ရွှေဝါရောင်ခေါင်းဆောင်သံဃာတော်တစ်ပါး ထွက်ပြေးလွတ်မြောက်ခြင်း
30/09/2008
ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ခေါင်းဆောင်သံဃာတော်တစ်ပါးအဖြစ် ပါဝင်အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင်ကကာလက အလုပ်သမားအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ သူဟာ ရွှေဝါရောင်တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက်တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။ မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။
၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အိန္ဒိယနယ်စပ်ကို ရောက်ရှိခဲ့ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မကြာခင်မှာ သူရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြပါလိမ့်မယ်။
သူဆိုတဲ့ အာဇာနည်ရဟန်းတော်ရဲ့ ဘွဲ့တော်ကတော့ အရှင်ပညာသီရိ လို့ ခေါ်ပါတယ်။
လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။
MSMA
Tuesday, September 30, 2008
ရွှေဝါရောင်ခေါင်းဆောင်သံဃာတော်တစ်ပါး ထွက်ပြေးလွတ်မြောက်ခြင်း
Labels: သတင်း
Posted by Ashin dhamma at 2:39 AM 0 comments
Sunday, September 28, 2008
သံပြိုင်ဆို အိုးဝေ လင်္ကာတေး
အောင်ဝေး
စက်တင်ဘာ ၂၆၊ ၂၀၀၈
( စစ်အာဏာရှင်စနစ် ပြုတ်ကျရေး - တို့အရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး - တို့အရေး
ကြားဖြတ်အစိုးရပေါ်ပေါက်ရေး - တို့အရေး ) *
( ကျား - ပ ) ရှစ်လေးလုံး အရေးတော်ပုံမှသည် ရွှေဝါရောင်တော်လှန်ရေးအထိ
( သံပြိုင် ) ဟေ့ ... ခွပ်ဒေါင်းသွေးနဲ့ ရဲရဲတက်၊ ရန်သူကိုဖြိုဖျက်နိုင်ရမယ် ... အိုးဝေ
( မ - ပ ) ရှစ်ဆက်ရှစ်တိုက်ပွဲဝင်စိတ်ဓာတ်၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပေါင်းစပ်ကြ
( သံပြိုင် ) ဟေ့ ... အဆုံးသတ်တိုက်ပွဲဆင်၊ အောင်ပွဲကို ငါတို့မြင်ရမယ် ... အိုးဝေ
( ကျား - ဒု ) အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ
( သံပြိုင် ) ဟေ့ ... တနေ့ ငါတို့ လုံးဝ အနိုင်ရရမယ် ... အိုးဝေ
( မ - ဒု ) အဖိနှိပ်ခံလူမျိုးပေါင်းစုံ မဟာမိတ်တပ်ပေါင်းစု ဖွဲ့ကြ
( သံပြိုင် ) ဟေ့ ... အာဏာရှင်မှန်သမျှ မုချ ကျဆုံးစေရမယ် ... အိုးဝေ
( ကျား - တ ) ၉၀ ရွေးကောက်ပွဲရလဒ်သည် တို့အနာဂတ်
( သံပြိုင် ) ဟေ့ ... နအဖ ၂၀၁၀ ရွေးကောက်ပွဲ တမျိုးသားလုံးဆန့်ကျင်ကြ ... အိုးဝေ
( မ - တ ) သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသည် တို့လမ်းကြောင်း
( သံပြိုင် ) ဟေ့ ... နအဖဖွဲ့စည်းပုံအခြေခံဥပဒေလက်ခံသူ - တို့ရန်သူ... အိုးဝေ
( ကျား - ပ ) နအဖရဲ့ မတရား ဖမ်းဆီးမှုတွေကို ရှုတ်ချလော့
( သံပြိုင် ) ဟေ့ ... အမေကမွေး၊ ထောင်ကကျွေး၊ အရေးတော်ပုံ အောင်ရမယ် ... အိုးဝေ
( မ - ပ ) ၈၈ မင်းကိုနိုင်မှသည် ၂၀၀၇ ကျော်ကိုကိုအထိ
( သံပြိုင် ) ဟေ့ ... ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ် ... အိုးဝေ
( ကျား - ဒု ) ၈၈ စက်တင်ဘာမှသည် ၂၀၀၇ စက်တင်ဘာအထိ
( သံပြိုင် ) ဟေ့ ... သွေးခင်းသောလမ်း၊ ဆက်ဖြတ်သန်းကြမယ် ... အိုးဝေ
( မ - ဒု ) သားသုံးသားပေါင်းစည်းရေးသည် စိတ်ကူးယဉ်ခြင်းမဟုတ်
( သံပြိုင် ) ဟေ့ ... မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ၊ တို့အသည်းက ယုံကြတယ် ... အိုးဝေ
( ကျား - တ ) တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ကြစို့
( သံပြိုင် ) ဟေ့ ... ညီညွတ်ရေးသည် ပထမ၊
ညီညွတ်ရေးသည် ဒုတိယ၊
ညီညွတ်ရေးသည် တတိယ ... အိုးဝေ
( မ - တ ) ငါးရောင်ခြယ်အလံ၊ ခွပ်ဒေါင်းအလံ၊ ဖက်ဆစ်တော်လှန်ရေးအလံ
အလံသုံးလက်၊ မိုးသို့တက်၊ တခဲနက် အောင်ရမယ်
( သံပြိုင် ) ဟေ့ ... လူအချင်းချင်း၊ နှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ ... အိုးဝေ
ဟေ့ ... ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ... အိုးဝေ
ဟေ့ ... အိုး ... ဝေ
( စားဝတ်နေရေး ပြေလည်ရေး - တို့အရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး - တို့အရေး
အမျိုးသားပြန်လည်သင့်မြတ်ရေး - တို့အရေး ) **
Labels: ဆောင်းပ့ါး
Posted by Ashin dhamma at 7:34 PM 0 comments
စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး
မင်းနိုင်သူ /၂၈ စင်တင်ဘာ ၂၀၀၈။ ။
စက်တင်ဘာ (၂၇) ရက် စနေနေ့က စစ်တွေမြို့ ပေါ်တွင် လမ်းလျှောက်စီတန်းမေတ္တာပိုခဲ့ကြသည့် သံဃာတော်များထဲမှ သံဃာတော် (၇)ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။
စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများနှစ်ပတ်လည် နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်း သည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ် သည်။
“ ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမဲ့ အာဏာပိုင်တွေ နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်း လျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကိုဖမ်းဆီးတယ်ဆိုတော့ န. အ. ဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့ “ ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။
အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-
“ သံဃာ တော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်းမရှိခဲ့ကြပါဘူး ပိုစတာတွေဘာတွေ လည်းကိုင်ဆောင်ထားတာမတွေ့ရပါဘူး။ အသံတိတ်စုပေါင်းလမ်းလျှေက်သွား ကြတာပါ။ ဒါကိုတောင်ညပိုင်းမှာကျောင်းတိုက်ထဲကိုဝင်ပြီးသံဃာတော် (၇)ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်းတခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ် “ ဟု ပြောသည်။
ယမန်နှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေမြို့မှ သံဃာတော် အပါး (၅၀၀၀) ကျော် အာဏာပိုင်များရုံးကို ၀ိုင်းပြီး ဖမ်းဆီး ထားသည့် သံဃာများကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့သည်။ ထိုနေ့မတိုင်မှီက စစ်တွေ သံဃာတော်များ ဆန္ဒပြပွဲကို စစ်တပ်က မျက်ရည်ယိုဗုံး သုံးကြိမ်ခွဲပြီး သေနတ် မိုးပေါ်ထောင် ပစ်ခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 7:16 PM 0 comments
သံဃာတော်များနှင့် နိုင်ငံရေး
ဆောင်းပါး
မိုးနေ
စနေနေ့၊ စက်တင်ဘာလ 27 2008 15:44 - မြန်မာစံတော်ချိန်
ရတနာသုံးပါးမှ တပါးဖြစ်သည့် မြတ်စွာဘုရား၏ သားတော် သံဃာတော်များဦးဆောင်ခဲ့သည့် စက် တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကား တနှစ်ပြည့်ခဲ့ပြီးလေပြီ။ မြန်မာပြည်သူတို့မှာကား လေးစားကြည်နူး ခြင်းများ၊ ရင်နင့်ကြေကွဲခြင်းများနှင့် စစ်အစိုးရ၏ အဖိအနှိပ်ခံဘ၀မှ မလွတ်မြောက်နိုင်သေးဘဲ တနှစ်တာ ကာလကို တလူးလူး တလိမ့်လိမ့်နှင့် ထပ်မံဖြတ်သန်းခဲ့ကြရသည်။ စစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ကျဆုံးခဲ့ရသော ရဟန်းတော်များနှင့် ပြည်သူတို့၏ သွေးများက စိုစွတ်လတ်ဆတ်ဆဲပင်။ စစ်အစိုးရကား ကျဆုံးသွားရသည့် ဘုရားသားတော်များ၏ ၀ိဉာဉ်များကိုမှ အားမနာ။ "ငါ့ဆန်ကျင်သူ မသူတော်"ဟု လက်ကိုင်ထားကာ ၄င်းတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည့် သံဃာတော်များအား သံဃာတု၊ သံဃာယောင်များသာဖြစ်ပြီး ထိုဆန္ဒပြခဲ့ကြသည့် နိုင်ငံရေးလှုပ်ရှားမှုသည်လည်း ဗုဒ္ဓ၀ိနည်းတော်များနှင့် မညီညွတ်ဟု ၀ါဒဖြန့်ကြသည်။
ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရက စွပ်စွဲခဲ့သော သံဃာတော်များ၏ နိုင်ငံရေးလှုပ်ရှားမှုဆိုသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် မိမိ၏ အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒါယကာပြည်သူများ ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကြက်၍ ရှေ့တန်းမှရပ်ကာ ကာကွယ်ခဲ့ ခြင်းပင် ဖြစ်သည်။ ထိုအပြုအမူ (စစ်အစိုးရ၏ အဆိုအရ နိုင်ငံရေးလှုပ်ရှားမှု) သည် သံဃာတော်များနှင့် အပ်စပ်ပါ၏လော။ မအပ်စပ်ပါဟု ဆိုခဲ့သော စစ်အစိုးရ ဗိုလ်ချုပ်များသည် ဗုဒ္ဓမြတ်စွာကိုပင် ဆန့်ကျင်သူများ ဖြစ်သွား ကြလေသည်။ အကျိုးရှိက အကြောင်းရှိရမည်။
ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ၏ မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန်ကြည်ညို လေးစားသော ကောသလမင်းကြီး၏ ကောသလတိုင်းနိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်သည်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ၏ ကပ္ပီလ၀တ်တိုင်းသားတို့ကဲ့သို့ သကျသာဂီအနွယ်များ မဟုတ်ကြပေ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် ဘုရား၏ အမျိုးအနွယ် သာကီဝင်အဖြစ်နှင့် သူ၏ မျိုး ဆက်ကို ဆက်လက်ရပ်တည်လိုလေသည်။ ထို့ကြောင့် သူက ကပ္ပီလ၀တ်ပြည်သို့ သာကီဝင်မင်းသမီးတပါး အား လက်ဆက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုခေတ် ထိုအချိန်က အလွန်မာနထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့်သည်ဟု ယူဆသော ကောသလမင်းအား သာကီဝင်မင်းသမီးကို မပေးလိုပေ။ သို့သော် ကောသလသည် ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်သဖြင့် ငြင်းလည်း မငြင်းဆန်ဝံ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ကျွန်မနှင့်ရ၍ မွေးထားသော ကျွန်ဇာတ်သာသာရှိသည့် ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်၍ ဆက်သလိုက်လေ၏။
ကောသလမင်းကြီးလည်း သာကီဝင်မင်းသမီးအမှတ်နှင့် ပေါင်းသင်းခဲ့၍ ၀ိရူဓူပမင်းသားကို ဖွားမြင်ခဲ့ လေသည်။ ထိုမင်းသားသည် တနေ့၌ ၄င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များ၏ ကပ္ပီလ၀တ်ပြည်သို့ သွားရောက်လည်ပတ်စဉ်တွင် ဇာတ်ခွဲခြားဆက်ဆံခြင်းကို ခံရရာမှ အစပြု၍ ၄င်းသည် ကျွန်မသားဖြစ်သည်ဟူသောအဖြစ်မှန်ကို သိရကာ သာကီဝင်များကို လွန်စွာအမျက်ထွက်၍ တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့လေသည်။ ထို့ကြောင့် ၄င်း မင်းဖြစ်သောအခါ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အားအလုံးအရင်းနှင့် စစ်ချီလေတော့သည်။ ထိုအချင်းအရာကို သိသော ဗုဒ္ဓသည် စစ်ချီရာလမ်း ကြောင်း၌ တရားထိုင်နေ၍ ၀ီရူဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့၏။ ဒုတိယနှင့် တတိယအ ကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့လေသည်။ စတုတ္ထအကြိမ်တွင်မူ ဗုဒ္ဓသည် သာကီဝင်တို့၏ အ တိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍မရနိုင်တော့သည်ကို သိ၍ မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ် သည်။
ဗုဒ္ဓသည် စစ်တိုက်ရန် ချီတက်လာသော စစ်တပ်ကြီးအား အဘယ်ကြောင့် တားမြစ်ခဲ့သနည်း။ ရှင်းပါ သည်။ ၄င်း၏ နိုင်ငံ၊ ၄င်း၏ လူမျိုးတို့အား ဘေးဒုက္ခမရောက်စေခြင်းငှာ မေတ္တာဓာတ်နှင့် တားမြစ်ခဲ့ခြင်းပင် ဖြစ် သည်။ ၄င်း၏ ဒါယိကာ၊ ဒါယိကာမ ပြည်သူတို့ ဒုက္ခမရောက်စေရန် မေတ္တာဖြန့်ကျက်၍ ရှေ့တန်းမှ ရပ်ကာ ကာ ကွယ်ပေးခြင်း မဟုတ်ပါသလော။ သို့ဆိုလျှင် ထိုအပြုအမူသည် ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်မှ သံဃာ တော်များ၏ အပြုအမူနှင့် ဘာများကွာခြားလေသနည်း။ ဗုဒ္ဓသည် ၀ိရူဓူပ၏ စစ်တပ်က ကပ္ပီလ၀တ်ပြည်သူတို့ကို ရန်ပြုမည့်ဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့သည်။ ရွှေဝါရောင်သံဃာတော်များသည် မြန်မာပြည်သူတို့ကို စစ်အစိုးရ ၏ ဆင်းရဲမွဲတေစေခြင်း၊ ဖိနှိပ်ခြင်းဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။
သို့ဆိုလျှင် သံဃာတော်များ နိုင်ငံ၏အရေးအတွက် မေတ္တာဖြင့် ပါဝင်ဆောင်ရွက်ခြင်းသည် ၀ိနည်းနှင့် ညီပါ၏လော။ အထက်ပါအဖြစ်က အထင်အရှားပြပါပြီ။ ဗုဒ္ဓသည်ပင် အမျိုးဘာသာ၊ သာသနာအတွက် ၄င်း၏ မေတ္တာလက်နက်ကို ဖြန့်ကျက်အသုံးပြုပါသည်။ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာလက် နက် ဖြန့်ကျက်ခဲ့ခြင်းကို ၀ိနည်းနှင့် မညီဟု မည်သည့်အခြေခံနှင့် ပြောမည်နည်း။ ၀ိရူဓူပမင်းနေရာတွင် နအဖ ဗိုလ်ချုပ်များဖြစ်ပါက သုံးလောကထွဋ်တင် သဗ္ဗုညုတ ရွှေဉာဏ်တော်ရှင် အနှိုင်းမဲ့ဗုဒ္ဓမြတ်စွာကိုပင် ဗုဒ္ဓအတုဟု ပြောလေဦးမည်လော မသိပေ။ ရက်စက်စွာ ရိုက်နှက်ညှင်းဆဲ၍ စစ်ချီရာလမ်းမှ ဖယ်ခိုင်းဦးလေမည်လား မသိပေ။
ဝိရူဓူပမင်းသားသည် သာကီဝင်တို့အပေါ်၌ ထားရှိသော အမုန်းမှအစပြု၍ ဗုဒ္ဓအားလည်း လေးစားကြည် ညိုခြင်းမရှိတော့ပဲ ၄င်း၏ ဖခင်ကိုယ်တိုင် ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်တဦးဖြစ်လျက်နှင့် ၄င်း သည် ဟိန္ဒူဘာသာဝင်အဖြစ်ကို ခံယူခဲ့သည်။ ထိုသို့သော ဘာသာခြားဘုရင်ကပင် ဗုဒ္ဒ၏လုပ်ရပ်ကို လေးစား စွာ လိုက်နာခဲ့သော်လည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုလေးစားပါသည်ဟု တကြော်ကြော်အော် ဟစ်နေသော နအဖဗိုလ်ချုပ်များမှာကား ဗုဒ္ဓ၏သားတော် သံဃာတော်များ၏လုပ်ရပ်ကို ရှုံ့ချရုံမျှမက သံဃာကို ညှင်းဆဲသတ်ဖြတ်သော ကံကြီးကိုပင် ကျူးလွန်ရဲကြသည်မှာ အာဏာအမှောင်ဖုံးလွှမ်းသွားကြခြင်းပင် ဖြစ် သည်။
ထိုဗိုလ်ချုပ်များသည် နေ့စဉ်နေ့တိုင်း အစိုးရသတင်းစာမျက်ဖုံးများတွင် ဘုရားဒါယိကာကြီးများ လုပ်ပြ နေသည်မှာ အတုအယောင်များပင်ဖြစ်သည်ကို ရွေှ့ဝါရောင်တော်လှန်ရေးက ဖော်ထုတ်ပေးသွားခဲ့လေသည်။ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် သံဃာတော်များ၏ အခန်းကဏ္ဍသည် မသေးခဲ့ပေ။ နယ်ချဲ့အင်္ဂလိပ်တို့လက်ထက်တွင် နိုင်ငံရေးတရားဟောသဖြင့် ပထမဆုံး အကျဉ်းကျခံရသူ မြန်မာနိုင်ငံသားမှာ ရခိုင်ရဟန်းတော် ဦးဥတ္တမပင် ဖြစ် သည်။ ၁၆၆ ရက် အစာငတ်ခံဆန္ဒပြခဲ့၍ ထောင်ထဲတွင် ပျံလွန်တော်မူခဲ့သော ရဟန်းတော် ဦးဝိစာရသည်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးတခုကို ဆိုလျှင် ဦးဝိစာရလမ်းဟူ၍ပင် နာမည်ပေးခဲ့သည်။ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်က ရဟန်းအတုဟု မသတ်မှတ်။ ၀ိနည်းနှင့်မညီဟု မဆိုခဲ့ပေ။ ယခု သူတို့ကို တော်လှန်ကာမှ အမျိုးမျိုးစွပ်စွဲသမုတ်နေခြင်းမှာ အလွန်ကလေး ဆန်လှသည်။ အမှန်မှာ ရဟန်းတော်များသည် ပြည်သူတို့ဘက်မှ ရပ်၍ မတရားမှုဟူသမျှ ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြခြင်းပင် ဖြစ်သည်။
အံ့သြဖွယ်ကောင်းသည်မှာ ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်အခါက အင်္ဂလိပ်အစိုးရသည် ဘာသာခြားအစိုးရဖြစ်လေသည်။ သို့သော် သွေးမြေကျရိုက်နှက်ခြင်းမပြု၊ ရဟန်းသံဃာတော်ဆိုသော ဂုဏ်ပုဒ်ကိုမူ လေးစားလိုက်နာခဲ့လေသည်။ ၁၉၈၈ အ ပြီးမှ ယခုအထိကာလအတွင်း အစာငတ်ခံ ဆန္ဒပြခြင်းများအပါအ၀င် ၄င်းတို့အား ဆန့်ကျင်ဆန္ဒပြခဲ့သည့် သံဃာတော်များအား တိရစ္ဆာန်များကို ရိုက်သကဲ့ သို့ ရိုက်နှက်ခဲ့သော နအဖအစိုးကတော့ ရိုက်နှက်ခဲ့သည်၊
ရွှေဝါရောင်တော်လှန်ရေးကို ပြည်သူများ တခဲနက်ထောက်ခံခဲ့ကြသည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ သံဃာ တော်များကိုလည်း လေးစားကြည်ညိုစွာ ဂုဏ်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဟုဆိုရာ၌လည်း နိုင်ငံရေးဆိုသည် မှာ နိုင်ငံနှင့်ဆိုင်သော အရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့် ကျယ်ပြန့်လှပါသည်။ မတရားသည့် အစိုးရ၏ အုပ် ချုပ်မှုကို ဆန့်ကျင်ခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပြီး နိုင်ငံတခုကို အုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေး၏ အဓိပ္ပာယ်များစွာထဲမှ တခုဖြစ်ပါသည်။
မိုးနေ
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:56 AM 0 comments
စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ စက်တင်ဘာလ 27 2008 21:08 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်သော အခါသမယတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်က စနေနေ့ နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံ ကိုသန်းလှိုင်က မဇ္ဈိမသို့ ပြောပြရာတွင် သံဃာတော်များသည် စစ်တွေ လမ်းမကြီးမှ နံနက် ၁၀ နာရီမှစတင် ချီတက်ခဲ့ကြသည်ဟု ပြောသည်။ ဆန္ဒပြမှုမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်သည်။
"သံဃာတော်တွေက တိတ်တိတ်ဆိတ်ဆိတ်ကိုပဲ ချီတက်ခဲ့ကြတာ။ ရဲနဲ့ တခြားအာဏာပိုင်တွေ ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးနဲ့ အနောက်က လိုက်ကြပြီး ဘာဖြစ်လို့ လုပ်တာလဲ မေးကြတယ်" ဟု သန်းလှိုင်က ပြောသည်။
"လမ်းဘေးမှာရှိတဲ့ ရဲတွေကလည်း လက်အုပ်ချီ ကန်တော့ခဲ့ကြတာပေါ့" ဟု သူက ထပ်ပြောသည်။
သံဃာတော်များသည် ဦးဥတ္တမ ပန်းခြံအထိ ဆက်လက် ချီတက်ကြခဲ့ကြပြီး ငြိမ်းချမ်းစွာပင် လူစုခွဲလိုက်ကြသည်။
"ပထမအသုတ် လူစုခွဲလိုက်ပြီးတော့ နောက်တသုတ် ၁၀၀ လောက်ရှိမယ် ထပ်လိုက်ပြီးတော့ အဲဒီမှာပဲ လူစုခွဲလိုက်ကြတယ်" ဟုဆိုကာ သံဃာတော်များ၏ ဆန္ဒပြမှု နံနက် ၁၀း၃၀ နာရီတွင် ပြီးဆုံးကြောင်း သူက ဆက်ပြောသည်။
အာဏာပိုင်များက အတင်းလူစုမခွဲသော်လည်း သံဃာတော်များနောက်က လိုက်ခဲ့ကြောင်း ကိုသန်းလှိုင်က ပြောသည်။ ရဟန်းတော်တပါးလည်း ရဲစခန်းသို့ ခေါ်သွားခံရကြောင်း သူကြားသိရသည်ဟု ပြောသည်။
ကိုသန်းလှိုင် အပြောအရ စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သော ရဟန်းတော်များ ဦးဆောင်သည့် ဆန္ဒပြမှု တနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂ အဆိုအရ ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရပြီး အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။
Labels: သတင်း
Posted by Ashin dhamma at 1:33 AM 0 comments
ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ
ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ
အယ်ဒီတာ့ရွာ (၁၄)
ရွှေရောင်လင်းလက်နဲ့ ချီခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကလည်း မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် ဖြစ်နေဆဲ။ နအဖ စစ်အစိုးရကလည်း လက်ကျန်ကောက်ရိုးတစ်မျှင် နှစ်မျှင်နဲ့ သံရည်ကြိုဖို့ ကြိုးစားနေဆဲ၊ ပြည်တွင်း သန်းငါးဆယ်ကျော် လူထုကြီးကလည်း ခေတ်မှီ ကမ္ဘာကြီးနဲ့ အလှမ်းဝေးကွာကာ နိုးတစ်ဝက် အိပ်မက်နဲ့ မှုံဝေရီတွေနေဆဲ။ ပြည်ပ ကမ္ဘာအစိုးရတွေကလည်း (ပေါက်ဖော်၊ ပန်ချာပီ၊ ကြက်ဥပူတင်းတို့ကလွဲရင်) ဖိအားတွေ ဆက်တိုက် ပေးနေဆဲ။ ...နေဆဲ၊ ...နေဆဲ။
ပြည်ပရောက်မြန်မာတစ်ချို့ကလည်း အမျိုးသားရေးစိတ်ဓါတ်ပြင်းပြင်းတွေ ကျဆင်းမသွားရအောင် ကြိုးစားဆဲ။ တွန်းအားပေး စည်းရုံး လှုပ်ရှားနေကြဆဲ။ ဒီလို အကြပ်အတည်းကာလမှာ ကျွန်တော့်ဘေး ၀န်းကျင်က မြန်မာတွေကို ငဲ့စောင်းကြည့်လိုက်မိတော့...
၁။ တစ်ချို့က လွတ်လပ်ရေးကိုတော့ လိုချင်ပြီး လွတ်လပ်ရေးရဖို့ထက် မိမိတို့ မိသားစုလေးတွေကို ဆွဲထုတ်ဖို့ ပုဂ္ဂလိကဆန်ဆန် ခပ်ကျဉ်းကျဉ်း အမြင်နဲ့ နေ့ညမနား ကြိုးစားနေကြတယ်။ (ဒီလိုလူမျိုးတွေချည်းပဲ ဆိုရင်တော့ မြန်မာပြည်နဲ့ လွတ်လပ်ရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေး...။
၂။ တစ်ချို့ကျတော့ လက်တွေ့ကျတဲ့ အလုပ်တစ်ခုခုကို အမျိုးသားရေး လှုပ်ရှားမှုအတွက် ပါဝင်နေရမဲ့အစား နေပြည်တော်ကို ဗုံးသွားကြဲဆိုပြီး ဆင်ဖမ်းကျားဖမ်း လေလုံးကြီးတွေနဲ့ လူကြားကောင်းအောင် ပစ်နေကြပြန်တတ်သေးရဲ့။
၃။ တစ်ချို့က Sleeping Patron တွေလုပ်ပြီး လိုအပ်တဲ့ အကူအညီကိုတော့ ပေးကြတယ်။ လူကိုယ်တိုင် ရှေ့ထွက်လာဖို့နဲ့ ကြည့်လို့မြင်ရတဲ့ အကြောင်းပြချက်တွေတော့ ရှိသပေါ့။ အကြောင်းပြချက် ဆိုတာကလည်း ခရစ္စမတ်ကာလ Discount နဲ့ ခပ်ဆင်ဆင်ပါပဲ။
၎။ သူတို့ အုပ်စုကတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ချင်တဲ့ အုပ်စု၊ ဘာမှ မဖြစ်ဘူး ဆိုရင်တောင် နိုင်ငံနဲ့ လူမျိုးအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့တယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော်ကြီးက အသီးအပွင့်တွေ ဝေေ၀မြိုင်မြိုင်ကြီး စည်ပင်လာပြီဆိုရင် အဲဒီ အသီးအပွင့်တွေကို လိပ်ပြာသန့်သန့်နဲ့ မျှဝေခံစားချင်တယ် ဆိုတဲ့ ဆန္ဒမှန်တွေနဲ့။ သူတို့ဟာ လက်တွေ့လုပ်ပိုင်ခွင့်ထဲကနေ တတ်နိုင်သမျှ ကြီးကြီးငယ်ငယ်မရွေး ကြိုးစား လုပ်ဆောင်နေကြတယ်။ အမျိုးသားရေး စိတ်ဓါတ်ကို မီးစာထိုးပေးနေကြတယ်။
ပြည်ပရောက် မြန်မာတွေကို ကြည့်ရင် အကျမ်းဖျင်း ဒီလေးမျိုးတွေ့လိုက်ရပါတယ်။
ဒါတွေကို မပြောခင် ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးတွေကို မေးပါရစေ။
* နိုင်ငံရေးလုပ်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်တာ အဓိပ္ပါယ်တူပါသလား။ မတူဘူးလား။
* မတူဘူးဆိုရင် မတူဘာက ဘာလဲ?
(ကျွန်တော့် ဆောင်းပါးကို ဆက်မဖတ်ခင် ဒီမေးခွန်းကို ဖြေကြည့်ကြဖို့ ကျွန်တော် တောင်းပန်ပါတယ်။)
ကျွန်တော့်ကို ကျိန်ဆဲလိုက်ပါ။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားတာနဲ့ နိုင်ငံရေးလုပ်တာ လုံးဝမတူပါဘူး။ မတူရုံတင် မကပါဘူး။ တိုက်ရိုက်ဆန့်ကျင်ပါတယ်။ ဥပမာ ပေးပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်မြောက်ရေး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကြည့်တဲ့ ရှုထောင့်က အချိုးမပြေရင် တစ်သားထဲ မြင်ရတတ်ပါတယ်။
* နိုင်ငံရေး လုပ်သူဟာ ရယူလိုမှု ဆီကလာပြီး
* အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားသူဟာ စွန့်လွှတ် အနစ်နာခံမှုဆီကနေ လာခဲ့ပါတယ်။
ခေတ်ပြိုင် သာဓက တစ်ခုထပ်ပြပါရစေ။
ဦးအောင်ဇေယျရဲ့ ငယ်ကျွန်၊ မန်ချက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ဟာ နိုင်ငံရေးလုပ်သူပါ။
ဦးဂမ္ဘီရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ဟာ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားသူတွေပါ။
သူတို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ပါ။ မစ္စတာသက်ဆင်က မီလျံနာ ဖြစ်နေပြီး ကျန်တဲ့ လူသုံးဦက အကျဉ်းထောင်ထဲမှာပါ။
ဦးဂမ္ဘီရတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့အုပ်စုကို ကျေးဇူးပြုပြီး နိုင်ငံရေးသမားလို့ မမြင်လိုက်ကြပါနဲ့။ သူတို့ဟာ အမျိုးသား လွတ်မြောက်ရေးအတွက် လူတော်တော် များများ မလုပ်ရဲတဲ့ အလုပ်တွေကို အသက်စွန့်ပြီး လုပ်နေသူတွေ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော် စည်ပင်ပြန့်ပြောလာရင် အခွင့်အရေး ၀င်ယူဖို့လည်း သူတို့ စိတ်ကူးထဲမှာ မရှိပါဘူး။ ဒါကြောင့် "နိုင်ငံရေးသမားတိုင်းကို မယုံဘူး"ဆိုတဲ့ လက်သုံးစကားတွေနဲ့ ဒီနေ့ အမျိုးသားရေးလှုပ်ရှားမှုကို မျက်ကွယ်မပြု မိကြဖို့ တောင်းပန်ချင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်နေရတဲ့ အလုပ်ဟာ နိုင်ငံရေး မဟုတ်သေးပါဘူး။ အမျိုးသားလွတ်မြောက်ရေးပါ။
စစ်အစိုးရမရှိတော့ဘူး။ ဖမ်းဆီးသတ်ဖြတ်မဲ့ အန္တရာယ်လည်း မရှိတော့ဘူး ဆိုရင် နိုင်ငံရေး လုပ်ချင်သူတွေ ရှေ့တက်လာပါလိမ့်မယ်။ အဲဒီအခါကျမှသာ ခင်ဗျားတို့ မဟာဦးနှောက်ကြီးကို အသုံးပြုပြီး ဝေဖန်ကြပါတော့။ ကျေးဇူးပြုပြီး နိုင်ငံရေးနဲ့ အမျိုးသားလွတ်မြောက်ရေးကို ကွဲအောင် ကြည့်ပေးကြပါ။ ကျွန်တော်တို့ ညီညွတ်ကြမှ ရပါလိမ့်မယ်။
ကျွန်တော့် ခေါင်းစဉ်ကို ပြန်ဆက်ပါ့မယ်။
ပထမအုပ်စုကတော့ ဝေလေလေအုပ်စုပါ။ ဒီမိုကရေစီရလို့ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးမော့လာပြီဆိုရင် ဆွေမျိုး အသိုင်းအ၀ိုင်းလဲရှိ၊ ယဉ်ကျေးမှုနဲ့ ဘာသာအမွေအနှစ် တွေနဲ့ကလည်း အလျံအပယ်မို့ မြန်မာပြည်ကို ပြန်နေကြမယ်လို့ စိတ်ကူးထားကြပါတယ်။ အဲဒီ စိတ်ကူးအကောင်အထည် ဖော်ဖို့ကြတော့ ဘာမှ ပါဝင် ပူးပေါင်းမှု မလုပ်ကြပါဘူး။ ဒါကလည်း ပုဂ္ဂလိက ခံယူချက်မို့ ကျွန်တော်အနေနဲ့ ဘာမှ ၀င်ပြောပိုင်ခွင့် မရှိပါဘူး။
ဒီအုပ်စုကို ကျွန်တော် ဆောင်းပါးထဲ ထည့်ရေးဖို့ကိုကျတော့ နေရာမရှိဘူး ဖြစ်နေပြန်ပါတယ်။ ဒီအုပ်စုက အငြိမ်ကြိုက်မို့ ငြိမ်ငြိမ်ပဲ နေကြပါစေ။ နေပေါ့။ သူတို့လည်း သူတို့ တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ သူတို့။ ကိုယ်လည်း ကိုယ့် တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ကိုယ်။
ကျွန်တော်ပြောချင်တာက ဒုတိယအုပ်စုပါ။ သူတို့ကို "ဆင်ဖမ်းကျားဖမ်း အုပ်စု"လို့ နာမည်ပေးထားပါတယ်။ သိရသလောက်တော့ ဒီအုပ်စုဟာ အဆင့်မြင့်မြင့် ပညာတတ်တွေပါ။ မျိုးချစ်စိတ်လဲ ရှိပြီး သူတို့ မျိုးချစ်စိတ် ဘယ်လောက်ရှိကြောင်းကိုလည်း သူတို့ နီးစပ်ရာ အသိုင်းအ၀ိုင်းထဲမှာ ချပြလေ့ ရှိကြပါတယ်။ လူနေမှု အဆင့်အားဖြင့်လည်း အကြောင့်မကျ နေနိုင်ကြပြီး သူတို့ ၀န်းကျင်မှာ ဆရာကြီးတွေ ဖြစ်နေကြသူတွေလည်း ဖြစ်ပါတယ်။ ခက်တာက သူတို့ ဦးနှောက်ကို လိုက်လျောညီထွေ လျော့ပေါ့ပြီး မသုံးကြခြင်းပါပဲ။ သူတို့ ပြောနေကျ စကားက "ဒီကောင်တွေကို လက်နက်နဲ့ ချမှရမယ်။ ပျဉ်းမနားက သန်းရွှေအိမ်ကို F16 နဲ့ ဗုံးသွားကျဲရမယ်။ ဘာမှ လုပ်မနေကြနဲ့။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။"
ဒီလိုစကားတွေနဲ့ ဒီလို ဆင်ဆင်တူ စကားတွေ ပြောလေ့ ရှိကြပါတယ်။
အားလုံး အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ F16ကို မောင်းပြီး ဇင်ဝေသော် ကိုယ်တိုင် အသေခံ ဗုံးသွားကြဲပါ့မယ်။ (လူကြား ကောင်းအောင် ပြောနေတာ မဟုတ်ပါဘူး။) အသေခံလေယာဉ်မောင်း (၅၀)ရအောင်လည်း တာဝန်ယူပါတယ်။
ဒီအဆင့်ကို ကျွန်တော်တို့ ရောက်နေပြီလား။ ဒီအဆင့်ကို ရောက်အောင် ဘာတွေ ဆက်လုပ်ကြရမလဲ။ ဒါက ပြဿနာပါ။ ဒီ "ဆင်ဖမ်းကျားဖမ်း"အုပ်စုက မျိုးချစ်စိတ်လည်း တကယ်ရှိ ကိုယ့်ယုံကြည်ချက်ကိုလည်း အနစ်နာခံပြီး အကောင်အထည်ဖေါ်မယ်ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ ဟီးရိုးကြီးတွေပဲပေါ့။ ဒါပေမယ့် "ဆင်ဖမ်း၊ ကျားဖမ်း"ဆိုပြီး တိရိစ္ဆာန်ရုံထဲက ဆင်တွေ ကျားတွေကို ခဲနဲ့ ပေါက်ရုံနဲ့တော့ အလုပ်ဖြစ်ဦးမယ် မထင်ပါဘူး။ ကိုယ်အိမ်ထဲကနေ ဆင်တွေ၊ ကျားတွေကို စောင့်ဖမ်းဖို့ ဆိုတာကလည်း "ကျောက်ခေတ်" မဟုတ်တော့တဲ့အတွက် အလုပ်မဖြစ်နိုင်ပြန်ပါဘူး။ ဒီတော့ ဆင်ဖမ်းကျားဖမ်းဖို့ တောနက်နက်ထဲကို အရင်သွားရပါလိမ့်မယ်။ ဆင်ကျားမဖမ်းခင် ငှက်ဖျားရောဂါလည်း အရင် ရနိုင်ပါသေးတယ်။
ထားပါတော့။ လမ်းချော်သွားပါလိမ့်မယ်။
ဒီလိုကြီးကျယ်တဲ့ စိတ်ကူးရှိရင် ပထမဆုံး အိမ်ထဲကတော့ ထွက်ခဲ့ရပါမယ်။ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ စကားပြောကြည့် ဆွေးနွေးကြည့် ရပါဦးမယ်။ သူတို့နဲ့ စိတ်ရောကိုယ်ပါ ပူပေါင်းရပါ့မယ်။ "ဒီလူတွေရဲ့ စိတ်ဓါတ်ကို သိပ်မကြိုက်လှဘူး။" "ဒီလူတွေက နေရာမပေးဘူး။" ဒီလိုလား? ဒါဆိုရင်တော့ "ဆင်ဖမ်း၊ ကျားဖမ်း" ကိစ္စကို လက်လျော့လိုက်ပါတော့။ ပုဂ္ဂလိက အမြင်ခြင်း မတိုက်ဆိုင်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဘာမှ မဆိုင်ပါဘူး။ ဘယ်လို ပညာတတ်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက် ခန်းနားထည်ဝါတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ဖြစ်၊ အခုမှ လှုပ်ရှားမှုထဲကို ၀င်လာတဲ့ လူတစ်ယောက်ကို လက်ရှိအဖွဲ့တွေက နေရာပေးကြဦးမှာတော့ မဟုတ်ပါဘူး။ ကိုယ်က ဦးဆောင်ပြ၊ စွန့်လွှတ်အနစ်နာခံပြ ဆိုတော့မှ လူတိုင်းက ယုံကြည် စိတ်ချ အားကိုးလာကြမှာပါ။ နေရာတစ်ခုလည်း ရလာမှာပါ။ ဒီတော့မှသာ မိမိရဲ့ ဆင်ဖမ်း ကျားဖမ်း အစီအစဉ်က စတင်နိုင်မှာပါ။ ဒီနေ့ အခြေအနေမှာ "ပေးလို့ရတဲ့ ခေါင်းဆောင်မှု"ဟာ အလုပ်မဖြစ်ပါဘူး။ "လုပ်ပြပြီးလို့ ရယူထားတဲ့ ခေါင်းဆောင်မှု"ကသာ အလုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တင်ပေးမှ ခေါင်းဆောင်ဖြစ်မယ့် ခေါင်းဆောင်ကို မလိုချင်ပါဘူး။ သူ့ဖာသာ ရုန်းကန်ရင်း၊ အနစ်နာခံရင်းနဲ့ မသိမသာနဲ့ ဖြစ်လာတဲ့ True Leader ကို လိုချင်ပါတယ်။
ပိုက်လိုင်းထဲကနေ အဆင်သင့် ထွက်လာတဲ့ရေကို မလိုချင်ပါဘူး။
ကိုယ့်ကမ်းကို ကိုယ်တူးပြီး စီးဆင်းလာတဲ့ ရေကို လိုချင်ပါတယ်။
ဒါဟာ လတ်တလော ကျွန်တောတို့ လူ့အဖွဲ့အစည်းက လိုအပ်နေတဲ့ လူမျိုးပါ, ခေါင်းဆောင်မျိုးပါ။
ကျွန်တော်ကတော့ "ဆင်ဖမ်းကျားဖမ်း" ကိစ္စဟာ တကယ်လုပ်ကြရင် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ အမေရိက အခြေစိုက်၊ ဥရောပ အခြေစိုက်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား အခြေစိုက် စတဲ့ မြန်မာတွေ အားလုံး စုစည်းပြီး ဖွဲ့စည်းနိုင်ရင် သိပ်အားကောင်းတဲ့ အဖွဲ့ကြီး ဖြစ်လာနိုင်ပါတယ်။ လက်တွေ့တော့ လုပ်ပြရမှာပေါ့။ လုပ်မပြရင် ဘယ်သူမှ လှူမှာ မဟုတ်သလို, လှူပြီးသားငွေတွေက ပျောက်ကုန်ရင်လည်း လှူရတာနဲ့တင် "လူအ"ကြီးတွေ ဖြစ်နိုင်ပါသေးတယ်။
အကျိုးရှိရှိနဲ့ နိုင်ငံအတွက် သေပေးရမယ်ဆိုရင် အသေခံမဲ့လူတွေ အများကြီးပါ။ ဝေလေလေ အုပ်စုကလွဲရင် တော်တော်များများ လုပ်ဖို့ ဆန္ဒရှိကြပါတယ်။
သေနပ်မောင်းတင်ထားတဲ့ အမူးသမား စစ်သားကို ခဲနဲ့ပေါက်ပြီး ရင်ဘတ်အပွင့်မခံရဲ ကြပေမယ့်, သေနပ်ခြင်း၊ ဗုံးခြင်း၊ ဗုံးကြဲလေယာဉ်ခြင်းဆိုရင်တော့ အားလုံးလိုလိုဟာ ရယ်ဒီ ဖြစ်နေကြပါတယ်။
ဒါဆို F16 ကိုယ်ကသာ သေသေသပ်သပ်လုပ်နိုင်ရင် ခြုံပုတ်ကြီးတို့က Discount နဲ့တောင် ပေးပါလိမ့်မယ်။ မယုံမရှိပါနဲ့။ ဒီကိစ္စမျိုးကို အားပေးတဲ့အကြောင်း အတိတ်သမိုင်း စာမျက်နှာတွေထဲမှာ ရှာဖတ်နိုင်ပါတယ်။
ကျွန်တော်တို့အတွက် "ခြုံပုတ်ကြီး"တို့က F16 ပေးတယ်ဆိုရင် ပေါက်ဖော်တို့၊ ကြက်ဥပူတင်းတို့ကလည်း မကောင်းဆိုးဝါးကို လက်နက်ပေးလိုက်ကြဦးမှာပါပဲ။ မတူတာဆိုလို့ မကောင်းဆိုးက ဒီလက်နက်တွေကို Discount နဲ့မရပဲ Double Price နဲ့ ၀ယ်ယူရမှာ။ ဒါပဲထူးပါတယ်။ ကိုယ့်အာဏာ တည်မြဲဖို့၊ ကိုယ့်လူမျိုးကို ပြန်သတ်ဖို့ မကောင်းဆိုးဝါးတွေကလည်း Double မကလို့ Triple Price နဲ့လည်း ၀ယ်ကြမှာပါပဲ။
ဒါဆို အမေရိကန် အားပေးမှုနဲ့ တရုတ်၊ ရုရှားအားပေးမှု ထိပ်တိုက်တွေ့နိုင်ပါတယ်။ သူတို့ခြင်း ထိပ်တိုက်တွေ့လာ နိုင်ပါတယ်။ စိတ်ကူးယဉ် မဟုတ်ပါဘူး။ ပိုလန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါဆို ပွဲက ကြည့်ကောင်းလာမှာပါ။
ပြည်ပရောက် မြန်မာတွေက လေကြောင်းကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုရင် ပြည်တွင်းက လူမျိုးစု လွတ်မြောက်ရေးတပ်တွေကလည်း သူတို့ အပိုင်းကနေ ပါဝင်လာကြမှာပါ။ သူတို့ကို ကြိုတင်စည်းရုံးနေစရာ မလိုပါဘူး။ နေပြီဒေါ် ကို ပြာမှုံတွေနဲ့ ရီဝေသွားပါစေ။ သူတို့ကို လက်တွဲကြဖို့သာ မေတ္တာရပ်ခံလိုက်ပါ။ အားလုံး လက်တွဲလာကြမှာပါ။ နေပြီဒေါ်ကို ပြာချပစ်နိုင်ခဲ့တယ်ဆိုပြီး အပေါ်စီး လေသံနဲ့တော့ သွားမလုပ်နဲ့ပေါ့။ သေရမှာ မကြောက်တဲ့ တိုင်းရင်းသားတွေက မြန်မာတွေထက် များပါတယ်။ တော်လှန်ရေး သက်တမ်းလဲ ပိုပြီးတော့ ရင့်ကြပါတယ်။
အဲသလောက်ဆိုရင် ဆင်ဖမ်းကျားဖမ်းလို့ ရပါပြီ။
၁။ အနီးကပ်ဆုံး အဖွဲ့အစည်းနဲ့ ပူးပေါင်း။ သူတို့ ယုံကြည်အားကိုမှုကို ရအောင်ယူ။ ကိုယ်ပိုင် အတ္တ၊ မာနတွေကို လျော့ချ။ စည်းရုံးရေး စွမ်းရည်မြှင့်။
၂။ ပြည်ပ အခြားနိုင်ငံရှိ အဖွဲ့အစည်းတွေနဲ့ စုပေါင်း။ တိတိကျကျ ရှေ့က လုပ်ပြ။ စာရင်းအင်းနဲ့ ရံပုံငွေ ရအောင်ကောက်။
၃။ အမေရိကကို လက်သိပ်ထိုး လေယာဉ်ရောင်းဖို့ ချဉ်းကပ်။ အသေခံလူငယ်တွေကို သင်တန်းပေးဖို့ အကူအညီတောင်း။
၎။ နေပြီဒေါ်နဲ့ လေတပ်စခန်းတွေကို ညတွင်းချင်း ဗုံးကြဲ။
၅။ စာပို့သမားကို မကြိုဆိုတော့တဲ့ ကြည်းတပ်တွေကို ပူးပေါင်းဖို့ မေတ္တာရပ်၊ တိုင်းရင်းသားတွေကို ပူးပေါင်းကြဖို့ လေယာဉ်နဲ့ စာတွေကြဲ။
၆။ အတ္တမာနတွေနဲ့ မရောတဲ့ ခေါင်းဆောင် စစ်စစ်တစ်ယောက်ကို တရားဝင်ရွေးခြယ်။
ပြီးပါပြီ။
စိတ်ကူးယဉ် ဆန်လွန်းသွားသလား။
အိမ်ထဲကနေ ဆင်ဖမ်းကျားဖမ်းတာထက်တော့ ပိုပြီးတော့ လက်တွေ့ကျပါတယ်။ မလွယ်တာက လွဲရင် ဖြစ်လည်း ဖြစ်နိုင်ပါတယ်။
ဆင်ဖမ်းကျားမဖမ်းချင်တာပဲ, ဒီလောက်တော့ လုပ်ရမှာပေါ့။
(ဝေလေလေ အုပ်စုကလွဲရင် နောက်နေ့ ဆက်ပါ့မယ်)
ဇင်ဝေသော်
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:17 AM 0 comments
Friday, September 26, 2008
ဘောလုံးသမား သူငယ်ချင်းများ (ရေး - မင်းကိုနိုင်)
ဘောလုံးသမား သူငယ်ချင်းများ (ရေး - မင်းကိုနိုင်)
ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့ 
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့
အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ ယက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။
“တစ်သက် ထာဝရ သတိရနေမယ်”
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
“ရွှေခွက်” လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာ
ငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။
မင်းကိုနိုင်
Labels: ကဗျာ
Posted by Ashin dhamma at 7:02 PM 0 comments
အလှဓမ္မ၊စက်တင်ဘာနဲ့နောက်ဆက်တွဲများ
အလှဓမ္မ၊ စက်တင်ဘာနဲ့ နောက်ဆက်တွဲများ
26/09/2008
လူရယ်လို့ ဖြစ်လာရင် လူ့တန်ဖိုးဆိုတာကလဲ ကျွဲကူးရေပါဆိုသလို ပါလာရတယ်။ မြက်ခင်းပြင်များဟာ စိမ်းလန်းမှုရှိမနေရင် ရင်အေးစရာမရှိဘူး။ မြစ်တွေဟာ ပုံမှန်စီးဆင်းမှုမရှိရင် မလှဘူး။ ငှက်တွေမှာ အတောင်ပံမဲ့နေရင် အဓိပ္ပာယ်မရှိဘူး။ လူမှာ လူ့တန်ဖိုးမဲ့နေရင် လူရယ်လို့ ခေါ်ဖို့မလွယ်။ တန်ဖိုးက ဘာလဲ။ ဓမ္မ…။ ဟုတ်တယ်။ ဓမ္မ။
ဘာလဲ ဓမ္မဆိုတာ။ နက်နဲတဲ့ ဓမ္မတွေအကြောင်း ပြောဖို့ မဟုတ်ဘူး။ ပြောလဲ မပြောတတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ ဓမ္မက လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒေသတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒီဓမ္မတွေ ဆိတ်သုဉ်းနေရင် အဲဒီအရပ်ဒေသဟာ အလှတရားတွေ ဆိတ်သုဉ်းတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာသာ မရှိဘူးဆိုရင် ဘာအလှတရားမှ မရှိတဲ့ဒေသကြီးတစ်ခု ဖြစ်နေလိမ့်မယ်။ သဘာဝမြေပြင်က အလှတရားတွေ ဆိတ်သုဉ်းနေတော့ ဘေးနိုင်ငံတွေအမြင်မှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာအတွက်လဲ မေးခွန်းတွေ ထုတ်လာကြတော့တယ်။ ဗုဒ္ဓသာသနာက ကောင်းတယ်ဆိုရင် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတွေမှာ ဘာကြောင့် လူသားရဲ့တန်ဖိုးတွေ ဆုတ်ယုတ်နေရသလဲ။
မြန်မာ…။ ကျွန်တော်တို့ မြန်မာ။ ခင်ဗျားတို့ မြန်မာ။ အလှတရားတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတာတွေလဲ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်နေသူ သူရဲကောင်းများ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ရေတိမ်နစ်ခဲ့ကြတာလဲ များခဲ့ပြီ။ ယခု အချိန်အထိ လှနေသူတွေဟာ အယုတ်တမာတွေရဲ့လက်ထဲမှာ ပြုသမျှ နုခံနေကြရတယ်။ မကောင်းဆိုးဝါးတွေ အမိမြန်မာမှာ ရမ်းရမ်းကားကား ကျင်လည်နေခဲ့တာ ကြာလှပြီ။ ဗုဒ္ဓသာသနာရဲ့ အနိစ္စတရားကလဲ သူတို့နဲ့ကျမှ ကြာလွန်းတယ်။ ဟုတ်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ တိုက်ခိုက်နေဆဲ။ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ ပေးဆပ်နေဆဲ။ ပေးအပ်နေဆဲ။ ဒီထဲမှာ စက်တင်ဘာဆိုတာ အာဏာရှုးတွေ (အာဏာရှင်လို့တောင် မသုံးချင်ပါ)ကို တော်လှန်ခဲ့တဲ့ နေ့ပဲ။ ဒီစက်တင်ဘာမှာပဲ နိုင်ငံတော်ရဲ့ရတနာ ကျောင်းသားတွေ အာဏာရူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အသက်ဇီဝိန်ကြွေခဲ့ရတယ်။ ဒီစက်တင်ဘာမှာပဲ တစ်နိုင်ငံလုံးက ကိုးကွယ်တဲ့ သာသနာ့ဝန်ထမ်းရဟန်းတော်တွေ ရက်စက်စွာ နှိမ်နင်းခံခဲ့ရတယ်။ သူပုန်စခန်းဝင်စီးသလို ကျောင်းတိုက်တွေကို ၀င်စီးနင်းခံခဲ့ရတယ်။
ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဖျက်ဆီးခံရသူတွေဟာ နာကျင်ခံခက်သလိုမျိုး ကိုယ်ကိုးကွယ်တဲ့ ရဟန်းတော်တွေကို ခေါင်းကိုရိုက်၊ ဖိနပ်နဲ့ကန်၊ သေနတ်နဲ့ပစ်လုပ်တာကို မြင်ရတဲ့ ပြည်သူတွေဟာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတာ။ အာဏာရှင်တွေရဲ့ လူမဆန်စွာ ရက်စက်မှုတွေနဲ့ ရင်ထဲမှာတော့ နာလို့ပေါ့။ ကျင်လို့ပေါ့။ ဗလောင်ဆူလို့ပေါ့။ ကမ္ဘာပျက်ခဲ့တဲ့ `လ´လေ။
ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားရော့လားဗျာ။ မထင်နဲ့။ လုံးဝမထင်လိုက်နဲ့။ ဘယ်တော့မှ မပြီးဘူး။ ရွှေတိဂုံပေါ်ကို ဖိနပ်စီးပြီးတက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဘုန်းကြီးခေါင်းကို ဂျပန်တွေ ဖိနပ်နဲ့ကန်တာကို တွေ့လိုက်ရတဲ့ ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဥတ္တမကို အင်္ဂလိပ်တွေ ဖမ်းလို့ ပြည်သူတွေ ဒေါသထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဝိစာရ ထောင်ထဲမှာ အစာအငတ်ခံ ပျံလွန်တော်မူတုန်းက ပြည်သူတွေ နာကျင်ခဲ့သလိုမျိုး၊ ……..မျိုး၊ …….မျိုး၊ ကမ္ဘာကြေပေမယ့် ဥဒါန်းကြေနိုင်ရိုးလား။ ခံစားခဲ့ရတဲ့ ပြည်သူတွေ၊ နာကျင်ခံခက်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ဘက်တွေဟာ ဟောင်းလောင်းကြီး ပွင့်နေဆဲ။ ကမ္ဘာမကြေ ဥဒါန်းတွေဟာ စစ်အာဏာရူးတွေဆီ မုန်တိုင်းတွေလို တိုးဝင်တိုက်ဖျက်ကြတော့မယ်။ ဒါကြောင့် ပြောလိုက်မယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးရော့လားလို့။ စက်တင်ဘာက ဇာတ်ရှိန်မြင့်လာတယ်။
စက်တင်ဘာက ဘာအကျိုးအမြတ်ရခဲ့သလဲတဲ့။ စက်တင်ဘာဆိုတာ အလှဓမ္မတွေ ဆိတ်သုဉ်းခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ စက်တင်ဘာကြောင့်ရလာတဲ့ အကျိုးတရားတွေထဲမှာ `ပန်းတိုင်´ဆိုတာ မပါသေးလို့ အကျိုးတရားမှာ တောင်ပံတွေ မစုံသေးဘူး။ ဒါပေမယ့် ပြောနိုင်တာက အာဏာရူးတွေဟာ စက်ဆုပ်ရွံရှာဖွယ် သရဲသဘက်တွေနဲ့မခြား အော့ကြောလန်စရာကောင်းခဲ့တယ်ဆိုတာ လူတိုင်း သိသွားခဲ့တယ်။ အာဏာရူးတွေရဲ့ ခွေးခေါင်းကြီး ရုပ်လုံးပေါ်ထွက်လာခဲ့တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြိး ကိုယ့်ကိုယ်ကို ဘာသာသာသနာကို နှစ်နှစ်ကာကာ သက်ဝင်သူတွေပါလို့ဆိုနေတဲ့ အာဏာရူးကြီးတွေဟာ သူတို့ရဲ့ အာဏာကို ထိပါးလာရင် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမမြတ်ဗုဒ္ဓကိုတောင် ချနင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ရှိသူများဆိုတာ ထင်ရှားသိသာခဲ့တယ်။ ဒါတွေကို အကျိုးအမြတ်တွေလို့ ဆိုမလား။ ပန်းတိုင်မပါသေးတဲ့ ဒီအကျိုးအမြတ်တွေကို ကျွန်တော် စိတ်မ၀င်စားနိုင်သေးဘူး။
ဘာပဲဖြစ်ဖြစ် ၈၈-က ပြီးသွားခဲ့ပြီဖြစ်သလို စက်တင်ဘာကလဲ ပြီးသွားခဲ့ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးဘူး မဟုတ်လား။ မပြီးသေးတဲ့ တိုက်ပွဲတွေထဲမှာ အောက်မေ့အမှတ်ရခြင်းအခမ်းအနားတွေနဲ့ တာဝန်ကျေပြီလို့ မထင်လိုက်ကြဖို့လဲ လိုတယ်လေ။ ယူစရာရှိတာတွေကို ယူ၊ ထားခဲ့စရာတွေကို ထားခဲ့၊ ရှေ့ဆက်ရမှာတွေကို စဉ်းစား။ `လမ်းကား အများကြီးရှိ၏၊ သို့သော် ပန်းတိုင်ကား တစ်ခုသာတည်း´ဆိုတဲ့ တာအိုဝါဒရဲ့ နာမည်ကြီးစာသားလေးလို လမ်းအများကြီးထဲက ကျွန်တော်တို့ဟာ အသက်ဇီဝန်မကြွေသရွေ့ အာဏာရှင်များ ကျဆုံးစေနိုင်မယ့် တိုက်ပွဲတွေ တိုက်နေကြရပါလိမ့်မယ်။
စက်တင်ဘာက ထိုးပြလိုက်တဲ့ ဆလိုက်တွေထဲမှာ အာဏာရူးတွေရဲ့ မကောင်းဆိုးဝါး ပုံရိပ်တွေကို ကျွန်တော်တို့ သိမြင်တယ်လို့ဆိုရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ရမယ်လေ။ မဟုတ်ဘူးလား။ ။
လွင်ပြင်ရိုင်း
Labels: ဆောင်းပါး
Posted by Ashin dhamma at 9:27 AM 0 comments
ပြသနာ စရှာသူ ကမာရွတ် အမှတ် (၅) ရပ်ကွက်မှ ရပ်ကွက်လူကြီးများ။
"ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ပညာသင်ကာလအလိုက် စာမေးပွဲကို (၂၂.၉.ဝ၈) ရက်နေ့မှ
(၃ဝ.၉.ဝ၈) နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုကြရာတွင် မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့ သားသမီးးများအား စာမေးပွဲပြီးလျှင်ပြီးချင်း သွားရောက်ခေါ်ယူကြပါရန် အသိပေး ကြေငြာအပ်ပါသည်။"
ကမာရွတ်ရပ်ကွက်ရုံးမှာ ဒီလိုရေးထားတော့ ဒီရေးသားချက်ဟာ ကျောင်းသူကျောင်းသားတွေကို သက်သက်ရန်စ စော်ကားတာပါဘဲ။ ကျောင်းသူကျောင်းသားဆိုတာ ကြံ့ ဖွတ်တို့  စွမ်းအားရှင်တို့ လို မိုက်ရိုင်းစော်ကားနေသူတွေ ရိုက်နှက်သတ်ဖြတ်နေသူတွေ မဟုတ်ပါ။
ကျောင်းသူကျောင်းသားဆိုတာ ကျောင်းပညာကို ပညာရေးအဆင့်အတန်းမြင့်မြင့်နဲ့  အေးချမ်းစွာ စာပေသင်ကြားလိုသူတွေပါ။ ကျောင်းသူကျောင်းသားဆိုတာ မဟုတ်မမှန် မတရားတာကို ပွင့်ပွင့်လင်းလင်းနဲ့  ရဲရဲဝန့် ဝန့်  ထုတ်ဖေါ်ပြောပြရဲသူတွေပါ။ ဒါဟာ ပြသနာဖန်တီးတာ မဟုတ်ပါ။ အမှန်တရားကို မပြောရဲတဲ့ အဆိုပါ ရပ်ကွက်လူကြီးတွေလို ကြောက်ရွံ့ နှုတ်ငုံပိတ်တတ်နေသူတွေ မဟုတ်ပါ။
အထက်က နအဖလူကြီးတွေ သဘောကျအောင် ဒီလိုရေးသားတဲ့ ရပ်ကွက်လူကြီးဆိုသူတွေကသာ နားမလည်ပါးမလည်နဲ့  အဆင့်အတန်းနိမ့်ကျစွာနဲ့  ရေးသားထားတာပါ။
တကယ်တန်း တားဆီးပြီး ရေးသားရမှာက ကြံ့ ဖွတ်တွေ စွမ်းအားရှင်တွေကိုပါ။ ကျောင်းသူကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် သွားရောက်နှောင်ယှက်ခြင်း လုံးဝမပြုရဆိုပြီး ပြသနာရှာသူတွေဖြစ်တဲ့ နအဖနောက်လိုက် လက်ပါးစေတွေကို ရေးရမှာပါ။ ကြည့်ရတာ အဆိုပါ ရပ်ကွက်လူကြီးတွေ ကိုယ်တိုင်က ပြသနာရှာတဲ့သူတွေ၊ ကြံ့ ဖွတ်တွေ စွမ်းအားရှင်အဖွဲ့ ဝင်တွေ ဖြစ်နေတယ်နဲ့ တူပါတယ်။
ခေတ်အဆက်ဆက်တောက်လျှောက်မှာလည်း အေးအေးချမ်းချမ်းနဲ့  ကျောင်းပညာသင်နေတဲ့ ကျောင်းသူကျောင်းသားတွေကို စတင် ပြသနာရှာခဲ့တာ အထက်က အာဏာရှင်တွေတင်မကဘဲ အောက်ခြေက အဆိုပါ ရပ်ကွက်လူကြီးဆိုတဲ့ မိုက်ရိုင်းသူ အများစုများပါဘဲ။
မဆလ နေ၀င်းခောတ်တုန်းကရော၊ န၀တ စောမောင်ခောတ်တုန်းကရော၊ အခု နအဖ သန်းရွှေခောတ်မှာရော အထက်ကိုဖား အောင်ကိုဖိ (မရိုသေစကား) အောက်ဆွဲတွေကသာ ရပ်ကွက်ထဲမှာ ပါဝါအာဏာပြ၊ မရှိဆင်းရဲသား ပြည်သူကို အေးဓါးမြတိုက်၊ ရပ်ကွက်သူ ရပ်ကွက်သားတွေကို အနိုင်ကျင့်နေကြတဲ့ သူခိုးဂျပိုး ရက်ကွက်လူကြီးတွေပါ။
ဒါကြောင့် အခုလို ဆိုင်းဘုတ်ရေးထားတာတွေကို အမြန်ပြန်ရုတ်သိမ်းပြီး၊ ကျောင်းသူကျောင်းသားတွေကို ပြသနာ စမရှာပါနဲ့ လို့ ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကာလအတွင်းက ပြည်သူလူထုရဲ့  သည်းမခံနိုင်တဲ့ ဒေါသတွေဟာ မိုက်ရိုင်းနေကြတဲ့ မြို့ နယ်ရပ်ကွက်လူကြီးတွေအပေါ် အနီးစပ်ဆုံး ကျရောက်ခဲ့တယ်ဆိုတာ မသိသေးရင် လေ့လာလိုက်ပြီး၊ ရပ်ကွက်လူကြီးတွေ ဒီလို ပါဝါပြ အာဏာပြ ပြည်သူကို ကျောင်းသူကျောင်းသားတွေကို ဆက်လက်အနိုင်ကျင့်နေဦးမယ်ဆိုရင် နောက်နေ့  မျက်နှာသစ်စရာ မျက်နှာမရှိ ဖြစ်သွားမယ့်သူဟာ ကိုယ်အရင်ဖြစ်နေဦးမယ်ဆိုတာ သတိပေးလိုက်ပါတယ်။ နေတတ်အောင်နေပါ။ အထက်ကို အပြတ်ဖားပြီး အောက်ခြေပြည်သူကို မနှိပ်ကွပ်ပါနဲ့ ။
ကျောင်းသူကျောင်းသားတွေက ပြသနာ စမရှာပါ။
ပြသနာ စရှာတာ ယခုဆိုင်းဘုတ်ရေးထားတဲ့ ရပ်ကွက်လူကြီးတွေပါ။
ကမာရွတ်မြို့ နယ် အမှတ် (၅) ရပ်ကွက်က ရပ်ကွက်လူကြီးတွေ ဖြစ်ပါတယ်။
Labels: သတင်း
Posted by Ashin dhamma at 9:01 AM 0 comments
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များမြန်မာသံရုံးရှေဆန္ဒပြ
ရွှေဝါရောင်တော်လှန်ရေး၊ တစ်နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြ
26/09/2009
ယနေ့ စက်တင်ဘာ ၂၆-ရက်နေ့တွင် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည် စီစဉ်ထားသည့်အတိုင်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြရန် မထွက်ခွါမီ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမမြန်မာကျောင်းတိုက်တွင် မြန်မာသံဃာတော်များနှင့် ကြွရောက်လာကြသော သီရိလင်္ကာရဟန်းတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထု ကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆွမ်းစားအပြီး၊ ၁-နာရီ ၁၅-မိနစ်တွင် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၊ သီရိလင်္ကာရဟန်းတော်များနှင့် NGO အဖွဲ့အစည်းမှ သတင်းသမားအားလုံး စုစည်းကာ မြန်မာသံရုံးသို့ စတင်ထွက်ခွါခဲ့ကြသည်။ မြန်မာသံရုံးရှေ့တွင် မေတ္တသုတ်၊ မောရသုတ် စသော မြတ်ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များကို ရွတ်ဖတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
Labels: သတင်း
Posted by Ashin dhamma at 8:42 AM 0 comments
Wednesday, September 24, 2008
password များအခိုးမခံရအောင်
အင်တာနက်ကဖေးဘဲဖြစ်ဖြစ်
သူများစက်တွေ သွားသုံးရင်ဘဲ ဖြစ်ဖြစ်
အီးမေး ၈ျီတော့ အပါအ၀င် password ပေါင်းစုံ ကို ဘယ်တော့မှ ကီးဘုတ်နဲ
့မရိုက်ထည့်ပါနဲ့ 
Start/All programs/Accessories/ Accessibility မှာရှိတဲ့  On-Screen
Keyboard ကို ဖွင့်ပြီးမှ
mouse ကလစ်နဲ့ ကိုယ့် password ကို ကလစ်လုပ်ထည့် ကြပါ ဘာစပိုင်ဝဲတွေကမှ
ကိုယ့် password ကို
မခိုးနိုင်တော့ပါဘူး
အဲဒါလွယ်လွယ်လေးနဲ့ လူတွေသတိမထားမိတဲ့ အရေးအရမ်းကြီးတဲ
့အရမ်းအရမ်းအသုံးဝင်တဲ့ ကိုယ့် password လုံခြုံရေး
စနစ်ဘဲ password တွေအခိုးခံရတာ က ကီးဘုတ်အရိုက်မှာ NotePad နဲ့ 
စပိုင်ဝဲတွေ KeyLogger တွေနဲ့ ခိုးတာ
Labels: သတင်း
Posted by Ashin dhamma at 9:52 AM 0 comments
Tuesday, September 23, 2008
ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
"တိုင်းပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက် လာတဲ့အထိ ကျနော် ဆက်လက်ပြီး တိုက်ပွဲ ၀င်သွားမယ်"
ဦးဝင်းတင်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်
အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီဖြစ်သည်။
စစ်အစိုးရ၏ အဓိက အငြိုးထားခြင်းခံရသူ အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဦးဝင်တင်သည် ယခုအချိန်တွင် သူ၏မိတ်ဆွေရင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ယခုအချိန်အထိ အတည်ပြုနိုင်သော လွတ်မြောက်လာသူများ
- အင်းစိန်ထောင်မှ သတင်းစာဆရာကြီး ဦးဝင်းတင်
- ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန်ခံ ဗိုလ်ကြီးဝင်းထိန်
- စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ
- မရမ်းကုန်း လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်
- တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်
- သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း
Labels: သတင်း
Posted by Ashin dhamma at 6:26 AM 0 comments
Thursday, September 18, 2008
ကမ္ဘာအေးကုန်းမြေ၊၂၀၀၇ နဲ့စက်တင်ဘာကိုယ်တွေ့ဖြစ်ရပ်များ(၂)
ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ ၂၀၀၇၊ စက်တင်ဘာ ကိုယ်တွေ့အဖြစ်အပျက်များ(၂)
19/09/2008
အပိုင်း(၁)မှာ ပြောခဲ့တဲ့အတိုင်း အစီစဉ်တွေကို ဒီလိုချမှတ်လိုက်ကြတယ်။ မနက်ဖြန် ၂၁-ရက်မှာ လမ်းပေါ်ထွက်မယ်၊ အချိန်က မနက်ပိုင်း၊ အတန်းအားလုံးသင်တန်းပြီးတဲ့အချိန် ၁၀-နာရီအတိ၊ သင်တန်းက ပြန်လာတာနဲ့ အဆောင်မပြန်တော့ပဲ တစ်ခါတည်းထွက်မယ်၊ ၁၀-ခွဲမှာ အလုပ်သမားဝန်ကြီးဌာနက ကပ်တဲ့ဆွမ်းကိုလည်း တစ်ခါတည်း ပတ္တနိကုဇ္ဇနကံပြုတဲ့အနေနဲ့ မဘုန်းပေးတော့ဘူး၊ (အဲဒီနေ့က အားလုံး နေ့ဆွမ်းမဘုန်းရပါ) ပြန်ရောက်မယ့်အချိန်ကိုတော့ နေ့ခင်း ၁-နာရီ မတိုင်ခင်၊ အကြောင်းက တစ်ချို့ အတန်းတွေ ၁-နာရီမှာ အတန်းရှိတယ်။
တကယ်လို့ သူတို့ ကျောင်းထုတ်ခဲ့ရင်လည်း ကျောင်းစည်းကမ်းဖောက်ဖျက်လို ထုတ်ခံရတာမျိုးမဖြစ်စေရဘူး၊ ဆန္ဒပြထွက်လို့ ထုပ်တာတော့လက်ခံမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ နောက်ပြီး သွားမယ့်နေရာတွေကိုတော့ ပထမဦးဆုံး ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း မြောက်ဥက္ကလာမယ်လမုဘုရားဆီ ဦးတည်ထွက်မယ်။ အကြောင်းက မြောက်ဥက္ကလာဘက်မှာ ဘုန်းကြီးကျောင်းတွေအများကြီးရှိတယ်။ ဒို့တက္ကသိုလ်က ဆန္ဒပြထွက်လာတာတွေ့ရင် “အစိုးရကျောင်းက သံဃာတော်တွေတောင် ထွက်ကုန်ကြပြီ” ဆိုပြီး သူတို့လည်း သူတို့ရဲ့ပင်ကိုယ်ဆန္ဒတွေကို ရဲရဲတင်းတင်းထုပ်ဖော်ရဲလာအောင်။
(တကယ်တော့ သူတို့ထင်သလို အစိုးကျောင်းမဟုတ်ပါ၊ မင်းကွန်းဆရာတော်ကြီးရဲ့ ပုဂ္ဂလိကဘုန်းကံသြဇာဇွဲလုံ့လတို့နဲ့ အပြီးအစီး တည်ထောင်ပြီးမှ အစိုးရက အချုပ်အချယ် အကန့်အသတ်များနဲ့ ထိမ်းချုပ်ထားတဲ့သဘောပါ။ ပညာရေးနယ်မြေမှန်သမျှနဲ့ နိုင်ငံရေးလှုပ်ရှားလာနိုင်တဲ့ ဘယ်အဖွဲအစည်းမဆို သူတို့ထိမ်းချုပ်ထားတာ အဆန်းတော့ မဟုတ်ဘူးလေ။) ထင်တဲ့အတိုင်းပဲ နောက်ရက်တွေမှာ မြောက်ဥက္ကလာဘက်ကျောင်းတွေက ထွက်လာကြပါတယ်။
မယ်လမုဘုရားကနေ ကမ္ဘာအေးကို ပြန်လာမယ်။ တစ်ခါ ကမ္ဘာအေးဘုရားက ပြီးရင် နောက်ဆုံး တာဂက်(target)အဖြစ် မြန်မာနိုင်ငံသံဃာအားလုံးရဲ့ ကိုယ်စားပြုလို့ သတ်မှတ်ထားတဲ့ မဟာနာယကဆရာတော်တွေ သီတင်းသုံးတဲ့ မဟာပါသာဏ လိုဏ်ဂူဘေးက ကျောင်းဆောင်ရှေ့ကို သွားမယ်၊ ပြီးရင် တက္ကသိုလ်ထဲပြန်လာမယ်။ ဒီလို သတ်မှတ်လိုက်ကြတယ်။
နောက်တစ်ပါးက ဒီလိုပြောတယ်။ “အစီးစဉ်အားလုံးက ကောင်းပါတယ်ဘုရား၊ အရေးအကြီးဆုံးနဲ့ အခက်ဆုံးတစ်ခုက ဒီအစီစဉ်တွေကို သံဃာတွေအားလုံး သိအောင် ဘယ်လိုနည်းကို သုံးမလဲ၊ ဘယ်သူတွေက တာဝန်ယူမလဲ” တဲ့။ ဟုတ်တယ်၊ အဲဒီတစ်ပါးပြောတာမှန်တယ်။ ဒီလိုစည်းရုံးတဲ့သူတွေအတွက် တက္ကသိုလ်ထဲမှာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ အားလုံးသိထားပြီးသား။ ဒါနဲ့ တာဝန်တွေကို အဖွဲခွဲပြီး ဒီလို အသီးသီးယူလိုက်ကြတယ်။ တစ်ချို့က အစီစဉ်တွေပါတဲ့ စာရွက်ငယ်လေးတွေကို ရေးဖို့၊ ပြီးရင် အတန်းသီးသီးတာဝန်ယူပြီး ဖြစ်တဲ့နည်းနဲ့ သံဃာတိုင်းရဲ့လက်ထဲရောက်အောင်ဝေဖို့၊ တချို့က တန်းစီထွက်တဲ့အခါ အစီစဉ်တကျဖြစ်ဖို့၊ သာသနာ့အလံတွေပြင်ထားဖို့၊ တချို့က ဓာတ်ပုံရိုက်ဖို့၊ တချို့က မီဒီယာနဲ့ဆက်သွယ်ဖို့ (မီဒီယာ သိစေချင်တဲ့ရည်ရွယ်ချက်က တက္ကသိုလ် သံဃာတွေလည်း ပါလာပြီဆိုတာကို ဦးဂမ္ဘီရဦးဆောင်တဲ့ သံဃာတပ်ပေါင်းစုနဲ့ မြန်မာသံဃာထုတစ်ရပ်လုံးသိစေချင်လို့၊) စသဖြင့် အသီးသီး တာဝန်ယူလိုက်ကြတယ်။
၂၁-ရက်မနက်ရောက်ပြီ။ တက္ကသိုလ်တစ်ဝင်းလုံးကလှုပ်ရှားမှုတွေ ခါတိုင်းလိုပဲ ပုံမှန်။ ၇-နာရီမှာ သင်တန်းအသီးသီး စတက်ကြတယ်။ ၁၀-နာရီမှာဝေမယ်လို့ စီစဉ်ထားတဲ့ လက်ကမ်းစာရွက်ကလေးတွေကို အခြေအနေအရ ၉-နာရီမှာ အတန်းသီးသီး တာဝန်ယူထားတဲ့သူတွေက ဝေလိုက်ကြတယ်။ အဆောင်တွေမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း တာဝန်ကျတဲ့သူတွေက ဝေပြီးသွားပြီ။ ဝေတဲ့ပုံစံကလဲ ဒီလို၊ ဟိုနားကရသလိုလို၊ သူကစပေးသလိုလို၊ ငါက စပေးသလိုနဲ့ အားလုံးက သိပ်ပိရိတယ်။ ဘယ်သူက ဘယ်သူ့ဆီက ရတယ်ဆိုတာလည်း မမေးဘူး။ စိတ်ဓာတ်တွေက အားလုံး ညီညွတ်နေကြတာကိုး။ ညီညွတ်နေရင် ဘယ်အမှုကိစ္စမဆို အောင်မြင်စွာ လုပ်ဆောင်လို့ရတယ်ဆိုတာလည်း အဲဒီတော့မှ ပိုပြီးသဘောပေါက်မိတယ်။
၉-နာရီခွဲလောက်ကျတော့ မိုးကမထင်မှတ်ပဲ သဲကြီးမဲကြီး ထရွာလိုက်တယ်။ ဒါကြောင့် တစ်ချို့ယူဖို့ ရေးထားတဲ့ ပိုစတာတွေ မယူနိုင်တော့ဘူး။ ၉-နာရီခွဲလောက်ဆိုတော့ ဆန္ဒပြထွက်မယ့်ကိစ္စကို ဆရာငယ်အများစုနဲ့ အထက်ပိုင်းက ဆရာအချို့လည်း သိနေကြပြီ။ ဒါပေမယ် သဘောတူတယ်ဆိုတဲ့ အမှတ်သင်္ကေတအဖြစ် ဆိတ်ဆိတ်ပဲနေခဲ့တာတွေ့ရတယ်။ သူတို့ရဲ့ ဆန္ဒတွေသိရတော့လည်း ပိုပြီးဝမ်းသာ အားတက်လာတယ်။ ဆုံးဖြတ်ချက်တွေခိုင်မာလာခဲ့တယ်။
၁၀-နာရီထိုးပြီ၊ အတန်းမရှိတဲ့ ကျမ်းပြုသံဃာအချို့နဲ့ စာရေးသူတို့ စီစဉ်ထားတဲ့အတိုင်း ဘွဲနှင်းခန်းမ၊ မကွေးဆောင်(ပြည်ချစ်ဘုန်းဘုန်းဆောင်းပါးထဲပါတဲ့ စွမ်းအားရှင်ဘုန်းကြီး ခွေးပုရဲ့အဆောင်ပေါ့)၊ စာကြည့်တိုက်နဲ့ ပဲခူးဆောင်ကြားက လမ်းလေးခွဆုံစုရပ်နေရာက နေစောင့်နေကြတယ်။ နောက် အတန်းပြီးလာတဲ့ သံဃာတွေလည်း တဖြည်းဖြည်းရောက်လာကြတယ်။ ရောက်ပြီးသားသံဃာတွေက သင်္ကန်းတွေရုံရင်း ကျန်သံဃာတွေစောင့်နေကြတယ်။
သံဃာ ၂၀၀-လောက်စုမိပြီးတဲ့အချိန်မှာတော့ ဒီကိစ္စကို အကုန်သိပြီး ဒုတိယပါမောက္ခချုပ်နဲ့ ဌာနမှူးဆရာတော်အချို့ရောက်လာပြီး မထွက်ကြဖို့ မေတ္တာရပ်ခံတယ်။ အကုန်အဖမ်းခံရပြီး ဒုက္ခတွေရောက်ကုန်ကြလိမ့်မယ့်အကြောင်း၊ သေသေချာချာပြန်စဉ်းစားဖို့အကြောင်း၊ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တပည့်တော်တို့က စေတနာနဲ့ပြောတာဖြစ်တဲ့အကြောင်း စသဖြင့် အမျိုးစုံပြောဆိုဖျောင်းဖြပြီး တားပါတယ်။ သံဃာတွေကတော့ ဘာမှပြန်မပြောဘူး၊ ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ဘူး၊ ရှေ့ဆက်ထွက်မယ်ဆိုတဲ့ အမူအရာနဲ့သာ ဆက်လက်ရပ်နေကြတယ်။ နောက် သံဃာသုံးလေးပါးကစပြီး မေတ္တာသုတ်ကို စရွတ်လိုက်တယ်ဆိုရင်ပဲ အားလုံးတညီတညာတည်းလိုက်ရွတ်ကြတယ်။ သဲကြီးမဲကြီးရွားနေတဲ့ မိုးသံတွေကိုတောင် သံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ဆိုသံတွေက လွှမ်းမိုးသွားတော့တယ်။
အခုလိုမေတ္တာသုတ်တွေရွတ်တယ်ဆိုရင်ပဲ မသွားဖို့တားမြစ်နေတဲ့ ဆရာတော်ကြီးတွေရဲ့ မျက်နှာမှာလည်း ချက်ချင်းညှိုးငယ်သွားတာတွေရတယ်။ (နောက်တော့ တားမြစ်တဲ့ဆရာတော်တွေထဲက တစ်ပါးက စာရေးသူကို အခုလိုမိန့်တယ်။ မသွားဖို့တားမြစ်စဉ်က သူရင်ထဲမှာ အတော်ခံစားရတယ်ဆိုတဲ့အကြောင်း။ တာဝန်ရှိလိုသာ လုပ်ရတဲ့အကြောင်း၊ တကယ့်ဓမ္မဘက်က ရပ်တည်ပြီး တိုင်းပြည်အေးချမ်းသာယာဝပြောဖို့၊ ဒကာဒကာမတွေလိုချင်တောင်းတနေတဲ့ တရားမျှတဲ့ အုပ်ချုပ်ရေးတစ်ခုရဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုမေတ္တာသုတ်ရွတ်ဆိုခြင်းဟာ ဗုဒ္ဓတရားတော်နဲ့ညီပြီး နည်းလမ်းကျတယ်ဆိုတဲ့အကြောင်း၊ သူကိုယ်တိုင်ပင် အဲဒီတုန်းက လိုက်လာချင်တဲ့အကြောင်း၊ ဒါပေမယ့် အာဏာပိုင်အဖွဲ့အစည်းတွေ၊ မဟနဆရာတော်တွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်လို့ နေခဲ့ရတဲ့အကြောင်း စသဖြင့် မိန့်ကြားခဲ့ပါတယ်။
စက်တင်ဘာပြီးတော့ ၄င်းဆရာတော်အပါအ၀င် ဆရာ အတော်များများ တက္ကသိုလ်ကို ကျောခိုင်းသွားခဲ့ကြပါတယ်။ အဲဒီလိုစာသင်ကောင်းပြီး သင်တန်းသားသံဃာတော်တွေက လေးစားတဲ့ ဆရာတွေ မရှိတော့တာဟာ တက္ကသိုလ်အတွက်နစ်နာပါတယ်။ တဖြည်းဖြည်း တက္ကသိုလ်ဟာ အမှန်တရားကို မြတ်နိုးသူတွေအတွက် နေရာကျဉ်းလာပါတယ်။
အပိုင်း (၃) မျှော်
ဓမ္မ၀ိညာဉ်
(ပြည်တွင်းMSMAအဖွဲ့ဝင်)
September 16th, 2008
Labels: ဆောင်းပါး
Posted by Ashin dhamma at 7:30 PM 0 comments
သတိပေးချက်
သူငယ်ချင်းများ ...
ဒီအောက်က လင့်ကို လုံးဝအသုံးမပြုကြပါနဲ့။
- http://gtalkbomber.mail2customer.com !! Dangerous site ... who known
they steal your password and get mail from inbox .. to look for
something that government wants ...
အထူးသဖြင့် ကိုယ့်ရဲ့ e-mail account နဲ့ login မလုပ်မိဖို့ အရေး
ကြီးပါတယ်။ သတိပေးတာပါ။ ဒီလင့်ကိုသုံးမိရင် ကိုယ်မသိဘဲ ကိုယ့်ရဲ့
password ကို ခိုးယူပြီး အခြားသူတွေဆီကို မေးလ်တွေ အလိုလို ပို့တတ်ပါတယ်။
နောက်ပြီး ကိုယ့်ရဲ့ အချက် အလက်တွေကိုလည်း ခိုးယူတတ်ပါတယ်။
လက်လှမ်းမီသလောက်လည်း ဖြန့်ဝေပေးကြပါ။ ၀င်လာတဲ့ မေးလ်တွေ ကိုလည်း
သေချာစိစစ်ပြီးမှ အကြောင်းပြန်တာမျိုး လက်ခံတာမျိုး လုပ်သင့်ပါတယ်။
တကယ်လို့များ ၀င်မိခဲ့ရင်လည်း... Gmail password or email password ကို
ချက်ချင်းပြောင်းလိုက်ပါ...
Gmail Password ပြောင်းတာနဲ့ မရင်းနှီးသေးတဲ့ သူငယ်ချင်းတွေအတွက်
ဒီလိုပြောင်းလို့ရပါတယ်....
၁. Gmail ရဲ့ ညာဘက်အပေါ်ထောင့်က Setting ကိုတစ်ချက်နှိပ်ပါ
၂. Accounts ဆိုတဲ့ Tab ကိုတစ်ချက်နှိပ်ပါ
၃. အပေါ်ကရေ ရင် ၄ ခုမြောက်မှာရှိတဲ့ Group ကနေ Google Account settings
ဆိုတဲ့ Link ကိုတစ်ချက်နှိပ်ပါ.
၎. Google Account Page ကိုရောက်သွားပြီး Change Password ဆိုတဲ့ Link
ကိုတစ်ချက်နှိပ်ပြီး ပြောင်းလို့ ရပါပြီ။
လူအချင်းချင်း လှည့်ပတ်ခြင်း.... ကင်းရှင်းကြပါစေ...
Labels: သတင်း
Posted by Ashin dhamma at 7:30 PM 0 comments
Wednesday, September 17, 2008
တရုပ်ထုပ်အဆိပ်နို့မှုန့်နောက်ဆက်တွဲသတင်း
တရုတ်ပြည်က ထုတ်လုပ်တဲ့ မသန့်တဲ့ နို့မှုန့်ကြောင့် နို့စို့အရွယ် ကလေးငယ် ၃ဦး သေဆုံးခဲ့ရပြီး ၆၀၀၀ ကျော် ဖျားနာနေပါတယ်။ အခု ပြဿနာ ပေါ်ပေါက်လာတဲ့နောက် တခြား နိုင်ငံ ၅နိုင်ငံကိုပါ နို့ထွက်ပစ္စည်းတွေ တင်ပို့နေတဲ့ တရုတ်နိုင်ငံ တလွှားက ထိပ်တန်း ကုမ္ပဏီကြီးတွေကို စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာတဲ့အကြောင်း ဘေဂျင်းကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးပါမယ်။
တရုတ် ကျန်းမာရေးဝန်ကြီး Chen Zhu က အဲဒီ မသန့်တဲ့ နို့မှုန့် အမျိုးအစားကို သောက်မိတဲ့ နို့စို့အရွယ် ကလေးငယ် ၃ဦး သေဆုံးကြောင်းနဲ့ အခုဆိုရင် ကလေးငယ်ပေါင်း ၆၂၄၄ဦး ဖျားနာနေပြီလို့ ဒီကနေ့ တရုတ် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးတော့ နောက်ထပ် ကလေးမိဘတွေ အနေနဲ့ သူတို့ကလေးငယ်တွေကို ဆေးရုံ ထပ်ပို့ လာမယ့် အရေအတွက်ဟာလည်း များလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
အခုဆိုရင်ကို ဆေးရုံမှာ နို့စို့ အရွယ်ကလေးငယ် ၁၃၂၇ ဦး ရှိနေပြီလို့ မစ္စတာ ချန် က ပြောပါတယ်။ ဒါ့အပြင် နို့စို့အရွယ် ကလေးငယ် ၁၅၈ ဦးဟာလည်း အတော်လေး စိုးရိမ်စရာကောင်းတဲ့ ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ ရောဂါကို ခံစား နေရပြီလို့လည်း သူက ပြောဆိုခဲ့ပါတယ်။
အခုလို နို့စို့အရွယ် ကလေးငယ် တော်တော်များများ ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ ရောဂါကို ခံစားရလို့ ဆေးရုံကို ရောက်ခဲ့ ကြပြီးမှ အဲဒီ နို့မှုန့်နဲ့ ပတ်သက်တဲ့သတင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ အဓိက နို့မှုန့်ကုမ္ပဏီကြီး တခုဖြစ်တဲ့ စန်လု နို့မှုန့် ကုမ္ပဏီက နို့မှုန့်ထဲမှာ ပရိုတင်းဓာတ် ပမာဏ များများပါအောင်လို့ မယ်လမင်း လို့ခေါ်တဲ့ ပလက်စတစ် တမျိုးကို နို့မှုန့်ထဲမှာ ထည့်ပြီး သုံးခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း စန်လု နို့မှုန့် ကုမ္ပဏီ မန်နေဂျာ နဲ့ ဟေဘိုင်းက ဒေသခံအရာရှိ ၄ ဦး အလုပ် ဖြုတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။
အခုလို နို့မှုန့်ကြောင့် တရုတ်ပြည်မှာ နို့စို့အရွယ် ကလေးငယ်တွေ သေဆုံးတယ်ဆိုတာ ဒါ ပထမဆုံး အဖြစ်အပျက်တော့ မဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းကလဲ နို့မှုန့်အတုတွေ သောက်သုံးမိလို့ နို့စို့အရွယ် ကလေးငယ် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ဖူးပါ တယ်။
ဒါကြောင့်မို့ အစိုးရကနေ တရုတ် နို့မှုန့် ကုမ္ပဏီပေါင်း ၁၀၉ ကို စစ်ဆေးတဲ့အခါ တရုတ်ပြည်ရဲ့ အကြီးဆုံး နို့မှုန့် ကုမ္ပဏီကြီးဖြစ်တဲ့ Mengniu အပါအ၀င် ၂၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ နို့မှုန့်တွေထဲမှာ အဲဒီ မယ်လမင်း ပလက်စတစ် အမျိုးအစားကို သုံးခဲ့တာ တွေ့ရတယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
"ကျနော်တို့ အဖွဲ့ဝင် ၅၀၀၀ နီးပါးရှိပါတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ ၁၄၀၀ ကနေပြီးတော့ အဲဒီ နို့မှုန့် ထုတ်လုပ်တဲ့ ကုမ္ပဏီအားလုံး ဆီကိုသွားပြီး ဒီနေ့ ကစလို့ စုံစမ်း စစ်ဆေးမှုတွေကို လုပ်တော့မှာဖြစ်တယ်"လို့ တရုတ်ပြည်ရဲ့ အရည်အသွေး စောင့်ကြည့်ရေးဌာန အကြီးအကဲ လီ ချန်ဂျင်း က ပြောပါတယ်။
ပြီးတော့လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ရေမင်၊ ဂါဘွန် နဲ့ ဘူရန်ဒီ နိုင်ငံတွေဆီ တင်ပို့နေတဲ့ နို့မှုန့်ကုမ္ပဏီ ၂ ခုအပါအ၀င် မသင်္ကာတဲ့ နို့မှုန့် ကုမ္ပဏီတွေ အားလုံးကို ပြန်ပြီး စစ်ဆေးဖို့ ကျနော့် ဌာနမှာ ညွှန်ကြားတယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုရင် ဈေးပေါပြီး အရည်အသွေးညံ့တဲ့ တရုတ် အဓိက ထုတ်ကုန်ပစ္စည်းတွေကို အဓိက မှီခို အားထားနေရတာဖြစ်ပြီးတော့ မှောင်ခို လမ်းကြောင်းကနေ မြန်မာနိုင်ငံထဲ အဓိက ၀င်တဲ့ပစ္စည်းတွေထဲမှာ တရုတ်နို့မှုန့်လဲ ပါဝင်ပါ တယ်။ ဒါကြောင့် မြန်မာပြည်ကို ၀င်နေတဲ့ တရုတ် နို့မှုန့်အမျိုးအစားနဲ့ လက်ရှိအခြေအနေကို သိရအောင်လို့ တရုတ်-မြန်မာနယ်စပ် က ကုန်သည်တဦးကို မေးကြည့်တော့ -
"ဗမာပြည်က လူတွေ အများဆုံး သုံးတာကတော့ အဓိက နို့မှုန် နွားတံဆိပ် အထုတ် အနီကို သုံးတယ်။ အဲဒါက တရားမ၀င် လမ်းကြောင့်ကပဲ သွင်းတယ်။ အဲဒီကောင်တွေက ဗမာပြည်က တရားဝင် နယ်စပ်ကုန်သွယ်ရေးက သွားတာမဟုတ်ဘူး။ ထော်လာဂျီတို့နဲ့ တပိုင်တနိုင်ပဲ သွားနေကြတာပေါ့။ ဗန်မော်လမ်းကြောင်းက တဆင့်ပေါ့။ ကျွန်တော်တို့ မူဆယ်ဘက်ကလည်း သွားတာပဲ။ ပါမစ်လည်း မပေးဘူး။ စားသောက်ကုန်တွေ ဖြစ်နေတာကိုး။ ဗမာပြည်မှာ ရှိတဲ့ တရုတ်ဘက်က စားသောက်ကုန် မှန်သမျှ မှောင်ခိုလမ်းကြောင်းက သွားတာပဲ။ စားသောက်ကုန်ကို တရားဝင် ပါမစ် မပေးဘူး။ ဗမာပြည်ထဲမှာ နွားတံဆိပ် သုံးတယ်။ အပြာရောင် သမင် တံဆိပ်က ဈေးနဲနဲ ကြီးတယ်။ သမင်တံဆိပ်က ပြီးခဲ့တဲ့ နှစ်တွေက တရုတ်ပြည်မှာ ရှိတယ်တဲ့။ အခုတော့ တရုတ်ပြည်မှာ ရှိတော့ ရှိသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက သိမ်းတာတွေ လုပ်ကုန်ပြီ။ ဟိုဘက်ကို သွင်းတယ် မသွင်းဘူးဆိုတာက ပြောရခက်တယ်။ ဈေးက နဲနဲကြီးတယ်တဲ့။ သုံးတဲ့လူလည်း သိပ်မရှိဘူး။"
ဒါ့အပြင် တရုတ်နယ်စပ်ကနေ မြန်မာပြည်ထဲကို တင်ပို့တဲ့ကုန်ပစ္စည်းမှန်သမျှ တရားဝင်တာရော တရားမ၀င်တာရော အားလုံးဟာ အရည်အသွေး ပြည့်မှီ မမှီဆိုတာမျိုး၊ ကျန်းမာရေးနဲ့ ညီ မညီ ဆိုတာမျိုးကို မြန်မာပြည်ဘက်က စစ်ဆေးလေ့ မရှိဘူးလို့လည်း အဲဒီ ကုန်သည်ကပဲ အခုလို ဆက်ပြောပြပါတယ်။
"သူတို့တွေက ပါမစ် လျှောက်တယ်ဆိုရင် ဥပမာ တရားဝင် ကုန်သွယ်ရေးပေါ့နော် အဲဒါဆိုရင် သူတို့တွေက ဟိုးနေပြည်တော်မှာ လျှောက်ရတယ်ဗျ။ ဘာ ကုန်ပစ္စည်း သွင်းမယ်ဆိုတာ။ အဲဒါ ဈေးနှုန်းရယ် ကုန်အမှတ်တံဆိပ်ရယ် တင်ရတယ်။ တင်ပြီးပြီဆိုရင် အဲဒါ သွင်းလိုက်ယုံပဲ၊ ဟိုမှာစ စ်ဆေးတာက ကာစတန်ပဲ ရှိတယ်ဗျာ။ ကျန်းမာရေး ဌာန ရှိတာလဲ မဟုတ်ဘူး။ နကတ မှာက နကတ ၀န်ထမ်းတွေ ရှိတယ်ဗျာ။ နောက်တော့ အဲဒီ အကောက်ခွန်တွေရှိတယ်။ သူတို့တွေပဲ ရှိပြီး စစ်တဲ့ အခါကျတော့ သွင်းလာတဲ့ ကုန်ပစ္စည်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တယ် မညီညွတ်ဘူးဆိုတာ ဘာသိမှာလဲ သူတို့တွေက၊"
မြန်မာ ကုန်သည်တွေအနေနဲ့ စားသောက် ကုန်ပစ္စည်းတွေကို တရားဝင် တင်သွင်းခွင့် ပါမစ်မ ရတဲ့အကြောင်းကတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း မဟုတ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပြပါသေးတယ်။ အခုလို တရုတ်ပြည်ကနေ မြန်မာပြည်ထဲကို အဓိက ၀င်ရောက်နေတဲ့ ပစ္စည်းတွေထဲမှာဆိုရင် - အစားအသောက်၊ အ၀တ်အထည်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန် နဲ့ ဆိုင်ကယ်လ် ပါဝင်ပါတယ်
Labels: သတင်း
Posted by Ashin dhamma at 6:34 PM 0 comments
ကျောက်ကပ်အန္တရာယ်နှင့်တရုပ်ပြည်လုပ်စန်လုနို့မှုန့်(သို့)လူသတ်ဆေး
မြန်မာ မိသားစုများ သတိပြုကြရန်နို့မှုန့်
တရုတ်နိုင်ငံက SANLU ကုမ္ပဏီထုတ် ကလေးနို့မှုန့်တွေမှာ မယ်လမင်းဓါတုဓါတ်ပစ္စည်းတွေ ပါနေလို့ သောက်သုံးမိတဲ့ကလေးငယ်တွေ ကျောက်ကပ်မှာကျောက်တည်တဲ့ရောဂါတွေ ခံစား နေကြရပါတယ်။ အခုဆိုရင် ကလေးသူငယ် စုစုပေါင်း ၅ဝဝ နီးပါးအဲဒီကျောက်ကပ်ဝေဒနာ ခံစား နေကြရပြီး တချို့ အသက်ဆုံးပါးကုန်ပါတယ်။ ဒါကြောင့် WALMART နဲ့ တခြားကုမ္ပဏီတချို့က သူတို့ဈေးကွက်တွေမှာရှိတဲ့ အဲဒီ တရုတ်လုပ်နို့မှုန့်တွေကို အကုန်လုံးပြန်သိမ်းလိုက်ပါတယ်။ ထိုင်ဝမ်ကလဲ သူ့နိုင်ငံထဲကိုသွင်းလာတဲ့ အဲဒီနို့မှုန့် ၁ဝ တန်ကို သိမ်းဆည်းလိုက်ပါတယ်။
တရုတ်အစိုးရက အဲဒီ SANLU ကုမ္ပဏီကတာဝန်ရှိသူ ၇၈ ဦးကို စစ်ဆေးနေပြီး၊ ၁၉ ဦးကို ဖမ်းဆီးထားပါတယ်။ ကျန်းမာရေးဝန်ကြီးက အဲဒီလူတွေကို ပြင်းပြင်းထန်ထန်အရေးယူအပြစ် ပေးမယ်လို့ ပြောလိုက်ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးအဲဒီ SANLU နို့မှုန့်တွေကို ဈေးကွက်မှာမရောင်းကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
အခုလို ဆွေမျိုးပေါက်ဖေါ်တရုတ်နိုင်ငံထုတ်နို့မှုန့်က မွေးကင်းစကလေးတွေကို သေစေနိုင်တဲ့အထိ ဘေးဥပါဒ်ရောက်စေတာကြောင့် မြန်မာနိုင်ငံက တရုတ်နို့မှုန့်အားထားနေရတဲ့ ရိုးသားတဲ့ပြည်သူတွေ ကို တရုတ်နို့မှုန့်မှန်သမျှဝယ်မသုံးကြဖို့ ကိုမိုးသီးဇွန်က သတိပေးပြောကြားလိုက်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံလို စားသောက်ကုန်သန့်ရှင်း လတ်ဆတ်ရေးနဲ့ပတ်သက်ပြီး ဘာစစ်ဆေးမှုမှမရှိတဲ့ ဈေးကွက်ထဲကို SANLU ကုမ္ပဏီက တံဆိပ်နဲ့အိတ်ခွံပြောင်းပြီးလျှော့ဈေးနဲ့ တင်သွင်းလာနိုင်လို့ သတိထားကြဖို့လိုကြောင်းလဲ ကိုမိုးသီးဇွန် က အထူးသတိပေးလိုက်ပါတယ်။
Labels: သတင်း
Posted by Ashin dhamma at 6:34 PM 0 comments
Tuesday, September 16, 2008
ကမ္ဘာအေးကုန်းမြေ၊၂၀၀၇ နဲ့စက်တင်ဘာကိုယ်တွေ့ဖြစ်ရပ်များ(၁)
ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ ၂၀၀၇၊ စက်တင်ဘာ ကိုယ်တွေ့ဖြစ်ရပ်များ (၁)
16/08/2008
တကယ်တော့ မြန်မာ့အရေးဟာ အတိတ်ကအိပ်မက်ဆိုးတွေဆီ ပြန်သွားနေ့ဖို့ အခြေအနေမျိုးမဟုတ်တော့သလို၊ စာရေးသူကိုယ်တိုင်ကလည်း မနက်ဖြန် ဘာလုပ်မလဲဆိုတာပဲ အမြဲတစေ စဉ်းစားလေ့ရှိသူပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးကတော့ အဲဒါတွေကို ကျောခိုင်းမိသလို ဖြစ်နေပြန်ပါပြီ။
တလောက ပြည်ချစ်ဘုန်းဘုန်း(MSMA)ရဲ့ လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုတ်လာတဲ့အသီး ဆိုတဲ့ဆောင်ပါးလေးကို ဖတ်လိုက်ရခြင်းက တင်းကြပ်စွာ မျိုသိပ်ထားခဲ့တဲ့ စာရေးသူရဲ့ စက်တင်ဘာကိုယ့်တွေ့ဖြစ်ရပ်ကလေးကို ထုပ်ဖော်ဖို့ နှိုးဆွပေးခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ပြည်ချစ်ဘုန်းဘုန်းရေးထားတဲ့ အကြောင်းအရာတွေဟာ ဘယ်လောက်မှန်သလဲဆိုတာ စာရေးသူတို့လို ဆယ်စုနှစ်တစ်ခုနီးပါး တက္ကသိုလ်ထဲမှာနေခဲဖူးးတဲ့ တက္ကသိုလ်ကျောင်းသားရဟန်းတော်တစ်ပါးအတွက် စဉ်းစားစရာမလိုပဲ သိနိုင်ပါတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတာကိုး။
အဲဒီစွမ်းအားရှင်ဘုန်းကြီးတွေအကြောင်း သူဖော်ပြထားတာတွေကနည်းသေးတယ်ဆိုပြီးတော့ အားမလိုအားမရတောင် ဖြစ်မိခဲ့သေးတယ်။ ပြည်ချစ်ဘုန်းဘုန်းကလည်း သူ့ဆောင်းပါးထဲမှာ ‘ဒါတောင် အမြွက်မျှပဲရှိသေးတယ်’ လို့တော့ ပြောထားပါတယ်။ ကဲ ထားတော့ စာရေးသူပြောချင်တာက ပြီးခဲ့တဲ့နှစ် ၂၀၀၇၊ စက်တင်ဘာ ၂၁-ရက်နေ့က စာရေးသူတို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်သံဃာတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့အကြောင်း။
လောင်စာဆီဈေးနှုန်းတွေ အဆမတန်တက်၊ ပခုက္ကူမှာသံဃာတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ဖြစ်ပြီးတဲ့နောက် ဆက်တိုက်ဆိုသလိုပဲ သံဃာတပ်ပေါင်းစု ဆရာတော် ဦးဂမ္ဘီရရဲ့ ရဲရင့်တဲ့စိတ်ဓာတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်မှုအတိုင်း သံဃာတွေဦးဆောင်တဲ့ လူထုဟာ လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်လာတဲ့အထိ ဖြစ်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြသူအရေအတွက်ဟာ ပိုလို့သာ တိုးလာခဲ့တယ်။
စာရေးသူတို့ တက္ကသိုလ်ထဲမှာလည်း တစ်ယောက်တစ်ပေါက် အမြင်အမျိုးမျိုးကို ပြောဆိုနေခဲ့ကြတယ်။ အဲဒီရက်ပိုင်းကတော့ ဆွမ်းစားဆောင်မှာလဲ ဒီအကြောင်း၊ စာသင်ခန်းမှာလည်း ဒီအကြောင်းပဲ။ ကမ္ဘာအေးဘုရားမှာလည်း နေ့စဉ်းလိုလို မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြလာကြတဲ့ သံဃာနဲ့လူထုတွေကို တွေ့နေရတယ်။ ဒါပေမယ့် ဒီအခြေအနေထိတော့ စာရေးသူတို့ တက္ကသိုလ်ကဘာမှ လှုပ်ရှားမယ့် အရိပ်အရောင် မမြင်ရသေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ တက္ကသိုလ်အတွင်းက အရှုပ်အထွေးကိစ္စအချို့ကလည်း မပြီးပြတ်သေးဘူးလေ။ ဒါကြောင့် စုံထောက်လိုလို၊ စစ်ဗိုလ်လိုလိုကောင်တွေကလည်း တက္ကသိုလ်ထဲမှာ အ၀င်အထွက် မပြတ်သေးသလို တက္ကသိုလ်ဝင်ပေါက်က တန်ဆောင်းတစ်ခုမှာလည်း စစ်တပ်တစ်ခု ချထားတာကြာပြီ။ ပိုဆိုးတာက တက္ကသိုလ်ဝင်ပေါက်တွေ အကုန်ပိတ်ပြီး အစောင့်တွေ နေ့ညမပြတ်ချထားတာ။
အရှုပ်အထွေးကိစ္စဆိုတာကလည်း အခြားမဟုတ်ပါဘူး။ ပိုစတာတိုက်ပွဲလို့ မီဒီယာတွေ အမည်တပ်ခဲ့ကြတဲ့ သံဃာတွေသဘောကျတဲ့ အရည်းအချင်းရှိဆရာတွေကို အကြောင်းပြချက်မခိုင်လုံပဲ တာဝန်ကနေ ရပ်ဆိုင်းပစ်လိုက်တာနဲ့ပတ်သက်လို့ သင်တန်းသားသံဃာများနဲ့ အထက်အာဏာပိုင်အဖွဲ့အစည်းတွေကြားက ပဋိပက္ခတစ်ခု၊ နောက် ရန်ကုန်ဆောင် အဆောင်မှုးဆရာတော်ဟာ ၈၈-ကျောင်းသားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ကိစ္စ၊ ပြီးတော့ အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်နေတဲ့ သင်တန်းသားရဟန်းတော်တစ်ပါးထံ အမေရိကန်သံရုံးက ကား အ၀င်အထွက်ရှိတာကို နိုင်ငံရေးလုပ်နေတယ်ဆိုပြီး စွတ်စွဲတဲ့ကိစ္စတွေပေါ့။
(သံ-၁ (အမေရိကန်သံရုံးကား ရည်ညွန်းတဲ့သင်္ကေတ)ဆိုတဲ့ကားတွေ့ရင် ဘယ်လိုအကြိုအကြားသွားသွား အဲဒီကောင်တွေက လိုက်ကြည့်လေ့ရှိတယ်၊ ကုန်ကုန်ပြောရရင် အဲဒီ သံ-၁ ဆိုတဲ့ကားပေါ်ကလူ တစ်နေ့ ရေဘယ်နှစ်ခါသောက်တယ်၊ အိမ်သာဘယ်နှစ်ခါတက်တယ်ကစပြီး စောင့်ကြည့်တယ်ဆိုပဲ၊ နောက်ဆုံး ကလေးတွေဆော့တဲ့ ကားရုပ်တောင် သံ-၁ လို့နံပါတ်တပ်ထားရင် အသေအချာစစ်ဆေးပြီး အဲဒီဆော့တဲ့ကလေးကို သေချာစောင့်ကြည့်တယ်ဆိုပဲ၊ ရယ်စရာပါလား။ Xenophobia သက်သက်တောင် မကတော့ဘူးထင်တယ်)
ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သင်တန်းသားသံဃာအများစုဟာ သာသနာတော်တစ်ရပ်လုံးက သံဃာတွေရဲ့ ဆန္ဒနဲ့တစ်ထပ်တည်းပဲဖြစ်တယ်ဆိုတာပါ။ ဒါပေမယ့် တက္ကသိုလ်ထဲမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ လှုပ်ရှားဖိုဆိုတာ မလွယ်ဘူးလေ။ လုပ်မယ်ဆိုလည်း တော်သင့်ပိရိရုံနဲ့တော့ ထက်ဖားအောက်ဖိ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ ထောင်ချောက်ထဲ ခဏရောက်သွားမှာ။ ထင်ရှားတဲ့သာဓက တစ်ခုပြရရင် အခု ဂျာမဏီမှာ သီတင်းသုံးနေတဲ့ ဦးသောပါကဟာ နိုင်ငံရေးကြောင့် ကျောင်းတ၀က်တစ်ပျက်နဲ့ ထွက်ခဲ့ရတဲ့ စာရေးသူတို့တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဟောင်း တစ်ယောက်ပေါ့။ ဒါက ထင်ရှားတာကိုပြောတာ၊ တခြား ထွက်ခဲ့ရတဲ့ သံဃာတွေလည်း အများသား။
ဒီလိုနဲ့ ညညရောက်ရင် ဘယ်ကျောင်းတွေတော့ ပါလာပြီ၊ ဆန္ဒပြသူဦးရေ ဘယ်လောက်များလာပြီ၊ နောက်တစ်ရက်ဘာတွေဆက်လုပ်မယ် စသဖြင့် ရေဒီယိုကနေ နားထောင်ရတာလဲ အမောပဲပေါ့။ ကိုယ်တိုင်မပါသေးပေမယ့် ဆက်မထွက်တော့မှာလဲ စိတ်ကစိုးရိမ်နေမိတာ အမှန်ပါပဲ။
၂၀-ရက်နေ့မှာတော့ အတိအကျမဟုတ်ပေမယ့် သေချာသလောက်ရှိတဲ့ သတင်း တစ်ခု ကြားလာရတယ်။ အဲဒါကတော့ အစိုးရက သူတို့ တိုက်ရိုက်ဖိနှိပ်ချုပ်ချယ်နေတဲ့ သံဃမဟာနာယကဆရာတော်တွေရယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) နှစ်ခုရယ်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ရယ် ဒီတက္ကသိုလ်သုံးခုက သင်တန်းသားသံဃာတွေကို အသုံးချပြီး သပိတ်ပြန်လှန်ခိုင်းမယ်ဆိုတဲ့အကြောင်း၊ အဲဒီအတွက် တိုင်းမှူးကိုယ်တိုင် ကမ္ဘာအေးကုန်းမြေက မဟာသိမ်ကြီးကိုလာကြည့်ပြီး ဘယ်လိုစီမံရမယ်ဆိုတာတွေ စီစဉ်နေတယ်ဆိုတဲ့အကြောင်းတွေပေါ့။ ပြီးရင် တကယ့်ပညာတတ်သံဃာတွေက အခု ဦးဂမ္ဘီရတို့ဦးဆောင် ဆန္ဒပြနေတဲ့ဟာကို လက်မခံဘူးဆိုပြီး သတင်းစာထဲမှာ ကြေညာမယ်ပေါ့။ လုပ်စားမယ်ပေါ့။ ဒါပေမယ့် စာရေးသူတို့ တက္ကသိုလ်က ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ပြီးတဲ့နောက်တော့ အဲဒီအကြံအစည်က ဒီမှာ မအောင်မြင်ဘဲ ကြာခတ်ဝိုင်းဆရာတော်ဆီရောက်သွားတယ် ဆိုရမလားမသိဘူး။ ဘယ်လောက်ပေးပြီး ဘယ်လိုညှိနှိုင်းလိုက်တယ်မှ မသိတာလေ။ (တကယ်တော့ ကြာခတ်ဝိုင်းဆိုတဲ့ပုဂ္ဂိုလ်အတွက် ဆရာတော်လို့ မသုံးထိုက်ပါ။ ဘုန်းကြီးလို့လည်း သတ်မှတ်လို့ ရချင်မှ ရတော့မည်မဟုတ်ပါ။ ဒီကောင်ဆိုတဲ့ အသုံးအနှုံးနဲ့ဆို ပိုသင့်တော်ပေမည်။ ဒါပေမယ့် ယဉ်ကျေးအောင်သုံးလိုက်တဲ့သဘောပေါ့)
ဒီသတင်းကိုကြားတော့ သံဃာတွေအားလုံးနီးပါးက “ဟာ…ဒီလိုတော့ ဘယ်ဖြစ်မလဲ၊ ဓမ္မ၀ါဒီ သံဃာထုတစ်ရပ်လုံးရဲ့ဆန္ဒကို ဆန့်ကျင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲလေ၊ ကျောင်းကပဲထုတ်ထုတ်၊ အဖမ်းပဲခံရခံရ၊ ဘွဲ့မပေးဘဲနေနေ သံဃာ့ဆန္ဒအတိုင်းပဲ ဖြစ်စေရမယ်၊ သံဃာအား ဘုရားမဆန်သာ-ဆိုတဲ့စကား လည်းရှိတယ်မို့လား…” စသဖြင့် အဆောင်တိုင်း၊ အခန်းတိုင်း၊ သင်တန်းချိန်တိုင်းမှာ အဲဒီအကြောင်းတွေပဲ ပြောဆိုလို့သာနေကြပါတယ်။
ဒါနဲ့ စာရေးသူတို့ သဘောပေါက်လိုက်ပြီ၊ ဦးဆောင်မယ့်သူမရှိလို့သာ သင်တန်းသားအားလုံးကတော့ လမ်းပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီဆိုတာလေ။ ဒီလိုနဲ့ ၂၀-ရက်နေ့ ညနေပိုင်းမှာပဲ စိတ်ဓာတ်ပြင်းပြနေကြတဲ့ သူငယ်ချင်း သီတင်းသုံးဖော် အချို့နဲ့တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်တော့ တော်တော်ကို စိတ်ဓာတ်ရှိပြီး အမာခံဦးဆောင်မယ့်သူတွေက အများကြီးဖြစ်နေတယ်ဆိုတာကို သိရတယ်။ အဲဒီအတွက် ၀မ်းလည်းဝမ်းသာ အားလည်းတက်မိပြီး၊ အဆောင်တစ်ခုမှာ အပါး ၂၀ ခန့်တိတ်တဆိတ်စုပြီး ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်လိုလုပ်မယ်ဆိုတာတွေ တိုင်ပင်ကြတယ်။ အဲဒီတော့မှ ပိုစတာတိုက်ပွဲက လှုပ်ရှားခဲ့တဲ့သူတွေနဲ့ အခြားအဖွဲ့တွေ လက်တွဲမိကြတာပေါ့။ အစကတော့ တစ်ပါးကိုတစ်ပါး မယုံရဲကြသေးဘူးလေ။ အခုလိုအရေးကြုံတော့မှ အားလုံးနီးပါးက သံဃာနဲ့ တစ်သဘောတည်းဆိုတာ သိလာရတာပေါ့။ (အခုလို ထုတ်ဖော်ရေးသားလိုက်လို့ လှုပ်ရှားခဲ့သူတစ်ပါးပါးအတွက် အန္တရာယ်ရှိတယ်လို့တော့ မထင်ပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ အထက်က သိလောက်တဲ့သူမှန်သမျှ တက္ကသိုလ်ထဲမှာ မရှိတော့ပါဘူး။ စက်တင်ဘာအပြီးမှာ အနည်းဆုံး စာရေးသူတို့ တက္ကသိုလ်က အပါး ၃၀ ထက်မနည်း ကျောင်းထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အရည်းအချင်းရှိတဲ့ ဆရာတော် တော်များများလည်း သူတို့ဆန္ဒအတိုင်း ထွက်သွားကြာတာလည်းရှိပါတယ်။)
ဒါပေမယ့် သူတို့ဘယ်လိုမှ မသိနိုင်တဲ့ အဖွဲ့ငယ် ၂၀-ထက်မနည်းကတော့ တက္ကသိုလ်တွင်းမှာ ရှိနေသေးတယ်ဆိုတာကိုတော့ သတိပေးတဲအနေနဲ့ ပြောလိုက်ချင်တယ်။ နောက်ဆုံးအကြိမ်ပေါ်ပေါက်လာမယ့် လှုပ်ရှားမှုကြီးအတွက် ပိုမိုပြင်ပြတဲ့စိတ်ဓာတ်၊ ပိုမိုထိရောက်တဲ့လှုပ်ရှားမှုတွေအတွက် အသေးစိတ်ကြိုတင်ပြင်ဆင်စရာတွေ ပြင်ဆင်နေကြပြီလေ(စာရေးသူအပါအ၀င်ပေါ့)။ အခုလိုပြောလို့ တက္ကသိုလ်တွင်းမှာ လက်ရှိသီတင်းသုံးနေတဲ့သံဃာတွေကို အန္တရာယ်ဖြစ်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အဲဒီအဖွဲ့ဆိုတာတွေက နာမည်တပ်မထားသလို စားရင်းဇယားလည်းတစ်ခုမှ မရှိပါဘူး။
ပြီးတော့ ပြည့်သူ့ဘုန်းဘုန်းပြောတဲ့ ထက်ဖားအောက်ဖိ စွမ်းအားရှင် စီမံနာယကချုပ်ဆရာတော် ဦးကုမာရလို တက္ကသိုလ်ရဲ့ အဓိကတာဝန်ရှိသူတွေနဲ့လည်း လုံးဝအဆင်ပြေအောင် အဲဒီအဖွဲ့တွေက ဆက်ဆံနေပါတယ်။ နောက်ဆုံး ပိုပိရိအောင် စစ်အစိုးရကောင်းကြောင်းတွေကိုတောင် အခါခွင့်သင့်ရင်သင့်သလိုပြောတာမျိုတွေအထိ စိတ်မပါသော်လည်း ပါသကဲ့သို့ လုပ်ပေးနေပါတယ်။ သာမန်အားဖြင့်ကြည့်ရင် ဒီသံဃာတွေဟာ အစိုးရသံဃာတွေလို့တောင် ထင်ရတဲ့အနေအထားထိ ဖြစ်နေပါပြီ။ ဘယ်လိုမှ စစ်ဆေးစောင့်ကြည့်ဖော်ထုတ်လို့မရတဲ့ နောက်ဆုံးပေါ်နည်းတွေကို သုံးထားတာပါ။ ပြီးတော့ တိုင်းနဲ့ပြည်နယ် ၁၄-ခုမှာရှိတဲ့ မြေအောက်လှုပ်ရှားနေတဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့လည်း ၃၅-မိနစ်အတွင်း တပြိုင်နက် လှုပ်ရှားနိုင်အောင် ဆက်သွယ်စွမ်းဆောင်ပေးနိုင်တဲ့ အထူးခြားဆုံး မီဒီယာကိုလည်း ပိုင်ဆိုင်ထားပြီးပြီ။
ဒီလိုပြောလို့ နောက်ဆုံး တက္ကသိုလ်ကြီးပိတ်ပစ်တဲ့နည်းကိုသုံးပြီး တားမြစ်မယ်လို့ လည်းတွေးပြီး စိုးရိမ်စရာမလိုပြန်ဘူး။ ဒီတက္ကသိုလ်ကြီးတွေဟာ တိပိဋကဓရမင်းကွန်းဆရာတော်ကြီးရဲ့ အသဲနှလုံးသဖွယ်ဖြစ်နေတယ်။ ဆရာတော်ကြီးက မျှော်လင့်ချက်ကြီးကြီးထားပြီး လက်နဲ့ရေးခဲ့တာကို သူတို့ကခြေနဲ့ ဖျက်မယ်ဆိုရင် ဒီဘ၀မှာတင် ချက်ချင်းဒုက္ခရောက်ကြလိမ့်မယ်။ ဒါကို မကြောက်လို့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်မယ်ဆိုလည်း အဲဒီတက္ကသိုလ်ကျောင်းသား သံဃားတော်များအားလုံးဟာ နိုင်ငံ့အရေး(ဒကာဒကာမပြည်သူတွေကောင်းစားရေး)ကလွဲလို့ တခြား ဘာမှ လုပ်စရာမရှိတော့ပါဘူး။ အားလုံးက နိုင်ငံ့အရေး ဆောင်ရွက်တဲ့ သူတို့အခေါ် နိုင်ငံရေးသမားဆိုတာတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒီလူနဲ့ ဒီမူဝါဒတွေရှိနေသရွေ့ ဆန့်ကျင်သွားကြမှာ အသေအချာပါပဲ။)
စည်းဝေးတော့ တစ်ပါးက ဒီလိုပြောတယ်။ “တပည့်တော်အမြင်ကတော့ ဆန္ဒမရှိသေးသူတွေ ရှိလာအောင်၊ စိတ်ဓာတ်တက်ကြွလာအောင်၊ ဆန္ဒရှိပြီးသူတွေ ပိုပြီးရှိလာအောင်၊ အခြေအနေမှန်ကို အမှန်းအတိုင်းမသိသေးသူတွေ သိလာအောင်၊ သိပြီးသားသူတွေ ပိုပြီးသိလာအောင် ၂-ရက် ၃-ရက်ခန့် အချိန်ယူပြီး စည်းရုံးကြည့်ချင်သေးတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သံဃာ အကုန်ပါမလာပဲ တစ်ရာ နှစ်ရာ လောက်ပဲပါမယ်ဆိုရင် အကုန်ထုတ်ပစ်ခံရမှာသေချာတယ်။ ဒါကြောင့် အကုန်လုံးနီးပါး ပါနိုင်အောင် အရင်ကြိုးစာသင့်တယ်” တဲ့။
သူ့အမြင်ကလဲ မဆိုးဘူးလို့ အားလုံးက ထောက်ခံကြတယ်။ ဒါပေမယ့် ခက်တာက တက္ကသိုလ်ထဲမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဘာမှ အချိန်ကြာကြာဆွဲထားလို့မရဘူး (ယခင်နည်းနဲ့)။ ဒါကြောင့် “ အရှင်ဘုရားပြောတာလဲမှန်ပါတယ်၊ ဒါပေမယ့် တပည့်တော်တို့ အချိန်ဆွဲနေရင် အကုန်သိကုန်မှာ၊ ဆန္ဒမပြခင် ထောင်ထဲရောက်မှာ၊ ပြပြီးလို့ရောက်တာက ရောက်ပစေပေါ၊့ ပြီးတော့ သံဃာအားလုံးက တပည့်တော်တို့နဲ့ တစ်သဘောတည်းဆိုတာ တပည့်တော် လေ့လာထားပြီးသလောက် သေချာနေပြီ” ဆိုပြီး စာရေးသူ စီစဉ်ထားတာတွေ ပြောပြလိုက်တယ်။ ဒါနဲ့ သူတို့နဲ့သဘောတူတာတွေ အတည်ပြု သဘောမတူတဲ့အချက်တွေ ထပ်ဆွေးနွေးပြီး အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဆုံးဖြတ်ချက်တွေကို အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြတယ်။
အပိုင်း (၂) မျှော်
ဓမ္မ၀ိညာဉ်
(ပြည်တွင်းMSMAအဖွဲ့ဝင်)
September 16th, 2008
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:33 AM 0 comments
နအဖသတင်းစာတွင်ဘာသာရေးဆိုင်ရာကြော်ငြာများပိတ်ပင်
မင်းနိုင်သူ/ ၁၆ စက်တင်ဘာ ၂၀၀၈။ ။
ယခုနှစ် စက်တင်ဘာလအတွင်း ဝိပဿနာတရားပြရိပ်သာများ၏ တရားစခန်း ဖွင့်မည့်နေ့ရက် အစီအစဉ်များကို သတင်းစာများမှတဆင့် အသိပေးကြော်ငြာမှုများ ခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့ရှိ နာမည်ကြီး ဝိပဿနာတရားပြ ရိပ်သာအဖွဲ့တခုမှ အဖွဲ့ဝင် ဂေါပကတဦးက ပြောကြားသည်။
“ကျနော် မနေ့က ဆရာကြီးကခိုင်းလို့ သတင်းစာတိုက်ကိုသွားပြီး တရားစခန်းဖွင့်မယ့် ကြော်ငြာစာသွားထည့်တော့ သူတို့က လက်မခံဘူးဗျ။ အခုရက်ပိုင်း ထည့်လို့မရသေးဘူးလို့ ပြောတယ်။ ဘယ်ရက်အထိ ကန့်သတ်ထားမှာလဲလို့ မေးတော့လည်း ရက်အကန့်အသတ် မရှိဘူးလို့ ပြောလိုက်တယ်” ဟု ၎င်းက ပြန်လည်ပြောဆိုသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီးမှ စတင်ကာ နအဖစစ်အစိုးရက ဘာသာရေးဆိုင်ရာ ဆောင်ရွက်မှုများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်လာရာ ယခုတဖန် တရားစခန်းကြော်ငြာများပါ ပိတ်ပင်လာခြင်းဖြစ်သည်။
သတင်းစာတိုက်မှ ဝန်ထမ်းများသည် ဘာသာရေးဆိုင်ရာ ကြော်ငြာများကိုလည်း တကော်လံလျှင် ကျပ် (၂,၅၀၀) နှုန်း တောင်းယူလေ့ရှိပြီး ၎င်းတို့၏ အထက်အရာရှိများနှင့် ရင်းနှီးပတ်သက်မှုရှိသော ဘုန်းကြီးကျောင်းတိုက်များမှ ကြော်ငြာ များကို ကော်လံခတောင်းယူမှု မပြုသော်လည်း လက်ဖက်ရည်ဖိုး တောင်းယူလေ့ရှိသည်ဟု ကျောင်းတိုက်ဂေါပက အချို့က ပြောဆိုသည်။
“ဂျာနယ်တွေမှာလည်း သံဃာတော်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ရေးလို့မရတော့ဘူးဗျ။ ယုတ်စွအဆုံး သံဃာတော် တွေဦးစီးကျင်းပတဲ့ သွေးလှူဒါန်းပွဲလို သတင်းမျိုးကိုတောင် ရေးသားထည့်သွင်းခွင့် မပြုတော့ဘူး။ စာပေစိစစ်ရေးအဖွဲ့က အကုန်လုံး ဖြုတ်ပစ်နေတယ်” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဘာသာရေးဆိုင်ရာသတင်းများ အဖြုတ်ခံနေရ ခြင်းကို ရှင်းလင်းပြောဆိုသည်။
စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ နေ့စဉ်ထုတ်သတင်းစာများတွင် သံဃာတော်များ၏ တရားပွဲသတင်းများ၊ ရိပ်သာ စခန်းဖွင့်ရက် သတင်းများကို ထည့်သွင်းခြင်းမပြုတော့ဘဲ ကျောင်းတိုက်များမှ သွားရောက်ထည့်သွင်းမှုများကိုလည်း ပယ်ချလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ယခုအခါ စစ်အစိုးရထုတ် သတင်းစာများတွင် နာရေးကြော်ငြာ၊ တရားရေးဆိုင်ရာ ကြော်ငြာနှင့် စီးပွားရေးလုပ်ငန်း ကြော်ငြာများကိုသာ လက်ခံနေပြီး သင်္ကန်းပရိက္ခရာဆိုင်များ၏ ကြော်ငြာများကိုမူ လက်ခံခြင်းမပြုဟု သိရသည်။
ခေတ်ပြိုင်မှ နောက်ဆုံးစုံစမ်းချက်အရ ရန်ကုန်မြို့မှ အချို့ဘုန်းကြီးကျောင်းများကို သံဃာအရေအတွက် လျှော့ချရန် အာဏာပိုင်များက ဖိအားပေးလာခြင်းဖြစ်သည်။
“ဘုန်းကြီးတို့ ရွှေပြည်သာမြို့နယ်ဘက်မှာ သသန (သာသနာရေးဦးစီးဌာန)၊ လဝက၊ မယက အဖွဲ့ဝင်တွေ ရောက်လာပြီး မြို့နယ်အတွင်းက ကျောင်းထိုင်ဆရာတော်တွေကိုပင့်ပြီး သံဃာဦးရေ လျှော့ချဖို့ကိစ္စတွေ ပြောသွားတယ်။ နိုင်ငံရေး မလုပ်ကြဖို့၊ နိုင်ငံရေးနဲ့ မပတ်သက်ကြဖို့၊ ပတ်သက်ရင် တခါတည်း လူဝတ်လဲ ထောင်ချပြီး သံဃာ့ဘောင်ပြန်ဝင်ခွင့် ပေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားတယ်။ နောက် ကျောင်းတွင်းက သံဃာတွေ ခရီးသွားရင် ခရီးသွားလက်မှတ် ထုတ်ပေးဖို့၊ ခရီးသွားလက်မှတ်မပါဘဲ ခရီးသွားတာတွေ့ရင် ဖမ်းဆီးအရေးယူမယ်ဆိုတာတွေပါ ပြောသွားတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။
Labels: သတင်း
Posted by Ashin dhamma at 6:21 AM 0 comments
Monday, September 15, 2008
GWမှ posters and post cards ကန်ပိန်စတင်လှုပ်ရှား
SEPTEMBER ရွှေဝါရောင်တော်လှန်းရေးတစ်နှစ်ပြည့်နှစ်ပတ်လည် နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်နအဖစစ်အစိုးရဧ။်လူအခွင့်အရေးချိုးဖောက်မှုတွေကိုကန့်ကွက်ဆန့်ကျင်သောအား ဖြင့် GENERATION WAVE မှ POSTERS နှင့် POST CARDS CAMPAIGN များစတင်လှုပ်ရှားနေပြီးဖြစ်ကြောင်းအသိပေးအပ်ပါသည်။
Labels: သတင်း
Posted by Ashin dhamma at 8:59 AM 0 comments
Sunday, September 14, 2008
Friday, September 12, 2008
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ အစီအစဉ်
စက်တင်ဘာ(၂၆) ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ
သံဃာတော်အရှင်သူမြတ်များ ဓမ္မဝိနယနှင့်အညီ မြန်မာပြည်သူပြည်သားများကာလကြာ
ရှည်စွာကြုံတွေ့ခံစားနေရသောလူမှု ဒုက္ခအခက်ခဲများကပြေလည်အောင်
ဖြေရှင်းပေးရန် မေတ္တာပို့ခဲ့စဉ် ၊ လက်ရှိစစ်အစိုးရမှ ရက်ရက်စက်စက်
နှိပ်စက်ဖြိုခွင်းခဲ့သဖြင့် သွေးမြေကြခဲ့ရသောနေ့တစ်နေ့ဖြစ်ပါသည်။
ယင်းဖြစ်ရပ်ကြောင့် သာသနာ့ဥသျှောင်အဖွဲ့မှ သည်နေ့သည်ရက်ကို
ရွှေဝါရောင်နေ့အဖြစ် သက်မှတ်အတည်ပြုပြဌာန်း ခဲ့ကြပြီးဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့  ပီနန်ရှိ မလေးရှားရောက်
မြန်မာပြည်ဖွားတိုင်းရင်သား ညီအစ်ကို မောင်နှမ များအားလုံးတို့က
သာသနာ့ဥသျှောင်အဖွဲ့နာယက ပီနန်ဆရာတော်ကြီးကိုအမှူးထား၍၊
ပြည်သူပြည်သားများအရေး အသက်ပေးလှူသွားကြသော၊
ကိုယ်ကျိုးစွန့်အနစ်နာခံသွားကြသော ဆရာတော်များ၏ ဂုဏ်ကျေးဇူးကို
မမေ့မလျှော့စေရန်နှင့် အမြဲသတိရနေစေရန်ရည်ရွယ်၍ ရွှေဝါရောင် နေ့
နှစ်ပတ်လည်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။
ဘာသာတရားကို မြတ်နိုးအလေးထားကြကုန်သော မြန်မာပြည်ဖွားတိုင်းရင်းသူ/သား
မည်သူမဆိုကျွန်ုပ်တို့ ညီအကိုမောင်နှမ အားလုံးနှင့် အတူ လက်တွဲလျှက်
ပီနန်ပြည်နယ်ရှိ ဘာသာရေး အသင်းအဖွဲ့ ၊ လူမှုရေး အသင်းအဖွဲ့ ၊
တိုင်းရင်းသား အဖွဲ့ နှင့် နိုင်ငံရေးအဖွဲ့ အစည်း စုစုပေါင်း (၁၆) ဖွဲ
့တို့ မှ အမျိုးဘာသာ၊သာသနာ အတွက်၂၁ / ၉/ ၂၀၀၈ တနင်္ဂနွေ နေ့တွင်
ပီနန်ရှိ"မဟာဓမ္မိကာရာမ" ကျောင်းတိုက်ကြီး၌ စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဖြစ်ပါကြောင်း မလေးရှားရောက်မြန်မာများနှင့် တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများအား အသိပေးကြေငြာအပ်ပါသည်။ ထိုနေ့တွင်
သာသနာ့ဥသျှောင်အဖွဲ့ နာယက (ပီနန်) ဆရာတော်ကြီးဦပညာဝံသ မှ
မြန်မာနိုင်ငံသားတိုင်းရင်းသား တပည့်သားမြေးများကို သြဝါဒ စကား
မြွတ်ကြားမည်ဖြစ်ပါသည်။
ရွှေဝါရောင်နေ့ ကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ပီနန် မလေးရှား
Labels: သတင်း
Posted by Ashin dhamma at 6:35 PM 0 comments
Thursday, September 11, 2008
၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဖမ်းဆီးခံရ
ဖမ်းဆီးခံလိုက်ရသော
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မနီလာသိန်း။
အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို
ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြား
ကပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နောက်ထပ်
နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေလည်း
ရှိနေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း အာဏာပိုင်
တွေ ဖမ်းဆီးမယ့်ရန်ကနေ တိမ်းရှောင်နေတဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းကို
ဖမ်းဆီးလိုက်သလို မကြာသေးခင် ရက်ပိုင်းအတွင်း
အဖမ်းအဆီး ခံရသူတွေကိုလည်း အာဏာပိုင်တွေက
ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေ
တယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြောကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆော င်တယောက်ဖြစ်တဲ့
မနီလာသိန်းကို ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတယောက်နေအိမ်ကို
အသွားမှာ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးခဲ့တာလို့ သူနဲ့နီးစပ်သူ မိသားစုဝင်တွေနဲ့
မိတ်ဆွေတွေက ပြောပြကြပါတယ်။ မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ကုန်ဈေးနှုန်းကျဆင်း
ရေး၊ လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လှုပ်ရှားမှုတွေနောက်ပိုင်း ၈၈
မျိုးဆက်ကျောင်းသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လာခဲ့
တဲ့နောက် အဖမ်းခံရမယ့်အရေးက လွတ်ဖို့အတွက် တိမ်းရှောင်နေရာက အခု
နောက်ဆုံး ဖမ်းဆီးခံလိုက်ရတာပါ။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကပဲ မနီလာသိန်းရဲ့ ခင်ပွန်းသည်ဖြစ်သူ ကိုဂျင်မီ ခေါ်
ကိုကျော်မင်းယုဟာလည်း ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေနောက်ပိုင်း ပြီးခဲ့တဲ့
နှစ် သြဂုတ်လကတည်းက တခြား ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးခံထား
ရတာပါ။ အခုရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်
ဆိုသလို ရှိနေတဲ့အထဲက မနီလာသိန်း ဖမ်းဆီးခံခဲ့ရတာဟာ နောက်ဆုံးကြားရတဲ့
သတင်းလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့လဆန်းပိုင်း ရှစ်လေးလုံးကာလအတွင်း ဖမ်းဆီးမှုတွေ
ရှိတဲ့အချိန်တုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်တဲ့
မမာမာဦးကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့တာပါ။
ဒီလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းတာဆီးတာတွေ
ရှိနေရုံသာမက ဖမ်းဆီးခံရသူတွေကိုလည်း အကြမ်းပတမ်း ကိုင်တွယ်စစ်ဆေးမေးမြန်း
တာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီဝင် တဦးဖြစ်တဲ့ ကိုအောင်မိုးလွင်ဟာဆိုရင်လည်း အဆက်
အသွယ်မရဘဲ ပျောက်နေရာက အခုနောက်ဆုံး အာဏာပိုင်တွေ ဖမ်းဆီးထားတယ်လို့
သိရပြီး စစ်ဆေးမေးမြန်းမှုကာလအတွင်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတဲ့ လက္ခ
ဏာတွေ ရှိတယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတယောက်က ပြောပြပါ
တယ်။
"ကိုအောင်မိုးလွင် ပါသွားတဲ့ကိစ္စကိုတော့ ကျနော်တို့ ဂဃနဏ မသိရသေးဘူး။
၁၀ ရက်လောက်ရှိသွားတော့ ကျနော်တို့က စိတ်ပူနေတာပေါ့။ အဲဒါ အခု ရဲတိုင်းရုံးကို
ရောက်သွားတယ်လို့ပြောတယ်၊ အချုပ်ခန်းထဲမှာပေါ့။ သူ့အခြေအနေကတော့ ပုံပျက်
ပန်းပျက် ဖြစ်နေတယ်လို့ပြောတယ်။ မျက်လုံးတွေဆို ဖူးရောင်နေတယ်၊ အမျိုးမျိုး
နှိပ်စက်နေတယ်လို့ ကြားပါတယ်။
"ကိုအောင်မိုးလွင်က ကျနော်တို့နဲ့ပတ်သက်တဲ့အချိန်က စပြီးပြောရရင်တော့ သူက
ရိုးရိုးသားသားနဲ့ပဲ ဖြတ်သန်းလာတာတွေ့ရတယ်။ ဘာမှလည်း လုပ်တာကိုင်တာ
မတွေ့ရဘူး။ သူ့သူငယ်ချင်းတယောက်အနေနဲ့ ကျနော်တို့က အသိဆုံးပဲ။ ရုံးဖွင့်ချိန်
ရုံးသွားတယ်၊ ရုံးတက်တယ်။ ဒီဟာလောက်ပါပဲ။ အဖွဲ့ချုပ်ရုံးပေါ့။ ညနေ ရုံးဆင်းတယ်။
ဒီဟာလောက်တော့ သူ သွားလေ့သွားထ ရှိပါတယ်။"
တကယ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်း
သားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြားကပဲ အခုလို
အဖမ်းအဆီးတွေကလည်း မရပ်မနား ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့
အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့က
ဆိုရင်လည်း ဒီတပတ်ထဲမှာပဲ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Labels: သတင်း
Posted by Ashin dhamma at 8:01 AM 0 comments
မေ့မရသော စက်တင်ဘာ
လမ်းပေါ်မှာပေကျံနေခဲ့တဲ့
အပြစ်မဲ့ပြည်သူတွေရဲ့သွေးတွေ
အခုထိ မခမ်းခြောက်သေးဘူး…
စက်တင်ဘာဟာ
ဖိနပ်မပါ လက်နက်ဗလာနဲ့
ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ ရဟန်းတော်တစ်စုကို
ခွေးတစ်အုပ် ထွက်ဆွဲတဲ့ လ ဖြစ်တယ်…
စက်တင်ဘာဟာ
ကိုယ်ပိုင်အခွင့်အရေးအတွက် လမ်းပေါ်ထွက်တဲ့ပြည်သူတွေကို
အာဏာရူးတွေ နှိပ်စက်တဲ့ လ ဖြစ်တယ်…
စက်တင်ဘာဟာ
မေတ္တာသံတွေဖုံးလွမ်းနေတဲ့ မြို့တော်ကို
မီးခိုးတလူလူ သွေးသံတရဲရဲနဲ့
စစ်တလင်းဖြစ်စေခဲ့တဲ့ လ ဖြစ်တယ်…
စက်တင်ဘာဟာ
ဘုရားရှင်ရဲ့တရား ဓမ္မနဲ့
သီးသန့်နေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို
သူပုန်စခန်းလိုမျိုး ၀င်စီးတဲ့ လ ဖြစ်တယ်…
နောက်တစ်မျိုးပြောရယင်
စက်တင်ဘာဟာ
သာသနာနဲ့လူမျိုးကို
စစ်ဖိနပ်နဲ့ နင်းချေပစ်တဲ့ လ ဖြစ်တယ်…
စက်တင်ဘာဟာ
၈၈-အရေးခင်းကြီးရဲ့နောက်ပိုင်း
နွားအဖွဲ့လို့ခေါ်တဲ့ နအဖအတွက်
အကြီးမားဆုံး အိပ်မက်ဆိုးကြီးဖြစ်တယ်…
တစ်နှစ်ပြည့်ခဲ့ပေမဲ့
စက်တင်ဘာစိတ်ဓာတ်တွေ
စက်တင်ဘာရဲ့သွေးတွေ
စက်တင်ဘာရဲ့ အငွေ့အသက်တွေ
ဒို့ရင်ထဲမှာ ကိန်းနေတုန်းပဲ…
ဧဏီမင်း
စက်တင်ဘာ သံဃာ့အရေးခင်း တနှစ်ပြည့် အမှတ်တရ
၁၁.၉.၂၀၀၈
Labels: ကဗျာ
Posted by Ashin dhamma at 2:38 AM 0 comments
Tuesday, September 9, 2008
ပြည်တွင်းဖြစ်နိုင်ငံခြားသားကိုရွှေဗမာများသို့
ရေးသူ- လူထုစိန်ဝင်း
´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။
တီထွင်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။
သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)
Labels: ဆောင်းပါး
Posted by Ashin dhamma at 12:49 AM 0 comments
Monday, September 8, 2008
မပီးဆုံးသေးတဲ့စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး
မှောင်ကျသွားတဲ့စက်တင်ဘာညနေခင်းထဲမှာ
ရဲရင့်သက်ဇွဲ
စက်တင်ဘာရဲ့ ညနေခင်းတခု
ပက်ပက်စက်စက် မှောက်ကျသွားပုံများ
ရေဒီယိုထဲက မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ
လမ်းများပေါ်ကို
နှလုံးသားတွေထဲကို
ဖိတ်စင်လွင့်ကျလာသည်အထိ .....။
ကမ္ဘာမကြေ တေးသံဟာ
မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ
တောက်တောက်ပပနဲ့ အလျှံတညီးညီး
“လက်ချင်းချိတ်ထားကြ”
“ကြောချင်းကပ်ထားကြ”
“အရှုံးမပေးဘူးကွ”
“လမ်းတွေပိတ်ထားကြ”
“သစ်ပင်တွေ လှဲထားကြ”
“သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ”
“ရရင်ရ မရရင်ချ”
ဒါဟာ..... ငရဲပွက်သံ သွေးပျက်သံမဟုတ်
ကျောင်းသား ပြည်သူ ရဟန်းရှင်လူတို့ရဲ့
ရဲရင့်တဲ့ တိုက်ပွဲခေါ်သံဖြစ်တယ် .....။
မှောက်ကျသွားခဲ့တဲ့ စက်တင်ဘာရဲ့
ညနေခင်းတခုဟာ
အော်ဂလီဆန်စရာ
ငါတို့ရဲ့ အနာဂတ်တွေအပေါ်မှာ
ငါတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ
ငါတို့ရဲ့ နိုင်ငံတော်အပေါ်မှာ
ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ
ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး
*အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။
ရဲဘော်တို့ရေ .....
အဆုံးသတ်တိုက်ပွဲထဲမှာ
ဂမ်ဘာရီကို မေ့ထားလိုက်
ဘန်းကီမွန်းကို မေ့ထားလိုက်
ပြည်ပအကူအညီတွေ မေ့ထားလိုက်
သင်တို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ
ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ
လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖွင့်လှစ်ကြမယ်.....။ ။
٭٭٭٭٭
(* ကဗျာဆရာတိုက်မောင်း၏ ‘ကုလားထိုင်စိုက်ပျိုးရေး’ ကဗျာမှ စာသား)
Labels: ကဗျာ
Posted by Ashin dhamma at 7:47 PM 0 comments
Sunday, September 7, 2008
Saturday, September 6, 2008
လူတွေကိုခွေးတွေဆွဲနေကြပြီ
Labels: သတင်း
Posted by Ashin dhamma at 3:10 AM 0 comments
အားလုံး လွတ်မြောက်ပါစေ' ဆိုတဲ့ သူ့ဆုတောင်း
အင်တာဗျူး
သန်းထိုက်ဦး
သောကြာနေ့၊ စက်တင်ဘာလ 05 2008 17:07 - မြန်မာစံတော်ချိန်
(အရှင် ဂမ္ဘီရ၏ မိခင် ဒေါ်ရေးနှင့် ဆက်သွယ်မေးမြန်းချက်)
မြန်မာပြည်သူများ စားဝတ်နေရေး ဘေးဒုက္ခမှ လွတ်ကင်းစေရန် မေတ္တာပို့ ဆုတောင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်သဖြင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်များက တနှစ်နီးပါးကြာ အကျဉ်းချပြီးနောက် ယခုရက်ပိုင်းတွင် လူဝတ်လဲကာ တရားရုံးထုတ်ခဲ့သည်။
သူ့အား များပြားလှသည့် ပုဒ်မများဖြင့် တရားစွဲဆိုနေသည့်အပေါ် ၅၉ နှစ်အရွယ် မိခင် ဒေါ်ရေးကို မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။
မေး။ အန်တီက အရှင်ဂမ္ဘီရကို ထောင်ဝင်စာတွေ့ဖို့ ရန်ကုန်ကို လာတာလားခင်ဗျ။
ဖြေ။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ဆေးစစ်ရင်း သားက ရုံးချိန်ထွက်မယ်လို့ သတင်းထဲမှာ ကြားရတော့လေ၊ သူ့ကိုလည်း အားပေးရင်းပေါ့။ အမှုတွေကလည်း အများကြီးဆိုတော့ လာခဲ့တာပါ။ အန်တီကြားတာကတော့ ၁၆ မှုလို့တောင် ကြားတယ်၊ သိရတယ်လေ။ သား အရှင် ဂမ္ဘီရက ပြောပြလို့ သိရတာလေ။ မနေ့က ရုံးထုတ် ၁ ရက်၊ ၃ ရက်၊ ၄ ရက်ပေါ့၊ ရုံးထုတ်တယ်လေ။
မေး။ တွေ့ခွင့်ရခဲ့လား။
ဖြေ။ အေးအေးဆေးဆေး တွေ့ခွင့်ရပါတယ်။ ဦးဇင်းကလည်း ပြောပြတယ်လေ။ မိသားစုတွေကို အေးအေးဆေးဆေး တွေ့ခွင့်ပေးတယ် ဆိုတော့ သူတို့ (အာဏာပိုင်) ဘက်က အရင် မရဖူးတော့လေ။ သမီးတွေက အရင် ရုံးချိန်း ၂ ချိန်းလောက်မှာ တွေ့ခွင့်မရဘူး။ အန်တီတို့က အခု ၃ ချိန်းမြောက်မှာ ဦးဇင်းနဲ့ တွေ့ခဲ့တာလေ။ စတွေ့တဲ့ နေ့ကျတော့ အနားကို မကပ်ရဘူး။ အဲဒါနဲ့ ပြန်သွားမေးတာပေါ့။ 'သား ဦးဇင်းကို တွေ့ခွင့်ရမလား။ အန်တီက မိတ္ထီလာကနေ လာတာပါ။ အဲဒီတော့ သားကို တွေ့ချင်ပါတယ်။ ခဏလေးဖြစ်ဖြစ် စကားပြောခွင့်ပေးပါ' လို့။ သူတို့ စစ်ပြီးရင်၊ တရားသူကြီး ဝင်ပြီးရင် တွေ့ခွင့် ပေးပါမယ်တဲ့။ ဦးဇင်းထားတဲ့ နေရာကိုတော့ မသွားရဘူးပေါ့။ စတွေ့တဲ့နေ့လေ။ နောက်နေ့ကျတော့ တော်တော် လိုက်လိုက်လျောလျောပါပဲ။ အန်တီတို့က ဦးဇင်း မရောက်ခင်ကိုပဲ ကုလားထိုင်တွေနဲ့ ထိုင်ထားခိုင်းတယ်။ မဆိုးပါဘူး။
မေး။ အန်တီတို့ အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံခွင့် ရခဲ့တာ ဘယ်ရက်နေ့ကလဲဗျ။
ဖြေ။ ရန်ကုန်ရောက်လာတာက ၂၇-၂၈ (သြဂုတ်လ)။ အန်တီတို့က ရုံးထုတ်၊ ဧည့်သည်တွေကိုလည်း တွေ့လိုက်သေးတာကိုး။ ရုံးထုတ်တဲ့နေ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကလေ။ နှစ်မျိုးပေါ့၊ တွေ့ရပါတယ်။ အေးအေးဆေးဆေး။ ၃ ရက်နေ့ကဆိုရင် ၁ နာရီလောက်ကို တွေ့ရတယ်။
မေး။ တွေ့ဖြစ်တုန်း ဘာတွေ ပြောဖြစ်သလဲ။
ဖြေ။ ပြောတာကတော့ အစုံပေါ့။ အန်တီကတော့ သား ကျန်းမာရေးကို စိတ်ပူတာပေါ့။ ဟိုတုန်းကတော့ သားတွေ ငယ်ငယ်တုန်းကတော့ လ္ဘက်ရည်ဆိုင် သွားတာတောင်မှ ကြာရင် အန်တီက အမြဲ လိုက်ခေါ်တာလေ။ အန်တီက သားတွေကို တအား ချစ်တယ်လေ။ အဲဒီတော့ အဲလောက် သားကိုချစ်တဲ့ မိခင်တယောက် အနေနဲ့လေ၊ ဒီအထဲမှာ ကိုယ့်မျက်စိ ကွယ်ပြီးတော့ အခုလို သာမန်မျိုး မဟုတ်ဘဲနဲ့ အကျဉ်းကျနေတဲ့အချိန်မှာ အန်တီက စိတ်ပူတာပေါ့။ အဲဒီတော့ 'ကျန်းမာရေးကို ဂရုစိုက်ပါ။ အထဲမှာ မသေဖို့လိုတယ်' လို့။
အဲဒီနောက် ပြောလိုက်သေးတယ်လေ။ ဒါ ၄ ရက်နေ့က ပြောတာ။ 'ကိုင်း ... ဦးဇင်း၊ တကာမကြီးကတော့ ဦးဇင်းတို့ အပြန်မှာ တကာမကြီး အသက်အရွယ်နဲ့ဆိုတော့ (အန်တီက ၅၉ နှစ်လေ။ အသက် ၅၉ နှစ်ဆိုတော့) သေခြင်းတရားဆိုတာ အချိန်မရွေးလာနိုင်တာကိုး။ ဒါပေမဲ့ သေမင်းက လာခေါ်ရင်တောင်မှ တကာမကြီးကတော့ သေမင်းကို ကျမ သေတာကို နေ့ချင်းပြန်လေး လာပါရစေ။ သား ဦးဇင်းတွေ၊ သားတွေ၊ တခြားသားတွေနဲ့ တွေ့ဖို့အတွက် တကာမကြီး စောင့်နေမယ်' လို့ ပြောလိုက်တယ်လေ။
မေး။ အရှင် ဂမ္ဘီရကရော ဘာတွေ မိန့်ကြားသေးလဲ။
ဖြေ။ အရှင် ဂမ္ဘီရက အန်တီကို 'တကာမကြီး ကျန်းမာအောင်နေပါ။ ကျန်တဲ့ လူတွေကို နိုင်ငံရေးဘာညာ မလုပ်နဲ့အုံးပေါ့။ ကျန်တဲ့ မိသားစုတွေ' တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကိုမောင်ကျော်ကျော် ရောလေ၊ ဦးဇင်းရော ဆိုတော့ တော်တော်ကို ဒုက္ခရောက်နေတယ်။ ဒုက္ခရောက်တယ်ဆိုတာ စိတ်ကိုပြောတာပေါ့။ စိတ်ဒုက္ခ၊ စိတ်သောက တော်တော်ရောက်တယ်။ ဒါကို ဝမ်းနည်းလို့ ပြောတာတော့ မဟုတ်ပါဘူး။ စိတ်ထဲမှာ တမျိုးပေါ့လေ။ ခံစားရတာ။
မေး။ အရှင် ဂမ္ဘီရကို အမှုတော်တော်များများကို စွဲဆိုထားတယ်ဆိုတော့ မိခင်တယောက်အနေနဲ့ ဘယ်လို ခံစားရလဲ။
ဖြေ။ အဲဒါကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြမှာပါပဲ။ ဒါပေမဲ့ အန်တီက ဒါကို ဝမ်းမနည်းပါဘူး။ ဝမ်းမနည်းဘူးဆိုတာ ဦးဇင်းက ဟိုတုန်းက ပြောခဲ့ဖူးသလိုပဲ။ 'ဒါ သူအများအတွက် လုပ်တာလေ။ အများအတွက် လုပ်တာ။ သူ့အတွက် ဘာမှ မပါဘူး'။ သူ့အတွက်က သပိတ်တလုံးရှိရင် ပြီးတဲ့ ဥစ္စာ၊ အများအတွက် လုပ်တာလေ။
မေး။ အာဏာပိုင်ဘက်က တစုံတရာ ပြောကြတာမျိုး ရှိလား။
ဖြေ။ အာဏာပိုင်ဘက်ကတော့ မပြောပါဘူး။ ထောင်ဝင်စာတွေ့တာက ဧည့်တွေ့ကြတာ မဟုတ်ဘူး။ ထောင်မကြီးထဲမှာ သွားတွေ့ကြတာလေ။ အဲဒါကျတော့ ဖုန်းတွေနဲ့ ပြောရတာ။ မှန်ခန်းချထားတယ်။ ဖုန်းနဲ့ပြောရတယ်။ ဦးဇင်းဘေးက တယောက်စောင့်၊ အန်တီတို့ဘက်က တယောက်စောင့်ပေါ့။ အစောင့်အရှောက်ကတော့ အပြည့်အစုံပဲ။
မေး။ လူဝတ်လဲထားတာလား ဒါမှမဟုတ် သင်္ကန်းဝတ်နဲ့ပဲလား။
ဖြေ။ အရှင်ဂမ္ဘီရကတော့ လူဝတ်လဲထားတယ်။ ဒါပေမဲ့ ပုဆိုးကို သင်းပိုင်လို ဝတ်ပြီးတော့မှ သူ့သိက္ခာ မချဘူးလေ။ ဆံပင်ကတော့ ကတုံး ဆံပင်ပေါ့။ နည်းနည်းလေး ရှည်နေတယ်။ သူ မရိတ်ဖြစ်သေးဘူးတဲ့။ ရိတ်ရမှာတဲ့။ သူကတော့ သိက္ခာမချဘူး။ ဘုန်းကြီးပဲလို့ ပြောနေတယ်။
မေး။ သား အရှင်ဂမ္ဘီရအတွက် ဘယ်လို ဆုတောင်းမျိုးတွေ လုပ်သလဲ။
ဖြေ။ အဲဒါလေး ပြောချင်တာ။ အန်တီက တပေါင်းလကွယ်၊ အန်တီကတော့ အင်္ဂလိပ်ရက်တွေ မေ့နေပြီ။ တပေါင်းလကွယ်နေ့က စပြီးတော့မှ အန်တီ ရှေ့ဆက် သားကြီးငါးကြီး အားလုံးရှောင်လိုက်တယ်လေ။ သားငါး မစားတော့ဘူး။ အခြောက်အခြမ်း၊ ပုဇွန်ခြောက်လေး၊ ငါးခြောက်လေး စားတယ်။ လုပ်ရတဲ့ အလုပ်က ပုတီးစိပ်တယ်။ အရဟံဂုဏ်တော် ပုတီးစိပ်တယ်။ တနေ့ကို မနက် တကြိမ်၊ ည တကြိမ်၊ တနေ့ နှစ်ကြိမ်ပေါ့။ အဲဒါ ၉ ရက် တကြိမ်၊ အဓိဋ္ဌာန်လေး ၉ ရက် တကြိမ်။ ပြီးတော့ ၉ ရက် ၉ ကြိမ်၊ ၈၁ ရက်ပြည့်တော့ အဓိဋ္ဌာန်ကြီးပေါ့။ ပထမ အဓိဋ္ဌာန်ကြီး ပြီးသွားပြီ။ ဒုတိယ အဓိဋ္ဌာန်ကြီး နှစ်ကြိမ် ပြည့်တော့မှာပေါ့။ အန်တီက ၈၁ ရက်၊ ၉ ကြိမ်အထိ စိပ်မယ်လို့ အဓိဋ္ဌာန်ထားတာလေ။
ရည်ရွယ်ချက်က အဲဒီ ပုတီစိပ်ပြီးရင် ကိုယ်စောင့်နတ်တွေ၊ သမာဇီဝ နတ်မြတ်နတ်ကောင်းတွေ၊ လယ်တောရှင် တောရှင် အပါအဝင် အားလုံး နတ်မင်း၊ သိကြားမင်း၊ ငရဲမင်းကအစ အားလုံးကို မေတ္တာပို့တယ်။ ဘယ်လိုပို့လဲဆိုတော့၊ 'သား အရှင်ဂမ္ဘီရနဲ့ သား မောင်ကျော်ကျော် အပါအဝင် တခြားလူတွေအားလုံး အခုလို ကျနေတဲ့လူတွေ အားလုံး လွတ်မြောက်ပါစေ' ပေါ့။ အဲဒါ အန်တီ အထူးလုပ်တာလေ။ 'လွတ်မြောက်ပါစေ။ ကိုယ်မြေကိုယ့်ရွာကနေ ခွဲခွါနေရတဲ့ လူတွေ အမြန်ဆုံး ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်မိသားစုနဲ့ အမြန်ဆုံး ဆုံတွေ့ပါစေ' လို့။ အဲဒါ တနေ့ကို ၂ ကြိမ် တိတိကျကျ၊ ဘုရားရှေ့မှာ ဆုတောင်းတာ။
Labels: သတင်း
Posted by Ashin dhamma at 1:24 AM 0 comments