
ပါဠိစာပေ၌ မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဖော်ညွှန်း ပြဆိုရာတွင် အတုလသည် တမျိုးအပါအ၀င် ဖြစ်၏။ အဓိပ္ပာယ်မှာ လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးတို့တွင် မြတ်စွာဘုရားကို မည်သူမှတု မတူနိုင်ဟူ၍ ဖြစ်၏။ခေတ်စကားဖြင့်ဆိုရသော် မြတ်စွာဘုရားသည် ပြိုင်စံရှားသော ပုဂ္ဂိုလ်ထူး ဖြစ်တော်မူပါပေ၏။ အဓမ္မမင်းနှင့် အဓမ္မမင်းမြှောင်တို့၏ အဓမ္မတရား စီရင်မှုကို မြင့်မြတ်သော မြတ်စွာဘုရား၏ ဂုဏ်ပုဒ်နှင့်မှ နှိုင်းရကောင်းလားဟု အပြစ်တင် လျှင်လည်း ခံရမည်သာ ဖြစ်သည်။
ဤသီတင်းပတ်များအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဘယ်တုန်းကမှ မကြားဘူးသော နှစ်ရှည် ထောင်ဒဏ်များဖြင့် ပြစ်ဒဏ်ပေး စီရင်ခြင်းများကို ကြားရသောကြောင့် မနေနိုင်မထိုင်နိုင် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါ၏။
အတုလဟူသော ဂုဏ်ပုဒ်ဖြင့် ရည်ညွှန်းရခြင်းမှာ အောက်ဖော်ပြပါ အကြောင်းတရားများကြောင့် ဖြစ်ပါ၏။
အတုလ နိုင်ငံတော်
မြန်မာပြည်ကို အုပ်စိုးခဲ့သော ဗမာအစိုးရ အဆက်ဆက်တို့က မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း တရာကျော် နေထိုင်သည်ဟု ၀ါဒဖြန့်ခဲ့ကြ၏။ သို့သော် ဤလူမျိုးစုပေါင်း တရာကျော်ကို ဘယ်သူက ဘယ်နေရာမှာ ကွင်းဆင်း၍ ဘယ်သို့ဘယ်ပုံ ရေတွက်ကာ စာရင်းအင်း ပြုစုခဲ့ကြောင်းကို ဦးကုလားရာဇ၀င်၊ မှန်နန်းရာဇ၀င်မှ အစ ဘယ်သမိုင်း ရာဇ၀င်ကျမ်းများတွင်မှ တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။ သို့ရာတွင် ဗမာအစိုးရ အဆက်ဆက်တို့ ဤသို့သာ ဆက်ကာဆက်ကာ ဟစ်အော်လာကြသဖြင့် လူအပေါင်းတို့ကလည်း ယင်းကို သံယောင်လိုက်ကာ ပြောဆိုနေကြခြင်း ဖြစ်လေ၏။
ဤနေရာ၌ ဘာသာစကားနှင့် လူမျိုးကို ခွဲခြားသိဖို့လို၏။ ချင်းလူမျိုးတို့သည် တတောင်ကျော်လျှင် ဘာသာ စကား တမျိုးပြောင်းသွားသည်ဟု စာရေးသူ၏ မိတ်ဆွေ ချင်းအမျိုးသား ပညာရှင်တယောက်က ပြောသဖြင့် မှတ်သားရဖူး၏။ ကရင်လူမျိုးတွင်လည်း ပိုးကရင်၊ စကောကရင် စသည်အားဖြင့် ဘာသာစကား ကွဲပြားသေး ၏။ ရှမ်းလူမျိုးတွင်လည်း ဘာသာစကား ကွဲပြားမှုတွေရှိ၏။ တရုတ်လူမျိုးတွင်လည်း ဘာသာစကား ကွဲပြားမှု များစွာရှိလေ၏။
ဤသို့ ဘာသာစကား ကွဲပြားမှုကို ဗမာအစိုးရအဆက်ဆက်တို့က လူမျိုးပေါင်း တရာကျော်သည်ဟု နားလှည့် ပါးရိုက်၍ လှည့်စားနေခြင်းဖြစ်၏။ ဖက်ဒရယ် အရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်မှု တောင်းဆိုနေကြသော တိုင်းရင်းသား လူမျိုးစုများကို သေးငယ်လှသောနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရလျှင် လူမျိုး တရာကျော် ရှိသည့်အတွက် နိုင်ငံ အစိတ်စိတ် အမွှာမွှာ ဖြစ်လိမ့်မည်ဟု တိုင်းရင်းသားလူမျိုးစုများ နဝေတိမ်တောင် သို့လော သို့လော ဖြစ်စေရန် သွေးခွဲပြောဆိုနေခြင်းသာ ဖြစ်သည်။
ယင်းကို နားယောင်နေသူတို့ကလည်း မြန်မာနိုင်ငံသည် နိုင်ငံသေးငယ်သော်လည်း လူမျိုးပေါင်းတရာကျော် နေထိုင်သည့်အတွက် ကမ္ဘာတွင် ဘယ်တိုင်းပြည်နှင့်မှမတူ ပြိုင်စံရှားသည့် နိုင်ငံဖြစ်ပါပေ၏။ ထို့ကြောင့် ဤနိုင်ငံသည် အတုလနိုင်ငံတော် ဖြစ်ပါပေ၏။
ထို့အပြင် မြန်မာနိုင်ငံသည် ၁၉၅၈ ခုနှစ်မှ စတင်ကာ ယနေ့အထိ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အမည် အမျိုးမျိုးဖြင့် တောက်လျှောက် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့သည်။ ကမ္ဘာတွင် ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ကမှ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် ဤမျှကြာကြာ မနေခဲ့ကြရ။ ဤသို့သောဂုဏ် ကြောင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် ပြိုင်စံရှားသော အတုလနိုင်ငံတော်ကြီး ဖြစ်ပါပေသည်။
အတုလမင်း
မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေသောမင်းသည် ယုတ်မာသည့် အရာတွင် ကမ္ဘာ၌ ပြိုင်စံရှားလှ၏။ အာဏာ ရမ္မက် ငမ်းငမ်းတက်ရာတွင်လည်း ကမ္ဘာ၌ ပြိုင်စံရှား၏။ ရက်စက်ကြမ်းကြုတ်သည့် အရာ၌လည်း မည်သူမျှ သူ့ကိုမယှဉ်နိုင်။ ၀ါဒမတူသူတို့ကို နည်းအမျိုးမျိုးဖြင့် နှိမ်နင်းနှိပ်ကွပ်၏။ နောက်ဆုံး တိုင်းသူပြည်သားတို့ ခါးစည်းခံနေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့ ကင်းဝေးလို ကင်းဝေးငြား မေတ္တာပို့ ကြွချီလာကြသည့် လက်နက်ဆို၍ စီးစရာ ဖိနပ်ပင်လျှင် ယူဆောင်မလာကြသော ဘုရားသားတော် ရဟန်းသံဃာတော် များကိုပင်လျှင် သူ၏အာဏာ ကုလားထိုင်ကို ကိုင်လှုပ်သည်ဟုဆိုကာ လက်နက်ဖြင့် ပစ်ခတ်နှိမ်နင်းစေ၏။
နာဂစ်မုန်တိုင်း ရိုက်ခတ်သဖြင့် ဆင်းရဲဒုက္ခ ဝေနေကြသော တိုင်းသူပြည်သားတို့ကို ညှာတာခြင်း ကင်းမဲ့စွာ လျစ်လျူရှုထားပြီး အကူအညီပေးမည့် သူတို့ကိုလည်း မျက်မှန်စိမ်းတပ်ကာ ရန်သူအဖြစ် ရှုမြင်လျှက် မကူညီ နိုင်အောင် အမျိုးမျိုးပိတ်ပင်၏။ သူ၏ရက်စက်မှုကို မြန်မာပြည်သူ ပြည်သားတို့သာမက စကြ၀ဠာကမ္ဘာကြီး တခုလုံးရှိ လူသားအားလုံးတို့က ရင်သပ်ရှုမော တအံ့တသြ ဖြစ်ကြရလေကုန်၏။ ရက်စက်မှုအပေါင်း သရဖူ ဆောင်းထားသည့် ဤသို့သော ဂုဏ်ကြောင့် မြန်မာပြည်ကို သေနတ်မိုး၍ အုပ်ချုပ်နေသော သန်းရွှေခေါ်ဆို ထိုမင်းတြားရူးကြီးသည် အတုလမည်တော်မူပါပေ၏။
အတုလ မင်းမြှောင်များနှင့် အတုလ တရားစီရင်မှု
အုပ်စိုးသူမင်းကို အမှီပြု၍ ကပ်မြှောင် ခိုစားနေကြသည့် မင်းမှုထမ်း ၀န်ကြီး ၀န်လေး စာရေး စာချီ ဒရ၀မ် တံခါးစောင့် အားလုံးတို့ကို မင်းမြှောင်ဟုခေါ်၏။ မြန်မာစကားပုံ၌ “မင်းကား ကောင်းလျက် မင်းမြှောင် ဖျက်၏” ဟူသော စကားရှိ၏။ ယခုမူ မင်းကိုယ်တိုင်က ပျက်စီးနေသဖြင့် ထိုမင်းကို ကပ်မြှောင် စားနေကြ သော မင်းမြှောင် တသိုက်တို့သည်ကား အထူးဆိုဖွယ်ရာမရှိပြီ။ တရားမရှိသည့် မင်းက တရားမဲ့စွာ ခိုင်းစေ နေသည်ကို သိပါလျက် အားလုံးသော ထိုသတ္တ၀ါတို့သည် တာဝန်ကျေပြွန်စွာ အမှုတော် ထမ်းပေးနေကြ လေကုန်၏။
ဘိုးဘေး ဘီဘင် လက်ထက်မှစ၍ ရတနာအဖြစ် သတ်မှတ်လာခဲ့ကြသော သံဃာတော်တို့ကို ကိုယ်ထိ လက်ရောက် မပြောနှင့် စိတ်ဖြင့် ပြစ်မှား မိလျှင်ပင် အပြစ်ကြီးသည်ဟု သိနေပါလျက် သူတို့၏ အထက် လူကြီးတွေ ခိုင်းစေသည့်အတိုင်း ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ နှိပ်စက်ကလူ ပြုခြင်းတို့ဖြင့် အမှုတော် ကျေပြွန်အောင် ထမ်းဆောင်ပေးနေကြလေ၏။ ကောင်းလိုက်သည့် မင်းမှုထမ်း၊ သခင့်အပေါ် သစ္စာစောင့်သိ ရာ၌ တုဘက်မရှိ ပြိုင်စံရှားလှသည့် အတုလမင်းမှုထမ်း၊ အတုလမင်းမြှောင်များ ပီသကြပါပေသည်။
ဤသို့ အမှုတော် ကျေပြွန်ခြင်းအတွက် သူတို့၏ အထက်ဆရာကြီးများက ချီးမြှင့်မြှောက်စား ကြပြန်သဖြင့် သခင်အားရ ကျွန်ပါးဝဖြစ်ကာ ပြည်သူလူထုကို တရားလက်လွတ် ပရမ်းပတာ ပြုမူဆက်ဆံလာကြသည်။
အပြစ်မရှိသူတို့ကို အမျိုးမျိုး ထောင်ချောက်ဆင် ဖန်းဆီး၍ မတရား အပြစ်ပေး စီရင်ချက်ချနေကြသည်။ မြန်မာပြည်မှာရော ကမ္ဘာမှာပါ ဘယ်တုန်းကမှမကြားဘူးသော ပြစ်ဒဏ်များဖြင့်အပြစ်ပေး၍ စီရင်ချက်ချနေ ကြသည်။ ဤသို့ စီရင်ချက်ချပေးသည့် တရားသူကြီးများသည် မတရားမှန်း မသိ၍တော့မဟုတ်၊ အားလုံး သိကြပြီး ဖြစ်သည်။ သို့ပါလျက် ဤသို့ စီရင်ချက် ချပေးရခြင်းမှာ သူတို့ အထက်လူကြီးများ အမျက်တော်ရှ မည်ကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
ယင်းသည် အဂတိတရား လေးပါးတို့တွင် ကြောက်၍ အဂတိလိုက်စားခြင်း ဘယာဂတိ အမျိုးအစား ဖြစ်၏။ မည်သည့် အကြောင်းကြောင့် အဂတိ လိုက်စားသည် ဖြစ်ပါစေ၊ အဂတိလိုက်စားသူသည် အပါယ်ငရဲသို့ သွားရမည် ဖြစ်ကြောင်း တရားသူကြီးများနှင့် တရားရေး ၀န်ထမ်းများ သိထားသင့်ကြ၏။
ပို၍ဆိုးသည်မှာ သံဃာတော်များကို မတရားထောင်ဒဏ်ချမှတ်ခြင်းဖြစ်၏။ ဘုရား တရား သံဃာ မိဘ ဆရာ တည်းဟူသော အနန္တငါးပါးတို့ကို အကျိုးစီးပွားထိခိုက်အောင် ပြုလုပ်ခြင်းသည် အလွန်ကြီးလေးသည့် ကံကြီး ကို ကျူးလွန်နေခြင်းဖြစ်၍ သံသရာတခုလုံး အပါယ်ငရဲ၌ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေလိမ့်မည် ဖြစ်ကြောင်း အဓမ္မမင်းတြားရူးကြီးနှင့်တကွ သူ့အပေါ် တာဝန် အလွန်ကျေပြွန်ကြသည့် တရားသူကြီးများ အထူးသတိချပ်သင့် ကြသည်။
နိုင်ငံကောင်းစေချင်၍ နိုင်ငံ့အရေး ပြုလုပ်ကြသူများကို လူသတ်သမား ဒုစရိုက်သမားတွေထက် အဆများစွာ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်အပြစ်ပေးခြင်းကြောင့် စကြ၀ဠာ ကမ္ဘာကြီး တခုလုံးက အံ့သြခြင်းကြီးစွာ ဖြစ်ကြရလေကုန်သည်။
သြော် ... အတုလ တရားစီရင်မှုကြီးပါတကား။
ယခုလည်း မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာပေါ်တွင် ဘယ်တိုင်းပြည်နှင့်မှ မတူသည့် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ကြဦးမည်ဆိုသဖြင့် ဤစကြ၀ဠာကြီး အတွင်း အတုလ ဒီမိုကရေစီ နိုင်ငံတော်ကြီးတခု ပေါ်ထွန်းလာပေဦးတော့မည်။
အို ... လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ရင်သပ်ရှုမော တအံ့တသြဖြင့် စောင့်မျှော်ကြည့်ရှုကြပါကုန်။ ။
စာရေးသူ အရှင်ရတနသည် ပြည်ပတွင် ပညာဆည်းပူးနေသော ရဟန်းတပါးဖြစ်ပါသည်။
ဧရာဝတီ
Thursday, December 4, 2008
အတုလ နိုင်ငံတော်၊ အတုလ မင်း၊ အတုလ မင်းမြှောင်များနှင့် အတုလ တရားစီရင်မှု
Labels: ဆောင်းပါး
Posted by Ashin dhamma at 5:45 AM 0 comments
Wednesday, December 3, 2008
နိုင်ငံရေး အကျဉ်းသားတို့ကိုဝိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် မေတ္တာရပ်ခံ
နိုင်ငံရေး အကျဉ်းသားတို့ကို ဒေသခံ ပြည်သူနှင့် ၀န်ထမ်းတို့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် ဆရာတော်များက မေတ္တာရပ်ခံ
မိုးမခ အထောက်တော် (ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၀၈
ယမန်နေ့က ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ၎င်းတို့လူငယ်များကို ဝေးလံခေါင်ဖျားသော ထောင်များသို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်သည်။ ပြည်သူအချစ်တော် ကိုဇာဂနာနှင့် မိတ်ဆွေများကိုလည်း ရန်ကုန်အင်းစိန်ထောင်က အခြားတနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း ကြားသိရသည်။
ဇေယျာသော်ကို ကော့သောင်း၊ အောင်ဇော်ဖြိုးကို တောင်ငူ၊ သီဟ၀င်းတင်ကို ညောင်ဦးထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆိုသည်။ ထိုင်းအခြေစိုက် အေအေပီပီ စာရင်းအရ နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးကို ထောင်ဒဏ်များ ကြီးလေးစွာ ချမှတ်ခဲ့ကြောင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာက အငြိမ်းစား သမ္မတများ၊ ခေါင်းဆောင်များဖြစ်သည့် ဂျော့ဘွတ်ခ်ျ (အကြီး)၊ ဂျင်မီကာတာ၊ ဟာဗယ်လ် စသည်တို့အပါအ၀င် ပုဂ္ဂိုလ်ကြီး ၁၁၂ ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လိပ်မူပြီး မြန်မာပြည်အကြပ်အတည်းကို အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားသည်။
“အမျိုး ဘာသာ သာသနာကို အသက်တွေ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး ဆောင်ရွက်ကြတဲ့ ဒကာတွေ ဒကာမတွေကို အခုလို ထောင်ချတယ်၊ အဝေးကို ပို့ပြီး မိဘတွေ သားချင်းတွေ လိုက်မမီအောင် ပင်ပန်းဆင်းရဲအောင် တပူပေါ် နှစ်ပူ သုံးပူ ဆင့်ကြတယ်။ ဆရာတော်ကတော့ အကုသိုလ်တွေထဲက ကုသိုလ်ရတဲ့အလုပ်ကို ရွေးပြီး စဉ်းစားတယ်။
ရန်ကုန်နဲ့ ဝေးတဲ့ နယ်အသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ အိမ်ရှင် သူတော်ကောင်း အမျိုးသားကောင်း အမျိုးကောင်းသားသမီးတွေအတွက် အရတော်တဲ့ အဖြစ်၊ ထူးတဲ့ အဖြစ်တခု ဖြစ်လာတာပဲ။
အခုလို အာဇာနည် သူတော်ကောင်း ဒကာတွေ ဒကာမတွေကို အဲဒီက ထောင်တွေထဲ ပို့လိုက်ပြီ၊ သူတို့တွေ ရောက်လာကြပြီ။ ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဂရုဏာ မေတ္တာတွေနဲ့ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကူညီဖို့ အခွင့်အရေးကြီး အဲဒီအရပ်ကို ဆိုက်ရောက်လာတာပဲ။ ၀ိုင်းပြီး ကိုယ့်သားသမီးလို၊ မိခင် ဘခင်များလို၊ ညီအကို မောင်နှမတွေကို စောင့်ရှောက်ပေးထားကြပါ။ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တွေ ရကြပါလိမ့်မယ်လို့ ဆရာတော်က မေတ္တာရပ် တောင်းပန်လိုက်ချင်ပါတယ်။
အဲဒီအထဲမှာ သင်္ကန်းချွတ်ပြီး လွှတ်လိုက်တဲ့ သံဃာတော်တွေလည်း ပါလာပါလိမ့်မယ်။ သူတို့ကိုလည်း ဂရုဏာနဲ့ စောင့်ရှောက်ပြီး သာသနာပြုပေးကြပါ။ မယူတတ်ရင် ငရဲကြီးပါတယ်။ အခုလို ခံယူလိုက်ရင် ကုသိုလ်ဖြစ်ပါလိမ့်မယ် ..”
ဟု ရန်ကုန်မြို့က သက်တော် ၀ါတော်ကြီး ဆရာတော်ကြီးတပါးက သဘောထားကို ထုတ်ပြန်မိန့်ကြားခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 5:09 PM 0 comments
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ အမြန်သွားဖို့ တောင်းဆို

နော်ဝေး၀န်ကြီးချုပ်ဟောင်း
ချဲလ် မာနဲလ် ဘိုနဗစ်။
ဖေဖော်ဝါရီ ၃၊ ၂၀၀၆။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး
သွားရောက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အမြန်ဆုံး
ပြန်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ဦး
က မစ္စတာဘန်ကီမွန်းဆီကို စာရေးတောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ဆက်သွယ်
မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရခေါင်းဆောင်ဟောင်း ၁၁၂ ဦးရဲ့ ဒီစာအရတော့ အခု
၂၀၀၈ ခုနှစ် မတိုင်ခင်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်
လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဖိအားပေးထားတာပါ။
ဒီအချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးသားမို့ မဖြစ်
မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်ကို ထောက်ပြထားပါတယ်။ ဒီအထဲမှာ ပါဝင်
လက်မှတ်လည်းထိုး၊ ဒီစာဖြစ်ဖို့ ဦးဆောင်လှုပ်ရှားသူတဦးလည်းဖြစ်တဲ့ နော်ဝေးနိုင်ငံ
က ၀န်ကြီးချုပ်ဟောင်း ချဲလ် မာနဲလ် ဘိုနဗစ် (Kjell Magne Bondevik) က ဗွီအိုအေကို
အခုလို ရှင်းပြပါတယ်။
"အခု မြန်မာနိုင်ငံတွင်း နောက်ဆုံးဖြစ်ပေါ်နေတဲ့
အခြေအနေတွေအပေါ်မှာ ကျနော်တို့ စိုးရိမ်မိပါ
တယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေး
ကောင်စီဥက္ကဋ္ဌ ကြေညာချက်ကို ၂၀၀၇ ခုနှစ်
အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်
ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလို မြန်မာနိုင်ငံ
က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ
ရေးကို ကုလသမဂ္ဂအနေနဲ့ ၂၀၀၈ ခုနှစ်အတွင်း
တိုးတက်ဖြစ်ထွန်းမှုအနေနဲ့ တိုင်းတာသတ်မှတ်
ထားပါတယ်။
"ဒါပေမယ့်လို့ ၂၀၀၇ ဇွန်လက မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသား ၁,၂၀၀ လောက်ပဲ ရှိရာကနေ အခုဆိုရင် ၂,၁၀၀ ကျော်အထိ
ရှိလာပါတယ်။ ဒါ လက်မခံနိုင်စရာပါ။ ဒါကြောင့် မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာ
နိုင်ငံကိုသွားပြီး စစ်အစိုးရအနေနဲ့ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး
ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးရပါမယ်။"
မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ ဒီမိုကရေစီဖြစ်ထွန်းရေးရော
နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ကနဦးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသား
တွေ လွတ်မြောက်ရေးကို နိုင်ငံတကာအနေနဲ့ ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်
သဘောထားရမယ်လို့လည်း မစ္စတာဘိုနဗစ်က ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ ပထမဆုံးအဆင့် ဖြစ်ရပါလိမ့်မယ်။ ဒါပြီးမှ
စစ်အစိုးရရယ်၊ အန်န်အယ်လ်ဒီရယ်၊ တိုင်းရင်းသားတွေရယ် တွေ့ဆုံဆွေးနွေးနိုင်မှာပါ။
ဒါကြောင့် မြန်မာနိုင်ငံက ဒီနိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ နိုင်ငံတကာအနေနဲ့
ကြိုတင်စည်းမျဉ်းကို သတ်မှတ်ထားရပါမယ်။"
ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ တဖက်မှာ သူတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း
လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ ပိုင်းဖြတ်ထားပုံရပါတယ်။ မစ္စတာ
ဘိုနဗစ်ကတော့ ဒီအတိုင်း အခြေအနေအရဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်
ပွဲတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေ အထိန်းသိမ်းခံနေရ
သရွေ့တော့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီမတိုင်ခင်
မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအတွက် လမ်းဖွင့်ပေးထား
ရပါမယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာမှာလည်း ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ လိုပါ
တယ်။"
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မှုမှာ အနောက်နိုင်ငံတွေနဲ့ အာရှ
ဘက်က အာဆီယံ၊ တရုတ်တို့အကြားမှာ ကွဲလွဲမှု အဓိကအချက်ကတော့ ပြစ်ဒဏ်ခတ်
ဖိအားပေး အရေးယူနည်းနဲ့ အပြုသဘော သံတမန်နည်းအရ ချဉ်းကပ်တာတွေပါ။
နှစ်ဖက်စလုံးကလည်း ဒါကို စိုက်လိုက်မတ်တတ် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ
နိုင်ငံအတွက် အဖြေကောင်းကောင်းတော့ ထွက်မလာသေးပါဘူး။ ဒါဟာ နိုင်ငံတကာ
ကနေ မြန်မာ့အရေးကို ကိုင်တွယ်မှုမှာ စိတ်ပါလက်ပါ ပိုင်းဖြတ်ချက်မရှိလို့ ဖြစ်တယ်လို့
မစ္စတာဘိုနာဗစ်က အပြစ်တင်ပါတယ်။
"ပြဿနာကတော့ ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးရဲ့ တကယ်တမ်း စိတ်ဆန္ဒရှိမှုပါပဲ။
ကျနော် အရင်တုန်းက မစ္စတာဘန်ကီမွန်းကို တိုက်တွန်းခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ အဓိကကျတဲ့နိုင်ငံတွေက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေး
တရပ် ခေါ်ယူကျင်းပဖို့ ကိစ္စပါ။ အမေရိကန်၊ အီးယူ၊ အာဆီယံ၊ တရုတ် စတဲ့နိုင်ငံတွေ
အနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ပါ။"
မစ္စတာဘန်ကီမွန်းအနေနဲ့ အခုနှစ်ဆန်းပိုင်းမှာပဲ နာဂစ်မုန်တိုင်းကိစ္စနဲ့ မြန်မာနိုင်ငံကို
သွားခဲ့ဖူးတာကြောင့် မြန်မာအစိုးရ ဗိုလ်ချုပ်တွေနဲ့ မစ္စတာဘန်ဟာ အဆက်အစပ်ရှိနေ
ဆဲလို့ ယူဆတာကြောင့် မစ္စတာဘန် မြန်မာနိုင်ငံကိုသွားရင် စစ်အစိုးရကို တစုံတရာ
နားချနိုင်မယ်လို့ မစ္စတာဘိုနာဗစ်က ယူဆပါတယ်။ မစ္စတာဘန်ကီမွန်းကလည်း အခု
နှစ်မကုန်ခင် သူ မြန်မာနိုင်ငံကိုသွားမယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာပဲ ခိုင်မာတဲ့တိုးတက်မှု တစုံ
တရာမတွေ့ရဘဲ မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ ယူဆပြောဆိုတဲ့ အာရှနိုင်ငံတွေ
လည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်း
ထန်ကတော့ မစ္စတာဘန်ကီမွန်း လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အခုလို
ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အရေး တိုက်တွန်းဆောင်ရွက်တဲ့အပေါ်မှာ စိတ်အား
ရမိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဒီဥစ္စာ အလိုအပ်ဆုံးပါ။ ဘန်ကီမွန်း လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ကမ္ဘာက
အဲဒီလိုလုပ်တာ ကျနော်တို့ ၀မ်းသာလို့ပါ။ အဲဒီလိုဆန္ဒပြုတာ ကျနော်တို့အတွက်
အများကြီး ကြိုဆိုစရာဖြစ်တယ်၊ ၀မ်းသာစရာဖြစ်တယ်၊ အားရစရာဖြစ်တယ်။"
အခု ကမ္ဘာ့ခေါင်းဆောင် ၁၁၂ ဦး မစ္စတာဘန်ကို ပေးပို့တဲ့စာထဲမှာတော့ မစ္စတာဘန်
မြန်မာနိုင်ငံကို သွားနိုင်သည်ဖြစ်စေ၊ မသွားနိုင်သည်ဖြစ်စေ မြန်မာအစိုးရအနေနဲ့ အခု
နှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်း
လင်းလင်း စစ်အစိုးရသိအောင် လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အကယ်၍ ဒါကို
စစ်အစိုးရက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ
ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ နောက်ထပ် အရေးယူကိုင်တွယ်မှုတွေ လုပ်ဖို့
ကိုလည်း တိုက်တွန်းပါတယ်။ သူတို့အနေနဲ့လည်း ကုလသမဂ္ဂနဲ့အတူ တသားတည်း
ရပ်တည်သွားမယ်လို့ ကတိပြုထားပါတယ်။
အခုပေးစာထဲမှာတော့ အမေရိကန်ပြည်ထောင်စုက သမ္မတဟောင်း ဂျော့ အိပ်ခ်ျ
ဒဗလျူ ဘုရှ်၊ ဂျင်မီကာတာ၊ အာရှကဆိုရင်တော့ ကိုရာဇန် အာကွီနို၊ ကင်ဒေးဂျုံ၊
ရာမို့စ်ဟိုတာ၊ ကိုအီဇူးမီး၊ အခြားထင်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း
တိုနီဘလဲ၊ ဂျွန်မေဂျာ၊ မာဂရက်သက်ချာ၊ နောက် ချက်နိုင်ငံက ဗားဆလပ်ဟားဗဲလ်၊
အိုင်ယာလန်က မယ်ရီရောဘန်ဆန် စုစုပေါင်း ၁၁၂ ဦး ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။
VOA
Labels: သတင်း
Posted by Ashin dhamma at 8:08 AM 0 comments
ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ပြောင်း
Wednesday, 03 December 2008 18:34 ဧရာဝတီ
E-mail Print
စစ်အစိုးရက ဖမ်းဆီး ထောင်ချ ထားသော လူငယ်အဆိုတော် ကိုဇေယျာသော် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၇ ဦးကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်း အဝန်းက ပြောသည်။
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင် လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော် လည်းဖြစ်သူ အသက် ၂၇ နှစ်ရှိ ဇေယျာသော်ကို မြန်မာပြည် တောင်ပိုင်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ၂၀ရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။
၎င်းနှင့်အတူ GW အဖွဲဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟဝင်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့ကိုလည်း ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခဲ့သည်။
ယင်းGW အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်ဇေဖြိုးအား ပဲခူးတိုင်း တောင်ငူထောင်၊ ကိုသီဟဝင်တင်အား မန္တလေးတိုင်း ညောင်ဦးထောင်၊ ကိုအာကာဗိုလ်အား ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူထောင်သို့ အသီးသီး ပို့ဆောင်လိုက် ကြောင်းလည်း သိရသည်။
ကိုဇေယျာသော်နှင့် အဖွဲ့ဝင် ၆ဦးကို ယခုနှစ်မတ်လ ၁၂ရက်နေ့တွင် ဆရာစံလမ်းရှိ စားသောက်ဆိုင်တဆိုင် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုဇေယျာ်သော်သည် အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်းတို့နှင့်အတူ ၂၀၀၀ ခုနှစ် ကုန်ပိုင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးသော ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။
ယနေ့တွင် ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မသိဂီရွှေသိမ် ဘုန်းကြီး ကျောင်းမှ သံဃာတော် ဦးစန္ဒာသီရိ ကိုလည်း ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ပြောင်းရွေ့လိုက်သည်။
အလားတူ တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုထွန်းထွန်းနိုင်အား ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ကိုဇေယျာလင်း ကို ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ယနေ့ပြောင်းရွေ့လိုက်ကြောင်းလည်းသိရသည်။
GWမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက“ဒါဟာမိသားစုကို သက်သက်ဒုက္ခပေးတာဖြစ်တယ်၊ ဝေးလံ တဲ့ နေရာ တွေမှာ ကျန်းမာရေး၊ အစားအသောက်တွေ အဆင်မပြေအောင် မိသားစုတွေနဲ့ဝေးအောင် လုပ်ထား ခြင်းအားဖြင့် သူတို့ကိုစိတ်ဓာတ်ကျအောင်၊ နောက်တခုက ဆက်လုပ်မယ့်လူငယ်မျိုးဆက်သစ်တွေကို ခြိမ်းခြောက်တာလည်းဖြစ်တယ်၊ ဒါပေမယ့်ဒီလိုလုပ်ရုံနဲ့လူငယ်တွေကနောက်တွန့်သွားမှာမဟုတ်တဲ့အပြင် ခုလိုမတရားဖိနှိပ်ခံရတဲ့သူငယ်ချင်းတွေ၊ အဖွဲ့သားတွေအတွက်ပိုပြီး ခံပြင်းတဲ့စိတ်နဲ့ ဆန့်ကျင်တော်လှန်မှုတွေ ပိုပြင်းထန်လာမှာသေချာတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၀၇နှစ်စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီး ထားသည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူပေါင်း ခန့်မှန်းခြေ ၃၈၈ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) စာရင်းအရသိရသည်။
Labels: သတင်း
Posted by Ashin dhamma at 5:47 AM 0 comments
Tuesday, December 2, 2008
တို့အားလုံးအတွက် သတိထားရမယ့် အကျိုးလား အဆိုးလား
လူ့ဘောင် လူလောကအတွင်းရှိ နေထိုင်သော ဘယ်သူမဆို မိမိနှင့်ရင်းနှီးဆက်နွယ်သော ဘာသာရေး-လူမျိုးရေး-နိုင်ရေး ဟူသည့်အသိရှိမည်မှာ ဧကန်ဖြစ်ပါလိမ့်မည်။ လူလောက သည်လည်းပထဝီအရ နေ့ နှင့်ညဆိုပြီး ပြောင်းလဲနေသလို လူသားတို့ ၏ စိတ်ပိုင်းဆိုင်ရာများသည်လည်း နေ့စဉ်ပြောင်းလဲနေ၏။ ဒါကြောင့် အဘိဓမ္မာတွင် စိတ်တခုသည် တချိန်တည်းတွင် အမျိုးပေါင်း (၉၀) ပြောင်းလဲနိုင်သည်ဟု ဆိုထား၏ ။
ထိုပြောင်းလဲမှုတွေကြောင့် က မ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် ထောင်စုနှစ်၊ ရာစုနှစ်၊ ဆယ်စုနှစ်တို့ ကာလအတွင်း ပြောင်းလဲခဲ့သည် လူ့ ဘောင်လောကမှာ များစွာ အလှမ်းကွာ နေသည်ကို တွေ့ရှိရပါလိမ့်မည်။ စါရေးသူသည် ထို့ ကြောင့် သမိုင်း၏ ပြောင်းလဲမှုသည် သိပ္ပံပညာရှင်များကို ရူပ်ထွေးစေသည့် အကြောင်းရင်းများ ဖြစ်သည်ဟု မြင်မိပါသည်။ ရှေးမြန်မာ ဘုရင်များသည် သက်ဦးဆံပိုင်စနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် ဘာသာရေး နယ်ပယ်တွင် သံဃာတော်များအပေါ် ယုံကြည်လေးစားမှု အပြည့်အဝ ရှိခဲ့သည်။ ဘုရင် ဖြေရှင်းရ ခက်သော တချို့ ပြသနာများကို ရဟန်းတော်များက ဖြေရှင်းခဲ့သည်ကိုလည်း တွေ့ ရသည်။ ဒီကာလတွင် ဘုရင်သည် ရဟန်းကို ရဟန်းဟူသော အမြင်မှတပါး အခြားအမြင် သည်ကားမရှိ။ ထိုအချိန်က မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာ တခုတည်းသာ ရှိပါသည်။ ထိုနောက်ပိုင်း အင်္ဂလိပ်ခေတ် ရောက်သောအခါ တခြားဘာသာရေးများ ဝင်ရောက်လာသည်။
ထို့ ကြောင့် မြန်မာရဟန်းတော်များ အနေဖြင့် ဘာသာ ကာကွယ်ရေး တာဝန်တခု ပိုလာခဲ့ရသည်။ ထို့ ကြောင့် နိုင်ငံရေး ပညာရှင်များကပင်လျှင် ပါတီ နိုင်ငံရေးနှင့် အမျိုးသား
နိုင်ငံရေးဟု နှစ်မျိုးခွဲခြား သက်မှတ်ခဲ့ကြသည်။ အမျိုးသား နိုင်ငံရေးတွင် ဘာသာရေးသည် ရှေ့တန်းရောက်ရှိလာသည်။ တရုတ်နိုင်ငံသည် တချိန်က တနိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်သည့်အတွက် သူတို့ ၏ ကွန်မြူနစ်အုပ်ချုပ်ရေးကို ထိခိုက်စေသည်။ ဥပမာ ကွန်မြူနစ်ဝါဒတွင် အပါယ်ငရဲ ဟူသည်မရှိ ဗုဒ္ဓဘာသာတွင် မကောင်းမှုက မကောင်းကျိုး ပေးတတ်သည် ဆိုသည်များဖြစ်သည်။ ထို့ ကြောင့် မော်စီတုန်းသည် ဘာသာရေး ပြုပြင်ရေးကို ကြိုးစားလာသည်။ ဘုန်းကြီးကျောင်းများတွင် ပန်းခြံများကိုပြုလုပ်သည်။ မင်္ဂလာဆောင်ပွဲများ ကျင်းပသည်။ ဘုန်းကြီးကျောင်းများတွင် လူများ စည်ကားလာပြီး ရှုပ်ထွေးလာသောအခါ သာသနာပိုင် သံဃာများကို ရုပ်ပစ္စည်းများကို ပုံအောပေးပြီး စည်းရုံးကာအစိုးရအလိုကျ စီမံဆောင်ရွက်ကာ နောက်ဆုံးတွင် တရုတ်နိုင်ငံဘာသာရေး ပျောက်ဆုံးကာ ယနေ့ ဆိုလျှင် ကိုးကွယ်ယုံကြည်သည့် ဘာသာမရှိသော နိုင်ငံစာရင်းတွင် ပါဝင်နေရပေပြီ။ တရုတ်အစိုးရသည်လည်း ဘာသာရေးကို ရယူသတ်မှတ်ရေးကို မကြိုးစား။ ဘာသာရေးက အာဏာရှင်များ၏ အနှောင့်အယှက် ဆိုသည်ကို နားလည်ထားပြီးဖြစ်သည်။ မြန်မာလူမျိုးတို့ သည် ဘာလူမျိုးလဲဟု မေးသည်နှင့်တပြိုင်နက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါဟု ဘာသာကို အရင်ဆုံး ရှေးတန်းကတင်ကာ ပြောချင်ကြသူများ ဖြစ်သည်။ ထိုဘာသာရေးကြောင့် နအဖ၏ အုပ်ချုပ်ရေးကို ထိခိုက်စေသည်။ စစ်တပ်မှ ဗိုလ်မူးချုပ်တစ်ဦး သည်ပင် ပြောဖူးသည်။ တပည့်တော်လှူသာ လှူနေရတာ တခါတလေ စဉ်းစားတယ် လှူနေတာ ငါပိုင်တာတွေကော ဟုတ်ရဲ့လားလို့ ။ တခါကလည်း တပ်ထဲတွင် အရာရှိမှ နွားသတ်ခိုင်းသဖြင့် တပ်မှထွက်ပြေးသူ ရဲဘော်တစ်ဦး ကိုလည်း တွေ့ ဖူးသည်။
သူငယ်ချင်း ဒုရဲအုပ် တစ်ယောက်ကလည်း ပြောဖူးပါသည် တို့ တွေ ဒီလိုပုံမျိုးဆိုရင်တော့ သံသရာမှာ မလွယ်ဘူး။ မြေစာရင်းရုံးမှ စာရေးက ပြောတော့လည်း မြေခိုးပေးတဲ့သူ ငရဲရောက်တယ်ဆိုရင် တပည့်တော်တို့ ကတော့ ဒေဝဒတ်ထက် နှစ်ပိုမှာဘဲဆိုတော့ ဒါတွေကိုပြန်ကြည့်ရင် အခြေအနေကြောင့် လုပ်ရသော်လည်း ဘာသာရေးက သူတို့ ကို မကျူးလွန်ဖို့  တားမြစ်ပြီး ဖြစ်ပါလိမ့်မည်။ နောက်တခုက ဗုဒ္ဓဘာသာတွင် ရဟန်းတော်များကို လူသားအားလုံးက အရိုအသေပေးရသည် ဆိုသည်မှာလည်း အာဏာရှင်များအဖို့  အုပ်ချုပ်ရေးကို ထိခိုက်လာစေသည်။ ဥပမာ မန္တလေးမြို့ တွင် သံဃာအင်အားတောင့်တင်းသလို ဘုရားပွဲ စသည်များကို သံဃာများက အုပ်ချုပ်လာကာ ဒေသအုပ်ချုပ်ရေးကိုပါ တစိတ်တဒေသ လွှမ်းမိုးထားနိုင်သည်ကို တွေ့ရသည်။ ထိုအခါ စစ်အာဏာရှင်များသည် သံဃာများကိုဖြိုခွင်းရေးကို ရှာဖွေလာသည်။ ပူပူနွေးနွေး တွေ့ နေရသော တရုတ်တို့ ၏ နည်းကိုမြင်ကာ ကျင့်သုံးဖို့ စပါတော့သည်။ တိုင်းနှင့်ပြည်နယ်တဝှမ်းတွင် အင်အားကြီးပြီး သြဇာကြီးမားသော ဆရာတော်များကို ချည်းကပ်ပြီး မဟာ သံဃနာယကအဖွဲ့ ကို ဖွဲ့ စည်းပါတော့သည်။
သံဃနာယက ဖွဲ့ စည်းမည်ကို ဘယ်သံဃာဆီမှာမှ ဆန္ဒတောင်းခံခြင်းမရှိဘဲ တိုင်းနှင့်ပြည်နယ်များမှ ဆရာတော်(၄၇)ပါးဖြင့် နေရာကိုမျှဝေယူကာ စတင်ဖွဲ့ စည်းခဲ့ပါသည်။ထိုအထဲတွင် စာတတ်အကျော် ဆရာတော်များ ပါသလို အလတ်တန်းမှ မအောင်မြင်ခဲ့သော ဆရာတော်များလည်း ပါလာခဲ့ကြသည်။ နအဖလိုချင်သည်မှာ ဆရာတော်များကို ခိုင်းစားရေး ဖြစ်သည့်အားလျှော် တိုင်း၊ပြည်နယ်၊မြို့ နယ်များတွင် နာမည်ကြီးသည့်ကျောင်းထိုင်ဆရာတော်များနှင့် ဒေသပဝါရဏာဂိုဏ်းများမှ ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ချီးမြောက်ဟန်ဆောင် ချုပ်ကိုင်နိုင်ရေး ပင်ဖြစ်သည်။ ထိုအဖွဲ့ ဝင် သံဃာများကို ဖွဲ့ စည်းပြီးသည်နှင့် ဘွဲ့ များပေးပါတော့သည်။ မရစဖူး ဘွဲ့ ထူးရလာသောအခါ တချို့ ဆရာတော်များမှာ ကိုယ့်ကိုယ်ကိုဘဝင်မြင့်ကာ မာန်တက်လာပါသည်။ ထိုမာန်တက်သော ဆရာတော်များကို နအဖက ပိုသဘောကျပါသည်။ တချို့ ဒေသ များတွင် ထိုဆရာတော်များကို နအဖက သစ်ထုတ်လုပ်ရေး ပါမစ်တွေကိုပါ ထုက်ပေးထားသေးသည်။ ရိုသေလို့ မဟုတ်ပါ လိုတာခိုင်းရအောင် လုပ်ပေးထားခြင်း သာဖြစ်သည်။ နောက်ပိုင်းတွင် သံဃာအချင်းချင်း စိတ်ဝမ်းကွဲလာသည်။ နအဖချည်းကပ်သော သံဃာနှင့် သာမာန်သံဃာ တနည်းအားဖြင့် အစိုးရဘုန်းကြီးနှင့် သာမာန်ဘုန်းကြီးပေါ့။ သာမာန်ဘုန်းကြီးများက အစိုးရဘုန်းကြီးများ အပေါ်တွင် အမြင်မကြည်ဖြစ်လာသည်။ မနာလို ခြင်းကြောင့် မဟုတ်ပါ။ သံဃနာယက အဖွဲ့ ဝင်အများစုမှာ ဘုရားနှင့်သာသနာကိုထက် နအဖကို ကိုးကွယ်လာကြသောကြောင့် ဖြစ်သည်။ နအဖတို့ ကလည်း သံဃမဟာနာယကများကို အထူးအခွင့်အရေး ပေးလာသည်။ မြေပါမစ်၊ ဘိလပ်မြေပါမစ်၊ သစ်၊စသည့် ပါမစ်ပေါင်းများစွာ ချပေးကာ သူတို့ ၏ သြဇာခံဖြစ်လာအောင် ဖန်းတီးပေးလာသည်။ သာသနာရေးမှူးများကလည်း သံဃာများကို လာဘ်စားတက်လာအောင် သင်ပေးလာသည်။ ကမ္ဘာအေးတွင် ရုံးထိုင်သည့်အဖွဲ့ ဝင် သံဃာတစ်ပါးသည် တနှစ်လျှင် သိန်း(၄၀)မှ(၁၀၀)အထိ ရရှိသည်ဆိုသည့် သတင်းများ ပျံနှံကာ လာဘ်လာဘကြိုက်သူ သံဃာများ သံဃနာယကအဖွဲ့ တွင်ပါဝင်နိုင်ရေး ကြိုးစားလာကြသည်။ အဖွဲ့ ဝင်ဆရာတော်များကို အဖွဲ့ ဝင်ဖြစ်နိုင်ရေးအတွက် လာဘ်ထိုးကြရသည်။ အဖွဲ့ ဝင်ဖြစ်လာသောအခါ ကုန်ကျပြီးသော ငွေများ ပြန်ရရေး ကြိုးပမ်းယင်း ရှာကြံမရသည့်အဆုံးဓမ္မာစရိယ စာမေးပွဲအောင်လိုက နှစ်သိန်းပေးရသည်။ စာမေးပွဲတွင်လည်း ဖောင်မတင် စာမေးပွဲမဖြေဘဲ အောင်စာရင်းတွင် ပါလာကြသည်။ သာသနာရေးမှူးနှင့် သံဃနာယက၊ နအဖတမျိုးတည်းဖြစ်လာသည်။
နအဖလိုချင်သည့် ပုံစံထဲ တန်းဝင်လာတော့သည်။ စစ်တပ်မှ အရာရှိကြီး အငြိမ်းစားများသည် အနားယူထားသည့် ကာလတွင် မတရားငွေရရှိရေးကို စဉ်းစားယင်း ဘုရားများနှင့် ကျောင်းတိုက်ကြီးများတွင် ဂေါပကနေရာကို ရယူနိုင်ရေး ကြိုးစားလာကြသည်။ ပညာတတ်သည် မတတ်သည်ထက် ရာထူးအရှိန်အဝါကို အကြောင်းပြုပြီး ဥက္ကဌဖြစ်လာသည်။ ရသည့်အလှူ သူ့ကိုယ်ပိုင်များ ဖြစ်လာသလို လုပ်သင့်သည် မလုပ်သင့်သည်ကိုဘာသာရေးအမြင်မရှိဘဲ ဘုရားစောင်းတန်းများတွင် နတ်စင်များကို တည်ဆောက်သည်။ ဘိုးတော်ရုပ်များကို ထုလုပ်သည်။ ဘုရားကိုထက် နတ်နှင့်ဘိုးတော်ကို ယုံကြည်သူ များလာအောင် မြူဆွယ်ခြင်းဟု မြင်မိပါသည်။ ဘုန်းကြီးကျောင်းများတွင်လည်း မဟာစည်ရိပ်သာကြီးမှာကို မင်္ဂလာဆောင်ပွဲ ကျင်းပသည်။ ပွဲကျင်းပတာ အကြောင်းအကျိုး မြန်မာလုမျိုးတွေ သုံးသပ်ရမည်။ ဘယ်မှာလဲ သံဃနာယကတွေ။ ဟိုလွန်ခဲ့ပြီးတဲ့ နှစ်ပေါင်း (၁၀၀)အချိန်က တရုတ်ပြည် သာသနာပျောက်တာ ဒါတွေကြောင့် ဆိုတာကို သိကြပါ။
ပညာကျော်
Labels: ဆောင်းပါး
Posted by Ashin dhamma at 9:07 PM 0 comments
မိမိကိုယ်ကို မိမိ မေးပြီး ရိုးသားစွာဖြေပါ

အိမ်လွမ်းသူ
ညီညွတ်ရေး ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် နေရာတိုင်းလောက်နီးနီးမှာ ကြားနေရတယ်။ ကောင်းသော အသံတွေလို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ "ထိုင်နေတော့ အကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလိုမျိုးအဖြစ်တွေလည်း ကြားနေရပါတယ်။ တစ်တော တစ်ဘုရင် မင်းမူနေသော နာမည်ရအဖွဲ့များမှ ခေါင်းဆောင်ကြီးမှာတော့ မျိုးတူသံလိုက်ဓါတ်ချင်း ဇိကုတ်ဆွဲကပ်လိုက်သလို နီးအောင်အတင်း ပေးကပ်လိုက်တော့မှ နဂိုရှိရင်းထက်ပိုဝေးသော နေရာကို အရှိန်ပြင်းစွာ ကျောခိုင်းသွားနေကြတာကိုလည်း မြင်နေရပါတယ်။
ဘယ်လိုခေါင်းစဉ်အောက်မှာ ညီညွတ်ကြမလဲ ပေါင်းစည်းကြမလည်းဆိုတာကို မဆိုထားနဲ့ ညီညွတ်ကြဖို့ ပေါင်းစည်းကြဖို့ လုပ်ဖို့လိုတယ်ဆိုတာ ကြားတာနဲ့တင် တီကောင်ဆားနဲ့တွေ့သလို တွန့်သွားကြတာတွေလည်း ရှိပါတယ်။
မတူတာတွေ ခွဲလုပ်ပြီး တူတာတွေပေါင်းလုပ်ကြတာပေါ့လို့ ပြောသူတွေ အတော်များများရှိပါတယ်။ ဒါပေမယ့် မြင်းအလုပ်မြင်းမလုပ်ဘဲ ခွေးအလုပ်ကို သွားလုပ်ပေးမိလို့ အရိုက်ခံရတဲ့ ပုံပြင်ကိုလည်း မေ့ထားလို့မရပါဘူး။
ဒီတော့ ပေါင်းစည်းရေး ညီညွတ်ရေးကို ခဏ အသာထားလို့ မိမိကိုယ်တိုင် ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲ ဆိုတာ မညှာတမ်း မညာတမ်း မိမိကိုယ်မိမိ မေးပြီး အဖြေတခု ထုတ်ဖို့လိုပါတယ်။
ဘယ်သူတွေ ဒီအဖြေကို ရအောင်လုပ်ဖို့လိုသလည်း နိုင်ငံရေးသမားတွေလား၊ တော်လှန်ရေးသမားတွေလား၊ ပြည်သူတွေလား၊ မြန်မာပြည်ထဲက ဗမာတွေလား၊ တိုင်းရင်းသားတွေလား၊ ပြည်ပရောက် တတိယနိုင်ငံရောက် ဗမာတွေလား တိုင်းရင်းသားတွေလား၊ စီးပွားရေးသမားတွေလား၊၊
"လူအားလုံး" ဗမာပြည်နဲ့သက်ဆိုင်တယ်လို့ ထင်တဲ့လူအားလုံး ဖြေဖို့တကယ်ကိုလိုအပ်ပါတယ်။
ပထမမေးရမယ့်မေးခွန်းက စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။ အပြန်ပြန် အလှန်လှန်စဉ်းစာပြီး သုံးကြိမ် သုံးခါ အဖြေထွက်သည်အထိ ရင်ထဲက အဖြေကို ဖြေပါ။
"ဟင့်အင်း" သူ့ဘာသာသူနေ ငါ့ဘာသာနေတာ သူ့ဟာသူ ချုပ်ချုပ်၊ မချုပ်ချုပ် "နေသာသပ လေညှာက" ဆိုရင်တော့ ဘာမှဆက်ပြီး စဉ်းစားနေစရာမလိုတော့ပါဘူး။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်အကျိုးစီပွားကို နေမြဲအတိုင်းဆက်လုပ်နေပါ။
"ဟုတ်ကဲ့" ဒီအာဏာရှင် စစ်ဗိုလ်ချုပ်တွေနဲ့ အာဏာရှင်စနစ်၊ အာဏာရှင်တွေက တရားနည်းလမ်းမရှိ အဓမ္မရေးဆွဲထားတဲ့ အခြေခံဥပဒေ တွေ မရှိမှဖြစ်မယ်၊ ချုပ်ငြိမ်း ပပျောက်မှဖြစ်မယ်ဆိုရင်တော့ နောက်ထပ်မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ဆက်ပြီး မေးသင့်တယ်။
တစ်ခုခု လိုချင်ရင် တစ်ခုခုနဲ့ ပေးဆပ်ရတာ၊ အလဲအလှယ်လုပ်ရတာ သဘာဝ ထုံးစံတခုပါ။ အဲဒီတော့ ကိုယ်လိုချင်တာရဘို့ ဖြစ်ဘို့ ကိုယ်ဘာတွေ ပေးဆပ်နိုင်သလည်း။ ကိုယ့်မှာရှိတဲ့ ဘယ်အရာတွေနဲ့ လဲလှယ်နိုင်သလည်း။ ကိုယ်ဆီမှာရှိနေတဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို အစတေးခံ အဆုံးရှုံးခံပြီး လိုချင်တာကို လဲလှယ်ရယူုနိုင်မလား။
ရှိနေတဲ့ဟာတွေ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကိုတော့ နဲနဲမှ အဆုံးအရှုံးမခံနိုင်ဘူး၊ မပေးဆပ်ချင်ဘူး။ စစ်အာဏာရှင်တွေ ပပျောက်သွားတာကိုဘဲ လိုချင်တယ်ဆိုရင် ရနိုင်ပါ့မလား ရပါ့မလား။
လိုချင်တဲ့ ရလဒ်ကို ရဖို့ ကိုယ်ကျိုးစွန့်ပေးဆပ်ဘို့လိုတယ် ဆိုရင်ဖြင့် ကိုယ်က ဘာတွေကိုပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလည်းဆိုတာကို စီစစ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါရမီ အနုအရင့်ကိုလိုက်ပြီး စွန့်လွှတ်နိုင်မှုက တူမှာမဟုတ်ပါဘူး။ အချို့က အများအတွက် အသက်ကိုစွန့်နိုင်တယ်၊ တချို့က အချိန်ကိုစွန့်ုနိုင်တယ်၊ တချို့က ငွေကြေးကိုစွန့်နိုင်မယ်။ ဒါပေမယ့် ဒီနေရာမှာ နည်းနည်းရင်းပြီး များများအမြတ်လိုချင်လို့တော့ ရနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်ကြဖို့တော့ လိုလိမ့်မယ်လို့ ထင်ပါတယ်။
နောက်တခုက ငါဘာကောင်လည်း ငါဘာကောင်ဖြစ်ခဲ့ဘူးတာပဲ၊ ငါဘာလုပ်ခဲ့တာပဲ အစရှိတဲ့ ရွှေထီးဆောင်းခဲ့သော ကာလ ရွှေထီးဆောင်းနေသောကာလတို့ကို မေ့ထားပြီး ပြည်သူအတွက်ငါဘာတွေ လုပ်ပေးနိုင်သလဲ၊ ငါဘာတွေလုပ်ပေးသင့်သလဲဆိုတာ အလေးအနက်စဉ်းစားကြစေလိုပါတယ်။ ငါဘာတွေလုပ်ချင်သလဲ မဟုတ်ဘူး။ လုပ်နိုင်သလဲ၊ လုပ်သင့်သလဲ။
အတိုက်အခံများနဲ့ အတိုက်အခံခေါင်းဆောင်များအားလည်း အကြံပြုလိုသည်မှာ မိမိတို့မှာရှိတဲ့ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေက နအဖစစ်ဗိုလ်ချုပ်များ၏ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေလောက် မများ၊ မကြီးကျယ်၊ မခမ်းနားသော်လည်း ၎င်း ရာထူး၊ အာဏာ၊ ဥစ္စာများကို အလွယ်တကူ မစွန့်နိုင်လျှင် နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်များက သူတို့၏ ရာထူး၊ အာဏာ၊ ဥစ္စာများကို ရော့၊ အင့် ဟုဆိုပြီး လွယ်လင့်တကူ ပေးအပ်နိုင်ပါမည်လား။
အနှစ် ၂၀၊ အနှစ် ၂၀ ဆိုတာတွေလည်း နားမဆန့်အောင်ကြားရပါတယ် အဲဒီအနှစ် ၂၀ ဆိုတဲ့ဟာကြီးက ကျွန်ုပ်တို့ ရှေ့လျှောက်ရမယ့် ခရီးကို အဟန့်အတားပြုနေတာကိုလည်း သတိပြုကြစေလိုပါတယ်။ အဲဒီ နှစ် ၂၀ က အဖြစ်အပျက်တွေကို ခဏ မေ့ထားပြီး အရေးတကြီး လုပ်စရာရှိတာကို အားလုံး တညီတညွတ်တည်း စလုပ်နိုင်မယ့် နေ့ကို နံပါတ်တစ်နေ့လို့ သတ်မှတ်ပြီး စပြီး လုပ်နိုင်ကြဘို့ အဲဒီလိုမျိုးစိတ်ကိုမွေးကြဖို့ လိုပါတယ်။ အဲဒီလိုစိတ်မျိုး မမွေးနိုင်ကြသေးရင်တော့ အခုလိုဘဲ သူ့ငါစွပ်စွဲ ငါ့သူစွပ်စွဲ။ ဟိုလူကထဖြေရှင်းလိုက် ဒီလူကထဖြေရှင်းလိုက်။ မိမိလုပ်တာတွေ မိမိပေါင်းအပါလုပ်တာတွေ မှန်တဲ့အကြောင်း ထောက်ခံဖြေရှင်းလိုက် ကန့်ကွက်ဖြေရှင်းလိုက်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောလိုက်နဲ့ လိုရာခရီးကို ရောက်လိမ့်မယ်လို့ မထင်ပါဘူး။
ယနေ့ပြည်သူများသိရမှာကတော့ ငါတို့ကတော့ဘာမှ လုပ်ဖို့မလိုဘူး နိုင်ငံရေးစိတ်ဝင်စားသူတွေ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ကျောင်းသားတွေ လုပ်ကြမယ် သူတို့ကငါတို့အတွက်လုပ်နေတာပဲ၊ သူတို့နောက်က အေးအေးလူလူ လိုက်သွားရင် ငါတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို တစ်နေ့တော့ရောက်သွားမှာပဲ ဆိုပြီးနောက်ကလိုက်နေလို့မရတော့ဘူး။ ကနေ့ မြန်မာတွေမှာ အာားကိုးလောက်တဲ့ခေါင်းဆောင်မရှိဘူး။ ဒီတော့ ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် အနည်းနဲ့အများတော့ အားစိုက်ပြီး လုပ်ကြရမယ်၊ ပေးဆပ်ကြရမယ်။ ပြည်သူ့ခေါင်းဆောင်တွေဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ပါဘူး ပြည်သူထဲကပေါ်လာတာပါ။
ဤနေရာမှနေပြီး ယနေ့ ကျွန်ုပ် စိန်ခေါ်ပြောကြားလိုပါတယ် ယနေ့ထိ နအဖ ပြုတ်သွားနိုင်လောက်အောင် စွမ်းနိုင်သောအဖွဲ့မဆိုထားနှင့် နအဖကို လောက်လောက်လားလား တန်းတူရည်တူ ခြိမ်းခြောက်နိုင်သော လူနှင့် အဖွဲ့မရှိသေး မပေါ်သေးဟုယုံကြည်ပါသည်။ အကယ်၍များ ရှိခဲ့သည်ရှိသော် လုပ်ရပ်ဖြင့် သက်သေပြကြပါ။ နာမည်ရ အဖွဲ့များ ကမ္ဘာကျော်အဖွဲ့များကို များစွာ အားနာမိသော်လည်း ဆိုရေးရှိလာ၍ ဆိုရပေသည်။
နိဂုံးချုပ်ရသော်
စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။
ကိုယ်ကိုယ်တိုင်က ဘာတွေ (မိမိရဲ့ပိုင်ဆိုင်မှု နဲ့ ရရှိနေတဲ့ အခွင့်အရေးများ) ကို ပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလဲ။
ဆိုတဲ့ မေးခွန်း ၂ ခု ကို အဖြေထုတ်နိုင်အောင် မိမိကိုယ်ကို မိမိအရင်မေးကြပါ။ ရိုးသားစွာဖြေကြည့်ကြပါ။
No Pain, No Gain.
အိမ်လွမ်းသူ
၁၂၊ ၂၀၀၈။
--------------------------------------------------------------------------------------------------------
(E-Mail မှတစ်ဆင့် လက်ခံရရှိသော စာတစ်စောင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်
- BigBBrown)
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:22 AM 0 comments
ဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်ချက် ထိုင်းဝန်ကြီးချုပ် နာခံမည်

တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီး
နောက် သတင်းထောက်များကို ပြောကြားနေသော ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းဝေါင်ဆာဝတ်။
ဒီဇင်ဘာ ၂၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်
(Somchai Wongsawat) က သူ့ကို နိုင်ငံရေး
၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီကိုလည်း
ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံရေးရာ
တရားရုံးရဲ့ စီရင်ချက်ကို သူလက်ခံပါတယ်လို့
ပြောဆိုလိုက်ပါတယ်။
အရင်သီတင်းပတ်အတွင်း ဘန်ကောက်က
အဓိကလေဆိပ်များကို အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသမားများ သိမ်းပိုက်ထားလို့ မြောက်ပိုင်း
ချင်းမိုင်မြို့မှာ ရုံးထိုင်နေရတဲ့ မစ္စတာဆွန်ချိုင်း
က သူ့တာဝန်ကုန်ဆုံးသွားပြီမို့ သူဟာ သာမန်
နိုင်ငံသားတယောက်ပဲ ဖြစ်တော့တယ်လို့
သတင်းထောက်များအား ပြောကြားပါတယ်။
ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲ အဓိကနိုင်ငံရေးပါတီကြီးသုံးခု
မဲမသမာမှုများရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ထိုင်းဖွဲ့စည်းပုံရေးရာ
ရုံးတော်က ဒီနေ့ စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မစ္စတာဆွန်ချိုင်း အပါအ၀င်
ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ
လည်း နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။
တရားရုံးတော်စီရင်ချက် ထွက်လာပြီးခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အာဏာရ
ညွန့်ပေါင်းအစိုးရထဲ ပါဝင်တဲ့ ခြောက်ပါတီစလုံးက အမတ်များဟာ ပါတီသစ်များဆီ
ပြောင်းကာ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် စတင်လုပ်ဆောင်
နေကြပြီလို့ ပြောဆိုနေကြပါတယ်။
ဒုတိယ၀န်ကြီးချုပ် ချောင်ဗာရတ် ချန်ဝီရာကူးလ် (Chaovarat Chanweerakul)
ကတော့ ထိုင်းဝန်ကြီးချုပ်သစ် ပါလီမန်က ရွေးချယ်တဲ့အချိန်အထိ အိမ်စောင့်ဝန်ကြီး
ချုပ် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
ရုံးတော်ရဲ့စီရင်ချက်နဲ့ပတ်သက်ပြီး ပီအေဒီဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ
သမားများဘက်က တုံ့ပြန်မှု ထွက်ပေါ်မလာသေးပါဘူး။ လေဆိပ်တာဝန်ခံများကလည်း
ခရီးသည်များ ပုံမှန်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် ပြန်စနိုင်ဖွယ်မရှိဘူးလို့
ပြောဆိုနေကြပါတယ်။
VOA
Labels: သတင်း
Posted by Ashin dhamma at 5:51 AM 0 comments
Monday, December 1, 2008
အီတလီနိုင်ငံရောမမြို့ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ပွဲ













ဒီဇင်ဘာ၁ရက်နေ့အီတလီနိုင်ငံရောမမြို့တွင်ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့ကြသည်။
ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံဒီမိုရေစီရရှိရေး၊တိဗက်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ
ရေးနှင့်အီရန်နျူးကလီးယားပြဿနာတို့ကိုကမ္ဘာကြီးက၀ိုင်းဝန်းကူညီပေးကြရန်ရည်ရည်၍ပြုလုပ်
ခြင်းဖြစ်သည်ဟုလမ်းလျှောက်ပွဲတွင်ကိုယ်တိုင်ပါဝင်ဆင်နွဲနေသည့်အရှင်သောပါက(ဂျာမနီ)က
ပြောကြာသည်။၎င်းငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင်တိဗက်ဘုန်းတော်ကြီးများလည်းပါင်ဝင်ဆင်
နွဲခဲ့ကြသည်။
Labels: သတင်း
Posted by Ashin dhamma at 4:11 PM 0 comments
အရှင်ဂမ္ဘီရကို ထောင်ပြောင်း
အရှင်ဂမ္ဘီရကို ထောင်ပြောင်း
Monday, 01 December 2008 18:53 ဧရာဝတီ
စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ် ထားသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု ဦးဆောင် သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၆ ဦးကို ဝေးလံသည့် နယ်ထောင်များသို့ ပြောင်းရွှေ့မှုများ ယနေ့ ဆက်လက် ပြုလုပ်ကြောင်း သိရသည်။
ထောင်ဒဏ် ၆၈ နှစ်ချမှတ်ခံထားရသော အရှင်ဂမ္ဘီရအား ရန်ကုန်မြို့ အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီး ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး အစ်ကို တော်စပ်သူ ကိုအောင်ကျော်ကျော်ကိုလည်း အင်းစိန်ထောင်မှ ရှမ်းပြည်နယ် တောင်ကြီး အကျဉ်းထောင်သို့ ပြောင်းရွှေ့ လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ကိုဝဏအောင်ကို ပဲခူးထောင်၊ ကိုသီဟသက်ဇင်ကို ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ လည်းကောင်း၊ ကိုသိန်းဇော်ကို ရှမ်းပြည်နယ် ကျိုင်းတုံထောင်နှင့် တခြားသော ကိုထွန်းဦး ဆိုသူကို ပဲခူးတိုင်း တောင်ငူ ထောင်သို့ ယနေ့တွင် ပြောင်းရွှေ့လိုက်ကြောင်းလည်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် စနေနေ့က နိုင်ငံရေးလှုပ်ရှားသူ တိုင်းရင်းသားလူငယ် တဦးဖြစ်သော ကိုတင်ထူးအောင်ကို ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ ယင်းစနေနှင့် တနင်္ဂနွေနေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၅ ဦးကိုလည်း ထောင်အပြောင်းအရွှေ့ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က ပြောသည်။
အဆိုပါ အန်အယ်လ်ဒီ အဖွဲ့ဝင် ၅ ဦးသည် ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြသောကြောင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ပြီး လက်ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင် ၆၅ ဦးခန့် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု အေအေပီပီ က ဆိုသည်။
အေအေပီပီ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က“စစ်အစိုးရက ဒီလို လုပ်နေတာဟာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ကို လုပ်တာပဲ၊ အကျဉ်းသား မိသားစုတွေအနေနဲ့ အချိန်တွေကုန်၊ စရိတ်တွေကုန်မယ်၊ မဖြစ်မနေ ဆေးဝါးတွေ အစားအသောက်တွေကို စီစဉ်ပေးရတာတွေ ရှိလာမယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်း သမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၂၁၅ ဦးကို ထောင်ဒဏ်များ ချမှတ် ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၆ ဦးကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း အေအေပီပီ ၏ ပြောဆိုချက် အရ သိရသည်။
ဧရာဝတီ
Labels: သတင်း
Posted by Ashin dhamma at 4:52 AM 0 comments
မျိုးဆက်သစ်

မောင်တင်ထွန်း
Monday, November 24, 2008
ဘ၀ကိုစတေး
အသက်ကို ပေးလို့
အာဇာနည်တွေ
နှစ်ပေါင်းများစွာ
အသက်ပေါင်းများစွာ
ပေးဆပ်ခဲ့ကြ…။
အို…စစ်အာဏာရှင်ရူးတို့
တော်လှန်ရေးကို
မျိုးဆက်ပြတ်အောင်
နှိပ်ဆက်သတ်ဖြတ်
ရက်စက်သော်ငြား
အနာဂတ်အတွက်
မျိုးဆက်သစ်တွေ
အသစ်တဖန်
ရှင်သန် မွေးဖွားနေမှာ
သေချာတယ် …။ ။
မောင်တင်ထွန်း
Labels: ကဗျာ
Posted by Ashin dhamma at 12:16 AM 0 comments