Monday, June 8, 2009
Sunday, June 7, 2009
ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းကြောင်းကြေညာချက်
Labels: သတင်း
Posted by Ashin dhamma at 7:31 AM 0 comments
သာသနာဖျက်မင်းတွေနဲ့ ဒီပဲယင်းခုံရုံး

သာသနာဖျက်မင်းတွေနဲ့ ဒီပဲယင်းခုံရုံး
နေ့စဉ်ကြားရမြင်ရတဲ့ သတင်းပလင်းတွေကြောင့် မကျေမနပ်လိုက် ဒေါသတွေထွက်လိုက်နဲ့ ခုတလော တော် တော့်ကို မငြိမ်း မချမ်း ဖြစ်နေတယ်။
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် တရားလေး ဘာလေး နာကြည့်မလား ဆိုတော့လည်း ဘုန်းဘုန်းတို့ ဟောတဲ့ တ ရားတွေဆိုတာ က ဘုရားခေတ်ကကိုး။ သာသနာကွယ်တဲ့ အာဏာရှင်ခေတ်မှာ ဘုရားရဲ့တရားတော်တွေ တိုး မပေါက်ဘူး ဖြစ်နေတယ်။ သေခါနီးမှာ သောကတွေ တပွေ့တပိုက်နဲ့  အသောကမင်းရဲ့ နိဂုံးက ခေတ်သစ်သာ သနာဖျက်မင်းတွေနဲ့ နှိုင်းကြည့်လို့ သိပ် မဟန်ဘူး။
ဒါနဲ့ သာသနာကွယ်တယ်ဆိုတာ ဗုဒ္ဓဘုရားရဲ့ အဆုံးအမတွေ ကွယ်တာကိုဆိုပါတယ်။ သာသနာတည်တယ်ဆို တာကတော့ ဗုဒ္ဓရဲ့အဆုံးမတွေ တည်နေတာကို ဆိုလိုပါတယ်။ ဥပမာပြောရရင်တော့ ငါးပါးသီလထဲက တပါး ဖြစ်တဲ့ လိမ်မပြောရဘူးဆိုပါ တော့။ ဘယ့်နဲ့လဲ။ သာသနာဖျက်မင်းတွေ လိမ်လိုက်ကြတာ ၁၉၆၀ ထဲကမဟုတ် လား။ တကယ်တမ်းပြောရရင် ကိုယ်တို့တိုင်းပြည် မှာ ဘာသာပေါင်းစုံ သာသနာကွယ်နေတယ် ဆိုရမလားပါပဲ။
ကိုယ်တို့တိုင်းပြည်က ဒီဘာသာပေါင်းစုံ သာသနာဖျက်မင်းရဲ့ နိဂုံးက ဘယ်လိုလဲ။ သူ့ရဲ့ကျဆုံးခန်းကို လူတွေ တွေ့ချင်မြင်ချင် လှပြီ။ အာဏာရူးတွေရဲ့ သွားရာလမ်းက တကယ်တော့ အတူတူပါပဲ။ ဆရာကြီး ဦးတင်မိုးက ဒီ လိုရေးဖွဲ့ခဲ့တယ်။
အာဏာရှင်တို့ သွားရာလမ်း
တင်မိုး
(ဒီဇင်ဘာ ၃၁ ၂၀၀၆)
ရက်စက်လှတဲ့ အာဏာရှင်
သူ့ကို ကြိုးစင်တင်
မြေပြင်ပေါ်က ပျောက်ကွယ်သွား
သူ့ခေတ် နေ၀င်ခဲ့ပြီတကား။
မတရားမှုကျူးလွန်တိုင်း
သွားလိမ့် သူ့သင်္ချိုင်း
လူတွေဝိုင်းလို့ တံတွေးထွေး
ပက်လက်မျောချေသေး။
ရှောင်ပြေးလို့လည်း မလွတ်သာ
အရိပ်မည်းကြီး လိုက်လို့လာ
ကြမ္မာနှောင်ကြိုး လည်ရစ်တင်း
စွပ်ပေါ့ သည်ကြိုးကွင်း
စောင့်နေပြီကော ရှင်သေမင်း။
မငြင်းနိုင်တဲ့ ကံကြမ္မာ
ဒူးတုပ်အမိန့်နာ
အာဏာရှင်တွေ သွားရာလမ်း
လိုက်ခဲ့ မငြင်းတမ်း ။ ။
(ဒီဇင်ဘာ ၃၀ ရက် အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ကြိုးပေးတဲ့နေ့ အမှတ်တရ ...)
ကဗျာထဲက အတိုင်းပဲ။ ကြိုးစင်ပေါ်က သူ့ကို လူအုပ်ကြီးက တံတွေးတွေ ထွေးကြ။ ငရဲကိုသွားလို့ အော်ဟစ် သြဘာပေးခဲ့ကြ တယ်။ သတင်းဋ္ဌာနတွေကလည်း ကမ္ဘာတခွင် ပြဲပြဲစင် အားပေးကြတယ်။ တကယ့်ကို အသက် နဲ့ ကိုယ် အိုးစားကွဲတယ်ဆိုတာ သူမှအစစ်ပဲ။ ကြိုးကြီးက တုတ်လွန်လွန်းလို့ လည်ပင်းကနေ ပြတ်ထွက်တယ် ဆိုပဲ။ ရုပ်ပျက်ဆင်းပျက် သူ့ပုံက လဒစားပြီး ကျန်တဲ့သားကောင်လိုပဲ။ သူ့ကြောင့် သေခဲ့ရတဲ့ မိသားစုဝင်တွေ က လာကြည့်ကြတယ်။
သူ့မှာ မသေခင် ထောင်ထဲနေရ။ သားနှစ်ယောက်ဖြစ်တဲ့ အူဒေးတို့ ညီအကို ရုပ်ပျက်ဆင်းပျက် သေတာလည်း မြင်လိုက်ရ သေးတယ်။ သူ သူများတွေကို ကြိုးပေးသတ်ခဲ့တဲ့ ကြိုးစင်မှာပဲ သူ့ကို ကြိုးပေးခဲ့တယ်။ နောက်ဆုံး နေ့က ကြိုးစင်ကိုမြင်တော့ ‘အို ...အလ္လာ’ လို့ တတယ်တဲ့။ ဒီအချိန်ရောက်မှတော့ အလ္လာရော၊ယေရှုရော၊ဗုဒ္ဓ ရော ကာလီမာသားကြီးတွေရော ဘယ်ကယ် နိုင်တော့မလဲ။ ဒီလိုဆိုတော့ ခေတ်သစ်အာဏာရှင်တွေ သွားရာ လမ်းက ပိုလို့တောင် ကြောက်စရာကောင်းမနေဘူးလား။
ခုနေ ကိုယ်တို့တိုင်းပြည်က သာသနာဖျက်မင်းတွေကို သတိထားပါလို့ မပြောချင်ပါဘူး။ သူတို့လုပ်ထားတာ သူ တို့ ပြန်ခံ ကိုးခံ ရမှာပဲ။ သာသနာဖျက်ထားတာကိုး။ ဘုရားဆုံးမစကားတွေ ပစ်ပယ်ထားတာကိုး။ လူသတ်၊ မု ဒိမ်းကျင့်၊ ခိုးဆိုးသောင်းကျန်း ရုံမကဘူး ခုနေမှာ တိုင်းသူပြည်သားတွေရဲ့အားထားရာ ကမ္ဘာသူကမ္ဘာသားက လေးစားကြည်ညိုရတဲ့ ကိုယ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတယ်။ ဒီပဲယင်းမှာတုန်းက လည်း ငါတို့ခေါင်းဆောင်ကို လုပ်ကြံဖို့ လုပ်ခဲ့တယ်။ စစ်တပ်ကို ငါချစ်တယ်၊ တိုင်းပြည်ကို ငါပိုချစ်တယ်ဆိုတဲ့ ငါတို့တိုင်းပြည်ရဲ့ တရားဝင်ကာကွယ်ရေးဦးစီးချုပ် ဦးတင်ဦးကို သတ်ဖို့လုပ်တယ်။ ပြည်သူတွေဟာ အရေးအ ခင်းတိုင်းမှာ အသက်ပေးရတယ်။
တိုင်းပြည်ကောင်းရာကောင်းကျိုး တောင်းဆိုကြတဲ့ ငါတို့ကျောင်းသားတွေကို ဖမ်းထားတယ်။ သတ်တယ်။ ရိုက်တယ်။ နှိပ်စက်တယ်။ စစ်ဘီလူးတွေ အမျိုးမျိုး ညှင်းပန်းနှိပ်စက်လို့ ငါတို့ခေါင်းဆောင်တွေ၊ ကျောင်းသား တွေ၊ ပြည်သူတွေ၊ ဘုရား သားတွေ၊ ရဟန်းတွေ သွေးမြေကျရပေါင်းများပြီ။
ကိုယ်တို့ တိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက်သတ်တယ်။ ရွာတွေ၊ ကျောင်းတွေကို မီးရှို့တယ်။ တိုင်း ရင်းသူတွေကို မုဒိမ်းကျင့်တယ်။ ဒီလောက်ယုတ်မာတဲ့ အစိုးရ ကမ္ဘာမှာ ရှိမယ်မထင်ဘူး။ ခိုးဖို့ ဆိုးဖို့ လူသတ်ဖို့ မုဒိမ်းကျင့်ဖို့ လိုင်စင်ရထားတဲ့ မုဒိမ်းစစ်တပ်နဲ့ သူ့ခေါင်းဆောင်အာဏာရူးတွေဟာ ဆက်ဒမ်ရဲ့နောက် လိုက်ကို လိုက်ရမှာပဲ။
ဒီသာသနာဖျက် အာဏာရူးတွေအတွက် ဘာနိုင်ငံတကာခုံရုံးမှ မလိုဘူး။ နုရင်ဘတ်လို ခုံရုံး မြန်မာပြည် ဒီပဲ ယင်းမှာ ဖွင့်ပြီး ဒီပဲယင်းခုံရုံးကနေ ပြည်သူတွေကိုယ်တိုင် ခုံရုံးတင် တရားစီရင်ပြီး ဆက်ဒမ်နောက်ကို ပို့လိုက် မယ်။ အဲ့ဒီအချိန်မှာ တချင်တဲ့ ဘုရားတကြ။ ဘယ်ဘုရားမှ လှည့်ကြည့်မှာ မဟုတ်ဘူးဆိုတာပါပဲ။
အယ်ဇီ
(www.allmymemo.blogspot.com )နှင့်
http://drlunswe.blogspot.com/ တို့မှ ပြန်လည် ဖော်ပြပါသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:09 AM 0 comments
Thursday, June 4, 2009
မုံရွာဗောဓိတစ်ထောင်ဘုရားဓာတ်လှေခါးပျက်ကျ

မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉
line
မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းရှိ ဓာတ်လှေကား ယမန်နေ့ ညနေ (၆) နာရီခန့်တွင် ပျက်ကျခဲ့သဖြင့် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါအ၀င် (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။
“အခု မန္တလေးဆေးရုံကြီးကို ပို့ထားပါတယ်။ ဆရာတော် ရဝေနွယ်က ခြေထောက်ကျိုးတယ်။ ဆရာတော် အရှင်ဆန္ဒဓိက ကတော့ ဒူးခေါင်းကွဲသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်။ သုံးထပ်လောက်ကနေ ပျက်ကျခဲ့တာပါ။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဗောဓိတထောင်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုသည်။
ဓာတ်လှေကားပျက်ကျချိန်တွင် အတွင်း၌ ဆရာတော် (၂) ပါး၊ ဒကာ (၅) ဦးနှင့် လိုက်လံပြသသော ဗောဓိတထောင်ကျောင်းတိုက်မှ ဦးဇင်းတပါးတို့ ရှိနေခဲ့ကြကြောင်း၊ ယခုအခါ (၈) ဦးစလုံးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ဓာတ်လှေကားက လုပ်ငန်းသုံး ဓာတ်လှေကားလေ။ ၀င့်သဘောပဲ။ ပစ္စည်းအတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။ ဘယ်လိုဖြစ်လို့ ပျက်တယ်ဆိုတာတော့ သေချာစစ်ဆေးပြီးမှ သိရမယ်” ဟု ဗေဓိတထောင်ကျောင်းတိုက်မှ ဆရာတော်က မိန့်သည်။
ယင်း ရပ်တော်မူဘုရားကြီးတွင် လူစီးဓာတ်လှေကား တပ်ဆင်ထားခြင်းမရှိသေးဘဲ တက်ရောက်ဖူးမြော်လိုသူများ အနေဖြင့် ရိုးရိုးလှေကားဖြင့်သာ တက်ရောက်နိုင်ကြောင်း သိရသည်။
ဗောဓိတထောင်သာသနာ့နယ်မြေရှိ ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၉၉၅ ခုတွင် ဗောဓိတထောင်ဆရာတော် အရှင်နာရဒ ဦးစီးတည်ထားခဲ့ပြီး ဉာဏ်တော် (၄၂၄) ပေရှိရာ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူရုပ်ပွားတော်ကြီးဖြစ်သည်။
ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းတွင် အထပ်ပေါင်း (၃၂) ထပ်ရှိပြီး ဗုဒ္ဓ၀င် ဇာတ်နိပါတ်တော်များ၊ ရှေးဟောင်းဘုရားဆင်းတုတော်များကို စုဆောင်းပြသထားသည်။
http://www.khitpyaing.org/
Labels: သတင်း
Posted by Ashin dhamma at 11:18 PM 0 comments
မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး (တတိယပိုင်း)
www.hittaing.org
ဦးဇင်းဦးဝိမလ။ ။လူတွေအများကြီးသေတယ်။ကျုပ်မြင်ရသလောက်တင်ပဲ ကြည်ကားဂိတ်နဲ့ တောင်မြောက်တံတားနှစ်စင်း တောင်ဘက်ထိပ်အစကနေ မြောက်ဘက်ထိပ်အဆုံးအထိ လူ(၆၀)လောက်သေတယ်။လို့ ဦးဇင်းက ပြောတဲ့အခါ
စစ်ဆေးတဲ့ စစ်ခွေးထောက်လှမ်းရေးက “လေးယောက်ပဲသေတယ်လို့ သတင်းစာ၊ရေဒီယို တွေက ကြေညာပြီးသား ဆိုတာ မင်းမသိဘူးလား”လို့ ပြောတယ်။
ဦးဇင်းဦးဝိမလ။ ။ဒါက အာဏာရှင်တွေထုတ်ပြန်တာပဲ။ကျုပ်ကတော့ (၄)ယောက်ပဲ သေတယ်လို့ မပြောနိုင်ဘူး လို့  ပြော
လိုက်လိုက်တော့၊ အဲဒီ ထောက်လှမ်းရေးက “မင်းကို သက်သာအောင်လုပ်ပေးမယ်။လွှတ်ချင်လည်းလွှတ်မယ်။လေးယောက်ပဲ သေတယ်လို့ ပြောရမယ်” လို့  ဦးဇင်းကို စေခိုင်းတယ်။ဦးဇင်းက “ကျုပ်တော့ မပြောနိုင်ဘူး။အမှန်တရားဟာ
နောင်လည်း ပေါ်မှာပဲ။ခင်ဗျားတို့  တာဝန်ရှိသလို လုပ်နိုင်တယ်”လို့ ပြောလိုက်တယ်။
နောက်တခု ပြောခိုင်းတာက “အင်န်အယ်လ်ဒီ အဖွဲ့ က ကြံ့ခိုင်ရေးကားကို မီးရှို့ တယ်”လို့  ထွက်ဆိုခိုင်းတယ်။ ထွက်ဆိုရင် အမှုတွဲ ခြောက်ယောက်စလုံး လွှတ်ပေးမယ်။နာရီဝက် စဉ်းစားခွင့်ပေးတယ်။
ဦးဇင်းတို့ က မသိတာကို မသိဘူးလို့ မပြောနိုင်ဘူး။မဟုတ်တာကို ဟုတ်တယ်လို့  မပြောနိုင်ဘူးလို့ ပြောလိုက်တယ်။ ထောက်လှမ်းရေး ကောင်က ဦးဇင်းကို ငါနဲ့ ကိုင်တုတ်တယ်။“ ငါ--ိုးမ ဘုန်းကြီးစုတ်…ကိုယ့်အလုပ် ကိုယ်မလုပ်ဘူး။မင်းကို တိုက်ပိတ်ထားမယ်”လို ဦးဇင်း ရင်ဘတ်ကို ဆောင့်တွန်းရင်း ဆဲရေးခြိမ်းခြောက်ပြီး ထောင်ဝါဒါက ဦးဇင်းကို အဆောင်ကို
ပြန်ပို့ ခဲ့တယ်။
ဟစ်တိုင်။ ။ဦးဇင်းတို့ အမှုတွဲ ခြောက်ယောက်ကို ဘာပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင် ရုံးတင် တရားစွဲခဲ့တာလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ ဦးဇင်းအပါအဝင် အမှုတွဲတွေ ဖြစ်တဲ့ ဦးဇဝန။ကိုခင်မောင်လွင်။ကိုကြီးညို။ကိုတိုက်မင်း။ကိုစက်ငွေ တို့ ကို
ပုဒ်မ(၂၉၄) (၂၉၅)=သာသနာညှိုးနွမ်းမှု၊တိုင်းပြည်ဆူပူအောင်ဆဲရေးလှုံ့ ဆော်မှု။ပုဒ်မ(၄၃၆)=ကားမီးရှို့ မှုတွေနဲ့ အမှုဖွင့် ရုံးတင်တရားစွဲခဲ့တယ်။ စစ်အစိုးရအလိုကျ တရားလိုပြသက်သေတွေအဖြစ် ဒီပဲယင်း စခန်းမှုး စိန်ဝင်း။အမည်မသိ တပွင့်နဲ့ 
ရဲအရာရှိတဦး။ရိုးရိုးရဲတပ်သား ဇာနည်ဟိန်းနဲ့ နာမည်မသိ ရဲတဦး ။ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်။ဘုရားထွက်ရွာ
ကြံ့ဖွတ်အဖွဲ့ ဝင် တိုက်ထွန်း။ မန်ကျည်းအုပ်ရွာ ကြံ့ဖွတ် ဒေါ်ခါမှီ။ မုံရွာမြို့ ၊ဆူးလေကုန်းရပ်မှ ကားပိုင်ရှင်နဲ့ ဒရိုင်ဘာ ။
ဒီပဲယင်းမြို့  လဝက ဦးမောင်ရှိန် တို့ က အမှုစစ်ဆေးရာမှာ ဦးဇင်းတို့  ပါဝင်ကျူးလွန်တာ ဟုတ်မှန်ကြောင်း ရွှေဘိုခရိုင်အမျိုးသမီး တရားသူကြီးထံ ထွက်ဆိုကြတယ်။ တခြားတရားသူကြီးတွေအဖြစ် ဒီပဲယင်းမြို့ နယ် တရားရုံးမှ အမျိုးသမီးတရားသူကြီးတဦး၊ရေဦးမြို့ နယ် တရားရုံးမှ တရားသူကြီး ဦးစိန်ဝင်းတို့ အမှုစစ်ဆေးကြတယ်။
အမိန့် ချမယ့်နေ့ (၂၀၀၃ခုနှစ် သြဂုတ်လ ၁ရက်နေ့) တရားရုံးသွားမယ့်ရက်မှာ ဦးဇင်းက စစ်အစိုးရ သတင်းစာရှင်းလင်းပွဲပါတဲ့ သတင်းစာ ကို ထောင်ထဲက ရခဲ့လို ၊့ပုဆိုးကြားထဲ ဖွက်ယူသွားပြီး၊ ခရိုင်တရားသူကြီးမကို ထုတ်ပြရင်း တင်ပြလိုက်တယ်။
“ဒကာမကြီး၊ဒီသတင်းစာထဲက သတင်းစာရှင်းလင်းပွဲသတင်းမှာ နအဖက အင်န်အယ်လ်ဒီကို ကားမီးရှို့ မှုနဲ့ စွပ်စွဲတင်ပြ ထား တယ်။နိုင်ငံတကာကလည်း သိတယ်။ ကားမီးရှို့ တာ အင်န်အယ်လ်ဒီဆိုရင် အင်န်အယ်လ်ဒီပါတီဝင် မဟုတ်တဲ့ ဦးဇင်းတို့ ကို ကားမီးရှို့ မှု ပုဒ်မ (၄၃၆)နဲ့ အမိန့် ချမယ်ဆိုရင်၊ သတင်းစာထဲမှာစွပ်စွဲထားတဲ့ အင်န်အယ်လ်ဒီ
ကို ကားမီးရှို့ မှုနဲ့ စွပ်စွဲထားတာကို နိုင်ငံတကာသိအောင် ပြန်ရုပ်သိမ်းပေးပါ။ဒါမှမဟုတ် အင်န်အယ်လ်ဒီကို ကားမီးရှို့ မှု့ နဲ့ 
မဟုတ်မဟပ် လုပ်ကြံစွပ်စွဲထားတာကို မရုပ်သိမ်းဘူးဆိုရင် ဦးဇင်းတို့ ကို ကားမီးရှို့ မှုနဲ့ မဟုတ်မဟပ် လုပ်ကြံစွပ်စွဲထားတာကို ရုပ်သိမ်းပေးပါ။” လို့ ပြောခဲ့ပေမယ့် စစ်အစိုးရအလိုကျ ကြိုးဆွဲတိုင်း ကရတဲ့ မတရားတဲ့ တရားသူကြီးမက ဦးဇင်းတို့ ကို မီးရှို့ မှုနဲ့ ထောင်ဒဏ်(၇)နှစ်၊ သာသနာညှိုးနွမ်းမှုနဲ့ ထောင်ဒဏ်(၂)နှစ်၊တိုင်းပြည်ဆူပူအောင် ဆဲရေးလှုံ့ ဆော်မှုနဲ့ ထောင်ဒဏ်(၃)လ =စုစုပေါင်း ထောင်ဒဏ် (၉)နှစ်(၃)လကို သီးခြားကျခံစေ လို့  အမိန့် ချမှတ်ခဲ့ပါတော့တယ်။
ဟစ်တိုင်။ ။ဦးဇင်းတို့ အလှည့်ကျရင် ဦးဇင်းတို့ က ညှာတာခဲ့ပေမယ်၊့ သူတို့ အလှည့်ကျရင် မနွဲ့ တတ်၊မငဲ့တတ်၊ မညှာတတ် တာ လက်တွေ့ သိရပြီပေါ့ ဘုရား။ဦးဇင်း တရားသူကြီးမကို အမိန့် ချပြီးတဲ့နောက် ဘာထပ်ပြောသေးလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။သာသနာညှိုးနွမ်းအောင်မလုပ်ခဲ့တဲ့ ဦးဇင်းတို့ ကိုကျတော့ ထောင်ချတယ်။သာသနာညှိုးနွမ်းအောင် လုပ်တာက အာဏာရှင်တွေ ။သူတို့ က စစ်သားတွေကို ဘုန်းကြီးအတုလုပ်ခိုင်းပြီး ဒေါ်စုနဲ့ အဖွဲ့ ကို ရိုက်နှက်၊သတ်ဖြတ်၊ မုဒိမ်းကျင့် ၊ပစ္စည်းလု ခိုင်းတယ်။အခု ဦးဇင်းကို ကြည့်ပါ။အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ပြီး လူဝတ်လဲခိုင်းထားတယ်။အဲဒါကမှ သာသနာ ညှိုးနွမ်းအောင် လုပ်တာ။စစ်ကြောရေးမှာလည်း ရဲတွေ၊စစ်ထောက်လှမ်းရေးတွေက ဦးဇင်းတို့ ကို ဆဲဆို ကြိမ်းမောင်းရိုက်နှက်တာ၊မတရားတဲ့ အမှုဆင် အမိန့် ချတာ ၊အဲဒါ
တွေကမှ သာသနာဖျက်နေတာ၊ညှိုးနွမ်းအောင်လုပ်နေတာ။ တိုင်းပြည်ဆူပူအောင် မလုပ်ခဲ့တဲ့ ဦးဇင်းတို့ ကို ထောင်ချတယ်။ တိုင်းပြည်တကယ်ဆူပူအောင်လုပ်ခဲ့တာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ သူတည်ထောင်ထားတဲ့ ကြံ့ခိုင်ရေးအသင်းဝင်တွေ၊ စရိတ်ငြိမ်း ၅၀၀ကျပ်ပေးပြီး အရက်တိုက်၊ရိုက်နှက်နည်းသင်တန်းပေးထားတဲ့ စွမ်းအားရှင်တွေ၊ သူ့ စစ်တပ်ထဲက ဘုန်းကြီးယောင်ဆောင်ထားတဲ့ စစ်သားတွေ၊ရွာသစ်ရွာစခန်းက ဗိုလ်မှုးသန်းဟန်တို့ လူရမ်းကားတွေကသာ တိုင်းပြည်ဆူပူအောင် လှုံ့ ဆော်ခဲ့တဲ့ လူတွေလို့  ဦးဇင်းပြန်ပြောခဲ့တယ်။
ဟစ်တိုင်။ ။တရားသူကြီးမက ဘာပြန်ပြောလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။တရားသူကြီးမက “သူ့ အမိန့် နဲ့ အမိန့် ချတာမဟုတ်ဘဲ အထက်က ခိုင်းတဲ့ အတိုင်း လုပ်ရတာဖြစ်တယ်လို့  “ ဦးဇင်းကို ငိုရင်းပြောပါတယ်။။
ဦးဇင်းတို့ လည်း အချုပ်သားဘဝမှ ထောင်ကျသမားဘဝ ရောက်သွားပြီး ရွှေဘိုထောင်မှာပဲ တနှစ်ခန့် နေလာခဲ့ရင်း ၊၂၀၀၄ခုနှစ်။ဧပြီလ (၂၅)ရက်နေ့ မှာ ထောင်မှပြန် လွတ်လာခဲ့တယ်။ထောင်ကမလွှတ်ခင် မိန်းဂျေးလ်မှာ လက်မှတ်ထိုးခဲ့
ရတယ်။နောင်နိုင်ငံရေး မလုပ်ရ။ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများနဲ့ မဆက်ရ..တဲ့။အဲဒါတွေ ချိုးဖောက်ရင် ထောင်ကြွေးပြစ်ဒဏ် ၈နှစ်အပြင် ပြစ်ဒဏ်အသစ်နဲ့ ပေါင်းပြီး ထောင်ဒဏ်ကျခံရမယ်လို့ ပါရှိတယ်။
ရွှေဘိုထောင်ကနေ လွတ်တာနဲ့ ထောက်လှမ်းရေးတွေက ရွှေဘိုထောက်လှမ်းရေးရုံးခေါ်သွားပြီး ဓါတ်ပုံတပုံရိုက်ယူတယ်။အဲဒီနောက် ရေဦးမြို့ အထိ လိုက်ပို့ တယ်။ရေဦးထောက်လှမ်းရေး စိုးလွင်ကတဆင့် ဒီပဲယင်းအထိလိုက်ပို့ တယ်။ဒီပဲယင်းမြို့ နယ်မှုး သောင်းဝင်း ထံ ဦးဇင်းရဲ့ အဖမ်းခံရစဉ်က သိမ်းယူထားခဲ့တဲ့ သာသနာဝင်မှတ်တမ်းမှတ်ပုံတင် ပြန်တောင်းခဲ့တယ်။ “ဒီပဲယင်းကိစ္စ တခုလုံးကို ရွှေဘို ခယကဥက္ကဌ ဒုဗိုလ်မှုးကြီး သန်းဟန် ကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်ခဲ့တာဖြစ်လို့ ၊သူ့ ဆီသွားတောင်း”လို့ ပြောတယ်။ တကယ်တန်းတောင်းတော့ ပြန်မရတော့ပါ။
ဒါနဲ့ ရွာထဲမှာနေပြန်တော့ ကြည်ရွာ ရယက ဥက္ကဌ သိန်းဇော်က (ဒီပဲယင်း အရေးအခင်း မဖြစ်ခင် မေလ၂၆ ထဲက ရထားတဲ့ လက်ကိုင် ဖုန်းတလုံးနဲ့ ) ဦးဇင်း ဟိုသွား ဒီသွားကအစ ထောက်လှမ်းရေးတွေကို သတင်းပေးပို့ နေခဲ့တယ်။ နိုင်ငံရေးအကြောင်း ပြောတဲ့သူ၊ရေဒီယိုနားထောင်တို့ ကိုလည်း သတင်းပေးပို့ တယ်..။
ဦးဇင်းလည်း အကျပ်အတည်းတွေကြားမှာ မနေချင်တော့တာရယ်၊၂၀၀၄ နိုဝင်ဘာ၂၆မှာ နအဖနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဥာဏ်ဝင်းက မပြောလေကဲလေဆိုတဲ့ ပုံစံမျိုးနဲ့ ဒီပဲယင်းကိစ္စကို ထပ်လိမ်သွားတာ ကြားခဲ့ရလို့ ၊ ဒီပဲယင်းအဖြစ်မှန်ကို ပြည်ပမှာ ဖော်ထုတ်မယ် ဆိုတဲ့စိတ်နဲ့ ၂၀၀၄ခုနှစ် ဒီဇင်ဘာမှာ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ ကို ရောက်လာခဲ့တယ်။
ဟစ်တိုင်။ ။ဟုတ်တယ်ဦးဇင်း။ဥာဏ်ဝင်းက “ပြည်တွင်းရေးကိစ္စ၊ ပြည်သူအချင်းချင်း ဖြစ်တဲ့ပြဿနာဖြစ်တယ်၊ဒါကို နိုင်ငံရေးအရ မိမိတို့ အစိုးရကို သိက္ခာချချင်လို့  ဒီပဲယင်းကိစ္စကို နိုင်ငံတော်က ဖန်တီးတယ်ဆိုပြီးတော့ အနောက်အုပ်စုတွေရဲ့ စွပ်စွဲချက်တွေ ဖြစ်နေတယ်။ တကယ့်ဖြစ်ရပ်က ပုဂ္ဂိုလ်အချင်းချင်း သူတို့ ဘာသာ စကားများ ရန်ဖြစ်တဲ့ အဆင့်ပဲရှိတယ်။နိုင်ငံတော်အစိုးရနဲ့ ဘာမှ ပါဝင်ပတ်သက် တာမရှိဘူး”လို့ ပြောသွားတာတပည့်တော်တို့ မှတ်သားထားတယ်ဘုရား။အဲဒီစကားတွေနဲ့ ပတ်သက်လို့ ဦးဇင်းဘယ်လိုချေပချင်လဲဘုရား။
ဦးဇင်း။ဦးဝိမလ။ ။နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ ဖြိုးရေးကောင်စီ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ အမိန့် နဲ့ အတွင်းရေးမှုး(၂)ဗိုလ်ချုပ်ကြီးစိုးဝင်းက ဦးဆောင်စေခိုင်းပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခတိုင်းမှုး ဗိုလ်ချုပ်စိုးနိုင်တို့ က ကြီးကြပ်ကွပ်ကဲ ရိုက်နှက်သတ်ဖြတ်ပစ္စည်းလုဖို့ ကြံစည်ခဲ့ကြတဲ့ဒီပဲယင်းအရေးအခင်းကိုမှ နိုင်ငံတော် လုပ်ကြံမှုလို့ မခေါ်ရင် ဘယ်ဟာမျိုးကို နိုင်ငံတော် လုပ်ကြံမှုလို့ ခေါ်ရမလဲ ။ ကာယကံမြောက်ပါဝင်ရိုက်နှက်ပစ်ခတ်သတ်ဖြတ်သူတွေကိုယ်တိုင်က နိုင်ငံ့တာဝန်ရာထူးကြီးကြီးယူထားကြတဲ့ ရွှေဘိုခရိုင်
ဥက္ကဌ ဒုဗိုလ်မှုးကြီးသန်းဟန်၊ ဒီပဲယင်းမြို့ နယ်ဥက္ကဌ ဦးတင်အုန်း ၊ဒီပဲယင်း မြို့ နယ်ရဲတပ်ဖွဲ့ မှုး သောင်းဝင်း၊စခန်းမှုး စိန်ဝင်း(ပါးတွင်မှဲ့ ရှိသူ )(အရေးအခင်းပြီးနောက် သပိတ်ကျင်းမြို့  ကျောက်မြောင်းရဲစခန်းသို့ ရာထူးတိုးပြောင်းခံရသူ)၊ထိုသူတွေနဲ့ အတူ နိုင်ငံတော် ကာကွယ်ရေးဘက်က ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ စစ်သားတွေ၊ရဲတပ်ဖွဲ့ ဝင်တွေ၊မီးသတ်တပ်ဖွဲ့ ဝင်တွေ အပြင် လူမှူရေးပဲလုပ်မယ်ဆိုတဲ့  သန်းရွှေထောင်ထားတဲ့ ကြံ့ဖွတ်တွေ၊ရပ်ရွာထဲက ခိုးဆိုးခါး လူရမ်းကား စွမ်းအားရှင်တွေက ဒီပဲယင်းမြို့ ကျည်ရွာနဲ့ ရွာသစ်ရွာကြားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ၊သူမကိုထောက်ခံတဲ့ ရွာသူရွာသားပြည်သူများကို တဘက်သတ် ကြိုတင်ကြံစည်လုပ်ကြံခဲ့တာကို မသိချင်ယောင်ဆောင်နေလို့ မရပါ။
ဒီပဲယင်းလိုဒေသဟာ စစ်မက်ဖြစ်ပွားနေတဲ့ အမဲရောင်ဒေသ မဟုတ်တဲ့အတွက် ဥာဏ်ဝင်းတို့ နအဖကပြောသလို လုံခြုံရေး
အနေအထားအရ အဆင်မပြေတဲ့ဒေသမို့  မသွားဖို့ တားမြစ်စရာကို မလိုပေမယ့် ၊ နအဖက ဟန်ဆောင်တားမြစ်ခဲ့တယ်။ဒါကို ဒေါ်စုနဲ့ အဖွဲ့ က သွားရောက်ခဲ့လို့  အစိုးရအနေနဲ့ လုံခြုံရေး ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့တာလို့ တာဝန်မဲ့ စကားပြောနေကြပေမယ့် ၊တကယ့် လက်တွေ့ မှာ တော့ နအဖဟာ ဒေါ်စုတို့ အဖွဲ့ ကို ရိုက်နှက်သတ်ဖြတ်ဖို့  နယ်ပေါင်းစုံမှ လူရမ်းကားတွေကို ကြိုတင်စုဆောင်း သင်တန်း ပေး နိုင်ခဲ့တယ်။ စစ်သားတွေကို ကတုံးတုံး သင်္ကန်းပတ်ပေးပြီး အမျိုးသမီးတွေကို အင်္ကျီဆွဲချွတ် ရွှေငွေ လက်ဝတ်ရတနာတွေ လုယူခိုင်းတဲ့ ကာယိနြေ္ဒ ဖျက်ဆီးဖို့ ကြတော့ ဆောင်ရွက်နိုင်ခဲ့သလား။
အလောင်းတင်မယ့်ကား၊ကားလမ်းပေါ်က သွေးတွေကို ဆေးကြောမယ့် မီးသတ်ကား ၊အလောင်းများမြှုပ်ဖို့  မြေတူးစက်တွေကားတွေကို ရွာသစ်ရွာ ဆည်မြောင်းရုံးဝင်းထဲမှာ ယခင်က မရှိပေမယ့် မေ၃၀ဒီပဲယင်းအရေးအခင်း မဖြစ်ခင် ရက်မှာ ရောက်ရှိနေခဲ့တာတွေကျတော့ ကြိုတင်စီစဉ် ဆောင်ရွက်နိုင်ခဲ့သလား။
ဒေါ်စုတို့ ကို လုပ်ကြံဖို့  နိုင်ငံတော်ကာကွယ်ရေးရဲ့ စစ်တပ်၊ရဲ၊မီးသတ် တပ်ဖွဲ့ ဝင်တွေကို ကြိုတင်စုဆောင်း သန်းဟန်ကိုယ်တိုင် ကြီးကြပ် တာဝန်ပေးနိုင်ခဲ့ပြီး လက်နက်မဲ့ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့  စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ဒေသခံ ပြည်သူတွေကြား မှာ တရားမျှတတဲ့ ဒီမိုကရေစီထွန်းကားအောင် အေးချမ်းစွာ စည်းရုံးရေးခရီးလှည့်လည်ခဲ့တဲ့ ဒေါ်စုနဲ့ ပြည်သူတွေကိုကျတော့ နိုင်ငံတော်က လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ ဘာ့ကြောင့် ကြိုတင် ကာကွယ်မပေးနိုင်ခဲ့တာလဲ။
ဥာဏ်ဝင်းနဲ့ နအဖ စစ်ဘီလူးတွေကို ဦးဇင်းက မေးခွန်းတွေ ထုတ်လိုက်ပါတယ်။ကမ္ဘာသိ ပြန်ဖြေရှင်းပေးကြပါ။ ဒီပဲယင်း အရေးအခင်းဟာ ပြည်သူအချင်းချင်း ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ ၊ လူမဆန်တဲ့ စစ်ဘီလူးတွေရဲ့  ပြုမူခဲ့တဲ့ ပြဿနာ
ဆိုတာ ဦးဇင်းကိုယ်တွေ့ နဲ့ အမြင်တွေကို ပြောလို့  ပြီးပါပြီ။
ဟစ်တိုင်။ ။တင်ပါ့ဘုရား။အခုလို စိတ်ရှည်လက်ရှည် အသေးစိပ် ရှင်းလင်းပြောပြလို့  စာဖတ်သူတွေကိုယ်စား ဟစ်တိုင်က ကျေးဇူးများ စွာတင်ပါကြောင်း ဦးတင်လျှောက်ထားပါရစေဘုရား။အခု ဒီပဲယင်း ၆နှစ်ပြည့် အင်တာဗျုးဟာ စာဖတ်သူ အများပြည်သူ တွေအတွက် အကျိုးများမယ်လို့ တပည့်တော်တို့ ယူဆပါတယ်ဘုရား။နောက်ဆုံးအနေနဲ့  ဒီပဲယင်း ၆နှစ်ပြည့်မှာ ပြည်တွင်းပြည်ပ ကို ဘာများမိန့် ကြားချင်ပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။(၁)ဦးဇင်းပြောခဲ့တာတွေဟာ မိမိကိုယ်တိုင်တွေ့ ၊မြင်၊သိခဲ့တဲ့အကြောင်းအရာတွေ ဖြစ်တယ်၊အခုလို ထုတ်ဖော် ပြောကြားတာတွေဟာ မည်သူတဦးတယောက်ရဲ့  မတရားသြဇာလွှမ်းမိုး၊ခြိမ်းခြောက်၊သွေးဆောင်ဖျားယောင်းကာ ပြောဆို ခိုင်းခြင်းမဟုတ်။လိမ်လည် လှည့်ဖျားပြောဆိုထားခြင်း မဟုတ်၊မိမိရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားတာဖြစ်တယ်။
(၂)ဘယ်သူ့ ကိုမှ မုန်းတီးလို့ အပိုပြောတာမဟုတ်၊ချစ်ခင်လို့  အပိုပြောတာမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း တရားမျှတမှုတွေ လူ့ လောကကြီးမှာ ပေါ်ပေါက်စေဖို့ ပြောခဲ့တာဖြစ်တယ်။ အဲဒီလို ပြောခဲ့တာတွေဟာ ၂၀၀၅ မတ်လမှာ (The Ad hoc Commission On Depayin Massacre) (BURMA) မှာ ထွက်ဆိုခဲ့တာတွေ၊ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုးရှေ့ မှောက်မှာ ဘာသာပြန်နဲ့ ထွက်ဆိုခဲ့တာတွေအတိုင်း ပြန်ပြောပြတာဖြစ်တယ်။
(၃) ပြည်တွင်းကိုမှာချင်တာက ဒီပဲယင်းအမှုသာမက စစ်အုပ်စုရဲ့ ကျုးလွန်ခဲ့တဲ့ နိုင်ငံတော်ရာဇဝတ်မှုတွေကို အာဏာရှင် နအဖ ရှိနေသရွေ့  အမှန်မပေါ်ပေါက်ဘူးဆိုတာရယ်။ပြည်တွင်းမှာ ဒေါ်စုကို မတရားအမှုဆင် ထပ်မံထောင်ချဖို့ လုပ်နေခြင်းဟာ ဒီပဲယင်းအမှုကို ဖော်မယ့် အဓိက တရားလို တယောက်ကို ထပ်မံလုပ်ကြံနေတာလို့ မြင်တယ်။
ဒါ့ကြောင့် နအဖ စစ်မိစ္ဆာတွေကို ပြောချင်တယ်။ဒေါ်စုကို ဖမ်းထားလည်း အမှုမှန်ကပေါ်မှာပဲ။အနှေးနဲ့ အမြန်ပဲရှိတယ်။ ဒေါ်စု မ သေခင် အမှုမှန်ပေါ်ရင် ခင်ဗျားတို့  သက်သာမယ်။ သေသွားပြီးမှ နိုင်ငံတကာခုံရုံးမှာ ခင်ဗျားတို့ တရားစီရင်ခံရရင် မလွယ်ဘူး သာ မှတ်ပေ တော့လို့ ပြောချင်တယ်။
ပြည်ပရောက်နေတဲ့ ဦးဇင်းတို့ လို ဒီပဲယင်းကိုယ်တွေ့ မျက်မြင်သက်သေတွေအနေနဲ့ လည်း ၊အမှုမှန်တွေ အမြန်ပေါ်ပေါက်အောင် နောက်ထပ် နှစ်ပတ်လည်တွေ ထပ်မရောက်ခင် နိုင်ငံတကာတရားရုံးမှာ နအဖကို စွဲချက်တင်နိုင်အောင်၊အဖွဲ့ အစည်းတွေနဲ့  အချိန်မ ဆွဲဘဲ ပူးပေါင်းကာ မြန်မြန်ဆန်ဆန် ကြိုးစားကြဖို့ တိုက်တွန်းချင်တယ်။အားလုံးကျန်းကျန်းမာမာဖြစ်ဖို့ လည်းအရေးကြီးပါတယ်။အစားအသောက်အနေအထိုင် ထိန်းသိမ်းတာဟာလည်း မျက်မြင်သက်သေတွေအဖို့ အရမ်းအရေးကြီးပါတယ်။ ပန်းတိုင်မရောက်ခင် သေသွားတာမျိုးမဖြစ်သင့်ပါ။(ဥပမာ-မဲဆောက်မှာ ဒီပဲယင်းမျက်မြင်တချို့  ငယ်ငယ်ရွယ်ရွယ်နဲ့  အသောက်အစား မဆင်ခြင်လို့ ဆုံးပါးသွားတာတွေကို ရင်နာစွာ နမူနာယူကြပါ)
ဒီလောက်ပါပဲ။အမှန်တရားအမြန် ထွန်းကားပါစေ။လူထုချစ်သူများ အသက်ရာကျော်ရှည်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ဟစ်တိုင်။ ။ သာဓုပါဘုရား။ယခုလို မိန့် တဲ့အတွက် တပည့်တော်တို့ ဟစ်တိုင်ဝိုင်းတော်သားတွေလည်း ပေးတဲ့ဆုနဲ့  အမြန်ဆုံးပြည့်ရပါစေလို့ သာ ဆန္ဒပြုလိုက်ပါတယ်ဘုရား။
မေ(၃၀) ဒီပဲယင်းအရေးအခင်း(၆)နှစ်ပတ်လည် အင်တာဗျုး အထူးအစီအစဉ် ဤတွင် ပြီးပါပြီ။
ဟစ်တိုင် စာဖတ်ပရိသတ်များ အမှန်တရား သိရှိကြပါစေ။(ဟစ်တိုင် ဝိုင်းတော်သားများ)
အိုးဝေအောင်
www.oway8888.com/
www.hittaing.org
www.hittai.org
Labels: သတင်း
Posted by Ashin dhamma at 10:14 PM 0 comments
သပိတ်စုံ၊သူပုန်ထ၊ တော်လှန်ကြစို့
သပိတ်စုံ၊သူပုန်ထ၊ တော်လှန်ကြစို့
အောင်ဒင်
ဇွန် ၄၊ ၂၀၀၉
၁ - ဒီမိုကရေစီရေး၊လူ့အခွင့်အရေးအလံတော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ အသီးအပွင့်တခုဖြစ်ပြီး အဲ့ဒီအရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအလံတော်ကို ဆက်လက်လွှင့်ထူနေတာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ နအဖစစ်အုပ်စုကို အဆက်မပြတ်တောင်းဆိုနေခဲ့တာပါ။
အဲ့ဒီတောင်းဆိုမှုအပေါ် နအဖစစ်အုပ်စုရဲ့တုံ့ပြန်မှုကတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီး အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ထွက်ပြေးအောင် မောင်းထုတ်ခြင်း၊ စတဲ့ အကြမ်းဖက်နည်းလမ်းများနဲ့ပါပဲ။ အဖွဲ့ချုပ်ကို ထောက်ခံကြသူ ထောင်ပေါင်းများစွာဟာ အကြမ်းမဖက်လှုပ်ရှားရင်း အကြမ်းဖက်ခံကြရလို့ ဘဝတွေပျက်၊ စီးပွါးပျက်၊ မိသားစုတွေ သေကွဲကွဲကြရ၊ ရှင်ကွဲကွဲကြရ၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာလဲ နှစ်ထောင့်တရာရဲ့ အထက်ကို တိုးပြီးရင်း တိုးရင်း၊ အခုဆို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပုဒ်မအမျိုးမျိုးနဲ့ အမှုတွေထပ်တိုး အကျဉ်းချနေပြန်ပါပြီ၊။
ဒါဟာဖြင့် အဖွဲ့ချုပ်ရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို နအဖစစ်အုပ်စုက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာပါဘဲ။ ဒီထက် ရှင်းတာ မရှိတော့ပါဘူး။ အဖွဲ့ချုပ်က ဘယ်လောက်ပဲ အော်ဟစ်ပြီး တောင်းနေ တောင်းနေ၊ ဒိုင်ယာလော့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နအဖ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့်ဆိုတာလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို လူထုဆန့်ကျင်မှုနဲနဲ၊ ဒါမှမဟုတ် မရှိသလောက်နဲ့ ပိုင်ပိုင်နိုင်နိုင် ထောင်ချပြီးတဲ့နောက် နအဖရဲ့နောက်ခြေတလှမ်းက အဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ အပြီးတိုင် ဖယ်ရှားတာပဲ ဖြစ်ပါလိမ့်မယ်။
နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၀) နိုင်ငံရေးပါတီများ ပုဒ်မ ၄၀၅မှာ ဒီလို ဖော်ပြထားပါတယ်။
ပုဒ်မ ၄၀၅ - နိုင်ငံရေးပါတီ တရပ်သည်၊
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်၊
ဒီတော့ မကြာခင်မှာ နအဖက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပါလိမ့်မယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ ပုဒ်မ (၄၀၅) မှာ ဖော်ပြထားတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာပါဘဲ။
အဖွဲ့ချုပ်က ပါတီ တရားဝင်ဆက်လက်ရပ်တည်နေနိုင်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်လိုက်မယ် ဆိုရင် အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာ ဖြစ်ပြီး ရှေ့က တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးပွင့်ဆိုင် ပြန်လည်ပြင်ဆင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စတဲ့ တောင်းဆိုချက်တွေကို ကိုယ့်ကိုယ်တိုင်က ဖျက်သိမ်းလိုက်တာပါဘဲ။ အဲ့ဒီတောင်းဆိုချက်တွေကို ဆက်လက်ကိုင်စွဲထားလဲ ဘာမှ အရေးမပါတော့ပါဘူး။ မှတ်ပုံမတင်ဘူးဆိုရင်လဲ အဖွဲ့ချုပ်ဟာ ဖျက်သိမ်းခံရဖို့ သေချာသလောက်ပါဘဲ၊
ပုဒ်မ (၄၀၇) ကိုကြည့်ပါဦး၊
ပုဒ်မ(၄၀၇) - နိုင်ငံရေးပါတီတရပ်ရပ်သည် အောက်ပါအကြောင်းတခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ။
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ (သို့မဟုတ်) အားပေးကူညီခြင်း၊
(ဂ) နိုင်ငံခြားတိုင်းပြည်တခုခုမှ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊
ဒီပုဒ်မဟာဖြင့် အပြစ်ရှာစရာ အင်မတန်ကျယ်ပြန့်ပြီး အဖွဲ့ချုပ်ကို လိုအပ်တဲ့အချိန်မှာ ဖျက်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ ဥပဒေပါ။ နအဖက နယ်စပ်ဒေသအခြေစိုက်နဲ့ ပြည်ပရောက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲထားပြီး တချို့အဖွဲ့အစည်းတွေ (NCGUB, FTUB, BLC,….) ကို မတရားအသင်း ကြေညာတာဟာ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။ နိုင်ငံခြားသံရုံးများနဲ့ဆက်သွယ်ပြီး အထောက်အပံ့တွေ ညွန်ကြားချက်တွေ လက်ခံရယူတယ်လို့လဲ အဖွဲ့ချုပ်ကို နအဖက မကြာခဏ စွပ်စွဲနေတာပါ။ ဒီတော့ မကြာခင်မှာ နအဖက အဖွဲ့ချုပ်ကို အမြစ်ပြတ်ချေမှုန်းတော့မှာ အထင်အရှားပါဘဲ။
အဖွဲ့ချုပ်က ကော်မရှင်မှာ မှတ်ပုံတင်ရင်လဲ နအဖရဲ့ဖွဲ့စည်းပုံကို သဘောတူရာ ရောက်သလို အရှုံးပေး ဒူးထောက်တာလဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဖာသာ စွန့်လွှတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အမြင်လွဲမှုကို အကြီးအကျယ် ခံရမှာပါ။ ပါတီ ဆက်တည်ရှိနေရင်တောင်မှ လူထုကိုယ်စားပြုပါတီ၊ လူထုထောက်ခံတဲ့အဖွဲ့အစည်း မဖြစ်နိုင်တော့ပါဘူး။ တိုက်ပွဲမှာ လက်နက်ချတဲ့ ခေါင်းဆောင်ကို ဘယ်လူထုကမှ ကြည်ညိုမှာ မဟုတ်ပါ။
ဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ အသေခံတိုက်ပွဲဝင်ပြီး ပြည်သူလူထုကို ဆက်လက် ဦးဆောင်မလား၊ ဒါမှမဟုတ် အရှုံးပေး အညံ့ခံပြီး ပြည်သူလူထုရဲ့ပစ်ပယ်မှုကို ခံယူမလား၊ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရမယ့်အချိန် ဆိုက်ရောက်နေပါပြီ။
နှစ် - တိုင်းရင်းသားလူမျိုးစုများ အားလုံး တန်းတူညီမျှရေး အလံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
၁၉၈၉ ကစပြီး နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအကြောင်း ဦးစားပေး ဆွေးနွေးချင်ပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေက လမ်းဆုံလမ်းခွကို ရောက်နေပြီး သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုက နအဖရဲ့အောင်ပွဲကိုရော တိုင်းရင်းသားများရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမှာမို့ပါ။
နအဖအဆိုအရ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ပေါင်း (၁၇) ဖွဲ့ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း တောင့်တင်းခိုင်မာပြီး နိုင်ငံရေးရပ်တည်ချက်ရှိတဲ့အဖွဲ့က ဆယ်ဖွဲ့လောက်ပဲ ရှိပြီး အဲ့ဒီ ဆယ်ဖွဲ့က လက်နက်ကိုင်အင်အား လေးသောင်းကျော်လောက်ကို ကိုယ်စားပြုထားတာပါ။ ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရော၊ ဆက်လက်တိုက်ပွဲဝင်နေဆဲ KNU, KNPP, SSA (South), စတဲ့ အဖွဲ့များရော တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေး၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ ရရှိရေး အလံတော်ကို ကိုင်ဆွဲပြီး မဟာဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ပါပြီ။
တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူကြတုံးက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ညှိနှိုင်းပြီး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လဲ သူတို့မျှော်လင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်ရှိစဉ်က နိုင်ငံရေးကိစ္စတွေကို နောင်တက်လာမဲ့အစိုးရနဲ့မှ ဆွေးနွေးဖို့ပြောကြားခဲ့ပေမဲ့ ၂၀၀ ခုနှစ် ဒီပဲရင်းလုပ်ကြံမှုကြီး အပြီး နှစ်ပေါင်းများစွာ ရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံအတုအယောင်ကို ပြန်စချိန်မှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ညီလာခံတက်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။
ဒါလဲ နအဖရဲ့လှည့်ဖြားမှု တခုပါပဲ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ တင်သွင်းတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက်တွေဟာ အကျဉ်းနည်းနဲ့ ပယ်ချခံလိုက်ရတာပါ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နအဖက စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်ပါပြီ။
ဆက်လက်ပြီးတော့လဲ စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းနိုင်ဖို့အတွက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အပြီးတိုင် ပယ်ဖျက်ဖို့ ရွေးကောက်ပွဲအသစ်တွေကို ၂၀၁၀ မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တရပ် ဖြစ်တဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ၂၀၁၀ မတိုင်ခင် လက်နက်ဖြုတ်သိမ်းဖို့၊ တပ်တွေကို ပါတီတွေကနေ ဖယ်ရှားဖို့ စတင် ဆောင်ရွက်နေပါပြီ။
နအဖက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို အနည်းဆုံး အရေအတွက်အထိ လျှော့ချပြီး နအဖရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်ကို ဒီနှစ် အောက်တိုဘာလမတိုင်ခင် လွှဲပြောင်းပေးဖို့ ညွန်ကြားချက်ထုတ်ပြန်ပြီးပါပြီ။
လက်နက်ကိုင်တပ်တွေရှိတုံးကတောင်မှ နအဖထံမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အရမယူနိုင်ခဲ့တာ၊ လက်နက်ကိုင်တပ်တွေသာ မရှိတော့ဘူးဆိုရင် ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။ လက်နက်ကိုင်တပ်တွေရဲ့ ကျောထောက်နောက်ခံ မရှိတော့ဘူး ဆိုရင်ဖြင့် ဗမာစစ်ဘုရင်ကို သစ္စာစောင့်သိရမယ့် ဗမာစစ်ဘုရင်ရဲ့ အစောင့်အရှောက်ခံ မြို့စား နယ်စားလေးများဘဝကို ရောက်ရတော့မှာပါ။ အဲဒီအချိန်မှာဖြင့် ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ငြိုငြင်မှု၊ မယုံကြည်မှု၊ ပစ်ပယ်မှုကို ခံရမှာဖြစ်သလို နအဖကလဲ သူတို့ကို ရေရှည် မျက်နှာသာပေးမှာ မဟုတ်ပြန်ပါဘူး။
တချို့မျှော်လင့်ကြသလို လက်ရှိအခြေအနေကို ဆက်ထိန်းထားပြီး ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးကြဖို့ဆိုတာကိုလဲ နအဖက လက်ခံမှာ မဟုတ်ပါဘူး။ အနှစ် နှစ်ဆယ် နီးပါးကြာတဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအတွက် သေချာသိမြင်လာတာကတော့ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို နအဖဗိုလ်ချုပ်တွေဆီက ရမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံမှ၊ ဒီမိုကရေစီအင်အားစုကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှ ရနိုင်မှာပါ။
ဒီအခြေအနေမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအနေနဲ့ နအဖရဲ့ ဖိအားပေးမှုကို ခေါင်းငုံ့ခံ၊ တပ်တွေ လျှော့ချ လွှဲပြောင်း၊ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားရပိုင်ခွင့်တွေကို မေ့ပစ်ပြီး နအဖဗိုလ်ချုပ်တွေရဲ့ လက်အောက်ခံဘဝကို လက်ခံမှာလား၊ ယုံကြည်ချက်အတွက် ဒီမိုကရေစီအင်အားစုကြီးနဲ့လက်တွဲပြီး တိုက်ပွဲဝင်ကြမှာလား၊ ပြတ်ပြတ်သားသား ရွေးချယ်ရမဲ့အချိန် ရောက်နေပါပြီ။
သုံး - အကြပ်အတည်းများနဲ့ နအဖ၊ အမြစ်ပြတ်ချေမှုန်းရေး စီမံချက်
တကယ်တော့ နအဖ ဗိုလ်ချုပ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဟာ ၂၀၁၀ ရွးကောက်ပွဲ အကောင်အထည်ဖော်ရေးအတွက် အကြီးမားဆုံး အတားအဆီးတွေပါ။ အဖွဲ့ချုပ်နဲ့ မြေပေါ်တိုင်းရင်းသားပါတီများက နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများလက်ခံနိုင်အောင် မပြင်မခြင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်မခြင်း၊ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပွင့်ဆိုင် ဆွေးနွေးပြီး မပြင်မခြင်း၊ အဖမ်းခံထောင်ကျနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မလွတ်မခြင်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူ။
ဒီအင်အားစုကြီး နှစ်စုရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပဲ နအဖဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ကြွေးကြော်နေပေမဲ့ လက်တွေ့ကြတဲ့ လုပ်ရပ်တွေကို အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။
ဒီကနေ့ထိ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ ပြန်လည်ပိုင်းခြား သတ်မှတ်ခြင်း မလုပ်နိုင်သေးပါဘူး။ တိုင်း ၇ တိုင်းကို ဒေသကြီးများအဖြစ် ပြောင်းတာ၊ အသစ်ပေါ်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (တယ်လို့ဆိုတဲ့) ဇုံတွေတိုင်းတွေကို မဖွဲ့စည်းနိုင်သေးပါဘူး။ မြို့တော်ဖြစ်သွားတဲ့ နေပြည်တော်ကြတ်ပြေးကို သီးခြားပိုင်းခြားပြီး မန္တလေးနဲ့ ပဲခူးဒေသကြီး ဧရိယာတွေကို ပြန်လည် မသတ်မှတ်နိုင်သေးပါဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေးဘူး။ ရွေးကောက်ပွဲကော်မရှင် မဖွဲ့စည်းနိုင်သေးပါဘူး။ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ မပါဝင်တဲ့ရွေးကောက်ပွဲကိုလဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက သက်ဆိုင်သူအားလုံးပါဝင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုမှာမဟုတ်ပါဘူး၊၊
ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ နအဖရွေးချယ်လိုက်တဲ့ နည်းလမ်းက တွေ့ဆုံဆွေးနွေးရေး မဟုတ်ပါဘူး။ အခု ကျနော်တို့မြင်တွေ့နေရတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အမြစ်ပြတ်ချေမှုန်းရေးပါပဲ။ နအဖက ပြတ်သားပါတယ်။ ရန်သူကို ရန်သူလို့ပဲ မြင်ပါတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာ နအဖရဲ့ အဘိဓာန်မှာ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ၊ အချုပ် သက်တမ်းတိုးပြီး အဖွဲ့ချုပ်ကို ချေမှုန်းပစ်မယ်။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကိုလဲ အဖွဲ့များကြားမှာ သွေးခွဲ၊ အဖွဲ့တခုချင်းရဲ့ ခေါင်းဆောင်တွေကြားမှာ သွေးခွဲ၊ သူတို့ကိုယ်စားပြုတဲ့ လူမျိုးစုများကြားမှာ သွေးခွဲပြီး လက်အောက်ခံ၊ သစ္စာခံ ဖြစ်မလာသူကို အမြစ်ပြတ် ချေမှုန်းပစ်တော့မှာပါ။ နိုင်ငံပြင်ပမှာလဲ သူ့မဟာမိတ် တရုတ်နိုင်ငံရဲ့ အကာအကွယ်ပေးမှု၊ သူ့အလိုတော်ရိတွေရဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ သူ မတရားမှုတွေ ဘယ်လောက်ပဲ ကျူးလွန်၊ ကျူးလွန် ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်မလာနိုင်ဖူးလို့ ယုံကြည်ထားပုံ ရပါတယ်။
အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဆိုတဲ့ အဓိက အဟန့်အတားများကို အပြီးသပ်ချေမှုန်းပြီးမှ သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ဇာတ်ကို ဆက်ဖန်တီးမှာပါ။
နအဖက အစွမ်းကုန် ပြတ်သားရက်စက်နေချိန်မှာ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေလဲ တွေ့ဆုံဆွေးနွေးရေးအိပ်မက် ဆက်မမက်သင့်တော့ပါဘူး။ ပြတ်သားကြဖို့ အချိန်တန်ပါပြီ။
မေ ၃၀ ရက်နေ့ည Voice of America မြန်မာပိုင်းက ထုတ်လွှင့်တဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆရာဦးဝင်းတင်ပြောသလို ပြည်တွင်းပြည်ပ၊ လက်နက်ကိုင် လက်နက်မဲ့၊ အင်အားစုအားလုံး ပါဝင်လှုပ်ရှားကြမဲ့ နိုင်ငံရေးသစ်ဆိုတာကို အမြန်ဆုံးတည်ဆောက် တုံ့ပြန်ကြရမှာပါ။
နအဖက အမြစ်ပြတ်ချေမှုန်းတာကို ငြိမ်ခံပြီး နအဖအလိုကျ ပျက်စီးသွားကြမှာလား …
ရှိသမျှအင်အားတွေကို ပြန်လည်စုစည်းပြီး မြေပေါ်မြေအောက် လက်တွဲတော်လှန် အောင်ပွဲခံကြမှာလား …
ကျနော်တို့ရဲ့ ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ဝိဉာဉ်တွေက ကောင်းကင်ဘုံကနေ ကျနော်တို့ကို စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့။
လေး - သပိတ်စုံ သူပုန်ထ တော်လှန်ကြစို့
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ကျင့်သုံးအောင်မြင်ခဲ့တဲ့ မဟာဗျူဟာတခု ရှိပါတယ်။ အဲ့ဒါကတော့ " သပိတ်စုံ သူပုန်ထ" တဲ့ … လူထုအုံကြွမှုနဲ့လက်နက်ကိုင်တော်လှန်ရေးကို ဟန်ချက်ညီညီ ပူးတွဲ အကောင်အထည်ဖော်ရင်း အောင်ပွဲကို ရယူတာပါ။ ဒီမဟာဗျူဟာဟာ အင်္ဂလိပ်ကို တော်လှန်တော့လဲ မှန်ခဲ့တယ်။ ဂျပန်ကို ဆန့်ကျင်တော့လဲ မှန်ခဲ့တယ်။ ခေတ် အဆက်ဆက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ မှန်ခဲ့၊ မှန်ဆဲဖြစ်တဲ့ ဗျူဟာပါ။ တကယ်ကိုပဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဟန်ချက်ညီညီ လှုပ်ရှားကြရင်ပေါ့။
၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ မြန်မာတနိုင်ငံလုံး မြို့တိုင်း မြို့တိုင်းက လမ်းတွေပေါ်မှာ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ စုံခဲ့ပေမဲ့ သူပုန်တွေက မထနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လဲ လက်နက်ကိုင်တော်လှန်ရေးရဲ့ ခြိမ်းခြောက်မှုကို မရင်ဆိုင်ရတဲ့ စစ်အာဏာရှင်တွေက နယ်စပ်အခြေစိုက်တပ်တွေကို အချိန်မီပြန်ခေါ်ပြီး သပိတ်မှောက်ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့တာပါ။
ဒီတခါတော့ သပိတ်သမားတွေနဲ့ သူပုန်တွေ တကယ့်ကိုပဲ ဟန်ချက်ညီဖို့ လိုပါပြီ။ မဟုတ်လို့ကတော့ နှစ်ဖက်စလုံး ပျက်သုံးပြီး တနိုင်ငံလုံး၊ တမျိုးသားလုံး စစ်ကျွန်တွေ ဖြစ်ကြရတော့မှာပါ။
အဖွဲ့ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို အခြားအခြားသော ကြေညာချက်တွေနဲ့အတူ သေတ္တာထဲ သော့ခတ်သိမ်းထားသင့်ပါပြီ။ ရိုက်ရဲတာ သတ္တိ မဟုတ်သလို ရိုက်သမျှ ခံရဲတာလဲ သတ္တိ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တွေက ပါတီကို အပြီးတိုင် ဖြိုလှဲတော့မယ့်အချိန်မှာ မတုန်မလှုပ်ကျောက်ရုပ်လုပ်မနေဘဲ ဆရာဦးဝင်းတင်လမ်းညွန်သလို မြေပေါ်မြေအောက်အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့လက်တွဲပြီး အောင်ပွဲဆီ ဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။
ပြည်သူလူထုတရပ်လုံး၊ တပ်မတော်သားများအပါအဝင် အားလုံးက နအဖစစ်ဗိုလ်တွေကို အစွမ်းကုန် မုန်းတီး စက်ဆုပ်နေကြတာပါ။ မှန်ကန်တဲ့ ခိုင်မာတဲ့ ဦးဆောင်မှုရှိရင် အဲ့ဒီဦးဆောင်မှုအောက်မှာ ပြည်သူလူထုကြီးတရပ်လုံးက နအဖစစ်ဗိုလ်တွေကို ညီညာဖျဖျ တော်လှန်ကြမှာပါ။ သူတို့လိုအပ်နေတာက ခေါင်းဆောင်မှုဖြစ်ပြီး အဲ့ဒီခေါင်းဆောင်မှုကို အဖွဲ့ချုပ်ဆီက မျှော်လင့်နေကြတာပါ။
အဖွဲ့ချုပ်ကသာ ပြည်သူလူထုကြီးတရပ်လုံးကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဖိတ်ခေါ်မယ်၊ ဦးဆောင်မယ်ဆိုရင် အားလုံးက အမျိုးသားလွတ်မြောက်ရေးအလံတော်ကို ညီညာဖြဖြ လွှင့်ထူကြမှာပါ။ အဖွဲ့ချုပ်ကသာ ကိုယ်တိုင်ကအကြမ်းမဖက်ရေးလုပ်ငန်းစဉ်ကို ကိုင်စွဲထားပေမဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့အရေးပါမှုကိုအသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေးတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူအရေးကြီးပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးကနေ သယ်ယူဆောင်ကျဉ်းပေးဖို့ ကတိပြုမယ်ဆိုရင် တိုင်းရင်းသားအပစ်ရပ်၊ အပစ်မရပ်အဖွဲ့တွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောငဆန်းစုကြည်ကို အင်နဲ့အားနဲ့ ဝိုင်းရံကြမှာပါ။
ငါး - နောက်ဆုံးမှတ်ချက်
ဒီစာစုကိုရေးသူဟာ မြန်မာနိုင်ငံနဲ့ မိုင် တသောင်းကျော် ကွာဝေးတဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသူပါ။ ဒီတော့ "ဟိုး အဝေး လုံခြုံစိတ်ချ အန္တရာယ်ကင်း ဘေးလွတ်ရာကနေ လက်သီးလက်မောင်း တန်းပြနေတယ်" လို့ စွပ်စွဲပြစ်တင်ရင်လဲ ခံရမှာပါ။ "သတ္တိရှိရင် မင်း မြန်မာနိုင်ငံပြန်လာပြီး လုပ်ပါလား" လို့ ခါးခါးသီးသီး ပြောရင်လဲ ကြောက်ပြီး ထွက်ပြေးလာသူမို့ ငြိမ်ခံရုံပါပဲ။ တခုတော့ ရှင်းပြချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ကျနော် ၂၀၀၁ က စတင် ရောက်ရှိပြီး ဒီကနေ့အထိ နိုင်ငံတကာကမ်ပိန်းတွေကို အကောင်အထည်ဖော်ရင်း နိုင်ငံတကာအစိုးရတွေကို မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက်ကူညီဖို့ တောင်းဆိုရင်း သေသေချာချာ သိလာရတာကတော့ တရုတ်အစိုးရရဲ့ အခိုင်အမာ အကာအကွယ်ပေးမှုအောက်မှာ ကုလသမဂ္ဂက မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဆိုတာပါပဲ။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့လဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဘယ်လောက်ပဲ ထောက်ခံ၊ ထောက်ခံ ၊ တရုတ်ကို ကျော်လွန်ပြီး ဆောင်ရွက်ဖို့၊ တရုတ်ကို ဖိအားပေးအကြပ်ကိုင်ပြီး မြန်မာစစ်အုပ်စုကို ထိမ်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။
အထူးသဖြင့် အခု အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများ စီးပွါးပျက်ကပ်ကျရောက်နေချိန်မှာ စီးပွါးရေးတောင့်တင်း ခိုင်မာနေဆဲဖြစ်တဲ့ တရုတ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများက အရေးတကြီး လိုအပ်နေတဲ့အချိန်၊ ချော့ပေါင်းနေရတဲ့ အချိန်ပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများအတွက် မြန်မာနိုင်ငံထက်ပိုပြီး အရေးကြီးတဲ့ ကမ္ဘာအရေးအခင်းတွေကလဲ အများကြီးပါပဲ။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအရေးကိစ္စဟာ မြန်မာပြည်သူတွေသာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဖာသာ ဖြေရှင်းရမယ်။ နိုင်ငံတကာရဲ့ ပါဝင်ကူညီမှုတွေဟာ အကန့်အသတ်ရှိတယ် ဆိုတာကို သဘောပေါက် နားလည်ခဲ့ရသူပါ။
အဲ့ဒီနားလည်စိတ်နဲ့ ဒီစာစုကို ရေးဖြစ်ပါတယ်။ သဘောမတူရင်လဲ လွတ်လပ်စွာ ကွဲလွဲကြပါ။ လွတ်လပ်စွာ ကွဲလွဲခွင့်ပြုပါ။
(ဇွန် ၁၊ ၂၀၀၉)
DOWNLOAD THE PDF VERSION FROM HERE - http://moemaka.com/images/aungdin-boycottcall.pdf
http://www.moemaka.com/
Labels: ဆောင်းပါး
Posted by Ashin dhamma at 7:57 AM 0 comments
ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ
၎.၆.၀၉ နေ့ မနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)မလေးရှား မှ “မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ” ရေးထိုးထား သည့်တီရှပ်အနီအရောင်များကို ၀တ်ဆင်ကာ လူအင်အား ၇၀ ခန့် မတရားအမှုဆင်ဖမ်းဆီးခြင်းခံထား ရသော ဒေါ်အောင်ဆန်း စုကြည် နှင့် ဒုဥက္ကဌ ဦးတင်ဦးတို့အား ခြွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရေးအတွက် ကြွေးကြော်တောင်းဆိုပြီး NLD(LA)MALAYSIA ၏ အထူးကြေငြာချက်ကို ဖတ်ကြားပြီး ၁၀ နာရီ ၃၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။









Labels: သတင်း
Posted by Ashin dhamma at 6:41 AM 0 comments
Wednesday, June 3, 2009
Posted by Ashin dhamma at 3:22 AM 0 comments
Monday, June 1, 2009
ပြည်ပက စီးပွားရေးသပိတ်၊ ပြည်တွင်းက စားသုံးသူသပိတ်

မောင်ရစ်
မေ ၃၁၊ ၂၀၀၉
သပိတ်မှောက်တဲ့ ယဉ်ကျေးမှု
ပြည်ပက (အနောက်အုပ်စု) နအဖကို စီးပွားရေးသပိတ်၊ ငွေကြေးကူးသန်းမှုဆိုင်ရာ သပိတ်မှောက်ထားတယ်။ ဒါကို မည်သူတွေက ဘယ်လိုပြောပြော သက်တမ်းအထပ်ထပ်တိုးပြီးတော့ စီးပွားရေးသပိတ်ကို မှောက်နေဆဲပဲ။ နအဖနဲ့ စီးပွားဖက် အရှေ့အုပ်စုက ဘယ်လို အကျိုးစီးပွားတွေ ဖြစ်နေစေကာမူ ဒီလိုစစ်အုပ်စုပြုမူပုံမျိုးနဲ့ကတော့ အနောက်အုပ်စုအနေနဲ့ သပိတ်လှန်ဖို့အရေး ဝေးသည်ထက် ဝေးပါပဲ။
ပြည်တွင်းက ပြည်သူတွေ၊ စားသုံးသူတွေကိုယ်တိုင်ကကော စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို စီးပွားရေးသပိတ်၊ စားသုံးသူသပိတ်မမှောက်နိုင်ဘူးလား။
ခုချိန်အထိ သံဃာတော်တွေက စစ်အုပ်စုကို သပိတ်မှောက်ထားပြီးသား။ မစိုးရိမ်ဆရာတော်ကြီးကိုယ်တိုင်ကလည်း စစ်အုပ်စုက အတင်းအကြပ် ဆက်ကပ်လှူဒါန်းလာခဲ့ရင် အလိမ္မာသုံးပြီး လက်ခံပါ၊ ပြီးတော့လည်း သပိတ်မှောက်ကံဆောင်တာကို ဆက်လက် ကျင့်ကြံပါလို့ မိန့်တော်မူပြီး ဖြစ်ပါတယ်။
ဘယ်လိုပဲ ဘုရား၊ တရား၊ သံဃာတွေကို ဖက်စေကာမူ မသန့်ရှင်းတဲ့အလုပ်တွေနဲ့ အကုသိုလ်ကံတွေ ဖိစီးနေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေအတွက်ကတော့ မည်သို့ လှူဒါန်း ပေးကမ်း ကျင့်ကြံနေစေကာမူ ဘာသာ၊ သာသနာရဲ့ အကာအကွယ် စောင့်ရှောက်မှုကတော့ ဆုတ်ယုတ် ခန်းခြောက်နေတာ အထင်အရှားပါပဲ။
ဓနုတ်စေတီကြီး ပြိုကျသွားတာကို ကြည့်ပြီး လူအများက တရားသံဝေဂ ရကြသလို၊ ဘုရားတည် ထီးတော်တင် လုပ်ခဲ့ကြတဲ့ စစ်အုပ်စုအနေနဲ့ကလည်း အယူသည်းမှုတွေ တပုံတပင်နဲ့ သောကဗျာပါဒ များကြရမှာ မလွဲပါဘူး။ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်စုအတွက် အကြောက်တရားလက်နက်ကိုပဲ ပြည်သူတွေက ပြန်သုံးစွဲကြရတော့မှာပါပဲ။
ယခင်က စစ်အုပ်စုကို သပိတ်တိုက်ပွဲတွေနဲ့ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ လမ်းပေါ်က အာဏာဖီဆန်တဲ့ ဆန္ဒပြတဲ့ သပိတ်မှောက်တိုက်ပွဲတွေ၊ အစာငတ်ခံဆန္ဒပြတဲ့ သပိတ်တိုက်ပွဲတွေဟာ စစ်အုပ်စုကို ထိခိုက်စေခဲ့၊ ကြောက်ရွံ့တုန်လှုပ်စေခဲ့တဲ့အတွက် ၁၉၈၈ မှာတုံးက အနှစ် ၂၀ ကျော်အကြာ အုပ်ချုပ်ခဲ့တဲ့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ အစိုးရ၀န်ထမ်းတွေရဲ့ သပိတ်နဲ့ အစိုးရယန္တယားကြီး ဘုန်းဘုန်းလဲ ပြိုကျခဲ့ရတယ်။
ခုချိန်မှာတော့ဖြင့် ထိပ်တိုက်ရင်ဆိုင်တဲ့ သပိတ်မှောက်တိုက်ပွဲတွေအပြင် စစ်အုပ်စုကို ကြိမ်မီးအုံးသလို မကျေမနပ်ဖြစ်နေတဲ့၊ မခံမရပ်နိုင်ဖြစ်နေတဲ့ ပြည်သူလူထုအားလုံး တခဲနက် အဆင့်ဆင့် ပညာသားပါပါ အထိအခိုက်အနဲပါးဆုံးနဲ့ စစ်အုပ်စု အကြောက်ရွံဆုံး လျို့ဝှက်သပိတ်မှောက်နည်းတွေကို တိုက်တွန်းချင်တာပါပဲ။
အတိတ်က သပိတ်ခြေရာများ
ယခင်က စစ်အုပ်စုရဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို အားမပေးဖို့ သပိတ်မှောက်ဖို့ အတိုက်အခံများက တိုက်တွန်းဖူးပါတယ်။ ယခုအချိန်အထိ ဒီသပိတ်ကို ကိုင်စွဲထားဆဲ ဒီမိုကရေစီအင်အားစုတွေ အရေအတွက်အားဖြင့် မများသည့်တိုင် ရှိနေဆဲဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ မဟာမိတ် တေဇနဲ့ အပေါင်းအပါတွေဟာ ၂၀၀၇ သံဃာအရေးအခင်းအပြီးမှာ ပြည်သူလူထုရဲ့ ဒေါသမီးသင့်ခဲ့ရပြီးနောက် လေကြောင်းလုပ်ငန်းကြီးတခုလုံး ရေစုံမျောမတတ် ဖြစ်ခဲ့ရတဲ့ မှတ်တမ်းလည်း ရှိခဲ့ပါတယ်။
စစ်အုပ်စုအလိုကျ ဆိုကြ၊ ကကြ၊ သရုပ်ဆောင်ကြတဲ့ စာနယ်ဇင်းသမားတွေ၊ သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေသည်လည်း ပြည်သူရဲ့ ပညာသားပါတဲ့ သပိတ်မှောက်မှုကြောင့် ပြည်သူချစ်သော အနုပညာရှင်တွေ ဖြစ်မလာတော့ဘဲ၊ စစ်အုပ်စုနဲ့ အပေါင်းအပါ မဟာမိတ်များရဲ့ ပေးကမ်းစာ၊ အခွင့်အရေးများနဲ့သာ နေထိုင်ရှင်သန်ရသူတွေ သက်သက်သာ ဖြစ်ကြရတဲ့ ဥပမာတွေ ရှိပါတယ်။
ပြည်တွင်းက လက်ဆင့်ကမ်းသပိတ်
စစ်အုပ်စုနဲ့ မဟာမိတ်တွေဟာ မြန်မာပြည်တခုလုံးရဲ့ စီးပွားရေး အသက်သွေးကြောတွေအားလုံးရဲ့ အချက်အခြာတွေကို သိမ်းပိုက်ပြီး အဲဒီ အကျိုးအမြတ်ပုံကြီးပေါ်မှာ စံစားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီစစ်အုပ်စုကို ထိခိုက်နစ်နာစေချင်ရင် စစ်အုပ်စုထိပ်သီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကွန်ယက်တွေကို စီးပွားရေးသပိတ်၊ စားသုံးသူသပိတ် မှောက်ကြရလိမ့်မယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။
ဥပမာ - စီးတီးမတ်ဟာ စစ်အုပ်စုရဲ့ လုပ်ငန်းတခုဖြစ်တယ်။ အတတ်နိုင်ဆုံး စီးတီးမတ်မှာ ၀ယ်ယူအားပေးတာကို လျော့ချဖို့ တိုက်တွန်းစည်းရုံးလို့ ရမယ် ထင်ပါတယ်။ တရုတ်ဟာ စစ်အုပ်စု မဟာမိတ်ဖြစ်နေလို့ တရုတ်လုပ်ပစ္စည်းတွေကို သပိတ်မှောက်မယ် ဆိုတာထက် တရုတ်လုပ်ပစ္စည်းတွေ ရောင်းပြီး စီးပွားဖြစ်နေတဲ့ လုပ်ငန်းတွေထဲက စစ်အုပ်စုထိပ်သီးရဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး သပိတ်မှောက်နေကြဖို့ပါပဲ။
အဲဒီအတွက်လည်း အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေက တာဝန်ခံပြီး နှိုးဆော်နေကြရတာထက် တဦးနှင့်တဦး လက်ဆင့်ကမ်း အသိပေးပြီး တိုက်တွန်းနှိုးဆော်လို့ရရင် ပိုပြီး အန္တရာယ်ကင်း ထိရောက်မယ်လို့ ထင်မြင်မိပါတယ်။ နောက်ပြီးတော့လည်း စားသုံးသူသပိတ်မှာ သိပ်ပြီး အတွေးခေါင်ချင်စရာ၊ အငြင်းပွားချင်စရာတွေကို နားလည်မှု အပြည့်ထားပြီး ရှောင်ရှားလို့ ရမယ် ထင်ပါတယ်။
ဥပမာ - တရုတ်ရေဒီယိုကို စီးတီးမတ်မှာမှ ရလို့ ၀ယ်ရတယ်ဆိုလည်း ၀ယ်လိုက်ပါ။ ၀ယ်ပြီးရင် သပိတ်မှောက်သူတွေက ပြည်ပက ရေဒီယိုတွေ နားထောင်ဖို့ အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ။ ဘာမှ လျောက်ငြင်းနေစရာ မလိုဘူး ထင်ပါတယ်။ အင်တာနက်ဆိုတာ စစ်အုပ်စုလက်ထဲမှာ ရှိတော့ သပိတ်မှောက်နေစရာမလိုပါဘူး။ အင်တာနက်သုံးပြီး သတင်းတွေ အမှန်တရားတွေ စုတုပြုရမှာ၊ လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဖွင့်ထားတဲ့ ဆိုင်တွေကို သပိတ်မှောက်နိုင်ရင် ဖြစ်ပါတယ်။
သပိတ်မှောက် ပြည်သူ
မြန်မာပြည်မှာ အမီအခိုကင်းကင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြသူတွေ အများအပြားရှိနေဆဲပါပဲ။ သူတို့ကို သတ်သတ်မှတ်မှတ်ထားပြီး အားပေးရင် ပြည်သူတွေဖက်က နစ်နာစရာ မရှိဘူးလို့ မျှော်လင့်ပါတယ်။ အတိုက်အခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုပ်ငန်းတွေ၊ အလုပ်တွေကိုတော့ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ပင်တာ၊ တားမြစ်တာ၊ ဖျက်ဆီးတာတွေ လုပ်ပါတယ်။ စားသုံးသူအချို့ကိုလည်း ခြိမ်းခြောက်ပြီးတော့ အတိုက်အခံတွေရဲ့ လုပ်ငန်းတွေကို အားမပေးဖို့ စစ်အုပ်စုက အမြဲတမ်း လုပ်ပါတယ်။ ပြည်သူတွေဖက်ကလည်း ဒါကို အလိမ္မာသုံးပြီး ဆန့်ကျင်ဖို့ ဘာလို့ မ၀ံ့ရဲရမှာလဲ။
ပြည်ပက ဒီမိုကရေစီသမားများကလည်း အဲဒီ စစ်အုပ်စုနဲ့ အပေါင်းအပါများရဲ့ မိသားစုတွေ၊ မဟာမိတ်တွေကို စာရင်းပြုစုပြီး စုဆောင်းရသလောက် ထုတ်ပြန်အသိပေးနေဖို့ကို လုပ်ပေးရမယ် လို့ထင်ပါတယ်။ ပြည်တွင်းက သပိတ်မှောက်လိုပေမယ့် ကိုးကားစရာ စာရင်းမရှိရင် ရေရှည်မှာ တာသွားဖို့ ခက်ပါလိမ့်မယ်။ လုပ်တော့ လုပ်ကြပါရဲ့ အင်တာနက်ပေါ်က နေ့မြင်ညပျောက် ၀က်ဆိုက်တွေက များတော့ ဘယ်ဟာကို အားကိုးပြီး ကြည့်ရမှန်း ပြည်တွင်း မပြောနဲ့ ပြည်ပမှာတောင် မျက်စိက လည်နေတာကလည်း ပြုပြင်ရမယ့် ကိစ္စဖြစ်ပါတယ်။
အကြောက်တရားနဲ့ သပိတ်
သာမန်ပြည်သူလူထုမှာ အကြောက်တရားရှိသလို စစ်အုပ်စုနဲ့ အပေါင်းအပါတွေမှာလည်း ထပ်တူထပ်မျှ အကြောက်တရားရှိပါတယ်။ လက်နက်တွေ၊ အာဏာတွေ၊ နောက်လိုက်ငယ်သားတွေ အားကိုးနဲ့ မိုက်လုံးကြီးနေကြပေမယ့် သူတို့ တဦးချင်းစီရဲ့ အကျိုးစီးပွားအတွက် ကြောက်စိတ်ကတော့ သူလို ကိုယ်လိုပါပဲ။
ပြည်ပရောက် တချို့သော မြန်မာတွေကိုယ်တိုင်က တိုင်းပြည်ပြန်ရမှာမို့လို့ အမျိုးသားရေးပွဲတွေကို ဗြောင်ကျကျ မဆင်နွဲရဲကြပါဘူး။ ပြန်ရင်ပဲ အဖမ်းခံထိမှာ လိုလို၊ ဆွေမျိုးသားချင်းတွေ ထိခိုက်မှာ လိုလိုနဲ့ ကြောက်ရွံ့ကြပါတယ်။ သူတို့တွေ စာရင်းတွေ၊ ဓာတ်ပုံတွေလည်း ဘယ်ဝက်ဆိုက်၊ အီးမေးတွေနဲ့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားခြင်း မရှိပါသော်ငြား စစ်အုပ်စုလက်ထဲမှာ ရောက်နေမှာ၊ လက်ထောက်ချခံရမှာ၊ သတင်းပေးခံရမှာကို ကြောက်ရွံ့နေတာ ဖြစ်ပါတယ်။ အဲဒီ ကြောက်ရွံ့စိတ်နဲ့ စစ်အုပ်စုက ပြည်သူတွေကို ပြန်ပေးဆွဲထားတာ ဖြစ်ပါတယ်။
ထိုနည်းတူစွာပဲ ဒီနည်းကို တန်ပြန်သုံးပြီးတော့ ပြည်တွင်းက ပြည်သူတွေ သပိတ်မှောက်ကြတဲ့နေရာဝယ် အထောက်အကူရအောင် စစ်အုပ်စုထိပ်သီးတွေ၊ မိသားစုဝင်တွေ၊ အပေါင်းအပါတွေ၊ မဟာမိတ်တွေကို ဓာတ်ပုံတွေ၊ အိမ်ထောင်စုစာရင်းတွေ၊ လိပ်စာတွေ၊ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းပြီး အထင်အရှားကို အင်တာနက်၊ အီးမေးတို့ကတဆင့် စုဆောင်း၊ တင်ပြ၊ ပြန်ကြားနေလို့ ရပါတယ်။
သာမန်ပြည်သူတွေတောင် မှတ်တမ်းမှတ်ရာ အယူခံရမှာ ကြောက်သေးရင်၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ ခိုးထုပ်ခိုးထည်နဲ့ သက်သေ အချက်အလက်တွေနဲ့ ဖော်ထုတ်ခံရမှာကို သာမန်ပြည်သူတွေထက် မလျော့တဲ့ အတိုင်းအတာနဲ့တော့ ကြောက်ရွံ့ပါတယ်။
၁၉၈၈ စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြိမ်ကြိမ် သတ်၊ အကြိမ်ကြိမ် ထောင်ချ၊ အကြိမ်ကြိမ် နှိပ်စက်ညှင်းပန်းဖိနှိပ်ခဲ့ပေမယ့် သူတို့ရဲ့ တဦးချင်းစီရဲ့ အကြောင်းအရာ မှတ်တမ်းတွေကို လူသိထင်ရှား အစဉ်တစိုက် စုစည်း ဖော်ပြထုတ်ဖော်ခြင်း အားနည်းခဲ့တဲ့အတွက် စစ်အုပ်စုနဲ့ အပေါင်းအပါများ မိသားစုဝင်များဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ လူတွင်ကျယ်နေနိုင်တာ ဖြစ်ပါတယ်။
သပိတ်မှောက်ရန် သန်းခေါင်စာရင်း
၁၉၄၅ ခုနှစ်များမှာ နာဇီတွေဟာ ဂျုးလူမျိုး သန်းပေါင်းများစွာကို အကျဉ်းစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းပြီး နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခဲ့တယ်။ အဲသည် နာဇီတွေကို ဂျုးတွေက တရားဥပဒေနဲ့ ခုံရုံးတင် အရေးယူအပြစ်ပေးခဲ့တယ်။ အဲဒီ စာရင်းတွေ၊ အဖြစ်အပျက်တွေ၊ နေ့စွဲတွေ၊ သမိုင်းတွေ ဘယ်ကလာတာလဲ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဂျုးတွေဆီက လာတာဖြစ်ပါတယ်။ နာဇီတွေ ၀န်ခံလို့လည်း မဟုတ်ဘူး။ ကယ်တင်ရှင် မဟာမိတ်တွေက ထုတ်ဖော်ပေးလို့လည်း မဟုတ်ပါဘူး။ လူသားတွေကို မျိုးတုံးအောင်သုတ်သင်သူကို အရေးယူတရားစီရင်ဖို့ ဆိုတာဟာ ဘေးက ပရိသတ်တွေမှာ တာဝန်ရှိတယ်ဆိုရင်၊ ကာယကံရှင် ကျနော်တို့ မြန်မာပြည်သူ တဦးချင်းဆီမှာ ပိုလို့တောင် တာဝန်ရှိပါသေးတယ်။ ကာယကံရှင်တွေကိုယ်တိုင်က စစ်အုပ်စုကို အနီးကပ် စောင့်ကြည့် မှတ်တမ်းတင် ဖော်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးရနေတဲ့ နေရာကို ရောက်နေပြီ ဖြစ်ပါတယ်။
အင်တာနက်ခေတ်ကြီးထဲမှာ သတင်းနဲ့နည်းပညာ တော်လှန်ရေးခေတ်ကြီးထဲမှာ သူရဲကောင်းတွေ၊ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာကြီးကို အားနည်းတဲ့သူတွေဘက်က ရပ်လာကြဖို့၊ ဆုတွေ တံဆိပ်တွေ အကြိမ်ကြိမ် အလီလီ ချီးမြှင့်နိုင်ဖို့ လုပ်နိုင်ခဲ့ကြပြီ။ အခုနောက်ထပ်ပြီးတော့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊ မိသားစုဝင်တွေ၊ သူတို့ စီးပွားရေးလုပ်ငန်းတွေ၊ ကွန်ယက်တွေကို ဖော်ထုတ်ဖို့၊ မှတ်တမ်းတင်ဖို့၊ ဖွင့်ချပြီး သပိတ်မှောက် ဆန့်ကျင်နိုင်ဖို့ ပြည်တွင်းက ပြည်သူတွေအားနဲ့ ပြည်ပကလည်း ၀ိုင်းဝန်းအားပေးကြဖို့ အချိန်ကောင်းပဲလို့ ထင်မြင်မိပါတယ်။
ပြည်သူတွေလက်ထဲက တယောက်တလက် သပိတ်လက်နက်
ခုချိန်မှာတင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဆွဲချနေတဲ့ သက်သေ ၂၃ ဦး စာရင်း ရှိနေပြီ ဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ ရှိနေပြီ ဖြစ်ပါတယ်။ ပြည်ပက အတိုက်အခံမီဒီယာတွေမှာ အဲသည်အကြောင်းအရာတွေ တင်ဆက်ထားပြီး ဖြစ်တော့ သူတို့နောက်ကို ခြေရာခံလိုက်ပြီး မှတ်တမ်းယူထားဖို့က မခဲယဉ်းတော့ဘူး ဖြစ်ပါတယ်။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်နစ်နာအောင် သွားပုပ်လေလွင့် တရားလက်လွတ်ပြောကြားနေတဲ့ စစ်အုပ်စု ကက်ဘိနက်အဖွဲ့ဝင်တွေ၊ အင်တာနက်ဆိုက်တွေ၊ အလိုတော်ရိတွေကို တွေ့နေရပြီ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အကြီးအကဲကြီးနဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အကျိုးစီးပွားတွေဆိုတာလည်း ပြည်တွင်းက ပြည်သူတွေအဖို့ နားစွင့်လိုက်တာနဲ့ စာရင်းနဲ့တကွ သိရှိပြီး ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေ၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို ထိခိုက်နစ်နာ ကြောက်ရွံ့သွားစေဖို့ လက်နက်ဆိုတာ လက်ပစ်ဗုံးတွေ၊ ချိန်ကိုက်ဗုံးတွေ၊ အကြမ်းဖက် လက်နက်တွေ ဖြစ်နိုင်သလို၊ ပြည်သူလူထုက အလိမ္မာဉာဏ်နဲ့ လျို့ဝှက်တိုက်ခိုက်နိုင်တဲ့ သပိတ်မှောက်လက်နက်လည်း ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် စားဝတ်နေရေးအတွက် ထွက်ပေါက်မဲ့နေတဲ့ ပြည်သူလူထု၊ ချဲတွေ နှလုံးထီတွေ၊ လောင်းကစားတွေနဲ့ ဖြတ်လမ်းမှားတွေနဲ့ တ၀ဲလည်လည် ဖြစ်နေတဲ့ ပြည်သူလူထု၊ အဲဒီပြည်သူလူထုကို ထပ်ပြီး နင်းခြေပိပြားအောင် နှိပ်စက်မယ့် တရားဝင်လောင်းကစားစနစ်ကို ထူထောင်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုရဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန်နဲ့ တိုက်ဆိုင်ပြီး အသက်သွင်းလာချိန်မှာ ကျနော်တို့ ပြည်သူတွေကကော အဲဒီပွဲတွေကို သပိတ်မှောက်ဖို့ အရှိန် မမြှင့်နိုင်ပေဘူးလား။
မိုးမခမှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 9:16 AM 0 comments
မြတ်မိခင်ဒေါင်း

ဒေါင်းကြယ်စင်
သောကြာနေ့၊ မေလ 29 2009 13:52 - မြန်မာစံတော်ချိန်
မြတ်မိခင်ဒေါင်းအမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။
မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။
ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။
တကယ်ယုတ်မာ ပြိတ္တာများရယ်က၊
အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊
မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊
ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊
ဗျတ္တိဉာဉ် မပြောင်းပါဘူး၊
သတ္တိအစဉ် ကောင်းပါဘိ၊
မြတ်မိခင်ဒေါင်း။
Labels: ကဗျာ
Posted by Ashin dhamma at 3:57 AM 0 comments

