Friday, July 31, 2009

ဘယ်လမ်းရွေးမလဲ နအဖ

ဇူလိုင်လ (၃၁) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစီရင်ချက်မချရဲတဲ့ နအဖ၊ သြဂုတ်လ (၁၁) ရက်ကို တောင်လိုလို မြောက်လိုလိုနဲ့ ရွှေ့ပြောင်းခဲ့ပြန်တယ်၊ ဒါဟာ မတရားသဖြင့် ပြုမူလုပ်ဆောင်နေတာကို ဖင်ပိတ်ငြင်းနေလဲ
အပိုဖြစ်နေပြီဆိုတာ ပြည်သူတွေက သဘောပေါက်နေကြပေပြီ။

ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးဟာ ဘယ်ခေတ်တုန်းကမှ မဟုတ်တာ မတရားတာကို ခေါင်းငုံ့ခံခဲ့ရိုး ထုံးစံမရှိခဲ့ဘူးဆိုတာ နအဖအနေနဲ့ အထူးပေါက်စေချင်ပေသည်၊ ယခုအချိန်အခါသည် နအဖ စစ်မိစ္ဆာကောင်များအနေဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချခဲ့ပါက တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တော့မည်ဆိုတာ တကမ္ဘာလုံးက မျက်ဝါးဝါးထင်တွေ့မြင်ကြရပေမည်။

ပြည်သူဆီက အာဏာကို မတရားလုယူပြီး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသာမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားချင်တိုင်း စော်ကား မော်ကားလုပ်နေတာကို ဘယ်ပြည်သူကမှ သည်းခံနိုင်စွမ်းမရှိဘူး ဆိုတာကို နအဖ အနေဖြင့် လက်တွေ့ကျကျ တွေ့မြင်ရမည်ဖြစ်သည်။

အာဏာပါဝါရှိတိုင်း ထင်ရာစိုင်းလုပ်ချင်တဲ့ နအဖ ခေါင်းဆောင်များအနေနဲ့ နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာ သေသေချာချာ စဉ်းစားထားကြဖို့ အထူးလိုအပ်နေပေပြီ၊ ပြည်သူ့ညီညွတ်မှုစွမ်းအားကို ဘယ်အာဏာ ဘယ်ပါဝါကမှ တားဆီးနိုင်စွမ်းမရှိဘူးဆိုတာကို မကြာခင်တွေ့မြင်ရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ခေါင်းဆောင်အစစ်ဖြစ်ပြီး နအဖ ဟာ ဘယ်တော့ခါမှ ပြည်သူ့ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး၊ နအဖကို ဘယ်ပြည်သူ ဘယ်ကမ္ဘာကမှ အယုံအကြည်မရှိဘူးဆိုတာကို စစ်မှန်တဲ့လွတ်လပ်ရေးကို ဆာလောင် တောင့်တနေတဲ့ သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရဲ့ရင်ထဲက စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆို တိုက်ပွဲဝင်မှုတွေ မကြာခင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

နအဖ ဖွတ်ခေါင်းအဖွဲ့များအနေဖြင့် နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုလိုက်မလဲဆိုတာ မိမိကိုယ်တိုင်ရွေးချယ်မလား၊ ဒါမှမဟုတ် သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရွေးချယ်တဲ့လမ်းကို လိုက်မလားဆိုတာ မကြာခင် အဖြေတစ်ခု ထွက်ပေါ်လာ
တော့မည်ဖြစ်သည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)။



အပြည့်အစုံဖတ်ချင်ရင်...

ဘယ်လိုရှောင်ရှောင် မလွတ်တော့ဘူး

ဒေါ်အောင်ဆန်းစုကြည်းအား အမိန့်ချမည့်ရက် ရွှေ့ဆိုင်းလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ဟံသာဝတီ) ဦးဝင်းတင်က စစ်အစိုးရအနေဖြင့် မတရားလုပ်ကြံနေမှုသာဖြစ်ပြီး ယင်းကိစ္စအား ရှောင်လွှဲ၍ မလွတ်တော့ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ အင်းစိန်ထောင်ရှေ့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရက်ချိန်းရွှေ့လိုက်ခြင်းအပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ဘယ်လိုရှောင်ရှောင် သိပ်မလွတ်တော့ဘူး၊ လူထုက တော်တော် ဒေါသဖြစ်နေကြပြီ၊ မီဒီယာတွေက ပြောနေတာရော ပြည်သူတွေကိုယ်တိုင်ကပါ တီရှပ်တွေ၊ ဓါတ်ပုံတွေ ဝေတဲ့အခါကျတော့ တပြည်လုံးအတိုင်းအတာ အုန်းအုန်းကျက်ကျက်ကို ဖြစ်နေပြီ၊ သူတို့ရှောင်လို့ရမယ်ဆိုရင် ရှစ်လေးလုံးနေ့ပဲ ရမယ်၊ လူတွေစိတ်ထဲမှာရှိတဲ့ ဒေါသတွေ၊ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်တွေကို ဘယ်နေ့လုပ်လုပ် ရှောင်လို့မရဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ယခုလိုရက်ချိန်း ရွှေ့ပြောင်းလိုက်ခြင်းသည် ရှစ်လေးလုံးနှစ်ပတ်လည်နှင့် နီးကပ်လာသည်သဖြင့် ရွှေ့ဆိုင်းသွားသည်ဟု ထင်မြင်ကြောင်း၊ သူ့အား သွားလာခွင့်ပိတ်ပင်ထားသည်ဆိုသည့် သတင်းမှာ မမှန်ကန်သော်လည်း အင်းစိန်လမ်းမရှေ့ကို တားဆီးပိတ်ပင်ထားသဖြင့် အင်းစိန်ထောင်အနီးသို့ နောက်ဖေးလမ်းကြားမှ ယနေ့ ရောက်အောင်သွားခဲ့ရသည်ဟု ဆရာဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ အမိန့်ချရန် ရက်ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းတင်၏ နောက်ထပ် ထင်မြင်ချက်တခုမှာ “ရဟန်းသံဃာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူးဆိုရင် ပြည်တွင်းမှာ သံဃာလှုပ်ရှားမှုတွေ လုပ်မယ်၊ ကျောင်းသားလူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရင် ကျောင်းသားလှုပ်ရှားမှုတွေ လုပ်မယ်၊ ဖိလစ်ပိုင်သမ္မတနဲ့ အိုးဘားမားတို့ တွေ့တဲ့အခါကျတော့လည်း ဒီကိစ္စကို ရှေ့တမ်းတင် ဆွေးနွေးတယ်ဆိုတော့ စစ်အစိုးရက သူတို့အဖို့ ပြည်သူရဲ့ဖိအား၊ ကမ္ဘာအသိုင်းအဝိုင်းရဲ့ ဖိအားတွေဟာ အလွန်ကို ကြီးမားနေတဲ့အတွက် သူတို့ ပြန်ပြီး စဉ်းစားဖို့ အချိန်ရအောင် လုပ်တာပဲလို့ ယူဆတယ်” ဟု ပြောသည်။

ယခုလက်ရှိ နိုင်ငံရေးအကြပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၍ တွေ့ဆုံဆွေးရန် လိုအပ်ကြောင်း၊ ကျောင်းသားနှင့် လူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုနေမှုများကို ဆုပ်ကိုင်ပြီး တုန့်ပြန်ရန်၊ ယင်းဆုပ်ကိုင်ချက်အတိုင်း မားမားမတ်မတ် ရပ်တည်ပါက စစ်အစိုးရသည် မကြာမီ ပြုတ်ကျသွားမည်ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။

http://www.yoma3.org/

အပြည့်အစုံဖတ်ချင်ရင်...

Thursday, July 30, 2009

သာသနာကို ထိပါးသူများ သိစေချင်သည်

I want you know

အပြည့်အစုံဖတ်ချင်ရင်...

ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ

လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..

ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏
ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မတတ်ကာ လိမ်လည်
လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့
မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်
မည့်သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သားများသာ
လျှင်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်
ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ်မရသည့်ခေါင်းဆောင် ဖြစ်ပေသည်၊
လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀)
ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်၊

ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့လက်တွင်းကျရောက်နေသည်ကို အထူး
သတိပြုသင့်ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားပါက
မြန်မာနိုင်ငံ၏အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်တိုင်းပြည်ဖြစ်
ရုံမက သူတောင်းစားတိုင်းပြည်အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။

သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး
တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့
တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်
လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, July 29, 2009

အပြင်းထန်ဆုံးသောလူထုတိုက်ပွဲအတွက်ပထမအဆင့်ခြေလှမ်း

မြန်မာနိုင်ငံကြီးသည် စစ်ကျွန်အဖြစ်လုံးလုံးရောက်ရှိရန် လက်တစ်ကမ်းသာ လိုပါတော့သည်၊
စစ်မိစ္ဆာအာဏာရှင်တို့၏ ယုတ်မာပက်စက် ကောက်ကျဉ်းစဉ်းလဲ နည်းအမျိုးမျိုးနှင့် ညစ်ပတ်လုပ်ကြံမှုများကြောင့် မြန်မာနိုင်ငံကြီးသည် ဖွတ်ဖွတ်ကြေ ပြာပုံထဲက ခွေးဝဲစားဘ၀သို့ ရောက်ရှိခဲ့သည်ကို လွန်ခဲ့သည့် နှစ်(၂၀) က သက်သေ ပြခဲ့ပြီဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ
ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင်သွင်းအကျဉ်းချ ညှင်းပမ်းနှိပ်စက် အသံတိတ်
သတ်ဖြတ်လျှက်ရှိနေပေပြီ၊ ပြည်သူလူထု စစ်တပ် တိုင်းရင်းသားပေါင်းစုံ တို့ကိုလည်း အငတ်
ထားကာ မျိုးသုဉ်းစစ်ဆင်ရေးများကို ဆင်နွဲလျှက်ရှိပေပြီ။
ရဟန်းရှင်လူပြည်သူလူထုကြီးအနေဖြင့် အာဏာရှင်ကိုတိုက်ရင်းသေမလား ဒါမှမဟုတ် အာဏာရှင်က
သတ်ဖြတ်တာကို ငြိမ်ပြီး အသေခံမလား ဆိုသည့် မေးခွန်းကို မိမိ
ကိုယ်တိုင် မေးပြီး အဖြေရှာရတော့မည်ဖြစ်သည်၊ အာဏာရှင်ကို အမြစ်ပါမကျန်အောင် တိုက်
ထုတ်နိုင်မည့်အရာမှာ အပြင်းထန်ဆုံးသောလူထုတိုက်မှ လွဲ၍ အခြားမည်သည့်အရာမှ မရှိ
ပေ၊ အာဏာရှင်ကို ဘယ်လိုတိုက်တိုက် ပြည်သူဘက်က တရားသည် မှန်ကန်သည်ဆိုသည့်
အချက်သည် ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကိုင်စွဲထားသောလက်နက်ဖြစ်ပေ
သည်။
သို့ပါ၍ ယခုအခါသည် အပြင်းထန်ဆုံးသောလူထုတိုက်ပွဲကို ဆင်နွဲရန် အချိန်ကြ
ရောက်ပီဖြစ်သည့်အတွက် နအဖ၏ မတရား ရုံးများ၊ ကြံ့ဖွတ်ရုံးများ၊ ဌာနဆိုင်ရာကားများကို
မီးရှို့ဖျက်ဆီးခြင်း၊လမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ခြင်း၊မိမိရပ်ကွက်ကို မိမိတို့ကိုယ်
တိုင်အုပ်ချုပ်ခြင်း နအဖအာဏာ သက်ရောက်မှုမရှိစေရန်အတွက် စုပေါင်းညီညွတ်စွာ တော်
လှန်တိုက်ပွဲဝင်ကြပြီး စစ်မိစ္ဆာအာဏာရှင်ကို အမိမြန်မာပြည်မှ အပီးပိုင် တိုက်ထုတ်ပစ်ကြပါ
ရန် တိုင်းပြည်အကျိုးကိုမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)



အပြည့်အစုံဖတ်ချင်ရင်...

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ မှ အထူးကြေညာချက်။

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား အကျဉ်းချခံနေရတဲ့ ရဟန်းရှင်လူခေါင်းဆောင်တွေအားလုံး လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံးရဲ့ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်ပေသည်။

ကျွန်ုပ်တို့အားလုံး စစ်ကျွန်သဘောက် အာဏာရှင်ခြေဖ၀ါးအောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့ခေါင်းဆောင်များသည် ထောင်ထဲတွင် ဆင်းရဲ ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံကာ အာဏာရှင်ကို ဒူးမထောက် လက်မမြောက်အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်နေကြပေသည်။

ယခုအချိန်အခါသည် ကျွန်ုပ်တို့၏ မဟုတ်လျှင် ဘယ်တော့မှ ခေါင်းငုံ့မခံတတ်ကြသည့် သခင်စိတ်ဓာတ်ကို မွေးပီး အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်တိုက် ခိုက်ရတော့မည်အချိန် ကျရောက်လာပြီ ဖြစ်ပေသည်။

အနှစ် (၂၀) လုံး ရိုက်သွင်းထားတဲ့ ကျွန်စိတ်ဓာတ်တွေကို ဖျောက်ဖျက်ပီး သပိတ်စုံ သူပုန်ထ တော်လှန်မှသာလျှင် နအဖစစ်မိစ္ဆာကောင်များကို မြန်မာ့မြေပေါ်မှ အပြီးပိုင် ရှင်းလင်းဖယ်ရှားပစ်နိုင်မည် ဖြစ်ပေသည်။

မျိုးချစ်တပ်မတော်သားများကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး ပြည်သူလူထုကြီးကို အသက်ပေးကာကွယ်စောက်ရှောက်ပေးရန် တာဝန်အပြည့်ရှိသည်ကို လေးလေးနက်နက် သဘောပေါက်စေလိုပါသည်။

ကျွန်ုပ်တို့၏ အနှစ်နှစ်အလလ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ လူစဉ်မမီ လူမပီသမှု၊ မတရားမှုများနှင့် ဆုံးရှုံးနစ်နာနေတဲ့ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ရရှိဖို့အတွက် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လှည်းနေလှည်းအောင်း မြင်းစောင်းမကျန် အနီးကပ်ဆုံးရန်သူကို တွန်းလှန်တိုက်ခိုက် တော်လှန်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။

အပြည့်အစုံဖတ်ချင်ရင်...

ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း

ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း

( ဇေယျာသော်ကဗျာ မျှဝေနိုင်ဖို့ ပို့ပေးလိုက်တယ်။)

ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။ ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး...သူငယ်ချင်း ။ ။

မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။ ။

ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။ ။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။ ။ ။

ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)


Best Regards,

Min Yan Naing
Generation Wave
www.generation-wave.blogspot.com


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, July 28, 2009

တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်

နအဖ၏ရက်စက်ယုတ်မာကောက်ကျစ်မှုသည် ရုပ်လုံးပေါ်သထက်ပေါ်လာပြီဖြစ်သည်။
နအဖသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၃၁-၀၇-၂၀၀၉) နေ့တွင်
မတရား ထောင်ဒဏ်အပြစ်ပေးတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိရဟန်းရှင်လူ ပြည်သူ
နှင့် ပြည်သူမျိုးချစ်တပ်မတော်သားအားလုံးသည် မိမိတို့၏ စုတ်ပြတ်နုံခြာဆင်းရဲမွဲတေ
လူတစ်လုံးသူတစ်လုံးအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရသည့် ငရဲခန်းဘ၀ထဲမှရုန်းထွက်
ဖို့အတွက် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ် မဖြစ်မနေဆင်နွဲကြရတော့မည်ဖြစ်သည်။
ဗမာ့သွေး ရဲရဲနီကြောင်းကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့သလို သမိုင်း
ပေးတာဝန်တစ်ရပ်သည် မိမိတို့ပခုံးပေါ်သို့ ကျရောက်လာပြီဖြစ်ပေသည်၊ ယခုအချိန်အ
ခါသည် အနီးကပ်ဆုံးရန်သူကို ချေမှုန်းသုပ်သင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်သည်၊
ပြည်မာပြည်ကြီးသည် မကြာခင် အသူရာချောက်ထဲသို့ဇောက်ထိုးကျရောက်တော့မည်
အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပေသည်၊ ဇောက်ထိုးကျအောင် အတင်း
တွန်းချနေတဲ့ နအဖကို အပီးပိုင် ခြေမှုန်းသုပ်သင်တော်လှန်မလား၊ ဒါမှမဟုတ် နအဖစစ်
မိစ္ဆာကောင်တွန်းချသည့် အသူရာချောက်ထဲသို့ဇောက်ထိုးမိုးမျှော် လိုက်ပါသွားမလားဆို
တာကို မိမိကိုယ်မိမိ သေသေချာချာဆန်းစစ်ဖို့အထူးလိုအပ်နေပြီဖြစ်သည်။
စဉ်းစားမနေနဲ့ တွေဝေမနေပါနဲ့ မျိုးချစ်မြန်မာ ထလော့ ထလော့မျိုးချစ်မြန်မာ
သင့်ရဲ့အနီးကပ်ဆုံးရန်သူကို သင့်မှာရှိတဲ့ ကိုယ်ပိုင်လက်နက်နဲ့ အပီးပိုင်ချေမှုန်းသုပ်သင်ပါ
လော့၊ အောင်ပွဲသည်သင့်ရဲ့လက်တစ်ကမ်းမှာ၊ သင့်သွေးဖြင့် လူထုခေါင်းဆောင်များကို
ကယ်တင်ပါ၊သင့်သွေးသည် သင့်နိုင်ငံရဲ့ သမိုင်းကဗျဉ်းအဖြစ်နဲ့ သင်ဟာ သင့်နိုင်ငံရဲ့ မဟာ
သူရဲကောင်းအဖြစ် ရာဇ၀င်မှာတွင်ကျန်ရစ်ပေးလိမ့်မည်။

နအဖ စစ်မိစ္ဆာကောင်များကို အပြီးပိုင်တော်လှန်ကြ။
ဗမာ့သွေးကို ဖောက်ထုတ်ကြ၊
အာဏာရှင်မှန်သမျှ ဗမာ့မြေပေါ်မှာ အမြစ်ပါမကျန်အောင် ဆွဲနုတ်ကြ။

ဒီမိုကရေစီတော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)



အပြည့်အစုံဖတ်ချင်ရင်...

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော



မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 14 နာရီ 58 မိနစ်


နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။


အပြည့်အစုံဖတ်ချင်ရင်...

Monday, July 27, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၅)

တောကြောင်တွေကြောင့်
တောလည်းကြေပြီ။

တောဝက်တွေကြောင့်
တောလည်းပျက်ပြီ။

မျိုးမစစ်တွေကြောင့်
အမျိုးလည်းညစ်ခဲ့ရပါပြီ။

ဂုဏ်သိက္ခာအတွက်မဟုတ်ဘူးဆိုရင်
ဘာအတွက်ရှင်သန်ကြမှာလဲ

ဇောက်ထိုးမိုးမျှော်နေ့ရက်တွေကို
ကျွမ်းထိုးမှောက်ခုံဖြတ်သန်းရင်း
ဘ၀ဆိုတာဒီလောက်ပဲလား

လက်ခုပ်တီးအားပေးမခံရရင်တောင်
လက်ညှိုးထိုးတံတွေးထွေးမခံရဖို့လိုတယ်

ထုံးစံအတိုင်းဆိုရင်
ဇာတ်သိမ်းခါနီးမှာ ရဲသားကြီးတွေရောက်လာမယ်
ပရိသတ်ကြီးလက်ခုပ်တီးအားပေးမယ်

ခုတော့သူငယ်ချင်းရာ
ဇာတ်ပေါင်းခန်းတောင်ရောက်တော့မယ်
လူဆိုးကြီးတွေအသာစီးရတုံးလား

စစ်ပွဲတွေဆီသွားဖို့ဆိုရင်
သတ်ရဲ သေရဲ အနိုင်ယူရဲသူတွေပဲ လိုတယ်။

သဘာဝတရားကိုသစ္စာခံဖို့
ကမ္ဘာမြေကိုပေါင်းသင်ဖို့
အမှန်တရားကိုသက်သေထွက်ဆိုဖို့
ငါအရောက်လာခဲ့တယ်

မင်းသားမဟုတ်ပေမဲ့
ဗီလိမ်မဖြစ်ခဲ့တာဂုဏ်ယူပါရစေ…။…..။

ငြိမ်းချမ်းအောင်
၁၈ ဇူလိုင် ၀၉


အပြည့်အစုံဖတ်ချင်ရင်...

"အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခုချက်ချင်းလွှတ်"



Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဲ့ဝင်လူငယ်များမှ နအဖအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းအပေါ် ဆက်လက်ဆန့် ကျင်လျက်ရှိနေပြီး၊ ယနေ့ ဇူလိုင်လ (၂၇) ရက်နေ့ တွင် လမ်းမတော်မြို့ နယ် သံဈေးညောင်ပင်လေးဈေး၊ မင်္ဂလာတောင်ညွန့် မြို့ နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ စသည့် လူစည်ကားရာနေရာတို့ တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့်  FREE DAW AUNG SAN SUU KYI နှင့်  FREE BURMA စာတန်းပါစာရွက်စာတမ်းတို့ ကို ဖြန့် ကျဲခဲ့ကြပါသည်။

ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်း၍ နအဖဆန့် ကျင်ရေး အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

"အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခုချက်ချင်းလွှတ်"

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။

အပြည့်အစုံဖတ်ချင်ရင်...

တော်လှန်ရေးဆိုတာ လုပ်သင့်သလား ?

taw-1

အပြည့်အစုံဖတ်ချင်ရင်...

Thursday, July 23, 2009

မှန်တာကို ပြောဆိုပါမည်

မောင်သြ
၂၂ ဇူလိုင် ၂၀၀၉
line


ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေသည် နအဖအစိုးရအဖွဲ့ရော အန်အယ်လ်ဒီအဖွဲ့ချုပ်ပါ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် အကျပ်အတည်းဆိုက်နေသော အနေအထားမျိုးဖြစ်သည်။ အန်အယ်လ်ဒီက မတရားမှုနှင့် ဖိနှိပ်အုပ်ချုပ်မှု စစ်ယန္တရားကြီးကို ဆန့်ကျင်တော်လှန်ရင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လူထုတိုက်ပွဲ ဆင်နွှဲနေရသည်။ နအဖအစိုးရကမူ မိမိတို့၏ တရားဥပဒေမဲ့ အုပ်ချုပ်မှုနှင့် အာဏာရှင်စနစ်ကြီးစိုးမှု ပြိုလဲသွားမည်ကို စိုးရိမ်ကြောင့်ကြနေမှုနှင့်အတူ အဓိက အာဏာရှင် မိသားစုတွေ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးပြီး လူထု၏ ကလဲ့စားချေခြင်း ခံရမည်ကို ကြောက်လန့်နေပေသည်။ အချိန်တွေ ရွေ့လျားလာသည်နှင့်အမျှ အခြေအနေတွေကလည်း တရွေ့ရွေ့ ပြောင်းလဲလာသည့်အတွက် နိုင်ငံရေး ရွေ့လျားမှုသည် အပြောင်းအလဲ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။

နအဖဘက်မှ ၎င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံ (၇) ချက်အတိုင်း ဆက်သွားရန် ပြည်တွင်းပြည်ပသို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ နအဖမှ အခွင့်အရေးပေး သိမ်းသွင်းစည်းရုံးထားသော မျက်ကန်းမျိုးမစစ်၊ အရိုးအရင်းကိုက် လူတစုကလည်း နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ကြရန် ဟန်တပြင်ပြင် မာန်ဆင်နေကြပေပြီ။ ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေများက ဘယ်ဆီနေမှန်းမသိသေးသည့်အတွက် မုန့်ဆီကြော်နှင့် နှုတ်ခမ်းနား တည့်ပါ့မလားဆိုသည့် စကားပုံလို ဖြစ်နေသည်။ နအဖက ၂၀၀၈ ခုနှစ်က (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံထားဟုဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေဆုပ်ကိုင်ပြီး ရွေးကောက်ပွဲအတွက် လေလည်ပြနေချိန်တွင် အချောင်သမားအာဏာရူးများက မျှော်လင့်ခြင်းကြီးစွာဖြင့် ကြိုဆိုနေကြပြီဖြစ်သည်။

၂၀၀၈ ခုနှစ်က အတည်ပြုပြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲဝင်ကြမည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ သေသေချာချာ လေ့လာသုံးသပ် စဉ်းစားဖို့ လိုအပ်ပါသည်။

၁။ (န၀တ) နအဖ ထုတ်ပြန်ထားသည့် ၁/၉၀ အရ အခြေခံဥပဒေသည် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရေးဆွဲသည်လား၊ နအဖကြိုးဆွဲရာကသည့် ရုပ်သေးရုပ် (သို့မဟုတ်) နအဖစိတ်ကြိုက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များက ရေးဆွဲသည်လား။

၂။ ပြည်သူလူထုသဘောထား အမှန်ဖြင့် ထောက်ခံမှု ဟုတ် မဟုတ်။

၃။ ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ လမ်းညွှန်ချက် စည်းကမ်းဥပဒေများနှင့် ညီညွတ်မှန်ကန်မှု ရှိ မရှိ။

၎။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချို့အချက်အလက်များသည် ဒီမိုကရေစီကျင့်စဉ်များနှင့် ကိုက်ညီမှု ရှိ မရှိ။

၅။ စစ်အာဏာပိုင်များ ရာသက်ပန် ကြိုးကိုင်နိုင်ရေးအတွက် လမ်းခင်းပေးထားသော ဥပဒေအချက်အလက်များ ပါ မပါ စသည့် အချက်အလက်များကို အခြေခံထားပြီး လေ့လာစဉ်းစားသင့်ပါသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့်သာ ရွေးကောက်ပွဲကို ကျင်းပဆောင်ရွက်သွားမည်ဆိုလျှင် မည်သည့်အဖွဲ့အစည်းကပဲ နိုင်နိုင်၊ ပြည်သူလူထုအားလုံးသည် ဒုံရင်း ဒုံရင်းအတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးပြီး တသက်လုံး စစ်ကျွန်ဘ၀နှင့် ဒုက္ခတွေ ကြုံတွေ့နေရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာဆိုသလို ၂၀၀၈ ခုနှစ်ပါ အခြေခံဥပဒေများမှ ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သော အချက်အလက်များကို အန်အယ်လ်ဒီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအရ ပြန်လည်သုံးသပ်သင့်ပါသည်။ ဤနေရာတွင် ရွေးကောက်ပွဲဝင်ရန် ဟန်တပြပြနှင့် ဖင်ကြွနေကြသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း အန်အယ်လ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို မှန်မှန်ကန်ကန် ရှုမြင်ပြီး စဉ်းစားသင့်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့် ဖဆပလခေတ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲများသည် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ (၄) နှစ်တကြိမ် ကျင်းပပြီး ပြည်သူက နှစ်သက်လက်ခံလျှင် နောက်တကြိမ် ဆက်အရွေးခံရမည်။ မထောက်ခံလျှင် ပြုတ်ကျမည်။ ပြုပြင်၍ရသည်။ လွှတ်တော်ကိုယ်စားလှယ် (၅၀) ရာခိုင်နှုန်းကျော်နှင့် ဆုံးဖြတ်သည်။ ယနေ့ ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သည့်အဖွဲ့အစည်းကပဲ နိုင်နိုင်၊ အရပ်သားအစိုးရစစ်စစ် ဖြစ်မလာနိုင်၊ ရာသက်ပန် စစ်မျိုးဆက်များ အာဏာတည်မြဲရေး အတွက် အခြေခံဥပဒေများက ချုပ်ကိုင်ထားသည်။ (ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းစာမျက်နှာ (၁၇၃)၊ အခန်း (၁၂)၊ အပိုဒ် ၄၃၆ (က-ခ)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်) တပ်မတော်မှ (၂၅) ရာခိုင်နှုန်း ယူထားပြီးဖြစ်၍ (၇၅) ရာနှုန်း မည်သို့မျှ မကျော်နိုင်။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မကျင်းပမီကပင် တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အလေးအနက်ထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။

ကုန်ရှုံးတော့ တခေါက်
လင်ကုန်ရှုံးတော့ တသက်လုံးမှောက်
၂၀၁၀ ရွေးကောက်ပွဲ ရှုံးလို့ကတော့
စစ်ကျွန်ဘ၀ တသက်လုံးရောက်ကိန်းဆိုက်မည်ဖြစ်ပါသည်။

နအဖစစ်အစိုးရနှင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကြား မတူကွဲပြားခြားနားမှုများအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် အားလုံးပါဝင်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ (၃-၇-၀၉) သောကြာနေ့က လာရောက်ပြီး နအဖစစ်ခေါင်းဆောင်များနှင့် လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့နှင့် လည်းကောင်း၊ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအဖွဲ့များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ အဓိကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နှင့် တဦးချင်းစီ တနာရီကြာမျှ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် နှစ်ကြိမ်တိုင်တောင်းဆိုသော်လည်း တွေ့ခွင့်မရခဲ့။ ဤကိစ္စနှင့် ပတ်သက်၍ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “စိတ်ပျက်မိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြီးမားသော အခွင့်အရေးတရပ် ဆုံးရှုံးရသည်” ဟု ပြောကြားခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံခွင့်ကိုမူ တဖွဲ့လျှင် (၂) မိနစ်ခန့်သာ အချိန်ပေးခဲ့သည်။ ထို (၂) မိနစ်ခန့် အတွင်း များပြားလှသည့် မြန်မာ့နိုင်ငံရေး အနာဂတ်ကိစ္စများကို မည်သို့ဆွေးနွေးနိုင်ပါမည်လဲ ဆိုသည်ကို စဉ်းစားဖို့ကောင်း သည်။

မည်သို့ဆိုစေ ဘန်ကီမွန်းမှ ၎င်း၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခြင်း၊ မရခြင်းအပေါ် သူ၏ ခရီးစဉ် မအောင်မြင်ဘူးဟု ဆုံးဖြတ်ဝေဖန်ရန် မသင့်ကြောင်း ပြောဆိုခဲ့သည်ကို လက်ခံရပေမည်။ သူ၏ လာရင်းကိစ္စဖြစ်သည့် အချက်သုံးချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တင်ပြတောင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးက ချက်ချင်းအဖြေမပေးခဲ့သည့်အတွက် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

(၁၃-၇-၀၉) တနင်္လာနေ့ နံနက်က ဘန်ကီမွန်း၏ အစီရင်ခံစာကို လုံခြုံရေးကောင်စီသို့ တင်ပြပြီး နိုင်ငံအားလုံး ဆွေးနွေးခဲ့ကြ သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မြန်မာအစိုးရ မှ ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားခြင်းအပေါ် မြန်မာသံအမတ်ကြီးက “အကျဉ်းသားများ” ဟု ဆိုထားရာ လက်တလုံးခြားလှည့်ဖြားဖို့ သံသယ၀င်စရာ ဖြစ်ရပါသည်။ မပြတ်သားပါ၊ ရိုးသားမှုမရှိပါ။

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု၏ လိုလားတောင်းတမှုများ၊ ထင်သာမြင်သာ တိုးတက်မှုများ တစုံတရာ မတွေ့ရခြင်းအတွက် မြန်မာအစိုးရအပေါ် စိတ်ပျက်လက်ပျက် ဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြသော်လည်း နအဖ၏ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော ကျေးဇူးရှင် တရုတ်ကြီးကမူ တပည့်ကြီးအပေါ် အကောင်းမြင်သဘောဖြင့် ဖုံးဖုံးဖိဖိ တဖက်သတ် ကာကွယ်ပြောဆိုသွားသည်ကို ကြားရသည်။

ပညာတတ် တရုတ်ခေါင်းဆောင်ကြီးများ ဖြစ်ပါလျက်နှင့် အမှားနှင့် အမှန်၊ တရားခြင်း၊ မတရားခြင်းများကို စိစစ်ဝေဖန်ပိုင်းခြားမှု အားနည်းသော၊ မြန်မာပြည်သူသန်းပေါင်း (၅၀) ကျော်၏ ဒုက္ခမျက်နှာကို လျစ်လျူရှုကာ လက်တဆုပ်စာ အာဏာရှင်တို့ဘက်မှ မျက်နှာလိုက်သော၊ ကိုယ့်နိုင်ငံအတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ကြည့်တတ်သော တရုတ်ခေါင်းဆောင်ကြီးများ၏ သဘောထား အတွေးအခေါ်များကို မည်သို့နားလည်ရမှန်းပင် မသိတော့ပေ။

ဒီကြားထဲ သခွပ်ပင်က မီးတကျီကျီဆိုသလို ဆောင်းပါးရှင် မောင်မှတ်က (၁၄-၇-၀၉) နေ့ထုတ် အစိုးရအာဘော်သတင်းစာများ တွင် “ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက် လက်ကမ်းလျက်ပါ” ဆိုသည့် ဆောင်းပါးနှင့် ဆင်သေကောင်ပုပ်ကို ဆိတ်သားရေနှင့်ဖုံးရန် ကြိုးစားထားသည်ကို တွေ့ရသည်။

“အန်အယ်လ်ဒီက ကြေညာချက်တွေဟာ ပြည်သူ့ဆန္ဒသဘောထားကို ထင်ဟပ်ခြင်းမရှိ၊ ဦးစားပေးခြင်းမရှိ၊ အပြုသဘော မဆောင်၊ သူတို့ဖြစ်ချင်တာ လိုချင်တာကိုပဲ စက်နဲ့ လှည့်ထုတ် အပ်ကြောင်းထပ်နေတော့ ဂရုမစိုက်ဖြစ်တာတောင် ကြာခဲ့ပါပြီ…” တဲ့။

မောင်မှတ် … မောင်မှတ် ကြောင်တတ်ပါပေ့။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တဦးချင်းစီ တနာရီကြာ တွေ့ဆုံဆွေးနွေးခွင့်ရသလို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မြန်မာနိုင်ငံ၏ အထင်ကရ ပါတီကြီးတခု၏ ခေါင်းဆောင်များအနေဖြင့်လည်း အတွင်းရေးမှူးချုပ်နှင့် တနာရီလောက် တွေ့ဆုံပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးခွင့်ရမှ တရားမျှမှုရှိမည်ကို သိဖို့ကောင်းသည်။ ထိုသို့မဟုတ်ဘဲ အန်အယ်လ်ဒီက ခွင့်ပြုသည့် (၂) မိနစ် အပြင် (၁၀) မိနစ်လောက် တောင်းဆိုပြီး (၁၀) မိနစ်နှင့် အသေးစိတ် ဇာတ်စုံခင်းမပြနိုင်သည့်အကြောင်း၊ အန်အယ်လ်ဒီ၏ ကြေညာချက် ၁၈/၀၇/၀၉ ကို အမနာပ သရော်သလို၊ လှောင်သလိုနှင့် စောင်းချိတ်ရေးထားသည့် မောင်မှတ်ကို နအဖအစိုးရက နောက်နှစ်တွင် လူမှုထူးချွန်ဆု ပထမအဆင့်ပေးမှာ အသေအချာပင် (ရပြီးပြီလားတောင် မသိ)။

နောက်ပြီး မောင်မှတ်က “တကယ်တော့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အရေးကိစ္စထက် ဒီအမျိုးသမီးရဲ့ (ဒေါ်အောင်ဆန်းစုကြည်) အရေးကိစ္စက အထွေထွေအတွင်းရေးမှူးချုပ်အတွက် ပိုပြီးအရေးကြီးနေသလားလို့တောင် ယူဆချင်စရာပါ” ဟု ရေးထားသည်ကို ကြည့်ခြင်းအားဖြင့် မောင်မှတ်၏ ဦးနှောက်ထဲတွင် ဉာဏ်တထွာတမိုက်လောက်သာရှိမှန်း သိလိုက်ရပေသည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၂) နိုင်ငံက ထောက်ခံရွေးချယ်တင်မြှောက်ထားသည့် ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်သည် ဉာဏ်ပညာ အတွေးအခေါ် မသေးနိုင်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အပေါ် စိတ်ပျက်မိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြီးမားသည့် အခွင့်အရေးတရပ် ဆုံးရှုံးရပြီလို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောဆိုခြင်းသည် ခပ်တိမ်တိမ် ပြောဆိုခဲ့ခြင်းမဟုတ်သည်ကို မောင်မှတ် ဉာဏ်မမီ၍ မသိခြင်းဖြစ်ပေမည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ ရေးတို့ကို အမှန်တကယ် စွမ်းဆောင်စွမ်းရှိသော ထက်မြက်သည့် အမျိုးသမီးကောင်းတယောက်ဆိုသည်ကို အာရှတိုက်သား မစ္စတာဘန်ကီမွန်း ကောင်းကောင်းသိပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီလမ်းကြောင်း ပြောင်းလဲ တိုးတက်နိုင်ရေးအတွက် တွေ့ခွင့်တောင်းခဲ့ခြင်းဖြစ်ပါသည်။

ပြီးတော့ …“ဘန်ကီမွန်းရဲ့ ခရီးစဉ်ကို ပြည်သူအများစုက စောင့်ကြည့်နေကြပြီး ဝေဖန်သုံးသပ်မှုတွေဟာ ခဲလေသမျှ သဲရေကျ ဆိုတာလို နားနဲ့မဆံ့အောင် ကြားနေရပြန်တော့ စိတ်မကောင်းဖြစ်ရတာလည်း အမှန်ပါပဲ” ဟု ရေးထားပြန်သည်။ ထိုသဘောထားသည် ပြည်သူ့ရင်ထဲမှ အသံစစ်ဖြစ်သည်ကို အသင် မောင်မှတ် ဂဏှာဟိ မှတ်ပါလေ။

နောက် “တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ဒေါ်စုဟာ တရားရင်ဆိုင်နေရလို့ အစိုးရက တွေ့ခွင့်ပြုမယ်၊ မပြုဘူး ဆုံးဖြတ်လို့၊ စွက်ဖက်လို့ မရပါဘူး” ဟု ဆိုထားပြန်သည်။ ယနေ့ မြန်မာနိုင်ငံတွင် တရားရုံးလုပ်ပိုင်ခွင့်နှင့် အစိုးရလုပ်ပိုင်ခွင့် မည်သူက အထက်တွင် ရှိသည်လဲဆိုသည်ကို မောင်မှတ်ကလေး သေချာစဉ်းစားစေချင်သည်။

နောက် ဘန်ကီမွန်းခရီးစဉ်တွင် ပါလာသည့် အချက် (၃) ချက်တွင် “လူ့အခွင့်အရေး မြှင့်တင်ဖို့” ဆိုသည့်အချက်ကို မောင်မှတ်ဆောင်းပါးထဲတွင် တွေ့ရသည်။ အဲဒီအချက် မပါပေ။ နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်သာပါသည်။ ထို့ကြောင့်လည်း လုံခြုံရေးကောင်စီတွင် မြန်မာသံအမတ်ကြီးက အကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရက ပြင်ဆင်နေပါပြီဟု ပြောခဲ့ခြင်းဖြစ်သည်။ မောင်မှတ် ရှင်းလောက်ပြီထင်သည်။

“မြန်မာပြည်သူတွေရဲ့ အရေးနဲ့ယှဉ်ရင် လူပုဂ္ဂိုလ်တဦးတယောက်ဟာ သာမညသာဖြစ်တယ်” ဆိုသည့် မောင်မှတ်၏ စကားသည် သာမန်လူတယောက်အတွက် ယေဘုယျအားဖြင့် မှန်ချင်မှန်မည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကား (သာမန်မိန်းမသားတယောက်) သာမညပုဂ္ဂိုလ်တယောက် မဟုတ်ပေ။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ ပြည်သူများ၊ နအဖစစ်အာဏာပိုင်များ၊ တပ်မတော်သားအားလုံးကပါ စောင့်ကြည့်ဂရုစိုက်ခံနေရသည့် ထူးခြားထက်မြက်သည့် လူသားတယောက်ဆိုသည်ကို မောင်မှတ် မျက်စိစုံမှိတ် မငြင်းသင့်ပေ။

မောင်မှတ်ရေးသကဲ့သို့ ကုလသမဂ္ဂကြီးနှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေပါသည်ဆိုလျှင် ၁၉၇၄ ခုနှစ်မှစ၍ ယနေ့အထိ နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များအပေါ် လက်တွေ့ တချက်ချင်း မည်ကဲ့သို့ လိုက်နာဆောင်ရွက်ခဲ့သည်ကို ရှင်းပြသင့်ပေသည်။

၂၀၀၈ ခုနှစ်တွင် ပြည်သူ့ဆန္ဒ (၉၂.၄၈) ရာခိုင်နှုန်းနှင့် အတည်ပြုခဲ့သည်ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး မောင်မှတ်က “စောဖေတို့က နောကျေနေပါပြီ။ ဒီလိုပြင်ဆင်ဖို့ဆိုတာကို ဘယ်ပြည်သူက လက်ခံမလဲ၊ ပြည်သူက လက်မခံနိုင်ဘူးဆိုရင် အစိုးရကလဲ ဘယ်လက်ခံပါ့မလဲ။ ဘယ်အစိုးရမှ ပြည်သူရဲ့ Mandate ကို ကျော်လွန်လို့မရနိုင်ဘူးဆိုတာ အားလုံးနားလည်ပြီးသားဖြစ်မှာပါ” (ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှေ့ပိုင်းတွင် ဖော်ပြပြီး)။

အော် … မောင်မှတ် … မောင်မှတ်
ကြောင်လဲ … ကြောင်တတ်
ဟောင်လဲ … ဟောင်တတ် … ပါလား။

ထိုသို့ ငါ့စကားနွားရ ပြောတတ်သည့် မောင်မှတ်ကို ၁၉၉၀ ပြည့်နှစ်တွင် အပြတ်အသတ် အနိုင်ရခဲ့သည့် ပြည်သူတွေ၏ Mandate၊ လွတ်လပ်ပြီးတရားမျှတပါသည်ဟု စစ်အစိုးရကရော ပြည်သူကရော ကမ္ဘာ့နိုင်ငံအားလုံးကပါ အသိအမှတ်ပြုခဲ့သည့် ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ Mandate ကို မည်သည့်အစိုးရက ပစ်ပယ်ဆန့်ကျင်ပြီး ကတိတွေဖျက် ကျော်လွန်ခဲ့ပါသနည်းဟု မေးလိုက်ချင်ပါသည်။ စိတ်နှလုံးသား ရိုးသားဖြူစင်သည်ဆိုလျှင် အမှန်တရားကို ဘွင်းဘွင်းကြီး တွေ့မြင်နိုင်ပါလိမ့်မည်။

ချုပ်၍ဆိုရလျှင် ယနေ့ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အရွှေ့အပြောင်း တိုးတက်မှုကိစ္စသည် ကမ္ဘာတ၀န်းမှ ခေါင်းဆောင်များ၊ ပြည်သူများက ရင်ထဲအသည်းထဲမှ စွဲမက်ချစ်ခင်လေးစား ကြည်ညိုပြီး ၀ိုင်းရံစောင့်ကြည့်ခြင်းခံနေရသည့် အန်အယ်လ်ဒီပါတီ၏ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖအစိုးရအုပ်ချုပ်မှုအောက်တွင် ရှိနေသည့် တရားရုံးမှ တရားသူကြီးများက မည်သို့သော ပြစ်ဒဏ်စီရင်ချက် ချမှတ်မည်လဲဆိုသည့်အပေါ်တွင် မူတည်နေသည်ဟု ထင်မြင်မိပါသည်။

ဘယ်သူမပြု မိမိမှု၊ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာလိမ့်မည်။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Sunday, July 19, 2009

Song - 62nd Anniversay of Burma's Martyrs Day

အပြည့်အစုံဖတ်ချင်ရင်...

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းများ



အပြည့်အစုံဖတ်ချင်ရင်...

ဗုဒ္ဓပြောတဲ့ အာဇာနည်




အာဏာရမက်ငန်းငန်းတက်သူ မသမာသူ လူတစ်စုရဲ့လက်ချက်ကြောင့် ဗိုလ်ချု့ပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြရတာ ယခုဆိုလျှင် နှစ်ပေါင်း ၆၂-နှစ်သို့ပင် ရောက်ရှိလို့လာခဲ့ပါပြီ။ ကိုယ့်အသက်စည်းစိမ်ဥစ္စာကို ပဓာနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် တိုင်းတစ်ပါးရဲ့ ကျွန်ပြုမှုအောက်ကနေ လွတ်မြောက်အောင် ကြီုးစားခဲ့ရုံမျှမက ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ရရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ကြည်ညိုမှု လေးစားတန်ဖိုးထားမှု အားကိုးမှု စတာတွေကိုလည်း ၇ရှိခဲ့ကြသူတွေပါ။ သူတို့တတွေရဲ့ ကျဆုံးမှုဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်လို့သာနေပါတော့တယ်။


အကြောင်းကတော့ ထိုအာဇာနည်ခေါင်းဆောင်ကြီးများအနေနဲ့ မိမိတို့တိုင်းပြည်ကို တိုင်းတပါးရဲ့ကျွန်ပြုမှု လက်အောက်က လွတ်မြောက်စေခြင်းရဲ့ ဘ၀တစ်ကွေ့ တစ်ဆက်ချိုးအထိေ၇ာက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ပြည်တွင်းဖြစ် စစ်အာဏာရှင် ကိုလိုနီ တွေရဲ့ လက်အောက်မှာ တစ်ဝဲလည်လည်ဖြစ်နေရဆဲမို့ပါပဲ။ ဒါကြောင့်မို့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျရှုံးသွားရမှုဟာ တိုင်းပြည်နှင့်လူမျိုးတစ်ရပ်လုံးကို စစ်အာဏာရှင်တွေရဲ့ လက်ထဲ ထိုးအပ်ခံလိုက်သလိုဖြစ်နေစေပါတယ်။
တကယ်တော့လည်း တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးကိုမကြည့် မိမိရဲ့ ရာထူး အာဏာကိုသာ ကြည့်တတ်ကြသူတွေဟာ ခေတ်အဆက်ဆက်တိုင်းမှာ အာဇာနည် သူရဲကောင်းတို့ရဲ့ အခြားစာမျက်နှာတစ်ဖက်မှာ ရှိတတ်ကြစမြဲပဲမဟုတ်ပါလား။ ဒီလိုလူမျိုးတွေကို သူရဲဘောကြောင်သူတွေရယ်လို့ လူတွေက သမုတ်လေ့ရှိကြပါတယ်။

ထိုသူတွေဟာ ပြည်ချစ်ဇာနည်ရဲ့ ဆန့်ကျင်ဘက် ပြည်ဖျက်ဇာနည်များသာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူရဲကောင်းကြီးတွေရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရောင်တွေကို သူရဲဘောကြောင်သူတွေက လမ်းညွှန်ပေးမယ့် မီးပြတိုက်ကြီးသဖွယ် သဘောမထားနိုင်ပဲ အမြဲနောက်ကလိုက်ပြီး ခြောက်လှန့်နေတဲ့ မီးလုံးကြီးသဖွယ် အမြင်မှားတတ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့လည်း ယခုဆိုလျင့် မြန်မာနိုင်ငံမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ရောင်ကို တစ်နေ့တစ်ခြား မှေးမှိန်အောင် ကြိုးစားနေကြတာပဲမဟုတ်ပါလား။
တကယ်တော့ သူရဲဘောကြောင်သူတွေဟာ ကိုယ်ပိုင်မူ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်လက္ခဏာတွေ ကင်းနေတဲ့အတွက် မိမိရဲ့ကိုယ်ပိုင်သဘောထား ရပ်တည်ချက်တွေအပေါ်မှာ ရပ်တည်နိုင်ကြသူတွေမဟုတ်ပါဘူး။

အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ အသိဉာဏ်ဟာ ဆင်ခြင်တုံတရားကင်းမဲ့မှု မသိမိုက်မဲမှု အပေါ်မှာသာ အခြေခံထားတာကြောင့် ကျိုး ကြောင်းဆီလျော်မှု စတာတွေကို မဝေခွဲတတ်အောင် ဖြစ်လေ့ရှိတတ်ကြပါတယ်။ အဲဒါကို အဘိဓမ္မာစကားနှင့်ပြောရရင်တော့ မောဟ အ၀ိဇ္ဖာလို့်ခေါ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဟောမား ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့ အခုလိုပြောပါတယ်၊ “သူရဲဘောကြောင်တဲ့သူတွေဟာ သူတစ်ပါးရဲ့ကျွန်ဖြစ်ဖို့ အသင့်အနေထားမှာရှိနေပြီးတော့၊ ကျွန်ဖြစ်သွားတာနဲ့ တစ်ပြိုင်တည်းမှာပဲ သူရဲ့ ကိုယ်ကျင့်စာရိတ္တ တ၀က်ဟာလည်း ပြောက်ကွယ်သွားတတ်တယ်” လို့ ဆိုပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာအာနိုး ဆိုသူကတော့ “ သူရဲဘောကြောင်သူတွေဟာ ကျွန်ဖြစ်နေရတဲ့အချိန်မှာ သူရဲ့ကိုယ်ကျင့်စာရိတ္တ တစ်ဝက်လောက်ဟာ ကျန်ရှိနေသေးပေမယ့် ကျွန်ဘ၀က လွတ်မြောက်သွားတဲ့အချိန်မှာတော့ ၄င်းကျန်တစ်ဝက်ပါ ပြောက်ကွယ်သွားတတ်တယ်” လို့ ထည့်စွက်ပြီးပြောဆိုသွားခဲ့ပါတယ်။

ဒါကဘာကို ပြလိုတာလဲဆိုတော့ သူရဲဘောကြောင်သူတွေဟာ ဆုံးရှုံးမှုလောကဓံတွေမှာ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေသေးပေမယ့် အောင်မြင်မှုလောကဓံ နဲ့တွေ့ကြံရချိန်မှာတော့ ရာထူး အာဏာ စည်းစိမ် စတာတွေရဲ့အပေါ်မှာ တင်းတိမ်ရောင်ရဲမှု ဆိုတာမရှိတော့ပဲ အထိန်းအကွပ်မဲ့ ဖြစ်သွားတတ်တဲ့သဘောကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓရဲ့စကားတော်တွေဖြစ်တဲ့ “လောဘော အတ္ထံ န ဇာနာတိ- ရာထူး အာဏာ စည်းစိမ်ဥစ္စာတွေအပေါ်မှာ အလိုလောဘ ရမက် လွမ်းမိုးမှုကို ခံနေရသူတွေ၊ ဒေါသော အတ္ထံ န ဇာနာတိ၊ အမျက်ဒေါသထွက်နေသူတွေဟာ အမှား အမှန်၊ အကြောင်း အကျိုး၊ အကောင်း အဆိုး စတာတွေကို မသိတော့ဘူး” ဆိုတာတွေက သက်သေပြလို့နေပါတယ်။ ဒီတရားနှစ်ပါးဟာ အသိဉာဏ် ကင်းမဲ့မှုရဲ့အပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့်မို့လည်း မောဟော အတ္တံ န ဇာနာတိ- မသိ မိုက်မဲမှုတွေဟာလည်း ဆိုး ကောင်း၊ ကျိုး ကြောင်း စတာတွေကို မသိမှုရဲ့ အဓိက တရားခံဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။

ယခု အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း ကြည့်ပါ။ တိုင်းတပါးရဲ့ ကျွန်ပြုမှုအောက်မှာ အတူတကွ တွေ့ကြုံခံစားခဲ့ကြရ အတူတကွ တွန်းလှန်ခဲ့ကြပေမယ့် တိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ခါနီးအချိန်မှာတော့ မိမိတို့ရရှိထားတဲ့ ရာထူးအာဏာနဲ့ မတင်းတိမ် မရောင်ရဲနိုင်ကြပဲ တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ဆိုရမယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမြှော်အမြင်ကင်းမဲ့စွာနဲ့ပဲ လုပ်ကြံသတ်ဖြတ်လိုက်ကြပါတယ်။ ယခုလို သန်းပေါင်းများစွာသော တိုင်းသူပြည်သားများရဲ့ ကောင်းကျိုးချမ်းသာအတွက် မိမိတို့ရဲ့အသက်သွေး ချွေးတွေကို ပေးဆပ်သွားခဲ့ကြလို့လဲ အာဇာနည် သူရဲကောင်းကြီးများရယ်လို့ ကင်ပွန်းတတ် မှည့်ခေါ်ခဲ့ကြတာပဲမဟုတ်ပါလား။ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသား ဖြောင့်မတ်တဲ့ဂုဏ်တွေ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် သူရဲ့မျှော်လင့်ချက် အတွေးအခေါ် စတာတွေဟာ သူရဲ့မိန့်ခွန်းစကားတွေက ဖော်ပြလို့နေပါတယ်။

အာဇာနည် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ယခုလက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုလိုဖွင့်ဆိုထားပါတယ်။ “ စွန့်စားရဲတဲ့ပုဂ္ဂိုလ်များ အနစ်နာခံပြီး ကိုယ့်ယုံကြည်ချက်အတွက် လှုပ်ရှားရဲတဲ့ပုဂ္ဂိုလ်တွေကို အာဇာနည်လို့ ခေါ်တယ်။ ဒီတော့ စွန့်စားတာအပေါ်မှာ မူတည်ပါတယ်၊ စွန့်လွှတ်တာအပေါ်မှာ မူတည်ပါတယ်၊ ယုံကြည်ချက်အပေါ်မှာ မူတည်ပါတယ်၊ အောင်မြင်ခြင်းဆိုတာထက် အောင်မြင်မှုအတွက် ကြိုးပမ်းခြင်း အပေါ်မှာ အခြေခံပြီးတော့ လူတစ်ယောက်ဟာ အာဇာနည် ဟုတ်သလား မဟုတ်သလားဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရမှာပါ”။ အဆိုပါ မိန့်ခွန်းစကားတွေကို ကြည့်သောအားဖြင့် မိမိကိုယ်ကျိုးတွေကို စွန့်လွှတ်အနစ်နာခံပြီး အများကောင်းကျိုးအတွက် လုပ်ဆောင်နေကြသူတွေဟာ တကယ့်အာဇာနည်ပုဂ္ဂိုလ်ကြီးတွေဖြစ်တယ် ဆိုတာကို သိနိုင်ပါတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မှ အာဇာနည်ဖြစ်နိုင်တာမဟုတ်ပါဘူး။ မိမိရဲ့ လုံးလပယောဂကြောင့် လူအများ ကိုယ်စိတ်နှစ်ပါး ချမ်းသာရတယ်ဆိုရင် ဒါဟာ အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပါပဲ။

အာဇာနည်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်ပါသလဲ ဆိုတဲ့ အရှင်အာနန္ဒာမထေရ်ရဲ့ အမေးကို မြတ်စွာဘုရားရဲ့တုန့်ပြန်ချက်က “ လောကမှာ ဆင်အာဇာနည် ၊ မြင်းအာဇာနည်၊ နွားလားဥသဘ စတဲ့ အာဇာနည်တွေကို သက်ဆိုင်ရာ အရပ်မျက်နှာတွေမှာ တွေ့နိုင်ပေမယ့် ယောက်ျားအာဇာနည် လူအာဇာနည် ဆိုတာကိုတော့ ရဖို့ရာ အလွန်တရာမှ ခဲယဉ်းတယ်။ နေ၇ာတိုင်းမှာမရှိနိုင်ဘူး။ အဲဒီလို ယောက်ျားအာဇာနည် လူအာဇာနည်မျိုးတွေ ပေါ်ထွန်းခဲ့မယ်ဆိုရင်လည်း ထိုအာဇာနည်ကြီးတွေပေါ်ထွန်းတဲ့ အ၇ပ်ဒေသက လူအများဟာ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရရှိနိုင်တယ်လို့” မိန့်ကြားတော်မူခဲ့ပါတယ်။ အဆိုပါ မြတ်ဗုဒ္ဓရဲ့စကားရပ်က ဗိုလ်ချုပ်ဦးဆောင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေရဲ့ ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေတဲ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဇာနည်နဲ့ပတ်သက်တဲ့ အမြင်အယူအဆတွေကိုလည်း ထောက်ခံလို့နေပါတယ်။

ဒါကြောင့် အာဇာနည်ပုဂ္ဂိုလ်ကြီးတွေရဲ့ တူညီတဲ့ သဘောထား အယူအဆ ခံယူချက်တွေဟာ အာဇာနည်သူရဲကောင်း ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ စံနှုန်းတွေများဖြစ်လို့နေရာ့သလားလို့ပါ။ ယခုလို ထူးခြားပြောင်မြောက်ပြီး တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားခဲ့ကြရတဲ့ မြန်မာ့အာဇာနည်သူရဲကောင်းကြီးများရဲ့ ၆၂-နှစ်မြောက် အာဇာနည်နေ့ကို အလေးမြတ် ဦးညွတ်ဂုဏ်ပြုလိုက်ရပါတယ်။

ဇာနည်ယောက်ျား အလွန်ရှား၏
များပြားနေရာ မဖြစ်ပါဘဲ
ဖြစ်လာပြန်မူ
ထိုသူဖြစ်ရာ ရပ်ရွာအမျိုး ချမ်းသာတိုး၏။ ။

သခင်နွယ် (MSMA)


အပြည့်အစုံဖတ်ချင်ရင်...

Saturday, July 18, 2009

ဆရာတော် ဦးသုမင်္ဂလ တရားပွဲ တားမြစ်ခံရ

စစ်အစိုးရအာဏာပိုင်များက ဆရာတော် ဦးသုမင်္ဂလ တရားပွဲကို တားမြစ်ခဲ့ပြီး တရားပွဲလာသူများကိုလည်း နှောက်ယှက်မှုများ ပြုလုပ်ခဲ့သည်။

ယခုလ (၁၆) ရက်နေ့ ည (၇) နာရီတွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် အာရှတော်ဝင်ဆေးခန်းအနီးရှိ ကံမြင့်ဓမ္မာရုံတွင် ပြုလုပ်မည့် တရားပွဲကို ပိတ်ပင်ခြင်းဖြစ်သည်။

“အာဏာပိုင်တွေကလာပြီး တရားပွဲလုပ်ခွင့် မပေးဘူးဆိုပြီး ပြောတယ်၊ တရားပွဲလာတဲ့သူတွေကို လမ်းမှာပိတ်ထားပြီး ပြန်ခိုင်းတယ်” ဟု တရားပွဲသွားခဲ့သူတဦးက ပြောသည်။

တရားပွဲကျင်းပမည့်နေရများတွင် ချိတ်ဆွဲထားသည့် ဆရာတော် ဦးသုမင်္ဂလ ဓါတ်ပုံများကို ဖြုတ်ယူသိမ်းဆည်းခြင်းများလည်း ပြုလုပ်ခဲ့ကြောင့် ၎င်းက ဆက်ပြောသည်။

“ဓမ္မာရုံမှာ ဆရာတော်ရဲ့ပုံတွေ ချိတ်ထားတာတွေကို အကုန်ဖြုတ်တယ်၊ ပြီးတော့ သူတို့ပဲ ယူသွားတာ၊ ပွဲလာတဲ့လူတွေလဲ အကုန်ပြန်သွားရတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရလက်ထက်တွင် ဘာသာရေးဆိုင်ရာ ပွဲများကို ခွင့်ပြုပြီးမှ ပိတ်ပင်ခြင်းများ မကြာခဏ ပြုလုပ်နေလျှက်ရှိပြီး အထူးသဖြင့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း တရားပွဲများကို တားမြစ်မှုများ ပြုလုပ်ထားသည်။

ထို့အပြင် မကြာသေးခင်ကလည်း သံဃာတော်များ နိုင်ငံခြားသွားလာခွင့်ဗီဇာ ထုတ်ပေးခြင်းများကို ပိတ်ပင်ထားလိုက်သည်။

http://www.yoma3.org/

အပြည့်အစုံဖတ်ချင်ရင်...

Thursday, July 16, 2009

မီးစင်ကြည့်ကရင်း မီးလောင်ပြာကျတော့မယ့် စစ်အာဏာရှင်နအဖ

တရားဥပဒေစိုးမိုးမှုမဲ့၊ အာဏာရူးစစ်ဗိုလ်ချုပ်တွေက တရားစီရင်ရေးရဲ့အထက်မှာ အမြဲတမ်းရှိနေတဲ့ လူထုမျက်ကွယ်တရား ရုံးတခုမှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တက်သုတ်ရိုက်စစ်ဆေးနေတဲ့ သတင်းတွေကို နေ့စဉ်ရက်ဆက်နီးပါးကြားရ၊ မြင်ရ၊ စိတ်ဆိုးရ၊ ဒေါသဖြစ်ရ၊ မခံချိ မခံသာဖြစ်ရ၊ အားမလိုအားမရဖြစ်ရတာတွေက ထုံးစံ အတိုင်း ရာနှုံးအများစု ဖြစ်ပြီး ၀မ်းသာအားတက်ရ၊ ကြေနပ် နှစ်သက်ဖြစ်ရတာတွေကတော့ အလွန်နည်းပါးတဲ့ ရာနှုံးမှာပဲ ရှိခဲ့ပါတယ်။

ခုဆို လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှကြောင်းကျိုးဆီလျှော်မှုမှမရှိ၊ တရားဥပဒေနဲ့ညီ ညွတ်မှုမရှိဘဲ ဖမ်းဆီးအကျဉ်းချ ရုံးတင်စစ်ဆေးလာခဲ့တာ နှစ်လ နီးပါးရှိလာခဲ့ပါပြီ။ တရားလိုပြသက်သေတွေကို စစ်ဆေး မေးမြန်းတာတွေ သူတို့ရဲ့အဖြေတွေကိုလည်း အတော်အတန်ကြားခဲ့ပြီးပါပြီ။ ဒါပေမယ့် တဖက်မှာတော့ စွတ်စွဲခံရသူ ဒေါ် အောင်ဆန်းစုကြည်ဘက်က ခေါ်ယူဖို့တင်ပြလာတဲ့ သက်သေတွေကိုတော့ အားလုံးပယ်ချပစ်ခဲ့ပြီး ခွင့်ပြုခံခဲ့ရတဲ့ တဦးတည်း သောသက်သေ လပွတ္တာမြို့နယ်လွှတ်တော်အမတ် ဦးကြည်ဝင်းရဲ့ထွက်ဆိုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင် ထွက်ဆိုချက်ကိုပဲ ကြားခဲ့ရပါတယ်။ စွတ်စွဲခံရသူဘက်က တင်ပြလာတဲ့ သက်သေတွေကို ဘာဖြစ်လို့ပယ်ချခဲ့တာပါလဲ။ ဘယ် ဥပဒေတွေနဲ့ မညီညွတ်လို့ပါလဲ။

ဘာအကြောင်းပြချက်မှမပေးဘဲ ပယ်ချပစ်ခဲ့တာပါ။ စစ်ဆေးတဲ့အမည်ခံ တရားသူကြီးတွေကတော့ အာဏာရှင်ဗိုလ်ချုပ် တွေက ပယ်ဆိုရင် ပယ်ပြီးသားပါ၊ ချဆိုရင်လည်းချပြီးသားပါ ဆိုတဲ့ ကျောရိုးမဲ့ အထက်ဖားအောက်ဖိ ကိုယ်ကျိုးသက်သက် သမားတွေပါပဲ။ ဒါလည်း အတွေ့အကြုံအသစ်တော့ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းရဲ့မဆလအစိုးရ လက်ထက်ကတည်းက တရားစီရင်ရေးမှာ ဒီလိုပဲဖြစ်ခဲ့တာပါပဲ။ တရားစီရင်ရေးရဲ့အထက်မှာ အာဏာရှင်စစ်ဗိုလ်တွေက စိုးမိုးချယ်လှယ်ခဲ့ကြတာကို သိမှီတွေ့ကြုံခဲ့သူတွေ မေ့ကြလိမ့်အုံးမယ်မဟုတ်ပါဘူး။ ဟောခုတခါ တိုင်းတရားရုံးက ပယ်ချထားတဲ့ သက်သေတွေကို ပြန် ပြီး လက်ခံလိုက်ပြန်ပါပြီ။ မီးစင်ကြည့်ကတဲ့ ကကွက်တခုပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးလျှောက်လဲချက် ပေးပြီးရင် ကြံစည် ထားတဲ့ ကကွက်အတိုင်း ဆက်ကရဲ မကရဲကတော့ စောင့်ကြည့်ရပါလိမ့်မယ်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ ထိုင်းနိုင်ငံက တော့ ဒီတကြိမ်မှာအတော်ကြီး ဝေဖန်ပြစ်တင်တောင်းဆိုလာတာ တွေ့ရပါတယ်။ ကျေးဇူးတင်ရပါလိမ့်မယ်။

ခုဆောင်းပါးမတိုင်ခင် နအဖ စစ်အစိုးရရဲ့ သဘာဝနဲ့ သူတို့ရဲ့ကျင့်သုံးနေတဲ့ နည်းပရိယာယ်တွေနဲ့ ပတ်သက်ပြီး မကြာခင် ကပဲ ဆောင်းပါးတချို့ရေးသားတင်ပြခဲ့ပြီးပါပြီ။ နအဖစစ်အစိုးရဟာ မီးစင် ကြည့်ကတဲ့ နည်းကိုသုံးနေပါတယ်လို့ တာဝန်ရှိ ဗိုလ်ချုပ်တွေကိုယ်တိုင်က ၀န်ခံပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ခုလည်း ပြည်တွင်းက ပြည်သူလူထုနဲ့ အာဆီယမ်အပါအ၀င် နိုင်ငံ တကာက ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်မှုရှိသလဲ ဆိုတာကို သူတို့စောင့်ကြည့် အကဲခတ်နေပါတယ်။ အာဆီယမ်ရဲ့ အရင်နဲ့မတူ ဝေဖန်ထောက်ပြ သတိပေးပြောဆိုလာမှုကို တန်ပြန်စွတ်စွဲမှုတွေနဲ့အတူ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှုအဖြစ် အပြစ်တင်ပယ်ချ တုန့်ပြန်လိုက်သလို လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်တဲ့ စာကိုလည်း ဘာတခုမှလိုက်လျောမှု မလုပ်ဘဲ ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ဆင်ခြေနဲ့ အာခံအံတု လိုက်ပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ပြောရရင် မြန်မာစစ်အာဏာရှင်တွေဟာ အာဆီယမ်ပဋိညဉ် စာချုပ်ရဲ့ အခန်း(၇) အပိုဒ်(၁) ပါ ဒီမိုကရေစီ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့တရားဥပဒေစိုးမိုးမှု၊ အခြေခံလူ့အခွင့်အရေးတွေ ကို မြှင့်တင်အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ကို ဗြောင်ကျကျနဲ့ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတာဖြစ်ပါတယ်။

အဲဒီလိုချိုးဖေါက်နေတာကို ပြန်ပြီးတည့်မတ်ပြင်ဆင်မပေးနိုင်တာဟာ ဒေသဆိုင်ရာအဖွဲ့အစည်းကြီးရဲ့ ဦးတည်ချက်တွေကို ဟန်ပြသဘောသာဖြစ်သွားစေပြီး အာဆီယံအဖွဲ့ရဲ့အပြည်ပြည်ဆိုင်ရာ ဆက်စပ်မှုပိုမိုကျယ်ပြန့်လာစေရေးကိုလည်း အားပျော့ သွားစေပါတယ်။ အာဆီယံအဖွဲ့ကြ်ီးရဲ့ပဋိညဉ်စာချုပ်အရ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုနဲ့ လူမှုယဉ်ကျေးမှုလုံခြုံမှုဆိုတဲ့ ဒေါက်တိုင်ကြ်ီး သုံးခုကို အခြေခံပြီး၂၀၁၅ ခုနှစ် မကုန်ခင်မှာ ညီညွှတ်ပေါင်းစည်းတဲ့ အဖွဲ့ကြီးအဖြစ်ပုံဖေါ်တည်ဆောက်ရေး ဆိုတဲ့ ထည်ဝါခန့်ညားတဲ့ ဦးတည်ချက်တွေကို ခုတကြိမ် မြန်မာနိုင်ငံရဲ့မတော်မတရား အဖြစ်အပျက်က ပထမဆုံး အဓိက ထိုးနှက်ချက်တခုအဖြစ် ပေါ်ပေါက်လာခဲ့ပါပြီ။

ခုအခင်းအကျင်းအရ ပေါ်လွင်နေတဲ့အတိုင်း လူထုဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမတင်မှာ နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်အထိအကျဉ်းကျခံရမယ့် အခြေအနေဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်း တည်ဆောက်ချင်တယ်ဆိုရင်တော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ပိုပြီးဒီမိုကရေစီ ရှိတဲ့ နိုင်ငံတွေအနေနဲ့ နအဖစစ်အစိုးရရဲ့ အာဆီယံပဋိညဉ်စာတမ်းပါ သတ်မှတ်ချက်တွေကို ဗြောင်ကျကျချိုးဖောက်နေမှုတွေကို ပြန်ပြီး ပြုပြင်တည့်မတ်နိုင်ဖို့ ခိုင်မာတဲ့ ပြစ်ဒဏ်ခတ်အရေးယူမှု အဆင့်တွေကို တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ စိုးရိမ်သောက ဖြစ်မိပါကြောင်းဆိုတဲ့ စကားလုံးတွေထက်ပိုပြီး လောက်လောက်လားလားရှိတဲ့ ဝေဖန်ရှုံ့ချ မှုမျိုးနဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ကမ္ဘာ့အလယ်မှာ ရယ်စရာအဖွဲ့ကြီးတခု ဖြစ်မသွားရလေအောင် မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အဖြစ်က ယာယီရပ် ဆိုင်းထားတဲ့ အရေးယူမှုမျိုးအထိ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါတွေကို မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်သင့်ခံပြီးဖြစ်တဲ့ အာဆီယံအဖွဲ့ကြီးဘက်က စဉ်းစားလုပ်ဆောင်ပေးရမယ့် ပေးသင့်တဲ့အပိုင်းကို ပြော ပြတာပါ။

တခြား ကမ္ဘာ့အနောက်နဲ့ ဥရောပနိုင်ငံတွေကလွဲလို့ အထူးသဖြင့် အန္ဒိယလို၊ တရုတ်လို နိုင်ငံတွေအနေနဲ့ ကတော့ ဈေးကွက် အရ၊ သဘာဝသယံဇာတပစ္စည်းအရ မြန်မာနိုင်ငံကရမယ့် အကျိုးစီးပွားတွေကိုပဲ အလေးထားပြီး အာဏာရှင်စစ်ဗိုလ်ချုပ် တွေနဲ့ အပေးအယူ လုပ်နေကြတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေက သူတို့ရဲ့ပြည်သူတွေကို စိတ်ထင်တိုင်း ဖိနှိပ်နိုင် အောင် အားပေးအားမြှောက် လုပ်နေသလိုပါပဲ။ အမေရိကန်နဲ့ဥရောပသမဂ္ဂရဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အသိုင်း အ၀ိုင်းကို အရေးယူ ဒဏ်ခတ်မှုတွေဟာ အတိုင်းအတာတခုထိ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ဒါကိုလည်း အာဏာရှင်ဗိုလ်ချုပ်တွေရဲ့တုန့်ပြန်တောင်းဆိုတာတွေက မြင်သာထင်ရှားပြသနေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကအစ ပြင်းထန်တဲ့ စကားလုံးအသုံးအနှုံး မပါရအောင် ဝေဖန်ပြောဆိုနေရ ၊အတွင်းရေးမှူးချုပ်ကိုတောင်မှ မခန့် လေးစား အလုပ်ခံနေရတဲ့ အခြေအနေမျိုး အောက်မှာ စစ်အာဏာရှင်တွေက ကမ္ဘာကို သူတို့က အရေးမစိုက်ပေမယ့် ကမ္ဘာ က သူတို့နဲ့ အလုပ်မလုပ်လို့မရ၊ မဆက်ဆံလို့ မရပါဘူးလို့ ယုံကြည်နေကြတာပါ။ တကယ်လို့သူတို့က အတိုက်အခံတွေကို မဖွယ်မရာ စွတ်စွဲချက်တွေနဲ့ စွဲချက်တင်လိုက်ရင်တောင်မှ ကမ္ဘာက ထုံးစံအတိုင်းဖြစ်ဖြစ်ညစ်ညစ်နဲ့ သူတို့ရဲ့ဆိုနေကျ သီချင်း ဟောင်းကြီးဖြစ်တဲ့ "များစွာ ပူပင်ကြောင့်ကျ ဖြစ်မိပါကြောင်း"ဆိုတဲ့ တုန့်ပြန်မှုကလွဲလို့ တခြား ဘာဖိအားပေးမှုမှ လုပ်လာ လိမ့်မယ် မဟုတ်ဘူးလို့လည်း နားလည်လက်ခံထားကြပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံထားရတာ ဖြစ်ပြီး အဲဒီလိုပါတီရဲ့ ခေါင်းဆောင်တယောက်ဟာ ဘယ်လိုမှ နေအိမ်အကျယ်ချုပ် ချခံရတာမျိုးမဖြစ်သင့်ပါဘူး။ ခုလို နိုင်ငံ တော်အား နှောက်ယှက်ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့် ဥပဒေနဲ့ တရားစွဲဆိုတာမျိုးကတော့ ဘယ်လိုမှ သည်းခံ ခွင့်လွှတ်ဖို့ မသင့်အောင်ကို ရိုင်းပြကစော်ကားတဲ့ လုပ်ဆောင်ချက်ပါ။ တရားဝင် ဒီမိုကရေစီရွေးကောင်ပွဲတခုမှာ လူထု ထောက်ခံမှု အပြည့်အ၀နဲ့ အနိုင်ရထားတဲ့ ပါတီတခုရဲ့ခေါင်းဆောင်တယောက်ဟာ ဘယ်လိုနည်းနဲ့ နိုင်ငံတော်အား နှောက် ယှက်ဖျက်ဆီးလိုသူ တယောက်ဖြစ်သွားရတာပါလဲ။ သာမန်လူပြိန်း တယောက်ရဲ့ စဉ်းစားတွေးခေါ်မှုလောက်နဲ့တင် ဒါဟာ မှန်တယ်၊ မှားတယ်ဆိုတာ သိသာထင်ရှား ဖြစ်နိုင်ပါတယ်။

ဒါဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးချိန်အထိ ဆက်လက်အကျဉ်းချ ထားလိုတဲ့အတွက် စစ်အာဏာရှင်အစိုးရက မတရားအပြစ်ရှာ တရားစွဲဆို ပြစ်ဒဏ်ချဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါ တယ်။ ဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အရေးယူနိုင်တဲ့ အခွင့်အာဏာဏာရှိတဲ့ အဖွဲ့က ထုံးစံအတိုင်း များစွာစိုးရိမ် ပူပန်မိပန်မိပါကြောင်း၊ အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါကြောင်းဆိုတဲ့ အရေးယူအပြစ်ပေးမှုမပါတဲ့ တိုက်တွန်း တောင်းဆိုမှုလောက်ပဲ လုပ်ဆောင်မယ်ဆိုရင်တော့ မိမိတို့ ပြည်တွင်းရေးသာဖြစ်တယ်ဆိုတဲ့ဆင်ခြေနဲ့ နှစ်ပေါင်းများစွာ ကိုယ့် ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေပြီး တိုင်းပြည်ကိုဆင်းရဲတွင်းထဲဆွဲချ အဖက်ဖက်က ပျက်စီး ယိုယွင်းအောင် လုပ်နေတဲ့ စစ်အာဏာရှင်အစိုးရကို ဆက်ပြီး ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခွင့်၊ ကျွန်ပြုစေခိုင်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်ခွင့် ပေးထားသလို ဖြစ်နေပါလိမ့်မယ်။

ဒီမိုကရေစီချစ်မြတ်နိုးတဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေအနေနဲ့ ခုတကြိမ်စစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲယုတ်ညံ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသလို အရေးယူဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ လက်တွေ့အရေးယူဆောင်ရွက် မှုပါတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ကြဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုသက်သက်ကို ရပ်ဆိုင်းပြီး မတရား အကျဉ်းကျခံရတော့မယ့် ဒီမိုကရေစီခေါင်းဆောင်ကို ကယ်တင်ရမယ့်အချိန်ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်တွင်းမှာ စစ်အာဏာရှင်အောက်မှာ တုံးအောက်ကဖားတွေလို ပြားပြားဝပ် ဖြစ်နေကြရတဲ့ ပြည်သူ လူထုကြီးကိုလည်း စစ်အစိုးရ ခြိမ်းခြောက်တိုင်း၊ စေခိုင်းတိုင်း ဘာတတ်နိုင်မှာလည်း လုပ်ရမှာပေါ့ ဆိုတဲ့ အလျှော့ပေး အညံ့ခံစိတ်မထားဘဲ အန္တရာယ်နည်းပါးတဲ့၊ ကိုယ်တိုင်လည်း လုပ်ဆောင်ဖို့သိပ်မခက်ခဲတဲ့ အာဏာဖီဆန်မှုမျိုးတွေကိုဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အစိုးရရဲ့မတရားနှိပ်စက်ညှင်းပမ်းမှု၊ အကျဉ်းချထားမှု ခံခဲ့ကြရတဲ့သူတွေကို ကူညီအားပေးကြဖို့ မိသားစုတွေကို ကူညီဖေးမစောင့်ရှောက်ဖို့၊ ကိုယ့်မျက်စေ့ရှေ့မှာ အာဏာရှိသူတွေရဲ့ မတရားအနိုင်ကျင့် မှုကို ခံနေရတဲ့သူတွေကိုတွေ့ရင် ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး ရှောင်ဖယ်မသွားဘဲ မတရားအနိုင်ကျင့်ခံရသူတွေဘက်က အနိမ့် ဆုံး ကူညီခုခံ ကာကွယ်ပေးဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ လောကကို စောင့်ရှောက်တာဖြစ်သလို အမှန်တရားကို ကာကွယ် စောင့်ရှောက်ရာလည်း ကျပါတယ်။ သေးငယ်တဲ့ အာခံဆန့်ကျင်မှုလေးတွေရဲ့ အစွမ်းသတ္တိကို သတိပြုမိလာ၊ လုပ်ရဲလာကြ ရင် နောက် ကြီးမားတဲ့အာခံဆန့်ကျင်မှု အဲဒီကနေမှ တော်လှန်ပုန်ကန်ရဲတဲ့အဆင့်ကို ရောက်ရှိလာကြပါလိမ့်မယ်။ အဲဒီ အခါ....။ ။

စိုးနေလင်း
http://www.naytthit.com/

အပြည့်အစုံဖတ်ချင်ရင်...

General Aung San Or Our Hero.

အပြည့်အစုံဖတ်ချင်ရင်...

သတိရကြရမည့်အချိန်အခါ



ဇူလိုင်လ (၁၉) ရက်နေ့သည် ကျဆုံးသွားသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ အတွေးအခေါ် အယူအဆနှင့် မျှော်မှန်းချက်ကို ပြန်လည်သတိရကြရမည့် အချိန်အခါဖြစ်သည်။ ၁၉၆၂ မှစ၍ မြန်မာပြည်တွင် လွတ်လပ်မှု ဆိတ်သုဉ်းနေသည်။ ထို့ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အမည်ပေးခြင်းဖြစ်၏။

၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်များကို ယနေ့အထိ ကျောခိုင်းနေပါသည်။ န၀တ/နအဖခေတ်၏ ထူးခြားချက်မှာ အခြေခံအားဖြင့် အင်္ဂလိပ်ကိုလိုနီစနစ်ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သည် မြန်မာပြည်ကို စစ်အင်အားဖြင့်အုပ်ချုပ်ပြီး မြန်မာပြည်သားများကို ဖိနှိပ်ထား၏။ တဖက်တွင် ပြည်သူပြည်သားကို ဖိနှိပ်ပြီး တဖက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ကာ သယံဇာတပစ္စည်းများကို ရောင်းစားခဲ့ပါသည်။ တိုင်းသူပြည်သားများ ငတ်ပြတ်နေသည်ကို ကိုလိုနီနယ်ချဲ့ ဂရုမစိုက်ပါ။ ကိုလိုနီအစိုးရ အားကောင်းဖို့သာ အဓိကဖြစ်ပါသည်။ ပြည်သူပြည်သားများ ငြိမ်ဝပ်ပိပြားစေဖို့ ကိုလိုနီအစိုးရက လက်နက်ကိုင်ဆောင်ခြင်းပင်ဖြစ်၏။

ထို့ကြောင့် အမှန်အတိုင်း ပြောရဲသူ လုပ်ရဲသူ အနစ်နာခံရဲသူများကိုသာ အားမကိုးဘဲ လူတိုင်းသတ္တိရှိရှိနှင့် စွန့်စားလုပ်ကိုင်မှ သာလျှင် လွတ်လပ်ရေးအရသာကို ခံစားခွင့်ရကြမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောသွားပါသည်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ဒီမိုကရေစီနှလုံးရည်တိုက်ပွဲ၌ လူတိုင်းတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြဖို့ မကြာခဏပြောဆိုပါသည်။ မြန်မာနိုင်ငံ၌ အနှစ် (၅၀) နီးပါး စစ်အာဏာရှင်စနစ် ကြီးစိုးနေပြီး ဖိနှိပ်နေသည့်အတွက် နိုင်ငံရေးကို ကြောက်စရာအဖြစ်၊ အန္တရာယ်အဖြစ် ထင်မြင်လာကြပါသည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ယခုလို ရှင်းပြပါသည်။

(နိုင်ငံရေးဆိုတာဟာ မိမိပတ်ဝန်းကျင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမယ့် အရေးကိစ္စ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စဖြစ်တယ်။ မိမိရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်။ နိုင်ငံရေးကို ရှောင်ရှားလိုပေမယ့် နိုင်ငံရေးဟာ အိမ်၊ ရုံး၊ အလုပ်ရုံ စတာတွေမှာ အမြဲတမ်းရှိနေ တယ်။ ဒါပေမယ့် မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်မှု ပြောင်းလဲနေသလို နိုင်ငံရေးဟာလည်း ပြောင်းလဲနေတယ်။ မိမိတို့အားလုံး သက်သာချောင်ချိစွာ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်ဖို့ လွတ်လပ်ရေးကို တောင့်တကြတယ်။ လွတ်လပ်ရေးဆိုတာဟာ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတဦးချင်ရော တမျိုးသားလုံးပါ ကာယဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြှင့်အောင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ ဒီလွတ်လပ်မှုကို ရယူတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်အသီးသီးရဲ့ အခွင့်အရေးကို စောင့်ရှောက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ တခါတရံမှာ အစည်းအဝေးလုပ်ပြီး စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ အောက်ကနားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တပြည်လုံးက ပြည်သူလူထုဟာ မိမိတို့နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို မိမိတို့ဘာသာ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ကိစ္စဖြစ်တယ်။ တပြည်လုံးမှာနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်သူပြည်သားတိုင်း နိုင်ငံရေးသမားတွေဖြစ်လာအောင် နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိရမယ်)

ယနေ့ကျင့်သုံးသော စစ်အာဏာရှင်စနစ်မျိုးကို ဗိုလ်ချုပ်အောင်ဆန်းက ဆန့်ကျင်၏။

(တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် အထက်ကသာ ဆုံးဖြတ်ပြီး တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီဝါဒကိုသာ ထောက်ခံရမယ်၊ ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို အားပေးတယ်)

၁၉၄၅ ခုနှစ် သြဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခြင်းဖြစ်ပါသည်။

တပ်မတော် တည်ထောင်သည်မှာ စစ်ဗိုလ်တစု ကောင်းစားရန်မဟုတ်ပါ။ ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း အစကတည်းက ကြေညာထားပါသည်။ ဂျပန်လက်နက်ချပြီးစအချိန်၌ တပ်မတော်ခေါင်းဆောင်များ အစည်းအဝေး ရန်ကုန်၌ကျင်းပပြီး ကြေညာချက်တရပ် ထုတ်ပြန်ပါသည်။

(ကျုပ်တို့ တပ်မတော်သားတွေနဲ့ လွတ်လပ်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေဟာ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံ၊ အသေအကျေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒီလို ကြိုးပမ်းခဲ့တာဟာ လက်တဆုပ်စာလူတစု ကောင်းစားရေးနဲ့ ကိုယ်ကျိုးအတွက် လုပ်ခဲ့ကြတာမဟုတ်ဘဲ ပြည်သူလူထု လွတ်လပ်ရအောင်၊ တိုင်းသူပြည်သားတွေ ကောင်းစားအောင် လုပ်ခဲ့ကြတာဖြစ်တယ်)

နိုင်ငံရေး၌ စစ်တပ်ဝင်ရောက်စွက်ဖက် ခြယ်လှယ်တာမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက မလိုလားပါ။ ၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့၌ ကျင်းပသည့် ဖဆပလညီလာခံကြီးတွင် စစ်သဘောဆောင်သည့် နိုင်ငံရေးပါတီမျိုးနှင့် စစ်အုပ်ချုပ်ရေးမှ ဖက်ဆစ်ဝါဒီ ပေါ်ထွက်လာမှာကို ကောင်းစွာ သတိပြုဖို့ မှာကြားသွားခဲ့ပါသည်။ ယနေ့ကြီးစိုးနေသော ကြံ့ဖွံ့အသင်းကို ရည်ရွယ်၍ ပြောသကဲ့သို့ ဖြစ်နေပါသည်။

(ဂျပန်ပြည်က စစ်အုပ်ချုပ်ရေးမျိုး၊ ဂျာမဏီက အကြမ်းဖက်နာဇီပါတီလိုဟာမျိုးတွေက ဖက်ဆစ်တွေကို မွေးထုတ်လိုက်တာပဲ။ မြန်မာပြည်မှာ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ မရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ တွေကပဲ ဖက်ဆစ်ဝါဒကို မွေးထုတ်ပေးကြတာဖြစ်တယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ မြန်မာပြည်မှာမပေါ်နိုင်အောင် နိုင်ငံရေး၊ စီးပွားရေးအရ အဘက်ဘက်က တားရလိမ့်မယ်။ ဖက်ဆစ်ဝါဒဆိုတာဘာလဲ၊ ငွေရှင်ကြေးရှင်ကြီးတွေနဲ့ ပူးပေါင်းပြီး တပည့် တပန်းတွေနဲ့ တိုင်းသူပြည်သားလူအများကို အကြမ်းပတမ်းဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမျိုးရေးကိစ္စတွေမှာ အရင်းရှင်အားကိုးနဲ့ အကြမ်းဖက်တဲ့ ဖက်ဆစ်တရားတွေ ပေါ်မလာအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ်ကတည်းက စီမံထားရလိမ့်မယ်)

ဗိုလ်ချုပ်အောင်ဆန်းအမြင်ဖြင့် ကြည့်မည်ဆိုပါက ပြည်တွင်းပြည်ပအရင်းရှင်တစုနှင့်ပေါင်းပြီး မြန်မာပြည်သား တိုင်းရင်းသား များကို အဘက်ဘက်မှဖိနှိပ်နေသော ဗမာစစ်အုပ်စုသည် ဖက်ဆစ်ဖြစ်၏။

တိုင်းပြည်စည်းလုံးညီညွတ်ရေးကို ရယူရာတွင်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အခြေခံသော ညီညွတ်ရေးမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက လိုလားပါသည်။ ရာထူးဝေစားသော ညီညွတ်ရေးမျိုးကို ဆန့်ကျင်ပါသည်။

(ငါတို့ချည်း တာဝန်ထမ်းဆောင်ရတယ်၊ ငါတို့ချည်း အလုပ်လုပ်ရတယ်၊ ဒါ့ကြောင့် ငါတို့ချည်း ရာထူးတွေယူမယ်၊ ဘယ်အစိုးရ တက်တက် ငါတို့ကို အာဏာခွဲပေးရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပစ်ရမယ်။ လူထုကြီးကကျုပ်ကိုပေးတဲ့ လူထုခေါင်း ဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုံလောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်)

အတင်းအဓမ္မအာဏာယူထားသည့်ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း အင်မတန်စက်ဆုပ်ရွံရှာပါသည်။ လူထုက မကြည်ညိုသည့် တနေ့တွင် ရာထူးက ထွက်ပေးမည်ဟု မကြာခဏ ပြောကြားပါသည်။

(ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်ယူတာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တနေ့မှာ ကျုပ်တို့လည်း မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ။ ကျုပ်တို့ဟာ ရာဇ၀င်မှာ အရေးခံရမယ့် လူစားမျိုးတွေလား၊ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမျရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ်)

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းပင် ဖြစ်ပါသည်။ ဤမိန့်ခွန်းပြောပြီး (၆) ရက်ကြာသောအခါ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ အကြမ်းဖက်သမားလက်ချက်ဖြင့် ကျဆုံးရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းသည် ယခုခေတ်ကို ကြိုတင်ဟောလိုက်သည့် မိန့်ခွန်းကဲ့သို့ ဖြစ်နေပါသည်။ ပြည်သူလူထုထောက်ခံမှုမရဘဲ အစိုးရလုပ်နေသော ဗမာစစ်အုပ်စုသည် နိုင်ငံခြားကုမ္ပဏီနှင့်အစိုးရများကို အချိန်ရှိသရွေ့ မျက်နှာချိုသွေးနေရပါသည်။

စစ်တပ်ကို မိမိကိုယ်ကျိုးအတွက်၊ မိမိအာဏာတည်မြဲရေးအတွက် ထင်သလိုအသုံးချနေသည်မှာ ဗိုလ်နေ၀င်း၏ အကျင့်ပင်ဖြစ် သည်။ ကတိမတည်မှု၊ သစ္စာမရှိမှု၊ အနိုင်ကျင့်မှု၊ အကောက်ကြံမှု၊ တာဝန်မယူမှု၊ အလွဲသုံးစားလုပ်မှု၊ ဓားပြတိုက်လုယက်မှု၊ မဒိန်းကျင့်မှု စသည်တို့သည် ယနေ့တပ်မတော်၏ အသွင်လက္ခဏာများပင် ဖြစ်ပေတော့သည်။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, July 15, 2009

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ

၁၅ ဇူလိုင် ၂၀၀၉
line


ဇူလိုင်လ (၄) ရက်နေ့က မြန်မာပြည်မှပြန်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးမှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က “နအဖအစိုးရအပေါ် အတော်စိတ်ပျက်မိကြောင်း” ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီသတင်းကိုကြားရ တော့ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အပေါ် မျှော်လင့်ချက်ထားနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကုလသမဂ္ဂအဖွဲ့ကြီး အပေါ် အတော်စိတ်ပျက်သွားခဲ့ကြပါပြီ။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုတွေအပေါ် စိတ်ကုန်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ကို အင်အားသုံးဖြုတ်ချ စီရင်ပြီး ဒီမိုကရေစီစနစ် ထူထောင်ပေးခဲ့တဲ့ သမ္မတဘုရှ်လည်း မြန်မာပြည်အတွက်တော့ ထိထိရောက်ရောက် ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ အီးယူအဖွဲ့ကြီးကလည်း သိပ်ပြီးမထိရောက်လှတဲ့ အကန့်အသတ်နှင့် စီးပွားရေးပိတ်ဆို့မှုတချို့လုပ်တာက လွဲပြီး ဘာမှသိပ်မတတ်နိုင်ခဲ့ပါဘူး။

အာရှတိုက်က မြန်မာ့အိမ်နီးချင်းတွေက ပိုဆိုးကြပါတယ်။ ၁၉၉၀ ပြည့်နှစ်ရလဒ်ကို ပထမဆုံး ကြိုဆိုဂုဏ်ပြုခဲ့တဲ့ တရုတ်ပြည်ဟာ နောက်ပိုင်း လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရကို ဗီတိုအာဏာသုံး ကာကွယ်နေတဲ့ တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ တရုတ်ကို အားကျခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကလည်း စီးပွားရေးအမြတ်ထုတ်ချင်စိတ်နှင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ဖိတ်ခေါ်သွတ်သွင်းခဲ့ကြတယ်။ ပိုဆိုးတာက မြန်မာ့ဒီမိုကရေစီရေးကို တလျှောက်လုံး အားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံကြီးတောင်မှ အခုအခါ နအဖနှင့်ဖက်လဲတကင်း ရင်းနှီးချစ်ကြည်နေကြပါပြီ။ နောက်ဆုံးအားကိုးစရာအဖြစ် ကုလသမဂ္ဂကြီးကို မျှော်ကြည့်မိပြန်တော့လည်း အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်စရာဖြစ်နေပါပြီ ဆိုမှတော့ မြန်မာပြည်သူတွေအတွက်မှာ စိတ်ကုန်စရာချည်းပါပဲ။

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ မစ္စတာ ဘန်ကီမွန်းက “မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ပွင့်လင်းမှုကိုပြသရန် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးခဲ့ရပြီ” လို့ စိတ်မကောင်းစွာ မှတ်ချက်ချသွားခဲ့ရှာပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို နအဖ ဗိုလ်ချုပ်တသိုက် က ဟားတိုက်ရီနေကြပါလိမ့်မည်။ တကယ်က သူတို့မှာ နိုင်ငံရေးအရ ရိုးသားပွင့်လင်း ကြောင်း ဖော်ပြလိုတဲ့ သဘောထား တရွေးသားတောင် မရှိခဲ့ကြဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နိုင်ငံတကာကို ဘယ်လို တပတ်ရိုက်ရမည်၊ ဘယ်လိုကလိမ် ကညစ်နည်းတွေကို သုံးရမည်ဆိုတာကိုသာ နေ့စဉ်နှင့်အမျှ စဉ်းစားနေကြသူတွေပါ။ ဒါကြောင့် ရိုးသားမှုလည်းမရှိ၊ အရှက်အကြောက်တရားလည်း မရှိတဲ့ နအဖအဖွဲ့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အတွင်းရေးမှူးချုပ်ကြီးတို့သာ ဂုဏ်သိက္ခာဆုံးရှုံးကျဆင်း၊ ယုံကြည်မှုကင်းမဲ့ခြင်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး ဂုဏ်သိက္ခာကျဆင်း၊ ယုံကြည်မှုကင်းခံရတာ ဒီတကြိမ်သာမဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်ပိုင်းက အတွင်းရေးမှူးချုပ်ကိုယ်စားလှယ်အဖြစ် မစ္စတာ ဂမ်ဘာရီ ပဉ္စမအကြိမ် မြောက် ရောက်လာခဲ့တုန်းကလည်း ဗိုလ်သန်းရွှေနှင့်တောင် တွေ့ခွင့်မရခဲ့ရှာပါဘူး။ ပိုဆိုးတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဆိုတဲ့ လူမလေး ခွေးမခန့် ပုဂ္ဂိုလ်မျိုးက သံတမန်ဆက်ဆံရေးဆိုတာကို နားမလည် ပါးမလည်နှင့် မစ္စတာ ဂမ်ဘာရီကို သူငယ်နှပ်စားတယောက်လို ပုတ်ခတ်စော်ကား အထက်စီးက ပညာပေးသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အခုတခါတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးကိုယ်တိုင် သာသာနှင့်နာနာထိအောင် ပညာပြခံလိုက်ရပြီလို့ ဆိုရပါလိမ့်မည်။ ဘန်ကီမွန်းရဲ့ ဒီတခေါက်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ (၃) ကြိမ်တိတိ နအဖကို မေတ္တာရပ်ခံ တင်ပြခဲ့ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဂမ်ဘာရီက ဦးဉာဏ်ဝင်းမှတဆင့် အတွင်းရေးမှူးချုပ်ကြီးရဲ့ ဆန္ဒကို တကြိမ်တင်ပြခဲ့ ပါတယ်။ မစ္စတာ ဘန်ကီမွန်းကိုယ်တိုင်လည်း ဗိုလ်သန်းရွှေဆီမှာ တိုက်ရိုက် (၂) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သံတမန်ထုံးတမ်းအစဉ်အလာမှန်သမျှ ဘာမှဂရုစိုက်ထောက်ထားလေ့ မရှိတဲ့ ဗိုလ်သန်းရွှေက တော့ ဆောရီးပါပဲ။ မြန်မာပြည်ကို ကိုယ်တိုင် (၂) ခေါက်တိတိ ရောက်ခဲ့တာတောင် ကမ္ဘာကျော် အကျဉ်းစံ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှာတဲ့ ဘန်ကီမွန်းခမျာ ကုလသမဂ္ဂကို ဘယ်လိုမျက်နှာပြန်ပြရမည်၊ လုံခြုံရေးကောင်စီကို ဘယ်လိုအစီရင်ခံရမလဲဆိုတာတောင် မတွေးရဲအောင်ပါဘဲ။

အတွင်းရေးမှူးချုပ်နှင့် ဗိုလ်သန်းရွှေတို့ ဆွေးနွေးကြရာမှာ မစ္စတာ ဘန်ကီမွန်းက လာမည့်နှစ် ရွေးကောက်ပွဲဟာ အရေးကြီးပြီး၊ ဒီမိုကရေစီ နည်းကျကာ တရားမျှတ ပွင့်လင်းမှုရှိရန် လိုအပ်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ရွေးကောက်ပွဲအတွက် အကူအညီပေးလိုကြောင်း တင်ပြတယ်လို့ သိရပါတယ်။ ဗိုလ်သန်းရွှေကလည်း ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ကတိပြုတယ်လို့ ဆိုပါတယ်။ သံတမန်စကားအရ နှုတ်ကတိပေးထားတာပါ။ ဘာမှ အာမခံချက်မရှိပါဘူး။ လက်တွေ့ကတော့ မစ္စတာ ဘန်ကီမွန်းရဲ့ ကုလသမဂ္ဂမှ ကူညီပါရစေဆိုတဲ့ အဆိုပြုချက်ကိုတောင် ၀န်ကြီးဗိုလ်ကျော်ဆန်း ကတဆင့် ငြင်းဆန်ပယ်ချထားပြီးသားပါ။ ဒီနေ့အထိ အန်အယ်လ်ဒီပါတီအဖွဲ့အစည်းအဆင့်ဆင့်ကို ဆက်သွယ်စည်းရုံး လှုပ်ရှားခွင့်တွေ ဘာမျှမပေးသေးပါဘူး။

ဒါပေမယ့် ကြံ့ဖွံ့ဗဟိုကော်မတီဝင် ၀န်ကြီး၊ ၀န်ကလေးတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး လာဘ်ထိုး လာဘ်ပေး စည်းရုံးရေး တွေ ဆင်းနေကြပါပြီ။ ဒါ့အပြင် တစညလို အလိုတော်ရိပါတီတွေသာမက နအဖစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပါ အမတ်လုပ်ဖို့၊ ငွေထုပ်ပိုက်ပြီး မဲလိုက်ဝယ်နေကြပါတယ်။ ဒီလို အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေအပေါ် ဓားမိုးချိုးနှိမ်ထားပြီး နအဖနောက်လိုက် အလိုတော်ရိတွေကြားမှာ ရွှေမိုး၊ ငွေမိုးတွေ ရွာထားပေးမှတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ရဲ့အဖြေဟာ ဘာဖြစ်မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။

အမှန်တော့ မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဗိုလ်သန်းရွှေကို ဆွေးနွေးတင်ပြရမှာ “၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ” ပြဿနာ မဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်နီးပါးမျှ တင်ပြတိုက်တွန်းလာခဲ့တဲ့ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ပါ။ အဓိကအားဖြင့် ၁၉၉၀ ပြည့်နှစ်ရလဒ် အသိအမှတ်ပြုရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးအဖြေရှာဖို့ပါ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ဘန်ကီမွန်းကိုယ်တိုင် “၉၀ ပြည့်နှစ်ရလဒ်” အကြောင်းကို တခွန်းမျှ မဟခဲ့ပါဘူး။ တကယ်တော့ ဘန်ကီမွန်းဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပါ။ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တယောက် မဟုတ်ပါဘူး။ ဘာမှ နအဖအကြိုက် လိုက်လျောပြောဆိုစရာမလိုပါဘူး။ အလုပ်ဖြစ်ရာ ဖြစ်ကြောင်းအတွက် မူမဲ့စွာ၊ တာဝန်မဲ့စွာ၊ အချိုသတ် ပြနေစရာလည်း မလိုပါဘူး။

အတွင်းရေးမှူးတယောက်အနေဖြင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အာမခံ အကောင်အထည် ဖော်ဖို့သာ တာဝန်ရှိပါတယ်။ ဒါကြောင့် ၉၀ ပြည့်နှစ်ရလဒ်တွေကို ကျော်လွှားချန်လှစ်ပစ်လို့ မဖြစ်ပါဘူး။ Roadmap တို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ ဆိုတာတွေဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်လမ်းညွှန်ချက်တွေထဲမှာ ပါတာမဟုတ်လို့ ထည့်သွင်း အမွှန်းတင်ပြစရာ မလိုပါဘူး။

ဒီနှစ်ဦးပိုင်းကာလ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးရဲ့ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကိုရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အန်အယ်လ်ဒီ စီအီးစီက၊ ၉၀ ပြည့်နှစ်ရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ပေးရေး၊ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်သုံးသပ် ညှိနှိုင်းခွင့်ပြုရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြီးကြပ်ခွင့်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံးကို လွှတ်ပေးရေး စတဲ့ အချက် (၄) ချက်ကို တောင်းဆိုတင်ပြဖို့ ဂမ်ဘာရီကို ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ဂမ်ဘာရီက အဆိုပါတောင်းဆိုချက် (၄) ချက်ထဲက အရေးကြီးဆုံးနှင့် အလိုချင်ဆုံးတခုကိုသာ ပြောပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး တချက်တည်းကိုသာ တောင်းဆိုပေးဖို့ သဘောတူခဲ့ကြပါတယ်။ အန်အယ်လ်ဒီ စီအီးစီရဲ့ အဆိုပါတခုတည်းသော တောင်းဆိုချက်ကိုတောင် နအဖ လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါ့ထက်ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်သည့်အပြင် ယက်တောအမှုဆင်ပြီး တရားခွင်တင် စစ်ဆေးစီရင်နေတာပါပဲ။ နအဖရဲ့ မိုက်ရိုင်းရမ်းကားပုံကတော့ ကမ်းကုန်နေပါပြီ။

အခုနောက်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တင်ပြတာကို ပယ်ချလိုက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရဖို့ (၃) ကြိမ်တိတိ မေတ္တာရပ်ခံတာကိုတောင် ရိုင်းပြမိုက်ကမ်းစွာ ငြင်းဆန်လိုက်ပါပြီ။

ဒီတော့လည်း မစ္စတာ ဂမ်ဘာရီကို မေးစရာမေးခွန်းတခုသာ ကျန်ပါတော့တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ။
http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Sunday, July 12, 2009

ပုံပြင်လေးတစ်ပုဒ်ပါ၊ စိတ်ဝင်စားဖို့ကောင်းတယ်

သူဖုန်းစားပြည်ကို အုပ်ချုပ်လျှက်
နေသတဲ့။အဲဒီအထဲမှာ သန်းရွှေဆိုတဲ့ ကျောင်းသားလေး တစ်ယောက်လဲ ပါပါသတဲ့။
တနေ့တော့ မောင် သန်းရွှေလေးဟာ မြစ်ဆိပ်ကို ရေချိုး ဆင်းရင်းနဲ့ နှမ်းတွေ
နေလှမ်းထားတာ မြင်ပါသတဲ့။ ဒါနဲ့ စားချင်စိတ်တွေ ဖြစ်လာတာပေါ့နော်။ ဒါနဲ့
နှမ်းလက်တဆုပ် ယူစားသတဲ့။ နှမ်းကိုလှမ်းထားတဲ့ ပိုင်ရှင်ကလဲ သနားပြီးတော့
ဘာမှ မပြောဘူးတဲ့။ ဒါနဲ့ နောက်တကြိမ် ရေချိုးဆိပ်ဆင်းရင်းနဲ့လည်း
နှမ်းတဆုပ် ခိုးစားပြန်ရောတဲ့။ ပိုင်ရှင်ကလည်း အော် သနားပါတယ်လေလို့သာ
တွေးပြီး မပြောပြန်ဘူးတဲ့။ တတိယအကြိမ် ထပ်ခိုးတော့ ပိုင်ရှင်ဟာ
မခံနိုင်ဖြစ်ပြီး ဆရာကြီးကို သွားတိုင်သတဲ့။ ဒါနဲ့ ဆရာကလဲ
စစ်မေးသတဲ့။ဆရာ။ ။ မောင်သန်းရွှေ .. မင်း ဒီလူရဲ့ နှမ်းတွေကို
နှိုက်စားတယ်ဆို။


သန်းရွှေ။ ။ မဟုတ်ရပါ ဆရာ။ ဒီလူ အလကား လာလိမ်တိုင်တာပါ။ (အဲဒီထဲက ဗြောင်လိမ်တတ်တာ။)

ဆရာ။ ။ ဟ …. လူကြီးက အလကား လာတိုင်ပ့ါမလားကွ။ ပြန်တောင်းပန်လိုက်စမ်း။

သန်းရွှေ။ ။ ဟုတ်ကဲ့.. တောင်းပန်ပါတယ် လူကြီးမင်း ခင်ဗျား။

လာတိုင်သူ။ ။ ကဲ … ကဲ။ ကလေးပဲဗျာ။ နောက်ခိုးမစားအောင်သာ ကျုပ်ရှေ့မှာ ဆုံးမပါ။

ဒါနဲ့ ဆရာဖြစ်သူက မောင်သန်းရွှေလေးကို လှည်းတုတ်နဲ့ ဖင်ကို
သုံးချက်ဆောင့်သတဲ့။ လာတိုင်တဲ့ ဦးကြီးကလဲ ကြည့်ရတာ အံတောင် ကြိတ်သွား
မိသတဲ့။ ပြီးတော့ ကလေးကို ဒီလောက် အလွန်အကျွံ မလုပ်ဖို့ ပြောပြီး
ပြန်သွားသတဲ့။

ဆရာ။ ။ မင်းကို ဘာလို့ တုတ်နဲ့ ထိုးရသလဲ သိလား။

သန်းရွှေ။ ။ မသိပါဘူးဆရာ။

ဆရာ။ ။ အေး .. အဲဒီလူက ရွာသူကြီးကွ … ။ ပြောတာ မမှန်ရင်တောင်
ပြန်မပြောရဘူး။ ဟိုက စိတ်မကြည်ရင် ဒို့ ဒီဇရပ်က ဂျောင်းသွားရမယ်ဆိုတာ
နားလည်။ ဒါကြောင့် မင်းကို ဆရာက လက်တွေ့ပြလိုက်တာ။

သန်းရွှေ။ ။ ဆရာကလဲဗျာ။ လက်တွေ့ ပြတာကြီးကလဲ။

ဆရာ။ ။ အေး .. ငါ့လူလေး သန်းရွှေ .. တသက်စာ မှတ်သွား။ အကျိုးရှိဖို့အတွက်၊
အပြစ်လွတ်ဖို့အတွက်၊ နေရာ ရဖို့အတွက် လိုအပ်တဲ့ အချိန်မှာ ဖင်ခံသင့်ရင်
ခံရတယ်ဆိုတာ ဆရာက လက်တွေ့ ပြလိုက်တာ။ တသက်စာ သင်္ခန်းစာယူလေ။

ဆရာ၏ စကားကလည်း တကယ်မှန်ပါပေတယ်။ သိပ်မကြာခင်မှာပဲ။ ရွာလူကြီးက သနားပြီး
နှမ်းပျစ်မုန့်တွေနဲ့ ဒဏ်ကြေလိမ်းဆေးတွေပါ ပို့ပေးလာပါတယ်။ သို့သော်
မောင်သန်းရွှေလေးဟာ ဆရာကို မကျေနပ်ဖူးပေါ့လေ။ ဘယ်ကျေနပ်ပါ့မလဲ။ လူရှေ့မှာ
ဖင်ကို တုတ်နဲ့ ထိုးခံ ရတာကို။ သို့သော်လည်း ဆရာ့စကား မှန်ကြောင်းကိုမူ
လက်ခံပြီး ကျင့်သုံးသတဲ့။

ဒီလိုနဲ့ ဆရာ့စကားကို လိုက်နာရင်း လိုအပ်တိုင်း ဖင်ခံဖားလာလိုက်တာ
မင်းဖြစ်ရောတဲ့ဗျာ။ ဒီတော့ ငါ့ကို လူရှေ့ ဖင်တုတ်နဲ့ ထိုးတဲ့ဆရာ ကို
ငါခေါ်သတ်မဟဲ့ ဆိုပြီး ဆရာကို အခေါ်လွှတ်ပါသတဲ့။ ဆရာကလည်း သူတောင်းစား
သာသာဆိုတော့ ပျော်မြူးပြီး လိုက်လာတာပေါ့ လေ။ ဒါနဲ့ သေပြည်တော်ကို
ရောက်တော့ ဘုရင် သန်းရွှေက ဆရာဖြစ်သူကို ဖင်ကို တုတ်နဲ့ မသေမချင်းထိုးဖို့
အမိန့် ထုတ်ပါလေရော။

ဒါနဲ့ ဆရာဖြစ်သူက ကြံစည်တယ်။ ဒီခွေးမသားလေးဟာ ငါသင်ပေးလိုက်လို့
မင်းဖြစ်လာတဲ့ အကောင်လေး။ ငါ့လောက် ဥာဏ်ရှိမယ် မ ဟုတ်ဘူး။ စိုင်ကော်လို့
ချုံပေါ်ရောက်နေတဲ့ အကောင်လေးမျှသာ ဖြစ်တယ်။ ဒီတော့ ငါ စကားဆိုရင်
ကောင်းမယ်လို့ အကြံဖြစ်ပါသတဲ့။ ဒီတော့ အမှုထမ်းတွေကို ဘုရင်နဲ့
တွေ့ချင်ကြောင်း ပြောခိုင်းသတဲ့။

ဘုရင်သန်းရွှေကလည်း ရာဇမာန်နဲ့သာ မိန့်တော် မူတာကိုး။ တကယ်တော့ မရှိအတူ
တောင်းစား၊ ရှိအတူ ထမင်းရည် တူတူလျက်လာတဲ့ ဆရာကို သံယောဇဉ် မကုန်
ရှာဘူးပေါ့။ ဒါနဲ့ ရှေ့တော် သွင်းစေဆိုပြီး အမိန့် ထုတ်ပါသတဲ့။ ပြီးတော့
ဆရာကို ရာဇသံနဲ့ မိန့်ကြားလေ သတဲ့။

သန်းရွှေ။ ။ ဆရာ ဘာတတ်နိုင်သေးသလဲ .. အကျွန်ုပ်ကို တုတ်နဲ့ ထိုးခဲ့တာ
အခုတော့ သိပြီ မဟုတ်လား။

ဆရာ။ ။ အရှင်မင်းကြီး .. အရှင်မင်းကြီးကိုသာ ဖင်တုတ်နဲ့ ထိုးပြီး
မဆုံးမခဲ့လျှင် အရှင်မင်းကြီး သူခိုးသာ ဖြစ်ပေလိမ့်မယ်။ အခု အကျွန်ုပ်
ဆုံးမ၍သာ ဖင်ခံသင့်သော အခါ ခံ၍ အသင်မင်းကြီး မင်းအဖြစ်ကို ရပေသည်။

သန်းရွှေ အတော်တင်းသွားလေသည်။ မှူးမှတ်တွေရှေ့မှာ ဖင်တုတ်နဲ့
ထိုးခံရကြောင်း အဖွခံရပြန်ပြီ။ ပြင်ပ မီဒီယာတွေ သိသွားလျှင် မလွယ်။

သန်းရွှေ။ ။ တော်တန်တိတ်… ဆရာတုတ်နဲ့ ထိုးခဲ့တာ ကျုပ်ပြန်တွေးတိုင်း
နာတုန်းပဲ။ ဒီစကား ဒီတင်ရပ်.. မဟုတ်လျှင် တံကျင်လျှို သတ်ရပေလိမ့်မည်။

ဆရာ။ ။ မင်းကြီး စဉ်းစားတော်မူပါ။ အကျွန်ုပ်သာ အရှင်မင်းကြီးအား
လူမသိအောင် ခိုးနည်း၊ ဗြောင်လိမ်ခြင်း၊ လူမိလျှင် ဖင်ခံဖားသင့် လျှင်
ဖားရခြင်း၊ မျက်နှာပြောင်ခြင်း အစရှိသော ပညာတွေကို သင်မပေးခဲ့သော်
အသင်မင်းကြီး ယနေ့ မင်းအဖြစ်ကို မရနိုင်။ အသင်မင်း ကြီးသည်
ငယ်ရွယ်စဉ်ကပင် ဥာဏ်ပညာ အလွန်ထက်မြက်၏။ ဝေဖန်တော်မူပါ။

သန်းရွှေကြီးကလည်း ဥာဏ်ပညာ ထက်မြက်တယ် အပြောခံရတော့
အရူးဘုံမြှောက်ဖြစ်သွားတာပေါ့လေ။ ဒီတော့ ၀န်စိမ်းတွေကို ခေါ်
တိုင်ပင်သတဲ့။ (သူ့ခေတ်မှာ ၀န်နီမရှိတော့ပါ။ ပြောသမျှ ထောက်ခံရသော
ဝန်စိမ်းတွေသာ ရှိပါတော့သည်။)

သန်းရွှေ။ ။ မောင်မင်းများ .. အဘယ်နည်း အဘယ်ပုံ မြင်သည်ကို လျှောက်တင်ကြချေစမ်း။

ဝန်များ။ ။ အရှင်မင်းကြီး .. အရှင်မင်းကြီးလို လူမျိုးကို
မွေးထုတ်ပေးနိုင်သော ဆရာကား တော်လှပေသည်။ အချည်းနှီး အသက် မဆုံး စေသင့်
.. တပ်တော်များအား အပ်၍ သင်စေလျှင် အထူး သင့်မြတ်လှမည် ဖြစ်ကြောင်းပါ။

သန်းရွှေ။ ။ အိမ်း .. ဟုတ်ပေသည်။ ငါလိုလူကို မွေးထုတ်ပေးနိုင်သော ဆရာ၏
စွမ်းရည်သည် ပေါ့သေးသေး မဟုတ်။ ထို့ကြောင့် အမတ် မင်းများ
လျှောက်တင်သည့်အတိုင်း တပ်တော်များအား သင်ကြားပေးရသော ၀န်နေရာ ပေးစေ
မောင်မင်းများ။

ထိုအချိန်မှစ၍ မင်းတလားကြီး သန်းရွှေ၏ တပ်တော်သည် သူခိုး၊ ဓားပြ၊
အောက်ဆုံးအထစ် သူတောင်းစားနှင့်သာ အတိပြီးလေသ တည်း။

PS: သူတောင်းစား အခေါ်ခံရ၍ သူခိုး၊ ဓားပြလုပ်မည်တော့ စိတ်မကူးစေလိုပါ။
ခေတ်ပျက်၍ တောင်းစားရသည် မှန်သော်လည်း သင့် တင့်လျှောက်ပတ်စွာသာ
တောင်းကြသော၊ လူထုကို ငဲ့ညှာသော စစ်တပ်မှ အရာရှိများမှစ၍ ဆေးရုံ
အပေါက်စောင့်အထိအား လူထု ကိုယ်စား ကျေးဇူးတင်ပါသည်။ သူတောင်းစားဘ၀ကို
စွန့်နိုင်ရန် ပြည်သူတို့နှင့် လက်တွဲ၍ သူတောင်းစား၊ သူခိုး၊ ဓားပြ
ရှိသမျှ မကောင်း မှုတို့ စုဝေးရာ အပုပ်ကောင်ကြီး ဖြစ်ပေသော မင်းတလား
အရူးကြီးများအား ၀ိုင်းဝန်းဖယ်ရှားကြပါစို့။



အပြည့်အစုံဖတ်ချင်ရင်...

Friday, July 10, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ်




Friday, 10 July 2009 20:08 ကိုစိုး

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပရန်တင်ထားသော သက်သေဖြစ်သည့် ဒေါ်ခင်မိုးမိုးကို ယနေ့ အင်းစိန် ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးရာ ရုံးချိန်းတွင် ယင်းသို့ နောက်ဆုံးလျှောက်လဲရန် ချိန်းဆို လိုက် ခြင်းဖြစ်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

“ဒီနေ့ ဒေါ်ခင်မိုးမိုး တဦးတည်း၊ မနက် ၁၀ နာရီက စ စစ်တယ်၊ ၁၂ နာရီနဲ့ ၁ နာရီကြား နားတယ်၊ ည နေ ၅ နာရီမှ ပြီးပါတယ်၊ အဓိကက တော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှိတယ်ဆိုတာကို ဥပဒေတွေ၊ ညွန်ကြား ချက်တွေ၊ တရားရုံးစီရင်ချက်တွေ နဲ့ ဒီလိုမေးတာပါ၊ အဲဒါပဲ တောက်လျှောက်မေးတာ အချိန်ကုန်တာပဲ၊ တကယ် တော့ ကျနော်တို့က ၇၄ ဖွဲ့စည်းပုံ ဥပဒေ မရှိဘူးလို့ ဆိုတာကို ပြန်ချေပတာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြ သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“ဒေါ်ခင်မိုးမိုးရဲ့ထွက်ဆိုချက်တွေက ကောင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းစဉ်က အလုပ်သမားဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ထိန်း သိမ်းတယ်လို့ ကမ္ဘာသိကြေညာတယ်ဆိုတာ သူ ထည့်ပြောတယ်”ဟုလည်း ပြောဆိုသည်။

ဒေါ်ခင်မိုးမိုးက ၎င်းအား ကြားနာရန် ယခင် ဇူလိုင် ၃ ရက်မှ ယနေ့သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့်ပတ်သက်ပြီး ဗဟို တရားရုံးမှ အမှုတွဲ ပြန်မရောက်သေး၍ဟူသော စစ်အစိုးရဘက်က ကြောင်းပြချက်သည် သဘာဝ မကျကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးက ချိန်းဆိုခဲ့သော်လည်း ဇူလိုင် ၃ ရက်နေ့သို့ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခဲ့သည်။ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်တင် အမှုတွဲသည် ဗဟိုတရားရုံးသို့ တက်နေဆဲဖြစ်ပြီး ယင်းဗဟိုတရားရုံးမှ အမိန့် မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ တတိယအကြိမ် အဖြစ်ထပ်မံချိန်းဆိုရကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်း ပြည်နယ်တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့် အချိန်တိုင်း တောင်ကြီးမြို့မှ ရန်ကုန်သို့ လာရောက်ရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့ ၃ ဦးကို အင်းစိန် ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ၎င်းတို့ သဘောဖြင့် ရုပ်သိမ်းကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

http://www.irrawaddy.org/bur/

အပြည့်အစုံဖတ်ချင်ရင်...

တရားမျှတမှုနှင့် တရားဥပဒေလေးစားမှု

တရားမျှတမှုနှင့် တရားဥပဒေကို ရိုသေလေးစားမှုသည် ဒီမိုကရေစီ၏ အခြေခံတခုပင်ဖြစ်သည်။ လက်နက်အားကိုး မကြီးစိုးဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ရသည့်ဓလေ့ အင်္ဂလန်နိုင်ငံတွင် ၁၂၁၅ ခုနှစ်မှာ စတင်ကျင့်သုံးသည်ဟု သိရသည်။ မက်ခ်နာခါတာ Magna Carta ဟူသော လက်တင်ဝေါဟာရသည် မဟာပဋိညာဉ်စာချုပ် Great Charter ဟု အဓိပ္ပာယ်ရသည်။ စာပိုဒ် (၆၃) ပိုဒ်ပါသော စာချုပ်ဖြစ်ပြီး ဘုရင့်လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ မက်ခ်နာခါတာ၌ ပါရှိသော စာပိုဒ်အချို့သည် ခေတ်သစ်တရားမျှတရေးစနစ်၏ အခြေခံဖြစ်လာသည်။ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခြင်းမပြုရန် အစိုးရကို ပိတ်ပင်တားမြစ်လိုက်သည့် ပဋိညာဉ်စာချုပ်ပင်ဖြစ်ပေသည်။

တရားဥပဒေအတိုင်း ဆောင်ရွက်မှုကို ရှေးခေတ်ဗုဒ္ဓဘာသာ မြန်မာ့လူ့အဖွဲ့အစည်း၌ တန်ဖိုးထားခဲ့ပါသည်။ မဟာပရိနိဗ္ဗာနသုတ်၊ သတ္တနိပါတ်၊ အင်္ဂုတ္တနိကယ်၊ အဋ္ဌကထာ စသည့်ကျမ်းများတွင် ဖော်ပြသော ‘အပရိဟာနိယတရား’ (၇) ပါးသည် တိုင်းပြည်ကို တိုးတက်ချမ်းသာအောင် ပြုလုပ်ရာတွင် အစိုးရမင်းတို့ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းပင်ဖြစ်၏။

အစိုးရသည် ရှေးကတည်းက ပြဋ္ဌာန်းခဲ့သော တရားဥပဒေထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ရမည်၊ မိမိစိတ်ကြိုက် ဥပဒေပြု၍ မစီရင်ရဟု သတ်မှတ်ထား၏။ မိမိအမှုနိုင်အောင် ကပ်ယပ်ပြောဆိုမှု၊ လက်ဆောင်ပဏ္ဍာအပေးအယူ လုပ်မှု၊ မျက်နှာကြီးငယ် လိုက်မှု၊ ကြိုတင်ညှိနှိုင်းတိုင်ပင်၍ စည်းဝါးရိုက်မှု စသည့်အပြုအမူများ ကင်းရှင်းရမည်လို့ ‘အပရိဟာနိယတရား’ က ဆိုပါသည်။ အသက်အရွယ်ကြီးရင့်သော ပညာရှင်များ၏ ပြောဆိုချက်များကို လေးစားရမည်ဟု ဆိုပါသည်။ ဤနေရာတွင် အသက်နှင့်ပညာ ကို ဆက်စပ်ထားသည်ကို တွေ့ရ၏။ အသက်ကြီးတိုင်း အသုံးကျသည်မဟုတ်ပါ။ အသက်ကြီးသော်လည်း လူမိုက်စကား ပြောသော ခေါင်းဆောင်များရှိသည့်အတွက် အသက်အရွယ်ကြီးရင့်သော ပညာရှိ၏စကားကို လေးစားရန်သာ အဆိုအမိန့်ရှိထားခြင်းဖြစ်သည်။

‘အပရိဟာနိယတရား’ ကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော သိုးဆောင်းလူမျိုးများသည် သူများထက်ပို၍ တိုးတက် ဖြစ်ထွန်းသည် ဟု ကျမ်းဂန်များတွင် ဖော်ပြပါသည်။ သိုးဆောင်းလူမျိုးဆိုသည်မှာ အနောက်တိုင်းသား ဥရောပတိုက်သားကို ဆိုလိုခြင်းဖြစ်၏။ တိုင်းပြည်အကျိုးအတွက် အစိုးရအရာထမ်းများသည် မိမိရဲ့ယူဆချက်ကို အမှန်အတိုင်းပြောဆို၍ တညီတညွတ်တည်း သဘောတူချက်ရယူနိုင်မှု၊ နိုင်ငံသားတို့၏ သဘောထား ရိုသေလေးစားမှု စသည်တို့ကို မြန်မာ့ထုံးတမ်းစဉ်လာ ဥပဒေ၌ တန်ဖိုးထား၏။

လူ့အဖွဲ့အစည်းတခုတွင် စာဖြင့် ရေးသားပြဋ္ဌာန်းသော တရားဥပဒေနှင့် ဓလေ့ထုံးစံဟူ၍ ဥပဒေနှစ်မျိုးရှိပါသည်။ ဓလေ့ထုံးစံ ဥပဒေသည် ရိုးရာယဉ်ကျေးမှုသဘော သက်ရောက်သည့်အတွက် ဤဥပဒေမျိုးကို မကြာခဏ ချိုးဖျက်နေသော လူ့အဖွဲ့အစည်းသည် ပျက်စီးရန် အလားအလာများသည်။ မြန်မာ့လူ့ဘောင်တွင် တိုင်းသူပြည်သားနှင့် အစိုးရတို့အကြား ထားရှိသော ဓလေ့ထုံးစံဥပဒေ ရှိပါသည်။

ဤဥပဒေသဘောတရားကို ရှေးဟောင်းဗုဒ္ဓဘာသာ ကျမ်းဂန်များတွင် တွေ့နိုင်သည်။ တရားမျှတမှုကို လိုလားသော အစိုးရသည် သင်္ဂဟတရား (၄) ပါးကို လိုက်နာရပါသည်။ (၁) သဿမေဓ (၂) ပုရသမေဓ၊ (၃) သမ္မာပါသ၊ (၄) ၀ါစာပေယျ စသည့်တရားများ ကို လေ့လာပါက အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန်ထားရှိသော တာဝန်ဝတ္တရား ကတိစကားများကို တွေ့နိုင်ပါသည်။ ဤသည်ကို လူမှုပဋိညာဉ်သဘောတူချက် Social Contract ဟု ခေါ်နိုင်ပါသည်။

လူ့အဖွဲ့အစည်းသည် ပညာရှိသုခမိန်ကို မဟာသမ္မတအဖြစ် ပထမဆုံး အများသဘောတူ တင်မြှောက်သည်ဟု ဆိုပါသည်။ မဟာသမ္မတမင်းသည် တရားမျှတစွာအုပ်ချုပ်မည်ဟု ကတိပေးရပါသည်။ အုပ်ချုပ်သည့်အဖိုးအခအဖြစ် လူ့အဖွဲ့အစည်းသည် ဆယ်ရာခိုင်နှုန်း သမ္မတမင်းကို အခွန်ပေးဆောင်ရန် သဘောတူပါသည်။ ဒဿမဘာဂ-ဆယ်ဖို့ တဖို့။ ဆယ်ခိုင်တခိုင်၊ ဆယ်ဖီးတဖီး၊ ဆယ်လုံးတလုံး၊ ဆယ်ပွင့်တပွင့် အစိုးရမင်းကို ပေးဆောင်မည်ဟု ကတိပေးရပါသည်။

ဤသို့ အစိုးရမင်းနှင့် ပြည်သူလူထုအကြား အပြန်အလှန် ပဋိညာဉ်ခံဝန်ကတိစကား ထားပြီးသည့်အခါတွင် မင်းလောင်းမင်းလျာ ကို ဘိသိက်သွန်းလောင်းပြီး မင်းမြှောက်သည်ဟု ဆို၏။ မဟာသမ္မတဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ သဘောတူတက်မြှောက် ထားသော မင်းဖြစ်ပါသည်။ မင်းကို ခတ္တိယဟုလည်း ခေါ်ပါသည်။ အဓိပ္ပာယ်မှာ လယ်ယာကို အုပ်စိုးသောမင်းဖြစ်သည်။ ရာဇာ၏ အဓိပ္ပာယ်မှာ တရားသဖြင့် စီရင်ညွှန်ပြဆုံးမတတ်တဲ့မင်းဖြစ်သည်။ ထိုမှတဆင့် တဖြည်းဖြည်း မင်းကျင့်တရား (၁၀) ပါး ပေါ်ပေါက်လာသည်ဟု သိရှိရပါသည်။

မင်းကျင့်တရား (၁၀) ပါးသည်လည်း မဟာသမ္မတမင်း စတင်ပေါ်ပေါက်ကတည်းက မင်းနဲ့ပြည်သူအကြား ထားရှိခဲ့သော အပြန်အလှန် ပဋိညာဉ်သဘောတူချက်ကို သတိပေးထားပါသည်။ မင်းကျင့်တရား (၁၀) ပါးထဲ၌ ‘အ၀ိရောဓန’ တရားကို ကုန်းဘောင်ခေတ်စာပေ၌ အထူးဖော်ပြပါသည်။ အဓိပ္ပာယ်မှာ အုပ်ချုပ်မင်းလုပ်သူသည် ရဟန်းရှင်နှင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မလုပ်ရဟူ၏။

ပြည်သူ့ဆန္ဒ ဆန့်ကျင်သောအစိုးရကို ပြည်သူလူထုကပင် ဖျက်ဆီးလိမ့်မယ်လို့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးသားသည့် ရာဇဓမ္မသင်္ဂဟကျမ်း၌ ဖော်ပြပါသည်။ ဤကျမ်းဟာ နောက်ဆုံးဗမာမင်းဖြစ်သော သီပေါမင်းကို ဆုံးမရန်အတွက် ရေးသားခဲ့သော ကျမ်းပင်ဖြစ်သည်။ မြန်မာမင်းများသည် အာဏာယစ်မူးနေသည်ကများပြီး အစဉ်အလာ တရားဥပဒေများကို နားမလည်သည့်အတွက် ဘုရင်စနစ်နိဂုံးချုပ်ရခြင်းဖြစ်သည်ဟု ဆိုရိုးရှိပါသည်။

မိမိထုတ်ပြန်သော ဥပဒေကိုပင် လေးစားရမှန်းမသိသော စစ်အစိုးရ ကာလကြာရှည် အာဏာရနေသဖြင့် တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှုသည် မြန်မာပြည်၌ အသစ်အဆန်းကဲ့သို့ ဖြစ်နေရပါသည်။ မြန်မာပြည်တွင် ယနေ့ရင်ဆိုင်နေရသော ပြဿနာမှာ တရားဥပဒေမရှိသော ပြဿနာမဟုတ်ပါ။ ရှိနေသော တရားဥပဒေကို စစ်အစိုးရက မလေးစားသော ပြဿနာဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီကို (၁၄) နှစ် ကျင့်သုံးခဲ့သည့်တိုင်းပြည်၌ ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်သောဥပဒေများ ရှိပါသည်။ စစ်တပ်က အာဏာမသိမ်းခဲ့ပါက တရားဥပဒေစိုးမိုးရေး မြန်မာပြည်တွင် အတော်အားကောင်းမည်ဟု ပြောကြပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ရေးလိုက်ဖျက်လိုက် လုပ်နေသောနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကိစ္စသည် ရယ်စရာဖြစ်နေ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်များ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေကို စစ်တပ်က ၁၉၆၂ တွင် ဖျက်သိမ်းလိုက်ပါသည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် တပါတီဆိုရွယ်လစ်အခြေခံဥပဒေသစ်ကို စစ်တပ်က ရေးဆွဲသည်။ ဤဆိုရှယ်လစ်အခြေခံဥပဒေကိုလည်း ၁၉၈၈ ၌ စစ်တပ်ကပင် ဖျက်သိမ်းလိုက်ပြန်ပါသည်။ အခြေခံဥပဒေ (၂) ခုစလုံးကို စစ်တပ်က ဖျက်ဆီးပြီးသောအခါ၌ စစ်တပ်ခေါင်းဆောင်သည့် အခြေခံဥပဒေကို ရေးဆွဲပြန်ပါသည်။

အာဏာယစ်မူးနေသော စစ်ခေါင်းဆောင်များက အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ၍ အမြဲတမ်းအာဏာရနေရန် ကြိုးပမ်းသောလုပ်ရပ်သည် မြန်မာ့ဓလေ့ထုံးစံဥပဒေနှင့်ရော၊ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးစံဥပဒေနှင့်ရော ဖီလာ ဆန့်ကျင်ဖြစ် နေပါသည်။ ဤသို့သော တိုင်းပြည်၌ တရားမျှတမှုနှင့် တရားဥပဒေ ရိုသေလေးစားမှု မရှိနိုင်ပါ။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, July 8, 2009

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

မဖတ်ရသေးတဲ့သူတွေအတွက်ရည်ရွယ်ပါ တယ် ..

တကယ်ကို မှတ်သားစရာ သတိထားစရာကောင်းပါတယ်...
ကျနော် မြန်မာလူမျိုးတွေ.. ဗုဒ္ဓဘာသာဝင် တွေ ... အချိန်မှီတုန်း
ပြင်စရာရှိတာ ပြင်နိုင်အောင် ပြင်ဖြစ်အောင် မီးမောင်းထိုး .. အားပေးတဲ့
စာတပုဒ်ပါပဲ....
အရမ်းကို သဘောကျမိလို့ ပြန်မျှလိုက်ပါတယ်...


Thanks and Best regards,
Ba Nyar

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

မနက်ဖြန်၏ နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့်
ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။
ဘာတွေရေးထားလဲပေါ့........

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား
မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့
ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့
`ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊
ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊
ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့
တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ
တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ
ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ
တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့်
မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ
လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု
ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။
ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။
ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင်
မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ
အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို
ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။
ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊
လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော
တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊
ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ
တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို
ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည်
မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊
ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊
လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့်
ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က
``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။
မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး
ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း
နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက
တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊
ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ
ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို
အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။

ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့်
မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က
ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏
အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော
စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့
ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့်
လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု
ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော
လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်)
ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။
(သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့်
ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့်
တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။

မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊
ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊
ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။
မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။
အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့
ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည်
ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ
တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။
ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ်
စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ
ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့
တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ
ကြီးမားသောကြောင့်ပင်တည်း။

ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင်
နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊
ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့
တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို
ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ
တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး
၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်
သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင်
မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း
မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား
ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။

လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။
တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့်
ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့
ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို
စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင်
ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော
ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို
တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင်
ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင်
ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က
ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့်
တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို
စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့
မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင်
ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့်
တုန့်ပြန်ခဲ့ပေသည်သာ။

``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ
ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က
မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင်
လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ
ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင်
ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌
ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက
ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။
သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က
အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး
ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ
မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ
မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။

ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည်
ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို
ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို
ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ
သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။



မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို
အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။
ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင်
ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။

ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး
စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။
နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။
ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ
တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို
ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို
တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို
ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊
ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော
ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊
ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား
ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို
အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။
ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး
သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင်
တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည်
ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ
မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊
ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊
ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား
လောဘကြောင့်ဖြစ်၏။

ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက
``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ
အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း
များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက်
စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည်
ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း
ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့
ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး
တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။
အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့
စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊
တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု
စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ
တော့သတည်း။

အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။
ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။
သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။

ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန်
အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ
ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို
မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို
ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊
စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို
မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ်
ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ
စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို
အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း
ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့
စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး
လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန်
ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု
နစ်နာပါတော့သည်။

``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု
ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု
ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည်
ဒုတိယဘုရား´´ဟူသတတ်။

ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် ``
ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင်
တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ-
ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင်
ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက်
တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း
ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။

ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက
``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု
ထင်မြင်ကုန်တော့သည်။

ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။
သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို
ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ
သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော်
မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊
မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း
သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ
ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို
ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။
တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား
တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။
လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ
ရနိုင်ပေသည်သာ။

သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ
ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား
``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း
၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့်
ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့်
သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု
သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင်
လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော
စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊
လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို
ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။
အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ
တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း
ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့
တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး
ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့
ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ
နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့်
သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ
သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့
ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး
ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက
တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး
ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း
ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး
ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ
မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက
ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။
ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။
အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော
ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့်
တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍
မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း
ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။
ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။
ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။
လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ
အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့
ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ-
ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော
ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည်
အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို
မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။

မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့်
လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့်
လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌
နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့်
မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။
စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ
ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊
အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့
ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍
အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´
မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက
အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား
စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။
မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့်
စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး
ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး
ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ
အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ
ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

-------------------------------

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း


အပြည့်အစုံဖတ်ချင်ရင်...