Thursday, September 18, 2008

ကမ္ဘာအေးကုန်းမြေ၊၂၀၀၇ နဲ့စက်တင်ဘာကိုယ်တွေ့ဖြစ်ရပ်များ(၂)

ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ ၂၀၀၇၊ စက်တင်ဘာ ကိုယ်တွေ့အဖြစ်အပျက်များ(၂)

19/09/2008
အပိုင်း(၁)မှာ ပြောခဲ့တဲ့အတိုင်း အစီစဉ်တွေကို ဒီလိုချမှတ်လိုက်ကြတယ်။ မနက်ဖြန် ၂၁-ရက်မှာ လမ်းပေါ်ထွက်မယ်၊ အချိန်က မနက်ပိုင်း၊ အတန်းအားလုံးသင်တန်းပြီးတဲ့အချိန် ၁၀-နာရီအတိ၊ သင်တန်းက ပြန်လာတာနဲ့ အဆောင်မပြန်တော့ပဲ တစ်ခါတည်းထွက်မယ်၊ ၁၀-ခွဲမှာ အလုပ်သမားဝန်ကြီးဌာနက ကပ်တဲ့ဆွမ်းကိုလည်း တစ်ခါတည်း ပတ္တနိကုဇ္ဇနကံပြုတဲ့အနေနဲ့ မဘုန်းပေးတော့ဘူး၊ (အဲဒီနေ့က အားလုံး နေ့ဆွမ်းမဘုန်းရပါ) ပြန်ရောက်မယ့်အချိန်ကိုတော့ နေ့ခင်း ၁-နာရီ မတိုင်ခင်၊ အကြောင်းက တစ်ချို့ အတန်းတွေ ၁-နာရီမှာ အတန်းရှိတယ်။

တကယ်လို့ သူတို့ ကျောင်းထုတ်ခဲ့ရင်လည်း ကျောင်းစည်းကမ်းဖောက်ဖျက်လို ထုတ်ခံရတာမျိုးမဖြစ်စေရဘူး၊ ဆန္ဒပြထွက်လို့ ထုပ်တာတော့လက်ခံမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ နောက်ပြီး သွားမယ့်နေရာတွေကိုတော့ ပထမဦးဆုံး ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း မြောက်ဥက္ကလာမယ်လမုဘုရားဆီ ဦးတည်ထွက်မယ်။ အကြောင်းက မြောက်ဥက္ကလာဘက်မှာ ဘုန်းကြီးကျောင်းတွေအများကြီးရှိတယ်။ ဒို့တက္ကသိုလ်က ဆန္ဒပြထွက်လာတာတွေ့ရင် “အစိုးရကျောင်းက သံဃာတော်တွေတောင် ထွက်ကုန်ကြပြီ” ဆိုပြီး သူတို့လည်း သူတို့ရဲ့ပင်ကိုယ်ဆန္ဒတွေကို ရဲရဲတင်းတင်းထုပ်ဖော်ရဲလာအောင်။

(တကယ်တော့ သူတို့ထင်သလို အစိုးကျောင်းမဟုတ်ပါ၊ မင်းကွန်းဆရာတော်ကြီးရဲ့ ပုဂ္ဂလိကဘုန်းကံသြဇာဇွဲလုံ့လတို့နဲ့ အပြီးအစီး တည်ထောင်ပြီးမှ အစိုးရက အချုပ်အချယ် အကန့်အသတ်များနဲ့ ထိမ်းချုပ်ထားတဲ့သဘောပါ။ ပညာရေးနယ်မြေမှန်သမျှနဲ့ နိုင်ငံရေးလှုပ်ရှားလာနိုင်တဲ့ ဘယ်အဖွဲအစည်းမဆို သူတို့ထိမ်းချုပ်ထားတာ အဆန်းတော့ မဟုတ်ဘူးလေ။) ထင်တဲ့အတိုင်းပဲ နောက်ရက်တွေမှာ မြောက်ဥက္ကလာဘက်ကျောင်းတွေက ထွက်လာကြပါတယ်။

မယ်လမုဘုရားကနေ ကမ္ဘာအေးကို ပြန်လာမယ်။ တစ်ခါ ကမ္ဘာအေးဘုရားက ပြီးရင် နောက်ဆုံး တာဂက်(target)အဖြစ် မြန်မာနိုင်ငံသံဃာအားလုံးရဲ့ ကိုယ်စားပြုလို့ သတ်မှတ်ထားတဲ့ မဟာနာယကဆရာတော်တွေ သီတင်းသုံးတဲ့ မဟာပါသာဏ လိုဏ်ဂူဘေးက ကျောင်းဆောင်ရှေ့ကို သွားမယ်၊ ပြီးရင် တက္ကသိုလ်ထဲပြန်လာမယ်။ ဒီလို သတ်မှတ်လိုက်ကြတယ်။

နောက်တစ်ပါးက ဒီလိုပြောတယ်။ “အစီးစဉ်အားလုံးက ကောင်းပါတယ်ဘုရား၊ အရေးအကြီးဆုံးနဲ့ အခက်ဆုံးတစ်ခုက ဒီအစီစဉ်တွေကို သံဃာတွေအားလုံး သိအောင် ဘယ်လိုနည်းကို သုံးမလဲ၊ ဘယ်သူတွေက တာဝန်ယူမလဲ” တဲ့။ ဟုတ်တယ်၊ အဲဒီတစ်ပါးပြောတာမှန်တယ်။ ဒီလိုစည်းရုံးတဲ့သူတွေအတွက် တက္ကသိုလ်ထဲမှာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ အားလုံးသိထားပြီးသား။ ဒါနဲ့ တာဝန်တွေကို အဖွဲခွဲပြီး ဒီလို အသီးသီးယူလိုက်ကြတယ်။ တစ်ချို့က အစီစဉ်တွေပါတဲ့ စာရွက်ငယ်လေးတွေကို ရေးဖို့၊ ပြီးရင် အတန်းသီးသီးတာဝန်ယူပြီး ဖြစ်တဲ့နည်းနဲ့ သံဃာတိုင်းရဲ့လက်ထဲရောက်အောင်ဝေဖို့၊ တချို့က တန်းစီထွက်တဲ့အခါ အစီစဉ်တကျဖြစ်ဖို့၊ သာသနာ့အလံတွေပြင်ထားဖို့၊ တချို့က ဓာတ်ပုံရိုက်ဖို့၊ တချို့က မီဒီယာနဲ့ဆက်သွယ်ဖို့ (မီဒီယာ သိစေချင်တဲ့ရည်ရွယ်ချက်က တက္ကသိုလ် သံဃာတွေလည်း ပါလာပြီဆိုတာကို ဦးဂမ္ဘီရဦးဆောင်တဲ့ သံဃာတပ်ပေါင်းစုနဲ့ မြန်မာသံဃာထုတစ်ရပ်လုံးသိစေချင်လို့၊) စသဖြင့် အသီးသီး တာဝန်ယူလိုက်ကြတယ်။

၂၁-ရက်မနက်ရောက်ပြီ။ တက္ကသိုလ်တစ်ဝင်းလုံးကလှုပ်ရှားမှုတွေ ခါတိုင်းလိုပဲ ပုံမှန်။ ၇-နာရီမှာ သင်တန်းအသီးသီး စတက်ကြတယ်။ ၁၀-နာရီမှာဝေမယ်လို့ စီစဉ်ထားတဲ့ လက်ကမ်းစာရွက်ကလေးတွေကို အခြေအနေအရ ၉-နာရီမှာ အတန်းသီးသီး တာဝန်ယူထားတဲ့သူတွေက ဝေလိုက်ကြတယ်။ အဆောင်တွေမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း တာဝန်ကျတဲ့သူတွေက ဝေပြီးသွားပြီ။ ဝေတဲ့ပုံစံကလဲ ဒီလို၊ ဟိုနားကရသလိုလို၊ သူကစပေးသလိုလို၊ ငါက စပေးသလိုနဲ့ အားလုံးက သိပ်ပိရိတယ်။ ဘယ်သူက ဘယ်သူ့ဆီက ရတယ်ဆိုတာလည်း မမေးဘူး။ စိတ်ဓာတ်တွေက အားလုံး ညီညွတ်နေကြတာကိုး။ ညီညွတ်နေရင် ဘယ်အမှုကိစ္စမဆို အောင်မြင်စွာ လုပ်ဆောင်လို့ရတယ်ဆိုတာလည်း အဲဒီတော့မှ ပိုပြီးသဘောပေါက်မိတယ်။

၉-နာရီခွဲလောက်ကျတော့ မိုးကမထင်မှတ်ပဲ သဲကြီးမဲကြီး ထရွာလိုက်တယ်။ ဒါကြောင့် တစ်ချို့ယူဖို့ ရေးထားတဲ့ ပိုစတာတွေ မယူနိုင်တော့ဘူး။ ၉-နာရီခွဲလောက်ဆိုတော့ ဆန္ဒပြထွက်မယ့်ကိစ္စကို ဆရာငယ်အများစုနဲ့ အထက်ပိုင်းက ဆရာအချို့လည်း သိနေကြပြီ။ ဒါပေမယ် သဘောတူတယ်ဆိုတဲ့ အမှတ်သင်္ကေတအဖြစ် ဆိတ်ဆိတ်ပဲနေခဲ့တာတွေ့ရတယ်။ သူတို့ရဲ့ ဆန္ဒတွေသိရတော့လည်း ပိုပြီးဝမ်းသာ အားတက်လာတယ်။ ဆုံးဖြတ်ချက်တွေခိုင်မာလာခဲ့တယ်။

၁၀-နာရီထိုးပြီ၊ အတန်းမရှိတဲ့ ကျမ်းပြုသံဃာအချို့နဲ့ စာရေးသူတို့ စီစဉ်ထားတဲ့အတိုင်း ဘွဲနှင်းခန်းမ၊ မကွေးဆောင်(ပြည်ချစ်ဘုန်းဘုန်းဆောင်းပါးထဲပါတဲ့ စွမ်းအားရှင်ဘုန်းကြီး ခွေးပုရဲ့အဆောင်ပေါ့)၊ စာကြည့်တိုက်နဲ့ ပဲခူးဆောင်ကြားက လမ်းလေးခွဆုံစုရပ်နေရာက နေစောင့်နေကြတယ်။ နောက် အတန်းပြီးလာတဲ့ သံဃာတွေလည်း တဖြည်းဖြည်းရောက်လာကြတယ်။ ရောက်ပြီးသားသံဃာတွေက သင်္ကန်းတွေရုံရင်း ကျန်သံဃာတွေစောင့်နေကြတယ်။

သံဃာ ၂၀၀-လောက်စုမိပြီးတဲ့အချိန်မှာတော့ ဒီကိစ္စကို အကုန်သိပြီး ဒုတိယပါမောက္ခချုပ်နဲ့ ဌာနမှူးဆရာတော်အချို့ရောက်လာပြီး မထွက်ကြဖို့ မေတ္တာရပ်ခံတယ်။ အကုန်အဖမ်းခံရပြီး ဒုက္ခတွေရောက်ကုန်ကြလိမ့်မယ့်အကြောင်း၊ သေသေချာချာပြန်စဉ်းစားဖို့အကြောင်း၊ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တပည့်တော်တို့က စေတနာနဲ့ပြောတာဖြစ်တဲ့အကြောင်း စသဖြင့် အမျိုးစုံပြောဆိုဖျောင်းဖြပြီး တားပါတယ်။ သံဃာတွေကတော့ ဘာမှပြန်မပြောဘူး၊ ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ဘူး၊ ရှေ့ဆက်ထွက်မယ်ဆိုတဲ့ အမူအရာနဲ့သာ ဆက်လက်ရပ်နေကြတယ်။ နောက် သံဃာသုံးလေးပါးကစပြီး မေတ္တာသုတ်ကို စရွတ်လိုက်တယ်ဆိုရင်ပဲ အားလုံးတညီတညာတည်းလိုက်ရွတ်ကြတယ်။ သဲကြီးမဲကြီးရွားနေတဲ့ မိုးသံတွေကိုတောင် သံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ဆိုသံတွေက လွှမ်းမိုးသွားတော့တယ်။

အခုလိုမေတ္တာသုတ်တွေရွတ်တယ်ဆိုရင်ပဲ မသွားဖို့တားမြစ်နေတဲ့ ဆရာတော်ကြီးတွေရဲ့ မျက်နှာမှာလည်း ချက်ချင်းညှိုးငယ်သွားတာတွေရတယ်။ (နောက်တော့ တားမြစ်တဲ့ဆရာတော်တွေထဲက တစ်ပါးက စာရေးသူကို အခုလိုမိန့်တယ်။ မသွားဖို့တားမြစ်စဉ်က သူရင်ထဲမှာ အတော်ခံစားရတယ်ဆိုတဲ့အကြောင်း။ တာဝန်ရှိလိုသာ လုပ်ရတဲ့အကြောင်း၊ တကယ့်ဓမ္မဘက်က ရပ်တည်ပြီး တိုင်းပြည်အေးချမ်းသာယာဝပြောဖို့၊ ဒကာဒကာမတွေလိုချင်တောင်းတနေတဲ့ တရားမျှတဲ့ အုပ်ချုပ်ရေးတစ်ခုရဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုမေတ္တာသုတ်ရွတ်ဆိုခြင်းဟာ ဗုဒ္ဓတရားတော်နဲ့ညီပြီး နည်းလမ်းကျတယ်ဆိုတဲ့အကြောင်း၊ သူကိုယ်တိုင်ပင် အဲဒီတုန်းက လိုက်လာချင်တဲ့အကြောင်း၊ ဒါပေမယ့် အာဏာပိုင်အဖွဲ့အစည်းတွေ၊ မဟနဆရာတော်တွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်လို့ နေခဲ့ရတဲ့အကြောင်း စသဖြင့် မိန့်ကြားခဲ့ပါတယ်။

စက်တင်ဘာပြီးတော့ ၄င်းဆရာတော်အပါအ၀င် ဆရာ အတော်များများ တက္ကသိုလ်ကို ကျောခိုင်းသွားခဲ့ကြပါတယ်။ အဲဒီလိုစာသင်ကောင်းပြီး သင်တန်းသားသံဃာတော်တွေက လေးစားတဲ့ ဆရာတွေ မရှိတော့တာဟာ တက္ကသိုလ်အတွက်နစ်နာပါတယ်။ တဖြည်းဖြည်း တက္ကသိုလ်ဟာ အမှန်တရားကို မြတ်နိုးသူတွေအတွက် နေရာကျဉ်းလာပါတယ်။

အပိုင်း (၃) မျှော်

ဓမ္မ၀ိညာဉ်
(ပြည်တွင်းMSMAအဖွဲ့ဝင်)
September 16th, 2008


0 comments: