊ သတင်း၊ အတိအကျ နေရာတခုခုမှာ အမှတ်အသားမထားနိုင်သ၍ ပြည်သူတွေက စိတ်ဓာတ်တွေ ခိုင်မာတောင့်တင်းနေစရာ မရှိပါ။ သူတို့ကို အစဉ်သတိပေးနိုင်မှ ဖြစ်မယ်။
နောက်တခုကတော့ - “မိတ်ဆွေ အသိ” ဆိုပြီး ဒီမိုကရေစီမိတ်ဆွေတွေ သက်ရှိနဲ့ ကွယ်လွန်တွေကို သူတို့လိုမျိုး စာရင်းလုပ် ဖော်ထုတ်နေဖို့လည်း လိုလာမယ်ထင်ပါတယ်။ အခုဟာက အေအေပီပီကလွဲရင် ကျန်တဲ့အဖွဲ့တွေကလည်း ထင်ရှားသူများကို ဆုပေးရုံသာ တတ်နိုင်ပါတယ်။ ရတဲ့ ဆုငွေဆိုတာကလည်း နံမယ်ကြီး ထမင်းငတ်နေရတာပါ။ ပြည်သူက စောင့်ရှောက် ပျိုးထောင်မှ မြန်မာပြည်မှာ ဒီမိုကရေစီအသီးအပွင့်ကို စားကြရမှာဖြစ်ပါတယ်။ သူတို့စိုက်သလောက်က သူတို့ စားလိုက်တာနဲ့ လိုက်မမီဘူးဆိုတာကို ပြည်သူတွေကို အသိပေးမှ ဖြစ်မယ်။
နောက်ဆုံးအနေနဲ့ကတော့ “အမှန် အသိ” ကို ထုတ်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ ဟိုလူ လုပ်နိုးနိုး၊ ဆုရသူတွေ၊ ပိုက်ဆံရသူတွေ၊ ပိုက်ဆံရှိသူတွေ လုပ်နိုးနိုးနဲ့ ဒီမိုကရေစီ အမျိုးသားလှုပ်ရှားမှု နွားနို့အိုးကြီးထဲမှာ နို့တွေ မထည့်နိုင်ကြဘဲ ရေတွေချည်း ရောမိကြတဲ့ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ ဖြစ်ပါတယ်။ တကျပ် တပြားဖိုးပဲ လုပ်လုပ်၊ တနေ့ ၅ မိနစ်လောက်ပဲ လုပ်လုပ်၊ တပတ် တနာရီပဲ ဆန္ဒပြပြ - အမှန်အသိ တွေနဲ့ လုပ်ရင် “ရော ကျော်”လည်း မဖြစ်တော့ဘူး။ “ရသေ့စိတ်ဖြေ တော်လှန်ရေး” လည်း မဟုတ်တော့ဘူး။ “တနေ့ တလံ” နဲ့တော့ ပုဂံက နက်ဖြန် သဘက် မရောက်ဘူး ဆိုတာကို အမှန်အတိုင်း သိလာမယ်။ ပြီးတော့ “ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် …” ဆိုတာကို ရွေ့ဖို့အရေး “၀ိုင်း”ပြီး “လှည့်” တွန်းနေတာချည်းကနေ တပြိုင်တည်း တဖက်တည်းက တွန်းနိုင်ကြဖို့ကို အမြင်ရှင်းရှင်းနဲ့ သဘောပိုပေါက်လာမယ်လို့ ထင်ပါတယ်။
မိုးမခကတော့ ရှိတဲ့သူတွေနဲ့ လုပ်မှာပဲ။ မိုးမခက စာတွေကို နွားနို့နဲ့ပဲ ရေးမယ်လေ။ ရေတော့ မရောဘူး။ ရေလိုချင်ရင် တိုက်ပွဲထဲကတော့ ခပ်မသောက်ဘူး။ ဘုံပိုင်ရေ ခံသောက်မယ်။ နည်းနည်းနဲ့ ကျဲကျဲပဲ ၀ိုင်းမယ်။ ပရိသတ်ကလည်း ငါတို့တတွေ တယောက်တလက် ၀ိုင်းကြရင် မိုးမခလိုမျိုး “အရူးအနှမ်း” တွေ လုပ်တဲ့ မီဒီယာလောက်ကတော့ “သနားတယ်”ဆိုပြီး “မခံချင်စိတ် အသိ”နဲ့ ၀ိုင်းပြီး “ထ” လာကြဖို့ အရေးကြီးတာပါ။ အဲပြီးတော့လည်း “အလကားပါကွာ” ဆိုပြီး “ကိုယ့် အရေး၊ မိသားစု အရေးနဲ့ ကိုယ့် ငတေမာဖို့ အရေး ” ဆိုတဲ့ “တို့ တာဝန် အရေး ၃ ပါး” ဖက် ပြန်လှည့်မသွားကြဘဲနဲ့ “ရေရှည်တိုက်ပွဲ အသိ”ကိုလည်း အမြဲ ရှင်သန်နေဖို့လည်း လိုအပ်နေပါတယ်။
“ဟဲ ဟဲ …” ။ ဒါကတော့ မောင်ရစ်နဲ့ သူ၏ “အသိ”များဆိုတဲ့ စာဖြစ်ပါတယ်။ စာဆိုတဲ့သဘောက အလိမ္မာပါ။ အလိမ္မာ စာမှာ ရှိ … တဲ့။ စာထဲမှာပဲ အလိမ္မာ ရှိတယ် ဆိုတဲ့ သဘော။ အပြင်မှာကတော့ သိကြတဲ့အတိုင်း လက်ချည်းသက်သက်သာ ရှိတယ်။ လူမိုက်များ စုဝေးရာ မိုးမခဇရပ်မှာ ရေ မီး မလာပါပေါ့။
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:10 AM 0 comments
