
အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်၌ အကျယ်ချုပ် ထိန်းသိမ်းထားခြင်းသည် ယခုအခါ အမှုအဖြစ် သတ်မှတ်လိုက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ယနေ့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ (၈) ရက် သို့မဟုတ် (၁၀) ရက်တွင် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားခြင်းကို ခွင့်မပြုကြောင်း ၎င်းအား ယခုလ (၉) ရက်နေ့တွင် ခေါ်ယူအကြောင်းပြန်ရာ၌ အယူခံလွှာကို အစိုးရကဆောင်ရွက်နေပြီဖြစ်သည်ဟု အာဏာပိုင် များက ပြောဆိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိစ္စသည် အမှုဖြစ်သွားပြီဟု ပြောနိုင်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြော သည်။
ရှေ့နေကြီးဦးကြည်ဝင်းက “သူတို့ကပြောတာက ကျနော်တို့တင်ထားတဲ့ အယူခံလွှာကိုတဲ့၊ နေပြည်တော်မှာပေါ့ဗျာ ကျနော်တို့တင်တာ နေပြည်တော်မှာကိုး။ တင်ထားတဲ့အယူခံလွှာကို ဆောင်ရွက်နေပါပြီတဲ့ ဒီစကားသုံးတယ်သူက။ ဒါကြောင့်မို့လို့ ဒေါ်စုနဲ့ တွေ့စရာလိုတော့မယ် မဟုတ်ဘူးလို့ ယူဆတယ်တဲ့။ အမှုသဘောတော့ဖြစ်သွားပြီ။ ဆောင်ရွက်နေပြီလို့ပြောတာကိုး။ ဆောင်ရွက်နေတာ ဘယ်အဆင့်ရောက်ပြီလဲတော့ မပြောဘူးဗျ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံလွှာကို ယခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ရှေ့နေကြီးဦးကြည်ဝင်း၏ လက် ထောက်ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်၌ ၀န်ကြီးအဖွဲ့ထံ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ၀န်ကြီးရုံးက ၀င်စာနံပါတ် ဖြင့်သာ လက်ခံထားခြင်းဖြစ်ပြီး အယူခံသဘော၊ အမှုသဘော သတ်မှတ်ခြင်းရှိမရှိ သေချာစွာမသိရှိခဲ့ရပေ။
ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်၊ အက်စ်ဘီ ဒု-တပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်း၊ ရဲမှူးကြီး သူရစန်းလွင်တို့ (၃) ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုကြောင်း အက်စ်ဘီရုံး၌ ရှေ့နေကြီးဦးကြည်ဝင်းအား ခေါ်ယူအကြောင်းပြန်ကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် မလိုကြောင်း ပြောသူမှာ အဆိုပါ (၃) ဦးအဖွဲ့ကို ဦးဆောင်သူ ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်ဖြစ်ကြောင်း သိရသည်။
အယူခံလွှာကို နေပြည်တော်၌ တင်ပြီးဖြစ်ကြောင်း သတင်းပို့ရန်၊ ပြင်ဆင်ဖြည့်စွက်လိုပါက ပြင်ဆင်ဖြည့်စွက်နိုင်ရန် ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ယခုလ (၃) ရက်နေ့က တင်ပြခဲ့မှုကို အာဏာပိုင်များက ၎င်းတို့ ဆောင်ရွက် နေပါပြီဟုအကြောင်းပြ၍ ခွင့်မပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ ခွင့်မပြုသည့်ကိစ္စကို အစိုးရအဖွဲ့ထံတင်ပြရန် စဉ်းစားနေကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီးဦးကြည်ဝင်းအား ယခုနှစ် သြဂုတ်လ (၈) ရက်နေ့က ခေါ်ယူတွေ့ဆုံ၍ ၎င်းအားကန့်သတ် တားဆီးထားသည့် ဥပဒေ၊ တားဆီးချိန်ကာလများနှင့်ပတ်သက်ပြီး ဥပဒေအတိုင်း အကျိုးဆောင်ပေးရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ခေတ်ပြိုင်မှတင်ပြသည်။
Friday, December 12, 2008
ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ထားသည့်ကိစ္စ အမှုအဖြစ် သတ်မှတ်ပြီဟု ရှေ့နေပြော
Labels: သတင်း
Posted by Ashin dhamma at 7:30 AM 0 comments
Thursday, December 11, 2008
အဖွဲ့အစည်းတွေ သိပ်များနေသလား

ပြည်ပရောက် မြန်မာပြည်သားတွေ မညီညွတ်ကြဘူး၊ အဖွဲ့တွေ အများကြီးဖွဲ့ထားကြတယ်လို့ မထင်ဘူးလား။ နှစ်ခုလုံး ဟုတ်ပါတယ်။ မညီဘူး၊ အဖွဲ့တွေ များတယ်။
ဘယ်သူတွေညီကြသလဲ
ဆဒန်ဟူစိန်ကို ဆန့်ကျင်ခဲ့ကြတဲ့ အီရတ်တွေလည်း ပြည်ပမှာ မညီမညွတ် ရပ်တည်ခဲ့ကြတာပါ။ တရုပ်နိုင်ငံ၊ တိဘက်ဒေသအရေးလုပ်နေသူတွေလည်း အသံတခုတည်း မထွက်ကြပါဘူး၊ တိဘက်ခေါင်းဆောင် ဒလိုင်လားမားနဲ့ ညှိနှိုင်းလို့မရတဲ့ ပြည်ပရောက်တိဘက်တွေအကြောင်း ကြားကြမှာပါ။ လူဆိုတာ သဘောထားကွဲတတ်တဲ့သဘာဝ ရှိတာကြောင့် ပြည်ပရောက် မြန်မာပြည်သားတွေလည်း သဘောထားကွဲကြ၊ မညီညွတ်ကြတာ မထူးဆန်းပါ။ ထပ်ပြောရရင် ညီညွတ်မှု အားနည်းတာ တခြားနိုင်ငံသားတွေမှာလည်း ရှိတာပါပဲ။ ဒီစာမှာတော့ ကျနော်တို့ဆီမှာ အဖွဲ့တွေ များပြားရခြင်းအကြောင်းကိုပဲ ရေးမှာ ဖြစ်ပါတယ်။
တကိုယ်တော် လုပ်ကိုင်လို့ မရတဲ့အတွက် စုပေါင်းလုပ်ကိုင်ကြ၊ အဖွဲ့ဖွဲ့ပြီး လုပ်ကိုင်ကြတာပါ။ ဒီလိုနဲ့ စိတ်ကူးတူသူ၊ နောက်ခံအကြောင်းအရာတူသူတွေက အုပ်စုတွေ အဖွဲ့တွေ ဖွဲ့စည်းလုပ်ကိုင်နေကြပါပြီ။
လူနည်းစုတိုင်းရင်းသားများ
မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစု ဆယ်စုမက ကွဲပြားနေတာလည်း အဖွဲ့အစည်း များပြားရတဲ့အကြောင်း ဖြစ်ပါတယ်။
ဥပမာ - ကချင်အမျိုးသမီးအဖွဲ့ကို ကြည့်ပါ။ သူတို့ဟာ သူတို့ကျွမ်းကျင်တာကို ရွေးချယ်သူတွေပါ။ ကချင်ဒေသအကြောင်းကို သူတို့ သိတယ်။ အဲဒီဒေသမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သူတို့ တတ်နိုင်သလောက် လုပ်ကိုင်နေကြတယ်။ သူတို့ဒေသ၊ သူတို့နဲ့ ဘာသာစကားတူသူတွေရဲ့ အကြောင်းကိုပဲ သူတို့ ပိုပြီး စိတ်ဝင်စားပါတယ်။ သူတို့နဲ့နီးတဲ့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှာ ဖြစ်နေတာတွေကို သိပ်ပြီး စိတ်မ၀င်စားနိုင်တာလည်း သဘာဝ ကျပါတယ်။ တခြားတိုင်းရင်းသားတွေကလည်း သူတို့ဒေသအရေးကို သူတို့လောက် မလုပ်နိုင် မသိနိုင်ပါ။
ကချင်တွေလိုပဲ ရှမ်း၊ ကရင်၊ ရခိုင် စသဖြင့် မတူတဲ့ တိုင်းရင်းသားအုပ်စုတွေလည်း ရှိပါတယ်။ သီးခြားစီ လှုပ်ရှားကြတဲ့အတွက် အဖွဲ့တွေ များလာပါတယ်။
အဖွဲ့တွေ နည်းသွားအောင် ပေါင်းစပ်လိုက်လို့မရဘူးလားလို့ မေးချင်ပါလိမ့်မယ်။ ဒါဆို စဉ်းစားကြည့်ပါဦး၊ “မွန်နှင့်ကချင်အမျိုးသမီးများအဖွဲ့” ဆိုပြီး။ လူချင်းဘယ်လောက်ပဲခင်ခင် အဲသလိုဖွဲ့လို့တော့ မရပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရမယ် မထင်ပါဘူး။
ဦးစားပေးမှု
အကြောင်းအရာတူပေမယ့် ဒီလူမျိုးစုတခုထဲမှာပဲ ၂ ဖွဲ့ဖြစ်နေတာမျိုး ရှိပါတယ်။ အဲဒါဆိုရင်လည်း ပြင်ပကမ္ဘာက သိအောင် လှုံ့ဆော်တဲ့အဖွဲ့၊ ဒေသခံတွေကို ပညာပေးတဲ့အဖွဲ့၊ အမည်ခံဖွဲ့ထားတာ၊ အင်အားသိပ်မရှိတော့တာ၊ အခြေစိုက်လုပ်ကိုင်တဲ့ဒေသကွဲပြားတာ စသဖြင့် မတူတာတွေ ရှိနိုင်ပါတယ်။
အကြောင်းအရာမတူ
စကားမတူတဲ့ လူမျိုးစုနှစ်ဖွဲ့ ပေါင်းလို့မရတာ ဟုတ်ပါပြီ၊ စကားတူသူတွေက ဘာကြောင့် ခွဲလုပ်ကြသလဲဆိုတဲ့ မေးခွန်း ရှိနိုင်ပါတယ်။ ကိုယ်စိတ်ပါတဲ့၊ နှစ်သက်တဲ့အလုပ်ကို ပိုပြီး လုပ်ချင်ကြလို့ ခွဲလုပ်ကြတာပါ။ မြန်မာပြည်မှာ ဆောင်ရွက်စရာတွေက သိပ်များပါတယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေး၊ စာပေ၊ ဘာသာစကား၊ နိုင်ငံရေး၊ လူငယ်၊ အမျိုးသမီး၊ လူ့အခွင့်အရေး၊ အနုပညာ ကိုယ်သန်ရာကို လုပ်ပါလိမ့်မယ်။
ထပ်ဖွဲ့သင့်တာတွေ ရှိနေပါသေးတယ်။ မြန်မာပြည်တွင်းမှာ၊ ပြီးတော့ နယ်စပ်ဒေသတွေမှာရှိတဲ့ ကလေးအလုပ်သမား၊ ကလေးစစ်သား၊ မြေမြုပ်မိုင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကလေးပြည့်တန်ဆာ၊ မူးယစ်ဆေး စတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဦးစားပေးလုပ်ကိုင်တဲ့ အဖွဲ့မျိုးတွေ လိုနေပါသေးတယ်။
အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားအရွယ် ကလေးတွေကို စစ်ထဲဝင်ခိုင်းတာတွေက ကာယကံရှင်ကလေးများအတွက်၊ သူတို့မိဘများအတွက် ရင်နာစရာ ဖြစ်ရပ်ပါ။ မြေမြှုပ်မိုင်းတွေကလည်း ပြည်နယ်နဲ့တိုင်း ၉ ခုလောက်မှာ ရှိသတဲ့။
နယ်စပ်ဒေသ ပြည့်တန်ဆာတွေထဲမှာ မြန်မာပြည်သား ကလေးငယ်တွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း ကြားဖူးကြမှာပါပဲ။
လွတ်လပ်စွာဖွဲ့စည်းခွင့်
၁၉၈၈ နှစ်ကုန်ပိုင်း မှာ စစ်အစိုးရခွင့်ပြုချက်နဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့လိုက်တာ အဖွဲ့ပေါင်း ၂၀၀ ကျော်သွားပါတယ်။ အခွင့်အရေးရရင် ဒီလိုပါပဲ။
ဒီနေ့ကာလ ပြည်ပရောက် မြန်မာပြည်သားတွေလည်း ဖွဲ့ကြစို့ဟေ့ဆိုရင် ဖွဲ့လိုက်ကြ လုပ်လိုက်ကြတာပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့ မလိုတာ၊ ခွင့်ပြုချက်တွေ တောင်းဖို့မလိုတာကလည်း အဖွဲ့များရခြင်းရဲ့ အကြောင်းတရပ် ဖြစ်ပါလိမ့်မယ်။
တရားမ၀င်နေထိုင်ခြင်း
ပြည်ပက အဖွဲ့တွေမှာ လူအများစုက မှတ်ပုံတင်ကဒ်၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လက်မှတ် မရှိကြပါဘူး။ တရားမ၀င်နေပေမယ့် ဧည့်စာရင်းစစ်တဲ့ထုံးစံမရှိတော့ အတန်အသင့် လွတ်လပ်ပါတယ်။ ခရီးသွားရဖို့တော့ ခက်ပါတယ်။ သွားလာဖို့၊ စုစည်းကြဖို့ မလွယ်ပါ။ ဒါနဲ့ပဲ ကိုယ်ရောက်ရှိရာ ဒေသမှာ အဆင်ပြေသလို ဖွဲ့စည်း လုပ်ကိုင်ကြပါတယ်။
စိတ်ကူးယဉ်
တညီတညွတ်တည်း အဖွဲ့ချုပ်ကြီးတခုဖွဲ့ကြ၊ အဲဒီအောက်မှာ လူငယ်ရေးရာ အမျိုးသမီးရေးရာ တိုင်းရင်းသားရေးရာ စသဖြင့် ခေါင်းစဉ်ခွဲ ကော်မတီခွဲတွေ တာဝန်အသီးသီးယူပြီး လုပ်ရင် ကောင်းမလား။ အင်း - လျော်ကန်သင့်မြတ်တဲ့အကြံပါ။
အဖွဲ့တွေက နယ်စပ်ဒေသမှာ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အခြေစိုက်ကြပါတယ်။ သူတို့တွေ စုစည်းပြီး ညီညွတ်တဲ့အင်အားကြီး ဖြစ်ပေါ်လာမယ်ဆိုရင် အိမ်ရှင်ထိုင်းအစိုးရက အဲဒီအဖွဲ့ချုပ်ကြီးကို ချေမှုန်းပါလိမ့်မယ်။
အဖွဲ့များပြားခြင်းရဲ့ အားသာချက်
နမူနာ ၁ - လူ၂ယောက်နဲ့ အဖွဲ့ဖွဲ့မယ် ဆိုရင် ပြောင်လှောင်ချင်သူတွေ ရှိပါတယ်။ အင်အားနည်းပေမယ့် တချိန်ချိန်မှာ အလုပ်လုပ်နိုင်တဲ့အဖွဲ့ ဖြစ်လာနိုင်ပါတယ်။
နမူနာ ၂ - ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့တခုက ၂ဖွဲ့ကွဲသွားတယ် ဆိုပါစို့။ အဲဒီ၂ဖွဲ့လုံးကလည်း လုပ်ငန်းဆက်လက်လည်ပတ်မယ်ဆိုရင် အကွဲကောင်းတယ်လို့ ဆိုရပါမယ်။ ထိုင်းနိုင်ငံအနှံ့ မြန်မာပြည်သားအလုပ်သမားတွေက သန်းနဲ့ချီပြီး ရှိတာမို့ သူတို့အတွက် အကျိုးဆောင်ပေးမယ့် အဖွဲ့တွေ အများအပြား လိုအပ်နေလို့ပါပဲ။
နမူနာ ၃ - ဇွန် ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံအမျိုးသမီးများနေ့” ဆိုပြီး တချို့က အခမ်းအနား ပြုလုပ်ကြတယ်။ မကြာသေးခင်နှစ်တွေအတွင်း အမျိုးသမီးအဖွဲ့တခုက ဇွန် ၁၉ မှာ ဒေါ်စုမွေးနေ့နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေပဲ လုပ်ဖို့ မူချလိုက်တယ်။ ရလဒ်က သဘောထားခြင်း မတိုက်ဆိုင်တဲ့ အဖွဲ့ဝင်တချို့က အဖွဲ့သစ်တခု ထူထောင်လိုက်တယ်၊ အဲဒီနေ့ရောက်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဆိုပြီး ခမ်းခမ်းနားနား ကျင်းပတယ်။ မိဘမဲ့ကလေးတွေ၊ ခိုကိုးရာမဲ့အမျိုးသမီးတွေကို ကူညီတယ်၊ နေရာထိုင်ခင်း စီစဉ်ပေးတယ်၊ စာသင်ကျောင်းလည်း ရှိတယ်။ ဒီ နမူနာတွေကိုကြည့်ရင် အဖွဲ့တွေ တိုးပွားလာတိုင်း အဆိုးမြင်လို့ မဖြစ်ကြောင်း ထင်ရှားပါတယ်။ ။
မိုးမခမှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 2:47 AM 0 comments
Wednesday, December 10, 2008
လဘက်ရည်ဘိုးတဲ့ဗျာ
အစိုးရရုံးတိုင်းရဲ့..နံရံထက်ကစာတမ်း
လာဘ်ပေး ``ရန်မလို´´တဲ့..
လဘက်ရည်ဘိုးတော့...လိုတာပေါ့
ငါတို့အားလုံး..နှိပ်စက်ခံနေရတာ
အဲဒီ..``လဘက်ရည်ဘိုး´´ကြောင့်ပဲ
နဲနဲလေးမဟုတ်ဘူးနော်
မိသားစုတစ်စုရဲ့..ချွေးနဲစာလေး
မရှိမဲ့ ..ရှိမဲ့စုကားပေးရတယ်
ကဲ...လူကြီးမင်းတို့..ဘယ်သူ့ကိုတိုင်ရမလဲ?
လဘက်ရည်ဆိုင်တွေကနေရာအနှံ့
နေရာအနှံ့မှာ..လဘက်ရည်ဘိုးတွေ
ခေတ်စားနေတယ်..နော်
ရိုးရိုးလား၊ရှယ်လား၊ချိုစိမ့်လား..?
အီစိမ့်သွားစေမယ့်...၀န်ဆောင်မှုတွေ
မြောင်းပေးလို့...ရေမလာရင်
ကြာချင်ကြာပါစေ..ထိုင်ရာကမထတော့
ဟိုရက်ရွှေ့..ဟိုနေ့ရွှေ့..ချိန်းလိုက်တဲ့ မာယာတွေ
``မရလို့ပါဗျာ´´...မအားသေးဘူးဆိုပဲ
နွေ..မိုး..ဆောင်း..အထပ်ထပ်ပြောင်းလို့
တစ်ခုလိုချင်ရင်..တစ်ခုပြန်ပေးပါတဲ့
ဒီနေရာလေးမြဲဘို့
သူတို့လဲ..အထက်က``ဘဘ´´ကြီးတွေကို
ရေပုံးကြီးကြီးနဲ့လောင်းခဲ့ရသေးတယ်တဲ့
အရင်းမကြေ...အရှုံးပေါ်မှာစိုးလို့
ပြည်သူတွေထံမှ....အကြံအဖန်လေးထုတ်
ဆင့်ကဲဆင့်ကဲပြန်ခွဲယူလို့
နောက်ဆုံးတော့..တို့ပြည်သူတွေ
ငုတ်တုတ်ထိုင်..မှိုင်ငေးကာ
ဖိုင်..ကလေးကိုင်လို့
မျှော်လေတိုင်း..ဝေးရပြီပေါ့..။ ။
ရေးသားသူ ဂျိုးဖြူ
Labels: ကဗျာ
Posted by Ashin dhamma at 7:51 PM 0 comments
မြန်မာအင်တာနက်သတင်းသမားကိုအိမ်ဖြူတော်သို့ဖိတ်ကြား

အမေရိကန်သမတမစ္စတာဘုရှ်ကဒီဇင်ဘာ(၁၀)ရက်နေ့မှာကျရောက်တဲ့
ကမ္ဘာ့လူ့အခွင့်အရေးနေ့အနှစ်(၆၀)ပြည့်အထိမ်းအမှတ်ကိုအိမ်ဖြူတော်
မှာကျင်းပမှာဖြစ်ပြီးထိုပွဲကိုမြန်မာနိုင်ငံကအင်တာနက်စာမျက်နှာဖန်တီး
သူတစ်ဦးကိုလည်းဖိတ်ကြားထားပါတယ်။
အဆိုပါလူ့အခွင့်အရေးနေ့ကိုသွားတက်မည့်သူကအမေရိကန်ပြည်ထောင်
စုအခြေစိုက်မိုးမခအင်တာနက်စာမျက်နှာဖန်တီးသူအယ်ဒီတာအဖွဲ့ထဲက
စာရေးဆရာမောင်ရစ်ဖြစ်ပါတယ်။
ဒီပွဲသွားတက်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးသူကအခုလိုပြောပြပါတယ်။
စာရေးဆရာမောင်ရစ်။ ။ဗမာပြည်ဟာဆိုလို့ရှိရင်လူ့အခွင့်အရေးဆိတ်
သုဉ်းတယ်၊လူအခွင့်အရေးပတ်သက်ပြီးတော့ပြောဆိုမိလို့တောင်းမိ
လို့အဖမ်းခံရတဲ့လူတွေစာနယ်ဇင်းသတင်းတို့၊ဓာတ်ပုံတို့စာတို့ကို
ဖော်ထုတ်မိလို့ဖြန့်ဝေမိလို့အဖမ်းခံရတဲ့လူတွေများတဲ့တိုင်းပြည်
ဖြစ်တယ်။ဆိုတော့ပြည်တွင်းမှာရှိတဲ့ဘလော့ဂါတွေလည်းသူတို့က
ဂုဏ်ပြုဖို့စဉ်းစားတယ်။
ဒါပေမဲ့အဲဒီလူတွေကအဲဒီအခမ်းအနားကိုသူတို့မတက်
ရောက်နိုင်တဲ့အတွက်ကြောင့်အမေရိကန်မှာရှိနေတဲ့ကျွန်တော်
တို့မိုးမခကတစ်ယောက်ယောက်ကိုဒီအခမ်းအနာကိုတက်
ရောက်ပါ၊သူတို့ဖိတ်ပါတယ်ဆိုလို့ကျွန်တော်ကသူတို့တွေကိုယ်စား
သူတို့အတွက်ဂုဏ်ယူပြီးတော့ဗမာတစ်ယောက်အနေနဲ့တက်ရောက်
ရတာဖြစ်တယ်။
အဲဒီလိုအိမ်ဖြူတော်မှာကျင်းပမဲ့လူ့အခွင့်အရေးနေ့ပွဲမှာအမေရိကန်
သမတမစ္စတာဘုရှ်ကိုမြန်မာနိုင်ငံမျာလူ့အခွင့်အရေးရဖို့တစ်တပ်
တစ်အားကြိုးပမ်းနေတဲ့မြန်မာတစ်ယောက်အနေနဲ့ဘာတွေပြော
ဖို့စဉ်းစားထားပါသလဲလို့ဆိုတော့စာရေးဆရာမောင်ရစ်ကခုလို
ဖြေကြားခဲ့ပါတယ်
စာရေးဆရာမောင်ရစ်။ ။ဒီစေတနာ့ဝန်ထမ်းအင်တာနက်ဂျာနယ်လစ်
တွေကိုယ်စားဗမာ့လူ့အခွင့်အရေးတိုက်ပွဲဝင်နေတဲ့လူတွေအဲဒီလူတွေ
ရဲ့ကိုယ်စားပေါ့နော်၊ပြောစရာတွေအများကြီးပဲ၊ပြောချင်တာတွေ
လည်းအများကြီးပဲ၊
အဲဒီထဲကတစ်ခုပဲပြောပါဆိုလို့ရှိရင်၊ကမ္ဘာကြီးကတော့ဒီလူ့အခွင့်အရေး
ကိုချစ်မြတ်နိုးပါတယ်၊ကာကွယ်ပါတယ်၊စောက်ရှောက်ပါတယ်ဆိုတဲ့နိုင်ငံ
တွေကကော၊နောက်ကုလသမဂ္ဂတန်ခိုးအကြီးဆုံးနေရာကိုယူထားတဲ့
UN Security Council လို့ခေါ်တဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ
တွေကကောဗမာပြည်ကိုအရေးယူပါ၊ဆောင်ရွက်ပါ၊ဗီတိုအာဏာတွေနဲ့
အကာအကွယ်မပေးပါနဲ့၊လက်နက်တွေရောင်းပြီးတော့နည်းပညာတွေ
ရောင်းပြီးတော့ပံ့ပိုးပြီးတော့စီးပွားဖက်ကုန်သွယ်ဖက်တွေအနေနဲ့ထောက်
ပံ့ပြီး၊အားပေးပြီးအကာအကွယ်မပေးပါနဲ့၊ဒီစစ်အာဏာရှင်တွေကိုပြတ်ပြတ်
သားသားအရေးယူပေးပါ၊ဆောင်ရွက်ပေးပါဆိုတဲ့စကားမျိုးကိုကျွန်တော်
ပြောဖို့ကြိုးစားမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ။
စာရေးဆရာမောင်ရစ်ဟာ၈၈မျိုးဆက်လူငယ်တစ်ဦးဖြစ်ပြီးစာရေးဆရာ
ကြီးဦးခင်မောင်လတ်၊စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ရဲ့မြေးလည်းဖြစ်
ပါတယ်။
အခုအမေရိကန်သမတဖိတ်ကြားထားသူတွေကတော့မြန်မာ၊ဘယ်လာရုစ်
တရုတ်၊ကျူးဘား၊အီဂျစ်နဲ့အီရန်ကအင်တာနက်စာမျက်နှာဖန်တီးတဲ့
ဘလော့ဂါတွေအပါအ၀င်ဆူဒန်နိုင်ငံဒါဖိုးဒေသကလူ့အခွင့်အရေးလှုပ်
ရှားသူတွေဖြစ်ပါတယ်။ဒီပုဂ္ဂိုလ်တွေကိုလူကိုယ်တိုင်တွေ့ဆုံမှာဖြစ်ပြီး
ဒီအခမ်းအနားကိုလာတက်နိုင်မှာမဟုတ်တဲ့အီဂျစ်နဲ့ဗင်နီဇွဲလားက
တချို့ပုဂ္ဂိုလ်တွေကိုတော့တယ်လီဖုန်းကနေစကားပြောမှာဖြစ်တယ်လို့
သိရပါတယ်။
RFA မှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 5:03 PM 0 comments
ကိုမင်းကိုနိုင် မျက်စိ ကုသရန် လိုအပ်ဟု မိသားစုဝင်က ပြောဆို

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008 19:28 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း၌ ၆၅ နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် မျက်လုံးတဖက်တွင် ဝေဒနာ ခံစားနေရသဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေကြောင်း အမဖြစ်သူက ယနေ့ ပြောဆိုသည်။
လက်ရှိ အကျဉ်းကျခံနေရသည့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူ အမ ဒေါ်ကြည်ကြည်ညွန့်က ကိုမင်းကိုနိုင်၏ မျက်လုံးတဖက်မှာ ပြင်းထန်စွာ ဝေဒနာခံစားနေရသဖြင့် ကျွမ်းကျင်သူ ဆရာဝန်နှင့် ပြသရန် လိုအပ်နေကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မျက်စိအထူးကု ဆရာဝန်နဲ့ စစ်ဆေးကုသခွင့်ပေးဖို့ ကျမတို့က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ယခု ဝေဒနာမှာ ရန်ကုန်ရှိ အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ်ကတည်းက ခံစားနေခဲ့ရသည်ဟု သူက ဆိုသည်။
ကိုမင်းကိုနိုင်ကို ယခုအခါ တဦးတည်း သီးခြားချုပ်နှောင်ထားသည်ဟုလည်း ပြောသည်။
“သူ့ကို ရေခဲသေတ္တာထဲ ထည့်ထားသလိုပါပဲ” ဟု ပြောဆိုကာ၊ ကျိုင်းတုံ ရာသီဥတုမှာ သူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် နေသာသည့်အချိန်၌ ပတ်ဝန်းကျင်သို့ လမ်းလျှောက်ခွင့်ပြုရန် ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ရာသီဥတု အေးလွန်းသဖြင့် လက်များနှင့် ခြေထောက်များမှာ လှုပ်ရှားရခက်ခဲနေကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောဆိုသည်။
ထင်ရှားကျော်ကြားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးသည် စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သဖြင့် ၂ဝဝ၇ ခုနှစ် သြဂုတ်လ လလယ်က ဖမ်းဆီးခံခဲ့ရသည်။
ကိုမင်းကိုနိုင်ကို ပြီးခဲ့သည့်လ ၁၁ ရက်နေ့က သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ကိုကိုကြီးကိုမူ ကျိုင်းတုံထောင်တွင် နှစ်ညခန့် ထားရှိပြီးနောက် မိုင်းဆတ်ထောင်သို့ ပို့ဆောင်လိုက်သည်။
စစ်အစိုးရက ပြီးခဲ့သည့် လအနည်းငယ်မှစတင်ကာ ဖမ်းဆီးထားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ရှည်လျားသည့် ထောင်ဒဏ်များ ချမှတ်ကာ၊ သူတို့ကို ဝေးလံလှသည့် အကျဉ်းထောင်များဆီ ပြောင်းရွှေ့လိုက်သဖြင့် သက်ဆိုင်သူ မိသားစုဝင်များအဖို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။
“သူ့ (ကိုမင်းကိုနိုင်) ကို နှစ်ပတ်မှာ တကြိမ် လာတွေ့နိုင်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်။ ဒါပေမဲ့ အဲဒီလို သွားနိုင်မယ် မထင်ပါဘူး။ တအားဝေးလွန်းလို့ တခါတလေမှပဲ သွားနိုင်မှာပါ။ လအနည်းငယ်မှာမှ တခါလောက်ပဲ သွားနိုင်မယ်ထင်တယ်” ဟု ကျိုင်းတုံထောင်မှ ရန်ကုန်သို့ ယမန်နေ့က ပြန်ရောက်လာသည့် ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။
အလားတူပင် ဟာသပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂါ လူငယ် ကိုနေဘုန်းလတ် အပါအဝင် ထင်ရှားသည့် နိုင်ငံရေးသမားများကို မြန်မာပြည်တဝှမ်း အကျဉ်းထောင်များဆီသို့ စစ်အစိုးရက ပြောင်းရွှေ့ပို့ဆောင်ခဲ့သည်။
ကိုဇာဂနာကို မြန်မာပြည် မြောက်ဘက်စွန်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်နှင့် ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းထောင်သို့ ပို့ဆောင်ခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 8:14 AM 0 comments
Tuesday, December 9, 2008
အောင်ဆန်းပေးတဲ့မြန်မာပြည် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ

(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။
""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
Labels: ကဗျာ
Posted by Ashin dhamma at 4:25 PM 0 comments
ဘောလုံး လောင်းကစား ပိုမိုကျယ်ပြန့်လာ
ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၉ ရပ်ကွက် အတွင်းမှ ခပ်မှောင်မှောင် ခပ်ကုတ်ကုတ် လက်ဖက်ရည် ဆိုင်ထဲတွင် ခုံတိုင်းစေ့ လူပြည့်နေတာ တွေ့ရသည်။ ဆိုင်ထဲမှာ ရှိရှိသမျှ လူအားလုံးသည် ညနေ ၆ နာရီ ၃၀ တွင် ထုတ်လွင့်မည့် Histon နဲ့ Leeds ဘောလုံး ပွဲစဉ် ကြည့်ရန်အတွက် တီဗီရှေ့သို့ပင် မျက်နှာမူလျက် အဆင်သင့်ရှိနေကြပြီဖြစ်သည်။
နိုဝင်ဘာလ ကုန်ပိုင်းက ပရီးမီးယားလိဂ် ပွဲစဉ် တခုတွင် ချယ်လ်ဆီး အသင်းနှင့် အာဆင်နယ် အသင်းတို့ ယှဉ်ပြိုင် ကစားနေစဉ်။ ယင်းပွဲတွင် ချယ်လ်ဆီးက အာဆင်နယ်ကို ၁ -၂ ဂိုး ဖြင့် ရှုံးသည်
သူတို့ လက်ထဲတွင် ဒိုင်မှ ဝေထားသော ပွဲစဉ်များနှင့် လောင်းကြေးစာရွက်လေးများကို ကိုယ်စီကိုင်ထားကြပြီး လောင်းကြေးဘယ်လောက်ထိုးမည် ဘယ်လို လောင်းမည် ဟု ဆိုင်ထဲတွင် ဘောလုံးပွဲ လောင်းကြေးကိစ္စ ဖြင့် ဆူညံနေကြပြီ။
ထိုအချိန်တွင် ထိုလက်ဖက်ရည်ဆိုင်လေးသာမက မြန်မာနိုင်ငံတွင်းမှ ရုပ်မြင်သံကြားစက်ဖြင့် 5-movie လိုင်းတပ်ဆင်ထားသော လက်ဖက်ရည်ဆိုင်များအားလုံး ထိုကဲ့သို့ပင် ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေ တတ်သည်။
ယနေ့ခေတ်လက်ဖက်ရည် ဆိုင်များမှာ လက်ဖက်ရည်ရောင်းခြင်းနှင့် ဘောလုံးပွဲပြခြင်းကို စီးပွားရေးလုပ်ငန်း တခုအနေနှင့်တွဲပြီးပြုလုပ်တတ်သလို၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၏ ၈၀ ရာနှုန်း ခန့်ကလည်း ဘောလုံးပွဲ လောင်းရာတွင် ဒိုင်အဖြစ်ဆောင်ရွက်လေ့ရှိကြောင်း ဘောလုံးပွဲလောင်းသူ တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ်ပွဲစဉ်၊ အီတလီ စီးရီးအေ ပွဲစဉ်၊ စပိန် လာလီဂါပွဲစဉ်၊ စီတီလေးပွဲစဉ်၊ ဘွန်ဒတ် စလီဂါ ပွဲစဉ် စသည့်ပွဲစဉ်များအား လောင်းကြသလို၊ တိုင်းနှင့်ပြည်နယ်ပွဲများ၊ ချစ်ကြည်ရေးပွဲများကိုလည်း လောင်းလေ့ရှိကြောင်း သိရသည်။
ဘောလုံးပွဲစဉ်များရှိသည့် သြဂုတ်လမှ မေလအထိ ကာလများတွင် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဘောလုံးပွဲပြလေ့ရှိသော ဗီဒီိယို ရုံများတွင်သာ ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေတတ်သည် မဟုတ်၊ ကာရာအိုကေအခန်းများဟု ခေါ်သော KTV အခန်းများတွင်လည်း(တယူနစ်) ဘောလုံးပွဲ တပွဲစာ အခကြေးငွေ ပေးပြီး ဘောလုံးပွဲလောင်းကြသလို၊ ငွေကြေးချမ်းသာသူများက ဟိုတယ်ကြီးများတွင် နှစ်ယောက်ခန်း၊ မိသားစု ခန်းများ ယူကာ ညလုံးပေါက် စားကြ သောက်ကြရင်း ဘောလုံးလောင်းကစားသမားများစုကာ လောင်းကြ ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံမှာ ၂ လုံး ထီထိုးတာ ပြီးရင် ၁ လုံးလို့ခေါ်တဲ့ ဘောလုံးပွဲ ထိုးတာ အများဆုံးပဲ၊ ခုဆို အမျိုးသားတွေ ရော၊ အမျိုးသမီးတွေပါ ထိုးလာကြတာ လူ ၁၀ ယောက်ရှိရင် ၈ ယောက်လောက်က ၁ လုံးထိုးကြတယ်" ဟု ဘောလုံးပွဲ ဒိုင်ကိုင်သူ တဦးက ပြောဆိုသည်။
ဘောလုံးပွဲများကို လက်ဖက်ရည်ဆိုင်များ၊ ဘောလုံးပွဲပြသသော ရုံများမှ ကိုယ်စားလှယ်ဒိုင်များထံတွင် ထိုးလို့ ရသလို၊ တယ်လီဖုန်းများဖြင့်လည်း ထိုးလို့ရကြောင်း၊ တယ်လီဖုန်းဖြင့် ထိုးရာတွင် ညစဉ်ပိုက်ဆံရှင်းစရာမလိုဘဲ တပတ်တခါ၊သို့မဟုတ် ၂ ပတ် တခါမှ ထိုးကြေးများကို ရှင်းပေးရခြင်းဖြစ်ကြောင်း ဘောလုံးပွဲကစားသူများထံမှ သိရှိရသည်။
ဘောလုံးပွဲထိုးသူများ တဖြည်းဖြည်းနှင့်တိုးလာသလို ဒိုင်ကိုင်သူများလည်း တိုးလာကြောင်း လွန်ခဲ့သော ၁၉၉၀ ခုနှစ်က ရပ်ကွက်တခုတွင် ဘောလုံးပွဲ ဒိုင် ၃ ဦး ၄ ဦးခန့်သာ အများဆုံး ရှိသော်လည်း ယနေ့ ၂၀၀၈ တွင် ဘောလုံးပွဲ ဒိုင်များမှာ ထိုးကြေးများပေါ်တွင် မူတည်ပြီး ရပ်ကွက်တခုတွင် အနည်းဆုံး ဒိုင် ၃၀ ကျော်ခန့် ရှိနေကြပြီဖြစ်ကြောင်း ဘောလုံးပွဲ ဒိုင်ကိုင်သူက ပြောဆိုသည်။
သူတို့ မြောက်ဒဂုံ ၄၉ ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ပေါင်း ၄၀ ကျော်ရှိပြီး ဘောလုံးပွဲပြသော လက်ဖက်ရည် ဆိုင်မှာ ၄၀ တိတိရှိကြောင်း၊ ဘောလုံးပွဲပြသော ရုံမှာမူ ၁၆ ရုံ ရှိကြောင်း အဆိုပါရပ်ကွက်တွင်း စာရင်းကောက် ယူမှု အရေ သိရှိရသည်။
ထိုကဲ့သို့ပင် ယုဇနဥယျာဉ်မြို့တော်တွင်လည်း မိသားစုပေါင်း ၁၅၀၀ ခန့်ရှိရာ ဘောလုံးပွဲ ပြသာရာ လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်၊ ဗီဒီယိုရုံ စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။
ဘောလုံးပွဲထိုးသူအများစုမှာ ဘောလုံးပွဲ ၀ါသနာပါသောကြောင့်မဟုတ်ဘဲ ငွေလိုချင်သောကြောင့် ထိုးကြသူများ ကြောင်းနှင့် ၀င်ငွေနည်းပြီး အပိုအသုံးစရိတ်များတက်လာသောကြောင့် စွန့်စားပြီးထိုးသူများလာခြင်းဖြစ်ကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။
"ကျနော်တို့လောင်းနေတာက အဓိကက ပိုက်ဆံလိုချင်လို့ပဲဗျ၊ ရတဲ့ လစာနဲ့လည်း မလောက်ဘူး၊ အပိုဝင်ငွေရ အောင် သူငယ်ချင်းတွေလည်း ဒီလိုနည်းနဲ့ လုပ်နေတာပဲ၊ ကျနော်လည်း အဲဒီထဲက တယောက်ပေါ့" ဟု အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးက ပြောဆိုသည်။
ယနေ့ ဘောလုံးပွဲလောင်းသူများထဲတွင် အသက် ၁၀ နှစ်နှင့်အထက်မှ အရွယ်စုံ တွေ့ရပြီး အများဆုံးလောင်း နေကြသူများမှာ အသက် ၂၀ ၀န်းကျင်အရွယ်မှ အသက် ၅၀ ၀န်းကျင် အရွယ်အမျိုးသားများဖြစ်နေကြောင်း တွေ့မြင်ရသည်။
လောင်းကြေးများမှာလည်း အနည်းဆုံး ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ မှ ကျပ် သိန်းရာချီပြီးလောင်းနိုင်သော ဒိုင်ကြီး များလည်း ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သော အပတ်တုန်းက ချယ်လ်ဆီးအသင်းဘက်မှ လောင်းရာတွင် သိန်း ၃၀ လောက် အနိုင်ရလိုက်သော အသက် ၄၅ နှစ်အရွယ် ကိုအောင်မြင့်အေးသည် ဒီတပတ်လုံး ရှုံးသည့်အတွက် နေသည့်အိမ်ကိုပါ ပေါင်လိုက်ရ သည် အထိ ရှုံးသွားကြောင်း ပြောဆိုသည်။
"ဒီနေ့ ကားစီးပြီး နောက်နေ့ စီးစရာကားမပြောနဲ့ တက္ကစီခတောင် မကျန်တော့တဲ့ နေ့တွေ၊ မိဘ အမွေတွေ အကုန် ပြောင်တဲ့ အဖြစ်တွေ ကျနော် ကြုံခဲ့ဖူးတယ်၊ ခုလဲ အိမ်ပေါင်လိုက်ရပြီ ဒါပေမယ့် ဘောလုံးပွဲလောင်းတာ ကို ကျနော် မဖြတ်နိုင်တော့ဘူး" ဟု သူ ပြောသည်။
ခုလို လူအများဘောလုံးပွဲလောင်းနေကြခြင်းမှာ စီးပွားရေးလုပ်ငန်းများတွင် မသေချာ မရေရာမှုများ များလာသော ကြောင့်ဖြစ်ကြောင်း၊ ဘ၀ အာမခံချက်နည်းလာသည့်အတွက် လူငယ်များလည်း ဘောလုံးပွဲများဆီ ရောက်ကုန် ကြခြင်းဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ်သည်။
"ခေတ်ပျက်လာလေ လောင်းကစားပိုလုပ်လာလေဆိုတဲ့ သဘောပဲ၊ တိုင်းပြည်စီးပွားရေးကျပြီး လူတွေကြပ်တည်း လာတာနဲ့ အမျှ လောင်းကစားဝိုင်းတွေ ပိုများလာမှာပဲ၊ ခုလဲ ဘောလုံးပွဲလောင်းတဲ့သူ ဟာ ၂ မျိုးပဲ ရှိတယ်၊ ငွေလိုချင်လို့ လုပ်တဲ့သူနဲ့ ၀ါသနာပါလို့ လုပ်တဲ့သူ ပေါ့၊ သေချာကြည့်ရင် ငွေလိုချင်လို့ လောင်းတဲ့သူက ပိုများ လာတယ်" ဟု ၎င်းက ပြောဆိုသည်။
လောင်းကြရာတွင်လည်း အခြေခံလူတန်းစားအများစုလောင်းသည်မှာ “မောင်း” ဟု သိရပြီး ထိုနည်းမှာ အနည်းဆုံး လောင်း ကြေး ကျပ် ၁၀၀၀ နှင့် ၄ ပွဲ လုံး မှန်အောင်လောင်းနိုင်ပါက ၁၃ ဆ ရရှိမည်ဖြစ်ပြီး တပွဲ ရှုံးပါက ထိုးကြေး ၁၀၀၀ ကို ဒိုင်စားသည့် စနစ်ဖြစ်ကြောင်းသိရှိရသည်။
မောင်းစနစ်တွင် အနည်းဆုံး ပွဲ ၄ ပွဲ လောင်းလို့နိုင်ပါက ၁၃ ဆ၊ ပွဲ ၅ ပွဲလောင်းနိုင်ပါက ၂၃ ဆ၊ ပွဲ ၆ ပွဲလောင်းနိုင်ပါက ၃၂ ဆ၊ ၇ ပွဲလောင်းနိုင်ပါက ၇၄ ဆ၊ ၈ ပွဲလောင်းနိုင်ပါက အဆ ၁၀၀ ရရှိမည်ဖြစ်ပြီး ထိုပွဲများတွင် ၁ ပွဲရှုံးပါက လည်း အရှုံးဟု သတ်မှတ်ကာ ထိုးကြေးငွေကို ဒိုင်စားခြင်းဖြစ်သည်။
အခြားနည်းတခုမှာ တပွဲချင်းလောင်းသော focus လောင်းနည်းဟု ခေါ်သော နည်းဖြစ်သည်။ ထိုနည်းမှာ ဂိုးအရေအတွက်ကို သေချာစဉ်းစားပြီး လောင်းသော နည်းစနစ်ဟုသိရကာ လူသုံးများသော လောင်းနည်းဖြစ် ကြောင်း သိရှိရသည်။
အခြားနည်းတခုမှာ အနိုင်အရှုံး လောင်းနည်းဖြစ်ပြီး ထိုနည်း ပေါက်ကြေး ဈေးမှာ တရုတ်ဒိုင်များက ဖွင့်သည့် ဈေးဖြစ်ကြောင်း သိရှိရသည်။ ထိုနည်းကိုလည်း ဘောလုံးကစားသမား ၀ါရင့်များက အများဆုံး ကစားကြကြောင်း ဘောလုံးဒိုင်တဒိုင်မှ ၀န်ထမ်းတဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဘောလုံးပွဲများကို အားကစားအနေနှင့် အားပေးသူများထက် လောင်းကစား တခုအနေနှင့် လောင်းကစား လုပ်သူများက ပိုများလာကြောင်း၊ လူတန်းစားအသီးသီး က ဘောလုံးပွဲ ရာသီများဖြစ်သော သြဂုတ်လမှ မေလအထိ ရာသီချိန်တလျှောက်လုံးလောင်းလျက်ရှိသောကြောင့် သူဌေးဖြစ်သွားသူရှိသကဲ့သို့ မွဲတေသွားသူများ ရှိလာကြောင်း၊ စီးပွားဖြစ် လုပ်လာသူများလည်း တဖြည်းဖြည်းနှင့်များ လာကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။
"ဘောလုံးဂျာနယ်တွေ ရောင်းအားကောင်းနေတာ ဘောလုံးပွဲ အနိုင်အရှုံးခန့်မှန်းချက်တွေ ပါလို့ပဲ၊ လူတွေက ဘောလုံးဂျာနယ် ၀ယ်ဖတ်တယ်ဆိုတာ အားကစား စိတ်ရှိလို့မဟုတ်ဘူး လောင်းချင်လို့" ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးဂျာနယ်များမှာ ရောင်းအား အကောင်းဆုံးဖြစ် လျက်ရှိပြီး ထိုဂျာနယ်များမှာ ပွဲစဉ်များ၏ အနိုင်အရှုံးများကို ခန့်မှန်းရေးသားကြသလို၊ လောင်းကြေးများကိုလည်း ဖော်ပြပေးလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါ ဘောလုံးဂျာနယ်များတွင် ဘောလုံးပွဲစဉ်များ၊ အနိုင်အရှုံးခန့်မှန်းချက်များနှင့် လောင်းကြေးများကိုပါ ထည့်သွင်းဖော်ပြကြသောကြောင့် ရောင်းအားတက်လာသည်ကို တွေ့ရသည့်အတွက် သတင်းဂျာနယ်များက လည်း ဘောလုံးပွဲအနိုင်အရှုံးခန့်မှန်းချက်များကို ပါ စာမျက်နှာပေးပြီး ဖော်ပြလာကြသည်။
"ခန့်မှန်းတာ မှန်တဲ့ ဂျာနယ်က တက်သွားတာပဲ။ စောင်ရေများချင်ရင် တက်ချင်ရင် ဘောလုံးပွဲ ကို နိုင်အောင် ခန့်မှန်းတတ်ဖို့လိုတယ်၊ ခုဆို သတင်းဂျာနယ်တွေမှာတောင် ခန့်မှန်းတာတွေ ဖော်ပြလာကြပြီ" ဟု ဂျာနယ် အရောင်းဆိုင်ရှင် တဦးက ဆိုသည်။
တချို့ဘောလုံးဂျာနယ်များမှာ ဒိုင်များနှင့်ပေါင်းပြီး ဒိုင်ဘက်က နိုင်အောင် ရေးပေးသော ခန့်မှန်းပေးသော ဂျာနယ်များလည်း ရှိသည်ဟု ၄င်း၏ ပြောပြချက်အရ သိရသည်။
ဘောလုံးပွဲလောင်းရာတွင် အကျိုးအမြတ်ရှိသူများမှာ ဒိုင်များသာဖြစ်ပြီး ဒိုင်များမှာ ဘောလုံးပွဲစဉ် တော်တော် များများတွင် နိုင်လေ့ရှိကြောင်း ၊ ဘောလုံးပွဲလောင်းသူ နိုင်ပါကလည်း ၅ ရာနှုန်းကို ဒိုင်များအား ပေးရလေ့ရှိ ကြောင်း သိရှိရသည်။
ဘောလုံးပွဲလောင်းကြသူအများစုမှာ ဘောလုံးရာသီဖြစ်သော သြဂုတ်လမှ မေလထိ တောက်လျှောက်ရှိသမျှ ဘောလုံးပွဲစဉ် တိုင်းကို လောင်းနေကြခြင်းဖြစ်ပြီး ဒိုင်များသာလျှင် စီးပွားဖြစ်သွားလေ့ရှိကြောင်း ဂျာနယ် အရောင်းဆိုင်ရှင်က ပြောဆို သည်။
လက်ရှိ ဒိုင်လုပ်နေသူများမှာ ငွေကြေးအရင်းအနှီးနည်းသူရော၊ များသူများ ရှိကြောင်း တချို့ဒိုင်ကြီးများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ပါ ဆက်သွယ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်းလည်း သူက ပြော သည်။
မြန်မာနိုင်ငံတွင် ဘောလုံးပွဲလောင်းချင်းသည် တရားမ၀င် လောင်းကစား တခုဖြစ်သောကြောင့် ဘောလုံးပွဲဒိုင် လုပ်သူများမှာ ရဲတပ်ဖွဲ့များထံသို့ ပုံမှန် လိုင်းကြေး ပေးနေရကြောင်း သိရသည်။
"လိုင်းကြေးက အမျိုးမျိုးပဲ ရပ်ကွက်နယ်ထိန်းလောက်ဆိုရင် ၁ ရက်ကို ၁ ထောင် ၂ ထောင်လောက်ပေးရင် ရတယ်၊ တိုင်းကနေ ဆင်းလာတဲ့သူဆိုရင်တော့ အနည်းဆုံး ၃ ထောင် ၅ ထောင်ကနေ သူတို့တောင်း သလောက်ပေးရတာပဲ" ဟု ကျောက်တံတားမြို့နယ် ဘီယာဆိုင်တဆိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် လောင်းကြေးများများကိုင်ကာ ရပ်တည်နေကြသော ဒိုင်များမှာ စီးပွားရေးလုပ်ငန်း ရှင်ကြီး များဖြစ်နိုင်သည်ဟုခန့်မှန်းနေကြပြီး ထိုဒိုင်များမှာ ဒိုင်ခွဲများ အမြောက်အမြားထားရှိကာ ၄င်းတို့အား လူမသိစေ ရေးအတွက် နာမည်မထွက်ရန် ကာကွယ်ထားကြကြောင်း သိရသည်။
ဧရာဝတီမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 8:07 AM 0 comments
Dr Zanita ရဲ့ အတွေးအမြင်
လေးစားလျက်
ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့  ရောက်ရှိနေထိုင်နေတဲ့ လူပုဂ္ဂိုလ်တွေ ရဟန်းတော်တွေ အများကြီး။ ဒီအထဲမှာ ကိုယ့်အမိနိုင်ငံအရေး စိတ်မအေး ကြောင့်ကြ ဖြစ်နေသူတွေလည်းရှိ။ ကြောင့်ကြမဲ့စွာ ကိုယ့်နိုင်ငံအရေး ကိုယ်နဲ့ မဆိုင်သလို နေသူတွေလည်းရှိ၊ ယေဘုယျ ခြုံကြည့်လျင်တော့ မဆိုင်သလို အေးအေးဆေးဆေး နေသူတွေက အများသားပါ။ စကားစပ်မိလို့  ကိုယ့်နိုင်ငံရဲ့ အောက်ကျနောက်ကျဖြစ်နေမှုကို ပြောတတ်သူတွေတော့ များသပေါ့၊
တကယ်တော့ ကိုယ့်နိုင်ငံအရေး လုပ်ကိုင်နေကြသူတွေ အများစုက ကိုယ့်အချိန် ကိုယ့်ငွေကြေး စိုက်ထုတ်ပြီး လုပ်နေကြသူတွေက ပိုများမယ်ထင်ပါတယ်၊ ပေါ်ပင်လိုက်ပြီး အချောင်လမ်းလိုက်ကာ အမြတ်ထုတ်သူဆိုတာလည်း အနည်းအကျဉ်းတော့ ရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုသူတွေဆိုတာလည်း အများအလည်မှာ တာရှည်စွာ ရပ်တည်နေနိုင်မယ် မဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည်အရေးလုပ်ဆောင်နေကြတဲ့ မပြောပလောက်တဲ့အရေအတွက်လေးကြားမှာ ဘယ်လိုပေါင်း စည်းကာ လုပ်ဆောင်ကြမယ်ဆိုတဲ့အစား အပြစ်တင်တာတွေ ဝေဖန်တာတွေသာ များနေမယ်ဆိုလျင်တော့ ဘယ်တော့မှ ကိုယ့်လုပ်ငန်းက ရှေ့ ရောက်နိုင်မယ် မထင်ပါဘူး။ နောက်ပြီးလည်း လူပု၈္ဂိုလ်တစ်ဦးဦးကိုပဲဖြစ်ဖြစ်၊ အဖွဲ့ အစည်းတစ်ခုခုကိုပဲဖြစ်ဖြစ် အပြစ်တင် ဝေဖန်တော့မယ်ဆိုလျင်လည်း ကိုယ်ဝေဖန်အပြစ်တင်မည့် ပုဂ္ဂိုလ်အဖွဲ့ အစည်းရဲ့ တကယ့်ပကတိ အခြေအနေမှန်ကို နားလည်အောင် လေ့လာပြီးမှ ဝေဖန်သုံးသပ်မယ်ဆိုလျင် ပိုပြီးသင့်လျော် သဘာဝကျမှာပါ။ ဒါတောင် အခြေအနေနဲ့  အချိန်အခါအရ သည်းခံအောင့်အည်းရတာမျိုးလည်း ရှိတတ်တာပါ၊ ကိုယ့် ဘုံပြဿနာက ဘာလည်းဆို တာကို မမေ့ပျောက်သင့်ပါဘူး။
တပည့်တော်တို့ တတွေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် ပူးပေါင်းကာ အလုပ်တွေ အများကြီး လုပ်ကြရဦးမှာ။ တခါတလေမှာ လူသားဆိုတာ ကိုယ်လုပ်နေတာကိုမှ အမှန်တရားလို့ လည်း ထင်တတ်ကြတယ် မဟုတ်လား၊
သေချာတာကတော့ ညီညွတ်မှုမဲ့ စည်းလုံးမှုမဲ့ အချင်းချင်း ပြစ်တင်ဝေဖန်မှုတွေနဲ့ သာ ပြည့်နှက်နေမယ် ဆိုလျင်တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ဆိုတာ ဝေးသထက် ဝေးနေဦးမှာ မလွဲပါဘူး။ တိတျကျကျဆိုရလျင် ဘယ်တော့မှတောင် ရလာနိုင်မယ် မဟုတ်ပါဘူး၊
မေတ္တာဖြင့်
အီးမေးမှ Forward လုပ်ပေးပို့လာခြင်းဖြစ်သည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 7:28 AM 0 comments
ရခိုင် ဘုန်တော်ကြီးတစ်ပါး အဆိပ်ကျွေး လုယက် ရိုက်နှက်ခံရ တရားခံကို ဖမ်းဆီး ဖေါ်ထုတ်နိုင်
ဒီဇင်ဘာ ၈ ရက်
ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ် ထူးဆုံမြို့ နယ် နခိုစီဌာမရ မြို့  ၀ပ်ခေါင်တာလေ ကျောက်ဂူအတွင်း
သီတင်းသုံး နေထိုင်တော်မူသော ရခိုင်သံဃာတော် တစ်ပါးအား ဆွမ်းတွင် အဆိပ်ထည့်၍ မူးလဲနေစဉ် ဦးခေါင်း
နှင့် မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ပြီး ငွေကို လုယက်ခံခဲ့ရသည်။
သက်တော် (၄၃)နှစ်ရှိ ဘုန်းတော်ကြီး ဦးက၀ိန္ဒ ဒီဇင်ဘာ၅ရက်နေ့ နေ့လည်က၊ ယခင်ကပင်
ရင်းနှီးဖူးသော ဗမာပွဲစား ကိုဦးဆိုသူ ကနေ့ဆွမ်းကို အဆိပ်ခတ်၍ ဆက်ကပ်ခဲ့သည်။ ဆွမ်းသုံးဆောင်
ပြီး မူးမေ့နေစဉ် သံဃာတော် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဒေသခံ ရခိုင် အလုပ်သမားများတွင်အပ်နှံထားသော ဘတ်ငွေ ၉၂၀၀၀ နှင့် မရေတွက်ရသေးသော အလှူခံပုံးတို့ကို လုယူ၍ ထွက်ပြေးသွားခဲ့ကြသည်။
ညနေ၄ နာရီကျော်တွင် ဘုန်းတော်ကြီးထံသို့ ထိုင်းလူမျိုးများ လာရောက်ဖူးမျှော်သောအခါ သွေးအလိမ်း
လိမ်းဖြင့် သေလုမျောပါး တွေ့ရှိကြရသဖြင့် ထူးဆုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ ဘုန်းကြီးတွင် ခေါင်းတွင်
ပေါက်ပြဲသွား ရုံသာမက ရှေ့ အပေါ်သွား တစ်ချောင်း ကျိုးသွားခဲ့ပြီး လည်ပင်းတွင် ရောင်ကိုင်းသွားခဲ့သည်။
ဒေသအခြေစိုက် ရခိုင်အလုပ်သမားများ ကွန်ယက်ဖြန့်ကျက် ၀ိုင်းဝန်း ကြိုးပမ်းမှုတို့ကြောင့် ဒီဇင်ဘာ(၆)၇က်နေ့ နံနက်တွင် မလေးရှားနိုင်ငံ နယ်စပ်ကို ကျော်ဖြတ်ရန် ရောက်လာစဉ် ဖထနုန်မြို့  နတ်ကလိန်ရပ်ကွက်တွင် ရခိုင်အလုပ်သမား ကိုမောင်ကျော်တို့က ကိုဦးကို ဖမ်းဆီး၍ ထိုင်းရဲများ လက်သို့ အပ်နှံနိုင်ခဲ့သည်။
ဘုန်းကြီးဧ။်ညီ ကိုသန်းထွန်း က"အစ်ကို ဘုန်းကြီးက ပြောတယ် ဆွမ်းစားပြီး မူးလဲသွားတာလောက်ပဲ မှတ်မိ
တယ်၊ ခုစကားမပြောနိုင်သေးဘူး ရှေ့  အပေါ်သွား နှစ်ချောင်း ကျိုးသွားတယ်၊ ဘုန်းကြီးကိုရိုက်သတ်ပြီး ငွေလု
ယူသွားသူက ရန်ကုန်တိုင်း သာကေတက စစ်ပြေးတစ်ယောက်ပါ သူနာမယ်ကိုဦးပါ တောင်ကြီးရှမ်းမ တစ်ယောက်နဲ့ အိမ်ထောင်ကျ နေသူဖြစ်ပါတယ်၊ နခိုစီဌာမရက ပုလိပ်တွေလာ ပြီး စစ်ဆေးချက်တွေ လာယူ သွားခဲ့ပါတယ်" ဟုပြောသည်။
တရားခံဟု ယူဆရသူ ကိုဦး ထံမှ ဘတ်ငွေ ၆၂၀၀၀ ကို ရဲများက ဖမ်းသိမ်းဆည်းရမိပြီး ကျန်ငွေများကို သုံးစွဲ
လိုက်ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲဝင်များက ပြောသည်။
အဆိုပါ ဘုန်းတော်ကြီးမှာ ခေါင်တာလေ တောစပ်တွင် တစ်ပါးတည်း ကျောက်ဂူတစ်လုံးတွင် တောရပ်
ဆောက်တည်နေပြီး အနီးအနား အောက်ဖက်အရပ်တွင် ထိုင်းဘုန်းတော်ကြီး တစ်ပါးတည်း ကျောက်ဂူထဲတွင် တရား အားထုတ် နေထိုင်ကြသည်။ ကျောက်ဂူတွင် ဗုဒ္ဓ ရုပ်ပွားတော်များ ထုလုပ် ပူဇော်ထားသဖြင့် တောရ ကျောက်ဂူ ဘုန်တော်ကြီးကျောင်းမှာ ထိုင်းလူမျိုးများ အကြား အထူးကြည်ညို ကိုးကွယ်ခြင်း ခံရပြီး နာမည် ကျော်ကြားကြောင်း သိရှိရသည်။
ဘုန်းတော်ကြီး ဦးက၀ိန္ဒညသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် ချင်းရွာ ရပ်ကွက်မှ ဖြစ်သည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။
Labels: သတင်း
Posted by Ashin dhamma at 7:26 AM 0 comments
Monday, December 8, 2008
ပြန်ဆုံမယ့် နေ့စွဲမရှိသော ခွဲခွာခြင်း

ပြန်ဆုံမယ့် နေ့စွဲမရှိသော ခွဲခွာခြင်း
2008/12/08
တန်ဆောင်မုန်းလပြည့်နေ့ မနက် ၄ နာရီမှာ ကျမတို့သားအမိ ရွှေတိဂုံဘုရားဖူးဖို့ ရင်ပြင်တော်ပေါ်မှာ ရောက်နေတယ်။ မသိုးသင်္ကန်းယက်ပြီး ဘုရားရုပ်ပွားတော်ကို ကပ်လှူနေတဲ့ အဖွဲ့တွေ၊ အရုဏ်ဆွမ်းကပ်လှူသူတွေနဲ့ ဘုရားပေါ်မှာ ကြက်ပျံမကျ စည်ကားနေတယ်။ ရွှေရောင်ဝင်းပနေတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကြီးကတော့ သပ္ပာယ်အေးချမ်းလို့။
နေ့နံအလိုက် ဂြိုလ်တိုင်အသီးသီးမှာ ၀တ်ပြုဆုတောင်းသူ၊ ရေသပ္ပာယ်သူ၊ မီးပူဇော်သူ၊ ပန်းပူဇော်သူတွေကို ကောင်းကင်က လမင်းက လှမ်းကြည့်နေတယ်။ သူ့ရဲ့အလင်းရောင်က ရွှေတိဂုံစေတီရဲ့ ဆလိုက်မီးရောင်ကို မတိုးဝံ့အောင် ဖြစ်နေရှာတယ်။
အောင်မြေလို့ သတ်မှတ်ထားတဲ့ နေရာမှာတော့ လူတွေက ပြည့်ကျပ်နေတာလေ။ လူ့သဘာဝအတိုင်း လုပ်သမျှ အောင်မြင်ဖို့၊ ပြောဆိုသမျှ အောင်မြင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို အောင်မြေကနေ ဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကြတယ်။
ကျမတို့သားအမိလည်း အောင်မြေနင်းနိုင်ဖို့ စောင့်ရင်း ရွှေတိဂုံ စေတီကြီးကို မမှိတ်မသုန် ပူဇော်နေမိတယ်။ ဘယ်အချိန်ကျမှ ကိုယ်တိုင်ကိုယ်ကျ ပြည်လည် ဖူးခွင့်ကြုံရမလဲဆိုတာ မသိတဲ့ ရွှေတိဂုံစေတီကို ရင်ထဲကနေ လက်အုပ်ချီ နှုတ်ဆက်နေတာလေ။ ပဲခူးရိုးမအဆက် သိဂုတ္တရတောင်ကုန်းပေါ်က ရွှေတိဂုံ စေတီတော်ကြီးကတော့ ပင်လယ်ဝက ကြည့်ကြည့်၊ မြို့ပြင်တွေက ကြည့်ကြည့် ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံကို မြင်တာနဲ့ လက်အုပ်ချီမိရင် ရင်ထဲ ချမ်းမြေ့ကြည်နူးသွားရတဲ့ မြန်မာပြည်သူတယောက်အနေနဲ့ ခေတ္တ ခွဲခွာခြင်းပေါ့။
စေတီပုထိုးမြင်ရင် လက်အုပ်ချီ ဆုတောင်းတတ်တဲ့ ကျမတို့ မြန်မာလူမျိုးတွေအဖို့ ဘယ်နေရာရောက်ရောက် သတိရနေရော့မယ်။ ကျမ အောင်မြေမှာ ကျုံ့ကျုံ့ထိုင်ရင်း "ရွှေတိဂုံစေတီကြီးကို အမြန်ဆုံး ပြန်လည် ဖူးခွင့်ကြုံရပါလို၏" လို့ ဆုတောင်းမိတယ်။
ရွှေတိဂုံ အရှေ့ဘက် ကြေးသွန်းဘုရားကြီး ရှေ့ရောက်တော့ စက်တင်ဘာ သံဃလှုပ်ရှားမှုကြီးမှာ ကိုအောင်ဝေး၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ အမ သန်းမြင့်အောင်တို့နဲ့အတူ ကျမ ပါဝင်ဆွမ်းကပ်ခဲ့တာကို သတိရရင်း သွေးတွေ နွေးသွားတယ်။
သံဃာတော်တွေကို လက်နက်နဲ့ ရက်စက်စွာ ရိုက်နှက်ပစ်ခတ် သတ်ဖြတ်တဲ့ စစ်သားတွေကို မကြောက်မရွံ့ လက်တုံ့ပြန်ခဲ့တဲ့ ဗဟန်းဈေးသည်၊ ဘုရားစောင်းတန်း ဈေးသည်တွေရဲ့ ကြေးညောင်ရေအိုးတွေ၊ ကြေးစည်တွေ အခုပဲ ကျမရှေ့လွင့်ပျံပြီး ရောက်လာသလို ခံစားမိသေးတယ်။
ပြေးရင်းလွှားရင်းက "အပြစ်မဲ့တဲ့ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေကို သတ်ကုန်ပြီ။ အရှင်ဘုရားတို့၊ မင်းဆိုးမင်းညစ်ဘေးက လွတ်အောင်ပြေးကြပါ" လို့ သံကုန်အော်ဟစ်ခဲ့တဲ့ ကျမ အခုတော့ သွေးစွန်းခဲ့တဲ့ ရွှေတိဂုံ ကုန်းတော်မြေကို စွန့်ခွာပြီး မြန်မာပြည်က ထွက်ခွာရတော့မယ်။
ခင်ပွန်းသည်ကို ၈ နှစ်ကြာ ထောင်ဝင်စာတွေ့ခဲ့တုန်းက ကျမ ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရတယ်။ မြန်မာပြည် အနောက်မြောက်မြို့တော် မုံရွာကိုဖြတ်ပြီး ချင်းတောင်ခြေရင်း ကလေးထောင်ကို ထောင်ဝင်စာ ၇ နှစ် တွေ့ခဲ့ရတဲ့ ကျမ ဘ၀အမောပြေမယ် မကြံသေးဘူး။
ထောင်က ထွက်လာပြန်တော့လည်း နိုင်ငံရေးသည်သာ သူ့ရဲ့အသွေးအသား၊ သူ့ရဲ့ဘ၀လို့ ယုံကြည်ချက်ပြင်းတဲ့ ခင်ပွန်းသည်က ပုဒ်မတွေ အများကြီးပိုက်ပြီး လွတ်မြောက်နယ်မြေကို ထွက်ခွာသွားရလေရဲ့။
၂၀၀၂ မှာ "၄၀၁" ကို လက်မှတ်ထိုးရင် လွှတ်ပေးမယ်လို့ အာဏာပိုင်က ခင်ပွန်းသည်ကို ကမ်းလှမ်းခဲ့တယ်။ "နောက်နောင် နိုင်ငံရေး မလုပ်တော့ပါဘူး၊ လုပ်ခဲ့ရင် ယခု ထောင်ကြွေးကျန်နဲ့ တပေါင်းထဲ ကျခံရမယ်" ဆိုတဲ့ "၄၀၁" ကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး၊ အကျဉ်းထောင်ထဲ ပြန်ဝင်သွားတဲ့ ခင်ပွန်းသည်ကို နားချပေးဖို့ အာဏာပိုင်က ကျမကို ပြောခဲ့တယ်။
"အကျဉ်းထောင်ဆိုတာ မနေအပ်တဲ့နေရာ၊ လူသားအခွင့်အရေး ဆုံးရှုံးတဲ့နေရာ၊ ဒါပေမဲ့ သူက သူ့ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး ဆုံးဖြတ်တာပဲ။ ၄၀၁ ကို လက်မှတ်ထိုးလို့ သူ့ကို သစ္စာဖောက်လို့ ဆိုရင်လည်း ကျမ ရင်ဆိုင်မယ်။ ၄၀၁ ကို လက်မှတ်မထိုးလို့ သူရဲကောင်းဆိုလည်း ကျမ ကြိုဆိုမယ်။ သူ့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမက သူ့ကို ပါရမီဖြည့်ရမှာပဲ" လို့ ကျမ အာဏာပိုင်ကို ပြန်ပြောခဲ့တယ်။
၂၀၀၅ ဇူလိုင်လ ၆ ရက်မှာ ခင်ပွန်းသည် ပြန်လွတ်လာခဲ့တုန်းကတော့ ကျမတို့သားအမိနဲ့အတူ မိဘဆွေမျိုးတွေ ပျော်လိုက်ရတာ။ မိသားစု သုံးယောက် ခွဲနေရတဲ့ ၇ နှစ်စာ အတိုးချပြီး တယောက်ကို တယောက် အရိပ်ကြည့် ဖြည့်ဆည်းခဲ့ကြတာ ပတ်ဝန်းကျင်ကပါ "ဒါမှ မိသားစု ခေါ်တာ" လို့ ပြောလို့ရတဲ့ အထိ။
ကျမတို့ မိသားစုဘ၀လေး တည်တည်ငြိမ်ငြိမ်နဲ့ ချမ်းမြေ့ပျော်ရွှင်ဖို့ ဘ၀က ခွင့်မပြုခဲ့ဘူး။ မြန်မာပြည်မှာ လူဖြစ်ရတဲ့၊ မြန်မာပြည် နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားတဲ့ ကျမတို့လို မိသားစုတွေဟာ ဒီလို ထိတ်လန့်တကြားနဲ့ မငြိမ်မသက် ဖြစ်ရမှာပဲ။ ရေစုန်ကို မလိုက်ဘဲ၊ ရေဆန်ကိုဘဲ ကျမတို့ ရွေးချယ်ခဲ့တာ။
အခုတော့ ခင်ပွန်းသည်ရဲ့လောကဓံ လှိုင်းတံပိုးက ကျမတို့သားအမိကိုပါ ရိုက်ပုတ်သွားတယ်။ "အိမ်ရှင်တို့" ဆိုတဲ့ ညဘက်တံခါးခေါက်သံ၊ "တာဝန်အရ စစ်ဆေးချင်လို့ပါ" ဆိုတဲ့ စကားသံတွေက ကျမတို့ သားအမိ ဘ၀လုံခြုံရေးကို ပါထိပါးလာခဲ့ပြီ။ ကျမတို့သားအမိ ဘ၀လုံခြုံရေးအတွက် မိတ်ဆွေရဲဘော်တွေက ခင်ပွန်းသည်နောက်ကို အမြန်လိုက်ဖို့ ၀ိုင်းဝန်ကူညီပေးကြပါတယ်။
ရွှေတိဂုံ ကုန်းတော်ပေါ်ကအပြန် အိမ်ရောက်တော့ ကျမရင်ထဲ ခံစားချက်မျိုးစုံနဲ့ ဟုန်နေတယ်။ ကျမချစ်တဲ့ မြန်မာပြည်၊ ကျမ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ ၊ ကလေးရဲ့ ရေမြေတောတောင် ယဉ်ကျေးမှု ဓလေ့ထုံးစံ။ မြန်မာပြည်ရဲ့ အထင်ကရ ဧရာဝတီနဲ့ ချင်းတွင်းရဲ့ အလှ။ မိသားစု ဆွေမျိုးမိတ်ဆွေတွေရဲ့ ချစ်ခြင်းမေတ္တာကို တောင့်တမိသေးတယ်။ ဒီဝန်းကျင်ကို ဘယ်နေ့ဘယ်ရက်မှာ ပြန်ဆုံမယ်လို့ ပြောရမယ့် နေ့စွဲကို ကျမတို့ မပြောနိုင်ဘဲ ကံတရားဆီမှာ ကျမတို့လိပ်စာများ ပျောက်နေသလား။ ဒါမှမဟုတ် မရှိတာလားမသိ။
သားကတော့ သူ့ရဲ့ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်တွေကို တောက ကလေးတွေကိုပေးဖို့ သူ့အဘိုးကို မှာနေတယ်။ ကျောင်းဝတ်စုံ အဖြူအစိမ်းတစုံကို အမှတ်တရ သိမ်းပေးဖို့ ထပ်ပြောသေးတယ်။
ကျမတို့ ခွဲခွာဖို့ နှုတ်ဆက်ကန်တော့တဲ့ အချိန်မှာ မာန်တင်းဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေ ကွာကျတဲ့ အချိန်ပေါ့။ ဖေဖေက ကန်တော့ခံရင်း မျက်ရည်ပြည့်နေတဲ့ သူ့မျက်လုံးတွေကို မျက်ရည်မကျဖို့ မျက်တောင်ခတ်ပြီး ကြိုးစားသေးတယ်။ ဘယ်လိုမှ ကြိုးစားလို့မရဘဲ ငိုချလိုက်တာလေ။
ကိုကိုးကျွန်းပြန်ကြီး "ဗိုလ်ဓမ္မ" ရဲ့ ရင်ထဲက ၀မ်းနည်းကြေကွဲမှုကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ကျမ သိပ်ကို တုန်လှုပ်သွားရတယ်။
"ဘယ်နေရာရောက်ရောက် ပရဟိတစိတ် ထား၊ ကိုယ့်ရှိတဲ့ နေရာမှာ မြဲအောင်ရပ်၊ လောဘ-ဒေါသ-မောဟ မရှိနဲ့" လို့ မှာတယ်။
"တို့တွေ ပြန်တွေ့ဖို့ မလွယ်တော့ဘူး" ဆိုတဲ့ ဖေဖေ့ရဲ့ နှုတ်ဆက်စကားက ကျမ အနာကျင်ဆုံးပါပဲ။ ခွဲခွာခြင်းတွေနဲ့သာ လောကလက်ဆောင်ရခဲ့ရတဲ့ မေမေက ဘာစကားမှ မဆိုနိုင်ရှာဘူး။
ကျမတို့သားအမိ အဝေးပြေးဂိတ်ကို မျက်ရည်တွေနဲ့ ရောက်ခဲ့တယ်။ ဘယ်သူ့ဘယ်သူမှ စကား မပြောနိုင်ဘူး။ ကိုယ်မရောက်ဖူးတဲ့ ဒေသ။ ဘယ်လို အန္တရာယ်ရှိတယ်၊ ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ မတွေးဝံ့အောင်ပါပဲ။
သံလွင်မြစ်ကမ်းကို ရောက်တော့ တံတားမဖွင့်သေးတဲ့အတွက် ကားပေါ်မှာ မှေးငိုက်နေကြတယ်။ မီးပုံဖိုပြီး မီးလှုံနေတဲ့သူတွေ စကားပြောသံက ကားပေါ်ထိ ရောက်လာတယ်။ ယူနီဖောင်းဝတ်သူတွေကို မြင်ရတိုင်း ကျမ ကြောက်စိတ်စိုးရွံ့စိတ်နဲ့ ပူလိုက်ရတာ မပြောနဲ့တော့။
ကားပေါ်ကတဆင့် ပတ်ဝန်းကျင်ကိုကြည့်တော့ တန်ဆောင်မုန်းလပြည့်ကျော်လရဲ့ လရောင်က နှင်းမှုန်တွေ အောက်မှာ ငွေရောင်လဲ့နေတယ်။ လရောင်နဲ့ ပုဇဉ်းအော်သံ၊ ညငှက်အော်သံ၊ သစ်ပင်ကို လေတိုးသံတွေက ကျမကို အထီးကျန်အားငယ်အောင် ပံ့ပိုးနေတဲ့အတိုင်း။
ဒီလိုအချိန်မျိုးမှာ ကျမတို့သားအမိ ခင်ပွန်းသည်ဆီ အန္တရာယ်ကင်းကင်း ရောက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မိဘဆွေမျိုးတွေ စိတ်ပူပြီး အိပ်ပျော်မယ်မထင်ဘူး။ ကျမတို့သားအမိရဲ့လုံခြုံရေးကို စိတ်ပူတဲ့ ခင်ပွန်းသည်ကလည်း သူရှိတဲ့နေရာကို မရောက်မချင်း အိပ်ပျော်မယ်မထင်ဘူး။
အလွမ်းတံတားထိုးပြီး သံလွင်မြစ်ကိုကူးမယ့် ကျမ ကောင်းကင်က လမင်းကို မော့ကြည့်ရင်း ဆုတောင်းမိတယ်။ "ကျမတို့ မိသားစု၊ မိဘဆွေမျိုးတွေ လကို တယောက်တနေရာစီ ကြည့်နေရာက တမိုးအောက်မှာ လကို အတူကြည့်ခွင့် ရချင်ပါတယ်" လို့။ ကောင်းကင်က လမင်းက ကျမဆုတောင်းကို ကြားပြီး ကြေကွဲလို့ထင်ပါရဲ့ တိမ်တွေကြားထဲ ပုန်းသွားတယ်။
မိုးလင်းလို့ သံလွင်မြစ်ကိုဖြတ်တော့ မြစ်ရေစီးသံ သဲ့သဲ့က ခရီးသည်တွေကို လှမ်းနှုတ်ဆက်လိုက်သလိုပဲ။ တံတားကူးရင် မှတ်ပုံတင်ပြစရာမလိုဘူး။ တယောက် ၅၀၀ိ/ - ပေးရင် ရတယ်ဆိုတဲ့ စကား အမှန်ပါပဲ။ ယူနီဖောင်းဝတ်ပြီး တောင်းစားသူနဲ့ ခွက်ရှေ့ချပြီး တောင်းစားသူ နေရာလုတဲ့ အကြောင်းရေးတဲ့ ကိုငြိမ်း (မန္တလေး) ၀တ္ထုကို သတိရမိသေးတယ်။
သံလွင်မြစ်ကို နှုတ်ဆက်ပြီး ဖားအံကို ဖြတ်တော့ ဇွဲကပင်တောင်ကြီးက ထီးထီးကြီးနဲ့ လှမ်းကြည့်နေတယ်။ ခါတိုင်းဆို တောတောင်ရဲ့အလှ၊ ဒေသရဲ့ထွက်ကုန်၊ ဒေသရဲ့စကားသံ လေယူလေသိမ်းအားလုံးကို ခရီးသည်တွေ့တိုင်း မေးနေမိမှာ။ အခုတော့ ဆွံ့အလို့ ...။
ဆူညံတဲ့ မြို့ပြကနေ တိတ်ဆိတ်တဲ့ တောတောင်တွေဆီ တိုးဝင်လာတဲ့ ကျမတို့ကား ကော့ကရိတ် စစ်ဆေးရေးစခန်း အကျော်မှာ ယာဉ်တန်းစောင့်ဖို့ တန်းစီနေတယ်။ ယာဉ်တန်းထွက်လို့ ရပြီထင်ပြီး၊ ကားစက်နှိုးတဲ့ ယာဉ်မောင်းရော၊ ကားစပယ်ယာကို စစ်ဗိုလ်တယောက်က ဖမ်းချုပ်လိုက်တယ်။ သူ့ထက်ကြီးတဲ့ အထက် အရာရှိက ဆိုင်ကယ်ကို ဝေါကနဲထိုးရပ်လိုက်ပြီး "ဘယ်သူ ထွက်ခိုင်းလို့လဲ။ တာဝန်ဆိုတာ မသိဘူးလား။ အားနေလို့တားတာ မဟုတ်ဘူး" လို့ မာန်လိုက်တာ မပြောနဲ့တော့။ ကျမတို့ သားအမိနဲ့ ခရီးသည်တွေဆိုတာ တုတ်တုတ်မလှုပ်ရဲဘူး။ ကျောပေါ်ဝဲနေတဲ့ သေနတ်တွေ ပြင်းထန်တဲ့ စကားလုံးတွေ အောက်မှာ ရှေ့ခရီးဆက်ဖို့ မတွေးရဲဘူး။ ရှိနေတဲ့ နေရာလေးမှာ အသက်ခန္ဓာမြဲဖို့ ဆုတောင်းနေရတယ်။
ဒေါနတောင်ကိုဖြတ်ဖို့ ခွင့်ပြုတော့ ကားတွေ ဝေါခနဲ အလုအယက် မောင်းကြတော့တာပဲ။ လမ်းက ကျောက်လမ်း။ ကျမ ဖြတ်ခဲ့ဖူးတဲ့ ချင်းတောင်၊ မဟာမြိုင်၊ ပုံတောင်၊ ပုံညာ တောင်တက်လမ်းတွေက ပေ ၆၀၀၀ - ၃၀၀၀၀ ကျော် အမြင့်တွေ။ မြေလမ်းမို့ တောင်ပြိုတာ၊ မြေပျော့လို့ မိုးဖွဲဖွဲကျရင်ဘဲ ချောက်ကမ်းပါးဘက် ကားရောက်သွားရင် အော်ကြဟစ်ကြ အသဲတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့။ ဒေါနတောင်က ကျောက်လမ်းမို့ ကျမအတွက် ပါးပါးလေး ရင်မခုန်လိုက်ရဘူး။
ကုန်တင်ကား ခရီးသည်ကားတွေပေါ်မှာ လူတွေ အသွေးစုံ အတွေးစုံ။ ရည်ရွယ်ချက်တွေကတော့ တူကြမယ် မထင်ဘူး။ ဒေါနတောင်ပေါ်ကနေ သထုံဘက် မှန်းကြည့်လိုက်တော့ တောတောင်တွေကို ပျပျပဲ မြင်ရတော့တယ်။ အဲဒီတောတောင်တွေရဲ့ နောက်မှာ ကျမချစ်တဲ့ အညာ၊ မြေလတ် မြို့ပြ၊ မိဘဆွေမျိုး၊ ရဲဘော်အားလုံးကို ထားခဲ့ရပြီ။
ကျမအတွက် သောင်ရင်းမြစ်ဟာ ခွဲခွာခြင်း မှတ်တိုင်ပဲ။
အဲဒီ မြန်မာပြည်ကို ဘယ်အချိန် ပြန်ရောက်မယ်ဆိုတဲ့ နေ့စွဲကို မသိရတဲ့ ဒုက္ခသည် ကျမ ဖြတ်သန်းလာရတဲ့ ခရီးဟာ မိဘဆွေမျိုးတွေရဲ့ အသည်းနှလုံးကို နင်းခြေပြီး မျက်ရည်တွေနဲ့ မောင်းနှင်ရတဲ့ ခရီးပါပဲ။
ကျမတို့ သားအမိနှစ်ယောက် ရှေ့ကိုပဲ ဆက်လျှောက်လာခဲ့ကြပါတယ်။
နှင်းပန်းအိမ်
Mizzima News
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:07 PM 0 comments