
မန်မာစစ်အစိုးရက ၎င်းတို့ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုလအကုန်တွင် လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အာရှ (၈) နိုင်ငံမှ လွှတ်တော်အမတ် (၂၄၁) ဦးက ပထမဆုံးအကြိမ် လက်မှတ်ထိုးတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်သည့် တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှ လွှတ်တော်အမတ် အများက စုပေါင်းတောင်းဆိုခြင်းဖြစ်သည်။
နိုင်ငံ (၅၀) မှ ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ဦးကျော်ကို လွှတ်ပေးရန် အလားတူ တောင်းဆိုစာမျိုးရေးသားပေးပို့ပြီး မကြာမီ ယခုစာထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
လက်မှတ်ထိုးတောင်းဆိုစာကို ဦးဆောင်ပြုလုပ်သူ မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌ ခရိုင်ဆတ် ချွန်ဟာဗန်က “ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံသွားပြီး စစ်အစိုးရနဲ့ အလေးအနက် စကားပြောဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှလည်း အာရှနဲ့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး တောင်းဆိုနေတာကို စစ်ခေါင်းဆောင်တွေ လေးစားလာမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးသည် သိသာသည့် ရှေ့ခြေတလှမ်း ဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတင်နိုင်ရန် ထင်ရှားခိုင်မာသည့် ခြေလှမ်းလည်းဖြစ်သည်။ သို့သော် အကျဉ်းသားအရေအတွက် အနည်းငယ်မျှ လွှတ်ပေးခြင်းသည် အာဏာတည်မြဲရေးအတွက် ဆယ်စုနှစ်နှင့်ချီပြီး စစ်အစိုးရ ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းကို ဆက်ပြီးကျင့်သုံးနေသည့်သဘော သက်ရောက်မှာဖြစ်သည်ဟု အာရှ (၈) နိုင်ငံမှ လွှတ်တော်အမတ်များ စာတွင် ဖော်ပြထားသည်။
တောင်းဆိုစာ၏ နိဂုံးပိုင်းတွင် မြန်မာပြည်သူများ၏ ဒုက္ခခံစားရမှုများသည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။ မြန်မာပြည်သူများ ငြိမ်းချမ်းစွာနှင့် ခိုင်မြဲသည့် နိုင်ငံရေးဖြေရှင်းမှု ရစေရန်အတွက် မိမိတို့လုပ်နိုင်သမျှ ကူညီသွားရန် ကိုယ်ကျင့်တရားအရ တာဝန်ရှိသည်ဟု ကျွန်ုပ်တို့ ခံယူသည် စသဖြင့် ရေးထားသည်။
သို့သော် လူသားချင်းစာနာသည့် အကူအညီများပေးအပ်ရေး ကိစ္စနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရေး မြန်မာနိုင်ငံသို့ လတ်တလော ထပ်မံသွားရောက်ရန် အစီအစဉ်မရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယခုလ (၅) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သတင်းထောက်များအား ပြောသည်။
မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံကို သွားဖို့ ကျနော်အဆင်သင့်ရှိတယ်ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သင့်တော်တဲ့ အချိန်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထပ်ပြီးပြောချင်ပါတယ်။ လတ်တလောအခြေအနေတွေအရ ကျနော် မြန်မာနိုင်ငံကို ထပ်သွားဖို့ သင့်တော်တဲ့အချိန်လို့ မထင်ပါဘူး။ အဓိပ္ပာယ်ရှိပြီး အလုပ်ဖြစ်မယ်ဆိုရင် ကျနော်သွားဖို့ အဆင်သင့်ရှိနေပါတယ်” ဟု ပြောကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များအား မစ္စတာဘန်ကီမွန်းက ယင်းသို့ပြောခြင်းဖြစ် သည်။ မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုမှ ဆုံးဖြတ်အတည်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံး အမြန်ဆုံးလွှတ်ပေးရေးကိုလည်း မြန်မာစစ်အစိုးရအား ၎င်းအနေဖြင့် တောင်းဆိုတိုက်တွန်းပြီးဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
ထို့အပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တာဝန်ပေးချက်အရ ဆောင်ရွက်နေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ အီဘရာဟင် ဂမ်ဘာရီတို့၏ အခန်းကဏ္ဍမှာမူ ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုတွင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန်တို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။
Monday, December 8, 2008
ဘန်ကီမွန်းကို အာရှ လွှတ်တော်အမတ်များတောင်းဆို
Labels: သတင်း
Posted by Ashin dhamma at 6:01 AM 0 comments
Sunday, December 7, 2008
ပြည်တွင်းအင်တာနက်သုံးသူများသတိပြုရန်
မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များမှာkeylogger ဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက်သုံးစွဲနေသူတွေ အထဲမှာမှ နိုင်ငံရေးနှင့် ပတ်သက်၍ပြည်တွင်း ပြည်ပ ဆက်သွယ်နေကြတဲ့ပြည်တွင်းမှ တတ်ကြွ လှုပ်ရှားသူများအား ခြေရာခံ နိုင်အောင်လုပ်ဆောင်နေမှုများ ရှိနေပြီးထိုကဲ့သို့ တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင်လုပ်ဆောင် ထားတာတွေရှိ နေပါသည်။
keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray iconလည်း ပေါ်နေခြင်းမရှိ၍ ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိkeyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့ တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါမိမိတို့၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှမှတ်တမ်း တင်ထားပြီးဖြစ်နေ၍ လုံခြုံမှု လုံးဝမရှိနိုင်တော့ပါ။ (All in 1key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့်ဗီဒီယိုများ အစရှိသဖြင့် အစစအရာရာအားအတိအကျပင်၎င်းကမှတ်သားထားပေးနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါသည်။)
ထိုကဲ့သို့သော ဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင် သွင်းထားပြီးလာရောက် သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအား အတိအကျ ထောက်လှမ်းထား နိုင်၍မိမိတို့ အနေဖြင့် ဆိုင်ဘာကဖီးသို့ မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအား သုံးစွဲတော့မည် ဆိုပါကမိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိအရင်ဆုံး စစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့် လုပ်ထားပါကအကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။
မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သူတစ်ပါးဆီ ပါမသွားနိုင်အောင် လုပ်ရမည့် နည်းလမ်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+ Shift+Esc (or) Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။Task manager ၀င်းဒိုး တက်လာပါကProcess ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ပါ ။ရှိနေခဲ့လျှင် ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ထိုသို့ တွေ့ရှိပြီဆိုလျှင် ၄င်းဖိုင်လ်အား End process ပေးလိုက်ရန် လိုအပ်ပါသည် ။ထိုသို့ end process လုပ်လိုက်ခြင်း အားဖြင့် ၄င်းလုပ်ဆောင်နေသည့် လုပ်ငန်းတွေအားလုံးပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည် များကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။
Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+Rနှိပ်ပြီး တက်လာတဲ့ Run box မှာ taskmgr လို့ရေးပြီးခေါ်ယူလဲ ရပါသည်။ အကောင်းဆုံး နည်းလမ်းမှာ task manager မှာရှိနေသော processtab ထဲမှာရှိနေတဲ့ ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေ အနေနှင့် ဘယ်လိုဖိုင် အမျိုးအစားကအချက် အလက်တွေကို ရီကော့လုပ်တာလဲ ဆိုခြင်းကို မသိနိုင်၍ အန္တရာယ်ကင်း ဘေးရှင်း၎င်း process tab ထဲတွင်ရှိသမျှ ဖိုင်လ်များအားလုံးအား end process လုပ်ပြီး မိမိ အသုံးပြုမည့် ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွင့်အရေး ရှိမှရမည်ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသော အင်တာနက်ဆိုင်ကိုသာသွားရောက် အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့် အတန်း ၄င်းဆိုင်တွင် အသင့်အတင့် မြင့်နေပြီဖြစ်၍တော်ရုံ မဟုတ်တော့ဘူး ဟူ၍ယူဆလို့ ရနိုင်နေပါသည်။ ပြီးနောက်keylogger တွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာ တင်လို့ရသည့် keylogger နှင့် hardware keylogger ဆိုပြီး ရှိနေပါသေးသည်။
၎င်းတို့အား သုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီးend process ပေးလိုက်လျှင် တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာ ကျမည်ဖြစ်ပါသည်။ယခုပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့ အားလုံးကိုပို့ရတဲ့ အကြောင်းရင်းမှာ ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကို ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်း အရပ်တွင်ရှိသော အင်တာနက်ဆိုင် တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့် တကွ အဖမ်းခံရတယ်ဟု ပြောပြခဲ့၍ အခြားသော ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနေနှင့် နည်းပညာပိုင်းအရ ရှောင်လွှဲလို့ ရနိုင်တဲ့ အချက်လေးတစ်ချက် အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင် လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ ပြည်တွင်း အဆက်အသွယ်တွေ ကိုပြောပြရင်း သူတို့ရဲ့ အန္တရာယ် ကင်းရှင်းရေး အတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။
အီးမေးမှ forward လုပ်ပေးပို့ ထားသော ဆောင်းပါး ဖြစ်ပါသည်။
Labels: သတင်း
Posted by Ashin dhamma at 11:34 PM 0 comments
ဘုရားရှင်သာသနာ နှင့် စစ်ဝါဒီကြီးများ
ဘုရားရှင်ရဲ့ သံဃာ့အဖွဲ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော်အောင် ရှည်ကြာခဲ့ပါပြီ။ ဒီလို အရှည်တည်နိုင်ခြင်းရဲ့ အကြောင်းအရင်း၊ အသက်ဟာ "၀ိနည်း" ဆိုတဲ့ စည်းကမ်း ဥပဒေဘဲ ဖြစ်ပါတယ်။
ဝိနည်းတော်ဟာ သာသနာတော်ရဲ့ အသက်ပါ (၀ိနယော နာမ သာသနဿ အာယု)။ သာသနာရဲ့ အသက်ဖြစ်တဲ့အတွက် ၀ိနည်းတရားတော်ကို သံဃာတော်တွေက ဆောင်ထားရတာပါ။ ထို့ကြောင့်ပဲ သာသနာတော်ရဲ့အသက်ဟာ သံဃာတော်တွေပဲ ဖြစ်ပါတယ်။ ဒီလို သံဃာတော်တွေဟာ ပဓာနကျ နေတဲ့အတွက် ဘုရားရှင်လက်ထက်ကတည်းက ၀ိနည်းတရားတော်တွေကို သင်ခြင်း၊ ကျင့်ခြင်း (သိက္ခာကရဏီယ) တွေကို အားထုတ်ခဲ့ကြတာပါ။
ရှေးဦးစွာ ၀ိနည်းတော်တွေကို သိဖို့အတွက်၊ နားလည်ဖို့အတွက် သင်ယူရပါတယ်။ ဘုရားရှင်ဟာ ၀ိနည်းတရားတော်တွေကို ဘာကြောင့်ပညတ်တယ်၊ ဘယ်နေရာမှာ ပညတ်တယ် စတာတွေကို အကြောင်း ၀တ္ထုတွေနဲ့ အကျယ်တ၀င့် ဟောခဲ့တာတောင်မှ ၀ိနည်းစည်းကမ်းတွေကို မြတ်နိုးတော်မူကြကုန်သော သီလ၊ သမာဓိ၊ ပညာ အဖက်ဖက်က ပြည့်စုံကြတဲ့ ဆရာတော်တွေက အဋ္ဌကထာကျမ်းတော်တွေ၊ ဋီကာကျမ်းတွေကို ရေးသားခဲ့ကြပါတယ်။
ဘယ်အရာမဆို နားလည်မှ မြတ်နိုးခြင်း၊ လက်ခံခြင်း၊ ကျင့်သုံးခြင်း ဆိုတာကို ဆောင်ရွက် အားထုတ်ကြတာပါ။ နားလည်လက်ခံပြီး လက်တွေ့ကျင့်သုံးခြင်း၊ အသုံးပြုခြင်း မှသည် တိုးတက်ခြင်း စည်ပင်ပြန့်ပွားခြင်းကို သွားရတာပါ။
ဘုရားရှင်ရဲ့ သာသနာတော် ၂၅၀၀ ကျော်သည်အထိ ရှင်သန်နေတာဟာ ၀ိနည်းစည်းကမ်းတွေကို နားလည်အောင် ကြိုးစားကြခြင်း၊ သင်ယူကြခြင်းတို့ဟာ အဓိက ဖြစ်ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အဖွဲ့အစည်းပါ။
အဖွဲ့အစည်းရှိပြီဆိုလျှင် စည်းကမ်းဥပဒေဆိုတာ ရှိကြရမြဲ ဖြစ်ပါတယ်။ စည်းကမ်းဥပဒေရှိပြီဆိုလျှင် နားလည်ဖို့ သင်ယူကြ၊ အကျယ်တ၀င့်ရှင်းပြကြ စတာတွေ လုပ်ကြရတာပါ။ ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို အကျယ်တ၀င့် ရှင်းပြခြင်း၊ သင်ယူကြခြင်း လုံးဝ မရှိကြပါဘူး၊ စာအုပ်တောင် လုံလုံလောက်လောက် ထုတ်မပေးနိုင်ပါဘူး။ ဒီစာအုပ်တွေဟာ တစ်အိမ်တစ်အုပ် ရှိနေရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ အလွတ် မကျက်နိုင်ပါဘူး။
ဦးဇင်းတို့ မစိုးရိမ်တိုက်မှာတော့ ကျောင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကျောက်စာနဲ့ ထုထားပါတယ် (ပါဠိလို)။ အဆောင်တိုင်း အဆောင်တိုင်းမှာ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို မှန်ဘောင်ကွပ်ပြီး ချိတ်ဆွဲ ပေးထားပါတယ်။ ဒီ စည်းမျဉ်းတွေဟာ စာသင်သား သံဃာတွေအတွက်ချည်းသာ မဟုတ်ဘဲ၊ နာယက ဆရာတော်ကြီးတွေက အစ လိုက်နာကြရတာပါ။ အပြစ်ပေးခံရတဲ့ စာသင်သား သံဃာတော်တွေဟာ ဥပဒေနဲ့ ညီ မညီ သိနိုင်သလို၊ ဥပဒေနဲ့မညီလျှင် စောဒက တက်လို့ရပါတယ်။
မြန်မာပြည်ရဲ့ စစ်ခေါင်းဆောင်တွေလုပ်ပုံကတော့ ဥပဒေကို ရေးဆွဲပြီးပြီလို့သာ ကြေညာပြီး ချမပြရဲ ရှင်းမပြရဲ ဖြစ်နေတဲ့အပြင် ၀ှက်ထား၊ ဖျောက်ထား၊ မျက်ကွယ်ပြု၊ မမြင်ယောင် ဆောင်ထားပါတယ်။ ဒီလို ဖျောက်ထားပြီး ရှင်းမပြရဲတဲ့ ဥပဒေကို ဗြောင်ကျကျ လိမ်ညာပြီး၊ ခြောက်လှန့်ပြီး ပြည်သူကို အတည်ပြုခိုင်းပါတယ်။ ဒီနည်းနဲ့ ဥပဒေကို ဘယ်သူကျင့်သုံးမလဲ။ ကျင့်သုံးသူ မရှိတဲ့ ဥပဒေနဲ့ နိုင်ငံတော် တိုးတက်ဖို့ ဘယ်လိုများလုပ်ကြမှာလဲ။ စစ်ခေါင်းဆောင်တွေ အတည်ပြုပေးလိုက်တဲ့ မြန်မာဒီမိုကရေစီနိုင်ငံကြီးကတော့ မယုံလျှင် ပုံပြင်လို့သာ မှတ်ကြပေတော့။
ဒီနေ့ ပြည်သူလူထုက အတည်ပြုပေးထားတဲ့ ဥပဒေကို နိုင်ငံရေးသမားမဟုတ်တဲ့ စီးပွါးရေးသမားရဲ့ လက်ထက် ရောက်သွားတဲ့အတွက် ထိုင်း ဒီမိုကရေစီ နိုင်ငံကြီးကတော့ ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ နိုင်ငံရေး စီးပွါးရေး လုံခြုံရေး ပညာတွေကို မသင်ခဲ့ရ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကလည်း နားမလည်တဲ့ စစ်ခေါင်းဆောင်တွေ အတည်ပြုထားတဲ့ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို
အို… အသင်ပြည်သူအားလုံးတို့ စဉ်းစားကြပါကုန်
အို… တက္ကသိုလ်ပညာရှိ ပါမောက္ခဆရာကြီးတို့ စဉ်းစားကြပါကုန်
အို… ကျောင်းသားလူငယ်တို့ စဉ်းစားကြပါကုန်
အို… ကုန်သည်ကြီးများတို့ စဉ်းစားကြပါကုန်
ဆရာတော်ဘုရားကြီးတို့ ဆုံးမကြပါကုန်
ဒီနေရာမှာ ကျေးလက်မှာ တွင်ကျယ်တဲ့ စကားပုံလေးတစ်ခုကို ပြောပြချင်ပါတယ်။ "အရူးဘုံမြှောက် ချီးခြောက်ကောက်စား" ဟူသတည်း။
အရှင်ရာဟုလာ
(2/ December/ 2008)
http://bigbbrown.blogspot.com/ မှတင်ပြပါသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:00 AM 0 comments
Saturday, December 6, 2008
FBF Newslatter
Posted by Ashin dhamma at 10:00 PM 0 comments
၂၀၀၉ အာဏာရှင်စနစ် အဆုံးသတ်နှစ်အတွက် အားလုံး တပ်လှန့် ပြင်ဆင်ထားကြ
အင်တာဗျူး
ဇာနည်
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 22:04 - မြန်မာစံတော်ချိန်
ရွှေဝါရောင် လှုပ်ရှားမှုမတိုင်ခင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူ သံဃာတော်များ သွေးမြေကျ နှိပ်စက်ခံရသဖြင့် သံဃာထု သွေးစည်းညီညွတ်ရေးနှင့် အာဏာပိုင်များကို သပိတ်မှောက်ကံဆောင်ရန် ကြေညာချက်များကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချိသလို၊ မင်းသုည ကလောင်အမည်ဖြင့် လှုံ့ဆော်စာများ ရေးသားသဖြင့် လိုက်လံရှာဖွေခံရသောကြောင့် တိုင်းပြည်အတွင်း လှည့်ပတ်တိမ်းရှောင်ရင်း ပြီးခဲ့သည့်လက ဦးဇင်း ဦးဣဿရိယ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်။
စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည် လွတ်လပ်ရေးရရှိရန် တာဝန်ရှိသည့် နိုင်ငံသားအားလုံးက ကြောက်စိတ်ကို ဖယ်ရှားပြီး တက်ညီလက်ညီ တိုက်ပွဲဝင်သွားရန်အတွက် ဦးဇင်း ဦးဣဿရိယ ၏ မိန့်ကြားချက်များ အပါအ၀င် မဇ္ဈိမသတင်းထောက် ဇာနည်မှ မေးမြန်း လျှောက်ထားချက်များကို တင်ပြလိုက်ပါသည်။
မေး။ ။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့ပါလဲ ဘုရား။
ဖြေ။ ။ ဦးဇင်းတို့က ရွှေဝါရောင်ဖြစ်မှ မဟုတ်ဖူး။ အရင်ကတည်းက လှုပ်ရှားခဲ့ကြတာ။ ၁၀ နှစ်လောက် ရှိပြီလေ။ ဦးဂမ္ဘီရတို့နဲ့က အရင်ကတည်းက လက်တွဲပြီးတော့ အလုပ်လုပ်ခဲ့ကြတဲ့ သူတွေလေ။ သံဃာ့တပ်ပေါင်းစုဆိုတာကို မဖွဲ့ခင်တုန်းက မန္တလေးက သံဃာ့သမဂ္ဂီမှာက ဦးဇင်းက ခေါင်းဆောင်ပေါ့။ ရန်ကုန်ရဟန်းပျိုများ သမဂ္ဂရဲ့ခေါင်းဆောင်က ဦးဂမ္ဘီရပေါ့။ အဲဒီလို နယ်တွေမှာ သူရဲ့ခေါင်းဆောင်တွေ ရှိကြတယ်လေ။ အဲလိုမျိုး ခေါင်းဆောင်တွေ စုံညီ အစည်းဝေးပွဲတွေ လုပ်ပြီးတော့ ဆွေးနွေးလေ့ ရှိတယ်။
စက်တင်ဘာ ရွှေဝါရောင်တွေ မပေါ်ခင်ကတည်းက ဦးဇင်းတို့က မေတ္တာသုတ်တွေ ရွတ်ဆိုတာတွေ၊ ဘုရားတွေမှာ လိုက်ပြီးတော့ မေတ္တာသုတ်ရွတ်ဖို့တွေ ၀ိုင်းပြီးတော့၊ စုပြီးတော့ လုပ်ဖို့ဆိုတာ ခေါ်နေကြတာ။ နောက်ပြီးတော့ လူတွေလည်း ကိုယ်တိုင်ပါဝင်ပြီးတော့ မေတ္တာသုတ်ရွတ်ဖို့ မေတ္တာပို့ဖို့တွေကို ဦးဇင်းတို့က စာရွက်တွေနဲ့ အရင်ကတည်းက ဦးဇင်းတို့က ဖြန့်နေကြတာ။ အဲဒီလိုလုပ်နေရင်းက ကုန်ဈေးနှုန်းတွေကျရေး ဆိုပြီးတော့ ဦးတည်ပြီးတော့ မင်းကိုနိုင်တို့ကနေစပြီးတော့ လမ်းလျှောက်ပွဲတွေ လုပ်တယ်လေ။ အဲဒီနောက် ပခုက္ကူက သံဃာတွေက မေတ္တာပို့ ချီတက်လမ်းလျှောက်ပွဲတွေ လုပ်လာတယ်။
အဲဒါတွေကို စစ်အစိုးရကနေပြီးတော့ နှိပ်ကွပ်တဲ့အခါမှာ ဦးဇင်းတို့က အရေးပေါ် အစည်းအဝေး လုပ်ပြီးတော့ ''ကဲ ပခုက္ကူ သံဃာတွေတော့ ဒီလိုမျိုး အစိုးရကတော့ နှိပ်စက်နေပြီ။ ဒါက သံဃာ အချင်းချင်းလည်း သွေးစည်းရမယ်။ အဲဒါကြောင့် နအဖသည် ပြန်လည်တောင်းပန်။ မတောင်းပန်ဘူးဆိုရင် သပိတ်မှောက် ကံဆောင် ဆန္ဒပြမယ်'' ဆိုပြီးတော့ ရဟန်းပျိုသမဂ္ဂအဖွဲ့ရယ်၊ ဦးဇင်းတို့ သံဃာ့သမဂ္ဂီအဖွဲ့ရယ် ပေါင်းပြီးတော့ ကြေညာချက်ထုတ်တယ်။
အဲဒီတုန်းက တပ်ပေါင်းစုတွေ ဘာတွေ မဖွဲ့ရသေးဘူး။ အဲဒီမှာ ဦးဇင်းတို့ စာရွက်တွေ ဘာတွေ ဖြန့်တယ်။ ပြီးတော့ ဘီဘီစီတို့ ဘာတို့ သတင်းဌာနတွေကို အော်လိုက်တယ်။ အဲဒါက ပထမဦးဆုံး ဦးဇင်းတို့ ထွက်တာပဲ။ နောက်ပိုင်းမှာ ဦးဇင်းတို့ စာတွေ ဆက်ဖြန့်တယ်ပေါ့။ နောက်ပိုင်း လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်ကျတော့ အကုန်လုံး တပ်ပေါင်းစုပေါ့၊ ပေါင်းပြီးတော့ သပိတ်မှောက်တယ်။ အဲဒီအချိန်တုန်းက ဦးဇင်းက မန္တလေးမှာ စည်းဝေးပြီးတော့ လုပ်တယ်။ အဲဒီ အတောအတွင်းမှာပဲ မန္တလေးမှာ ဦးဇင်းရဲ့ ကလောင်နာမည်က နည်းနည်းလေး ထင်ရှားလာတော့ သူတို့ဘက်က သတင်းပေးတွေက လိုက်လာကြတယ်။ အဲဒီတော့ မန္တလေးမှာ ဆက်နေရင် အကုန်လုံး သိသွားမှာစိုးတော့ ရန်ကုန်မှာလည်း လုပ်စရာ ရှိတာနဲ့ ရန်ကုန်ကို ပြောင်းပြီး လှုပ်ရှားတယ်။
မေး။ ။ ရန်ကုန်ရောက်လာပြီးတော့ရော ဘာတွေများ ဆက်လှုပ်ရှားခဲ့ပါလဲ ဘုရား။
ဖြေ။ ။ ရန်ကုန်ရောက်လာပြီးတော့ ဦးဇင်းကတော့ စာတွေ ဆက်ဖြန့်တာပေါ့။ ပခုက္ကူ သံဃာအရေးအခင်းမှာ သံဃာတော်တွေကို ရက်စက်ယုတ်မာစွာ နှိပ်စက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ၊ ဒီလိုလုပ်တာက အရင် ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်မှာတုန်းကတောင် မရှိခဲ့တဲ့အတွက်ကြောင့် တကယ်လို့ သံဃာအချင်းချင်းသာ သွေးစည်းမှု မရှိဘူးဆိုရင် အစိုးရက ဒီထက်ပိုပြီးတော့ နှိပ်စက်သွားလိမ့်မယ်။ သံဃာတွေ သွေးစည်းတယ်ဆိုတာပြဖို့ ခြေကျင်လမ်းလျှောက် ဆန္ဒပြကြမယ်ဆိုတဲ့ စာရွက်တွေကို ရန်ကုန်ကနေ ပြည်၊ ပဲခူး၊ ရခိုင် စတဲ့ နယ်တွေ တော်တော်များများကို ပို့တယ်။ ဦးဇင်းအနေနဲ့က ကြေညာချက်တွေ ထုတ်ပေးတာတို့၊ လှုံ့ဆော်စာတွေ ဖြန့်ဝေတာတို့ကို လုပ်ပေးရတယ်။ အဲဒီတုန်းက ဦးဂမ္ဘီရတို့ကတော့ မန္တလေးမှာ ကျန်နေခဲ့ပြီး ဆက်လုပ်တာပေါ့နော်။
မေး။ ။ မင်းသုည ကလောင် နာမည်နဲ့ ဘာစာတွေ ရေးပြီး ဘယ်လိုဖြန့်ဝေခဲ့တာပါလဲ ဘုရား။
ဖြေ။ ။ ကဗျာတွေနဲ့ ဆောင်းပါးတချို့ပါ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကဗျာတွေ စာတွေက အများစု ပါတာပေါ့။ အဲဒါတွေကို ဖြန့်တာကတော့ ဒီလိုပဲ လက်ကမ်းစာစောင်ပုံမျိုးနဲ့ အောက်ခြေက ဖြန့်ရတယ်။ တရားဝင်က ခွင့်ပြုတာမှ မဟုတ်တာတော့လေ။ ပတ်သက်ရာ ပတ်သက်ကြောင်း အသိုင်းအ၀ိုင်းတွေကို ဖြန့်တယ်။ အစကတော့ မန္တလေးမှာပေါ့။ ပူဇော်ပွဲတွေ ဘာတွေမှာထုတ်တဲ့ စာစောင်တွေမှာလည်း ကဗျာနဲ့ စာတချို့ရေးတယ်။ အဲဒီ မင်းသုညဆိုတဲ့ နာမည်က မန္တလေးမှာ တော်တော်လူသိများတယ်။
မေး။ ။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နောက်ပိုင်းမှာရော ဘာတွေ ဆက်လှုပ်ရှားခဲ့ပါလဲ ဘုရား။
ဖြေ။ ။တက်ကြွလှုပ်ရှားတဲ့ လူငယ်လေးတွေနဲ့ ပေါင်းပြီးတော့ လှုံ့ဆော်စာတွေဖြန့်တာ၊ နောက် စက်တင်ဘာ ၂၆ နှစ်ပတ်လည်နေ့ နှိုးဆော်စာတွေ ထုတ်ပြန်ချက်တွေ ဖြန့်တာတွေကို လုပ်တယ်လေ။
မေး။ ။ ဦးဇင်းကို အခု အာဏာပိုင်တွေက လိုက်ဖမ်းတဲ့ အခြေအနေကို ပြောပြပေးလို့ ရမလား ဘုရား။
ဖြေ။ ။ ဦးဇင်းရဲ့ကလောင်နာမည်က လူသိများလာတဲ့ အခါကျတော့ ဦးဇင်းကို သူတို့ လိုက်စုံစမ်းတယ်။ မန္တလေးကနေ ဦးဇင်းက ရန်ကုန်ပြောင်းလာတော့ သူတို့ နည်းနည်းတော့ မျက်ခြေပြတ်သွားတယ်။ နောက် သူတို့က ဦးဇင်းကို တိုက်ရိုက်လည်း မသိကြဘူးလေ။ သံသယတော့ ရှိနေတယ်။ အဲဒါကြောင့် မန္တလေးမှာ ဦးဇင်းနေခဲ့တဲ့ နေရာတွေမှာ မင်းသုည ဆိုတဲ့ နာမည်နဲ့ လာလာမေးတာတွေ ရှိတယ်။ ဒါပေမဲ့ ရန်ကုန်ထိ လိုက်လာလား မလာလားတော့ မသိသေးဘူး။
နောက် ရန်ကုန်မှာ ဦးဇင်းကို စာတွေဖြန့်တာမှာ ကူပေးတဲ့ လူငယ်လေးတွေကို သူတို့မိသွားတဲ့အခါမှာ ဖမ်းထားတဲ့ ကလေးတွေနဲ့အတူ ကျောင်းတိုက်တခုကို ၀င်စစ်တော့ ကွန်ပြူတာတွေ ဘာတွေ ၀င်သိမ်းတော့ Data တွေ ရသွားပြီး အဲဒီမှာ ဦးဇင်းဘွဲ့နာမည်နဲ့ ကလောင်ကို တွဲမိသွားပြီးတော့ ဦးဇင်းနေတဲ့ နေရာတွေ၊ ဦးဇင်း ဇာတိ ကွမ်းခြံကုန်းမြို့က ဦးဇင်းနေတဲ့ နေရာတွေကို လိုက်ရှာလိုက်မေးတယ်။ ဦးဇင်းသွားသမျှ နေရာတွေကို လိုက်တာတွေ ခြေလှမ်းစိတ်လာတယ်။ ဦးဇင်း ဆက်ရှောင်နေရင်လည်း မိသွားမှာပဲဆိုတော့ အလုပ်တွေလည်း ဆက်လုပ်မရတော့မှာ စိုးတာနဲ့ ဦးဇင်း ထွက်လာခဲ့တာပဲ။
မေး။ ။ အဲဒီလို ထွက်လာခဲ့တော့ ဘယ်လိုပုံစံနဲ့ ထွက်လာခဲ့ရလဲ ဘုရား။ အခက်အခဲ ဘာတွေ ရှိခဲ့ပါလဲ ဘုရား။
ဖြေ။ ။ အခက်အခဲတော့ မရှိပါဘူး။ သင်္ကန်းဝတ်နဲ့တော့ မရဘူး။ လူဝတ်လဲဝတ်ပြီး ထွက်လာခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်နေ့လောက်က ထွက်လာတယ်။ ထိုင်းနယ်စပ်ကို ၂၁ ရက်နေ့က ရောက်ပါတယ်။
မေး။ ။ ဦးဇင်းက သံဃာ့တပ်ပေါင်းစုမှာလည်း ပါဝင်ခဲ့တယ်ဆိုတော့ ဦးဇင်း သိရသလောက်က ဦးဂမ္ဘီရ အပါအ၀င် အဖမ်းခံထားရတဲ့ သံဃာတော် ဘယ်လောက် ရှိနေပြီလဲ ဘုရား။
ဖြေ။ ။ ဦးဇင်းတို့ သိရသလောက်ကတော့ အပါး ၁၅၀ လောက် ရှိပါတယ်။ အတိအကျ မသိရပါဘူး။ ဒီ့ထက်လည်း ပိုများနိုင်ပါတယ်။
မေး။ ။ နိုင်ငံရေးလှုံ့ဆော်မှု စာပေတွေကို ရေးပြီး ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ဦးဆောင် သံဃာတော် တပါးအနေနဲ့ သံဃာနဲ့ နိုင်ငံရေးဆိုတာကို ဘယ်လို ရှုမြင်ပါလဲ ဘုရား။
ဖြေ။ ။ နိုင်ငံရေး ဆိုတာကတော့ တတိုင်းပြည်လုံး ကောင်းစားရေးအတွက် လုပ်တာပါပဲ။ အဲဒီတော့ နိုင်ငံကောင်းစားဖို့က နိုင်ငံထဲမှာ နေနေကြတဲ့သူတွေ အားလုံး၊ ဘုန်းကြီးရော ကျောင်းသားရော လူထုရော အကုန်လုံးမှာ တာဝန်ရှိကြပါတယ်။ နိုင်ငံကောင်းစားရေးက နိုင်ငံရေးပါပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့သူ မကောင်းရင် တိုင်းသူပြည်သားတွေ ပထမဆုံး ဆင်းရဲဒုက္ခရောက်စေတဲ့အတွက်ကြောင့် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေကျင့်ရမယ့် အကျင့်တွေ မြတ်စွာဘုရား ဟောခဲ့တာတွေ အများကြီး ရှိပါတယ်။ ဦးဇင်းတို့ သံဃာတွေ အနေနဲ့ကလည်း ဦးဇင်းတို့ တိုင်းပြည်ကို ကောင်းစေချင်တယ်။ လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီညွှတ်ညွတ် ဖြစ်စေချင်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေးဟာလည်း နိုင်ငံရေး ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က ဒီလိုလုပ်ရတာပါ။
မေး။ ။ အာဏာပိုင်တွေက သံဃာတော်တွေက နိုင်ငံရေးလုပ်တာ ၀ိနည်း မညီဘူး။ သာသနာကို ညှိုးနွမ်းစေတယ်ဆိုတဲ့ ပြစ်ချက်တွေ တပ်တာနဲ့ ပတ်သက်ပြီးတော့ရော ဘာများ မိန့်ချင်ပါလဲ ဘုရား။
ဖြေ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အများကြီးပဲ။ ဒါပေမဲ့ ဦးဇင်း အတိုချုံးပြောရရင် ဥပမာ ဘုန်းကြီးတပါး ဆိုပါစို့ သူက အရက်ပဲ သောက်သောက်၊ ဖဲပဲ ရိုက်ရိုက်၊ မိန်းမပဲ ရှုပ်ရှုပ်၊ မကောင်းတာတွေ လုပ်နေတာတွေ ဒါတွေ ရှိတာပဲ။ အားလုံးလည်း သိနေတာပဲ။ ဒါမျိုးဆိုရင်တော့ အစိုးရက ဘာမှ အရေးယူမှု မရှိဘူး။ နိုင်ငံအတွက် ကောင်းအောင်လုပ်ပြီ၊ တိုးတက်အောင်လို့ စာတွေရေးပြီ၊ နောက် တိုင်းသူပြည်သားတွေ ငြိမ်းချမ်းပါစေဆိုပြီး ဘုရားရဲ့ လမ်းစဉ်နဲ့အညီ မေတ္တာပို့ ဆုတောင်းတာတွေ လုပ်ပြီဆိုရင် အရေးယူမယ်။ အခုလည်း ဦးဂမ္ဘီရတို့လုပ်တာ ဒိပြင်အကြောင်း ဘာမှ မရှိပါဘူး။ ဒါက တိုင်းပြည်ကို ငြိမ်းချမ်းဖို့ အခြေအနေလုပ်တာပဲလေ။ ဒါကိုပဲ အာဏာက သူတို့လက်ထဲ ရှိနေတော့ စွဲချက်အမျိုးမျိုးနဲ့ လုပ်ချင်သလို လုပ်တာပဲ။
မေး။ ။ အခု ပြည်ပကို ရောက်လာတော့ရော ဘာတွေ ဆက်လုပ်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ ဘုရား။
ဖြေ။ ။ အခု ပြည်ပကနေပြီး ပြည်တွင်းအထဲအတွက် လုပ်နိုင်တာတွေ အတတ်နိုင်ဆုံး ဆက်လုပ်သွားမှာပါ။ အခုလောလောဆယ်မှာတော့ ဒီရောက်တာ မကြာသေးတော့ ဘယ်လိုဘာတွေ ရှေ့ဆက်လုပ်သွားနိုင်မလဲ ဆိုတာတွေကို လေ့လာနေပါတယ်။
မေး။ ။ ဦးဇင်းအနေနဲ့ သံဃာထုကိုရော ပြည်သူလူထုကိုရော ဘာများ မိန့်ကြားချင်ပါသလဲ ဘုရား။
ဖြေ။ ။ အားလုံးကို ပြောချင်တာက အခု ၂၀၀၉ ဟာ အရေးကြီးတဲ့ အချိန်ဖြစ်နေပြီ။ အားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ လိုပါတယ်။ ၂၀၁၀ မတိုင်ခင် လွတ်လပ်အောင် လုပ်ဖို့လိုပါတယ်။ မဟုတ်ရင် ၂၀၁၀ ကျရင် နအဖ က သူလုပ်ချင်ရာတွေ လုပ်မှာကို ခံသွားရမယ်။ သံဃာတွေက သူတို့ရဲ့ အချိန်တွေ၊ ဘ၀တွေကို ရင်းပြီးတော့ အကုန်လုံး ငြိမ်းချမ်းပါစေဆိုပြီး မေတ္တာပို့လမ်းလျှောက်တာတွေ လုပ်ခဲ့ကြပါတယ်။ နောက် လူထုတွေက နှစ်ရှည်လများ အဖိနှိပ်ခံထားရတော့ ကြောက်စိတ်တွေ များနေတယ်လို့ ဦးဇင်း ထင်ပါတယ်။ အဲဒီ ကြောက်စိတ်ကို မလုပ်ကြပါနဲ့လို့။ တကယ်လို့ တတိုင်းပြည်လုံးသာ ကျေးရွာတွေကအစ အကုန်လုံး တက်ညီလက်ညီနဲ့ ပါဝင်လှုပ်ရှားမယ်ဆိုရင် မအောင်မြင်စရာ မရှိပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ဆိုတာက တတိုင်းပြည်လုံးက ပြည်သူလူထုတွေမှာ တာဝန်ရှိပါတယ်။
………………………………………………………….
သာသနာ့ အောင်လံ လွှင့်ထူကြလော့
ဒို့ပြည်ဒို့ရွာ
ဒို့သာသနာကို
ဒို့ကာကွယ်ဖို့အသိ
ဒို့မှာတာဝန်ရှိပီမို့
ဒို့သာသနာ မကွယ်ပရေး
ဒို့အရေး
ဒို့သာသနာ့အန္တရာယ်
ဒို့ကာကွယ်
ဒို့သာသနာ့အလံ
ဒို့အောင်လံမို့
ဒို့ဘုရားကျောင်းကန်
ဒို့အိမ်ပါမကျန်
ဒို့ရဲ့အောင်လံ
ဒို့သာသနာ့အလံကို
ဒို့ရဟန်းပြည်သူ
ဒို့စိုက်ကာထူမည်
အဓမ္မဘေးဝေးပါစေ
မသူတော်ဘေးဝေးပါစေ
မိစ္ဆာတွေဘေးဝေးပါစေ
မင်းသုည (ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
(ထိုင်းနိုင်ငံအတွင်း ရောက်ရှိပြီးနောက် ရေးသားခဲ့သည့် ကဗျာဖြစ်ပါသည်။)
………………………………………………….
လွတ်လပ်ရေးဖခင်
မြန်မာပြည်သူတွေရဲ့ဘဝ
တရားမျှတလွတ်လပ်ရေးရ အေးချမ်းကြဖို့
အစာငတ်ခံ ဒုက္ခတွေ အတန်တန်နဲ့
အသက်ကိုပေး ဘ၀ကိုစတေးရင်း
မျက်နှာဖြူ နယ်ချဲ့စစ်
ဖက်ဆစ်ဂျပန်ညစ်တွေရဲ့
နှိပ်စက်ကာ ညှဉ်းပန်း
သတ်ဖြတ်ကာ ရက်စက်မှုတွေရဲ့ဒဏ်
ဒို့ပြည်သူတွေ လုံးဝမခံစေရ
အမှန်မုချ လွတ်စေရမယ်
ကျွန်စင်စစ်ဘ၀ကနေ
သခင်ဘ၀ ပြန်ဖြစ်စေရမယ်။
ကမ္ဘာ့အလယ် မျက်နှာမငယ်ဘဲ
“ကမ္ဘာမှာ မြန်မာဟေ့” လို့
ထွန်းတောက်ကျော်ကြားရမယ်
ကြုံးဝါးမှုတွေ အတန်တန်
ဇွဲအားမာန်တွေနဲ့
တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို
အသက်ပေးပြီး ရယူပေးခဲ့သူ
ဘယ်သူရှိလိမ့်အုံးမလဲ
လွတ်လပ်ရေးရဲ့ ဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းပေါ့။
မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာမှာ
ဗိုလ်ချုပ်သာမပါရင်
ဟာတာတာနဲ့
ဗလာနတ္ထိ အရသာမရှိဘူး။
ဒို့ပြည်သူတွေရဲ့ ကျေးဇူးရှင်
လွတ်လပ်ရေးဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
တည်ကြည်ရဲရင့် မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ကို
ဒို့ပြည်သူတွေ နှလုံးသားမှာ
သမိုင်း မှတ်တမ်းတင်
ကမ္ဗည်းထိုးပါရဲ့
ကမ္ဘာတည်သရွေ့ တည်နေမယ်။
မင်းသုည (ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
(မြန်မာပြည်တွင်း၌ ရေးသားခဲ့သည့် ကဗျာဖြစ်ပါသည်။)
Mazzima မှတင်ပြသည်။
Labels: အင်တာဗျူး
Posted by Ashin dhamma at 5:41 PM 0 comments
ဦးသန့်ရာပြည့်အထိမ်းအမှတ်အဖြစ်တံဆိပ်ခေါင်းထုတ်ဝေမည်။

ဦးသန့်ရာပြည့်အထိမ်းအမှတ်အဖြစ်နဲ့ကုလသမ္ဂဦးသန့်ရုပ်ပုံနဲ့တံဆိပ်ခေါင်း
ထုတ်ဝေမယ်လို့ကြောညာလိုက်ပါတယ်။လာမည့်နှစ်မှာကွယ်လွန်သူကုလ
သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့အသက်၁၀၀ပြည့်အထိမ်းအမှတ်
အဖြစ်နဲ့တံဆိပ်ခေါင်းသုံးမျိုးထုတ်ဝေမှာဖြစ်တယ်လို့ကုလသမဂ္ဂစာတိုက်ဌာန
ကကြေညာလိုက်တာပါ။၂၀၀၉-ခုနှစ်ဖေဖေါ်ဝါရီလ၆ရက်နေ့မှာထုတ်ဝေမှာဖြစ်
ပါတယ်။အမေရိကန်၉၄ဆင့်တန်ဆွစ်ဇာလန်ငွေ၁၃တန်နဲ့ဥရောပသမဂ္ဂအီးယူ
ငွေ ၁ ဒသမ ၁၅ ယူရိုတန်တံဆိပ်ခေါင်းတွေဖြစ်ကြပါတယ်။
ကုလသမဂ္ဂရဲ့တတိယမြောက်အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဦးသန့်ကို၁၉၀၉ခုနှစ်
ဇန်န၀ါရီလ၂၂ရက်နေ့ဧရာဝတီတိုင်း၊ပန်းတနော်မြို့မှာအဖဦးဖိုးနှစ်အမိဒေါ်နန်း
သောင်တို့ကဖွားမြင်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်မှာပညာဆည်းပူးခဲ့ပြီးပညာ
ရေးဖက်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။လွတ်လပ်ရေးရအပြီးနိုင်ငံရေးမှာ
ဝန်ကြီးချုပ်ဦးနုနဲ့အနီးကပ်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက်ကုလသမ္ဂဆိုင်ရာမြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရာက
၁၉၆၁ ခုနှစ်နိုဝင်ဘာ၃-ရက်နေ့မှာကုလသမ္ဂအတွင်းရေးမှူးချုပ်အဖြစ်ရွေးချယ်
တင်မြောက်ခံရပါတယ်။ကျူးဘာဒုံးပျံကိစ္စစတဲ့ကမ္ဘာ့နိုင်ငံရေးအကြပ်အတည်း
တွေကိုဖြေရှင်းခဲ့ရာမှာကမ္ဘာ့ခေါင်းဆောင်တွေကချီးကျူးကြပါတယ်။၁၉၇၄-ခု
နှစ်၊နိုဝင်ဘာလ၂၅-ရက်အသက်၆၅-နှစ်မှာကင်ဆာရောဂါနဲ့အမေရိကန်ပြည်
ထောင်စုမှာကွယ်လွန်ခဲ့ပါတယ်။ရုပ်ကလာပ်ကိုမြန်မာပြည်ကိုပြန်သယ်ခဲ့ရာမှာ
အစိုးရရဲ့ဆောင်ရွက်ပုံကိုမကျေနပ်တဲ့တက္ကသိုလ်ကျောင်းသားတွေနဲ့ပြဿနာ
ဖြစ်ပြီးဦးသန့်အရေးအခင်းပေါ်ပေါက်ခဲ့ပါတယ်။
Labels: သတင်း
Posted by Ashin dhamma at 5:09 PM 0 comments
Friday, December 5, 2008
၈၈ ကျောင်းသားခေါင်းဆောင်များ ထောင်ပြောင်းသော်လည်း ရှာမတွေ့
မြင့်မောင်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008 18:50 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ဝေးလံသည့် ထောင်များသို့ ပြောင်းရွှေ့လိုက်ပြီဟု သိရပြီးနောက် မိသားစုဝင်များက လိုက်လံစုံစမ်းရာတွင် အဆိုပါ ထောင်များ၌ မရောက်သေးဘဲ ဖြစ်နေသည်။
ထောင်ဒဏ် ၆၅ နှစ် ကျခံရသူ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသော်လည်း ယနေ့ထိ အဆိုပါ ထောင်သို့ မရောက်သေးသည့်အတွက် မိသားစုက သွားရောက်တွေ့ဆုံရန် အခက်အခဲရှိနေသည်။
“အခု မိုင်းဆတ်လို့ ပြောတယ်။ သေချာလား၊ မသေချာလား သွားကြည့်ရမှပဲ။ ဘယ်ရောက်နေမှန်း မသိရသေးဘူး။ လေယာဉ်လက်မှတ်ဖိုး ဆုံးရင် ဆုံးပါစေ သွားရမယ်လို့ သူ့ညီက ပြောတယ်။ အခု လေယာဉ် လက်မှတ် စုံစမ်းနေတယ်။ လက်မှတ် မရသေးဘူး။ လေယာဉ်စရိတ်က ကျိုင်းတုံအထိကို ၁ သိန်း ၂ သောင်း ရှိတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား မည်သည့်ထောင်သို့ ပြောင်းထားသည်ကို သိရှိရန်အတွက် မိသားစုနှင့် လေ့လာသူများက အင်းစိန်ထောင် အကျဉ်းဦးစီးသို့ မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။
“ကျန်တဲ့ မိသားစုတွေကလည်း သွားပြီးတော့ မေးမြန်းတဲ့အခါမှာ တိတိကျကျ မဖြေဘူး။ ထောင်ထဲမှာ ရှိနေတာတောင်မှ 'မင်းတို့ ဘယ်သူက ပြောတာလဲ၊ ဒီထောင်မှာရှိတာ သေချာလား' ဆိုတဲ့ ကိစ္စမျိုးတွေ၊ ပြန်ပြီးတော့ ငေါက်တဲ့ အခြေအနေမျိုးတွေ ကြုံနေရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - AAPP မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်၊
ထောင်ပြောင်းသည့်အခါ မိသားစုဝင်များအား အာဏာပိုင်များက အသိမပေးခြင်းသည် မိသားစုများကို ဒုက္ခဖြစ်စေရန် ရည်ရွယ်သည်ဟု သူက ဆက်ပြောသည်။
တောင်ငူထောင်သို့ ပြောင်းရွှေ့ခံရသူ ACID ဟစ်ဟော့တေးဂီတအဖွဲ့မှ ကိုအောင်ဇေဖြိုးနှင့် ဆွေမျိုးတဦးကလည်း “သူ့မိသားစုဝင် သွားမေးမှ ထောင်က ပြောလိုက်တာပါ။ တောင်ငူထောင်မှာဆိုတော့ သူ့မိသားစုတွေက နီးတော့ မနက်ဖြန် လိုက်သွားမယ်လို့ ပြောတယ်။ တောင်ငူထောင်ကို ရောက်မရောက် ဖုန်းဆက်စုံစမ်းတော့ 'အဲဒီကိစ္စကို မမေးပါနဲ့' လို့ ထောင်အာဏာပိုင်တွေက ငြင်းဆိုတယ်။ သူ့မိသားတွေကတော့ တော်တော်ကို ခံစားနေရတယ်” ဟု ပြောသည်။
ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့် တက်ကြွလှုပ်ရှားသူ ၆ ဦးအား ယမန်နေ့က ထောင်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်လည်း တာဝန်ရှိသူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အမြင်ကတော့ သူတို့ အပြစ်ရှိတယ်လို့ ယူဆပြီးတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီဆိုရင် ပြစ်ဒဏ်ကျတဲ့ လူတွေ ထောင်ပြောင်းရင် မိသားစုကို အသိပေးသင့်တယ်။ ပြစ်ဒဏ်သဘောမျိုးလို လျှို့ဝှက်ထားတာ မသင့်တော်ဘူးလို့ ထင်တယ်။ ထောင်ကျပြီးတော့ အဝေးကို ပို့တာက အပြစ်ဒဏ်ကို နှစ်ခါချနေတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ဝေးလံခေါင်ဖျားဒေသများရှိ ထောင်များသို့ ရောက်ရှိနေသော ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများအား ထောင်ဝင်စာ လာတွေ့သည့် မိသားစုဝင်များကို ကူညီပေးရန်အတွက် အန်အယ်ဒီဗဟိုက ပြည်နယ်နှင့် တိုင်း စည်းရုံးရေးအဖွဲ့များသို့ ယမန်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ပြည်နယ်၊ တိုင်းနှင့် မြို့နယ် စည်းရုံးရေး အဖွဲ့များက စေတနာမေတ္တာအား၊ စိတ်ဓာတ်ရေးရာအား၊ ငွေအား၊ ပစ္စည်းအားတို့ဖြင့် ၀ိုင်းဝန်းကူညီပံပိုး ပေးကြရန် ပြောဆိုလိုက်သည်။
လွန်ခဲ့သည့် တလအတွင်း ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားမှာ ၂၀၀ ခန့်ရှိပြီဟု AAPP က ဆိုသည်။
Labels: သတင်း
Posted by Ashin dhamma at 5:16 AM 0 comments
သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတက်
ဆော်လမွန်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008 14:29 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ သတင်းစာဆရာကြီး ဦးဝင်းတင်သည် နှလုံးအားနည်းနေသဖြင့် ယမန်နေ့က ရန်ကုန် အထူးကုဆေးခန်းတွင် တက်ရောက်ကုသနေရသည်။
ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရှိ အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ ရန်ကုန် အထူးကုဆေးခန်း (္မညေါသသည္နနိငခေူ ဃနညအနမ) တွင် ကုသနေရခြင်းဖြစ်သည်။
“ဒီကနေ့ စစ်ဆေးစရာရှိတာတွေ ဆက်စစ်မယ်။ လူနာကတော့ နည်းနည်းတော့ သက်သာတာပေါ့နော်။ အတိအကျတော့ မသိသေးပါဘူး။ နှလုံးကတော့ အားမကောင်းဘူးရှင့်။ ပုံမှန်ခုန်တာမရှိလို့ ဆေးတွေ ပေးထားပါတယ်။ သွေးပေါင်ကျနေလို့ သွေးပေါင် ပြန်တင်ပေးနေတာပေါ့နော်။ လူကြီးဆိုတော့လေ စိုးရိမ်ရတယ်လို့လည်း ပြောနိုင်တာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
ဆရာကြီးတွင် သွေးချိုရောဂါလည်း ရှိပြီး လက်ရှိ ချောင်းဆိုးနေကြောင်းနှင့် ကျန်းမာရေး အခြေအနေကို ပိုမိုသိရှိရန်အတွက် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ထားသည်မှာ ယနေ့ ညနေပိုင်းတွင် အဖြေထွက်မည်ဟု သူနာပြုဆရာမက ပြောသည်။
အသက် ၇၉ နှစ်အရွယ် ဦးဝင်းတင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်လာကတည်းက သူငယ်ချင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် နေထိုင်သည်။
အဆက်မပြတ် ချောင်းဆိုးကာ အသက်ရှူရခက်ခဲလာရာမှ ဆေးရုံသို့ တင်လိုက်ရကြောင်း ဦးမောင်မောင်ခင်၏ သားဖြစ်သူ ဦးလှဦးက ပြောသည်။
ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၉ ခုနှစ်အတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ပြီးနောက် ၁၉ နှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။ အဖမ်းအဆီး မခံရခင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် လူအများက ပြောဆိုခဲ့ကြသည်။
Labels: သတင်း
Posted by Ashin dhamma at 5:15 AM 0 comments
Thursday, December 4, 2008
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်ကြေငြာချက်
Labels: ကြေငြာချက်
Posted by Ashin dhamma at 4:56 PM 0 comments
ဘန်ကီမွန်း မြန်မာပြည် မသွားပါ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြည့်အ၀ ဆက်ပြီး
လုပ်ဆောင်သွားပါမယ်လို့ ထပ်ပြီး ကတိပြု ပြောကြားလိုက်ပါတယ်။ သူကိုယ်တိုင်အနေ
နဲ့ရော သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ (Mr. Gambari)
အနေနဲ့ရော လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်
ဟောင်း ၁၀၀ ကျော်တို့ရဲ့ တောင်းဆိုချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တုံ့ပြန်
ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။
ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၁၂ ယောက်က ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဆီ စာတစောင်ရေးသားပေးပို့ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း
သားတွေအားလုံး ဒီ ၂၀၀၈ ခုနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ပါလို့ တိုက်တွန်းခဲ့
တာနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ဘက်က တုံ့ပြန်ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကို
ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောရေးဆိုခွင့်
ရှိသူ မစ္စ ချွိုင် ဆောင်-အား (Choi Soung-ah) က …
"စာကို အတွင်းရေးမှူးချုပ် လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစာပေးပို့ရာမှာ အဓိက
ညှိနှိုင်းဆောင်ရွက်သူဖြစ်တဲ့ နော်ဝေး၀န်ကြီးချုပ်ဟောင်းကလည်း အတွင်းရေးမှူးချုပ်နဲ့
ဖုန်းဆက် ပြောဆိုခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံသွားဖို့၊ နိုင်ငံရေး
အကျဉ်းသားတွေ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ဖို့ တိုက်တွန်းထားတဲ့ စာပါ
အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးကြပါတယ်။"
မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ မြန်မာစစ်အစိုးရက ဖမ်းဆီးထားသူ
အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေချ၊ ဝေးလံတဲ့ထောင်တွေကိုပြောင်း စသည်ဖြင့်
လုပ်ဆောင်ခဲ့တာ ပူပူနွေးနွေး ရှိနေသေးတဲ့အချိန်မှာပဲ ခေါင်းဆောင်ဟောင်းတွေက
အတွင်းရေးမှူးချုပ်ကို တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်ကို
အတွင်းရေးမှူးချုပ်က ဘယ်လောက်အတိုင်းအတာထိ အောင်မြင်အောင်လုပ်ဆောင်နိုင်
ပါ့မလဲ။ ဒီမေးခွန်းအတွက် မစ္စ ချွိုင် ဆောင်-အားရဲ့ အဖြေကတော့ အတွင်းရေးမှူးချုပ်
ဟာ မြန်မာ့အရေးကို အပြည့်အ၀ လုပ်ဆောင်နေဆဲပါတဲ့။
"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူကိုယ်တိုင်အနေနဲ့ရော၊ သူ့ရဲ့ အထူးအကြံပေး
ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကနေ တဆင့်ရော အပြည့်အ၀ ဆက်ပြီး
ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားတာကို ထပ်ပြီး အာမခံပြောကြားခဲ့ပါတယ်။
နောက်ပြီး ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ထပ်သွားချင်တဲ့အကြောင်း
လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကနေ
အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ မြင်ရစေမယ့် သင့်တင့်လျောက်ပတ်တဲ့ မျှော်လင့်ချက်မျိုး
မရဘူးဆိုရင်တော့ သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
ဒီလိုသွားဖို့မဖြစ်နိုင်ဘူးဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အတွက်တင်မဟုတ်ဘဲ
မစ္စတာဂမ်ဘာရီအတွက်လည်း အကျုံးဝင်တယ်လို့ မစ္စ ချွိုင် ဆောင်-အားက ဆိုပါ
တယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ခေါင်းဆောင်ဟောင်းတွေရဲ့
တောင်းဆိုချက်ထဲမှာ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ပါလို့ အချိန်သတ်သတ်
မှတ်မှတ် ပါတာကလွဲလို့ ဒီလိုလွှတ်ပေးဖို့ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ကိုယ်တိုင်ကလည်း တိုက်တွန်းတောင်းဆိုခဲ့ဖူးပါတယ်။ ဒီလိုတောင်းဆိုသံတွေ ကြားထဲ
မှာပဲ မြန်မာစစ်အစိုးရက ဆက် အံတုပြီး ဖမ်းတာဆီးတာ၊ ထောင်ချတာ၊ ထောင်ပြောင်း
တာတွေကို လုပ်နေတာပါ။
ခေါင်းဆောင်ဟောင်းတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး
တောင်းဆိုချက်တွေ ဒီနှစ်ကုန်မှာမှ မအောင်မြင်ဘူးဆိုရင်တော့ ၂၀၀၇ ခုနှစ်၊
အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့
မြန်မာ့အရေး ကြေညာချက်ပါ အချက်တွေအတိုင်း အကောင်အထည်ဖော်နိုင်ရေး
ခိုင်မာတဲ့အရေးယူမှု လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီကို တွန်းအားပေးပါလို့ မစ္စတာ
ဘန်ကီမွန်းကို နောက်ထပ် တိုက်တွန်းထားပါတယ်။
လုံခြုံရေးကောင်စီကနေ အရေးယူလုပ်ဆောင်ဖို့ရာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
က ဆောင်ရွက်လို့မရဘဲ လုံခြုံရေးကောင်စီကိုယ်တိုင်က ဆောင်ရွက်ရမှာဖြစ်တဲ့
အကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့လည်း သူတို့တာဝန်ရှိတာကို ချက်ချင်းလုပ်ဖို့ လိုပါ
တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကတော့ ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
ဆွေးနွေးရေးလို လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး ခိုင်မာတဲ့ရလဒ်တွေ ရရှိရေးအတွက်
အဓိကလုပ်ဆောင်ရမယ့်တာဝန်ဟာ မြန်မာအစိုးရဆီမှာပဲ ရှိတယ်ဆိုတာကို အတွင်း
ရေးမှူးချုပ်က တသမတ်ထဲ ပြောခဲ့ပါတယ်။ အခြေခံအားဖြင့်ဆိုရင် ဘောလုံးဟာ မြန်မာ
စစ်အစိုးရရဲ့ ကစားကွင်းထဲမှာ ရှိနေပါတယ်။ သူတို့တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ရမှာ
တွေကို မြန်မာအစိုးရက အခုချက်ချင်း လုပ်ဖို့လိုပါတယ်။"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ မစ္စ ချွိုင်
ဆောင်-အား ပြောပြသွားတာ ဖြစ်ပါတယ်။
မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ နိုင်ငံရေးအကျဉ်း
သားတွေ လွတ်မြောက်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ အခုလို တောင်းဆို
ကြတဲ့အပေါ်မှာတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ကြိုဆိုကြပါတယ်။
ဒါပေမယ့်လည်း မြန်မာစစ်ခေါင်းဆောင်တွေအဖို့မှာက အမြဲတမ်းလို တောင်းဆိုသံတွေ
ကြားကြားနေရတတ်တာမို့ အခုတောင်းဆိုသံတွေကလည်း သူတို့အတွက် သင်္ကြန်
အမြောက်လို ဖြစ်နေမလားပါပဲ။
ခေါင်းဆောင်ဟောင်း ၁၁၂ ဦးတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်ရေး
အတွက်ရော၊ ရင်ဆိုင်နေရတဲ့ လူသားဘေးဒုက္ခဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွား
တဲ့အခြေအနေတွေကို ဖြေရှင်းဖို့အတွက်ရော သူတို့ အလွန်အမင်း လိုလားတောင့်တနေ
တဲ့ ဖြစ်ထွန်းတိုးတက်မှု အောင်မြင်ရရှိဖို့ရာ လိုအပ်တဲ့ အရေးယူလုပ်ဆောင်မှုတွေ
အတွက် မြန်မာလူထုဟာ ကုလသမဂ္ဂပေါ်မှာ မျှော်လင့်တကြီးနဲ့ မှီခိုအားထားနေပါတယ်
လို့ သူတို့ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။
VOA
Labels: သတင်း
Posted by Ashin dhamma at 5:54 AM 0 comments

